ဂူတုံးလျှိုနှင့် ဝမ်ယန်ပင်း
Vol. 015 Ch. 1445
ဂူတုံးလျှိုသည် ထိုစင်မြင့်အထက်တွင် ရပ်လိုက်ကာ သူ၏ ဝတ်စုံက ကောင်းကင်အလင်းများနှင့် လွှမ်းခြုံထားခြင်းကို ခံရပေသည်။
“ဒီနေရာမှာ ရှန့်ထိုတွေအကြား တိုက်ပွဲရှိရင် ကျွန်တော့်ကို ခွင့်ပြုပါ” ဂူတုံးလျှိုက ပြောလိုက်သည်။ သူက ကျန်းကလန်ခေါင်းဆောင် သူ့အား ကောင်းကင်နတ်တံခါးသို့ ပြန်ခေါ်လာသည်ဖြစ်ရာ ကျိန်းသေ ပြဿနာ အများအပြား ရင်ဆိုင်ရမည်ကို သိရှိပြီးသား ဖြစ်သည်။
အမှန်တွင်တော့ သူက အချိန်တိုင်း ကျင့်ကြံနေခဲ့သော်လည်း သူသည် အပြင်လောကရှိ အဖြစ်အပျက်များကို ခံစားသိရှိနိုင်စွမ်း ရှိပေသည်။
သူက ထိုအချိန်များအတွင်း အိပ်မက်ရှည်ကြီး မက်နေခဲ့ရသကဲ့သို့ ခံစားရကာ ထိုအိပ်မက်အတွင်းတွင် အစစ်အမှန်များလည်း ရောယှက်နေပေသည်။
သူက အသက်ပေါင်းများစွာ ရှင်သန်လာသကဲ့သို့ပင် ခံစားရပေသည်။
ထိုမှတ်ဉာဏ်များထဲတွင် သူ့အပေါ် အများဆုံးထင်ကျန်ရစ်စေသော မှတ်ဉာဏ်မှာ သူ၏ အဖိုး ဂူထျန်းရှင်းနှင့် သူ့ဖခင် ဂူကျန်းနန်တို့ပင် ဖြစ်သည်။
ယခင် ကွယ်လွန်သွားပြီးသည့် မျိုးဆက်နှစ်ခုနှင့် ပတ်သက်သော မှတ်ဉာဏ်များက သူ့အပေါ်တွင် အလွန်ပင် သက်ရောက်မှု ရှိစေခဲ့သည်။
သူ၏ အဘိုး ဂူထျန်းရှင်းသည် ကောင်းကင်နတ်တံခါးဂိုဏ်း၏ တာဝန်အားလုံးကို သူ့ပခုံးပေါ် ထမ်းထားပြီး ထိပ်ဆုံးတွင် ရပ်တည်နေသည့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူက ပြိုင်ဘက်ကင်း ထူးခြားလမ်းစဉ်ကို ဖန်တီးကာ ကောင်းကင်လမ်းစဉ်ကိုပင် ချိုးဖျက်ခဲ့သည်။
သူ့ ဖခင် ဂူကျန်းနန်သည် ပြိုင်ဘက်ကင်းသည့် ပါရမီရှင် ဖြစ်သော်ငြား ကံမကောင်းအကြောင်းမလှစွာနှင့် စောစောစီးစီး သေဆုံးခဲ့ရသည်။
ဂူတုံးလျှိုသည် ယခင်က သူတစ်ယောက်တည်း အဘယ့်ကြောင့် လေလွင့်နေခဲ့ရသည်ကို သိချင်မိသော်လည်း အချိန်က ထိုအတွေးများကို ဆေးကြောသွားခဲ့ပြီး ယခုတွင် သူက ယင်းတို့အား လက်လွှတ်သွားနိုင်ပြီ ဖြစ်သည်။
သို့သော် အရာအားလုံးက ယခုအချိန်မှ အသစ်တစ်ဖန် စတင်လေသည်။
သူက သူ၏ ယခင်မျိုးဆက်နှစ်ဦး၏ စိတ်ဆန္ဒများကို ပခုံးထမ်းထားရကာ ကောင်းကင်နတ်တံခါးဂိုဏ်းသို့ တစ်ဖန်ပြန်လည် ဝင်ရောက်လာရပေသည်။
အရာအားလုံးသည် ယခုမှ အစ်တစ်ဖန် စတင်ခြင်း ဖြစ်ပေလိမ့်မည်။
“သိပ်ကောင်းတယ်” အောက်ဘက်ရှိ ကျန်းထိုက်ချူးက အထက်ရှိ ဂူတုံးလျှိုကို လှည့်ကြည့်လိုက်ကာ လှေကားများသို့ လျှောက်ကာ ထက်လာလေသည်။ ရှန့်ထိုအဆင့်များကြားမှ တိုက်ပွဲ တစ်ခုသာ ရှိမည်ဆိုလျှင် သူက ယင်းတိုက်ပွဲကို ဂူတုံးလျှိုအတွက် ထားပေးခဲ့မည် ဖြစ်သည်။
