← Chapters

ကုန်တိုက်မှ သူခိုးများ(၂)

Vol. 44 Ch. 648

ကုန်တိုက်မှ သူခိုးများ(၂)

Vol. 44 Ch. 648

ထိုအမျိုးသမီး တိတ်ဆိတ်နေပေသည်။ သူသည် ထိုဂိုဏ်းအတွင်း အဆင့်အနိမ့်ဆုံး သူခိုးတစ်ယောက်သာ ဖြစ်ပေသည်။ ကျန်လူများသည်လည်း သူ့စကား နားထောင်မည် မဟုတ်ချေ။ ရဲများရောက်လာပါက သေချာပေါက် အဖမ်းခံရပေမည်။ ထိုင်ဟွာကုန်တိုက်၏ သူဌေးသည် အာရှာ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ခေါင်းဆောင်ကြီး နှင့်ပင် အကြိမ်များစွာ တွေ့ဖူးပေသည်။

ဤအမျိုးသမီးအား တခြားအရောင်းဆိုင်များတွင် ယခင်က ဖမ်းခဲ့ဖူးပေသည်။ ဤကုန်တိုက်သည် နယ်မြေရဲစခန်းများနှင့် ဆက်ဆံရေး ကောင်းပေသည်။ အခမ်းခံရပက တစ်ရက်နှစ်ရက်ကြာရုံဖြင့် ပြတ်လွတ်မည် မဟုတ်ကြောင်း သိနေပေသည်။ ရဲစခန်းတွင် အရိုက်အနှက်ပင် ခံရနိုင်ပေသည်။

ထိုအမျိုးသမီးသည် သူ့ဝယ်ရောင်းသမားတစ်ယောက်ကို ရဲအရာရှိများ ရိုက်နှက်ခဲ့ခြင်းကို တွေ့ဖူးပေသည်။ သူ့အနေဖြင့် ထိုလမ်းသို့ မသွားလိုချေ။

“ငါ နင်တို့ကို ပစ္စည်းတွေ ပြန်ပေးမယ်.. နင်တို့ ငါ့ကို လွှတ်ပေးရမယ်..”

ထိုအမျိုးသမီး ပြောလာပေသည်။

“အိပ်မက် မက်မနေနဲ့.. ငါတို့ ပစ္စည်းတွေ ခိုးကတည်းက ပြစ်မှုကျူးလွန်ပြီးသား ဖြစ်နေပြီ… ခိုးထားသမျှ ပြန်ပေးရမယ်.. နင့်မှာ ညှိနှိုင်းခွင့်မရှိဘူး..”

မန်နေဂျာကျောက် အော်လိုက်တော့သည်။

“နင်တို့ ကုန်တိုက်ထဲလဲမဝင်ဘူး.. ကုန်တိုက်ခွဲတွေကိုလဲ နောက်ဆိုမဝင်တော့ဘူးလို့ ကတိပေးတယ်..”

ထိုအမျိုးသမီး တောင်းဆိုလာတော့သည်။

ဖုန်းယွီ ထိုအမျိုးသမီးကို အေးစက်စွာ စိုက်ကြည့်နေပေသည်။ အသနားခံနေသော်လည်း သူ့မျက်လုံးများ ဝိုင်စက်နေပေသည်။ လိမ်ပြောနေသည်မှာ ထင်ရှားပေသည်။ သူသည် ဤကုန်တိုက်သို့ နောက်ထပ် မလာတော့ချေ။ သို့ရာတွင် တခြားသော ကုန်တိုက်သို့ သွားမည်ဆိုပါက ပေကျင်းတွင် ထိုင်ဟွာကုန်တိုက် (၃)ခု ရှိနေပေသည်။

“ငါတို့တွေ နင့်ကို ဘယ်အကြောင်းပြချက်နဲ့ ယုံရမှာလဲ..”

