← Chapters

ငွေအတွက် ကတ်များ ရောင်းခြင်း (၃)

Vol. 44 Ch. 655

ငွေအတွက် ကတ်များ ရောင်းခြင်း (၃)

Vol. 44 Ch. 655

လက်ဆောင်အဖြစ် ဈေးဝယ်ကတ်များ သုံးသည်လော။

ဖုန်းယွီ ထိုသို့ ပြောလိုက်သဖြင့် အားလုံး ရှုတ်သွားတော့သည်။ ဤဈေးဝယ်ကတ်များသည် ဈေးဝယ်ပြေစာ များကဲ့သို့ပင်။ မည်သည့်အတွက် ဤကတ်များကို လက်ဆောင်အဖြစ် ပေးနိုင်မည်နည်း။ ဤကတ်များကို လက်ဆောင်အဖြစ် ပေးကမ်းခြင်းမှာ အဘယ်သို့နည်း။ ငွေသား ပေးရန်ပင် ညွှန်ကြာကြပေအုံးမည်။

ဖူကွမ်းကျန့်သည် တရုတ်နိုင်ငံ၌ အချိန်အတော်ကြာ နေထိုင်ခဲ့ပေသည်။ တရုတ်လူမျိုးများတွင် လက်ဆောင် ဖလှယ် ခြင်းဓလေ့မရှိသော်လည်း အရာရှိ တော်တော်များများ လက်ဆောင် လက်ခံချင်မှန်း သူသိပေသည်။ သူတို့ အကြိုက်ဆုံး လက်ဆောင်မှာ ငွေသားသာပင်။

ဖူကွမ်းကျန့် မျက်လုံးများ တောက်ပသွားသည်။ ဈေးဝယ်ကတ်=ငွေသား။

မှန်ပေ၏။ ရေခဲသေတ္တာများ၊ တီဗွီများ၊ VCD စက်များ စသည်တို့အပါအဝင် အရာများစွာ ဝယ်ယူရန် ဈေးဝယ်ကတ်များကို သုံးနိုင်ပေသည်။ ၎င်းတို့သည် ငွေသားနီးပါး တူညီနေပေသည်။

ဖုန်းယွီ ဖူကွမ်းကျန့် အမူအရာကို မြင်လိုက်သည်နှင့် ပြုံးကာ..

“အခု သဘောပေါက်သွားပြီလား..”

“ဟုတ်တယ်.. ဒီလက်ဆောင်က လူကြီးတွေကို အဓိက ရည်ရွယ်တာလား..”

ဖုန်းယွီ ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေါ့.. ဒါပေမယ့် ခေါင်းဆောင်တွေ အတွက်ပဲ ကန့်သတ်ထားတာမဟုတ်ဘူး.. သူ့မှာ မိဘတွေ၊ ယောက္ခမတွေ၊ သက်ကြီးရွယ်အိုတွေ ဒါမှမဟုတ် မင်းကို ကူညီခဲ့ဖူးတဲ့သူတွေအတွက်ရောပေါ့… ပွဲတော် တွေမှာဆိုရင် လက်ဆောင် တစ်ခါဝယ်ဖို့ကို ခေါင်းအရမ်းကိုက်ရတာ.. ပစ္စည်းမှားဝယ်မိရင် ငွေဖြုန်းတီးမိသလိုပဲ.. လက်ဆောင်လဲ ပြန်မရတော့ဘူး.. ဒါပေမယ့် ငါတို့ရဲ့ ဈေးဝယ်ကတ်တွေကို လက်ဆောင်အဖြစ်ပေးရန် တစ်ဖက်လူလဲ သူလိုချင်တာ ဝယ်လို့ရတယ်လေ..

