ငွေအတွက် ကတ်များ ရောင်းခြင်း (၁)
Vol. 44 Ch. 653
ဩဂုတ်လ ကုန်ဆုံးပေတော့မည်။ ထိုင်ဟွာကုန်တိုက်ရှိ ဆိုင်ခန်းနေရာအားလုံး ငှားရမ်းခဲ့ရသည်။ ဤသည်မှာ မျှော်လင့်ထားသည်ထက် အချိန်ပိုမြန်ခဲ့ပေသည်။
အဓိက အကြောင်းအရင်းမှာ ထိုင်ဟွာကုန်တိုက်တွင် ဈေးဝယ်သူအရေအတွက် ကြောင့်ဖြစ်သည်။ များမကြာမှီ ထိုင်ဟွာကုန်တိုက်များသည် သက်ဆိုင်ရာမြို့များတွင် အထင်ကရ နေရာတစ်ခု ဖြစ်လာတော့သည်။
ထိုင်ဟွာ ကုန်တိုက်မှလည်း ၎င်းတို့၏ အားကောင်းသော အဆက်အသွယ်များနှင့် အလားအလာများ ပြသနိုင် ခဲ့သည်။ ထိုကုမ္ပဏီများအားလုံး အခွင့်အရေး လက်လွှတ်မခံသည်အထိ ထက်မြက်ကြပေသည်။
KFC နှင့် McDonalds တို့သည် အချက်(၂)ချက်ကြောင့် အောင်မြင်ခြင်းဖြစ်ကြောင်း ပြောကြားဖူးခဲ့ပေသည်။ ပထမ အချက်မှာ အမှတ်တံဆိပ်ဖြစ်ပြီး ဒုတိယအချက်မှာ တည်နေရာများဖြစ်သည်။
ရိုးရှင်းစွာ ဥပမာပြရမည် ဆိုပါက KFC နှင့် McDonalds တို့သည် ကျေးရွာများတွင် ၎င်းတို့၏ဆိုင်များ ဖွင့်လှစ်ပါက ရွာသားများအနေဖြင့် နိုင်ငံတကာ အမြန်စား စားသောက်ဆိုင်ဟု သိထားလျှင်ပင် အမြတ်အစွန်းရနိုင်မည် မဟုတ်ချေ။ မည်သည့်အတွက်ဆိုသော် ကျေးရွာများတွင် လူနည်းလွန်းပြီး အသုံးစရိတ်မရှိကြချေ။
KFC နှင့် McDonalds ကြက်ကင်များသည် ၎င်းတို့၏ ဆိုင်တည်နေရာရွေးချယ်ရန် ကျွမ်းကျင်ပညာရှင်များကို အဘယ့်ကြောင့် ငှားရမ်းရသနည်း။ ထို့အတွက် အရေးအကြီးဆုံးဖြစ်သော လူအသွားအလာ အလုံအလောက် ရှိရန် သေချာဂရုစိုက်ရမည်။ စားသောက်ဆိုင်သည် နိုင်ငံတကာ အမှတ်တံဆိပ် တစ်ခုဖြစ်သဖြင့် လူတိုင်း ဝင်ရောက် စားသောက်နိုင်မည် မဟုတ်ချေ။
ရိုးရိုးသားသား ပြောရပါက အမြန်စား အစားအစာများသည် အရသာ မကောင်းချေ။ ဆိုင် တော်တော် များများမှလည်း ထိုကဲ့သို့သော အရသာများ တုပလုပ်ဆောင်နိုင်ပေသည်။ သို့အတွက် အမြန်စား အစားအစာ စားသောက်ဆိုင်များ အများအပြား ပေါ်ထွက် ကြီးမားလာနိုင်ပေသည်။ သင့်လျော်သည့် တည်နေရာနှင့် သင့်လျော်သော အရသာရှီ အစားအစာကိုသာ လိုအပ်ပြီး ထိုလုပ်ငန်းမှာ အဆင်ပြေမည် ဖြစ်သည်။
ထိုင်ဟွာ ကုန်တိုက်များသည် ၎င်းတို့ဆိုင် မျက်နှာစာအားလုံးကို ငှားရမ်းပြီး ငှားရမ်းခများကို နှစ်စဉ်ကောက်ခံ သော်လည်း ပထမနှစ် ငှားရမ်းခမှာ အလွန်ဈေးသက်သာပေသည်။ ထိုင်ဟွာ ကုန်တိုက်နှင့် ထိုကုန်မ္ပဏီများသည် ဈေးကွက် စမ်းသပ်လိုကြခြင်းဖြစ်သည်။