ဖုန်းယွီ အေးစက်စက် ပြန်မေးလိုက်သည်။

ထိုအမျိုးသမီးသည် ဖုန်းယွီမှာ ယခုရောက်နေသည့်နေရာရှိ လုံခြုံရေး အစောင့်များ၏ သဘောထားများအရ တာဝန်ခံ ဖြစ်ကြောင်း ပြောနိုင်ပေသည်။ ထိုအမျိုးသမီးသည် ဖုန်းယွီဘက်သို့ လှည့်ကာ..

“သူဌေး.. ငါ့ကို သနားပါ.. ငါ့မှာ ကလေး(၃)ယောက် ရှိတဲ့အပြင် ထမင်းတောင် နပ်မှန်အောင် မကျွေးနိုင်ပါဘူး.. အဲ့လိုမှမဟုတ်ရင် ငါလာခိုးမှာမဟုတ်ဘူး.. ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ.. ရဲတွေ ငါ့ကို ဖမ်းသွားရင် ကလေးတွေ ငတ်သေလိမ့်မယ်..”

သတ်ပစ်ဖို့ပင် ကောင်းတော့သည်။ ဆက်တိုက် လိမ်ညာနေပေသည်။ ကလေး(၃)ယောက် ငတ်သေမည်လော။ လိမ်ရန် ကြိုးစားနေမြဲပင်။

“တကယ်လား.. မင်းသားသမီးတွေအတွက် စိတ်မပူနဲ့.. ရဲတွေ နင့်ကို ဖမ်းသွားရင် နင့်သားသမီးတွေကို စောင့်ရှောက်ဖို့ ငါ့လူတွေ လွှတ်ပေးလိုက်မယ်..”

ဖုန်းယွီ ပြန်ဖြေလိုက်သည်။ နောက်ထပ် မည်သို့ လိမ်ညာအုံးမည်ကို စောင့်ကြည့်လိုပေသေးသည်။

ထိုအမျိုးသမီး ထိတ်လန့်စွာဖြင့် မျက်နှာကို လက်အုပ်ကာ ငိုကျွေးနေတော့သည်။ သာမာန်သူများကဲ့သို့ ငိုကျွေးနေသည်နှင့် တူသော်လည်း ထိုအမျိုးသမီးမှာ မတ်တပ်ရပ်ငိုနေပြီး နံရံကိုပင် မှီစရာမလိုချေ။

“ပါးစပ်ပိတ်ထားစမ်း.. ငိုမနေနဲ့တော့.. ကြမ်းပြင်ပေါ် လှဲငိုနေလဲ အသုံးမကျဘူး.. မင်းလိုလူတွေ အများကြီး တွေ့ဖူးပြီးသား..”

မန်နေဂျာကျောက် လှမ်းငေါက်လိုက်သည်။

ငေါက်သံရပ်သွားသည်နှင့် အမျိုးသမီး ခေါင်းမော့လာပေသည်။ အမျိုးသမီး ငိုမထားကြောင်း ဖုန်းယွီ သတိထား မိလိုက်သည်။ အားလုံး အတုအယောင် များသာဖြစ်ပေသည်။

ဟန်ဆောင် ငိုနေခြင်းလော။ ဖုန်းယွီသည် ဤအမျိုးသမီး အမှန်တကယ် အခက်အခဲ ကြုံနေသည်လော မေးချင်နေသည်။ ထိုအမျိုးသမီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေး အလုပ်တစ်ခု ပေးမည်ကိုလည်း စိတ်မဝင်စားချေ။

သို့ရာတွင် ယခုမူ ဖုန်းယွီ စိတ်ပြောင်းသွားပေသည်။ ထိုသို့သော သူမျိုးသည် မည်သည့် အကူအညီနှင့်မှ မထိုက်တတန်ချေ။ ရဲစခန်းသို့ လွှဲအပ်လိုက်ခြင်းသည်သာ အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ပေသည်။ ဤသည်ကပင် ထိုအမျိုးသမီး နောင်တရရန် တခုတည်းသော နည်းလမ်း ဖြစ်ပေသည်။

“မင်းလူတွေနဲ့ မင်းအဆက်အသွယ်တွေ ငါ့ကိုပြောရင် ပြန်လွှတ်ပေးမယ်..”

