တိုက်
Vol. 12 Ch. 174
နတ်ဝိညာဉ်အဆင့် ပဥ္စမပွဲစဉ် ပြီးဆုံးခါနီးဖြစ်လာသည်။ ထာဝရနတ်မယ်စိန်ခေါ်ခဲ့သည့် မာထန်ယန် ဝင်ရောက်ယှဉ်ပြိုင်နေသည်။
ဒုဂိုဏ်းချုပ်လျို မှတ်ချက်ပေးသည်။
"ဒီမာထိုင်ယန်က နတ်ဝိညာဉ်ထိပ်တန်းအဆင့်ရောက်ပြီ။ ဓာတ်ငါးမျိုးဂိုဏ်းက နတ်ဝိညာဉ်ထိပ်ဆုံးအဆင့်ပဲ။ နှစ်ဘက်လုံး မသေမျိုးဂိုဏ်းတပည့်တွေ။ သူတို့ရထားတဲ့ အထောက်အပံ့တွေချင်း အတူတူလောက်ပဲ။ ဒီအဆင့်မှာ ရတနာအကူအညီနဲ့ တိုက်ခိုက်တာတွေ အသုံးမဝင်တော့ဘူး။ အရေးကြီးတာက ကျင့်စဉ်စွမ်းအားပဲ။ ကျင့်စဉ်စွမ်းအား နည်းနည်းကွာဟတာနဲ့ အနိုင်အရှုံးဆုံးဖြတ်နိုင်တယ်။ မာထန်ယန် မကြာခင် ရှုံးတော့မှာ"
(**ကျင့်စဉ်အဆင့်ကြီးတစ်ခုတွင် အခြေခံ(အစောပိုင်း)၊ အလတ်တန်း၊ ထိပ်တန်း(နောက်ပိုင်း)နှင့် ထိပ်ဆုံး(နောက်ဆုံး)အဆင့်ဟု ခွဲခြားပါသည်)
သူခန့်မှန်းသလိုပင် မာထန်ယန် တဖြေးဖြေးအရေးနိမ့်လာသည်။ သူ့ပြိုင်ဘက်က တိုက်ပွဲကြာလာသည်နှင့် စွမ်းအားပိုကြီးလာသည်။ မာထန်ယန်ကို တစ်ချီတည်းအနိုင်ပိုင်းရန် ကြိုးစားနေသည်။
မာထန်ယန်က မှော်အဆောင်ကျင့်ကြံသူဖြစ်သည်။ သူထုတ်လွှတ်သမျှမှော်အဆောင်များက အပြင်လောကတွင် ထိပ်ဆုံးအဆင့်ပစ္စည်းများဖြစ်သည်။ မိသားစုငယ်တစ်ခု သူ့မှော်အဆောင်တစ်ခုရလျှင် မိသားစုအမွေအနှစ်အဖြစ် တန်ဖိုးထားကြလိမ့်မယ်။ သေရေးရှင်ရေးကြုံချိန်တွင် မိသားစုကိုကယ်တင်ဖို့ နောက်ဆုံးအားကိုးရာအဖြစ် သုံးနိုင်သည်။
သို့သော် မာထန်ယန်၏ပြိုင်ဘက်က မိုးကြိုးထိန်းချုပ်သူဖြစ်သည်။ မိုးကြိုးသံနှင့်လျှပ်စီးတန်းများကို ဆင့်ခေါ်သည်။ လျှပ်စီးချက်တိုင်းက မာထန်ယန်ထုတ်လွှတ်သမျှ မှော်အဆောင်တိုင်းကို ဖျက်ဆီးသည်။ မှော်အဆောင်ကျင့်ကြံသူကို လုံးဝအသာစီးမပေး။
အောင်နိုင်ဖို့သေချာပြီဟုထင်၍ အတင်းဖိတိုက်ခိုက်ချိန်တွင် မာထန်ယန်က လက်ဝါးနှစ်ဘက်ကို မြေပြင်သို့ ပြင်းထန်စွာရိုက်ချလိုက်သည်။ မှော်အလင်းများစွာ လင်းလက်သွားပြီး ကြီးမားသည့်တောင်ကုန်းကြီးတစ်ခုပေါ်လာသည်။ ပြိုင်ဘက်ကို ဖိနှိပ်သည်။
