#ကိုယ့်ကိုယ်ကိုယ်ပိုရူးသွပ်အောင်လုပ်ခြင်း#
Vol. 64 Ch. 901
အင်မော်တယ်ဧကရာဇ်တုံကင်!
ဒီတုံကင်နှင့်ဆိုပါက အင်မော်တယ်နန်းတော်ကို အလိုရှိသလို ကြိုက်သလို၀င်ထွက်လုပ်နိုင်သည်။
ဒါက အင်မော်တယ်တုံကင်ပိုင်ဆိုင်ထားသူများက အင်မော်တယ်ဧကရာဇ်ဆီကနေ အကူအညီကို တောင်းခံနိုင်သည်ဟု ဆိုလိုနေခြင်းပင်။
ဖင်းယန်ချိုင့်ဝှမ်းသို့ ပြန်နေစဉ်လမ်း၌ ဖန်ချန်း သူ့လက်ထဲက အင်မော်တယ်တုံကင်ကို မိန်းမောတွေဝေစွာ ကြည့်နေမိသည်။
တစ်နေ့တွင် သူအင်မော်တယ်ဧကရာဇ်နှင့် အရမ်းနီးစပ်လာခဲ့ပြီး ဒဏ္ဍာရီဆန်သော အင်မော်တယ်ဧကရာဇ်တုံကင်ကို အမှန်တကယ်ရလိမ့်မည်ဟု သူတစ်ခါမှ မတွေးတောခဲ့ဖူးချေ။
လုချန်ရှန်း ဖန်ချန်းကိုစိုက်ကြည့်ရင်း အကူအညီမဲ့စွာပြောသည်။
"မင်းငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုပြီးပြီဆိုတော့ ငါမင်းကို ပထမဆုံးသင်ခန်းစာပေးမယ်"
ဒါကိုကြားသောအခါ ဖန်ချန်း ချက်ချင်း လုချန်ရှန်းကို လှမ်းကြည့်လိုက်သည်။
"ဆရာ၊ ကျေးဇူးပြုပြီး ဆက်ပြောပေးပါ"
"အရာနှစ်ခုစလုံးကို အမြဲတွေးပါ"
ဖန်ချန်းကြက်သေသေသွားသည်။
"အကျိုးအမြတ်မှာတောင် ကိုယ်ပိုင်ဆိုးကျိုးတွေရှိတယ်" လုချန်ရှန်းစိတ်ရှည်လက်ရှည်ပြောပြသည်။
"ဥပမာပြောရရင် အင်မော်တယ်ဧကရာဇ်တုံကင်နဲ့ မင်းအရာများစွာကို လုပ်ကောင်းလုပ်နိုင်လိမ့်မယ်၊ အရင်က မင်းကို အထင်အမြင်သေးခဲ့တဲ့ အင်မော်တယ်နန်းတော်က တပည့်တွေကို နှုတ်ပိတ်ပြီး မင်းကို လေးစားစွာ ဆက်ဆံလာအောင် လုပ်ကောင်းလုပ်နိုင်တယ်"
"ဒါက ကျေးဇူးကြွေးဖလှယ်တာနဲ့ညီမျှတယ်"
ဒါကိုကြားသောအခါ ဖန်ချန်းနားလည်သွားသည်။
တကယ်တမ်းတွင် ဒီအင်မော်တယ်တုံကင်က သူ့အတွက်မဟုတ်ဘဲ သူ့ဆရာလုချန်ရှန်းအတွက်သာဖြစ်သည်။
"အနာဂတ်မှာ တတ်နိုင်သရွေ့ တစ်ခြားသူတွေဆီက အကျိုးကျေးဇူးတွေကို လက်မခံနဲ့၊ မင်းနားလည်လား"
ဖန်ချန်းခေါင်းညိတ်သည်။
"ကျွန်တော်နားလည်ပါပြီ၊ ဆရာ"
ဒါကိုမြင်သော် လုချန်ရှန်းကျေနပ်စွာ ခေါင်းညိတ်သည်။
ဟမ်၊ ဒီကလေးက သင်ပေးလို့ရသားပဲ!
သူကအတော်လေးတည်ငြိမ်ပုံပဲ၊ နောက်ဆုံးတော့ လုချန်ရှန်း သူ့ကို စိတ်အေးချမ်းအောင် လုပ်နိုင်သည့် တပည့်တစ်ယောက် လက်ခံခဲ့လေပြီ။
"မင်းရဲ့စီနီယာအစ်ကိုနဲ့အစ်မတွေက ဖင်းယန်ချိုင့်ဝှမ်းမှာရှိတယ်၊ နောက်ကျရင် သူတို့နဲ့တွေ့ဖို့ ငါမင်းကိုခေါ်သွားမယ်"
ဖန်ချန်းဒါကိုစောင့်မျှော်နေသည်။
သို့သော် သူအနည်းငယ်စိုးရိမ်ပူပန်နေသည်။
သူ့ဆရာက အင်မော်တယ်ဧကရာဇ်နှင့် တန်းတူညီမျှအဆင့်ရှိပြီး သူ့ဆရာနှင့် ပိုနီးကပ်စေရန်အတွက် အင်မော်တယ်ဧကရာဇ်က သူ့ကို အင်မော်တယ်ဧကရာဇ်တုံကင်ကိုပင် ပေးခဲ့သည်။
ဒီလိုစွမ်းအားရှင်တစ်ဦး၏ တပည့်များက အလွန်အမင်းပါရမီရှိပြီး အစွမ်းထက်ရပေမည်။
သို့စေကာမူ သူဖင်းယန်ချိုင့်ဝှမ်းကို ရောက်ပြီး သူတို့ကိုတွေ့သောအခါ ဖန်ချန်း၏ စိုးရိမ်ပူပန်မှုများက ပျောက်ကွယ်သွား၏။
လုချန်ရှန်း ဖန်ချန်းကို လက်ညိုးထိုးပြီး ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအား ပြောသည်။
"မင်းတို့ရဲ့ဂျူနီယာညီလေးဖန်ချန်း"
ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများ ကြက်သေသေသွားကြပြီးနောက် ပျော်ရွှင်စွာပြောသည်။
"ဆရာ၊ နောက်ထပ်တပည့်တစ်ယောက် လက်ခံလိုက်တာလား"
ထို့နောက် သူတို့ထဲက တစ်ချို့က အချင်းချင်း မိတ်ဆက်ကြပြီးနောက် တစ်ဦးနှင့်တစ်ဦး ဖြည်းဖြည်းချင်းစတင် ရင်းနှီးလာသည်။
ဟွမ်ချင်းနှင့် လျိုကျိယုတို့က ဘေးကနေ ဒီမြင်ကွင်းကို ကြည့်နေကြသည်။
လျိုကျိယုမေးလိုက်သည်။
"စီနီယာ၊ ဒီဖန်ချန်းက ဘယ်ကလဲ"
ဟွမ်ချင်းကလည်း လှမ်းကြည့်သည်။ သူမကလည်း အတော်လေးသိချင်နေသည်မှာ ရှင်းနေသည်။
လုချန်ရှန်းတစ်ခဏမျှတွေးလိုက်သည်။
"အင်မော်တယ်နယ်မြေက တစ်ယောက်ယောက်ပေါ့"
ထို့နောက် ဖန်ချန်း၏လုပ်ရပ်များကို သူပြန်ပြောပြသည်။
ဟွမ်ချင်းရော လျိုကျိယုပါ အနည်းငယ် အံ့ဩသင့်သွားကြ၏။
"ကြည့်ရတာ ရှင့်နောက်ထပ် တပည့်ကောင်းတစ်ယောက် လက်ခံခဲ့ပုံပဲ" ဟွမ်ချင်းရယ်မောသည်။
"ဒီလိုစိတ်စွမ်းအားမျိုးနဲ့ဆိုရင် ရှင့်ရဲ့ သင်ကြားမှုအောက်မှာဆိုရင် သူ့ပါရမီက မကောင်းဘူးဆိုရင်တောင် အောင်မြင်မှုတွေက နိမ့်ကျမှာမဟုတ်ဘူး"
လျိုကျိယု သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
အရင်က ရှီရှန်းရော ယဲ့ချိုးပိုင်နဲ့ တခြားသူတွေလို ပါရမီရှိခဲ့တာမှ မဟုတ်တာ!
ဒါပေမယ့် လုချန်ရှန်းရဲ့ အကူအညီနဲ့ အတော်လေး ပါရမီထူးချွန်လာတာပဲလေ!
သူတို့၏ စကားလုံးများကို ကြားသောအခါ လုချန်ရှန်းပြုံးသည်။
"မင်းတို့မှားတယ်၊ ဖန်ချန်းရဲ့ပါရမီက အားမနည်းဘူး၊ အင်မော်တယ်နန်းတော်က အကြီးအကဲတွေက ဒါကို သတိမထားမိကြရုံပါပဲ"
"သူ့ပါရမီအရဆိုရင် သူက ယဲ့ချိုးပိုင်နဲ့ ကျန်တဲ့သူတွေထက် အများကြီးအားမနည်းဘူး"
ဒါကိုကြားသောအခါ လျိုကျိယု အသက်ရှူကျပ်သွားရသည်။
"ဒီလိုထူးခြားတဲ့ စိတ်ဓာတ်ကြံခိုင်မှုနဲ့ ပါရမီအရဆိုရင် ဒီဖန်ချန်းက အံ့ဩစရာပဲ"
လုချန်ရှန်းပြန်မဖြေဘဲ ယင်းအစားမေးသည်။
"ယဲ့ချိုးပိုင်နဲ့ကျန်တဲ့သူတွေက ဘယ်လိုလဲ"
ဟွမ်ချင်းပြုံးပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်ပြောပြသည်။
ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ မုဖူရှန်း၊ မု၀မ်အာ၊ ရှီရှန်းနှင့် ကျောက်တုံးလေးတို့က သူတို့ကိုယ်ထဲက ဝိဉာဉ်ချီများကို အင်မော်တယ်ချီအဖြစ် လုံး၀ပြောင်းပစ်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် အင်မော်တယ်ချီအဖြစ် ပြောင်းပြီးနောက် သူတို့ ဖင်းယန်စင်မြင့်ပေါ်သို့ ထပ်သွားပြီး ဖင်းယန်ချိုင့်ဝှမ်းက တပည့်များကို ထပ်မံယှဉ်ပြိုင် တိုက်ခိုက်ကြသည်။
ရလဒ်အနေဖြင့် နယ်ပယ်တူကလူများက သူတို့ပြိုင်ဘက် မဟုတ်ကြတော့ပါ။
သူတို့ နယ်ပယ်အသေးလေးတစ်ခုကို ဖိနှိပ်ထားလျှင်ပင် ပြဿာနာအနည်းငယ်သာ ဖြစ်စေနိုက်သည်။ သို့စေကာမူ သူတို့က အနည်းငယ်နိုင်နေဆဲပင်။
လုချန်ရှန်းခေါင်းညိတ်သည်။
"ရှောင်ဟိုင်ဘယ်မှာလဲ"
ဟွမ်ချင်းရော လျိုကျိယုပါခေါင်းခါယမ်းသည်။
"သူက နေ့တိုင်းဖင်းယန်နဲ့ လေ့ကျင့်နေတုန်းပဲထင်တယ်"
"ငါတစ်ချက်သွားကြည့်လိုက်မယ်" လုချန်ရှန်းထပြီးနောက် ရှောင်ဟိုင်ယှဉ်ပြိုင်တိုက်ခိုက်နေသည့်နေရာသို့ ဦးတည်လိုက်၏။
.....
ထိုအချိန်တွင် ဖင်းယန်ကျင့်ကြံသည့်နေရာ၌ မီးမုန်တိုင်းတစ်စင်းက ကောင်းကင်ကို လောင်ကျွမ်းကာ မြို့ကိုဖျက်ဆီးပစ်တော့မည့်အသွင် ရှောင်ဟိုင်ကိုယ်အား လွှဲယမ်းသွားသည်။
ထို့နောက် ရှောင်ဟိုင်၏ကိုယ်က ချက်ချင်းဆိုသလို လွင့်စင်သွားရသည်။
သူ့ကိုယ်ခန္ဓာ၌ အကောင်းပကတိရှိနေသေးသည့် အစိတ်အပိုင်းဟူ၍ တစ်နေရာမျှပင် မရှိတော့။ ဒဏ်ရာများက အတော်လေးနက်ရှိုင်းလေရာ အထဲကအရိုးဖြူများကိုပင် မြင်နေရသည်။
ဒါက တစ်ဖက်သတ်အခြေအနေတစ်ခုဟု ဆို၍ရသော်လည်း ဖင်းယန်၏မျက်လုံးများက ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။
ဒီတိုက်ခိုက်မှုတွင် သူ့ခွန်အား၏ ၃၀ရာခိုင်နှုန်းပင် ပါ၀င်သည်။
အစက ရှောင်ဟိုင် ဖင်းယန်ခွန်အား၏ ၁၀ရာခိုင်နှုန်းကိုသာ ခံနိုင်ရည်ရှိသည်။ ယခုတွင်မူ သူက၃၀ရာခိုင်နှုန်းကိုပင် ခံနိုင်ရည်ရှိနေလေပြီ။
ရက်အနည်းငယ်သာ ကုန်ဆုံးသွားသေးသည်။
သူကြည့်နေစဉ်မှာပင် ရှောင်ဟိုင်၏ ခန္ဓာက မြင်သာသည့်အမြန်နှုန်းတစ်ခုဖြင့် ပြန်လည်ကောင်းမွန်လာနေသည်။
နတ်ဆိုးဘုရင်သွေးကြောက ရှောင်ဟိုင်ခန္ဓာ၀န်းကျင်၌ အဆက်မပြတ်ရစ်ပတ်နေသည်။
ထိုအခိုက်အတန့်၌ သူ့ရုပ်ခွန်အားကလည်း ဆက်လက်တိုးတက်လာခဲ့သည်။
လက်ရှိရှောင်ဟိုင်တွင် ကောင်းကင်အင်မော်တယ် အလယ်အလတ်အဆင့်တစ်ဦးကိုပင် ယှဉ်နိုင်သည့် ခွန်အားမျိုးရှိနေသည်။
ရှောင်ဟိုင် မြေကနေ ထပ်တဖန် ထလာတာကိုကြည့်ရင်း ဖင်းယန်အနည်းငယ် လှုပ်ရှားသွားပြီးနောက် အကြံပေးသည်။
"အရင်ဆုံးအနားယူလိုက်ပါ၊ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် မင်းအသိစိတ်က ဒါကို ခံနိုင်ရည်ရှိမှာမဟုတ်တော့ဘူး"
ရှောင်ဟိုင်၏ရုပ်ခန္ဓာက ပြန်လည်ကောင်းမွန်လာရန်အတွက် သွေးကြောစွမ်းအားကို မှီခိုအားကိုး၍ ရသော်ငြားလည်း သူအဆက်မပြတ် အပြင်းအထန် ဒဏ်ရာရနေသည်။
တစ်ခါတစ်ရံ သေစေနိုင်သည့်ရိုက်ခတ်မှုများဖြင့်ပင် ထိခိုက်ခံစားခဲ့ရသည်။
အချိန်ကြာလေလေ၊ အကြိမ်အရေအတွက် ပိုတိုးလာသည်နှင့်အမျှ ဒါက လူတစ်ယောက်၏ ဝိဉာဉ်အတွက် ကြီးမားသည့် ၀န်ထုပ်၀န်ပိုးတစ်ခုပမာ ဖြစ်လာပေလိမ့်မည်။
သို့စေကာမူ ရှောင်ဟိုင်ခေါင်းခါယမ်းရင်း ဖင်းယန်အား ခက်ထန်စွာစိုက်ကြည့်သည်။ သူအံကြိတ်ပြီး လည်မြိုကနေ ကျားကုတ်ကျားခဲ ပြင်းထန်သည့် အော်သံတစ်သံကို ထုတ်လွှတ်လိုက်၏။
"ငါ့ခွန်အားကို ငါအမြန်ဆုံးတိုးအောင် လုပ်ရမယ်၊ ငါလုပ်မှာကို စောင့်နေတဲ့အရာတွေ အများကြီးရှိသေးတယ်"
ဒါကိုမြင်သောအခါ ဖင်းယန်တိတ်ဆိတ်သွားသည်။
တကယ်တမ်းတွင် ဖင်းယန်ချိုင့်ဝှမ်းက တပည့်များ ရှောင်ဟိုင်ကို ဒီလိုခေါ်တာ မှန်ပေသည်။
စိတ္တဇ!
သူကတခြားသူများထံ အတော်လေးရူးသွပ်ကြမ်းတမ်းသည်သာမက သူ့ကိုယ်သူအပေါ် ပို၍ပင် ရူးသွပ်အောင်လုပ်သည်။
တတ်နိုင်ပါက ဖင်းယန် ဒီလိုစိတ္တဇမျိုးကို မည်သောအခါမှ ရန်စချင်မည်မဟုတ်။
သူသာ တစ်ဘက်လူကို ၁၀၀ရာခိုင်နှုန်း သေချာမသတ်နိုင်ပါက တစ်ဘက်လူက သူ့အတွက် ဧရာမခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုအချိန်တွင် ရှောင်ဟိုင်အော်ဟစ်သည်။
"ထပ်လုပ်မယ်"
ထိုအချိန်မှာပင် အသံတစ်သံလွင့်မြောလာသည်။
"ထပ်လုပ်မယ်၊ မင်းထပ်လုပ်မယ်ဆိုရင် မင်းရဲ့ မပြည့်စုံသေးတဲ့ဝိဉာဉ်မှာ ပြဿာနာတစ်ခုရှိလာလိမ့်မယ်"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်း၏ပုံရိပ်က ပေါ်လာခဲ့သည်။
"ကျင့်ကြံတဲ့အခါ မင်းအလျင်လိုလို့မရဘူး၊ အရင်ဆုံးအနားယူ၊ ဒါက မင်းရဲ့ဂျူနီယာညီလေးအသစ်နဲ့ တွေ့ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲ"
တကယ်တမ်းတွင်လည်း ရှောင်ဟိုင်၏ ဝိဉာဉ်က မပြည့်စုံသေးပါ။
လက်ရှိနတ်ဝိဉာဉ်က အပိုင်းအစများကို တစ်ခုပြီးတစ်ခု ပေါင်းစပ်ထားခြင်းဟု ဆို၍ရသည်။
ရှေ့ဆင့်နောက်ဆင့် သေစေနိုင်သည့် ဒဏ်ရာများအောက်တွင် စိတ်ပိုင်းဆိုင်ရာဖိအားက ရှောင်ဟိုင်၏ နတ်ဝိဉာဉ်ကို အကန့်အသတ်အထိပင် တွန်းပို့နေလေပြီ။
အပိုင်း(902) coming။