ဖုန်းယွီ ရုတ်တရက် ထပြောလိုက်သည်။

အမျိုးသမီးသည် ဖုန်းယွီအား ထိတ်လန့်စွာ ကြည့်လိုက်သည်။ ကုန်တိုက်မန်နေဂျာကျောက်သည်လည်း အံ့ဩ သွားမိသည်။ မန်နေဂျာဖုန်းသည် ထိုအမျိုးသမီးကို လွှတ်ရန် သဘောတူလိုက်သည်လော။ စောစောကပင် ဤအမျိုးသမီးအား ရဲအရာရှိထံ လွှဲပြောင်းပေးချင်နေသည်မဟုတ်ပေလော။ သနားစိတ် ဝင်သွားသည်လော။

သို့တိုင်အောင် ထိုအမျိုးသမီးသည် သနားမှုနှင့် မထိုက်တန်ချေ။ သူ့အပြုအမူအရ ယခုကဲ့သို့ ပြုလုပ်ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်နိုင်ချေ။

“နင် ငါ့ကို လွှတ်ပေးမှာလား..”

“ကျုပ်ပြောတာ ရှင်းရှင်းလေးရယ်.. ရဲတွေ လာဖမ်းတာ ခံမလား.. ဒါမှမဟုတ် မင်းအဖွဲ့ခေါင်းဆောင် လာခေါ်တာ ခံမလား..”

ဖုန်းယွီ ဤသူခိုးဂိုဏ်းခေါင်းဆောင်နှင့် စကားပြောချင်ပေသည်။ ထိုင်ဟွာကုန်တိုက်များတွင် ပြဿနာများ ရပ်တန်ရန် ပြောချင်နေခြင်းပင်။ သူ့ မဟာကုန်တိုက်များ၊ ဖောက်သည်များထံမှ ဘာကိုမှ ခိုး၍ ရနိုင်မည် မဟုတ်ချေ။

ထိုင်ဟွာ ကုန်တိုက်သို့ လာရောက် ဈေးဝယ်သူများ အေးအေးဆေးဆေး ဈေးဝယ်နိုင်စေရမည်။ အိတ်အတွင်း ကောက်ထည့်ခြင်း သို့တည်းမဟုတ် အဖိုးတန်ပစ္စည်းများ ပျောက်ဆုံးသွားပါက ကုန်တိုက်အတွင်း သူခိုးများ ရှိနေသည်ကို သိရှိနိုင်ပေသည်။ နောင်တွင် မည်သူသည် ဤကုန်တိုက်သို့ လာရောက် လည်ပတ်ချင်မည်နည်း။

“ငါ့မှာ ခေါင်းဆောင် မရှိဘူး..”

“ဒါဆိုလဲ ရွေးစရာမရှိတော့ဘူးပေါ့.. ရဲကိုပဲ စောင့်နေလိုက်.. ခပ်ဝဝ အမျိုးသမီး မဟုတ်လောက်ဘူး.. ခိုးထားတဲ့ ပစ္စည်းတွေအားလုံး အဝတ်အစားနဲ့ သူ့စကတ်အောက်မှာ ဝှက်ထားလောက်တယ်.. ရဲတွေ ရောက်လာရင် ငါတို့ ပစ္စည်းပြန်ရမျာပဲ.. ပြီးတော့ အဲ့အမျိုးသမီးကို အနည်းဆုံး (၂)ပတ်လောက် ကြာအောင် ချုပ်ထားဖို့ စခန်းမှူးလီကို ပြောလိုက်.. ပြီးတော့ သူကို တခြား ခိုးမှုတွေနဲ့ ဝရမ်းကြော်ငြာ ရှိမရှိ နောက်ကြောင်း စစ်ဆေးခိုင်းလိုက်.. အချုပ်ခန်းထဲမှာ ခပ်ကြမ်းကြမ်း တန်းစီးနဲ့ ထားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်.. နောက်နောင် ဘယ်လို နေထိုင်ရမလဲဆိုတာ သင်ပေးမှရတော့မယ်..”

