← Chapters

အဝါရောင်မြက်ခေါင်းအုံး

Vol. 12 Ch. 177

အဝါရောင်မြက်ခေါင်းအုံး

Vol. 12 Ch. 177

"နင်ကအဲလောက် အရပ်မပုပါဘူး"

ရှန်ကွမ်ယု ခပ်တိုးတိုးရေရွတ်သည်။

ရှန်ကွမ်ယု၏အဖြစ်မှန်ကို သိရပြီးနောက် လောင်ပါး၏မျက်လုံးများ အရောင်လက်လာသည်။ ချိုးကျင်အန်းပုခုံးကိုပုတ်သည်။

"အခုချိန်ကစပြီး မင်းငါ့ကို လောင်ပါးလို့ ခေါ်လို့ရပါပြီ'

"သွားစမ်းပါ"

ချိုးကျင်အန်း လက်ကိုခါထုတ်ပစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းသည် အမှန်တကယ်ပင် ကြာကြာမနေသင့်သည့်နေရာဖြစ်သည်။ ဤနေရာတွင် သူ့ဒေါသများ စက္ကန့်တိုင်း တိုးပွားနေပေလိမ့်မည်။

"ရှောင်ချိုး၊ တာအိုလမ်းစဉ်ဂိုဏ်းက အတော်ပျော်စရာကောင်းတယ်။ ငါတို့လည်း ဒီကို တော်ရုံနဲ့ လာဖြစ်တာမဟုတ်ဘူး။ နောက်ထပ်ရက်နည်းနည်းထပ်နေကြဦးမလား"

ချိုးကျင်အန်း ရှန်ကွမ်ယုလက်ကိုဆွဲ၍ နောက်ပြန်လှည့်မကြည့်ဘဲ လှေပျံပေါ်တက်သွားသည်။

ရှန်ကွမ်ယုက ဆက်ပြောနေသည်။

"ပြဿနာတွေနဲ့ ရင်ဆိုင်ရင် စိတ်ကိုငြိမ်ငြိမ်ထားပြီး ခေါင်းအေးအေးနဲ့ဖြေရှင်းပါလို့ ငါနင့်ကိုအမြဲပြောခဲ့တယ်။ အခုနင့်ကိုယ်နင် ပြန်ကြည့်ဦး။ ဒီအသက်အရွယ်ရောက်လို့ ဂိုဏ်းချုပ်တောင်ဖြစ်နေပြီ။ အခုထိဒေါသမထိန်းနိုင်သေးဘူး။ အဲဒါ မကောင်းဘူးနော်"

ချိုးကျင်အန်း မျက်နှာတင်းထားသည်။ ဘာမှပြန်မပြော။

ရှန်ကွမ်ယုက မျက်ရည်ကိုလက်ဖြင့်သုတ်၍

"ကလေးတွေကြီးလာရင် ပြောစကားနားမထောင်ကြတော့ဘူးပဲ..."

ချိုးကျင်အန်း စိတ်ပျက်လက်ပျက်ပြန်ပြောသည်။

"အမေ၊ ကလေးလိုလုပ်မနေစမ်းပါနဲ့"

"ကလေးဆန်တော့ဘာဖြစ်လဲ။ နင့်အဖေက ငါ့ရဲ့ဒီလိုပုံစံမျိုးကို သဘောကျတာဟဲ့"

"ကျုပ်..."

ချိုးကျင်အန်း ပြောစရာစကားရှာမတွေ့တော့။ သူ့အဖေသည် သူ့အမေကို ဘာကိုကြည့်၍ကြိုက်ခဲ့သည်မသိ။

လှေပျံပေါ်တွင် ချိုးကျင်အန်း တာဝန်ခွဲပေးသည်။

"ဒီတစ်ခါ တာအိုလမ်းစဉ်ဂိုဏ်းကို လာလည်တာနဲ့ပတ်သက်ပြီး စကားလုံး ၂၀၀၀ ပါတဲ့ သုံးသပ်ချက်အစီရင်ခံစာတစ်စောင်စီ လူတိုင်းရေးရမယ်။ အနားတ်အတွက် အတွေးအမြင်တွေ၊ ဆင်ခြင်သုံးသပ်ချက်တွေ၊ အစီအစဉ်တွေပါရမယ်။ မနက်ဖြန်ငါ့ဆီတင်ကြပါ"

နေရာစုံမှ ညည်းညူသံများ ပေါ်လာသည်။

......

