← Chapters

ကောင်လေးက ဦးလေးကြီးပဲ

Vol. 115 Ch. 1600

ကောင်လေးက ဦးလေးကြီးပဲ

Vol. 115 Ch. 1600

ထောင်ယိရွှမ်သည် ရှီမာယူယူ ချီးမွမ်းသည့် အကြည့်ဖြင့်ကြည့်နေသည် ကိုမြင်သောအခါ အနည်းငယ် နေရခက်မိလေသည်။ ယခုလိုဖြစ်ရသည်မှာ ထိုသို့အကြည့်ရခြင်းကို အသားမကျခြင်းကြောင့်မဟုတ်ဘဲ သူစိတ်လှုပ်ရှားနေ သည်ကို သူမ မြင်သွားမည်ကို စိုးသောကြောင့်ဖြစ်သည်။

သူမအကြည့်ကို သူရှောင်လိုက်သည်ကို ရှီမာယူယူ မြင်သောအခါ ဒူးထောက်ထိုင်ပြီးမေးလိုက်သည် “မောင်လေး မင်းအသက်ဘယ်လောက်လဲ”

ထိုမေးခွန်းသည် သာမာန်သာဖြစ်သော်လည်း သူ့မျက်နှာမှာ နီရဲတက် လာပြီး မျက်နှာလွှဲကာ သူမကိုလျစ်လျူရှုလေသည်။

“ဒီလူကလည်း စိတ်ချည်းပဲ” ဟန့်မြောင်ရွှမ် လျှောက်လာသည် “ဟေး ကောင်လေး ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မင်းရဲ့ကယ်တင်ရှင်တွေပဲလေ အဲလောက် မာနကြီးဖို့မလိုပါဘူး ဟုတ်တယ်မလား”

“ယူယူ အဲလိုမလုပ်ပါနဲ့ သခင်လေးက ကလေးမဟုတ်ဘူး” ဂေါင်ရင်တ သည် ဆေးစားထားသဖြင့် ထိုင်နိုင်ပြီဖြစ်သည်။ သူတို့ ထောင်ယိရွှမ်ကို ထိုသို့ ပြောသည်ကိုမြင်သောအခါ သူပြောရတော့သည်။

“ကလေးမဟုတ်ဘူးလ ဟုတ်လား ဒါဆိုရင် သူကဘာလို့ ဆယ်ကျော် သက် အရွယ်လိုဖြစ်နေတာလဲ” ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ သူ့ မျက်နှာကို ဆိတ်လိုက်သည်။ သူသည် အရေပြားမျက်နှာဖုံးလည်း တပ်မထား ပေ။ သူ့ခန္ဓာကိုယ်သည် လူငယ်တစ်ယောက်သဖွယ်ဖြစ်လေသည်။

ထောင်ယိရွှမ်သည် တုံ့ပြန်လိုက်ချင်သော်လည်း ဒဏ်ရာမှာပြင်းလွန်း သဖြင့် တုံ့ပြန်ခြင်းမပြုနိုင်ပေ။

ဂေါင်ရင်တ၏ မျက်နှာထား ပြောင်းသွားကာ ရှင်းပြလေသည် “ဒီလိုပါ သူတို့က သခင်လေးကိုချိပ်စည်းပိတ်ထားတယ် အဲဒါကြောင့် သူက ဒီလိုဖြစ်နေ တာပါ သခင်လေး သူကတကယ်တော့… အသက် လေးရာပြည့်ပြီးသွားပါပြီ”

ရှီမာယူယူ၏ လက်သည် လေထဲတွင်ရပ်တန့်သွားကာ ထောင်ယိရွှမ်၏ တုန်ယင်နေသော မျက်လုံးအိမ်ကိုကြည့်လိုက်သည်။ သူမ ရယ်မောကာ ပြုံး လိုက်သည် “သူကတကယ်ပဲ ကလေးမဟုတ်ဘူးပဲ”