လူတိုင်းသည် မည်သည်တို့ ဖြစ်ပျက်သွားသည်အား နားလည်လာသည်။ မရေတွက်နိုင်သည့် မျက်လုံးများက ဂူတုံးလျှိုကို ကြည့်နေကြပြီး သူတို့သည် ဂူတုံးလျှို တိုက်ခိုက်ရန် လိုအပ်သည်ကို သိပေသည်။
မရေတွက်နိုင်သော သူများသည် ပေါ်ထွက်လာသူများကို ကြည့်ကာ ဂူတုံးလျှိုက တိုက်ခိုက်ရန် ပိုသင့်တော်သူ ဖြစ်ကြောင်း ယူဆလိုက်ကြပေသည်။
ဝမ်ယန်ပင်းသည် ချင်းဟယ်ထံသို့ သွားခဲ့သည့်အခါက သူက ဂူတုံးလျှိုနှင့် ပတ်သက်၍ ပြောဆိုခဲ့သည်။ ဝမ်ကလန်သာ ကောင်းကင်နတ်တံခါးသို့ ပြန်လည် ရောက်ရှိလာပါက ဂူတုံးလျှိုအပေါ်တွင် တိုက်ရိုက် ပတ်သက်မှု ရှိလာပေလိမ့်မည်။
ထို့ကြောင့်ပင် ဂူတုံးလျှိုက တိုက်ခိုက်ရန် ထွက်ပေါ်လာခြင်းမှာ သူ၏ ကံကြမ္မာအဆုံးအဖြတ်အတွက် တိုက်ခိုက်ခြင်းဟု ဆိုနိုင်ပေသည်။
ဝမ်ယန်ပင်းက ထိုပုံရိပ်ကို မော့ကြည့်လိုက်သည်။ သူက ဤကဲ့သို့သော အချိန်မျိုးတွင် ဂူတုံးလျှိုက တစ်ကိုယ်တည်း ကျင့်ကြံနေရာမှ ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် ဂူတုံးလျှိုက ပြန်လည်မွေးဖွားခြင်း အဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။ ဝမ်ယန်ပင်းသည် ကောင်းကင်၏ အာဏာစက်ကို ဆန့်ကျင်ခဲ့သည့် ဂူထျန်းရှင်းအား အမှန်တကယ် လေးစားလာသည်။ တန်ခိုးရှင်များသည် လောက၏ စည်းမျဉ်းများကို ချိုးဖျက်လျှင်ပင် သူတို့က ဂူတုံးလျှိုကဲ့သို့ အချိန်တိုအတွင်း အကျိုးရှိလာစေရန် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
သို့ရာတွင် ထိုသို့ ဖြစ်ရန်မှာ အချိန်မှန် နေရာမှန် ဖြစ်ရန်လိုကာ ဂူထျန်းရှင်းတစ်ယောက်တည်း လုပ်ဆောင်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ ထိုသူက နတ်ဆိုးအရှင်သခင်၏ စွမ်းအားကို ထိတွေ့နိုင်ကာ နတ်ဝင်္ကပါတစ်ခု ခင်းကျင်း၍ မူလတောင်တန်း၏ စွမ်းအား အားလုံးကို ဂူတုံးလျှိုဆီ ပို့ဆောင် ဝါးမျိုစေသည်။ သူက သူ့၏ စိတ်စွမ်းအားကိုပင် ဂူတုံးလျှိုထံ၌ ချန်ရစ်ခဲ့၏။
အဖိုးဖြစ်သူက မြေးဖြစ်သူအား အရာအားလုံး ပေးအပ်ခဲ့သည်။
ယခုတွင် ဂူတုံးလျှိုသည် ဂူထျန်းရှင်းထံမှ အရာအားလုံးကို ဆက်ခံခဲ့ရပြီး သူသည် မူလလမ်းစဉ်ကိုပင် ဆက်ခံခဲ့ရပေသည်။
သို့သော် ထို့သို့ဆိုလျှင်ပင် ဝမ်ယန်ပင်း၏ အမူအရာသည် အမြဲလိုပင် ထက်မြက်စွာ ကျန်ရစ်နေဆဲ ဖြစ်သည်။ သူ၏ မျက်နှာထက်တွင် တွေဝေသည့် အရိပ်အယောင် အနည်းငယ်မျှပင် ရှိမနေပေ။
