ကျောက်ခဲတစ်လုံးတည်းဖြင့် ငှက်များစွာသတ်ခြင်း
Vol. 44 Ch. 652
“အင်း… ညနေပိုင်းသတင်း ဖတ်ပြီးပြီလား.. မြို့တော်ဗျူရိုက ထိုင်ဟွာကုန်တိုက်နဲ့ ပူးပေါင်းပြီး သူခိုးဂိုဏ်းတစ်ခုလုံး နှိမ်နင်းလိုက်တယ်.. အထက်လူကြီးတွေကလဲ ဒီအဖွဲ့လိုမျိုး တခြားပြည်နယ်မှာရှိနိုင်တယ်တဲ့.. ထိုင်ဟွာကုန်တိုက် စီးပွားရေးကောင်းနေတော့ သွားခိုးကြတာလေ.. နောက်ဆုံးတော့ သူတို့ထဲက တစ်ယောက် ဖမ်းမိပြီး လူပေါင်း (၃၀) ကျော် မြို့တော်ဗျူရိုက ဖမ်းခိုင်းလိုက်ပါလေရော..”
“တကယ်ကြီးလား.. နောက်မှ ဖတ်ရအုံးမယ်.. အဲ့သူခိုးတွေ တော်တော်ဆိုးတာ.. ပြင်းပြင်းထန်ထန် အပြစ်ပေး သင့်တယ်..”
နောက်တစ်မှလည်း ဒေါသတကြီး ပြန်ဖြေလိုက်သည်။ ထိုလူမှာ လစာထုတ်လာစဉ်း ခါးပိုက်နှိုက်ခံရဖူးပေသည်။
“ဒီတစ်ကြိမ် အဲ့ကောင်တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာ သေချာတယ်.. ဒီအဖွဲ့က တခြားရာဇဝတ်မှုတွေ မှာလဲ ပတ်သက်နေတယ်လို့ ငါကြားထားတယ်.. ဒီကောင်တွေအတွက် အနိမ့်ဆုံး ပြစ်ဒဏ်က ရဲဘက်စခန်းမှာ အနည်းဆုံး (၁)နှစ်ပဲ.. မြို့တော် ဗျူရိုက လုပ်ရပ် အရမ်းကောင်းတယ်.. ဒါရဲတွေရဲ့ အလုပ်ပဲလေ..”
“ဒါလဲ အလုပ်ကောင်းကောင်း လုပ်တဲ့ ထိုင်ဟွာ ကုန်တိုက်က လုံခြုံရေးတွေကြောင့်လို့ ထင်တယ်.. သူတို့က သူခိုးဖမ်းပေးထားတာလေ.. ‘xxxxx’ အရောင်းဆိုင်ကို ငါနောက်ဆုံးတစ်ကြိမ် သွားဝယ်တုန်းက ပိုက်ဆံအိတ် အခိုးခံလိုက်ရတာတောင် အဲ့ အရောင်းဆိုင်က ဂရုမစိုက်ဘူး… ထိုင်ဟွာကုန်တိုက် အရမ်းကောင်းတယ်..”
“ဟုတ်တယ်… ထိုင်ဟွာ ကုန်တိုက်က တခြားနေရာတွေထက်လဲ ဈေးသက်သာသာနဲ့ ပစ္စည်းတွေ ရောင်းပေး နေတာ.. အများနဲ့ သာဝယ်ရင် ယွမ်(၁၀၀)လောက်ကို သက်သာနိုင်သေးတယ်..”
“ဟုတ်ပ.. မနေ့က အရောင်းမြှင့်တင်ရေး လက်ကမ်းစာစောင်တစ်ခု ရလိုက်သေးတယ်.. လာမယ့် သီတင်းပတ် အကုန်မှာ ရောင်းပေးအုံးမယ်တဲ့..”
“တကယ်လား.. ဒီတစ်ပတ်ပြီးရင်လဲ နောက်ထပ် အရောင်းမြှင့်တင်ရေး ရှိသေးတယ်ပေါ့.. ပြီးခဲ့တဲ့ အပတ်က ပြီးသွား ပြီထင်နေတာ.. ဘာလို့များ အပတ်တိုင်း ရောင်းနေပါလိမ့်..”
“ဘယ်လိုလုပ် သိမှာတုန်း.. ဘာပဲဖြစ်ဖြစ်.. ငါတို့အတွက် အကျိုးရှိတာပဲလေ.. ငါတော့ သွားဖြစ်အောင် သွားမှာ.. မင်းရောသွားမှာလား..”
