← Chapters

#‌အချိန်အတန်ကြာပျောက်ဆုံးနေခဲ့သည့် တပည့်တာ၀န်#

Vol. 64 Ch. 898

#‌အချိန်အတန်ကြာပျောက်ဆုံးနေခဲ့သည့် တပည့်တာ၀န်#

Vol. 64 Ch. 898

အင်မော်တယ်တိမ်အစီအရင်ကို ကြည့်ရုံမျှနှင့် ရှားရူချန်း ဘာတွေးနေသလဲဆိုတာ လုချန်ရှန်းသိပါသည်။

"ပုံရိပ်ယောင်လှည့်စားခြင်းအစီအရင်နဲ့ သတ်ဖြတ်ခြင်းအစီအရင်ကို ပေါင်းစပ်ခြင်းလား"

တကယ်တမ်းတွင် သာမန်အစီအရင်များ၌ ရှုပ်ထွေးခြင်းနှင့် သတ်ဖြတ်ခြင်းသက်ရောက်မှုများရှိသည်။

သို့စေကာမူ ဒီအရာများက အဆင့်မြင့်ပုံရိပ်ယောင်အစီအရင်တစ်ချို့တွင်လည်း ကူးစက်သွားကြသည်။

ရှားရူချန်းအင်မော်တယ်တိမ်အစီအရင်တွင် ပုံရိပ်ယောင်အခင်းအကျင်း၏ အခြေခံအဖြစ် အင်မော်တယ်အဆင့်သတ်ဖြတ်ခြင်း အစီအရင်ကို ပေါင်းထည့်ထားသည်။

အင်မော်တယ်အဆင့်အစီအရင်နှစ်ခု၏ ပေါင်းစပ်ခြင်းဟူသည် ရှားရူချန်းကဲ့သို့ အင်မော်တယ်အစီအရင်သခင်တစ်ယောက်အတွက်ပင် ပေါင်းစပ်ရန် အတော်လေးခက်ခဲသည်။

အင်မော်တယ်နယ်မြေက အင်မော်တယ်အစီအရင်သခင်များပင်လျှင် ဒီလိုအရာမျိုးကို လုပ်နိုင်စွမ်းရှိမည်မဟုတ်။

ရှားရူချန်းအံ့ဩသင့်တကြီး ခေါင်းညိတ်သည်။

"စီနီယာ၊ ခင်ဗျားမှာ အမြင်ကောင်းရှိတာပဲ"

လုချန်ရှန်း၏အမြင်အားကြောင့် ရှားဟွာရွှမ်းကလည်း အံ့ဩသင့်နေရသည်။

သူကတစ်ချက်ကြည့်ရုံမျှနှင့် အင်မော်တယ်တိမ်အစီအရင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို မြင်နိုင်သည်။

အစီအရင်တစ်ခုက ပို၍ရှုပ်ထွေးလေလေ၊ ချိုးဖျက်မြင်နိုင်ရန်ဟူသည် ပို၍ခက်ခဲလေလေဖြစ်သည်။

"စီနီယာ၊ ဘယ်လိုပဲကြိုးစားကြိုးစား ကျုပ်ဒီပုံရိပ်ယောင်အစီအရင်နဲ့ သတ်ဖြတ်ခြင်းအစီအရင်ကို အတူတကွမပေါင်းစပ်နိုင်ဘူး၊ ဒါကြောင့်လည်း အင်မော်တယ်တိမ်အစီအရင်က ဘယ်တော့မှ မပြည့်စုံခဲ့ဘူး"

ဒါကိုကြားသောအခါ လုချန်ရှန်း အစီအရင်ကို လက်ညိုးထိုးပြီး ခပ်ပေါ့ပေါ့ပြောသည်။

"ဒါကရိုးရှင်းတယ်မလား၊ ခင်ဗျားရဲ့ သတ်ဖြတ်ခြင်းအစီအရင်စွမ်းအားကို ခင်ဗျားမထိန်းချုပ်ခဲ့တော့ အင်မော်တယ်တိမ်အစီအရင်ရဲ့ အခြေခံအုတ်မြစ်က ဒါကို ခံနိုင်ရည်မရှိဘူးလေ၊ ဒါကြောင့်လည်း အစီအရင်စွမ်းအင်က စိမ့်ထွက်နေပြီး ဘယ်တော့မှ ပေါင်းစပ်လို့မရတော့တာပဲ"