တောင်ကုန်းအောက်မှသူ့ပြိုင်ဘက် ဝိညာဉ်စွမ်းအား လုံးဝထုတ်မသုံးနိုင်ဘဲ ရှုံးနိမ့်သွားသည်။ နားမလည်နိုင်အောင်ဖြစ်နေသည်။
"ကတ်တီတစ်ထောင်တောင်ကုန်းမှော်အဆောင်ပဲ။ ဒါမျိုးကို စက္ကူပေါ်မှာဆွဲလို့မရဘူး။ မြေပေါ်မှာဆွဲရမှာ။ ဒါပေမယ့် မြေပေါ်မှာဆွဲရင်တောင် ငါးမိနစ်ကြာမယ်။ မင်းဘယ်အချိန်ဆွဲလိုက်တာလဲ"
မာထန်ယန် လှောင်ပြုံးပြုံးသည်။
"ငါတစ်ချိန်လုံး ဆွဲနေခဲ့တာလေ။ မင်းမမြင်လို့ပါ"
"မဖြစ်နိုင်ဘူး။ မင်းဘယ်နေရာမှာဆွဲတာလဲ"
မာထန်ယန် သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။
"ငါ့သွေးကြောတွေထဲမှာလေ။ မင်းကိုတိုက်ရင်းနဲ့ ငါ့သွေးကြောတည်နေရာတွေကို ချိန်ညှိခဲ့တာ"
"ငါလ-.."
သိုင်းပြိုင်ကွင်း၏ မှော်စက်ဝန်းက သေချာစဉ်းစား၍ စေ့စေ့စပ်စပ်တည်ဆောက်ထားခြင်းဖြစ်သည်။ အသံကာမှော်စက်ဝန်းလည်းပါသည်။ အပြင်မှလူများ ပျားမြသည်လိုသာ ကြားရသည်။
တာအိုလမ်းစဉ်ဂိုဏ်းအကြောင်း အချိန်ကြာမြင့်စွာ စောင့်ကြည့်လေ့လာခဲ့ပြီး နည်းဗျူဟာများကို နားလည်ထားသည်ဟု ပြိုင်ဘက်ဂိုဏ်းသားစိတ်ထဲ ထင်ခဲ့သည်။ ဘာကြောင့် သူလိုက်မမီသည်ကို နားမလည်အောင်ဖြစ်ရသည်။
ဒုဂိုဏ်းချုပ်လျို မျက်ခုံးတွန့်သွားသည်။ မာထန်ယန် ထိုဝှက်ဖဲမျိုးရှိနေမည်ဟု ထင်မထား။ သူသတိမထားမိခဲ့။
သွေးတွင် ဝိညာဉ်စွမ်းအင်ပါဝင်သည်။ ထို့ကြောင့် သွေးကြောများကိုနေရာပြုပြင်၍ မှော်စက်ဝန်းပုံစံဖွဲ့၍ရသည်။ အပြင်ဘက်တွင် မှော်အဆောင်ရေးဆွဲခြင်းထက်ပင် ပို၍ထူးခြားသည်။ ဝိညာဉ်စွမ်းအင်ယိုစိမ့်မှု မဖြစ်တော့။
သို့သော် မေးခွန်းတစ်ခုရှိနေသည်။ သွေးကြောများနှင့်မှော်အဆောင်ရေးဆွဲခြင်းသည် သာမန်လူများစိတ်ကူးမိနိုင်သည့်အရာမျိုး ဟုတ်မဟုတ်။
ဒုဂိုဏ်းချုပ်လျို ခပ်တည်တည်ဖြင့် လုယန်ကို ဩဝါဒပေးသည်။
"ဒီလိုတိုက်ခိုက်နည်းမျိုးကို မသင်နဲ့။ သွေးကြောတွေထုံးရင် သွေးကြောပိတ်ရောဂါဖြစ်တတ်တယ်"
