ရောက်လာတဲ့လူတွေက အဖေ့ရဲလူတွေပဲ
Vol. 115 Ch. 1604
သူမကို ထိုပုံစံအတိုင်း ထောင်ယိရွှမ်မြင်သောအခါ သူမ အမှန်တရားကို ခန့်မှန်းမိသည်ဟု သူသိလိုက်သည်။ သို့သော် သူစကားဆက်ပြောသည်ကိုပင် မစောင့်ဘဲ ရှီမာယူယူ ပြောလိုက်သည် “သူများရဲ့ကိစ္စကိုသိချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို သန်မာအောင် အရင်လုပ်ရမယ်၊ မဟုတ်ရင် နောက်ပိုင်းကျ မျှော်လင့်ချက်အမှားတွေက စိတ်ပျက်မှုတွေပဲဖြစ်လာမှာပဲ”
ထိုသို့ပြောပြီးနောက် သူမ မတ်တတ်ထရပ်ကာ ထွက်သွားလေသည်။
ထောင်ယိရွှမ်သည် ငေးငိုင်သွားပြီး သူမ လျှောက်ထွက်သွားသည်ကိုသာ ကြည့်နေလိုက်သည်။
ရှီမာယူယူ သူ့တဲမှထွက်လာပြီးနောက် ဂေါင်ရင်တနှင့် တခြားသူများ သည် ထန်းမျိုးနွယ်များကို စစ်ဆေးနေသည်ကို တွေ့လိုက်ရသည်။ သူတို့အသံများကြားသောအခါ ထောင်ယိရွှမ်သည်လည်း ထွက်လာသည်။
ဂေါင်ရင်တသည် ထောင်ယိရွှမ် ထွက်လာသည်ကိုမြင်သောအခါ သူ့ကို အရိုအသေပြုပြီးပြောလိုက်သည် “သခင်လေး ထန်းဖေးက ဒီလောက်ခေါင်းမာ မယ်လို့ထင်မထားဘူး၊ သူ့ကိုမေးနေတာကြာပြီ ဒါပေမဲ့ ဘာအဖြေမှမရဘူး၊ အထက်ကဖိအားကများလွန်းလို့ သူသိသလောက်ကို မပြောရဲတာထင်တယ်”
“သူက မျိုးနွယ်ကိုသစ္စာဖောက်ပြီး ဒီလိုလုပ်ရပ်လုပ်မှတော့ ပစ္စည်းဥစ္စာ ကြောင့်မဟုတ်ရင် ပိုက်ဆံကြောင့်လုပ်တာပဲဖြစ်ရမယ်၊ ဒါပေမဲ့ သူ့ရည်ရွယ် ချက်က ရိုးရှင်းတယ်ဆိုရင် ရလဒ်တစ်ခုခုတော့ အခုရရမှာပေါ့” ရှီမာယူယူသည် မြေပေါ်တွင် လဲနေသောထန်းဖေးကို ကြည့်လိုက်သည်။ သူသည် အသက်ရှု သွင်းသည်ထက် အသက်ရှုထုတ်နေသည်က များသည်။
“သူ့မှာ ထူးခြားတဲ့အကြောင်းအရင်းရှိမယ်လို့ ပြောလိုက်တာလား”
“အမှန်ပဲ” ရှီမာယူယူ ပြောလိုက်သည် “ရှင်တို့သာဆိုရင်လည်း အသက် အန္တရာယ်မရှိဘဲနဲ့ လျှို့ဝှက်ချက်ကို ကာကွယ်ပေးမှာလား”
“မကာကွယ်ဘူးလေ” ဂေါင်ရင်တ ခေါင်းယမ်းလိုက်သည် “ကိုယ့်ကိုယ်ကို သတ်သေဖို့အခွင့်အရေးရှာမိမှာပဲ”
“….”