တာအိုလမ်းစဉ်ဂိုဏ်း၏ တောင်တန်းဂိတ်တံခါးရှေ့တွင် ထွက်ခွသွားသည့် လှေပျံကို လောင်ပါးက ဝမ်းနည်းဟန်ဖြင့် လက်ဝှေ့ယမ်းပြနေသည်။

"ရှန်ကွမ်ယုကို ငါရနိုင်မယ့် အခွင့်အရေးရှိတယ်လို့ မင်းတို့ထင်လား"

မဟာအကြီးအကဲက လောင်ပါးကို စိတ်ပျက်ဟန်ဖြင့် ခြေဆုံးခေါင်းဆုံးကြည့်သည်။

"မင်းက ငါ့လောက်တောင်ရုပ်မချောဘဲ သူ့ကိုပိုးပန်းဖို့ စဉ်းစားနေသေးတယ်ပေါ့"

တတိယအကြီးအကဲကလည်း အလေးအနက်လေသံဖြင့်

"အကိုနှစ်၊ အကို့မျိုးဆက်ကို တိုးမြှင့်ချင်တာ ကျုပ်မတားပါဘူး။ ဒါပေမယ့် ဆရာက သဘောတူပါ့မလား သံသယဝင်မိတယ်။ အခု ဆရာက အကျဉ်းထောင်တောင်ထိပ်ကို ထိန်းချုပ်နေတာ။ အကို့ကိစ္စကို အရေးမစိုက်အားလောက်ဘူး"

လူတစ်ယောက်နိမ့်ကျနေချိန်တွင် ဝိုင်းတွယ်တတ်ကြာသည့် သူတို့အကျင့်အတိုင်း လောင်ပါးကို လက်လျှော့ဖို့ ဝိုင်းအကြံပေးကြသည်။

"သွားကွာ။ သွားကြစမ်း"

လောင်ပါး ဒေါသတကြီးအော်လိုက်သည်။ ဘယ်လိုညီအကိုမျိုးမှန်းမသိ။ စကားကောင်းလေးတစ်ခွန်းနှစ်ခွန်းပင် မပြောနိုင်ကြ။

"ငါတို့ဖမ်းထားတဲ့ ထာဝရဂိဏ်းသားတွေကို သွားစစ်ဆေးကြည့်ရအောင်"

မဟာအကြီးအကဲကပြောသည်။ လက်ရှိတွင် ထိုကိစ္စအရေးအကြီးဆုံးဖြစ်သည်။

သိုင်းပြိုင်ကွင်းထဲတွင် တာအိုဂိုဏ်းတပည့်များက ထာဝရဂိုဏ်းအကြီးအကဲများကို ရှားပါးတိရစ္ဆာန်များပမာ ဝိုင်းကြည့်နေကြသည်။

ထာဝရဂိုဏ်းမှ ခိုးဝင်လာသူအားလုံးတော့ မဖမ်းနိုင်ခဲ့။ 'ဂိုဏ်းသခင်နှစ်ယောက်နှင့် ဂိုဏ်းဘိုးဘေး'က လွတ်နေဆဲဖြစ်သည်။

အဝါရောင်မြက်ခေါင်းအုံးကို လုယန် စိတ်ဝင်တစား စစ်ဆေးနေသည်။ မသေမျိုးရတနာတစ်ခုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ကြွေခေါင်းအုံးတစ်လုံးဖြစ်သည်။ စိမ်းပြာရောင်ရှိသည်။ ပွင့်လန်းနေသည့် အပြာရောင်ကြာပွင့်ပုံတစ်ခု ပါသည်။

(**Yellow Millet Pillow အဝါရောင်သည် "ပဲဝါ" နာမည်မှ "ဝါ"ကို ယူထားခြင်းဖြစ်သည်။ millet သည် နှံစားပြောင်းပင်လို'မြက်ပင်'တစ်မျိုးဖြစ်သည်။ ဤနေရာမှစတင်၍ "ပြောင်းဝါခေါင်းအုံး"ဟု ပြောင်းလဲဘာသာပြန်ပါမည်)

မဟာအကြီးအကဲတို့လည်း အနားသို့ရောက်လာသည်။ သူတို့လည်း မသေမျိုးရတနာကို စိတ်ဝင်စားနေသည်။

"ဒါက ရှောင်လုပြောတဲ့ ပြောင်းဝါခေါင်းအုံးဆိုတာလား"

"ပေးပါဦး။ ငါကြည့်ဦးမယ်"

မဟာအကြီးအကဲ အိပ်မက်ခေါင်းအုံးကို အတော်စိတ်ဝင်စားသည်။ သူလည်း အိပ်မက်နှင့်ဆိုင်သည့် စွမ်းအားများကို အထူးလေ့လာလိုက်စားခဲ့သောကြောင့်ဖြစ်သည်။

ခေါင်းအုံးထဲဝိညာဉ်စွမ်းအင်ပို့လွှတ်၍ အသက်သွင်းရန် ကြိုးစားကြည့်သည်။ သို့သော် ဝိညာဉ်စွမ်းအင်များ တစ်စမကျန် ပျောက်ကွယ်သွားသည်။ ခေါင်းအုံးက တုံ့ပြန်မှုလုံးဝမရှိ။

"စိတ်ဝင်စားစရာပဲ"

အသက်သွင်းရမည့်နည်းလမ်းကို သူပို၍သိချင်လာသည်။

ယွမ်ကျိက သူ့ကို နည်းလမ်းပြောပြလိုက်ချင်သည်။ သို့သော် အကြီးအကဲက စိတ်အားထက်သန်စွာ စမ်းသပ်ကြည့်နေသဖြင့် သူမပြောတော့။ ကိုယ့်ဘာသာလေ့လာခွင့်ပေးထားလိုက်သည်။

နည်းလမ်းမျိုးစုံ ကြိုးစားကြည့်သော်လည်း မဟာအကြီးအကဲ မအောင်မြင်။ သူနည်းနည်းစိတ်ပျက်လာသည်။

"ဒါကို ဘယ်လိုအသုံးချရတာလဲ"

သူအခက်တွေ့နေသည်ကိုကြည့်၍ အဖမ်းခံထားရသည့် ဒုဂိုဏ်းချုပ်နှင့်အကြီးအကဲများ လှောင်ပြောင်ရယ်မောကြသည်။

"အရူး၊ ဒါငါတို့ဂိုဏ်းရဲ့ မသေမျိုးရတနာကွ။ မင်းလိုသေမျိုးတွေ ဘယ်လိုလုပ် အသုံးချဖို့ အရည်အချင်းမီမှာလဲ"

ထာဝရဂိုဏ်းအကြီးအကဲများလည်း ဝိုင်းရယ်နေကြသည်။

နောက်ဆုံးတွင် မဟာအကြီးအကဲ ဒေါသမထိန်းနိုင်တော့ဘဲ ခေါင်းအုံးကိုကောက်ကိုင်၍ ဒုဂိုဏ်းချုပ်၏ဦးခေါင်းကို ရိုက်ချလိုက်သည်။ ဒုဂိုဏ်းချုပ်ချက်ချင်းအိပ်ပျော်သွားသည်။

"ဪ...ဒါက ဒီလိုသုံးရတာလာ"

မဟာအကြီးအကဲ အ‌တွေးနက်သွားသည်။ ခေါင်းအုံးသုံးသည့်နည်းလမ်းကို နားလည်လာသည်။

ဘေးမှကြည့်နေသည့်ယွမ်ကျိ မနေနိုင်တော့သဖြင့် အကြံပေးသည်။

"မဟာအကြီးအကဲ၊ ဝိညာဉ်စွမ်းအင်ကို ချည်မျှင်လိုသုံးပြီး ခေါင်းအုံးရဲ့နောက်ကျောဘက်မှာ အပြာရောင်ကြာပွင့်တစ်ပွင့်ဆွဲလိုက်ပါ။ ရှေ့ဘက်မှာရှိတဲ့ ကြာပွင့်လိုပေါ့။ အဲလိုဆို အသက်သွင်းလို့ရပြီ။

"သဘောပေါက်ပြီ"

မဟာအကြီးအကဲ ကြာပွင့်ဆွဲသည်။ နောက်ထပ် ထာဝရဂိုဏ်းသားတစ်ယောက်၏ ဦးခေါင်းကို အသာတို့လိုက်သည်။ ချက်ချင်း အိပ်မောကျသွားသည်။

"အတော်အသုံးဝင်တာပဲ"

မဟာအကြီးအကဲ လုယန်ကို ခေါင်းအုံးပြန်ပေးသည်။ လုယန်လည်း ယွမ်ကျိ၏လမ်းညွှန်ချက်အတိုင်း စမ်းကြည့်သည်။ လုံးဝမရ။

ထာဝရနတ်မယ်က လှောင်ရယ်နေသည်။

"နင်က အခြေတည်အဆင့်လောက်နဲ့ ငါ့ရတနာကို အသက်သွင်းနိုင်မယ်ထင်နေတာလား"

လုယန် မတတ်သာတော့ဘဲ ယွမ်ကျိထံ ခေါင်းအုံးလွှဲပေးလိုက်ရသည်။

ယွမ်ကျိက လက်တစ်ဘက်ဖြင့် တံဆိပ်တစ်ခုရေးဆွဲပြီး ခေါင်းအုံးထဲသို့ ပေါင်းစပ်လိုက်သည်။ တံဆိပ်ပျောက်သွားပြီးနောက် အကြီးအကဲကို ခေါင်းအုံးလှမ်းပေးသည်။

"မဟာအကြီးအကဲက အိပ်မက်နဲ့ပတ်သက်တဲ့ မှော်စွမ်းအားတွေမှာ အကျွမ်းကျင်ဆံးပါ။ ဒီပစ္စည်းကို အကြီးအကဲယူထားတာက အကျိုးအရှိဆုံး ဖြစ်ပါလိမ့်မယ်။ ခေါင်းအုံးမှာ တံဆိပ်တစ်ခု ကျွန်မသွင်းထားတယ်။ တကယ်လို့ အပြင်လူတွေက ယူသွားမယ်ဆိုရင်တောင် ကျွန်မဒါကို ပြန်ယူနိုင်ပါတယ်"

မဟာအကြီးအကဲ အံ့ဩပျော်ရွှင်သွားသည်။ ယွမ်ကျိကို ကျေးဇူးတင်စကားဆိုသည်။ ဤခေါင်းအုံးသည် အလွန်အဖိုးထိုက်တန်ည့် မသေမျိုးရတနာဖြစ်သည်။ ထိုရတနာရှိလျှင် သူ့တိုက်ခိုက်စွမ်းအားလည်း နောက်တစ်ဆင့်တိုးသွားမည်။

အစကတည်းက စုစည်းခြင်းအဆင့်များကြားတွင် ထိပ်တန်းစွမ်းအားရှင်ဖြစ်သည်။ မသေမျိုးရတနာရလာပြီဖြစ်၍ အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းဖြစ်လာနိုင်သည်။ တာအိုရှင်ဝစီပိတ်ပင် သူ့ကိုသတိထားရတော့မည်။

ထို့နောက် ယွမ်ကျိက ရှေးဟောင်းမန္တာန်တစ်ခု အကြီးအကဲကို သင်ပေးသည်။ ထိုမန္တာန်ဖြင့် ‌ပြောင်းဝါခေါင်းအုံး၏စွမ်းအားကို မြှင့်တင်နိုင်သည်။

မဟာအကြီးအကဲ စိတ်ဝင်စားသွားပြီး ထိုမန္တာန်၏အဓိပ္ပါယ်ကိုသိမသိ ယွမ်ကျိအားမေးသည်.

ယွမ်ကျိ အမူအရာပြောင်းသွားသည်။ မန္တာန်အဓိပ္ပါယ်ကို အကြီးအကဲမသိသည်က ပိုကောင်းကြောင်းပြောသည်။

"ဘာလို့ ဒီခေါင်းအုံးကို ပြောင်းဝါခေါင်းအုံးလို့ခေါ်တာလဲ"

လုယန် ထာဝရနတ်မယ်ကိုမေးသည်။

"ပြောင်းဆန်ပြုတ်လုပ်ရင်း ဒီခေါင်းအုံးပေါ် ခင်ဗျားလှဲနေတတ်လို့လား။ အဲဒီ့အချိန် ဘဝအကြောင်း အိပ်မက်မက်မယ်။ နိုးလာတဲ့အချိန်ကျတော့ ဆန်ပြုတ်မကျက်သေးတာကို မြင်ရတာမျိုးပေါ့"

လုယန် ဒဏ္ဍာရီတစ်ခုကို ပြန်သတိရလာသည်။

(**yellow millet dream ဟု ဂူဂဲလ်ရိုက်ရှာကြည့်လျှင် ဒဏ္ဍာရီကိုတွေ့နိုင်ပါသည်)

ထာဝနတ်မယ် ခေါင်းငြိမ့်သည်။

"အဲလိုပါပဲ။ ဒီခေါင်းအုံးစတီထွင့်တဲ့အချိန်က ယင်ထန်မသေမျိုးနဲ့ တစ်ခြားလူတွေကို ထမင်းစားဖိတ်ထားတာ။ ပြောင်းဆန်ပြုတ်ကတော့ အဓိကဟင်းပေါ့။ ငါတစ်ခြားကို စိတ်ရောက်နေလို့ ဆန်ပြုတ်အိုးက တပွက်ပွက်ဆူပြီး အိုးထဲကလျှံကျတော့မလိုဖြစ်လာတယ်။ အဲဒီ့အချိန်မှာ ကိုးဆမသေမျိုးပြောတာ ငါပြန်သတိရလာတယ်။ တကယ်လို့ စမ်းသပ်ရင်းနဲ့ အဲလိုရေဆူလာတဲ့အခါ ကြွေကွဲစတစ်ချို့ ပစ်ထည့်လိုက်ရင် လျှံမကျတော့ဘူးတဲ့။ ငါ့မှာလည်း ဘာကြွေကွဲစမှမရှိတော့ ဒီခေါင်းအုံးကိုပဲ ဆန်ပြုတ်အိုးထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့ ပြန်ဆယ်လိုက်တဲ့အချိန် ဒီပေါ်မှာ ပြောင်းဆန်ပြုတ်တွေကပ်နေတာတွေ့တာပဲ။ ဒါကြောင့် ပြောင်းဝါခေါင်းအုံးဆိုတဲ့နာမည်ဖြစ်လာတာ"

လုယန် - "..."

သူတွေးထားသည်နှင့် ဘာမှမဆိုင်။

"ခင်ဗျားပစ်ထည့်ပြီးတော့ ရေကဆူနေသေးလား"

လုယန် နောက်ဆက်တွဲကို ဆက်စပ်စုလိုက်သည်။

"မဆူတော့ဘူး"

လုယန် ချီးကျူးရန်ပြင်သည်။ ထိုစဉ်

"ငါအားသုံးတာများလို့ အိုးကကွဲသွားတယ်လေ"

အခုထိ ထာဝရနတ်မယ့် ထိုအဖြစ်ကို နည်းနည်းလန့်နေသေးပုံရသည်။

"ကံကောင်းလို့ပေါ့။ ယင်ထန်မသေမျိုးတို့က ငါ့ဆီလာစားမယ့်ကိစ္စကို ဖျက်လိုက်ကြတယ်။ သူ့တို့သာလာရင် အဓိကဟင်းမပါဘဲကျွေးရမှာဆိုတော့ တကယ်အားနာစရာကြီးဖြစ်နေမှာ"

မှန်သည်။ ကံဆိုးမည့်အရေးကို ကြိုမြင်၍ ရှောင်တိမ်းနိုင်သည့် မသေမျိုးများ၏အစွမ်းက လက်ဖျားခါလောက်သည်။

**********************************

All Chapters