ဒုဂိုဏ်းချုပ် စိတ်ပူလွန်းနေသည်ဟု လုယန်ယူဆသည်။ အကိုမာထန်ယန်သည် သူ့သွေးကြောထဲမှ အတင်းကြပ်ဆုံးအထုံးအဆစ်များကိုပင် ဖြေနိုင်သည်ဟု ကြားဖူးသည်။
နတ်ဝိညာဉ်အဆင့်ပြိုင်ပွဲပြီးသွားချိန်တွင် နောက်ဆုံးအုပ်စုဖြစ်သည့် ဝိညာဉ်ပြောင်းအဆင့်ပြိုင်ပွဲ ရောက်လာသည်။
နှီးနှောဖလှယ်ပွဲတွင် ကျင့်စည်စွမ်းအားအမြင့်ဆုံးအုပ်စုဖြစ်သည်။ ထိုတိုက်ပွဲမျိုးကြည့်လျှင် ကျင့်ကြံသူများအတွက် အကျိုးကျေးဇူးများစွာ ရနိုင်သည်။
တာအိုလမ်းစဉ်ဂိုဏ်းမှ ကိုယ်စားပြုယှဉ်ပြိုင်သူက ဆေးအိုးတောင်ထိပ်မှ လုဝမ်ဆိုသည့် အကိုတစ်ယောက်ဖြစ်သည်။ လုယန်တစ်ခါမှမမြင်ဖူး။
လူအုပ်ထဲမှ တီးတိုးစကားသံများ ပေါ်လာသည်။
"တကယ် အကိုလုပဲ။ သူ့ကိုငါမမြင်တာ အတာ်ကြာပြီ"
"သူ့သန္ဓေတည်ဆောက်တုန်းက ပုံစံတစ်မျိုးတည်းရှိတဲ့ ရွှေသန္ဓေကို သူမကျေနပ်လို့ သုံးကြိမ်ကျရှုံးခဲ့တယ်တဲ့"
"အဲဒါဘာလို့လဲ"
"သူက ရွှေသန္ဓေလည်း ဆေးလုံးတစ်မျိုးပဲလို့ သူယူဆတယ်။ ပုံသဏ္ဌာန် ဒါမှမဟုတ် ရနံ့တစ်မျိုးမျိုးမပါတဲ့ ရွှေသန္ဓေဟာ မအောင်မြင်တာပဲလို့ သူသတ်မှတ်တယ်။ ဒါကြောင့် ရနံ့ပါတဲ့ရွှေသန္ဓေရအောင် သူဆက်ကြိုးစားတယ်"
"အောင်မြင်သွားလား"
"အောင်မြင်တယ်။ ရနံ့ပါတဲ့ရွှေသန္ဓေကို တကယ်တည်ဆောက်နိုင်ခဲ့တယ်"
"ဒီရွှေသန္ဓေမျိုးက ဘာထူးခြားလို့လဲ"
"အနံ့မွှေးတယ်လေ"
"..."
လုယန် သူ့"လက်အောက်ခံ"ကိုမေးသည်။
"ရှောင်လျို၊ ဘယ်သူနိုင်မယ်ထင်လဲ"
"ဟမ်"
ဒုဂိုင်းချုပ်လျို နားကြားမှားသည်ဟု ထင်လိုက်မိသည်။ လုယန်သူ့ကို ဘယ်လိုခေါ်လိုက်သနည်း။
လုယန် တည်ငြိမ်စွာရှင်းပြသည်။
"အပြင်လူတွေအမြင်မှာ ခင်ဗျားကယာယီငှားထားတဲ့ အလုပ်သမားလေ။ ကျုပ်ကအလုပ်ရှင်ပါ။ ခင်ဗျားကိုကျုပ် အရမ်းလေးစားပြနေရင် တစ်ခြားလူတွေရိပ်မိသွားမှာပေါ့။ ကျုပ်တို့အစီအစဉ် အကောင်အထည်ပေါ်ခါနီးမှ ပျက်စီးသွားလို့မဖြစ်ဘူး"
ဒုဂိုဏ်းချုပ်လျို ခေါင်းငြိမ့်သည်။ လုယန်စကား သဘာဝကျသည်။