ထိုင်ဟွာကုန်တိုက် လုပ်ငန်းအုပ်စုအနေဖြင့် ထိုကုမ္ပဏီများသည် လာမည့်နှစ်အတွင်း ငှားရမ်းခများ မတိုးမီ မည်မျှ ဝင်ငွေရရှိနိုင်သည်ကို စောင့်ကြည့်လိုသေးသည်။ ထိုင်ဟွာကုန်တိုက်များတွင် လူစုလူဝေး ဆက်လက်ရှိနေမည်ကို အခြားကုမ္ပဏီများ စိုးရိမ်နေကြသည်။ နောက်နှစ်လ ကြာသည်အထိ လူစုလူဝေး ရှိနေသေးပါက ဆုံးရှုံးမှုများ ကြုံတွေ့ရပေလိမ့်မည်။
ဆိုင်ခန်းများစွာကို ငှားရမ်းကာ အမှတ်တံဆိပ် အပ်ငွေများဖြင့် ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုသည် ငွေပမာဏ များစွာ စုဆောင်းမိလာသည်။ သို့ရာတွင် ဖူကွမ်းကျန့်သည် ထိုင်ဟွာကုန်တိုက်များ အပေါ် လူအများ ကြိုက်နှစ်သက် မှုများ မြင်ရပြီး ကုန်တိုက် (၂၀)ဟူသည့် ပမာဏမှာ နည်းပါးလွန်းသည်ဟု ခံစားလာရသည်။ ၎င်းတို့သည် ကုန်တိုက်ပေါင်း (၁၀၀)ကျော်ကို အမြန်ဆုံး ထူထောင်သင့်ပေသည်။ ပြည်နယ်တိုင်းတွင် အနည်းဆုံး ကုန်တိုက် (၃)ခု ရှိချင်ပေသည်။ လူဦးရေ ထူထပ်သည့် ပြည်နယ်နှင့် မြို့ကြီးများတွင် ကုန်တိုက်ခွဲများ ပို၍ ထားရှိသင့်ပေသည်။
ဖူကွမ်းကျန့်သည် Carrefour မှ တရုတ်နိုင်ငံတွင် နေရာများ ရှာဖွေနေပြီ ဖြစ်ကြောင်း သတင်းရရှိခဲ့သည်။ လာမည် နှစ်အတွင်း တရုတ်ဈေးကွက်သို့ ဝင်ရောက်မည်ဟု ကြားသိထားရသည်။ လက်ရှိတွင် ၎င်းတို့သည် ပေကျင်းနှင့် ရှန်ဟိုင်း (၂)မြို့ကိုသာ ပစ်မှတ်ထားလျှက်ရှိသည်။
ယခုအချိန်၌ Carrefour သည် တရုတ်နိုင်ငံ၌ မဟာကုန်တိုက်များအတွက် သင့်လျော်သည်ဟု မယူဆသေးချေ။ သို့ရာတွင် ဤသည်မှာ တရုတ်နိုင်ငံ၏ ဈေးကွက်အလားအလာကို မမြင်မိခြင်းပင်။ တရုတ်နိုင်ငံ၏ လူဦးရေသည် အလွန်မြင့်မားပြီး ထိုအဟာကုန်တိုက် အမျိုးအစားများသည် ကြီးထွားလာရန် အလားအလာ ရှိမည် ဖြစ်သည်။
ပြင်သစ်နိုင်ငံတွင် Carrefourသည် ၎င်းတို့၏ ကုန်တိုက်များ ဖွင့်လှစ်သည့်အခါ ပြင်သစ်စီးပွားရေးသည် ယခု တရုတ် စီးပွားရေးထက် ဆိုးရွားပေသည်။
ထို့အပြင် Walmart ၏ အာရှရေးရာ တာဝန်ခံသည်လည်း တရုတ်ဈေးကွက်ကို စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
အကယ်၍ ထိုလုပ်ငန်းစုကြီး (၂)ခုသည် ၎င်းတို့၏ မဟာကုန်တိုက်များနှင့်အတူ တရုတ်နိုင်ငံသို့ ဝင်ရောက်လာပါက ၎င်းတို့သည် ထိုင်ဟွာကုန်တိုက်၏ အပြင်းထန်ဆုံး ပြိုင်ဘက် ဖြစ်လာမည် ဖြစ်သည်။
၎င်းတို့မှာ တစ်ခုတည်းသော ခြိမ်းခြောက်မှု မဟုတ်ချေ။ ဖူကွမ်းကျန့်သည် လူပေါင်းများစွာ၊ မြို့များစွာတွင် ကုမ္ပဏီများကို မှတ်ပုံတင်ထားကြောင်း သိရှိထားပေသည်။ ထိုင်ဟွာကုန်တိုက်၏ လည်ပတ်မှုပုံစံကို အတုယူကာ ကုန်တိုက်ခွဲများ ထူထောင်လိုကြသည်။
ထိုကုမ္ပဏီများသည် ၎င်းတို့၏ ဒေသန္တရအစိုးရများ၏ ကျောထောက်နောက်ခံ ရှိထားပြီး ထိုင်ဟွာကုန်တိုက်ထက် ပို၍ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