ပြီးတော့ ဈေးဝယ်ကတ်တွေမှာ သက်တမ်းကုန်ဆုံးရက် သတ်မှတ်လို့ရတယ်.. ဥပမာ.. (၃)လပေါ့.. (၃)လအတွင်း မသုံးရင် သူ့ထဲက ငွေအမောင့် ဆုံးရှုံးသွားမှာပဲ.. အဲ့လိုဆို ကတ်ရတဲ့သူတွေကလဲ ဒီကတ်ကို အမြတ်ဆုံး ပြန်သုံးကြ မှာပဲ… အဲ့ဒါ သူတို့ရဲ့ ဈေးဝယ်အား လျော့ သွားမယ် မထင်နဲ့.. လူတွေက တွေ့ကရာ ပစ္စည်းတွေအတွက် ဒီဈေးဝယ်ကတ် သုံးမျာ မဟုတ်ဘူး.. အိမ်သာသုံး စက္ကူ၊ ဒါမှမဟုတ် သွားတိုက်တံလိုမျိုး နေ့စဉ်သုံး ပစ္စည်းတွေ ဝယ်မှာ မဟုတ်ဘူး.. အဲဒါမျိုးတွေ ဝယ်ချင်ရင် သီးသန့် ပြန်လာကြလိမ့်မယ်..

အရေးအကြီးဆုံးက  လူတွေ ဒီကတ်နဲ့ ပစ္စည်းဝယ်တဲ့အချိန်ကျ ကတ်ထဲက ငွေအမောင့်ကို အပြည့်အဝ အသုံးချဖို့ပဲ ကြိုးစားကြလိမ့်မယ်.. ကတ်ထဲက ငွေအမောင့် အကုန်မသုံးလိုက်ရဘဲ သက်တမ်းကုန်သွားရင် သုံးမရတော့ဘူး ဆိုတာ သူတို့ သိပြီးသား.. ဒါကြောင့် ပစ္စည်းတွေ ပိုဝယ်မယ်.. ဒါမှမဟုတ် အဲ့ကတ် တန်ဘိုးနဲ့ ညီတဲ့ ပစ္စည်းတွေ ရွေးကြလိမ့်မယ်.. တော်တော် များများကတော့ ကတ်တန်ဘိုးထက် ပိုနေကြမှာပဲ.. ပြောချင်တာက ဈေးဝယ်ကတ် သုံးတင်မဟုတ်ဘူး ငွေသားပါ သုံးဖို့ လိုလာလိမ့်မယ်..”

ထိုင်ဟွာကုန်တိုက်ရှိ အဆင့်မြင့် စီမံခန့်ခွဲရေး ဝန်ထမ်းများသည် ဖုန်းယွီကို အံ့ဩသွားကြသည်။ ဤသည်ကို ယခင်က သူတို့ မတွေ့မိကြချေ။ ဖူမိသားစု ဝန်ထမ်းများသည်လည်း ရှက်ရွံ့သွားကြသည်။ ၎င်းတို့သည် ကုန်တိုက် လုပ်ငန်းတွင် နှစ်အတော်ကြာအောင် လုပ်ကိုင်လာကြသော်လည်း ဤနည်းဗျူဟာကို မသိကြချေ။ ဤလုပ်ငန်းတွင် အတွေ့အကြုံမရှိသေးသည့် ဖုန်းယွီပင်လျှင် ဤသို့သော အကြံအစည်ကို အကောင်အထည် ဖော်နိုင်ပေသည်။ ဤနှစ်များအတွင်း သူတို့အချိန်များ ဖြုန်းတီးမိခဲ့ကြသည်လော။

“မန်နေဂျာဖုန်း.. ဘယ်လို ဈေးဝယ်ကတ် အမျိုးအစားတွေ ငါတို့ မိတ်ဆက်ပေးသင့်လဲ..”