ကျန်းထိုက်ချူးသည်လည်း တူညီသည့် အဆင့်မှ ကျော်ကြားသော ပုဂ္ဂိုလ်ပင် ဖြစ်သည်။ သူသည် ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ဝင်ရောက်သည်မှာ ကာလရှည်ကြာပြီဖြစ်ကာ ကောင်းကင်နတ်တံခါး၌ ရန်ဟောင်အဆင့်များအောက်တွင် နံပါတ်တစ်အဖြစ် ကျော်ကြားသည်။
သူက အမွေဆက်ခံခဲ့ရသည့် စွမ်းအားများမှအပ ဂူတုံးလျှို ယခု ရောက်ရှိနေသည့် အဆင့်မှာ ခုန်ပျံကျော်လွှား၍ ရောက်ရှိလာသည်ဖြစ်ရာ ကျန်းထိုက်ချူးကဲ့သို့ တည်ငြိမ်မည် မဟုတ်ပေ။ ဝမ်ယန်ပင်းသည် ဂူတုံးလျှိုက တစ်ကိုယ်တည်း ကျင့်ကြံနေရာမှ ထွက်လာချင်းချင်း သူ့အား တိုက်ခိုက်သည်မှာ မှန်ကန်သည့်အရာရော ဟုတ်ပါရဲ့လား အံ့အားသင့်နေမိသည်။
သူ့ရှေ့တွင် ရပ်နေသူသည် ဝမ်ကလန် ကောင်းကင်နတ်တံခါးသို့ ပြန်လည်ဝင်ရောက်ခြင်းအား တားဆီးခြင်းမပြုနိုင်ဟု ဝမ်ယန်ပင်း ယူဆလေသည်။
ထိုသူက ဂူတုံးလျှို ဖြစ်နေလျှင်ပင် သူတို့အား တားဆီးနိုင်မည် မဟုတ်ပေ။
ထို့ပြင် သူက ဤအခမ်းအနား၌ ထိုသို့ အလှည့်အပြောင်း ဖြစ်သွားခြင်းမှာ ကောင်းသည်ဟု ယူဆပေဝည်။ ဂူတုံးလျိုသာ တိုက်ခိုက်သူ ဖြစ်လျှင် သူထိုနေ့က ပြောခဲ့သည့် စကားများကို သက်သေပြနိုင်မည်သာ မလွဲမသွေ ဖြစ်သည်။
ဝမ်ယန်ပင်းသည် ကောင်းကင်နတ်တံခါးဂိုဏ်းက သူတို့၏ အဖွဲ့အစည်းအတွင်း ဂူတုံးလျှိုအား ခေါ်ဆောင်မထားသင့်ဟု ယူဆပေသည်။
“ရန်ဟောင်တိုက်ပွဲကို အရင် စလိုက်ကြရအောင်” ကောင်းကင်နတ်တံခါးဂိုဏ်း၏ အကြီးအကဲက ကြေညာလိုက်သည်။ ဝမ်ကလန်မှ ရန်ဟောင်သာ အနိုင်ရခဲ့ပါက ရှန့်ထိုအဆင့် တိုက်ပွဲကို ဆက်လက်တိုက်ခိုက်ရန် မလိုတော့ဘဲ ဝမ်ကလန်က ကောင်းကင်နတ်တံခါးသို့ ဝင်ခွင့်ရသွားကာ ဂိုဏ်း၏ အုပ်ချုပ်သူ အင်အားစုများထဲမှ တစ်ခု ဖြစ်လာပေလိမ့်မည်။
ရန်ဟောင်နှစ်ပါးသည် ရှေ့သို့ ထွက်လာကာ လေထဲတွင် နေရာယူလိုက်ကြသည်။
သူတို့သည် အချင်းချင်း ကြည့်နေကြပြီး သူတို့၏ အရှိန်အဝါများကို အပြည့်အဝ မဖော်ထုတ်သေးသော်လည်း ကျယ်ပြန့်သော နေရာတစ်ခွင်မှ လူအုပ်ကြီးသည် မွန်းကျပ်ဖွယ်ဖိအားကို ခံစားလာကြရပေသည်။ တစ်ချိန်တည်းမှာပင် ရန်ဟောင်နှစ်ပါး၏ စွမ်းအားများက ကျဆင်းလာပြီး ကောင်းကင်မှ ဖိအားကျဆင်းလာသကဲ့သို့ ခံစားလိုက်ကြရပေသည်။
သူတို့ မျက်လုံးချင်းဆုံသွားသည်နှင့် ထိုရန်ဟောင်များ၏ ဝတ်စုံတို့က လေမတိုက်ဘဲ တလူလူ လွင့်ပျံလာခဲ့သည်။ ကြည့်ရသည်မှာ သူတို့၏ စွမ်းအားတိုက်ပွဲက စတင်နေခဲ့ပြီဖြစ်ကာ ကြောက်မက်ဖွယ် အရှိန်အဝါတို့က သူတို့အနီးတွင် ဖြစ်တည်လာပြီး သူတို့၏ အရှိန်အဝါတို့က အလွန်ပင် ဖိအားများလှပေသည်။
ဝှစ် ... ဝှစ် ...
မြင့်မားသည့် ဆူညံသံများကို ကြားလိုက်ရပြီး ကြောက်မက်ဖွယ် အရှိန်အဝါက ထိုတန်ခိုးရှင်နှစ်ဦး၏ အနီးဝန်းကျင်တွင် ဖြစ်တည်လာသည်။ ထိုသည်က မဟာလမ်းစဉ်၏ သဏ္ဌာန်မဲ့တိုက်ပွဲဖြစ်ကာ သူတို့၏ ဝန်းကျင်အား အလွန် ဖိနှိပ်ထားနိုင်ပြီး အခြားသူများကိုပင် စွမ်းအား သက်ရောက်ရိုက်ခတ်မှု ခံရစေသည်။
ရန်ဟောင်များသည် သူတို့၏ ကြောက်မက်ဖွယ် စွမ်းအားများကို ထိန်းချုပ်နေကြပြီး ထိုသို့ ထိန်းချုပ်လာနိုင်သောအခါ အထွတ်အထိပ်ရောက်သည်ဟု ခေါ်ဆိုကြပေသည်။ သူတို့သည် သိသာစွာပင် သူတို့၏ စွမ်းအားများကို ထိန်းချုပ်နိုင်ပြီး သူတို့ တိုက်ခိုက်ရာ၌ စမ်းသပ်ရုံမျှသာ ထိန်းသိမ်း တိုက်ခိုက်ကြလေသည်။ ရန်ဟောင်များသာ အစွမ်းကုန် တိုက်ခိုက်လျှင် အလွန့် အလွန် မြင့်မားသော စွမ်းအားထိခိုက်မှုများ ဖြစ်ပေါ်လာပေမည်။
သူတို့၏ စွမ်းအားများကို အပြည့်အဝ မထုတ်လွှတ်လျှင်ပင် ထိုနေရာရှိ လူစုသည် သူတို့ နှစ်ဦးရှိနေရာ ဝန်းကျင်၌ ပြင်းထန်သော စွမ်းအားများကို ခံစားမိကြပေသည်။ မည်သူမဆို ထိုနေရာသို့ သတိမထားမိဘဲ ဝင်သွားမိလျှင် ထိုသူသည် ချက်ချင်း အပိုင်းပိုင်း စုတ်ဖြဲခံရလိမ့်မည် ဖြစ်ကာ အစအနပင် မကျန်ရစ်အောင် ဖြစ်ပျက်လိမ့်မည်။
ရန်ဟောင်နှစ်ဦး၏ ဝတ်စုံများက လွင့်ဝဲနေပြီး ဆူညံသည့် လေတိုးသံများကို ဆက်လက် ကြားနေရသည်။ သို့သော် ထိုအချိန်တွင် ကောင်းကင်နတ်တံခါးမှ ရန်ဟောင်သည် နောက်သို့ အနည်းငယ် ဆုတ်ခွာလိုက်သည်။ ရှတတ ဖြတ်တောက်သည့် အသံတို့ ထွက်ပေါ်လာကာ များပြားလှသည့် ဖြတ်ရှရာများ သူ့ ဝတ်စုံတွင် ပေါ်လာသည်ဟု ထင်မှတ်ရပေသည်။
အခြားတစ်ဖက်တွင် ဝမ်ကလန်၏ ရန်ဟောင်သည် ညည်းတွားလိုက်ကာ သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ပိုပြီး ထိတ်လန့်ဖွယ် ကောင်းသည်မှာ သူ၏ မျက်လုံးများက သွေးရောင်ကဲ့သို့ ချင်းချင်းနီနေကာ ပို၍ ထိတ်လန့်ချောက်ချားဖွယ် ကောင်းသည့် မြင်ကွင်းကို ဖြစ်ပေါ်စေပေသည်။
သိသာစွာပင် ထိုရန်ဟောင်က ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
ထိုမွန်းကျပ်ဖွယ်ဖိအားက ပျက်ပြယ်သွားပြီး ကောင်းကင်နတ်တံခါးမှ ရန်ဟောင်က သူ့လက်ကို ဆုပ်ကာ ပြောလိုက်သည်။
“လေးစားစရာပါပဲ”
ဝမ်ကလန်၏ ရန်ဟောင်သည် နောက်သို့ ပြန်မဆုတ်ခွာခင် ဦးညွှတ်အရိုအသေပြုလိုက်ကာ သူက မည်သည့် စကားမှ မဆိုခဲ့ပေ။
ထိုတိုက်ပွဲသည် ကြည့်ရှုသူတို့၏ စိတ်ကို အနည်းမျှ မလှုပ်ရှားစေခဲ့ပေ။ အထူးသဖြင့် ဝမ်ကလန်ကို ဖြစ်သည်။ ကောင်းကင်နတ်တံခါးဂိုဏ်း၏ အထွတ်အထိပ် အင်အားစုနှစ်ခုသည် သူတို့၏ အစွမ်းထက်ဆုံး တန်ခိုးရှင်များကို ရှေ့ထွက် တိုက်ခိုက်ခိုင်းလိမ့်မည် ဖြစ်၏။ ဝမ်ကလန်က အရှုံးနှင့် အဆုံးသတ်ရမည်မှာ ပုံမှန်ပင် ဖြစ်သည်။ သူတို့သည် တိုက်ပွဲတွင် ဖြစ်ပျက်မည့် အရာတို့အား ကြိုတင်မျှော်မှန်းပြီး ဖြစ်တာကြောင့် ထိုကိစ္စနှင့် ပတ်သက်ကာ သူတို့က အများကြီး မျှော်လင့်ထားခြင်း မရှိပေ။
အစစ်အမှန် တိုက်ပွဲမှာ ဝမ်ယန်ပင်းအပေါ်တွင် မူတည်နေသည်။
သူသည် ဟောက်ထျန်းမြို့၏ ရန်ဟောင်အဆင့်အောက်မှ နံပါတ်တစ်တန်ခိုးရှင် ဖြစ်ပြီး အခြားတစ်ဖက်တွင် သူက ကောင်းကင်နတ်တံခါးဂိုဏ်း၏ ထိပ်သီးပုဂ္ဂိုလ်ကို ရင်ဆိုင်နိုင်စွမ်းရှိသည့် သူ ဖြစ်သည်။
ဝမ်ယန်ပင်းသည် ကျန်းထိုက်ချူး၊ ဟွားချင်းယွင်တို့နှင့် ထပ်တူ ကျော်ကြားသော သူ ဖြစ်သည်။
“ဝမ်ယန်ပင်း” ထိုအခိုက်တွင် စကားသံတစ်ခုကို ကြားလိုက်ရသည်။ ဝမ်ကလန်ခေါင်းဆောင်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။
“အခု မင်းအပေါ် မူတည်သွားပြီ”
ထိုအခိုက်အတန့်တွင် ဝမ်ကလန်မှ အားလုံးသော တန်ခိုးရှင်တို့က သူ့ကို ကြည့်လိုက်သည်။ မျက်လုံးအစုံတိုင်းတွင် မျှော်လင့်ချက်တို့ဖြင့် လင်းလက်နေပေသည်။
တည်ငြိမ်သည့် လေထုအခြေအနေက အခြားသူများကိုပင် သက်ရောက်မှုရှိလာသည်။ ထိုအခိုက်အတန့်တွင် များပြားလှသည့် သူများက ဝမ်ကလန်နှင့် ပတ်သက်ပြီး စာနာစိတ်ပင် ဖြစ်မိကာ သူတို့အား ကောင်းကင်နတ်တံခါးသို့ တစ်ဖန် ပြန်ဝင်ရောက်ခွင့် ရစေရန် မျှော်လင့်နေကြသည်။
နှစ်ပေါင်းများစွာ စော်ကားခံရမှုအားလုံးကို သည်းခံခဲ့ပြီးနောက် သူတို့သည် လူတစ်ယောက်တည်းအပေါ်၌ မျှော်လင့်ချက်အားလုံးကို ပုံအပ်ထားခဲ့သည်။ လူအများသည် ယခင်က မျှော်လင့်ချက် ထားနိုင်စွမ်း မရှိခဲ့သော်လည်း ယခုတွင်တော့ သူတို့အားလုံး၏ မျှော်လင့်ချက်တို့ကို လူတစ်ယောက်တည်းအပေါ်၌ ပုံအောထားလိုက်သည်ကို နားလည်လာပုံပေါ်သည်။
ဝမ်ကလန်၏ အမြင်တွင် ဤတိုက်ပွဲသည် သူတို့အတွက် ရှုံးနိမ့်၍ မရနိုင်သော တိုက်ပွဲဖြစ်သည်။
သူတို့သာ ရှုံးနိမ့်ခဲ့လျှင် ထိုသို့သော အခွင့်အရေးသည် နောက်ထပ် နှစ်ရာချီ သို့မဟုတ် ထောင်ချီသွားလျှင်ပင် တစ်ကြိမ်ပြန်ရရန် ခက်ခဲပေလိမ့်မည်။
ဝမ်ယန်ပင်းသည် ရှုံးနိမ့်ခြင်းနှင့် အဆုံးသတ်သွားခဲ့ပါက သူနှင့် တူညီသော လူတစ်ဦးကို ဝမ်ကလန်က မည်သည့်အချိန်မှ ရရှိနိုင်ပေမည်နည်း။
ထို့ကြောင့်ပင် ဝမ်ယန်ပင်းက အနိုင်ရရမည် ဖြစ်သည်။
သူတို့သာ ထိုအခွင့်အရေးကို ဆုံးရှုံးသွားလျှင် စောင့်ဆိုင်းခြင်းက ထာဝရ ဖြစ်သွားရပေလိမ့်မည်။ ဝမ်ကလန်သည် ဤနှစ်ပေါင်း များစွာအတွင်း သည်းခံခဲ့ရသည့် စော်ကားခံရမှုများကို မည်သို့မှ ဆေးကြောသန့်စင် နိုင်လိမ့်တော့မည် မဟုတ်ပေ။ သူတို့သည် နောက်တစ်ခါ ကောင်းကင် နတ်တံခါးဂိုဏ်းသို့ ဘယ်သောအခါမှ ခြေချနိုင်လိမ့်တော့မည် မဟုတ်ပေ။
ဝမ်ယန်ပင်းသည် အားလုံးသော မျက်လုံးများမှ မျှော်လင့်ချက်တို့အား ခံစားမိသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်၏။ သူ၏ လမ်းလျှောက်ပုံက မားမားမတ်မတ်နှင့် ဝံ့ကြွားမှုတို့ ရှိနေကာ ဓားတစ်လက်အား ဓားအိမ်မှ ထုတ်ကာ ရှေ့သို့ ထိုးစိုက်လိုက်သလိုမျိုးပင် ဖြစ်သည်။
“ကောင်းကင်နတ်တံခါးကို ဝင်ခွင့်မရရင် ကျုပ် အိပ်မပြန်တော့ဘူး”
အလွန် ကျယ်လောင်စူးရှသည့် အသံက လေထုကို ဖြတ်ခွင်းကာ ထွက်ပေါ်လာသည်။ ဝမ်ယန်ပင်း၏ စိတ်ပိုင်းဖြတ်ထားမှုက ထိုသို့ပင် ဖြစ်သည်။
“ကောင်းကင်နတ်တံခါးဂိုဏ်းကို ဝင်ခွင့်မရရင် ကျုပ် အိမ်မပြန်ဘူး”
ထိုစကား၏ လေးလံမှုက သိသာလှသည်။
ဝမ်ယန်ပင်းသည် ရှေ့သို့ နောက်တစ်လှမ်း လှမ်းလိုက်ပြီး နတ်ဘုရားလက်တို့၏ စွမ်းအားများက ခြေလှမ်းတိုင်းတွင် အော်မြည်နေကာ ဂူတုံးလျှို၏ အထက်သို့ ရိုက်ခတ်သွားသည်။
ဂူတုံးလျှိုသည် ဝမ်ယန်ပင်း ရှေ့သို့ တက်လာသည်ကို မြင်ပြီးနောက် ခြေလှမ်းများကို စ တင်လိုက်သည်။
ဝမ်ယန်ပင်းသည် သူ့ကလန်၏ နှစ်ထောင်ပေါင်းများစွာ မျှော်မှန်းချက်အား ပခုံးထမ်းထားရပြီး ဂူတုံးလျှို၏ ပခုံးပေါ်တွင်တော့ ဒဏ္ဍာရီပုဂ္ဂိုလ်များ ဖြစ်သည့် ဂူထျန်းရှင်း၊ ဂူကျန်းနန်တို့၏ စိတ်ဆန္ဒများကို သယ်ဆောင်ထားရပေသည်။
သူတို့နှစ်ယောက်လုံးသည် ဤတိုက်ပွဲ၌ ရှုံးနိမ့်ကြ၍ မဖြစ်ပေ။
ဝမ်ယန်ပင်းဖြစ်စေ ဂူတုံးလျှိုဖြစ်စေ ရှုံးနိမ့်၍ မရပေ။
မရေတွက်နိုင်သည့် လူများသည် သူတို့၏ အထက်မှ တည်ငြိမ်သည့် လေထုကို ခံစားမိပြီး သူတို့သည် အသက်ရှုပင် အောင့်ထားမိကာ သူတို့၏ မျက်လုံးများက တိုက်ပွဲကွင်းပြင်ကို စူးစိုက်ကြည့်နေကြသည်။ ထိုကျယ်ပြောသည့် နေရာသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားလေသည်။
ထိုတိုက်ပွဲသည် ရန်ဟောင်နှစ်ပါး၏ တိုက်ပွဲထက် ပို၍ ဖမ်းစားနိုင်မည့်ဟန် ပေါ်သည်။
ဘုန်း.. ဝမ်ယန်ပင်းသည် ရှေ့သို့ လျှောက်ကာ ကောင်းကင်နတ်တံခါး စင်မြင့်ထက်သို့ လျှောက်လာခဲ့သည်။ သူက ခြေလှမ်းများကို ရှေ့သို့ လှမ်းနေကာ မအောင်မြင်လျှင် အိမ်သို့ မပြန်ဟု ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်။
သူက သူ၏ အရှိန်အဝါတို့အား ဖိနှိပ်မထားဘဲ ထုတ်ဖော်လိုက်သည်။ များပြားလှသော ရန်ဟောင်များက အနားတွင် ရှိနေကြသည်။ သူတို့၏ အရှိန်အဝါတို့က မည်မျှ ကြောက်မက်ဖွယ် ကောင်းနေပါစေ ရန်ဟောင်များက ထိန်းသိမ်း စောင့်ကြပ်ပေးနေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ရှန့်ထိုအဆင့်များသည် သူတို့ကိုယ်သူတို့ ထိန်းသိမ်းတိုက်ခိုက်ရန် မလိုအပ်ပေ။
ကြောက်မက်ဖွယ် အရှိန်အဝါက ဝမ်ယန်ပင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ မဟာလမ်းစဉ်စွမ်းအားများသည် ကောင်းကင်အထက်တွင် ပေါင်းစည်းလာပြီး နတ်ဘုရားလက်များ၏ လမ်းစဉ်စွမ်းအားများ ဖြစ်လာသည်။
အော်မြည်နေသည့် အသံများကို ကြားရပြီး ဓားများက အတင်းအကျပ် ဆင့်ခေါ်ခံရကာ ကောင်းကင်တွင် ဒေါသတကြီး အော်မြည်နေသည်။ လက်နက်များက ရှေ့သို့ ရိုက်ခတ်လာပြီး ဂူတုံးလျှို၏ ခေါင်းထက်တွင် ပေါ်ပေါက်လာသည်။
ထိုခဏတွင် လေထဲ၌ နတ်လက်များဝင်္ကပါ ပေါ်ပေါက်လာသည်ဟု ထင်မှတ်ရပေသည်။
ဘုန်း.. ဝမ်ယန်ပင်းသည် ခြေလှမ်းများကို ဆက်လက်လှမ်းလိုက်သည်။ လက်နက်များက ဂူတုံးလျှိုဆီသို့ အဆက်မပြတ် ရွာဆင်းလာသည်။
ဂူတုံးလျှိုက သူ့ခေါင်းကို ငုံ့ကာ အောက်ဘက်မှ မြင်ကွင်းကို ကြည့်လိုက်သည်။ သူက လျှို့ဝှက်ဆန်ကြယ်သော ပုဂ္ဂိုလ်ကဲ့သို့ ရပ်နေကာ ဖျတ်လတ်၍ အနှောင်အဖွဲ့ကင်းနေဟန် ရှိပေသည်။
သူ့ခန္ဓာအနီးတွင် သင်္ကေတကိုးခု၏ အလင်းက လှည့်ပတ်နေကာ သူ့အနီး၌ ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ပေါ်ပေါက်လာစေသည်။
ထို့နောက် သူက ကောင်းကင်သို့ လက်ညှိုးတစ်ချောင်း ညွှန်ပြလိုက်ကာ ကြီးမားသည့် ရှေးဟောင်းသင်္ကေတတစ်ခု ထွက်ပေါ်လာသည်။
“လင်”
သင်္ကေတက အောက်သို့ ကျဆင်းလာပြီး လေထုသည် ဖိနှိပ်ခံထားရကာ တုန်ခါလာနေသည်။ လေထုသည် ချိပ်ပိတ်ခံထားရသလို ထင်မှတ်ရသည်။ အော်မြည်နေသည့် တိုက်ခိုက်မှုများက ချက်ချင်း ရပ်တန့်သွားသည်။
နတ်လက်များ ကျဆင်းလာသညွ ပမာဏက ကြီးမားလှပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသော်လည်း ဂူတုံးလျှိုသည် ရိုးရှင်းစွာပင် သူ့လက်ချောင်းအား အထက်သို့ ညွှန်ပြကာ 'လင်' ဟူသည့် သင်္ကေတစာလုံးအား ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားစေခဲ့သည်။ အသင်္ချေ သင်္ကေတစာလုံးများ၏ အလယ်တွင် ရှိနေသည့် သင်္ကေတမျဉ်းများသည် အရာအားလုံးကို လွှမ်းခြုံထားသည်။
မရေတွက်နိုင်သည့် လူများသည် သူတို့၏ မျက်လုံးများကို ကြီးမားသည့် သင်္ကေတကြီးပေါ်တွင် စူးစိုက်ထားကြသည်။ လူတိုင်းသည် ထိုတိုက်ပွဲကို အာရုံစိုက်နေကြသည်။ ဤတိုက်ပွဲသည် ဝမ်ယန်ပင်း၏ ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ဝင်ရောက်ရန် လမ်းဖောက်သည့် တိုက်ပွဲဖြစ်သလို ဂူတုံးလျှိုအတွက်လည်း ပထမဆုံး တိုက်ပွဲဖြစ်သည်။
ထိုဒဏ္ဍာရီပုဂ္ဂိုလ် ဂူထျန်းရှင်းသည် ထူးခြားဆန်းကြယ်သည့် နယ်မြေ၌ ထိတ်လန့်ဖွယ် နည်းလမ်းနှင့် ဖန်တီးခဲ့သော ထိုသူက မည်မျှ တိုးတက်လာသည်ကို လူတိုင်းက သိချင်နေကြပေသည်။
ဘုန်း ... ဝမ်ယန်ပင်းသည် တုံ့ဆိုင်းသွားခြင်း မရှိပေ။ သူက ရှေ့သို့ တစ်ဖန် ခြေလှမ်းလိုက်ကာ လျှို့ဝှက်ဆန်းကြယ်သည့် အလင်းများက သူ့ကို လှည့်ပတ်နေကာ သူ၏ သက်စောင့်ဝိညာဉ်က သူ့နောက်တွင် ပေါ်ပေါက်လာသည်။ ထိုသက်စောင့်ဝိညာဉ်သည်လည်း သင်္ကေတ တစ်ခု ဖြစ်ပေသည်။
ပင်း …
ထိုသည်မှာ ဝမ်ကလန်၏ ထူးခြားလမ်းစဉ်ဖြစ်သော ယန်ပင်းပညာရပ် ဖြစ်လေသည်။
ထိုသည်မှာ 'ဝမ်ယန်ပင်း' ဟူသော အမည် ဆင်းသက်လာရာ ဖြစ်ပြီး သိသာစွာပင် ဝမ်ကလန်သည် သူ့အပေါ်၌ သူတို့၏ မျှော်လင့်ချက်တို့ ပုံအောထားခြင်း ဖြစ်လေသည်။
သက်စောင့်ဝိညာဉ် ထွက်ပေါ်လာပြီး နတ်အလင်းများက စီးဆင်းလာသည်။ ထောင်ချီသည့် နတ်လက်နက်များက ကြောက်လန့်ဖွယ် နတ်လက်နက် မုန်တိုင်း အဖြစ်သို့ ပြောင်းလဲသွားပြီး အစွမ်းထက် တိုက်ပွဲစွမ်းရည်နှင့် 'လင်'ဟူသော ချိပ်စည်းကို အပိုင်းပိုင်း စုတ်ဖြဲလိုက်သည်။
များပြားလှသည့် နတ်လက်နက်များက ဝမ်ယန်ပင်း၏ နောက်တွင် ပေါ်ပေါက်လာသည်။ ယင်းတို့အားလုံးသည် ဓားများသဏ္ဌာန် ဖြစ်ပေါ်လာသည်။ အများက ပြောကြသည်မှာ ဓားများသည် လက်နက်တို့၏ အရှင်သခင်ဟူ၍ ဖြစ်လေသည်။ ယင်းတို့သည် အရာအားလုံးကို ချိုးဖျက်နိုင်စွမ်း ရှိလေသည်။
ဘုန်း...
ဝမ်ယန်ပင်းသည် ဆက်လက်၍ ရှေ့တိုးလာနေပြီး ထိုအရာအားလုံးကို ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ် နတ်လက်နက် မုန်တိုင်းကို ဂူတုံးလျှိုထံ သယ်ဆောင်လာပြီး သူ့အနီးမှ ဓားများက ချက်ချင်းပင် ရှေ့သို့ ထိုးထွက်သွားလေသည်။
ထို့ပြင် သူ့ထံမှ ထွက်ပေါ်လာသည့် အားလုံးသော နတ်လက်နက်များသည် အစစ်အမှန် နတ်လက်နက်များထက်ပင် ထက်ရှနေသည်ဟု ထင်မှတ်ရသည်။ နတ်လက်နက်များ အားလုံးသည် တောက်ပလင်းလက်နေသည့် အလင်းတို့ကို ထုတ်လွှတ်နေကာ သူတို့ဝန်းကျင်တွင် တစ်သားတည်း ဖြစ်နေပြီး အရာအားလုံးကို တိုက်ခိုက်ကာ သုတ်သင်ရှင်းလင်းနိုင်စွမ်း ရှိပေသည်။
ယနေ့တွင် သူ၏ လမ်းတွင် ပိတ်ရပ်မည့်သူ မည်သူ့ကိုမှ ခွင့်မပြုနိုင်ပေ။
တူညီစွာပင် ထိုသူက ဂူတုံးလျှို ဖြစ်နေခဲ့လျှင်ပင် သူက ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
***