"လုဝမ်ဟာ ဝိညာဉ်ပြောင်းအဆင့်တွေကြားမှာ နာမည်ကျော်တယ်။ သူနဲ့ယှဉ်ပြိုင်ချင်တဲ့လူ သိပ်မရှိဘူး။ သူက ဆေးရောအဆိပ်ရော လေ့ကျင့်ထားတာ။ အဆိပ်ညာကို ပိုကျွမ်းကျင်တယ်။ ဒါပေမယ့် ဒီတစ်ခါ လုဝမ်ကံဆိုးတယ်။ သူ့ကိုတန်ပြန်တိုက်ခိုက်နိုင်တဲ့ ပြိုင်ဘက်မျိုးနဲ့တွေ့ပြီ။
သူပြိုင်ဘက်အကြောင်း ကြားဖူးတယ်။ အဆိပ်ငါးမျိုးချောက်နက်ထဲမှာ ကြီးပြင်းလာတဲ့လူတဲ့။ အဆိပ်အားလုံးကို ခုခံနိုင်တဲ့ ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ထားတယ်။ လုဝမ်က သူ့အစွမ်းကို အသုံးချလို့မရနိုင်ဘူး"
သိုင်းပြိုင်ကွင်းတွင် လုဝမ်နှင့်ဓာတ်ငါးမျိုးဂိုဏ်းတပည့်တို့ ယှဉ်ပြိုင်ကြသည်။ လုဝမ်က ပြိုင်ဘက်ကို အရိုးဆွေးအဆိပ်ငွေ့ဖြင့်် စတင်တိုက်ခိုက်သည်။ သို့သော် လုံးဝသက်ရောက်မှုမရှိ။ ပြိုင်ဘက်က အဆိပ်ငွေ့ကိုမမှု။
"အတော်ခက်ခဲမယ့်ပွဲပဲ"
လုဝမ် နည်းနည်းအခက်တွေ့နေသည်။
ပြိုင်ဘက်က လှောင်ပြုံးပြုံးသည်။
"လက်လျှော့လိုက်တော့ လုဝမ်။ တစ်ခြားလူတွေကို မင်းနိုင်ချင်နိုင်လိမ့်မယ်။ ငါ့ကိုတော့ မနိုင်ဘူးကွ"
ဝိညာဉ်ပြောင်းအဆင့်တိုက်ပွဲသည်။ မြေပြင်တွင်သာ တိုက်ခိုက်သည််မဟုတ်။ လေထဲတွင်ပျံသန်းသည်။ မြေထဲသို့လျှိုးသည်။ နှစ်ဘက်လုံးအနိုင်ရရန် ကြိုးစားသည်။
ပြိုင်ဘက်၏စွမ်းအားက လုဝမ်ထက်ပိုသာသည်။ လုဝမ်အရေးမလှဖြစ်လာသည်။
လုဝမ် အားဖြည့်ဆေးတစ်လုံးထုတ်သည်။ ထိုဆေးမျိုးကို ပြိုင်ပွဲတွင် ခွင့်ပြုသည်။
လုဝမ် ဆေးလုံးသောက်ရန် ပြင်နေစဉ် သူ့ပြိုင်ဘက်က ဆွဲလု၍ဝါးမျိုပြီး လှောင်ပြုံးပြုံးသည်။
"ဆေးလုံးသုံးချင်တယ်ပေါ့။ အရင်ဆုံး ဆေးစားခွင့်ရဖို့လိုတယ်လေ"
သို့သော် ဆေးသောက်ပြီးနောက် သူ့စွမ်းအားများ ချက်ချင်းလျော့သွားသည်။
"ဘာတွေဖြစ်နေတာလဲ"
သူအံ့အားသင့်သွားသည်။ တကယ်ဆို ထိုသို့ဖြစ်ရမည်မဟုတ်။
လုဝမ် ပြိုင်ဘက်ကို လက်သီးဖြင့်ထိုးချလိုက်သည်။ လွင့်ထွက်သွားသည်။
"အဲဒါ ဆင်ဆယ်ကောင်အားဆေးလေ။ စားလိုက်ရင် ဆင်ဆယ်ကောင်စာခွန်အားရမယ်။ ဒါပေမယ့် အခြေတည်အဆင့်စွမ်းအားပဲရမယ်။ ပြောရရင် အခုမင်းက အခြေတည်အဆင့် ဆင်ဆယ်ကောင်ရဲ့ခွန်အားပဲ ထုတ်သုံးနိုင်တော့မှာ"
"ခွေးမသား...