“ယွမ်(၅၀၀)၊ (၁၀၀၀)၊ (၃၀၀၀)၊ (၅၀၀၀)နဲ့ (၁၀၀၀၀) တန် ဈေးဝယ်ကတ် (၅)မျိုး ရှိမယ်.. ယွမ်(၅၀၀)တန်ကတော့ အသုံးများတဲ့ အမျိုးအစားပေါ့.. ကုမ္ပဏီတွေက သူတို့ဝန်ထမ်းတွေကို အကျိုးခံစားခွင့် ဒါမှမဟုတ် ဆုအဖြစ်ပေးဖို့ ဝယ်ကြလိမ့်မယ်.. သာမန်လူတွေလဲ သူတို့ မိဘဘတွေ၊ သက်ကြီးရွယ်အိုတွေအတွက်လဲ ဝယ်လို့ရတယ်လေ.. လူတွေက ငွေနည်းနည်း ရတာနဲ့ မိဘတွေကို ပေးချင်တဲ့အခါ မိဘတွေက ငွေကို သူတို့ကိုယ်တိုင် မသုံးတတ် ကြဘူးလေ.. ဒါပေမယ့် ဈေးဝယ်ကတ်နဲ့ဆိုရင် (၃)လပြီးတာနဲ့ ငွေဆုံးရှုံးသွားမှာဆိုတော့ သူတို့မိဘတွေကို မဖြစ်မနေ သုံးခိုင်းလိမ့်မယ်.. ယွမ်(၁၀၀၀)တန် ကတ်တွေလဲ အတူတူပဲ.. လူတော်တော်များများ သူတို့ ကုမ္ပဏီက အထက်လူကြီးတွေကို လက်ဆောင်ပေးလို့ရမယ်.. ဒါမှမဟုတ် အချင်းချင်းလဲ လက်ဆောင် ပေးလို့ရတာပဲ..  ယွမ် (၃၀၀၀)၊ (၅၀၀၀)နဲ့ (၁၀၀၀၀)တန်တွေကို ခေါင်းဆောင်တွေ ဒါမှမဟုတ် တာဝန်ရှိသူတွေကို လက်ဆောင်ပေးဖို့ အဓိကထား သုံးကြလိမ့်မယ်.. ဈေးဝယ်ကတ်တွေရဲ့ အားသာချက်က ဈေးဝယ်သူရဲ့ မှတ်တမ်းမရှိတဲ့အပြင် ကတ်ပေါ်မှာတောင် နံပတ် ဒါမှမဟုတ် နာမည်တွေ မပါဘူးလေ.. လက်ထဲရောက်လာတာနဲ့ သုံးယုံပဲ..”

“ဒါက ကတ်ရဲ့ အကျိုးကျေးဇူးပေါ့.. ကတ်ပျောက်ရင် ဘယ်လိုလုပ်မလဲ..”

ဖူကွမ်းကျန့် ကြားဖြတ်မေးလိုက်သည်။

“ကတ်ပျောက်သွားရန် သူ့ဆုံးရှုံးမျုပဲလေ.. ငါတို့နဲ့ ဘာမှ မဆိုင်ဘူး.. တရုတ်နိုင်ငံမှာ စည်းကမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုရှိတယ်.. အဲ့ဒါ ဟောင်ကောင်က လွတ်လပ်သော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ အတူတူပဲ.. သူတို့က အစိုးရ အရာရှိတွေရဲ့ ဘဏ်တွေနဲ့ ဘဏ္ဍာရေးဆိုင်ရာတွေကို ကြုံသလို စစ်ဆေးမှုတွေ လုပ်ကြတယ်.. ဒီဈေးဝယ်ကတ် တန်ဖိုးက ဘဏ်တွေကို အပ်ထားလို့မရဘူး.. ဒီကတ် ဖမ်းမိခဲ့ရင်တောင် ကံကောင်းလို့ မဲပေါက်တာ.. ဒါမှမဟုတ် လမ်းပေါ်က ကောက်တွေ့တာလို့ ပြောလို့ရတယ်.. တာဝန်ရှိသူတွေလဲ သူတို့ လက်ခံဖို့ လုံခြုံတယ်လို့ ခံစားရလိမ့်မယ်..”

အကျင့်ပျက် ခြစားမှုသည် အမြဲတမ်း ပြဿနာ တစ်ခုဖြစ်သည်။ ဖုန်းယွီ ယခုဘဝ မရောက်မှီတွင်ပင် တရုတ်နိုင်ငံ၌ အကျင့်ပျက်ခြစားမှုများ ရှိနေဆဲပင်။ ဤသည်မှာ နိုင်ငံတိုင်းတွင် ပြဿနာဖြစ်ပေသည်။ ဖုန်းယွီသည် ငွေသား ပေးသည့် အလေ့အထကို ဈေးဝယ်ကတ်များ ပေးခြင်းသို့ ပြောင်းလဲချင်နေခြင်း ဖြစ်သည်။

“အစ်ကိုဖုန်း ဈေးဝယ်ကတ်တွေ ဘယ်လောက်ရောင်းမယ် မှန်းထားလဲ..”

လီကျယ်ခိုင် မေးလာတော့သည်။

“ဒါကတော့ အသင်းဝင်ကတ်တွေထက် မြင့်မှာ သေချာတယ်..”

ဖုန်းယွီ ယခင်ဘဝ၌ Carrefour တွင် အလုပ်လုပ်သည့် သူငယ်ချင်း တစ်ယောက် ရှိပေသည်။ ပွဲတော်ရာသီများတွင် ဤဈေးဝယ်ကတ်များ မိတ်ဆက်ပေးမည်ဖြစ်ပြီး ဆိုင်ခွဲတိုင်းတွင် အနည်းဆုံး ကတ်တန်ဖိုးမှာ သန်းရာချီ ရောင်းချ ရပေသည်။ ဆောင်ဦးနှင့် နှစ်သစ်တွင် အချို့သော ဆိုင်ခွဲများသည် ဈေးဝယ်ကတ်များကို (၁)ဘီလီယံကျော် ရောင်းချရပေသည်။ နောက်ပိုင်း၌ အစိုးရမှ ထိုဈေးဝယ်ကတ်များကို တန်ဖိုးကန့်သတ်ရန် ထုတ်ပြန်ခဲ့ပေသည်။ သို့ရာတွင် လစဉ် သန်းနှင့်ချီ တန်ကြေးရှိသော ဈေးဝယ်ကတ်များ ရောင်းချရနေဆဲပင်။

ယခု စီးပွားရေးသည် (၁၀)နှစ်ဦ နှစ် (၂၀)လောက် မကောင်းနိုင်သေးချေ။ သို့ရာတွင် ကတ်များကို မှန်ကန်စွာ ရောင်းချပါက ဆိုင်ခွဲတိုင်းသည် အနည်းဆုံး ယွမ် သန်း(၂၀)လောက် ရောင်းချနိုင်သည်ကို ဖုန်းယွီ သိထားပေသည်။ ယွမ်(၅၀၀၀)နှင့် (၁၀၀၀)ကတ်များ ရောင်းအားကောင်းမည် ဖြစ်သည်။

ကုန်တိုက်ခွဲ (၂၀)သည် ဤဈေးဝယ်ကတ်များမှ ယွမ် သန်း(၅၀၀)တိုးနိုင်မည် ဖြစ်သည်။ မကြာမီ ဆရာများနေ့ ကျရောက်တော့မည် ဖြစ်ကာ ထို့နောက် ဆောင်ဦးရာသီနှင့် အမျိုးသားနေ့ အားလပ်ရက်များ ရောက်လာပေတော့မည်။ ဤသည်မှာ ဈေးဝယ်ကတ်များအတွက် အထွတ်အထိပ် ရာသီပင် ဖြစ်တော့သည်။

နောက်(၆)လ ဆိုပါက နှစ်သစ်ကူးနေ့၊ နှစ်ကူး စားပွဲ လည်းရှိပေသည်။ ဤဈေးဝယ်ကတ်များ ရောင်းချခြင်းမှ ရရှိသည့် ပမာဏသည် ကြီးမားသော ကိန်းဂဏန်း တစ်ခု ဖြစ်ပေလိမ့်မည်။

ဤဈေးဝယ်ကတ်များကို ကုန်တိုက်များတွင် ဆက်လက် အသုံးပြုရမည်ဖြစ်သော်လည်း ၎င်းသည် ကုန်တိုက်များ၏ ရောင်းအားကို လှုံဆော်ပေးမည် ဖြစ်ပြီး ငွေအမြန်ဖော်နိုင်မည် ဖြစ်သည်။

အရေးအကြီးဆုံးမှာ ဤသည်က စီးပွားရေးလုပ်ငန်းကောင်းများ၏ လွဲမှားသည့် အမြင်ကို ဖန်တီးပေးပြီး ဘဏ်မှ ငွေများများ ထုတ်ချေးနိုင်ရန် အသုံးပြုနိုင်သေးသည်။

ချေးငွေများ၊ အမြတ်ငွေများဖြင့် လာမည် (၆)လအတွင်း ယွမ်(၁)ဘီလီယံကျော် မြင့်တက်နိုင်ရေး ပြဿနာရှိမည် မဟုတ်ချေ။ ဆိုလိုသည်မှာ နောက်ထပ် ကုန်တိုက်ခွဲ (၂၀)ဖွင့်လှစ်နိုင်ပေလိမ့်မည်။