ရှားရူချန်းအနည်းငယ်အံ့ဩသင့်သွားရသည်။

"စီနီယာ၊ ခင်ဗျားဆိုလိုတာက သတ်ဖြတ်ခြင်းအစီအရင်ရဲ့ စွမ်းအားကို လျှော့ချပစ်ချင်တာလား"

"ဟုတ်တယ်၊ ပြီးတော့မဟုတ်ဘူး" လုချန်ရှန်းတစ်ခဏမျှ တွေးပြီးနောက် ရှင်းပြသည်။

"ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် သတ်ဖြတ်ခြင်းအစီအရင်စွမ်းအားကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားရမယ်၊ ဖြစ်နိုင်ရင် အကန့်အသတ်နဲ့ နီးစပ်လေလေ၊ ပိုကောင်းလေလေပဲ"

"ဒါပေမယ့် ကျုပ်တို့ သတ်ဖြတ်ခြင်းအစီအရင်စွမ်းအားကို အရမ်းကြီးမထိန်းချုပ်ထားသင့်ဘူး၊ ဒီလိုသာဆိုရင် သတ်ဖြတ်ခြင်းအစီအရင်ရဲ့ အခြေခံအုတ်မြစ်က ပုံရိပ်ယောင် အစီအရင်ရဲ့ သက်ရောက်ခြင်းကို ခံရလိမ့်မယ်၊ ကျုပ်တို့ဟန်ချက်ကို မထိန်ညှိနိုင်ရင် ဒါကိုပြီးမြောက်နိုင်မှာမဟုတ်ဘူး"

ဒီစကားလုံးများနောက်ကွယ်က ဆိုလိုရင်းကို ရှားဟွာရွှမ်းနားလည်သော်လည်း ဒါကို အစီအရင်ထဲတွင် ဘယ်လိုသုံးရမည့်အကြောင်း ပြောလာသောအခါ သူစိတ်ရှုပ်ထွေးသွားရသည်။

ရှားရူးချန်းနားလည်သွား၏။

လုချန်ရှန်း၏စကားလုံးများက သူ့ကို ဉာဏ်အလင်းပွင့်သွားစေသည်။ သူပြုံးလိုက်သည်။

"ကျုပ်နားလည်ပြီ၊ ကျုပ်နားလည်ပြီ"

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါ စီနီယာ"

ကျေးဇူးတင်ပြီးနောက် ရှားရူချန်း အင်မော်တယ်တိမ်အစီအရင်ထဲသို့ ချက်ချင်း၀င်သွားသည်။

တစ်ရက်မကြာသေးခင်မှာပင် မူလက ရိုက်ချိုးခံထားရသဖြင့် အားအင်ကုန်ခမ်းနေပုံပေါ်သည့် အင်မော်တယ်တိမ်အစီအရင်က ပတ်၀န်းကျင်ကို အပြည့်အ၀ ဖုံးလွှမ်းသွားခဲ့သည်။

အပြင်ပကမ္ဘာက အမြင်များတွင်မူ ဒါက ဒီနေရာကို လွှမ်းခြုံသွားသည့် တိမ်တိုက်တစ်ခုသာ။

"အဲဒါက....အကြီးအကဲရှားရူချန်းနေအိမ်ကမလား"

"နောက်ထပ်အစီအရင်အသစ်တစ်ခုလား၊ အင်မော်တယ်အစီအရင်သခင်ဆိုတဲ့ အတိုင်းပါပဲ"

"ဒါ့အပြင် ဒါကအသစ်အင်မော်တယ်အဆင့် အစီအရင်တစ်ခုဖြစ်ပုံရတယ်"

တခြားအင်မော်တယ်အစီအရင်သခင်များကလည်း ဒါကိုအာရုံခံမိကြသဖြင့် သူတို့ ရှားရူချန်းနေအိမ်ရှိရာဘက်သို့ ကြည့်လိုက်ကြသည်။

"ဒါက.....သူအင်မော်တယ်တိမ်အစီအရင်ကို ပြီးမြောက်သွားတာလား"

"ဒီအဖိုးကြီးက တကယ်ခြေတစ်လှမ်းသာနေပြီ....."

"အင်မော်တယ်တိမ်အစီအရင်ကိုတောင် ပြီးမြောက်နိုင်တာဆိုတော့ သူက ငါတို့ရှေ့မှာတောင် ရှိနှင့်နေပြီ....."

သူတို့မသိသည့်အရာအနည်းငယ်က ဒါက လုချန်ရှန်း၏ လမ်းညွှန်မှုရလဒ်ဖြစ်နေခြင်းပင်။

ထိုအခိုက်အတန့်၌ ရှားရူချန်း သူ့ရှေ့က အင်မော်တယ်တိမ်အစီအရင်ကို ကြည့်ရင်း ပြုံးလိုက်သည်။

"လမ်းညွှန်မှုအတွက် ကျေးဇူးပါ၊ စီနီယာလု၊ အချိန်တန်လာရင် ကျုပ် အဲဒီလူအိုကြီးတွေရဲ့ရှေ့မှာ ‌ကြွားဝါလို့ရပြီ"

ရှားရူချန်းပြောဆိုနေသည့် လူအိုကြီးများက တခြားအင်မော်တယ်အစီအရင်သခင်များဖြစ်ကြသည်။

လုချန်ရှန်းလက်ဝှေ့ယမ်းသည်။

ထို့နောက် ရှာရူချန်း ‌အင်မော်တယ်တိမ်အစီအရင်ကို သိမ်းဆည်းလိုက်၏။

"စီနီယာလု၊ ခင်ဗျားအင်မော်တယ်နန်းတော်က ထွက်သွားနေတာမလား၊ ခင်ဗျားကို ကျုပ်လိုက်ပို့ပေးရမလား"

ဒါကိုကြားသောအခါ လုချန်ရှန်းတစ်ခဏမျှ တွေးလိုက်သည်။ ရှားရူချန်းသာ လမ်းပြပေးမည်ဆိုပါက သူမလိုလားအပ်သည့် ပြဿာနာများကို ရှောင်ရှားနိုင်လောက်သည်။

ထို့ကြောင့် လုချန်ရှန်းခေါင်းညိတ်သည်။

လမ်းတစ်လျှောက်တွင် အင်မော်တယ်နန်းတော်နှင့် သေမျိုးကမ္ဘာ၏ ခြားနားချက်ကို လုချန်ရှန်းထပ်မံခံစားရသည်။

အတိုင်းအတာများဖြစ်စေ၊ အော်ရာ၊ သို့မဟုတ် တပည့်များဖြစ်စေ သူတို့က သေမျိုးကမ္ဘာက ထိုဂိုဏ်းများထက် အများကြီးသာလွန်သည်။

အင်မော်တယ်နန်းတော်ထွက်ပေါက်တွင် ရှားရူချန်းရပ်ပြီး ပြုံးသည်။

"ကျုပ်လမ်းပြစရာရှိတာ ဒါအကုန်ပါပဲ၊ ကျေးဇူးပါ၊ စီနီယာလု"

သို့စေကာမူ လုချန်ရှန်းထွက်သွားရန် အလျင်မလိုဘဲ ယင်းအစား သူလှေကားထစ်များကို ငုံ့ကြည့်လိုက်၏။

အင်မော်တယ်နန်းတော်၏ တည်နေရာက တိမ်များအပေါ်တွင်ရှိသည်။

သာမန်လူများ၊ သို့မဟုတ် တခြားသူများသာ အင်မော်တယ်နန်းတော်ကို ၀င်လိုပါက သူတို့ လှေကားထစ်များကနေ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လာရပေလိမ့်မည်။

လှေကားထစ်များပေါ်၌ လူငယ်လေးတစ်ယောက် ခေါင်းမာစွာနှင့် ဒူးထောက်နေသည်။

သူ့၀တ်စုံက စုတ်ပြတ်သပ်နေပြီး သူ့အော်ရာက ကုန်ခမ်းနေလေရာ အကြည့်တစ်ချက်တည်းနှင့် ဒီကလေးက သူ့အကန့်အသတ်ကို ရောက်နေပြီဆိုတာ ပြောနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်နန်းတော်၏ လွင့်မြောနေသည့် လှေကားထစ်များပေါ် တက်သောအခါ အလွန်အမင်းအားကောင်းသော ဖိအားတစ်ခုရှိနေသည်။

တစ်ဆင့်စီက အရင်အဆင့်ထက်ပိုအားကောင်းသည်။

လုချန်ရှန်း ရုတ်တရက်သိချင်စိတ်ဖြင့် မေးသည်။

"ဒီလူကဘယ်သူလဲ"

ရှားရူချန်းကလည်း နောက်ထပ်တစ်ချက်ကြည့်ပြီးနောက်တွင် ရှားဟွာရွှမ်းအား ကြည့်လိုက်၏။ သူလည်းမသိသည်မှာ ရှင်းနေသည်။

မည်သို့ပင်ဆိုစေကာမူ သူက အင်မော်တယ်အစီအရင်သခင်တစ်ယောက်ဖြစ်သလို အင်မော်တယ်နန်းတော်၏ အကြီးအကဲလည်း ဖြစ်သဖြင့် သူ့ပုံရိပ်က မြင့်မားသည်။

သာမန်အားဖြင့် ဒီလိုအရာမျိုးတွေကို ရှားရူချန်းဂရုမစိုက်ပါ။

ရှားဟွာရွှမ်းအလျင်အမြန်ပြောသည်။

"ရက်အနည်းငယ်အကြာက အင်မော်တယ်နန်းတော်က တပည့်လက်ခံစုဆောင်းနေတဲ့ချိန်မှာ ဒီလူရဲ့ပါရမီက အရည်အချင်း မပြည့်မီသလို သူ့နယ်ပယ်ကလည်း မကောင်းဘူး၊ သူကအကဲဖြတ်စမ်းသပ်မှုကို မကျော်လွှားနိုင်ခဲ့တော့ အင်မော်တယ်နန်းတော်ကို မ၀င်နိုင်ခဲ့ဘူးလေ၊ အဲဒါကြောင့် ဒီမှာဒူးထောက်နေတာပါ"

"ဒီနေ့ကိုပါ ရေတွက်မယ်ဆိုရင်တော့ ရက်တစ်ရာပြည့်သွားပြီ"

"သူ့နာမည်က....ဖန်ချန်းလို့ ကျွန်တော်ထင်တယ်"

ရက်တစ်ရာ!

ရှားရူချန်းအနည်းငယ် ထိတ်လန့်သွား၏။

သူ့ပါရမီက မလုံလောက်သလို သူ့နယ်ပယ်က လုံလောက်အောင် မမြင့်မားသည့်တိုင် လွင့်မြောနေသည့် လှေကားထစ်များထိပ်၌ ရက်တစ်ရာဒူးထောက်နေနိုင်သေးသည်။

ထိုအချိန်မှာပင် လှေကားထစ်ပေါ်က လူငယ်ကို ကြည့်လိုက်သောအခါ သူ့အမူအရာက ပြောင်းလဲသွားခဲ့သည်။

"လက်ရှိအခြေအနေကို စိတ်စွမ်းအားက လုံး၀အထောက်အကူပေးထားပုံပဲ"

"ဒါပေမယ့် အဲဒါကလည်း အကန့်အသတ်ကို ရောက်နေလောက်ပါပြီ...."

ထိုအချိန်တွင် လှေကားထစ်များပေါ်၌ရှိသည့် ဖန်ချန်းတွင် အင်မော်တယ်ချီ အများကြီး မကျန်ရှိတော့ပါ။

ဧရာမဖိအားတစ်ခု၏ ဖိနှိပ်ခြင်းကိုလည်း ခံထားရသဖြင့် ဖန်ချန်း၏ကိုယ်မှ အရိုးများ အချင်းချင်းပွတ်တိုက်နေသည့် အသံများကိုပင် ထုတ်လွှတ်နေသည်။

သို့စေသည့်တိုင် ဖန်ချန်း၏ကျောက ဖြောင့်တန်းနေဆဲပင်။

သူ့မျက်လုံးများက အလျှော့မပေး‌သည့်အသွင် ခေါင်းမာကာ ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။

ဖန်ချန်းကို လဲကျသွားမည့်အ‌ရေးကနေ ကာကွယ်တားဆီးထားသည့် အားတစ်ခုရှိနေသည့်အလားပင် ထင်ရသည်။

"သူ့ပါရမီ၊ ရုပ်ခန္ဓာနဲ့ နယ်ပယ်က မလုံလောက်တာ သနားစရာပဲ"

ဂရုတစိုက် အကဲခတ်ကြည့်ပြီးနောက် ရှားရူချန်းအနည်းငယ် ခေါင်းခါယမ်းသည်။

သူအကူအညီမဲ့စွာ သက်ပြင်းချသည်။

"သူ့စိတ်စွမ်းအားက တကယ်ကိုထူးချွန်ပါပေတယ်၊ သူ့ပါရမီသာ ပိုကောင်းမယ်ဆိုရင် သူ့မှာ တောက်ပတဲ့အနာဂတ်တစ်ခု ရှိလာကောင်းရှိလာနိုင်မှာ၊ အဲလိုဆိုရင် သူ့အတွက် အင်မော်တယ်နန်းတော်ကို ၀င်ဖို့ဆိုတာ ပြဿာနာရှိလာမှာမဟုတ်ဘူး"

ဒါက ရက်စက်သည်ဟုထင်ရသည့်တိုင် အမှန်တရားသာဖြစ်သည်။

ကျင့်ကြံခြင်းကမ္ဘာတွင် ပါရမီမရှိဘဲ လှုပ်ရှားရန်ဟူသည် ခက်ခဲသည်။

ရှားရူချန်း ဖန်ချန်းကို ကြည့်ပြီး သက်ပြင်းချသည်။ သူဒါကို သည်းခံနိုင်စွမ်းမရှိတော့သည့်အလား အကြံပေးသည်။

"ကလေးရေ၊ လက်လျှော့လိုက်ပါတော့၊ မင်းတခြားဂိုဏ်းတစ်ဂိုဏ်းကို သွားနိုင်သေးတာပဲလေ၊ မင်းအဲကနေတဆင့် တပည့်တစ်ယောက် ဖြစ်လာနိုင်သေးတာပဲ"

တခြားတစ်ဘက်တွင် လုချန်ရှန်း ထွက်သွားရန် ပြင်နေစဉ်မှာပင် ဖန်ချန်း ရှားရူချန်း၏ စကားလုံးများကို ကြားသွားသဖြင့် အံကြိတ်ကာပြောသည်။

"ပါရမီက တကယ်ပဲ အရာတိုင်းကို ကိုယ်စားပြုနိုင်တာလား"

"ကျွန်တော်လက်လျှော့မှာမဟုတ်ဘူး၊ အင်မော်တယ်နန်းတော်ကပဲ ဒီပန်းတိုင်ကို အောင်မြင်ဖို့အတွက် ကျွန်တော့်ကို ကူညီနိုင်တယ်"

ထိုစဉ် လုချန်ရှန်းရုတ်တရက် ရပ်သွားခဲ့သည်။

ဒါကိုမြင်သောအခါ ရှားရူချန်းကလည်း အနည်းငယ်ကြက်သေသေသွားသည်။

"စီနီယာ၊ ဘာမှားနေလို့လဲ"

"စီနီယာလုပ်ချင်တာ တစ်ခုခုများရှိလို့လား၊ ကျုပ်ကိုပြောပါ၊ ကျုပ်ကူညီပေးပါမယ်"

လုချန်ရှန်းအဖြေမပေးဘဲ ယင်းအစား ထိုနေရာမှာပင် ရပ်လိုက်သည်။ ရင်းနှီးကာ ရှေးဆန်သည့်လိုင်းတစ်ကြောင်းက သူ့အသိစိတ်ထဲတွင် ဖြည်းဖြည်းချင်းပေါ်လာသည်။

[ပိုင်ရှင်က တာ၀န်တစ်ခုကို အစပျိုးလိုက်ပါပြီ၊ ကျေးဇူးပြုပြီး ဖန်ချင်းကို တပည့်အဖြစ် လက်ခံပါ]

[အမည် : ဖန်ချန်း]

[ပါရမီ : SSS အဆင့်]

[ပင်ကိုယ်စွမ်းရည် : အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာ]

လုချန်ရှန်း "????"

.....

အပိုင်း(899) coming။

All Chapters