ထိုကုမ္ပဏီများသည် ထိုင်ဟွာကုန်တိုက်ကဲ့သို့သော ကုန်တိုက်ကြီးများ တည်ထောင်နိုင်မည် မဟုတ်သော်လည်း တစ်ခုတည်းသာ တည်ထောင်ပါက ပြဿနာမရှိချေ။ ၎င်းတို့ အောင်မြင်ပါက ကုန်တိုက် ကွင်းဆက်တစ်ခု ထူထောင်နိုင်ပေလိမ့်မည်။
ပမ့်မြို့တော်တွင် ကြိုတင်ပြင်ဆင်မှုများ စတင်နေပြီဖြစ်သော နိုင်ငံပိုင် ကုန်တိုက် တစ်ခု ရှိပေသည်။ ၎င်းတို့သည် လျင်မြန်လွန်းလှပေသည်။ ဖူကွမ်းကျန့် တုံ့ပြန်ခြင်း မပြုလုပ်နိုင်မီပင် အဆင်သင့်ဖြစ်နေကြပြီး အောက်တိုဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထားပေသည်။
ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုသည် စက်မှုလုပ်ငန်းတွင် အများ၏ ရန်သူ ဖြစ်လာခဲ့သည်။ အကယ်၍ နေရာကောင်းများကို အခြားကုမ္ပဏီများ သိမ်းယူသွားပါက ထိုင်ဟွာကုန်တိုက်၏ ဖွံ့ဖြိုးတိုးတက်မျု ရပ်တန့်သွားမည် ဖြစ်သည်။
ဖူကွမ်းကျန်သည် ဤအချက်ကြောင့် စိုးရိမ်နေမိသည်။ လီကျယ်ခိုင်၊ မဟာလူသားလီနှင့် ဖူရုံပမ့် တို့သည်လည်း ထိုပြဿနာကို သိမြင်ခဲ့ကြသည်။
၎င်းတို့တွင် ရွေးချယ်စရာ အနည်းငယ်သာရှိပေသည်။ ပထမ အချက်မှာ ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ရန်နှင့် ကုန်တိုက်များ ထူထောင်ရန် ငွေများ အသုံးပြုရေးဖြစ်သည်။
ဒုတိယအနေဖြင့် ချေးငွေ ရယူခြင်းဖြစ်သည်။ သို့ရာတွင် ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုသည် လုပ်ငန်းထဲသို့ ငွေ အမြောက်အများ ထည့်ထားခဲ့ပြီး ပုံသေပိုင်ဆိုင်မှုများရှိသော်လည်း အမှတ်တံဆိပ် တန်ဖိုးမှာ မမြင့်မားသေးချေ။ ၎င်းတို့ ချေးယူနိုင်သည့် ငွေပမာဏမှာ မများနိုင်ချေ။
တတိယ ရွေးချယ်မှုမှာ အမှတ်တံဆိပ်များမှ အပ်ငွေများအပါအဝင် ထိုင်ဟွာကုန်တိုက်၏ အမြတ်အစွန်းနှင့် အရန်ပိုင်ဆိုင်မှုအားလုံးကို အသုံးပြုရန်ဖြစ်သည်။
သို့ရာတွင် ယခုအချိန်၌ ဖုန်းယွီသည် နောက်ထပ် ရွေးချယ်စရာ တစ်ခုပေါ်လာပေသည်။
“ရင်းနှီးမြုပ်နှံမှုတွေ တိုးဖို့က ငါတို့အားလုံးအတွက် ပြဿနာမဟုတ်ဘူး.. ဒါပေမယ့် ငါတို့တွေ ဒီလောက်ထိ ပြင်းပြင်းထန်ထန် တိုးချဲ့မယ်ဆို ငါတို့ ငွေသိပ်ရမှာမဟုတ်ဘူးဆိုတာ မင်းတို့အားလုံး သိမှာပါ.. ပြောချင်တာက ငါတို့ရဲ့ ရင်းနှီးမြုပ်နှံငွေတွေ အချိန်အကြာကြီးအောင်းနေတော့မှာ.. ဒါ ရွေးချယ်မှုကောင်းမဟုတ်ဘူး.. ငါတို့ ဆိုင်ခွဲ(၂၀)ရဲ့ နေရာရှာဖို့တောင် အချိန်အတော်ကြာခဲ့တာ။ နောက်ထပ် ကုန်တိုက်တွေ တည်ထောင်ဖို့ အလောတကြီး လုပ်မယ်ဆိုရင် အမှားတွေ လုပ်မိတော့မယ်..”
ဖုန်းယွီစကားကို ဖူကွမ်းကျန့်မှ ပြန်လည်၍..
“ငါတို့လဲ ဒါကို သိတယ်.. ဒါပေမယ့် ငါတို့ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုက KFC နှင့် McDonalds တို့ကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး.. ဈေးကွက်ထဲ ဝင်လာတာနဲ့ အစိုးရကလဲ လိုက်လျောမှု တစ်ခုခု ပေးမှာသေချာတယ်.. သူတို့သာ ခြေကုတ်ယူသွားရန် ဈေးကွက်ဝေစု တော်တော်များများ သိမ်းသွားလိမ့်မယ်.. ပြီးတော့… ဟိုအတုခိုးသမားတွေလဲ ငါတို့ရဲ့ ဈေးကွက်ဝေစု သိမ်းသွားအုံးမှာ.. နေရာကောင်းတွေ သိမ်းသွားမယ်ဆိုရင် ငါတို့ရဲ့ နောက်ထပ် ကုန်တိုက်တွေ ဖွင့်ဖို့ အရမ်းခက်သွားလိမ့်မယ်.. အခုနေ ငါတို့ရဲ့ တိုးချဲ့မှု အစီအစဉ် အရှိန်မြှင့်ပြီး နေရာကောင်းတွေ သိမ်းထားနိုင်မှ ဖြစ်မယ်.. အနည်းဆုံးတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ သဘောတူညီချက် လက်မှတ်ထိုးထားနိုင်မှ ဖြစ်မယ်..”
“မင်း ဘာကိုပြောနေတယ်ဆိုတာ ငါသိပါတယ်.. တိုးချဲ့ဖို့ကို မတားပါဘူး.. ငါတို့ရဲ့ ရင်းနှင်းမြုပ်နှံမှုတွေ တိုးမြှင့်ဖို့ မလိုအပ်ဘူးလို့ပဲ ခံစားနေရတာ.. ချေးငွေ ယူလို့လဲ ရသေးတယ်.. ငါတို့ ရနိုင်တဲ့ ပမာဏက အများကြီး မဟုတ်ပေမယ့် ကုန်တိုက်နောက်ထပ် (၁၀)ခု ဖွင့်ဖို့ လုံလောက်မှာပါ.. ငါပြောချင်တာက ထိုင်ဟွာကုန်တိုက်ရဲ့ အမြတ်အစွန်းနဲ့ ရန်ပုံငွေတွေကို သုံးတာ အကောင်းဆုံးအဖြေတစ်ခု ဖြစ်လိမ့်မယ်..”
ဖုန်းယွီ အပြုံးဖြင့်ပင် ရှင်းပြလိုက်သည်။
“အစ်ကိုဖုန်း.. ကုန်တိုက်တွေရဲ့ အမြတ်ငွေနဲ့ ရန်ပုံငွေတွေကို သုံးလိုက်မယ်ဆို အတိုအတွင်း ရန်ပုံငွေ ရှာနိုင်မှာပါ.. ကုမ္ပဏီ ငွေသားစီးဆင်းမှု ပြဿနာတွေနဲ့ ကြုံလာရင် ကုမ္ပဏီထဲကို ငွေထပ်ထည့်လို့ရတယ်.. ဒါပေမယ့် ငါတို့ ကုမ္ပဏီ ပုံရိပ် ထိခိုက်လိမ့်မယ်နော… လူတွေက ငါတို့ကို အခွံကြီးပဲရှိတဲ့ ကုမ္ပဏီလို့ ထင်သွားနိုင်တယ်..”
လီကျယ်ခိုင် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
မဟာလူသားလီသည် ဆက်လက်ရင်းနှီးမြုပ်နှံရန် သဘောတူခဲ့ပြီး လီကျယ်ခိုင်သည် ကုမ္ပဏီ၏ ရန်ပုံငွေနှင့် အမြတ်အားလုံးကို အသုံးချရန် စိတ်ကူးအား ဆန့်ကျင်နေခြင်းဖြစ်သည်။
“ငါတို့ ထိုင်ဟွာကုန်တိုက်တွေမှာ အသင်းဝင်ကတ်တွေနဲ့ ဈေးဝယ်ကတ်တွေ မိတ်မဆက်ရသေးဘူးလေ.. ဒီကတ်(၂)မျိုးရဲ့ အလားအလာကို အသုံးချသင့်တယ်လို့ပဲ ငါထင်တယ်..”
ဖုန်းယွီ ထူးခြားစွာ ပြောလိုက်သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)