စိတ်နှစ်ကိုယ်နှစ်
Vol. 12 Ch. 172
"သိုးသားကင်"
ဒုဂိုဏ်းချုပ်လျို မျက်မှောင်ကျုံ့သွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းကို ပညာပြဖို့ သူတို့လာခဲ့ခြင်းဖြစ်သည်။ တကယ်အလုပ်လုပ်ဖို့မဟုတ်။
"ဟေ့၊ ရှင်တို့က ဖောက်သည်လာတောင် ဝန်ဆောင်မှုမပေးဘူးပေါ့"
အတော်ထူးဆန်းသည်ဟု ရှန်ကွမ်ယုထင်မိသည်။ ဆိုင်ဖွင့်ပြီးဈေးမရောင်းသည့် ထူးခြားသည့်ဓလေ့မျိုး ဤဂိုဏ်းတွင် ရှိနေသလားမသိ။
သူ့နောက်မှ ဒုအကြီးအကဲလောင်ပါး လိုက်လာသည်။ ဆိုင်ထဲမှလူစုကို သင်္ကာမကင်းဟန်ဖြင့်ကြည့်သည်။
"မင်းတို့မျက်နှာတွေ ငါမရင်းနှီးပါဘူး။ တာအိုလမ်းစည်ဂိုဏ်းမှာ မင်းတို့ကို ငါမမြင်ဖူးဘူး။ မင်းတို့က..."
ဒုဂိုဏ်းချုပ်လျို ဒုအကြီးအကဲပါးယန်ကို ချက်ချင်းမှတ်မိသည်။ စုစည်းခြင်းထိပ်ဆုံးအဆင့် နာမည်ကြီးပုဂ္ဂိုလ်ဖြစ်သည်။ ထိုလူသူတို့ကို သံသယဝင်လာလျှင် အားလုံးဘူးပေါ်သလိုပေါ်သွားနိုင်သည်။
ဒုဂိုဏ်းချုပ်လျို မျက်နှာကိုချက်ချင်းပြုံး၍ တစ်ခြားခြောက်ယောက်ကိုလည်း အလုပ်စလုပ်ပြီး ဝန်ဆောင်မှုပေးရန် အချက်ပြလိုက်သည်။
"ဒီဆိုင်ရှင်က အမြဲတမ်းဈေးရောင်းပါတယ်။ ကျုပ်တို့က ယာယီအကူခေါ်ထားတဲ့လူတွေပါ။ သိုးသားကင်နှစ်ဆယ်နော်။ ဟုတ်ပါပြီ၊ ခဏလေးစောင့်ပါ။ မကြာခင်ရပါမယ်"
နတ်ဆိုးဂိုဏ်းအဖွဲ့ဝင်များအနေဖြင့် အေးစက်သည့်အပြုံးရှိဖို့လိုသည်။ သို့သော် အပြုံးကိုလိုသလိုပြောင်းလဲတတ်ဖို့လည်းလိုသည်။
ဒုဂိုဏ်းချုပ်လျို အင်္ကျီလက်ကိုမလျက် နံရံပေါ်လှန်းထားသည့် အနက်ရောင်အနားသတ်နှင့်အဖြူရောင်စားဖိုမှူးဝတ်စုံကိုဝတ်သည်။ ခွက်ထဲမှ အသားကင်နှစ်ဆယ့်ငါးချောင်းထုတ်လိုက်သည်။
"ဒီနေ့ ခင်ဗျားတို့က ကျုပ်တို့ရဲ့ပထမဆုံးဖောက်သည်တွေပဲ။ ဒါကြောင့် အသားကင်ငါးချောင်းအပိုပေးပါ့မယ်။
အသားနံ့ကြောင့်ရောက်လာသည့် ယင်ကောင်တစ်ချို့ကို ဂိုဏ်းချုပ်လျို မောင်းထုတ်ပစ်သည်။
ဒုအကြီးအကဲ နည်းနည်းမသိုးမသန့်ဖြစ်သွားသည်။
"ဒီဆိုင်က သိပ်ပြီးမသန့်ရှင်းသလိုပဲနော်..."
ဒုဂိုဏ်းချုပ်လျို အမြန်ပြန်ဖြေသည်။
"လောင်ကောင်း၊ မှော်စက်ဝန်းထုတ်လိုက်ပါ"
ဒုဂိုဏ်းချုပ်ကောင်း မှော်စက်ဝန်းတစ်ချို့ကို သူ့မှော်လက်စွပ်ထဲမှထုတ်၍ မြေပေါ်ချထားလိုက်သည်။ ဆိုင်ထဲမှယင်ကောင်များ ချက်ချင်းပြေးထွက်သွားသည်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် ဆိုင်ဖွင့်သူများသည် သာမန်လူများမဟုတ်။ မှော်လက်စွပ်များ မှော်စက်ဝန်းများသုံးခြင်းသည် သိပ်မဆန်းလှ။
ဒုဂိုဏ်းချုပ်လျို ပြုံး၍ပြောသည်။
"လုံးဝသန့်ရှင်းပါတယ်။ ဒါဟာ ကျုပ်တို့အပြင်ကယူလာတဲ့ ပိုးမွှားနှင်မှော်စက်ဝန်းပါ"
သူသည် လုပ်ရာကိုင်ရာတွင် စေ့စပ်သေချာသည်။
အကင်များကို လက်တစ်ဘက်ဖြင့် မှောက်လိုက်လှန်လိုက်လုပ်ရင်း နောက်လက်တစ်ဘက်ဖြင့် အမွှေးအကြိုင်များဖြူးသည်။ သိုးသားမီးကင်နံ့က သွားရည်ယိုစရာဖြစ်လာသည်။
ဒုဂိုဏ်းချုပ်လျို၏စွမ်းရည်ကလည်း လုယန်ထက်မညံ့။
ယခုလိုအချိန်အတွက်အတော်ဆုံး နယ်ခံအသားကင်ဆရာကိုရှာ၍ သုံးရက်လုံးလုံး ကြိုးစားပမ်းစားသင်ယူထားသည်။
"အစပ်ထည့်မလားဗျ"
ရှန်ကွမ်ယုခဏစဉ်းစားသည်။ အစပ်စာများနှင့် သူသိပ်မတည့်။ သို့သော် အစပ်မပါလျှင်လည်း တစ်ခုခုလစ်ဟာသလို ခံစားရသည်။
"အစပ်နည်းနည်းထည့်ပေးပါ"
"ကောင်ပါပြီ"
ဒုဂိုဏ်းချုပ်လျို အသားဆက်ကင်ရင်း အော်ဟစ်လိုက်သည်။
"လာကြည့်ကြနော်။ စားကျက်မြေထဲကသိုးတွေကို လတ်လတ်ဆတ်ဆတ်ချက်ချင်းသတ်ပြီး ကင်ထားတာ။ အရွတ်အသားပြည့်ပြီး မွှေးကြိုင်ကြွရွနေတာ။ မမေ့နိုင်စရာအရသာမျိုးပါဗျား"
အသားကင်ဆရာများသည် ထိုသို့ပင်အော်ဟစ်လေ့ရှိသည်။ ကျယ်ကျယ်အော်လေ ဖောက်သည်များပိုစိတ်ဝင်စားလေဟု ဆိုသည်။
သေမျိုးအသားကင်ဆရာများ အော်ဟစ်သည်ကို အကြိမ်ကြိမ်ကြားဖူးထား၍ အချိန်အခါလည်းသင့်နေသဖြင့် စမ်းအော်ကြည့်ခြင်းဖြစ်သည်။
တကယ်အလုပ်ဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ တဖြေးဖြေးစုဝေးလာသည်။
"ရော့ဗျာ၊ အသားကင်အသင့်ဖြစ်ပါပြီ"
ဒုဂိုဏ်းချုပ်လျို သိုးသားကင်ကို ရှန်ကွမ်ယုဆီ လှမ်းပေးသည်။
"ဘယ်လောက်လဲ"
ဒုဂိုဏ်းချုပ်လျို ဈေးနှုန်းကိုမသိ။ ဈေးနှုန်းစာရင်ချိတ်ထာသည့်နံရံကိုလှမ်းကြည့်သည်။ ထို့နောက် ထိတ်လန့်သွားသည်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် ဈေးနှုန်းများက အမြဲတမ်းထိုသို့မြင့်သည်ထင်သည်။။
နှီးနှောဖလှယ်ပွဲကြောင့် ခဏဈေးမြှင့်ရောင်းနေသည့်အဖြစ်ကို သူမသိ။
ရှန်ကွမ်ယု တစ်ဖဲ့ကိုက်ကြည့်သည်။ အသားကင်က အနံ့မွှေးပြီး အရည်ရွှမ်းသည်။ သူ့တံတွေးလား အသားကင်မှအရည်လားပင် ခွဲခြားမရ။
"ကောင်းတယ် ကောင်းတယ်။ နောက်ထပ် အကင်ငါးဆယ်ထပ်ပေးပါ။ ပြီးတော့ ဝက်ခြေထောက်နှစ်ချောင်းလည်းပေး"
ကျင့်ကြံသူများစားသောက်ရာတွင် အကြီးများဆုံးအားသာချက်က ဘယ်လောက်စားစား မဝခြင်းဖြစ်သည်။ သူတို့စားလိုလျှင် အားရကျေနပ်သည်အထိ စားနိုင်သည်။
သို့သော် ထာဝရနတ်မယ်ပြင်ဆင်ပေးသည့် စားသောက်ပွဲတွင် ထိုသို့စားသောက်ခွင့်ရှိမည်မဟုတ်။
ရှန်ကွမ်ယု မြိန်ရည်ရှက်ရည်စားနေသဖြင့် ပါးစပ်မှအရည်များစီးကျနေသည်။ ထိုမြင်ကွင်းကိုကြည့်၍ ဘေးပတ်လည်မှလူများ အသားကင်အပြိုင်အဆိုင်မှာကြလေသည်။
ဒုဂိုဏ်းချုပ်ကောင်းက ဖောက်သည်များကိုကြိုဆိုသည်။
"ဆိုင်ထဲမှာ နေရာအကျယ်ကြီးပါဗျ။ နေရာကျယ်ပါတယ်။ အပြင်မှာစုပြုံနေဖို့မလိုပါဘူး။ အထဲကိုဝင်ပြီးမှာလို့ရပါတယ်"
အကြီးအကဲငါးယောက်လည်း ဖောက်သည်များကို ဝန်ဆောက်မှုပေးရင်း အလုပ်များကြသည်။
သိုင်းပြိုင်ကွင်းတွင် ရွှေသန္ဓေအဆင့် ပထမပြိုင်ပွဲ ပြီးဆုံးသွားသည်။ ဒုတိယပွဲမစမီ အချိန်နည်းနည်းရသေးသည်။ ဂိုဏ်းနှစ်ဂိုဏ်းလုံးမှတပည့်များ စားသောက်ရင်း ပြိုင်ပွဲကြည့်ရန် ဆုံးဖြတ်ကြသည်။
အသားကင်ဆိုင်တစ်ဆိုင်က ထူးထူးခြားခြား လူစည်းကားနေသည်ကို သူတို့သတိထားမိသည်။
"သွားကြည့်ရအောင်ကွာ"
အသားကင်စားသည့် ဂိုဏ်းတပည့်အရေအတွက် ပို၍ပို၍များလာသည်။ ဒုဂိုဏ်းချုပ်လျို ကျိတ်၍ပီတီဖြစ်နေသည်။
"ငါပြောသားပဲ။ ယန်ကျန်းက လုယန်ရဲ့အသားကင်ဆိုင် ဘယ်လောက်ရောင်းကောင်းနိုင်မှာမို့လဲ။ ငါမရောင်းသေးလို့ပါ။ ငါသာရောင်းရင် လုယန်တောင် စီးပွားပျက်သွားဦးမယ်"
"လောင်ကောင်း၊ မှာတဲ့လူတွေအများကြီးပဲကွာ။ ငါမနိုင်တော့ဘူး။ နောက်ထပ် အကင်ဖိုတစ်ခုပြင်လိုက်ပါဦး"
"ကောင်းပြီလေ"
ထင်မထားသည်မှာ ဒုဂိုဏ်းချုပ်ကောင်း၏ အသားကင်စွမ်းရည်ကလည်း ဒုဂိုဏ်းချုပ်လျိုထက် လုံးဝမနိမ့်။
...
စင်မြင်ထက်တွင် လုယန်က ယွမ်ကျိကို အသားကင်သွားပေးသည်။ ချိုးကျင်အန်း တအံ့တဩကြည့်နေသည်။
ဘာကြောင့် ဂိုဏ်းချုပ်လုက အသားကင်ရောင်းသမားဘဝ ရောက်သွားသနည်း။
အချိန်တိုလေးအတွင်း ဘာတွေဖြစ်သွားသနည်း။
ချိုးကျင်အန်း ချိုးကျင်အန်း စဉ်းစားမရ။
"ပြင်ဆင်တာ ဘယ်လိုအခြေအနေလဲ"
"ဆိုင်ထဲမျှာ ဖောက်သည်ခုနစ်ယောက်ပဲရှိပါတယ်။ ဂိုဏ်းတပည့်တွေက အမိန့်အတိုင်းလုပ်ပါလိမ့်မယ်။ အလွဲအချော်မရှိလောက်ပါဘူး"
"သိပြီ၊ ပြန်တော့"
...
လုယန်မပြန်မီ ပြိုင်ပွဲစင်မြင့်ဆီ လှမ်းကြည့်သည်။ ဒုတိယပွဲစဉ် စနေပြီဖြစ်သည်။ ထာဝရနတ်မယ်စိန်ခေါ်ခဲ့သည့် အမယိကျင်းက ဂိုဏ်းကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်နေသည်။ စင်မြင့်အောက်ဘက်မှ စီနီယာအကိုအမများ အသားကင်ကိုယ်စီကိုင်၍ ပွဲကြည့်နေသည်ကို သတိထားမိသည်။ နည်းနည်းအံ့ဩသွားသည်။ အစောပိုင်းက ရှုံးသွားသည့် ပိုင်မင်သည်ပင်။ အသားကင်အိတ်ကြီးကိုင်၍ အားပါးတရလွေးနေသည်။
ဘာတွေဖြစ်ကုန်ပြီလဲ။
လုယန်ပြန်လာချိန်တွင် မုန်ကျင်းကျိုးနှင့်အရိုးရိုင်းလည်း အသားကင်ဆိုင်သို့ ပြန်ရောက်နေပြီဖြစ်သည်။ ဒုဂိုဏ်းချုပ်နှစ်ယောက်ကိုကူညီရင်း အလုပ်များနေသည်။
အသားကင်ဝယ်သွားဝယ်ရန် လျှို့ဝှက်စီစဉ်ထားသည့်ဂိုဏ်းတပည့်များ ကောင်းကောင်းတန်းစီခွင့်ပင်မရ။ လုယန်ကိုမြင်သည်နှင့် စိတ်ပျက်လက်ပျက် ပုခုံးတွန့်ပြကြသည်။
လောင်ပါးက လမ်းဘေးတွင် အကင်စားနေသည်။ အဆီဝေ့နေသည့်ပါးစပ်ဖြင့် လုယန်ကို နှုတ်ဆက်သည်။
"ဒီလူတွေကို မင်းဘယ်ကနေရှာလာတာလဲ။ အသားကင်စွမ်းရည်က ထိပ်တန်းပဲကွ"
ရှန်ကွမ်ယုကလည်း တာအိုလမ်းစဉ်ဂိုဏ်းသို့ မကြာခဏလာဦးမည်ဟု ပြောသည်။
"..."
"လမ်းဖယ်ပေးပါ၊ လမ်းဖယ်ပေးပါ"
လုယန်အော်လိုက်သည်။ ဆိုင်ထဲမှအခြေအနေကို သူကြည့်ချင်သည်။
လူတစ်ယောက်က မျက်မှောင်ကျုံ့သွားသည်။
"ဘာလို့တွန်းနေတာလဲကွ။ တန်းစီရမယ်ဆိုတာ မသိဘူးလား"
"ကျုပ်က ဆိုင်ဝန်ထမ်းပါ"
လုယန်ကိုမြင်သည်နှင့် ထိုလူ မျက်ခုံးတစ်ချက်လှုပ်သွားပြီး လမ်းဖမ်ပေးသည်။ သူ့ဆရာမှာထားသည့်စကားကို ရုတ်တရက် သတိရလာသည်။ နတ်ဆိုးဂိုဏ်းဝင်များ နှီးနှောဖလှယ်ပွဲသို့ စိမ့်ဝင်လာမည်။ လုယန်ကအားလုံးကို တစ်ချီတည်းအမိဖမ်းဖို့ စီစဉ်ထားသည်တဲ့။
ဆိုင်ထဲမှလူများသည် နတ်ဆိုးဂိုဏ်းဝင်များ ဖြစ်လေသလားမသိ။
အသားကင်နေသည့် ဒုဂိုဏ်းချုပ်နှစ်ယောက်ကို အတော်ကြာအောင် သူအကဲခတ်ကြည့်သည်။ သူ့အတွေးမှားနေသည်ဟု ခံစားရသည်။
လုယန်မရှိသင့်သည့်နေရာတွင် ပေါ်လာလျှင် မလန့်ကြရန် မသိသလိုဟန်ဆောင်နေရန် တာအိုလမ်းစည်ဂိုဏ်းအကြီးအကဲများက အားလုံးကိုပြောထားသည်။
လုယန်ပြန်လာသည်ကိုမြင်သဖြင့် ဒုဂိုဏ်းချုပ်လျို ပျော်သွားသည်။
"ရှောင်လုပြန်လာပြီ။ အချိန်ကိုက်ပဲ။ မင်းက မှာတဲ့စာရင်းသွားကောက်ပြီး အားလုံးကို ကောင်းကောင်းတန်းစီပါစေ"
"..."
ဘာအတွက် ဤနေရာသို့လာသည်ကို မေ့နေကြသလားမသိ။
အစက စားသုံးသူတစ်ချို့သာ ဆိုင်ထဲတွင်ထားဖို့ ရည်ရွယ်ခဲ့သည်။ ယခုလို ဆိုင်တစ်ခုလုံး လျှံထွက်နေမည်ဟု ထင်မထား။
ယန်ကျန်းကောင်တီတွင်ရှိစဉ်က အစစ်အမှန်ပြုံးပျော်နေသည့် အရိုးရိုင်းမျက်နှာနှင့် လန်းဆန်းတက်ကြွနေသည့် မုန်ကျင်းကျိုးမျက်နှာကို ယခု ပြန်မြင်နေရသည်။ ဘယ်နားက စဆဲရမည်မသိတော့။
ထာဝရနတ်မယ် ကျေနပ်စွာခေါင်းငြိမ့်သည်။
"ငါ့နောက်လိုက်တွေ ပီသတယ်။ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့စွမ်းရည်က အတော်ကောင်းတာပဲ။ ဒီအကင်တွေရဲ့ အရည်အသွေးကတော့ တိုးတက်မှုလိုသေးတယ်။ လုယန်၊ နင့်ခန္ဓာကိုယ် ငါ့ကိုလွှဲပေးပါ။ မသေမျိုးအဆင့်အသားကင်ဆိုတာဘာလဲ နင့်ကိုပြမယ်။ အားလုံးသင်ယူခွင့်ရတာပေါ့"
ထာဝရနတ်မယ် စိတ်လှုပ်ရှားနေသည်။ "အမွေအနှစ်ကို လွယ်လွယ်မဖြန့်"ဆိုသည့်စည်းမျဉ်းကို အရေးမစိုက်တော့။ သူ့စွမ်းရည်ကို ကြွားလုံးထုတ်ချင်နေသည်။
လုယန် ချက်ချင်းတားလိုက်သည်။
"ပြဿနာကို ထပ်ရှုပ်အောင်မလုပ်နဲ့"
***********************************