"ငါမင်းကို ဆင်ဆယ်ကောင် မိတ်လိုက်ချိန်အားဆေးမပေးခဲ့တာ ကံကောင်းတယ်မှတ်ပါ"
လုဝမ် ပြိုင်ဘက်ကို ကြိုးဝိုင်းထဲမှ လွှင့်ပစ်လိုက်သည်။
ဝိညာဉ်ပြောင်းအဆင့် ပြိုင်ပွဲလေးပွဲပြီးသွားသည်။ ဒုဂိုဏ်းချုပ်လျို အနိုင်အရုံးကို မှန်အောင်မခန့်မှန်းနိုင်ပေ။
သူ့အတွေးအမြင် အားနည်း၍မဟုတ်။ တာအိုလမ်းစဉ်ဂိုဏ်း၏ ဝိညာဉ်ပြောင်းအဆင့်တပည့်များက ခန့်မှန်းရလက်လွန်းသောကြောင့်ဖြစ်သည်။
ဒုဂိုဏ်းချုပ်လျို အသက်ကိုအဝရှူလိုက်သည်။ ထိုအတွေးများကို ခေါင်းထဲမထည့်တော့။ သူတို့လှုပ်ရှားချိန်နီးလာပြီဖြစ်သည်။
အဝါရောင်မြက်ခေါင်းအုံး၏အစွမ်း အမြင့်ဆုံးရောက်ဖို့အတွက် မှော်စက်ဝန်းဖော်ဆောင်ရန် လူအားလုံးနေရာယူထားပြီးဖြစ်သည်။
ထာဝရနတ်မယ်စကားအရ ထိုအိပ်ပျော်မှော်စက်ဝန်းသည် သူမကြာခဏသုံးပြီး အတော်ထိရောက်သည်ဟုဆိုသည်။
တာအိုလမ်းစဉ်ဂိုဏ်းက အပိတ်မိန့်ခွန်းပြောသည်.
"ဂိုဏ်းနှစ်ခုကြား နှီးနှောဖလှယ်ပွဲ ပြီးဆုံးပါပြီ။.အားလုံးနဲ့အတူ ပျော်ရွှင်ခဲ့ရတဲ့အတွက် ဝမ်းသာပါတယ်..."
အားလုံးက စက်မြင့်ဆီသို့ အာရုံစိုက်နေကြသည်။ လှုပ်ရှားရန် အချိန်ကိုက်ပင်ဖြစ်သည်။
ဒုဂိုဏ်းချုပ်လျို လက်မြှောက်၍ အော်လိုက်သည်.
'တိုက်"
သူ့အမိန့်သံကြားသည်နှင့် အနီးအနားရစ်ဝဲနေသည့် တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ ထာဝရဂိုဏ်းသားများထံ ပြိုင်တူပြေးဝင်လာကြသည်။
လုယန်ပြောခဲ့သည့်စကားကို သူတို့မှတ်မိသည်။ 'တိုက်" တစ်ယောက်ယောက်အော်သံကြားလျှင် လှုပ်ရှားပါဟုမှာထားသည်။
လုယန် သို့မဟုတ် မုန်ကျင်းကျိုးနှင့်အရိုးရိုင်းတို့ တစ်ယောက်ယောက်က ထိုအမိန့်မျိုးပေးမည်ဟု ယူဆထားသည်။
ယခုမှ အမိန့်ပေးသူကို တွေ့ရသည်။
တာအိုလမ်းစဉ်းဂိုဏ်းတပည့်များ ဒုဂိုဏ်းချုပ်လျိုကို လေးလေးစားစား ခေါင်းငြိမ့်ပြကြသည်။ ဒုဂိုဏ်းချုပ်လျို နားမလည်အောင်ဖြစ်နေသည်။ ဘာကြောင့်သူ့ကို သူရဲကောင်းလို ဆက်ဆံနေကြသည်မသိ။
အားလုံး၏စိတ်ထဲတွင် ဒုဂိုဏ်းချုပ်လျိုကို ထာဝရဂိုဏ်းသို့ လွှတ်ထားသည့် တာအိုလမ်းစဉ်ဂိုဏ်း၏သူလျိုဟု ထင်ထားသည်။
*********************************