“ဒါပေါ့ဟ.. ဘာမှမရရင်တောင် ကုန်တိုက်ကြီးက အဆင်ပြေတယ်.. နေရာကလဲ ကျယ်နေရော..”
*********
အစ်ကိုဟေးနှင့် ကြံရာပါများကို ဖမ်းဆီးပြီး ထိုင်ဟွာကုန်တိုက်တွင် ထိန်းသိမ်းထားကြောင်း ကျန်လူများကို မြေအောက် လောကသားအချင်းချင်း သတိပေးခဲ့ကြသည်။ ဤသည်က ကျန်သူခိုးများကို ဟန့်တားသည့် ပုံစံတစ်မျိုးဖြစ်သည်။
ရာဇဝတ်ကောင်များအားလုံး ထိုင်ဟွာ ကုန်တိုက်ကို ပစ်မှတ်မထားသင့်ကြောင်း သတိပေးချက်တစ်ခုပင်။
ဖုန်းယွီသည် ညနေခင်း သတင်းစာများတွင် ဤအဖြစ်အပျက်ကို ထုတ်ဝေရန် အဆက်အသွယ်များ သုံးလိုက်သည်။ တစ်ဖက်တွင် မြို့တော် ရဲတပ်ဖွဲ့ ဗျူရိုနှင့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့၊ အထူသဖြင့် စခန်းမှူးလီအား ချီးကျူး ဂုဏ်ပြုခြင်းပင်။ နောက်ရည်ရွယ်ချက်တစ်မျိုးမှာ ထိုင်ဟွာကုန်တိုက်ကို လူများအကြား သိရှိ မှတ်မိသွားစေရန် ဖြစ်သည်။ နောက်ဆုံးအနေဖြင့် ထိုင်ဟွာကုန်တိုက်တွင် ရာဇဝတ်ကောင်များ ခြေဦးပင် မလှည့်ရဲအောင် သတင်း ဖြန့်ဝေခြင်းဖြစ်သည်။
ဤသတင်းကို ထုတ်ပြန်လိုက်သည့်အခါ စခန်းမှူးလီကို ကျေးဇူးတင်ရန် ဖုန်းယွီ ချက်ချင်း ဖုန်းဆက်လိုက်သည်။ ဤဆောင်းပါးမှ ရဲတပ်ဖွဲ့နှင့် သူ့ဂုဏ်သတင်းကို တိုးမြင့်စေမည် ဖြစ်သည်။ သူသည် တိုက်ရိုက် ရာထူးတိုးခြင်း မဖြစ်နိုင်သော်လည်း အထက်အကြီးအကဲများ သတိပြုမိသွားပြီး ရာထူးတိုးရေးတွင် အထင်ကြီးမှု ရရှိစေလိမ့်မည်။
ယင်းကိစ္စမှ အခိုးခံရသည့် ပစ္စည်းတော်တော်များများ ပြန်လည် ရရှိခဲ့သည်။ ထိုကုန်ပစ္စည်း အများစု၏ ပိုင်ရှင်ကို ရှာမတွေ့ဘဲ ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းအရ ရဲတပ်ဖွဲ့မှ ထိန်းသိမ်း စီမံရန်သာပင်။ သိမ်းဆည်းရမိသည့် ပစ္စည်းများမှ အချို့ကို မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ပစ္စည်းများကို အခြားနယ်မြေရှိ ရဲစခန်းများသို့ ခွဲဝေပေးမည် ဖြစ်ကြောင်း သိရှိရသည်။ နယ်မြေခံ ရဲစခန်းများတွင် ရန်ပုံငွေများ ပိုမိုရရှိလာကာ ရဲအရာရှိများလည်း တက်ကြွ လာတော့သည်။
ရဲအရာရှိများအနေဖြင့် ပိုမိုကြိုးစားကာ စိတ်ဓါတ်တက်ကြွချင်သော်လည်း ပြန်လည်ရရှိသည့် လစာငွေမှာ နှောင့်နှေးနေပေသည်။ သိ့ဖြစ်၍ အလုပ်ထဲတွင် မည်သို့ စိတ်တက်ကြွကြတော့မည်နည်း။
ယခု အစီရင်ခံစာကြောင့် ရာဇဝတ်ကောင်များအားလုံး ထိုင်ဟွာကုန်တိုက်အကြောင်း သိသွားကြသည်။ ထိုင်ဟွာ ကုန်တိုက်တွင် လူအများ အဆက်အမပြတ် ဝင်ထွက်သွားလာနေသော်လည်း သူခိုးများသည် အစ်ကိုဟေးတို့ ဖြစ်ရပ်ကြောင့် လက်ရှောင်နေကြတော့သည်။
ယခင်က ခိုးမှု ပြစ်ဒဏ်သည် အများဆုံး (၃)ရက်မှ (၅)ရက်သာ အကျဉ်းကျခံကြရသည်။ အမှု ပြင်းထန်ပါက (၂)ပတ်ခန့်အထိ ကြာနိုင်ပေသည်။ သို့ရာတွင် အစ်ကိုဟေးနှင့် ကြံရာပါများအား တရားရုံးတွင် စွဲချက်တင် လိုက်သည်။
ဤသည်မှာ ခိုးမှုလေးတစ်ခုသာ ဖြစ်ပြီး ဤမျှ မပြင်းထန်သင့်ချေ။
သို့တိုင်အောင် ထိုရာဇဝတ်ကောင်များမှာ ဘာဖြစ်နေမှန်းပင် မသိကြသည်မှာ အမှန်တရား တစ်ခုပင်။ ဂိုဏ်ခေါင်းဆောင် အပါအဝင် လူပေါင်း (၃၀)ကျော်ကို ထောင်ဒဏ်ချမှတ် လိမ့်မည်ဟု ဆောင်းပါးတွင် ဖော်ပြ ထားပေသည်။
ဤ ထိုင်ဟွာ ကုန်တိုက်သည် မည်သည့် ရာဇဝတ်သားမှ အနီးမကပ်ရဲသည့် နေရာတစ်ခု ဖြစ်လာတော့သည်။
ပေကျင်းမြို့သည် ကြီးမား ကျယ်ပြန့်သော နေရာတစ်ခုဖြစ်သည်။ ထိုင်ဟွာ ကုန်တိုက်ကို ပလှပ်၍ ခိုယူရန် နေရာ ပေါင်းများစွာ ရှိနေပေသည်။ ထိုနေရာများတွင် ကြောက်စရာ မကောင်းချေ။
ထိုင်ဟွာကုန်တိုက်၏ လုံခြုံရေး အစောင့်များအားလုံးသည် စစ်သည်ဟောင်းများ ဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။ ၎င်းတို့အားလုံး ကြံ့ခိုင်ကာ သွက်လက်ကြပေသည်။
သူခိုးဖမ်းမိပါက လုံခြုံရေး အရာရှိများမှ ရိုက်နှက်ကြပေလိမ့်မည်။ ဤသည်က လုပ်ရိုးလုပ်စဉ်တစ်ခုသာပင်။
ထိုးအကြောင်း ရဲများသိသော်လည်း ဂရုမစိုက်ကြချေ။ ဤသည်ကို လူထုမြင်ပါက ပိုဆိုးပေလိမ့်မည်။ သူခိုးအား ဝိုင်းဝန်းရိုက်နှက်ရန် ပြည်သူများပင် ပါဝင်လာကြလိမ့်မည်။
သာမန်အားဖြင့် သူခိုးများသည် ရာဇဝတ်ကောင်များ အကြား အဆိုးဆုံးသော အထုအထောင်းဒဏ် ခံရပေသည်။
ထိုင်ဟွာ ကုန်တိုက်သည်လည်း ဤအဖြစ်အပျက်မှ လူသိများအောင် ဖန်တီးနိုင်ခဲ့သည်။ အသံလွှင့်ဌာန များမှပင် ဇာတ်လမ်း ပုံပြင်ဆန်ဆန် ထုတ်လွှင့်ခဲ့ကြသည်။ ထိုင်ဟွာကုန်တိုက် အမည်ကို ဇာတ်လမ်းအတွင်း အကြိမ်ပေါင်း များစွာ ထပ်ကာထပ်ကာ ပြောကြားနေပေသည်။ ထို ကုန်တိုက်အမည်အား နားထောင်သူများ နားစွဲစေချင်ပေသည်။
နားထောင်သူများသည်လည်း ထိုကုန်တိုက်ကို စပ်စုချင်ကြသဖြင့် ထိုင်ဟွာ ကုန်တိုက်အနီးမှ ဖြတ်သွားသည့်အခါ ဝင်ရောက်လှည့်ပတ် ကြည့်ရှုဖြစ်ကြသည်။ သူတို့ကိုယ်တိုင်ပင် မသိလိုက်ဘဲ ထိုင်ဟွာ ကုန်တိုက်၏ ဖောက်သည်များ ဖြစ်လာပေလိမ့်မည်။
ထိုင်ဟွာကုန်တိုက်သို့ လာရောက်ဖူးသူတိုင်း နောက်တစ်ကြိမ် ထပ်လာချင်နေကြပေသည်။ အရောင်းမြှင့်တင်ရေး ပွဲသည်လည်း တစ်ခုမဟုတ် တစ်ခု ရှိနေပေသည်။
အမှန်တကယ်တွင် ထိုင်ဟွာကုန်တိုက်၌ နေ့စဉ် အရောင်းမြှင့်တင်ရေး ပစ္စည်းများ ရှိပေသည်။ ဤသည်ကို ဖွင့်ပွဲ မပြုလုပ် ခင်ကတည်းက သတ်မှတ်ထားပြီးသားပင်။ ထုတ်ကုန်မျိုးစုံရှိ၍ နေ့စဉ်နှင့်အမျှ ထိုအမှတ်တံဆိပ်များကို အလှည့်ကျ အရောင်းမြှင့်တင်ရေး ပြုလုပ်ပေလိမ့်မည်။
ယနေ့ သင့်အလှည့်ဖြစ်ပါက သင့်ထုတ်ကုန်များအတွက် အထူးအရောင်းမြှင့်တင်ရေး ဈေးနှုန်းတစ်ခု ရှိရပေလိမ့်မည်။ သင့်ထုတ်ကုန်များ အဆင့်မြှင့်ချင်နေသည်လော။ ပြဿနာမရှိချေ။ ကြိုတင် စာရင်းပေးထားရပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ကုန်တိုက်မှာ အမြတ်များ ရနေပေလိမ့်မည်။ အရောင်းမြှင့်တင်ရေး ကုန်ကျစရိတ်မှာ ကုန်အမှတ်တံဆိပ်များမှ ကျခံသွားပေလိမ့်မည်။ ဤသည်မျာ ကုန်တိုက်အတွက် ဖောက်သည်များ၊ ရောင်းအား၊ ဂုဏ်သတင်း တို့ကိုလည်း တိုးလာစေပေလိမ့်မည်။
အပတ်စဉ် အရောင်းမြှင့်တင်ရေး လက်ကမ်းစောစောင် အသစ်များ ပုံနှိပ်ထုတ်ဝေသွားပေမည်။ ထို့အပြင် ပွဲတော် ကာလအတွင်းတွင်လည်း ဈေးဝယ်သူများအတွက် အစီအစဉ်များ ထပ်မံရှိနေအုံးမည်။ ဤသည်တို့ကို ကုန်တိုက် မန်နေဂျာများမှ စီစဉ်ပေးလိမ့်မည်။
ကုန်တိုက်များ တိုးလာသည်နှင့်အမျှ ထိုအဖြစ်အပျက်နှင့်အတူ ထိုင်ဟွာကုန်တိုက်မှာ လုံခြုံရေး အထူးကောင်းမွန်ပြီး ထိုင်ဟွာကုန်တိုက်အတွင်း ဆိုင်ခန်းနေရာအလွတ် စုံစမ်းသူမေးမြန်းမှု ပိုမို များပြားလာကြောင်း လူအများ သိလိုက်ရသည်။
ယခင်က လူတော်တော်များများသည် အိမ်ငှားခ အရမ်းမြင့်သည်ဟု ခံစားကြရပေသည်။ ထို့အပြင် ထိုင်ဟွာ ကုန်တိုက် လုပ်ငန်းစုသည် အလားအလာရှိသော ဖောက်သည်များကို ဖယ်ထုတ်နိုင်သည့် အနေအထားတစ်ခု ရှိပေသည်။ သို့ရာတွင် ထိုင်ဟွာကုန်တိုက်တွင် အသွားအလာနှင့် လုံခြုံရေးကို ထိုလူများမြင်ပြီး စိတ်ပြောင်းသွားကြသည်။
ကုန်ပစ္စည်းတစ်ခု မည်မျှပင် ကောင်နေသည်ဖြစ်စေ စီးပွားရေးသမားများသည် လူသွားလူလာ နည်းသည့် နေရာတွင် ၎င်းတို့ပစ္စည်းများ ရောင်းချမည် မဟုတ်ချေ။
ထိုင်ဟွာကုန်တိုက်တွင် လူစုလူဝေးသည် ဖွင့်လှစ်ပြီး ရက်အနည်းငယ်သာ ကြာနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ဈေးဝယ်သူ အများမပြား မရှိနိုင်တော့ဟု ထိုစီးပွားရေးသမားများ ထင်မြင်ထားကြပေသည်။ ရူးသွပ်မှု မှန်သမျှ အချိန်တန်လျှင် ကွယ်ပျောက်ကြစမြဲပင်။
သို့ရာတွင် ထိုင်ဟွာကုန်တိုက်မှာ နေ့စဉ် အရောင်းမြှင့်တင်ရေးပွဲများ ရှိကြောင်း မကြာမှီ သိလိုက်ရတော့သည်။ ဈေးဝယ်သူ အရေအတွက်သည်လည်း ဖွင့်ပွဲလောက် မများသော်လည်း အရမ်းများသည့် အနေအထားတွင် ရှိနေသေးသည်။ စနေ၊ တနင်္ဂနွေနေ့များတွင်မူ ဖွင့်ပွဲကဲ့သို့ လူစည်ကားပေသည်။
ဤနေရာသည် ၎င်းတို့၏ ဆိုင်ခန်းများ တည်ထောင်ရန် အကောင်းဆုံးနေရာဖြစ်သည်။ လုပ်ငန်းရှင်များ တုံ့ဆိုင်း မနေကြတော့ချေ။ ဆိုင်ခန်းနေရာများ ငှားရမ်းရန် ထိုင်ဟွာကုန်တိုက်သို့ ချဉ်းကပ်ကြတော့သည်။ ပထမဆုံး ဆက်သွယ်လာသူများ လက်ဝတ်ရတနာနှင့် ဆက်စပ်ပစ္စည်း လုပ်ငန်းရှင်များ ဖြစ်သည်။ ထိုင်ဟွာ ကုန်တိုက်တွင် ယာဉ်ကြောပိတ်ဆို့မှုမရှိခြင်း၊ လုံခြုံရေး ကောင်းမွန်ခြင်းတို့ကို ကျေနပ်ကြပြီး ၎င်းတို့၏ ဆိုင်ခန်းများ တည်ထောင်ရန် လုံခြုံသည်ဟု ခံစားရစေသည်။
ဤဆိုင်များသည် ဘေးကင်းရေးနှင့် လုံခြုံရေးအတွက် အလွန်စိုးရိမ်ရပေသည်။ ထို့အတွက် ထိုင်ဟွာကုန်တိုက်မှ အာမခံပေးထားပေသည်။
******
“မန်နေဂျာဖုန်း.. ကျုပ်တို့ လုံခြုံရေး အရာရှိတွေက သူခိုးဖမ်းမိကြောင်း လူသိရှင်ကြား ကြေငြာပြီးတဲ့တော် ကုမ္ပဏီ တော်တော်များများ ဆိုင်ခန်းငှားဖို့ လာကမ်းလှမ်းကြတယ်.. ဒီလအတွင်းကိုပဲ ဆိုင်ခန်းတွေ အကုန်ငှားရလိမ့်မယ် ထင်တယ်.. အခန်းငှားခတွေလဲ လျော့စရာမလိုဘူး..”
“အဆင်ပြေပါတယ်.. နာမည်ကြီး ကုမ္ပဏီတွေနဲ့ အမှတ်တံဆိပ်တွေ သေချာရွေးပေါ့.. အမြတ်အစွန်းကြောင့် ကျုပ်တို့ ဂုဏ်သိက္ခာ မထိခိုက်စေနဲ့.. မင်းက ငါ့ထက် ပိုအတွေ့အကြုံရှိမှာပါ.. အားလုံး မင်းနဲ့ပဲ လွှဲထားလိုက် တော့မယ်..”
ကိစ္စတစ်ရပ် အခြားသူများ ကိုင်တွယ်နိုင်ပါက ဖုန်းယွီ ကိုယ်တိုင် လုပ်မည်မဟုတ်ချေ။ ထိုကိစ္စအတွက် ထိုလူများကို ငှားရမ်းထားသည် မဟုတ်ပေလော။
သူခိုးအား ကုန်တိုက်တွင် ဖမ်းမိခဲ့သဖြင့် ကောင်းသည့်ကိစ္စ မဖြစ်သင့်ချေ။ သို့ရာတွင် ဤကဲ့သို့ ဖြစ်လာမည်ကို မည်သူမျှော်လင့်ထားမည်နည်း။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)