သူတို့သည် အမြင်မတူသူများဟု ရှီမာယူယူခံစားရသည်။ သူက အရမ်းကို ပွင့်လင်းတဲ့သူပဲ။ မဟုတ်ဘူးလား။
“အဲလူက သူ့ကိုနောက်ဆုံးအကြိမ်အခွင့်အရေးပေးတာဖြစ်ရမယ် အဲဒါ ကြောင့် ဒီလိုအချိန်မှာတောင် အံကြိတ်ပြီး နှုတ်ဆိတ်နေတာ၊ ဘယ်လိုပဲဖြစ်ဖြစ် သူက ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ သေမှာဆိုတော့ သူ့မိသားစုကို ကာကွယ်ဖို့ နောက်ကွယ်ကလူကိုကာကွယ်ဖို့ရွေးလိုက်တာပဲ” ထောင်ယိရွှမ် ပြောလိုက်သည်။
ရှီမာယူယူသည် သူ့ကိုချီးမွမ်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဒါဆို ငါတို့ဘာလုပ်ကြမလဲ” ဂေါင်ရှင်းသည် ပြီးခဲ့သည့်နှစ်ရက်တွင် ထန်းဖေးကို စစ်ဆေးမေးမြန်းခဲ့သည်။ သို့သော် သူ မည်သို့ပင်လုပ်စေကာမူ ထန်းဖေးသည် တစ်ခွန်းမှမဟခဲ့ပေ။ ထို့ကြောင့်ပင် သူ့ယုံကြည်ချက် ပျောက် သွားစေခဲ့သည်။
ထောင်ယိရွှမ် လျှောက်လာပြီး ထန်းဖေးဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး တစ်စုံတစ်ရာကို စစ်ဆေးလိုက်သည်။ သူပြောလိုက်သည် “သူက အဆိပ်မိထား တာမဟုတ်ဘူး အဲဒါကြောင့် အဆိပ်နဲ့ထိန်းချုပ်ခံနေရတဲ့ပုံမပေါ်ဘူး၊ ဆိုလိုတာ က ဖြစ်နိုင်ချေအများဆုံးက… သူ့အသိစိတ်ကို ချိပ်စည်းပိတ်ထားတာရှိလိမ့် မယ်၊ သူ အဲလူအကြောင်းပြောလိုက်တာနဲ့ ချက်ချင်းပေါက်ကွဲပြီးသေမှာပဲ”
“ဆိုလိုတာက ဘာမှမသိနိုင်ဘူးပေါ့” ဂေါင်ရင်တပြောလိုက်သည်။
ထောင်ယိရွှမ်သည် စိတ်ပျက်သွားလေသည်။ ထန်းဖေး၏ နောက်ကွယ်မှ လူကို သူတို့ရှာနိုင်လျှင် အနည်းဆုံးတော့ သဲလွန်စရသွားမည်။ သို့သော် သူတို့ သည် မည်သည့်သဲလွန်စမှရမည့်ပုံမပေါ်ပေ။
“ဟား ဟား…” ထိုအခိုက်တွင် ထန်းဖေးသည် ရယ်မောလိုက်သည်။ သူ၏ ရယ်သံသည် အလွန်ပင် မောက်မာလွန်းသည်။ “မင်းပြောတာမှန်တယ် အထက် ကလူတွေက ငါ့ရဲ့အသိစိတ်မှာ ချိပ်စည်းထားထားတယ်၊ အဲဒါကငါ့အခြေအနေ ကို နည်းနည်းလေးအာရုံခံမိရင်တောင် ငါ အသက်သေသွားမှာ ငါ့ဆီကသတင်း ရဖို့ အိပ်မက်မက်မနေနဲ့ ဟား ဟား ဟား”
“ဒီလိုအချိန်မှာတောင် ဒီလိုတန်ဖိုးမရှိတဲ့စကားတွေ ပြောနေသေးတယ်” ဂေါင်ရှင်းသည် သူ့ကျောကိုနင်းလိုက်သည် “သေချင်နေတာလား မင်းဆန္ဒကို ဖြည့်ပေးလိုက်မယ်”
ထိုသို့ပြောပြီးနောက် သူသည် ဝိညာဉ်စွမ်းအင်ထုတ်ပြီး ထန်းဖေး၏ ခေါင်းကို ပစ်မှတ်ထားလိုက်သည်။
“နေဦး” တစ်ချိန်လုံး နှုတ်ဆိတ်နေသော ယူယူသည် ဂေါင်ရှင်းလက် လေ ထဲရောက်သည်နှင့် ထိတ်လန့်သွားသည်။
“ယူယူ ဘာဖြစ်လို့လဲ ဒီကောင်ရဲ့ကိုယ်စား ဝင်ပြောပေးမလို့တော့မဟုတ် ဘူးမလား” ဂေါင်ရှင်းသည် သူမအား ခွင့်မပြုသလိုကြည့်လေသည်။
