ဒီနည်းနဲ့တောင်းဆိုမှတော့ ဘယ်ငြင်းနိုင်မလဲ?
Vol. 56 Ch. 832
မကြာမီ ချင်းလင်စံအိမ်ဧည့်ခန်းထဲ၌ အင်္ဂလန်မှကြည့်ကောင်းသောလူငယ်တစ်ဦးနှင့် ချင်လင်တွေ့သည်။ သူ့ဘေးတွင် တရုတ်လူမျိုးတစ်ဦးပါလာသည်။
အစက တရုတ်လူမျိုးကို စကားပြန်ဟုချင်လင်ထင်လိုက်သည်။ သို့သော် ထိုကြည့်ကောင်းသောအင်္ဂလန်လူငယ်က တရုတ်စကားကျွမ်းကျွမ်းကျင်ကျင်နှင့် သူ့ကိုတိုက်ရိုက်ပြောလာ၏_
"လူကြီးမင်း... ကျွန်တော်က အင်္ဂလန်တော်ဝင်မိသားစုက Viscount Wims ပါ... ချင်းလင်ရေပူစမ်းဆေးမှုန့်အကြောင်း အင်္ဂလန်တော်ဝင်မိသားစုကိုယ်စားပြောချင်လို့ပါ... ခင်ဗျားတို့ကုမ္ပဏီရဲ့ကိုယ်စားလှယ်လုပ်ချင်ပါတယ်... ခွင့်ပြုပေးပါ''
ထင်တဲ့အတိုင်း ရေပူစမ်းဆေးမှုန့်ကြောင့်ပဲ။
ကမ္ဘာ့ထိပ်ပြောင်နှုန်းအများဆုံး ၅ နိုင်ငံထဲက ၂ နိုင်ငံက သူ့ကိုပိုက်ဆံတန်းပေးနေပြီ။
"မစ္စတာ Wims အားနာလိုက်တာ''
ချင်လင်ကပြောသည်_
"ကျွန်တော်တို့ချင်းလင်ကုမ္ပဏီက နိုင်ငံခြားကိုယ်စားလှယ်တွေကို ထုတ်ကုန်မဖွင့်ပေးသေးပါဘူး... ပြီးတော့ ထုတ်ကုန်က အလျင်မမီသေးပါဘူး''
ဒီအဖြေ၊ ဒီအငြင်းအတိုင်းပင်။
မကြာမီ ချင်လင်ကပြန်ပို့လိုက်ပြန်သည်။ သူကအလွယ်တကူသဘောမတူချင်သလို တစ်ဖက်သားကိုဆက်ကျီစားချင်သေးသည်။
ထို့ကြောင့် Wims မျက်နှာပျက်သွားသည်။ တော်ဝင်မိသားစုက ရေပူစမ်းဆေးမှုန့်ကိုယ်စားလှယ်နေရာရအောင်လုပ်ခဲ့ရန် သူ့ကိုအရေးတကြီးတာဝန်ပေးထားသည်။
သူ့အဖေကို အကူတောင်းရဦးမည်။
ချင်လင်က ချင်းလင်စံအိမ်မှချင်းလင်အပန်းဖြေစံအိမ်ပြန်လာရင်း ဂျာမနီမိသားစုနှင့်အင်္ဂလန်တော်ဝင်မိသားစုမှကိုယ်စားလှယ်များ ဘယ်အချိန်လောက်နောက်တစ်ခေါက်ပြန်ရောက်လာမလဲ စဉ်းစားလာသည်။
တစ်ဖက်ကပြန်ရောက်လာရင် သူ့သဘောထားကိုပျော့ပျောင်းပြီး ဆက်ငြင်းဦးမည်။ တတိယအကြိမ်လာရှာရင် အင်တင်တင်နှင့်သဘောတူလိုက်မည်။ အဲဒီအချိန်ကျရင် မတန်တဆစျေးတင်ရောင်းမည်။
သို့ရာတွင် ရက်ပေါင်းများစွာကြာသွားသော်လည်း ဂျာမနီနှင့်အင်္ဂလန်တော်ဝင်မိသားစုကလာမရှာသောကြောင့် ချင်လင်အံ့ဩမိလေသည်။
ဒီလိုမဖြစ်သင့်။
ထို့နောက် လူတစ်ယောက်အလည်လာ၍ ချင်လင်အံ့ဩသွားသည်။ ဝန်ကြီးလုပင်။
သူကမြို့တော်ရောက်ခါစရှိသေး၊ ပြန်ရောက်လာပြန်ပြီ။
"သူဌေးချင်... ဒီတစ်ခါ အထက်လူတွေက အရေးကြီးစကားပါးလိုက်လို့ပါ''
ဝန်ကြီးလုက ချင်လင်ကိုမြင်သောအခါ မတတ်သာပုံပေါက်သွားသည်။ ဒီတစ်ခေါက် သူ့ကိုဒီလာဖို့လွှတ်လိုက်ပြန်သည်။ အခုတော့ သူဌေးချင်နှင့်ပတ်သက်သမျှအားလုံး သူ့အပေါ်ကျလာပြီ။
"ဘာဖြစ်လို့လဲ ဝန်ကြီးလု?''