“ဟင်း” ထောင်ယိရွှမ်သည် သူမကို လျစ်လျူရှုလိုက်သည်။ သို့သော် သူမ ဆိတ်ထားသည့်နေရာသည် မီးလိုပူနေတုန်းပင်။

သူ့မျက်နှာတွင် ဖုန်မှုန့်များကပ်နေ၍ မမြင်နိုင်သည်မှာ ကံကောင်းသည်။

ဟန့်မြောင်ရွှမ်သည် ထောင်ယိရွှမ်အား စပ်စုချင်စိတ်ဖြင့် ကြည့်လိုက် သည် “လူကြီးတစ်ယောက်ကနေ ကလေးလိုဖြစ်အောင် သူ့ကိုဘာလုပ်လိုက် ကြတာလဲ”

ဂေါင်ရင်တ ခေါင်းခါယမ်းလိုက်သည်။ သူတို့လည်း မသိကြပေ။ သူတို့ သည် ထောင်ယိရွှမ်ကို ကြည့်လိုက်ကြသည်။ ဟုတ်တယ်လေ… ဒီမာနကြီးတဲ့ သူကြီးက သူတို့ကိုသေချာပေါက် မပြောပြဘူးလေ။

“ဟုတ်သားပဲ ယူယူ ဒီကိုဘာလာလုပ်ကြတာလဲ” ဂေါင်ရင်တသည် နေရခက်သည့် အနေအထားမှ ရှောင်ရန် စကားလမ်းကြောင်းလွှဲလိုက်သည်။

“ဪ ရှင်တို့က ဆေးပင်ရှာဖို့ မြောက်ပိုင်းတောင်တွေကိုသွားမယ်လို့ ပြောခဲ့တယ်မလား၊ ကျွန်မတို့လည်း ဆေးပင်လာရှာရင်းနဲ့ ဒီဘက်ကို မသိလိုက် မသိဘာသာရောက်လာတာပဲ ပြီးတော့ တိုက်ပွဲအသံကြားတာနဲ့ လာကြည့်တာ ရှင်တို့ဖြစ်နေမယ်လို့ထင်မထားဘူးပဲ” ရှီမာယူယူသည် အမှန်တရားတစ်ဝက်ကို သာပြောလိုက်သည်။

လာသည့်လမ်းတွင် အမှန်တကယ်ပင် ဆေးပင်များတွေ့ခဲ့သဖြင့် သူမ လိမ်နေခြင်းမဟုတ်ပေ။

“မင်းတို့က ဒီလောက်အားကောင်းမယ်လို့ထင်မထားဘူး၊ အစတုန်းက ငါတို့ မမြင်တတ်တာပါ၊ ငါတို့ကို ကယ်တင်တဲ့သူတွေက ဘယ်သူ…” ဂေါင်ရှင်း  ပြောလိုက်သည်။

သူတို့သည် ရှေးဟောင်းဝိညာဉ်သားရဲများကိုကြည့်ရာ သူတို့အမူအရာ များမှာလည်း ထူးဆန်းနေကြသည်။ သူတို့သည် ထိုလူများကို သူတို့အရင်က မမြင်ဖူးကြသဖြင့် ထိုလူများ၏ လာရာအရပ်ကိုသိချင်နေကြသည်။

“သူတို့က သူ့ရဲ့ ကိုယ်ရံတော်ပါ” ရှီမာယူယူသည် ကံကောင်းလေးကို ညွှန်ပြသည် “ကျွန်မတို့က သူတို့ကိုလမ်းမှာတွေ့ခဲ့တာပါ”

ဂေါင်မျိုးနွယ်ဝင်များသည် သူမကို မယုံသည်မှာ သေချာ၏။ သူတို့နဲ့ တကယ်ပဲ လမ်းမှာတွေ့ခဲ့တယ်ဆိုရင် ဘာလို့ဒီလောက်ရင်းနှီးနေတာလဲ။

သူတို့ အချိန်ကြာမြင့်စွာ ရင်းနှီးလာခဲ့သည်မှာ သေချာသည်။ သို့သော် သူမသည် ဘာမှမပြောသဖြင့် သူတို့လည်းမမေးကြပေ။ သူမ သူတို့ကို ကယ်တင်ပေးသရွေ့တော့ အဆင်ပြေသည်။

“ဂေါင်မျိုးနွယ်က မိန်းကလေးရဲ့ ကယ်တင်မှုကို အမြဲတမ်းအမှတ်ရနေမှာ ပါ” ဂေါင်ရင်တသည် အားယူထလိုက်ပြီး သူတို့ကိုအရိုအသေပေးချင်နေသည်။

“ဦးလေးဂေါင်ရဲ့ဒဏ်ရာကပြင်းနေတာလေ မလှုပ်ပါနဲ့” ရှီမာယူယူ ပြော လိုက်သည် “ကလေး မင်းကဘာလို့ ဘာတုံ့ပြန်မှုမှမရှိတာလဲ ငါတို့က မင်းကို ကယ်ပေးထားတာလေ”

“မင်းက ငါ့ကိုကယ်ပေးတာပဲ ဒါပေမဲ့ မင်း…” ထောင်ယိရွှမ်သည် ရုတ်တရက် ရပ်သွားကာ ပြောလေသည် “ကျေးဇူးပဲ”

တစ်ဖက်လူသည် သူ့ကိုကယ်ခဲ့သည်။ သူ ကိုယ့်ဘာသာ ပေါက်ကွဲလိုက် လျှင်တောင် သူတို့နှင့် မသက်ဆိုင်ပေ။ တခြားသူများကို ဒုက္ခပေးရန် မလိုပေ။

ရှီမာယူယူသည် သူ့ကိုကြည့်ပြီး လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက် သည်။ သူသည် ပြန်ဆွဲလိုက်ဟန်ပြုသော်လည်း သူမသည် တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် ဆွဲမရဖြစ်နေသည်။

“ယူယူ…” ဂေါင်ရင်တသည် သူမကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

အတန်ကြာမှပင် ရှီမာယူယူသည် သူ့လက်ကိုလွှတ်လိုက်သည်။ သူမ မတ်တတ်ထကာ ခြေနှစ်လမ်းနောက်ဆုတ်လိုက်သည်။ ထို့နောက် သူမ လက်ပိုက်ကာ သူ့ကိုကြည့်ရင်း ပြောလိုက်သည် “ရှင်က အဆိပ်မိထားတာဖြစ် မယ် ဟုတ်တယ်မလား၊ ဒီအဆိပ်ကမဆိုးဘူး ရှင့်ကိုပြန်ငယ်အောင်လုပ်ပေးနိုင် တယ် ပြောပါဦး ကျွန်မပြောတာမှန်လား”

ထောင်ယိရွှမ်သည် အလန့်တကြား ခေါင်းမော့ကြည့်လေသည်။ သူသည် သူမကို မယုံနိုင်စွာဖြင့် ကြည့်လေသည်။

သူမသည် အချိန်တစ်ခဏလေးအတွင်းမှာပင် သူ အဆိပ်မိကြောင်းကို ပြောနိုင်ခဲ့သည်။ ဆိုလိုတာက သူမက သူ့ကိုကုနိုင်တာလား။

“ကျွန်မ ရှင့်ရဲ့ အဆိပ်ကိုမကုနိုင်ဘူး” ရှီမာယူယူသည် ပွင့်ပွင့်လင်းလင်း ပင် ပြောလိုက်သည်။

ထောင်ယိရွှမ်၏ မျက်လုံးထဲမှ တောက်ပမှုသည် ချက်ချင်းပင် အရောင် မှိန်သွားတော့သည်။ သူမပင်လျှင် သူ့ကိုကယ်ရန် နည်းလမ်းမရှိပေ။

ဘေးတွင်ရှိနေသော ဂေါင်ရင်တသည် ရှီမာယူယူရှေ့တွင် ဒူးထောက် လိုက်သည် “မိန်းကလေးယူယူ မင်းမှာအရည်အချင်းရှိတာကို ငါသိပါတယ် ငါတို့သခင်လေးကို ကယ်ပေးပါ”

သူမသည် ထောင်ယိရွှမ်ကို တစ်ချက်ကြည့်လိုက်သည်နှင့်ပင် အဆိပ်မိ ထားသည်ကို ပြောနိုင်သည်။ သူတို့အမြင်တွင်တော့ သူမသည် အားကောင်း သည်ဟု ဆိုလိုခြင်းဖြစ်သည်။

သူဒူးထောက်လိုက်ချိန်တွင် ရှီမာယူယူ အံ့ဩမိသည်။ သူမသည် နှစ်ပေါင်း များစွာ နေလာပြီဖြစ်သော်လည်း သူမရှေ့တွင် မည်သူမှဒူးမထောက်ဖူးပေ။ သူမသည် အမြန်ပင် သူ့ကိုထူပြီးပြောလိုက်သည် “ဦးလေးဂေါင် ဒီလိုမလုပ်ပါနဲ့”

“ယူယူ.. သခင်လေးက ခံစားနေရတာ သူ့ကိုကယ်ပေးပါ” ဂေါင်ရင်တ သည် သူမကိုအားဖြင့်ဆွဲပြီး လက်ကိုမလွှတ်တမ်းဆွဲထားလေသည်။

“ဦးလေးဂေါင် ကျွန်မက သူ့ကိုမကယ်ချင်တာမဟုတ်ပါဘူး တကယ်ပဲ မကယ်နိုင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည် “သူက ပန်းတစ်ရာပိုးကောင်လို့ သိကြတဲ့ အဆိပ်မိထားတာ၊ အဲဒါက အဆိပ်အမျိုးအစားတစ်ရာနဲ့ အဆိပ်ပိုး ကောင်တွေကိုသုံးပြီး သန့်စင်ထားတဲ့အဆိပ်ပဲ၊ အဲဒါကိုကုသဖို့ဆိုရင်တော့ အဆိပ်ဆေးပင် တစ်ရာနဲ့ ပိုးကောင်တွေကိုသိမှဖြစ်မှာ၊ တစ်ချက်မှားသွားတာနဲ့ အဆိပ်ဖြေဆေးမဟုတ်တော့ဘဲ အဆိပ်ထပ်ဖြစ်သွားမှာ”

ဂေါင်ရင်တသည် သူမအဖြေကြောင့် ထိတ်လန့်သွားကာ စကားမပြောနိုင် လောက်အောင်ပင် မှင်တက်သွားလေသည်။ ထောင်ယိရွှမ်သည် မြေပေါ်တွင် ထိုင်ရင်းနှင့် မျက်လုံးမှာ မျှော်လင့်ချက်ကင်းမဲ့နေသည်။

“ယူယူ သခင်လေးနေဖို့ အချိန်ဘယ်လောက်ကျန်သေးလဲ” ဂေါင်ရှင်း မေးလိုက်သည်။

“ဒါကတော့ သူ့ခန္ဓာကိုယ်အပေါ်မှာပဲမူတည်တယ်၊ သူအဆိပ်မိတာ ပိုပြင်းလေလေ ခန္ဓာကိုယ်ကပိုငယ်သွားမှာပဲ သူ့ခန္ဓာကိုယ်က ကလေးအရွယ် ပြန်ရောက်သွားရင်တော့ အဆုံးသတ်သွားတော့မှာ” ရှီမာယူယူ ပြောလိုက် သည် “အခုသူ့အခြေအနေကို ကြည့်ရင်တော့ တစ်နှစ် နှစ်နှစ်လောက်ပဲ ခံနိုင် တော့မယ်လို့ ထင်တယ်”

“တစ်နှစ် နှစ်နှစ်ဟုတ်လား” သာမာန်လူအတွက်ကတော့ ထိုအချိန်သည် တိုတောင်းသည့် အချိန်မဟုတ်ပေ။ သို့သော် ကျင့်ကြံသူအတွက်ကတော့ မျက်စိတစ်မှိတ်အတွင်း ကုန်သွားမည့်အချိန်ပင်။

အားလုံးတွင် မျှော်လင့်ချက်မဲ့သော မျက်နှာများဖြစ်သွားကြသည်။

“ရှင်တို့ ဒီလိုဖြစ်ဖို့တော့ မလိုပါဘူး ဟုတ်တယ်မလား” အားလုံး၏ အသက်မှာ တိုသွားသလို သူမ ခံစားရသ်။ ရှီမာယူယူသည် မတတ်သာစွာဖြင့် ကောင်းကင်ကိုကြည့်လိုက်သည်။ သူမ အံကြိတ်လိုက်သည် “တကယ်တော့ နည်းလမ်းမရှိတာတော့မဟုတ်ဘူး”

“ဘာနည်းလမ်းလဲ” ဂေါင်ရှင်း မေးလိုက်သည်။

“အဆိပ်ဖော်တဲ့လူမှာ အဆိပ်ဖြေဆေးလည်းရှိမှာပဲ၊ အဆိပ်ဖြေဆေးဖော် ဖို့ နည်းလမ်းယူရုံပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲဒီဟာနဲ့ပဲ အဆိပ်မိဖို့ ဖြစ်နိုင်ချေများတယ် အဲဒါကြောင့် အဆိပ်ဖော်တဲ့သူကလည်း အဆိပ်ပင်တွေနဲ့ အဆိပ်ပိုးကောင်တွေကို မမှတ်မိဘဲ မတော်တဆအဆိပ်မိသွားရင် ရလဒ်က သေဖို့ပဲရှိတာလေ… အဲလိုဖြစ်တာကို ကာကွယ်ဖို့ဆိုရင် သူတို့က အဆိပ် ဖြေဆေးသေချာပေါက် ပြင်ထားမှာပဲ… အဆိပ်ဖော်တဲ့လူကိုသိသရွေ့တော့ အဆိပ်ဖြေဆေးကိုယူရုံပဲ၊ သူ ကလေးအရွယ်ကို ပြန်မရောက်သရွေ့ကတော့ ပြဿနာမရှိပါဘူး”

ထိုစကားကိုကြားသည့်အချိန်တွင် သူတို့ပျော်သွားလိမ့်မည်ဟု ထင်ထား သော်လည်း သူမ စကားဆုံးသည်နှင့် အားလုံးသည် ငေးငိုင်သွားကြတော့သည်။

“ဘာဖြစ်လို့လဲ အဲလူကသေသွားတာတော့ မဟုတ်လောက်ပါဘူးနော်” ထိုသို့ဖြစ်သွားပါက ကုသရန်နည်းလမ်းအမှန်တကယ်ပင် မရှိတော့ပေ။

“အဲလိုမဟုတ်ဘူး” သူမ နားလည်မှုလွဲသွားသည်ကို မြင်သောအခါ ဂေါင်ရှင်း ရှင်းပြလေသည် “ဒီအတိုင်းပဲ အဲလူကတွေ့ဖို့မလွယ်လို့ပါ”

“အဲလူအသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက်ရှိတာပဲလေ၊ ဘာလို့ ဒီလောက်ကြီး မျက်နှာတွေရှည်နေကြတာလဲ” ဟန့်မြောင်ရွှမ်သည် အမြန် ရောက်လာပြီးမေးလေသည်။

“တကယ်တော့… ဟူး”

ရှီမာယူယူသည် သူတို့အပြုအမူကိုမြင်သောအခါ နားမလည်နိုင်တော့ပေ။ အဆိပ်ခတ်သူမှာ အသက်ရှင်နေသည်။ သို့သော် သေခြင်းတရားနှင့်ရင်ဆိုင်ရ တော့မည်။

သူမ မေးခွန်းမမေးနိုင်ခင်မှာပင် သူတို့ကို ရောင်ဝါတစ်ခု ရုတ်တရက် လွှမ်းမိုးလာကာ ရှီမာယူယူသည် သူတို့ဆီမှ ထိုရောင်ဝါကိုခံစားမိလေသည်။

***

All Chapters