ဤနည်းဖြင့် ပြည်နယ်တိုင်းအားလုံးနီးပါးတွင် ကုန်တိုက်ခွဲများ ထူထောင်နိုင်မည်ဖြစ်သည်။ မဖွံ့ဖြိုးသေးသည့် မြို့များအပြင် ကျန်မြို့များတွင် ကုန်တိုက်ခွဲ (၂)ခုမှ (၃)ခုအထိ ရှိနေပေလိမ့်မည်။

ထိုင်ဟွာ ကုန်တိုက်လုပ်ငန်းစုသည် မြို့တိုင်းရှိ အကောင်းဆုံး နေရာများတွင် ကုန်တိုက်ခွဲများ တည်ဆောက်နိုင်မည် ဖြစ်သည်။ Carrefour သို့တည်းမဟုတ် Walmart သည် ၎င်းတို့ရှေ့၌ နေရာကောင်းများ ရသွားမည်ကို စိတ်ပူစရာ မလိုတော့ချေ။ ၎င်းတို့အား အတုယူရန် ကြိုးစားနေကြသည့် အရောင်းဆိုင်ငယ်များအတွက်လည်း စိတ်ပူစရာ မလိုချေ။ ထိုင်ဟွာ ကုန်တိုက် လုပ်ငန်းစုသည် တရုတ်နိုင်ငံ၏ နံပတ်(၁)ကုန်တိုက် လုပ်ငန်းစု ဖြစ်လာပေလိမ့်မည်။ ၎င်းတို့သည် နောင်တွင် ကမ္ဘာ့ထိပ်တန်း ကုန်တိုက်အမှတ်တံဆိပ် (၅)ခုအတွင်းမှ တစ်ခုပင် ဖြစ်လာနိုင်ပေသည်။

သို့ရာတွင် ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုသည် ထိုလမ်းကြောင်း အသစ်နောက် လိုက်သူများကို သတိထားရန် လိုအပ်နေသေးသည်။ Walmart သည် ကမ္ဘာ့ထိပ်သီး (၅၀၀)တွင် နံပတ်တစ်နေရာကို နှစ်အတော်ကြာအောင် ထိန်းထားသည်ကို လူတိုင်းသိပေသည်။ သို့ရာတွင် နောင်အခါ၌ ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ(၅၀၀)သည် လက်လီလုပ်ငန်းများ ရှိကြပြီး လုပ်ငန်းလည်ပတ်မှုပုံစံသည်လည်း Walmart ကဲ့သို့သာပင်။

Walmart ကဲ့သို့ ခိုင်မာတောင့်တင်းသည့် ကုမ္ပဏီတစ်ခုအတွက်ပင် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရနိုင်ပေသည်။ ထို ပြိုင်ဖက်တစ်ချို့းသည် အမြတ်အစွန်းအရ Walmart ထက်ပင် ပိုမိုကောင်းမွန်ပြီး ၎င်းတို့၏ နှစ်စဉ် အမြတ်အစွန်း များသည် Walmart ထက်ပိုမို မြင့်မားပေသည်။

လုပ်ငန်းနယ်ပယ်တွင် ပထမဆုံး ဖွံ့ဖြိုးတိုးတက်လာသူ ဖြစ်ခြင်းသည် ဈေးကွက်ဝေစု အားလုံး ပိုင်ဆိုင်နိုင်မည်ဟု မဆိုလိုချေ။ ဖုန်းယွီ ယခင်ဘဝတွင် တရုတ်နိုင်ငံ၌ ကုန်တိုက်ပေါင်း များစွာ ရှိပေသည်။ အားလုံးမှာ ပြိုင်ဘက်များသာပင်။

ထိုင်ဟွာကုန်တိုက်၏ ယခုဗျူဟာသည် ထိုသို့သော လိုက်ပါလုပ်ဆောင်သူများ အမြတ်အစွန်းမရအောင် တားဆီးရန် အတွက် အဓိကနေရာများအားလုံး နေရာယူရန်ဖြစ်သည်။ သို့မှသာ ၎င်းတို့ ကြီးထွားမှုကို ရပ်တန့်စေပေလိမ့်မည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters