← Chapters

ပဲဝါပါရှင်

Vol. 12 Ch. 178

ပဲဝါပါရှင်

Vol. 12 Ch. 178

"အကျဉ်းထောင်ကိုသွားပြီး ထာဝရဂိုဏ်းရဲ့ဌာနချုပ်ကိုရှာကြည့်ရအောင်"

ယွမ်ကျိ လက်တစ်ချောင်းဝှေ့ယမ်းလိုက်သည်။ ထာဝရဂိုဏ်းမှ လူအတော်များများ လေထဲသို့လှင့်တက်သွားပြီး သူ့နောက်မှ လိုက်လာသည်။

ထို့နောက် ခဏစဉ်းစားပြီး လုယန်ကို လှမ်းခေါ်သည်။

"လိုက်ခဲ့။ မင်းကိုလိုချင်လိုလိမ့်မယ်"

အကျဉ်းထောင်တောင်ထိပ်ကို သွားခဲ့သည်မှာ ရက်သိပ်မကြာသေး။ ယခု နောက်တစ်ကြိမ် သွားရပြန်သည်။

အကျင်းထောင်တောင်ထိပ်(ချိုးဖုန်း) ခါတိုင်းလိုပင် မှုန်မှိုင်း၍ ခြောက်ခြားစရာဖြစ်နေသည်။

အကျဉ်းခန်းထဲတွင် စန်းလီကောင်းကင်ဂူမှ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူ သွေးနတ်ဆိုးရှိသည်။

သို့သော် ဝိညာဉ်သာရှိတော့သည်။ စတွေ့စဉ်ကလို မောက်မာမှုမျိုး မရှိတော့။ ယွမ်ကျိ၏အခြေသံကို ကြားသည်နှင့် အကျဉ်းခန်းထောင့်တွင်ခွေ၍ တုန်လှုပ်နေသည်။

ယွမ်ကျိက သူ့ကိုလှည့်ပင်မကြည့်ဘဲ တည့်တည့်လျှောက်သွားသည်။

ဘိုးဘေးဆရာ ဆံဖြူကောင်လေးက ယွမ်ကျိနှင့်လုယန်ကို ကြိုဆိုသည်။

"ရောက်လာပြန်ပြီလား ရှောင်ယွမ်။ ဒီတစ်ခေါက် ဘယ်သူ့ကိုခေါ်လာတာလဲ"

ဘိုးဘေးဆရာနာမည်က ထန်ရှန်းယီဟု လုယန်သိရသည်။

"ထာဝဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်နှစ်ယောက်ပါ"

"ဟား၊ ငါးကြီးကြီးတွေမိလာတာပဲ။ ဂိုဏ်းတစ်ခုလုံး ဖြိုချလာတာလား"

ထန်ရှန်းယိ နည်းနည်းအံ့အားသင့်သွားသည်။ သူ့တပည့်သည် တကယ်တော်လှသည်။

"သူတို့က ထောင်ချောက်ထဲကို တည့်တည့်ဝင်လာတာပါ"

ဒုဂိုဏ်းချုပ်လျိုနှင့် ဒုဂိုဏ်းချုပ်ကောင်းတို့ ယွမ်ကျိစကားကြောင့် အော်ဆဲကြသည်။

"ယုတ်မာတဲ့ တာအိုလမ်းစဉ်ဂိုဏ်း။ ငါတို့ကို ဝင်လာချင်အောင်လှည့်စားခဲ့တာ မင်းတို့ပဲကွ"

"တကယ်အချီကြီးကြံခဲ့တာပဲ။ ကူးဖြတ်ခြင်းအဆင့်တို့ဟူးမသေမျိုးကို သူလျှိုအနေနဲ့ ထာဝရဂိုဏ်းကိုလွှတ်တယ်။ ငါတို့ရဲ့ယုံကြည်မှုကို ယူခိုင်းတယ်'

ဒုဂိုဏ်းချုပ်လျို အိပ်မက်စက်ကွင်းမှ အပြည့်အဝနိုးထသေးပုံမပေါ်။

"ထစမ်းပါ ဟေ့ကောင်ရ။ ဘာတို့ဟူးမသေမျိုးလဲ"

ဒုဂိုဏ်းချုပ်ကောင်းက တီးတိုးလှမ်းပြောသည်။

ဒုဂိုဏ်းချုပ်လျို ဇဝေဇဝါဖြစ်နေသည်။

"အဲဒါ လုယန်မဟုတ်ဘူးလား"

ယွမ်ကျိက လုယန်ကို တိတ်ဆိတ်စွာကြည့်နေသည်။ ဒုဂိုဏ်းချုပ်လျိုအတွက် လုယန် ဘယ်လိုအိပ်မက်မျိုး ထည့်ပေးခဲ့သည်မသိ။

လုယန် နည်းနည်းရှက်သွားသည်။ အိပ်မက်အကြောင်းပြန်မပြောလိုသဖြင့် ချောင်းတစ်ချက်ဟန့်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။

"သူတို့ကို မြန်မြန်စစ်မေးရအောင်။ ကျုပ်တို့ ဘာတွေလိုအပ်မလဲ။ ငရုတ်သီးရည်လား။ ရေစိုကြာပွတ်လား"

ဒုဂိုဏ်းချုပ်များသည် နတ်ဆိုးဂိုဏ်းတွင် နှစ်ထောင်ချီရာချီ နေခဲ့သူများဖြစ်သည်။ ကြမ်းတမ်းရက်စက်သည်။ သာမန်စစ်ဆေးမှုလောက်ကို သူတို့ မျက်တောင်ပင်မခတ်။

"ဟေ့ကောင်လေး။ ဒီလိုနည်းလမ်းတွေနဲ့ စစ်ဆေးရင် ငါတို့က ဂိုဏ်းလျှို့ဝှက်ချက်တွေထုတ်ပြောမယ်လို့ ထင်နေတာလား။ စိတ်ကူးယဉ်မနေနဲ့ကွ"

"လမ်းမှန်ဂိုဏ်းတွေက ဦးနှောက်နည်းပြီး မောက်မာတယ်။ ထာဝရအရှင်ကို ပြန်အသက်မသွင်းနိုင်အောင် ငါတို့ကိုတားဆီးနေတယ်။ မဟာကပ်ရောက်လာတဲ့အချိန် ထာဝရအရှင်မရှိရင် ငါတို့ကို ဘယ်သူကာကွယ်မှာလဲ"

"နတ်ဆိုးတွေကို ဖိနှိပ်ပြီး မကောင်းဆိုးဝါးတွေကို ရှင်းလင်းမယ်တဲ့။ အသံကောင်းတော့ဟစ်ကြတာပဲ။ ဒါပေမယ့် မင်းတို့လုပ်ရပ်ကြောင့် လူသားမျိုးနွယ်ရဲ့အနာဂတ် ပျက်စီးသွားမယ်ဆိုတာကို နားမလည်ကြဘူး"

ဒုဂိုဏ်းချုပ်နှစ်ယောက် တစ်ယောက်တစ်လှည့်လှောင်ပြောင်နေကြသည်။ လုယန် လှုပ်ရှားရန်ပြင်သည်။

"အဲလောက်ဒုက္ခခံစရာမလိုပါဘူး"

ယွမ်ကျိကတားသည်။ ထန်ရှန်းယိကို အပြင်ခဏထွက်ပေးရန်ပြောသည်။ ထို့နောက် လုယန်ကိုလှည့်ကြည့်သည်။

"နတ်မယ်။ ရှင့်ရဲ့နောက်လိုက်တွေကို ထွက်ပြီးတွေ့လိုက်ပါဦး"

လုယန်နောက်ဘက်တွင် ခြေဗလာနှင့် နတ်သမီးတစ်ယောက်ပေါ်လာသည်။ မျက်လုံးများက စူးရှသည်။ သွားများက ဖြူဖွေးသည်။ ဂါဝန်စက လေထဲတွင် လူးလွန့်နေသည်။ ဟန်ပန်က ခံ့ညားသည်။

"နင်တို့က ငါ့နောက်လိုက်တွေလား"

ဒုဂိုဏ်းချုပ်နှစ်ယောက်ကို ထာဝရနတ်မယ် အေးစက်စက်စိုက်ကြည့်သည်။ သူ့မျက်လုံးများက တည်ငြိမ်သည်။ ထိုနှစ်ယောက်ကို သိပ်အရေးမစိုက်သည့်ဟန်ပန်မျိုးရှိသည်။

စုစည်းခြင်းအဆင့်ဆိုသည်မှာ အလယ်ပိုင်းတိုက်နယ်တွင် ထိပ်သီးပုဂ္ဂိုလ်များဖြစ်သည်။ ဂိုဏ်းများတွင် ဘိုးဘေးများအဖြစ် အလေးထားကြသည်။ တော်ဝင်နန်းတော်တွင် ရာထူးမြင့်မားသူများဖြစ်သည်။ သိုင်းလောကတွင် ဒဏ္ဍာရီများဖြစ်သည်။ သို့သော် မသေမျိုးများမျက်လုံးထဲတွင် ဘာမှမဟုတ်။

"ခင်ဗျားက ဘယ်သူလဲ"

ဒုဂိုဏ်းချုပ်နှစ်ယောက် အကြောက်တရားကို စကားသဖြင့်ထိန်း၍ မေးလိုက်သည်။

ဘာကြောင့်မှန်းမသိ။ ထိုအမျိုးသမီးကိုမြင်သည်နှင့် ရှိခိုးချင်စိတ် ပေါက်လာသည်။

ထာဝရနတ်မယ် မခိုးမခန့်ရယ်မောလိုက်သည်။

"ငါက ထာဝရနတ်မယ်ပဲ"

"ထာဝရနတ်မယ်.."

နှစ်ယောက်လုံး စိတ်လေးလာသည်။ ထိုနာမည်က ထာဝရအရှင်နှင့် အတော်လေးတူနေသည်။ တိုက်ဆိုင်၍လားတော့မသိ။

ထာဝရနတ်မယ် ဆက်ပြောသည်။

"နင်တို့လှည့်စားခံလိုက်ရပြီ။ ထာဝရအရှင်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ ထာဝရနတ်မယ်ဆိုတဲ့ ငါပဲရှိတယ်။ ငါပြန်ရှင်သန်လာမှာကိုကြောက်လို့ တစ်ယောက်ယောက်က ငါဖြစ်တည်မှုကို ဖုံးကွယ်ပြီး ထာဝရအရှင်ဆိုတာကို ဖန်တီးခဲ့တာ။ အတော်ဉာဏ်နည်းကြတာပဲ။ တကယ်ရယ်စရာကောင်းတယ်။ လူတွေ မသိမိုက်မဲတာဟာ အဆုံးမရှိဘူး။ နောက်ကွယ်ကလူတွေဖြန့်တဲ့ ကောလာဟာလတွေကို ယုံကြည်ကြတယ်။ ကံကောင်းလို့ပေါ့။ တာအိုလမ်းစဉ်ဂိုဏ်းက ကောင်းကင်ဆန္ဒကို သယ်ဆောင်တယ်။ ကံကြမ္မာာအကျိုးဆက်ကို ဂိုဏ်းဝင်တစ်ယောက်က ခံယူပြီး ဒီမသေမျိုးနာမည်ကို မှန်မှန်ကန်ကန်ခေါ်ခဲ့လို့ ငါပြန်ရှင်သန်လာတာ"

ဒုဂိုဏ်းချုပ်နှစ်ယောက် ကျောရိုးထဲမှ စိမ့်တက်လာသည်။ ထိုစကားထဲတွင် အချက်အလက်များစွာပါနေသည်။

ထာဝရအရှင်လုံးဝမရှိခဲ့။ ထာဝရနတ်မယ်ကို ဘာကြောင့်ကြောက်ကြသနည်း။ ထို့ပြင် တာအိုလမး်စဉ်ဂိုဏ်း၌ ကောင်ကင်ဆန္ဒသယ်ဆောင်ပြီး ကံရေစက်ကြီးမားသူတစ်ယောက်ရှိနေသည်။...တွေးကြည့်ရုံဖြင့် ကြောက်စရာကောင်းသည်။

"ဒါဆိုကျုပ်တို့ယုံကြည်ကိုးကွယ်နေခဲ့တဲ့လူဟာ ထာဝရအရှင်မဟုတ်ဘဲ ခင်ဗျားပေါ့"

ဒုဂိုဏ်းချုပ်လျို ခေါင်းမော့လာပြီး ရင်တဒိတ်ဒိတ်ဖြင့်မေးသည်။

"မှန်တယ်။ နင်တို့လှည့်စားခ့လိုက်ရတာ။ သွေးသံရဲရဲသတ်ဖြတ်တာတွေကို ငါသဘောမကျဘူး။ ဒါဟာ ငါနာမည်ပျက်အောင် သက်သက်မဲ့အပုပ်ချခဲ့တဲ့စကားပဲ။ အမှားကိုသိပြီး အမှန်ပြင်ခွင့်ရတာ ကုသိုလ်ကံထူးလို့ပဲ။ အခု ထာဝရဂိုဏ်းဌာနချုပ်ရှိတဲ့နေရာကို ဒီယွမ်ကျိကို ပြောပြပါ။ အမှားတွေအားလုံးကို ပြန်ပြုပြင်ခွင့်ရှိသေးတယ်'

"နတ်သမီး၊ ခင်ဗျားရဲ့ မသေမျိုးနာမည်ကို ပြောပြနိုင်မလား"

ဒုဂိုဏ်းချုပ်ကောင်း ရုတ်တရက် ပြန်မေးခွန်းထုတ်သည်။

ထာဝရနတ်မယ်ခေါင်းငြိမ့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် သူ့နာမည်အစစ်ကို ပြန်ပြောသည်။

"ငါ့နာမည် ပဲဝါပါ"

(**ပဲဝါသည် ချစ်စနိုးခေါ်သည့်နာမည်ဖြစ်သည်။ အရှိန်အဝါကြီးမားသည့် မသေမျိုးတစ်ယောက်နှင့် လုံးဝမလိုက်ဖက်)

ဒုဂိုဏ်းချုပ်နှစ်ယောက်မျက်နှာ ချက်ချင်းပြုံးပြုံးရယ်ရယ်ဖြစ်လာသည်။

"မင်းက တာအိုလမ်းစဉ်ဂိုဏ်းကလွှတ်ထားတဲ့ အတုအယောင်မှန်း သိသားပဲ။ မြင့်မြတ်တဲ့နတ်သမီးတစ်ယောက်က ဒီလိုနာမည်မျိုး ဘယ်ရှိနိုင်မှာလဲ။ အခုမှ ခေါင်းထဲက စဉ်းစားလိုက်တဲ့နာမည်မဟုတ်လား"

"မင်းနာမည်က ပဲဝါတဲ့လား။ မင်းတို့မိသားဟုက တို့ဟူးလုပ်ရောင်းတာလား"

ထာဝရနတ်မယ် ကြောက်စရာစွမ်းအင်ရောင်တစ်ခု ထုတ်လွှတ်လိုက်သည်။

အကယ်၍ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်များသာ ရှိနေလျှင် ထိုစွမ်းအင်ရောင်သည် ကူးဖြတ်ခြင်းအဆင့်ထက် သာလွန်ကြောင်း သိပေလိမ့်မည်။ ထာဝရနတ်မယ်၏ သရုပ်မှန်ကို ရိပ်မိပေလိမ့်မည်။

သို့သော် ကံဆိုးစွာဖြင့် ဤဒုဂိုဏ်းချုပ်နှစ်ယောက်က စုစည်းခြင်းအဆင့်သာရှိသည်။ ထိုစွမ်းအင်ရောင်ကို မသေမျိုးစွမ်းအင်ရောင်မှန်း ခွဲခြားမသိကြ။

ယွမ်ကျိက နတ်မယ်ကို ‌ဒေါသမထွက်ရန် ဖျောင်းဖျသည်။

"စီနီယာနတ်မယ်၊ ‌ဒေါသထွက်စရာမလိုပါဘူး။ ရှင့်ကိုထွက်လာခိုင်းတာက ကံစမ်းကြည့်တာပါ။ သူတို့က ရှင့်ကိုမမှတ်မိမှတော့ ထာဝရဂိုဏ်းရဲ့ တည်နေရာကိုရှာဖို့ ကျွန်မ ကိုယ့်နည်းလမ်းနဲ့ကိုယ်ပဲ ကြိုးစားတော့မယ်"

ထာဝရနတ်မယ် နည်းနည်းဒေါသပြေသွားပြီး လုယန်ကိုယ်ထဲသို့ ပြန်ဝင်သွားသည်။

ထို့နောက် ယွမ်ကျိက လုယန်ကိုပြောသည်။

"ငါသုံးမယ့်နည်းလမ်းတွေက ပြီးခဲ့တဲ့တစ်ကြိမ်ကထက် နည်းနည်းပိုကြမ်းတမ်းလိမ့်မယ်။ နင်ကငယ်သေးတယ်။ မကြည့်တာပို‌ကောင်းတယ်"

လုယန် ကြက်သီးထသွားပြီး အကျဉ်ထောင်တောင်ထိပ်မှ ပြန်ထွက်လာသည်။

အပြန်လမ်းတွင် စိတ်ကောက်နေသည့် ထာဝရနတ်မယ်ကို သူချော့ရသည်။ ပဲဝါဟူသည့်နာမည်က တကယ်ချစ်စရာကောင်းပါသည်ဟု ပြောသည်။

"တကယ်လား"

ထာဝရနတ်မယ် နည်းနည်းစိတ်ကျေနပ်လာသည်။ သူ့နာမည်ကို ချီးကျူးသူဟူ၍ အတော်ရှားလှသည်။

"တကယ်ပါ တကယ်ပါ"

လုယန် ခေါင်းအထပ်ထပ်ငြိမ့်သည်။

လုယန် ကောင်းကင်မှလကို မော့ကြည့်ရင်း တစ်စုံတစ်ခုကို တွေးမိလာသည်။

"ဒါနဲ့..အခု ဘယ်အချိန်ရှိပြီလဲ။ နောက်တစ်ရက် ကူးသွားပြီလား"

သူအတွေးခက်နေစဉ် မလှမ်းမကမ်းမှ ရယ်မောသံတစ်ခုပေါ်လာသည်။

"ညီလေးလုက သိပ်တွေးတတ်တာပါ။ ဟုတ်တယ်လေ၊ အခု သန်းခေါင်းချိန်ကျော်သွားပြီဆိုတော့ နောက်တစ်ရက်ကူးပြီပေါ့"

တစ်နည်းဆိုရလျှင် ထာဝရနတ်မယ်သည် ယာယီဂိုဏ်းချုပ် မဟုတ်တော့။

မာထန်ယန် လှောင်ပြုံးပြုံး၍ ပေါ်လာသည်။

"ညီလေးလု၊ ဂိုဏ်းချုပ်အဖြစ် သုံးရက်နေခဲ့ရတာ ကျေနပ်ရဲ့လား။ ညီလေးလုမှာ ကောင်းကင်ရတနာတစ်ခုပိုင်ဆိုင်ထားပြီး ကိုယ့်ထက်ကျင့်စဉ်စွမ်းအားမြင့်တဲ့လူတွေကိုတောင် စိန်ခေါ်နိုင်တယ်လို့ကြားတယ်။ ငါမင်းဆီကနေ သင်ယူချင်ပါတဘ်"

ကြက်တစ်ကောင်ကို ကောက်မ,သကဲ့သို့ မာထန်ယန်က လုယန်ကို ပြိုင်ပွဲကွင်းပေါ်သို့ မ,ယူသွားသည်။

လုယန်ရောက်နေကြောင်းကြားသဖြင့် နောက်ထပ်နောက်ထပ် ဂိုဏ်းတူအကိုအမများ အပြေးရောက်လာသည်။ လုယန် ကြောက်ဒူးတုန်လာသည်။

သိစိတ်နယ်မြေတွင် ထာဝရနတ်မယ်ကို လုယန် ဒေါသဖြင့်စိုက်ကြည့်နသည်။

"နတ်မယ်၊ အဲဒါ ခင်ဗျားအပြစ်ပဲ"

ခုနက နတ်မယ်ကို သူနှစ်သိမ့်နေခဲ့သည်။ လုံးဝမဖြစ်သင့်။ နတ်မယ်ကသာ သူ့ကိုနှစ်သိမ့်အားပေးသင့်သည်။

ထာဝရနတ်မယ် မလုံမလဲစိတ်ဖြင့် မျက်နှာလွှဲလိုက်သည်။

"ဒါ..ဒါလည်း စမ်းသပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းပဲဲ"

************************************

All Chapters