ချင်လင်ကဇဝေဇဝါနှင့်မေးသည်။
"သူဌေးချင်... ဂျာမနီနဲ့အင်္ဂလန်ကနေ မင်းဆီကိုရေပူစမ်းဆေးမှုန့်ရောင်းပေးဖို့လာပြောတဲ့လူတွေရှိလား?''
ဝန်ကြီးလုကတန်းမေးသည်။
"ရှိပါတယ်!''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
ဝန်ကြီးလုကသက်ပြင်းချပြီး_
"မင်းက သူတို့ကိုငြင်းလိုက်တာ... သူတို့က သံတမန်နည်းနဲ့ နိုင်ငံခြားရေးရာဌာနကိုတိုက်ရိုက်ဆက်သွယ်လာတယ်... ငါက နိုင်ငံခြားရေးရာဌာနကိုယ်စားရောက်လာတာပဲ''
"ဘယ်လို?''
ချင်လင်က ထိုသတင်းကြားပြီး နည်းနည်းဇဝေဇဝါဖြစ်သွားသည်_
"ကျွန်တော်က သူတို့ကိုပိုတောင်းလို့ရအောင် နှစ်ကြိမ်လောက်ဆွဲထားချင်ရုံပဲ... သူတို့ကဘာလို့သံတမန်နည်းသုံးရတာလဲ? လိုလို့လား?''
သူစိတ်ထဲမှသာ ကြိတ်ဆဲပစ်လိုက်သည်။
သူကခြင်လေးလွှတ်ရုံရှိသေး၊ ဟိုဘက်က အမြောက်နဲ့တန်းချိန်နေပြီ။
ကစားနေတုန်းလား?
ချင်လင်၏စကားကို ဝန်ကြီးလုကသဘောပေါက်၍_
"သူဌေးချင်... သူတို့ကိုရေပူစမ်းဆေးမှုန့်ကိုယ်စားလှယ်ပေးချင်တာ ကောင်းပါတယ်... ဒီတစ်ကြိမ် သူတို့ကငြင်းဖို့ခက်တဲ့ကမ်းလှမ်းမှုပေးလာတယ်... အရင်ကကန့်သတ်ထားတဲ့ပစ္စည်းတချို့တောင်တင်သွင်းခွင့်ပေးတယ်... အဲဒါကြောင့် နိုင်ငံခြားရေးရာဌာနက ငါ့ကိုဒီလွှတ်ပြီး မင်းသဘောထားကိုတီးခေါက်ခိုင်းတာ''
ထိုစကားကြောင့် ချင်လင်ကရယ်လိုက်ပြီး_
"ကြည့်ရတာ ဆံပင်ကတကယ်အရေးကြီးတဲ့ပုံပဲ... ဂျာမနီနဲ့အင်္ဂလန်တော်ဝင်မိသားစုက ကိုယ်စားလှယ်ရဖို့အတွက်နဲ့ ဒီလောက်တန်ဖိုးကြီးကြီးပေးချင်တယ်ဆိုတော့''
ဝန်ကြီးလုကမနေနိုင်ဘဲ မေးသည်_
"ဆံပင်က အရေးမကြီးဘူးလား? အထူးသဖြင့် အင်္ဂလန်တော်ဝင်မိသားစုက ထင်ထင်ပေါ်ပေါ်နဲ့နာမည်ကြီးတာ... ထိပ်ပြောင်နေရင် နေလို့ဘယ်ကောင်းမလဲ? သူဌေးချင် မကန့်ကွက်ဘူးဆိုရင် နိုင်ငံခြားရေးရာဌာနကိုအသိပေးလိုက်ရမလား? သူတို့ဘက်က ခေါင်းပုံဖြတ်ဖို့အခွင့်အရေးသိပ်မရှိပါဘူး''
"ကောင်းပါပြီ!''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
ဝန်ကြီးလုကချင်လင်နှင့်ဆွေးနွေးပြီးနောက် အပြင်ထွက်ကာဖုန်းဆက်လိုက်သည်။
နှစ်ရက်မပြည့်ခင် ဂျာမနီဩဇာရှိမိသားစုမှ Filis နှင့် အင်္ဂလန်တော်ဝင်မိသားစုမှ Wims က ချင်းလင်စံအိမ်ရောက်လာပြန်သည်။ ဒီတစ်ခါ ဝန်ကြီးလုပါလိုက်လာသည်။
ချင်းလင်စံအိမ်ဧည့်ခန်းထဲရောက်သောအခါ ဝန်ကြီးလုက ဒီတစ်ခါ နိုင်ငံခြားရေးရာဘက်က ငွေအမြောက်အမြားညစ်ယူထားပြီဆိုသောအကြည့်နှင့် ချင်လင်ကိုတစ်ချက်ကြည့်လိုက်သည်။
Filis နှင့် Wims ကဝင်လာပြီး နည်းနည်းစိတ်စောနေကြ၏။
Filis: "လူကြီးမင်းချင်... ပြန်ဆုံပြီနော်''
Wims: ''လူကြီးမင်းချင်... ဒီတစ်ခါတော့ ကောင်းကောင်းဆွေးနွေးနိုင်မယ် ထင်ပါတယ်''
"ခင်ဗျားတို့နှစ်ဦး ထိုင်ကြပါဦး... သံတမန်နည်းသုံးနိုင်တယ်ဆိုတော့ တကယ်လေးစားပါတယ်''
ချင်လင်က သူတို့နှစ်ဦးကိုထိုင်ခိုင်းလိုက်သော်လည်း လေသံကမကျေနပ်ဟန်ပြနေဆဲ။
ချင်လင်စိတ်မကြည်မှန်း Filis ကသိသောကြောင့် လောလောနှင့်_
"လူကြီးမင်းချင်... ကျွန်တော်တို့က ခင်ဗျားထုတ်ကုန်ကိုရချင်ရုံသက်သက်ပါ... ခင်ဗျားသဘောတူတယ်ဆိုပြီးတာပဲ... တန်ဖိုးကညှိလို့ရတယ်''
"ဟုတ်တယ်... အခြေအနေကို လူကြီးမင်းချင်ဆန္ဒရှိသလိုဆွေးနွေးလို့ရတယ်''
Wims ကလည်း အမြန်ဝင်ပြောသည်။
ဒီနည်းသုံးပြီး ကိုယ်စားလှယ်လုပ်ခွင့်ပေးခိုင်းရင် တစ်ဖက်ကလုံးဝကျေနပ်မည်မဟုတ်မှန်း သူလည်းသိသည်။ တစ်ဖက်ကသာ ထုတ်ကုန်ကိုလက်ဆော့လိုက်ရင် သူတို့တော့သွားပြီ။
ဒီတော့ သူတို့ကအရင် အရှုံးကိုဝန်ခံထားရမည်။
Filis နှင့် Wims ပုံစံကြောင့် ဝန်ကြီးလုကြိတ်ရယ်လိုက်သည်။
ဒီလူတွေ ချင်လင်အကွက်ရွှေ့နေမှန်းမသိကြ။
သို့ရာတွင် သူဌေးချင်၏ထုတ်ကုန်ထိရောက်လွန်းသည်ကိုသာ အပြစ်တင်ရတော့မည်။ အမှန်ပင် ဆံပင်ကိုမြန်မြန်ဆန်ဆန်ရှည်စေနိုင်သည်။
သူတို့စကားကြောင့် ချင်လင်လည်း_
"ခင်ဗျားတို့နှစ်ယောက်က ရေပူစမ်းဆေးမှုန့်ကိုဒီလောက်လိုချင်မှတော့ ကျွန်တော်ပေးနိုင်ပါတယ်... ဒါပေမဲ့ စျေးကမသေးဘူး... သာမန်ရေပူစမ်းဆေးမှုန့်က ယွမ် ၁၅၀... အထူးက ယွမ် ၅၀၀၀ ကျမယ်''