“ကျွန်မက သူနဲ့ဘာဆက်ဆံရေးမှမရှိဘူး ဘာလို့သူ့အတွက်ပြောပေးရမှာ လဲ” ရှီမာယူယူသည် ပခုံးတွန့်ပြီးပြောလိုက်သည်။
“ဒါဆို ဘာလို့တားတာလဲ”
“ရှင့်ကိုပြောချင်လို့ပါ သူ့ကိုသတ်လိုက်ရင်တောင် ခေါင်းကိုမရိုက်နဲ့လို့ သူ့ နှလုံးကိုပဲတိုက်ခိုက်လိုက်ပါ သူခေါင်းကွဲသွားရင် အကုန်ဆုံးရှုံးလိုက်ရလိမ့်မယ်”
“ဟင်”
ခေါင်းကိုတိုက်ခိုက်သည်နှင့် နှလုံးကို တိုက်ခိုက်ခြင်းအကြားတွင် ဘာများ ကွာခြားသွားသနည်း။
သို့သော် သူမ ထိုသို့တောင်းဆိုသဖြင့် သူသည် သူမတောင်းဆိုချက်ကို မငြင်းဆိုနိုင်ပေ။ သူသည် ဝိညာဉ်စွမ်းအင်ဖြင့် ဓားသွားအသွင်ပြောင်းကာ ထန်းဖေး၏ နှလုံးကိုတိုက်ခိုက်လိုက်သည်။
ထန်းဖေးသည် မသေခင်တွင် ရှီမာယူယူကို စက္ကန့်ပိုင်းမျှကြည့်သွားသည်။ ထိုမိန်းကလေးသည် ဘာကြောင့် ထူးဆန်းသည့် ခံစားချက်ပေးသည်ကို သူမသိ ပေ။ အထူးသဖြင့် သူမ နှုတ်ခမ်းထောင့်တွင် တွဲလွဲခိုနေသည့် အပြုံးသဲ့သဲ့ပင်ဖြစ် သည်။ သူ သေရမည်ဆိုလျှင်တောင် အေးအေးချမ်းချမ်းသေခွင့်မပေးအောင် ပြုလုပ်နေသည်။
“ယူယူ သူ့ခေါင်းကိုဘာလို့ချန်ထားတာလဲ” ရှီမာယူယူသည် ပြဿနာရှာ တတ်သည့် လူမဟုတ်ကြောင်းကို ဂေါင်ရင်တသိသည်။ ထို့ကြောင့် ထိုစကား ပြောရခြင်းသည် သူမတွင် သေချာပေါက် အကြောင်းအရင်းရှိရမည်။
ရှီမာယူယူသည် သူ့မေးခွန်းကို ပြန်မဖြေဘဲ လျှောက်သွားကာ ထန်းဖေး ၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်သည်။ သူမသည် သူ့စိတ်ထဲသို့ အံ့ဖွယ်အသိ စိတ်ထည့်လိုက်သည်။
သူ၏ အတိတ်သည် သူမမျက်စိရှေ့တွင် ရုပ်ရှင်ဖန်သားပြင်သဖွယ်ပေါ် လာသည်။ သူမ သိချင်သည့် အချက်အလက်များရပြီးနောက် အလောင်းကို မြေ ပေါ်သို့ပစ်ချလိုက်သည်။ ထို့နောက် သူမသည် မီးလုံးဖန်တီးလိုက်သည်။ မီးလုံး ကို လက်ထဲတွင် အတန်ကြာအောင်ထားပြီးနောက် အလောင်းဆီသို့ပစ်ပြီး ပြာ ဖြစ်အောင် ရှို့လိုက်တော့သည်။
“ဘာလုပ်တာလဲ”
“မမြင်လိုက်ဘူးလား” ရှီမာယူယူ ပြောလိုက်သည် “သူက ချိပ်ပိတ်ခံထား ရပေမဲ့ သူ့မှတ်ဉာဏ်တော့ရှိသေးတယ်၊ သူသေသွားတာနဲ့ ချိပ်ကလည်း အလိုလို ပျောက်သွားတာပဲ၊ စိတ်က ခန္ဓာကိုယ်ထက်သေတာ နှေးတယ် အဲဒါကြောင့် သူ့စိတ်ထဲကိုဝင်ပြီး သူဘာလုပ်ခဲ့လဲဆိုတာ သိအောင်လုပ်လိုက် တာ… ကျွန်မကို ဘာလို့ အဲလိုတွေကြည့်နေတာလဲ”
“အဟွတ် အဟွတ် ဒီအကြံကိုဘယ်လိုရတာလဲ” ထောင်ယိရွှမ်သည် အားလုံး တိတ်တိတ်လေး စဉ်းစားနေသည့် မေးခွန်းကိုမေးလိုက်သည်။
“အတွေ့အကြုံအရပါ” ရှီမာယူယူသည် အများကြီးရှင်းပြရန်မလိုဟု ထင် သည် “ထောင်ရွှမ်ဂျီလို့ခေါ်တဲ့လူကိုသိလား”
“အဲလူက သူ့ကိုအမိန့်ပေးတာလား”
“သူမဟုတ်ဘူး.. သူက ထောင်မျိုးနွယ်ကိုဝင်လာတာ မကြာသေးဘူး သူ့ ကိုအမိန့်ပေးတဲ့သူက အမြဲတမ်းအနက်ရောင်ဝတ်ရုံဝတ်ထားတယ်၊ သူက အသံ တောင်ပြောင်းထားလို့ ဘယ်သူလဲဆိုတာတောင် မသိရဘူး၊ ဒါပေမဲ့ သူကတော့ ထောင်ရွှမ်ဂျီဖြစ်မယ်လို့ မှန်းထားတယ်” ရှီမာယူယူ ရှင်းပြလိုက်သည်။
“ထောင်ရွှမ်ဂျီက ငါ့အဖေလက်အောက်ကလူပဲ” ထောင်ယိရွှမ်သည် ပို၍ ခံစားရသည့်အလား အသံမှာနာကျင်သည့်အသံပေါက်နေသည်။
ရှီမာယူယူသည် သူ့ကို သနားစဖွယ်ကြည့်လိုက်သည်။ သူ၏ ခန့်မှန်းချက် သာမှန်လျှင် သူ့ကိုသတ်ရန်ကြိုးစားသည်မှာ သူ၏ဖခင်ကိုယ်တိုင်ဖြစ်နေသည် ဟု ဆိုလိုသည်မဟုတ်ပါလား။
“ဒါက ထင်မြင်ချက်သက်သက်ပါပဲ မဟုတ်တာလည်းဖြစ်နိုင်သလို တိုက်ဆိုင်တာလည်းဖြစ်နိုင်တာပဲ” ဂေါင်ရင်တသည် သူစိတ်ဓာတ်ကျသွား သည်ကို မမြင်လိုသဖြင့် နှစ်သိမ့်ပေးလိုက်သည်။
“အဲလိုမျှော်လင့်ရတာပဲ” ထောင်ယိရွှမ်သည် ထိုသို့ပြောလိုက်သော်လည်း မယုံကြည်ပေ။ ဒါတကယ်ပဲ တိုက်ဆိုင်တာတစ်ခုပဲလား။
ဂေါင်ရင်တသည် ရှီမာယူယူအား အသနားခံသလို ကြည့်လေသည်။ သူမ သည် နှုတ်ခမ်းတွန့်လိုက်ကာ ဘာမှမပြောဘဲနေရန်သာ ရွေးချယ်လိုက်သည်။
သူမသည် သူမျိုးနွယ်သို့ ပြန်ရန်အတွက်ကိုသာ ကူညီရန်ဆန္ဒရှိခြင်းဖြစ် သည်။ သူ၏ တိုင်ပင်ဆွေးနွေးသူဖြစ်ရန် မလိုပေ။
အတန်ကြာပြီးနောက် ထောင်ယိရွှမ်သည် သူ၏ခံစားချက်ကို ပြန်အဖတ် ဆယ်ကာ ရှီမာယူယူကို ပြောလိုက်သည် “ကျန်တာကိုတော့ မင်းကိုပဲ ဒုက္ခပေး ရတော့မယ်”
ရှီမာယူယူသည် မလိုပါဟုပြောချင်သော်လည်း ထိုလူများသည် အဖြစ်အပျက်ကိုမသိသောကြောင့် စကားများကိုမျိုသိပ်လိုက်ရတော့သည်။
ထိုလူများသည် အလွန်ပင် သနားစရာကောင်းသည်။ သူမသည်လည်း သူ့အတွက် တစ်ခုခုရှာပြီးလုပ်ပေးရမည်။ မည်သို့ပင်ဖြစ်စေကာမူ သူ့ကိုသတ် လိုက်သည်မှာ သူမမဟုတ်ပေ။ သူမလုပ်သည်မှာ အသုံးဝင်သည့် အချက်အလက်များရမလားဟု ထိုလူများ၏စိတ်ကိုဝင်ကြည့်ရုံသာဖြစ်သည်။
သည်လိုနှင့် သူတို့သည် အားလုံးကိုသတ်လိုက်သောကြောင့် အသုံးဝင် သည့် သတင်းတစ်ခုမှမရလိုက်ပေ။ ထန်းဖေးခေါ်လာသည့်လူများသည် အသုံး ဝင်သည့်လူများဖြစ်ပုံရသည်။ မဟုတ်လျှင် ထောင်ယိရွှမ်ကို သတ်ရန်ကြိုးစား သည့်အကြောင်းကို သိသူနည်းခြင်းကြောင့်ဖြစ်နိုင်သည်။ ထိုအရာမှာ သူ မျိုးနွယ်သို့ပြန်ရန် အခွင့်အရေးဖြစ်နိုင်သည်။
အကြောင်းမှာ သူတို့နောက်လိုက်ပြီး သတ်ရန်ကြိုးစားသူသည် ပွင့်ပွင့်လင်းလင်း ကြေညာချက်မရှိခြင်းကြောင့်ဖြစ်သည်။ မျိုးနွယ်တစ်ခုလုံး သာ ထင်ထင်ပေါ်ပေါ် လုပ်ကြံပါက သူသည် မျိုးနွယ်၏ စွန့်ပစ်ခြင်းကိုခံရပြီဟု ဆိုလိုသည်။ အခု သူ့အခြေအနေသည် မျှော်လင့်ချက်လုံးဝမရှိသည်တော့ မဟုတ်ပေ။
***