ကုန်တိုက်မန်နေဂျာကျောက် ဖုန်းယွီသူ့ကို မျက်စိမှိတ်ပြသည်ကို မြင်သည်နှင့်…

“စိတ်မပူနဲ့ သူ့ကို အချုပ်ထဲမှာ ကောင်းကောင်း ဂရုစိုက်လိုက်မယ်.. ကျုပ်တို့ ကုန်တိုက်မှာ လာခိုးရဲမှတော့ မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခု ပေးရမှာပေါ့..”

ထိုအမျိုးသမီး ထအော်တော့သည်။

“နင်တို့တွေ ငါ့ကို ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ..”

ဖုန်းယွီ သူ့ကို လက်လျူရှုကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ ထိုအမျိုးသမီးသည် ဖုန်းယွီထံ ချက်ချင်း ပြေးသွား သော်လည်း လုံခြုံရေး အစောင့် (၂)ယောက်မှ ချက်ချင်း ဟန့်တားလိုက်သည်။ ဖုန်းယွီအား တိုက်ခိုက်သည်ဟု ယူဆမိ၍ ဖြစ်ပေသည်။ ထိုအမျိုးသမီး ငိုယိုရင်းဖြင့်..

“သူဌေး၊ သူဌေး၊ မသွားပါနဲ့.. ငါ့ခေါင်းဆောင်ရဲ့ အဆက်အသွယ် အသေးစိတ် ငါနင့်ကို ပေးပါ့မယ်..”

ဖုန်းယွီ မျက်နှာတွင် အပြုံးတစ်ချက် ပေါ်လာကာ..

“အစောကတည်းက အဲလို လုပ်သင့်တာ..”

ထိုအမျိုးသမီးမှ ဖုန်းနံပတ်များ ပေးလာသည်။ ဖုန်းယွီနှင့် ကုန်တိုက် မန်နေဂျာကျောက်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ စိတ်အတွင်းမှ ကျိမ်ဆဲလိုက်မိကြတော့သည်။

သူခိုးဂိုဏ်းတစ်ခု၏ ခေါင်းဆောင်သည် မိုဘိုင်းဖုန်း သုံးနေပေသည်။ သူခိုးအလုပ်မှာ အမြတ်အစွန်းရှိသည့် လုပ်ငန်းတစ်ခု ဖြစ်နေပုံပင်။

ဖုန်းယွီ သူ့လက်ကိုင်ဖုန်းထုတ်၍ ဖုန်းခေါ်လိုက်သည်။

“ဟယ်လို… ဘယ်သူပါလဲ..”

ဖုန်းယွီ ဖုန်းကို အမျိုးသမီး၏ နားနားသို့ ကပ်ပေးလိုက်သည့်အခါ အမျိုးသမီး ချက်ချင်း ထအော်တော့သည်..

“အစ်ကိုဟေး.. ငါ ယင်းကျီပါ.. ငါအဖမ်းခံထားရလို့ လာခေါ်စေချင်တယ်.. ငါ့ကို ကယ်ပါအုံး..”

ဖုန်းယွီ လက်ကိုင်ဖုန်းကို ပြန်ယူကာ..

“အစ်ကိုဟေး… ကျုပ်က ထိုင်ဟွာကုန်တိုက်ရဲ့ ပိုင်ရှင်ပါ.. မင်းလူက ငါ့ကုန်တိုက်ထဲမျာ လာခိုးလို့ ဖမ်းမိထားတယ်..  ဒါတွေထားလိုက်တော့.. သူ့ကိုလာခေါ်ပြီး အသာပြန်သွားလိုက်ပါ.. ဒီကိစ္စ ဒီအတိုင်းထားလိုက်မယ်..”

ဖုန်းယွီစကား ကြားသည်နှင့် ကုန်တိုက်မန်နေဂျာ ကျောက် မျက်မှောင်ကြုတ်သွားတော့သည်။ မန်နေဂျာဖုန်းသည် သူခိုးများအား ကြောက်နေသယောင် မည်သည့်အတွက် ပြောနေသနည်း။

ဖုန်းယွီ၏ အသက်အရွယ်အရ အလျှင်စလိုဖြင့် စိတ်မြန်လက်မြန်ရှိသူ ဖြစ်သင့်ပေသည်။ ထို့အပြင် သူ့၌ လုပ်ငန်းများစွာရှိကာ ဤသူခိုးကိုမကြောက်သင့်ချေ။ ထို့အပြင် နယ်မြေခံ ရဲစခန်းများသို့လည်း လက်ဆောင်များ ပေးထားပြီးဖြစ်သည်။ ဤသူခိုးအား ရိုက်နှက်လိုက်လျှင်ပင် မမြင်ချင်ယောင် ဆောင်နေကြမည် ဖြစ်ပေသည်။

အစ်ကိုဟေး ဝမ်းသာနေပေသည်။ ပေကျင်းတွင် ရုတ်တရက် ဤကုန်တိုက် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းမှ ဆိုင်ခွဲ တစ်ခုဖြစ်ကြောင်း သူကြားသိထားပေသည်။ ထိပ်တန်း ခေါင်းဆောင်များပင် ဤကုန်တိုက်သို့ လည်ပတ်ခဲ့ကြပြီး ထိုနေရာတွင် ပစ္စည်းမျိုးစုံ ချောင်းချခဲ့သည်။ ကုန်ပစ္စည်းတင်သွင်းသူများနှင့် ဈေးဝယ်သူများ ဆက်တိုက် ဝင်ထွက် သွားလာနေကြပေသည်။ ပေကျင်းတွင် ကုန်တိုက်ခွဲ (၃)ခုရှိပြီး ခိုးယူရန် လူများစွာ စေလွှတ်လိုက်သည်။ ၎င်းတို့မှာ ခါးပိုက်နှိုက်များဖြစ်ကာ တစ်နေ့လျှင် အနည်းဆုံး ယွမ် ရာဂဏန်းလောက် ရရှိနိုင်ပေသည်။

ဤ ယင်းကျီမှာ ခါးပိုက်နှိုက်ခြင်းတွင် မကျွမ်းကျင်သဖြင့် ကုန်တိုက်တွင် ခိုးယူရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။ ယင်းကျီမှာ သူ့မိန်းမဖြစ်သော်လည်း အလုပ်တစ်ခုခု လုပ်ရပေလိမ့်မည်။

သို့ရာတွင် အစ်ကိုဟေးသည် ယင်းကျီကို ထိုင်ဟွာကုန်တိုက်သို့ သွားရောက်သည့် ပထမဆုံးအကြိမ်တွင် ဖမ်းမိလိမ့်မည်ဟု ထင်မထားမိခဲ့သည့်အပြင် ကုန်တိုက် ပိုင်ရှင်မှလည်း သူ့ကို လာရန် ခေါ်နေသည်လော။

သို့ရာတွင် အစ်ကိုဟေးအနေဖြင့် ယင်းကျီကို မကယ်တင်ပါက သူ့နောက်လိုက်များ သူ့ကို လေးစားကြတော့မည် မဟုတ်ချေ။ ထို့အပြင် ယင်းကျီသည် သူ့မိန်းမ ဖြစ်နေပေသည်။

“ဟုတ်ပြီလေ.. နောက်တစ်နာရီလောက်ဆို ငါရောက်မယ်.. မင်းတို့အားလုံး ယင်းကျီကို လက်ဖျားနဲ့ မထိနဲ့.. မင်း ရှင်းချင်ရင် ငါနဲ့လာရှင်း..”

ဖုန်းချပြီးနောက် ဖုန်းယွီသည် ယင်းကျီရှေ့တွင်ပင် နောက်ထပ် ဖုန်းဆက်လိုက်သည်။

“ဟဲလို .. စခန်းမှူးလီလား.. ကျုပ် ထိုင်ဟွာကုန်တိုက်က ဖုန်းယွီပါ.. ကျုပ်မှာ ပြဿနာ နည်းနည်း ရှိလို့ အကူအညီလိုနေတယ်..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters