လူတိုင်း ဈေးဝယ်ကတ်များ ပေးနေကြသည် (၁)
Vol. 44 Ch. 659
ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုသည် ၎င်းတို့၏ ကုန်တိုက်ခွဲများ တည်ရှိရာ မြို့အားလုံးတွင် သတင်းစာ ရေဒီယိုများမှ ကြော်ငြာရန် ငွေကြေးအနည်းငယ် သုံးခဲ့ပေသည်။
တစ်ချိန်တည်းမှာပင် စိတ်ဝင်စားစရာကောင်းသည့် ဆောင်းပါးများနှင့် ရုပ်ပြများ သတင်းစာအတွင်း ပါလာပေသည်။ ဆောင်းပါများသည် ဆရာများ၏ ပံ့ပိုးကူညီမှုနှင့် ကျောင်းသားများအပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုး နိုင်မှုကို ချီးမွမ်းခဲ့ကြပေသည်။ ၎င်းတို့အားလုံးမှာ အခပေး ဆောင်းပါးများသာပင်။
ထိုင်ဟွာ ကုန်တိုက်တွင် ထိုဆောင်ပါးရေးရန် လူများငှားသည့်အခါ ၎င်းတို့သည် ပဟေဠိဖြစ်သွားကြသည်။ သို့ရာတွင် ဆရာများနေ့ နီးလေလေ မေ့သွားကြလေဖြစ်၍ ဤသည်ကို အံ့ဩစရာဟု မယူဆတော့ချေ။ ထို့အပြင် ၎င်းတို့သည် အခကြေးငွေဖြင့် ဆောင်းပါးများကို သတင်းစာတွင် ထုတ်ဝေရမည် ဖြစ်သည်။
ထိုလူများသည် ဆရာများနှင့် သင်ကြားရေး ပညာရပ်များကို ချီးမွမ်းရန် အသုံးမချသော်လည်း ပညာရှင် စာရေးဆရာ များဖြစ်ကြပေသည်။ ဆောင်ပါးကောင်းများ ရေးနိုင်ကြပေသည်။ သို့ရာတွင် ၎င်းတို့သည် မူကြမ်းများကို ထိုင်ဟွာကုန်တိုက်သို့ ပြသသည့်အခါ အားလုံးပယ်ချခံရပေသည်။
မည်သည့် သဘောနည်း။ မိမိတို့ ဆောင်းပါးများကို မည်သည့်အတွက် ငြင်းငယ်ကြသနည်း။ မိမိတို့သည့် ကျွမ်းကျင်သော ဆောင်းပါးရေးသူများဖြစ်ကာ မိမိတို့ ရေးသားထားသည့် ဆောင်းပါး၏ မည်သည့်နေရာတွင် စံချိန်စံညွှန်းနှင့် မကိုက်ညီသနည်း။ သင်တို့သည်သာ တည်းဖြတ်သူများ ဖြစ်လျှင်မူ မိမိတို့ ဆောင်းပါးများကို ဝေဖန် ခံနိုင်သေးသည်။ မိမိတို့ ဆောင်းပါးလောကတွင် သင်သည် မည်သူနည်း။
ထိုင်ဟွာကုန်တိုက်မှ အကြောင်းပြချက် တစ်ခုသာ ပေးပေသည်။ ဆောင်းပါများသည် ရှေးဆရာများကို လေးစာသည့် ဓလေ့ထုံးတမ်းများ ဖော်ပြခြင်းမရှိ ဆိုသည်သာပင်။
ရှေးစဉ်က ဆရာများကို ရိုသေသည့် ဓလေ့လော။ မည်သို့သော ဓလေ့ထုံးစံနည်း။
ထက်မြက်သည့် စာရေးဆရာတစ်ယောက်သည် ဆရာများကို လက်ဆောင်ပေးသည့် ဓလေ့ကို သတိရမိလိုက်သည်။ မကြာမှီ ဆရာများနေ့သို့ ရောက်ပေတော့မည်။ ထိုင်ဟွာ ကုန်တိုက်မှ ရေးစေချင်သည်မှာ ဤကိစ္စ ဖြစ်ရပေလိမ့်မည်။ ထိုင်ဟွာကုန်တိုက်သည် ဆရာများကို လေးစားကြောင်း ဖော်ပြသည့် နည်းလမ်းအဖြစ် ဆရာများကို လက်ဆောင်များ ပေးခြင်း ပြုလုပ်လိုသည်လော။
ဤသို့ဖြင့် ထိုစာရေးဆရာသည် ထိုအချက်ကို အခြေခံကာ ဆောင်းပါးအသစ် ရေးသားခဲ့ပြီး ထိုင်ဟွာကုန်တိုက် မှလည်း ထိုဆောင်းပါးအတွက် ချက်ချင်း ပေးချေခဲ့သည်။ သူ့ဆောင်းပါးကို မြို့ကြီးတော်တော်များများ၏ သတင်းစာများတွင် ဖြန့်ဝေပေသည်။
ဤစာရေးဆရာသည် မြို့တော်သတင်းစာတိုက်မှ သတင်းထောက် တစ်ဦးသာဖြစ်ပေသည်။ သူ့ဆောင်းပါးကို မြို့ကြီး တော်တော်များများတွင် ထုတ်ဝေနိုင်ခဲ့မည် ဆိုပါက ကျော်ကြားသွားပေလိမ့်မည်။
ထိုဆောင်းပါး ထုတ်ဝေပြီးနောက် အခြားသော စာရေးဆရာများသည် ထိုင်ဟွာကုန်တိုက် လိုချင်သည်ကို နားလည် သွားကြတော့သည်။ သမိုင်း၊ ဂန္တဝင်များနှင့် အဖြစ်အပျက်များကို စတင်စစ်ဆေး လေ့လာကာ ဆောင်းပါးများ ရေးသားကြတော့သည်။ ၎င်းတို့အားလုံးသည် ဤအံ့ဖွယ်ကောင်းသော အစဉ်အလာကို ရှေ့တန်းတင်လာ ကြတော့သည်။ နောက်ဆုံးတွင် ၎င်းတို့၏ ဆောင်းပါးများကို ထိုင်ဟွာကုန်တိုက်များမှ လက်ခံခဲ့ပြီး အမျိုးမျိုးသော သတင်းစာများတွင် ထုတ်ဝေခဲ့ပေသည်။ စာရေးဆရာများကို ထိုင်ဟွာကုန်တိုက်နှင့် သတင်းစာတိုက်များမှ စာမူခ ကောင်းကောင်း ပေးခဲ့ကြသည်။
ရှေ့ခေတ်ကတည်းမှ လူများသည် ဆရာများကို လက်ဆောင်များ ပေးကြသည်။ ဤသည်က အဆင်အလာတစ်ခု သာပင်။ နှစ်သစ်ကူး လက်ဆောင်ပေးခြင်းနှင့် အတူတူသာပင်။ ဤသည်မှ ရှေးယခင်ကတည်းမှ ထုံးတမ်းစဉ်လာ တစ်ခု ဖြစ်ပေသည်။ ဤသည်မှာ လာဘ်ပေးလာဘ်ယူမှု မဟုတ်ချေ။
ရှေးဦးစွာ ဆရာများကို လက်ဆောင်ပေးရန် ရည်ရွယ်ချက်မရှိသည့် အချို့သော မိဘများ စိတ်ပြောင်းသွားကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဤစာရေးဆရာများကို ကျိန်ဆဲကြတော့သည်။ ထိုလူများသည် ဆရာများ လက်ဆောင် လက်ခံစေရန် အားပေးနေကြပေသည်။
ထိုဆောင်းပါးများ ထုတ်ဝေပြီး ဆရာများကို လက်ဆောင်မပေးပါက ထုံးတမ်းအစဉ်အလာများကို မလိုက်နာဟု ထင်မြင်သွားကြပေလိမ့်မည်။ ဓလေ့ထုံးစံများကို မလိုက်နာပါက သားသမီးများ ကျောင်းတွင် မျက်နှာရတော့မည် မဟုတ်ချေ။
ကျောင်းများတွင် ဆရာများသည် ကျောင်းသားတိုင်းကို တန်းတူရည်တူ ဆက်ဆံမည်ဟု ကြွေးကြော်ထားကြ သော်လည်း ကျောင်းများမှ ထုတ်ပြန်ထားသည်မှာ ဤသို့သာပင်။ ဆရာများသည်လည်း လူသားများသာ ဖြစ်ပေသည်။ လူတိုင်းတွင် အကြိုက်ကိုယ်စီ ရှိကြပေလိမ့်မည်။ ဤသည်က အမှန်တရားတစ်ခုသာပင်။
ဆရာများကို မိမိတို့ သားသမီးများကဲ့သို့ ဆက်ဆံလိုပါက မည်သို့ လုပ်ကြရမည်နည်း။ နည်းလမ်း တစ်ခုမှာ ကျောင်းသားသည် နာခံမှု ရှိရပေလိမ့်မည်။ ရလဒ်ကောင်းများ ရကာ ဆရာတို့ ဂုဏ်ယူနိုင်ရပေမည်။ နောက်တစ်နည်းမှာ ဆရာများအား လက်ဆောင် ပေးရန်သာပင်။
ယခုမူ မိဘများသည် ဆရာများအား မည်သည့်လက်ဆောင် ပေးရမည်ကိုသာ စဉ်းစားနေကြပေသည်။ ယခင်ကသို့ လက်ဆောင်များ ပေးမည်လော။ ရှေ့ခေတ်က ဆရာများကို လက်ဆောင်ပေးရာတွင် အလွန်အရေးကြီးသည့် ပစ္စည်း (၆)မျိုး ပါဝင်ပေသည်။ ပဲနီ၊ ရှောက်သီး စသည်တို့မှာ ယနေ့ခေတ်တွင် အလုပ်မဖြစ်လောက်တော့ချေ။
ကျောင်းသားများမှ ဆရာ့ကို ထိုလက်ဆောင်များ ပေးပါက ဆရာ့မိသားစုများသည် တရုတ်နံနံကိုသာ တစ်လကျော် စားရပေတော့မည်။ သို့ရာတွင် အခြားပစ္စည်းများ ဆိုလျှင် မည်သို့နည်း။ ရှေ့ယခင်က လူများသည် ရတနာ(၄)ပါး ပေးကြသည်။ သို့ရာတွင် ယနေ့ခေတ်၌ မည်သူ လက်ရေးလှပေသနည်း။ ဆရာတော်တော်များများပင်လျှင် စုတ်တံကို မည်သို့ကိုင်ရမှန်း မိသကြတော့ချေ။ ဘောပင်များလော။ အနည်းဆုံး ရွှေဘောပင် ဖြစ်ရပေလိမ့်မည်။ မည်သည့်ဆရာတွင် ဘောပင် မပါသနည်း။
လက်ဆောင်များသည် တစ်ဖက်လူ လိုအပ်သော အရာဖြစ်သင့်ပြီး တစ်ဖက်လူမှလည်း မိမိအား မှတ်မိနေစေရမည်။ သို့ရာတွင် သင့်လျော်သည့် လက်ဆောင်မှာ မည်သည်နည်း။ ထို့အတွက် ကျောင်းသားမိဘများ ဒုက္ခရောက်နေကြရ တော့သည်။
*******
“အာ… အဘိုးကြီးစွန်း မင်းသား အထက်တန်းတန်းကျောင်း တက်နေတာ (၃)နှစ်တောင်ရှိပြီလား.. မကြာခင် ဆရာများ နေ့ရောက်တော့မယ်.. ဆရာ့ကို လက်ဆောင်ပေးမှာလား..”
“ဘာလို့ မပေးရမှာလဲ.. တခြား မိဘတွေလဲ လက်ဆောင်တွေ ပေးနေကြတာကို.. ဆရာ့ကို လက်ဆောင်မပေးရင် ငါတို့ကလေးတွေ ကျောင်းမှာ မျက်နှာကောင်းရမှာ မဟုတ်တော့ဘူး.. ငါ့သားက လာမယ့်နှစ်ဆို တက္ကသိုလ် ဝင်ခွင့် စာမေးပွဲဖြေရတော့မှာ.. ဒီနှစ် သူ့အတွက် အရမ်း အရေးကြီးတယ်.. သူ့ဆရာ သူ့ကိုပစ်မထားအောင် လုပ်မှရမယ်.. မင်းသားလဲ အထက်တန်း နောက်ဆုံးနှစ်ရောက်နေပြီကို.. ဆရာ့ကို လက်ဆောင် မပေးဘူးလား..”
“ပေးချင်တာပေါ့ကွာ.. ဒါပေမယ့် ဘာလက်ဆောင် ပေးရမှန်းလဲမသိဘူး.. ဒါကြောင့်မို့ မင်းဘာလက်ဆောင် ပေးမလဲ လာမေးကြည့်တာ..”
“မင်း သတင်းစာမဖတ်ဘူးလား.. ထိုင်ဟွာကုန်တိုက်က ဈေးဝယ်ကတ်တစ်ခု မိတ်ဆက်ထားတယ်လေ.. ထိုင်ဟွာ ကုန်တိုက် မှာ အဲ့ဒီကတ်သုံးလို့ရတယ်လေ.. ယွမ်(၅၀၀) ကတ်တစ်ကတ် ပေးမယ်.. ငါ့အလုပ်က လုပ်ဖော်ကိုင်ဖက် တွေလဲ အဲ့အတိုင်းပဲ.. ဆရာ့ကို အဲ့ ဈေးဝယ်ကတ် ပေးလိုက်ယုံပဲ.. ငွေကြေး အကုန်အကျ များပေမယ့် ဆရာတွေ ကလေးကို ပြုစုစောင့်ရှောက်ပေးကြမှာပါ..”
“ယွမ် (၅၀၀)လား.. ဈေးကြီးလိုက်တာကွာ.. ငါ့လစာက တစ်လကို ယွမ်(၃၆၀)ပဲရတာ..”
“နှမျောမနေနဲ့.. မင်းမိန်းမလဲ အလုပ်လုပ်နေတာပဲ.. တစ်လလောက် သည်းခံလိုက်.. ဒီအချိန်မှာ မင်းသားအတွက် အရေးအကြီးဆုံးပဲကို.. အထက်တန်းကျောင်း မတက်ရင် တက္ကသိုလ် ဘယ်လိုလုပ် ရောက်တော့မှာလဲ.. အခုတောင် ငါ ထိုင်ဟွာကုန်တိုက်ကို ဈေးဝယ်ကတ် သွားဝယ်မလို့ မင်းရော လိုက်မလား..”
“အင်းဗျာ.. ခနစောင့်ပေး.. မိန်းမဆီက ပိုက်ဆံအရင်သွားတောင်းလိုက်အုံးမယ်..”
******
“အချစ်.. ကျုပ်တို့သားက အထက်တန်း နောက်ဆုံးနှစ်ရောက်နေပြီ.. ဒီနှစ်ဆို ဘွဲ့ရတော့မှာ… ဟိုးနောက်က အတန်းမှာ မထိုင်ရစေနဲ့… ဆရာများနေ့ မကြာခင် ရောက်တော့မယ်.. ကလေးတွေရဲ့ ဆရာတွေကို လက်ဆောင် ပေးမယ်လို့ လုပ်ဖော်ကိုင်ဘက်တွေဆီက ကြားထားတယ်.. ကျုပ်တို့သားလေးရဲ့ ဆရာကို လက်ဆောင် ပေးသင့်လား.. ကျုပ်တို့သားလေး တက္ကသိုလ် တက်နိုင်အောင် သေချာ လုပ်မှရမယ်..”
“အင်းပါ.. ခက်တာက ဘာပေးရမှန်းမသိဘူး.. သူ့ဆရာက အမျိုးသားလေ.. အရက်(၂)ပုလင်းနဲ့ စီးကရက်(၂)တောင့် ဘယ်လိုပေးရပါ့မလဲ..”
“မဟုတ်သေးဘူး.. ကျုပ်သူငယ်ချင်းတွေကတော့ ထိုင်ဟွာကုန်တိုက်က ဈေးဝယ်ကတ်တွေ ပေးကြမျာ.. အဲ့ကတ်နဲ့ ဆရာ သူလိုချင်တာ ဝယ်လို့ရတယ်.. ကုန်တိုက်တွေမှာ ဆေးလိပ်နဲ့ အရက်တွေ ရောင်းတာပဲကို..”
“ငါတို့ ဘယ်လောက် ပေးရမှာလဲ..”
“မိဘ တော်တော်များများကတော့ ယွမ်(၅၀၀)တန်ကတ်တွေ ပေးကြမယ် ကြားတယ်.. ကျုပ်တို့တွေ သူတို့ထက် သာအောင် ယွမ်(၁၀၀၀)တန် ဈေးဝယ်ကတ် ပေးလိုက်ရအောင်..”
“ယွမ် (၁၀၀၀)တောင်လား.. ငါ နိုင်ငံခြား ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယဆိုပေမယ့် လစာက ယွမ် (၈၀၀)ပဲ ရတာ..”
“ရှင့်မှာ ဘောနပ်လဲ ရှိသေးတာကို.. ဒါ ကျုပ်တို့ သားရဲ့ အနာဂတ်အတွက်လေ.. ဆရာ သားကို အမှတ်ရနေအောင် တစ်ခုခုတော့ ပေးရမှာပေါ့.. မနက်ဖြန် ယွမ်(၁၀၀၀)တန် ဈေးဝယ်ကတ် သွားဝယ်လိုက်.. အဲ့ဒါ ဆရာ့ကို ပေးပြီး ကျုပ်တို့ သားလေးအတွက် ထိုင်ရမယ့် နေရာကအစ စီစဉ်ထားရမယ်..”
“အေးပါကွာ…”
********
“မနက်ဖြန် သားကို ကျောင်းပို့ရင် ဒီကတ် ဆရာလျိုကို ပေးလိုက်..”
“ဒါ ထိုင်ဟွာကုန်တိုက်က ဈေးဝယ်ကတ်လား.. ဘာလို့ ယွမ်(၁၀၀၀)တန် ဈေးဝယ်ကတ် ဝယ်လိုက်ရတာလဲ.. ယွမ် (၁၀၀၀)ဘာလုပ်ရမှာတုန်း.. ယွမ်(၃၀၀၀)ကတ် ရှိသေးတာ သိတယ်နော်.. ဆရာလျိုကို ယွမ်(၃၀၀၀)ကတ်သာ ပေးလိုက်ပါ.. တော့ ဖောက်သည်တွေကိုတောင် ဒီထက် ပိုတန်တာတောင် ပေးချင်နေသေးတာ.. တို့သားလေး မျက်နှာမရရင် ဘယ်လို လုပ်မလဲ..”
“အေးပါ.. အေးပါ… အေးပါ.. မင်းပြောသလိုပဲ ထားလိုက်.. ငါတော့ ယွမ်(၁၀၀၀)တန်ကတ်နဲ့ လုံလောက်မယ် ထင်တာပဲ.. ငါ့ဖောက်သည်တွေကို လက်ဆောင်ပေးတယ်ဆိုတာက သူတို့ဆီက အများကြီး ပြန်ရဖို့ ရှိလို့ကွ.. ငါတို့နေတဲ့အိမ်ရယ် ဆောင်ကျင်းမော်တော်ကားရယ် ဘယ်ကရလာတယ်ထင်လဲ.. ဒီ ယွမ်(၃၀၀၀)ဈေးဝယ်ကတ် (၂)ခုက မင်းမိဘတွေနဲ့ ငါ့မိဘတွေကို ပေးဖို့.. ကိုယ်တို့တွေ ကောင်းမှုလေး လုပ်ကြရအောင်လေ.. သူတို့က အမြဲတမ်း ကပ်စေးနှဲနေကြတာ..”
“ကျမလဲ သိပါတယ်.. သားလေး အနာဂတ်မှာ လူရာဝင်ဖို့အရေးကြီးတယ်.. ရှင့်ကိုကြည့်လေ.. စီးပွားရေးလုပ်ရင် ငွေအများကြီး ရနိုင်တယ်ဆိုပေမယ့် အစိုးရ အရာရှိတွေနဲ့ တွေ့ရင် ဦးညွှတ်နေရသေးတာ..”
“တော်လိုက်တော့.. အခုကို ခေါင်းတွေ မူးလာပြီ.. လက်ဖက်ရည်တစ်ခွက်လောက် ပေးစမ်းပါအုံးဟာ..”
“ရှင် ကျမကို ဘယ်လို ခိုင်းရမလဲဆိုတာပဲသိတာ.. အင်္ကျီအရင် ချွတ်လိုက်.. ချိတ်ထားရမယ်.. ရေနွေးကြိုထား လိုက်မယ်.. ရေအရင်သွားချိုးတော့..”
*********
ထိုင်ဟွာကုန်တိုက်သည် ဆရာများနေ့ မတိုင်မီရက်ပိုင်းအတွင်း ကုန်တိုက်ခွဲတစ်ခုစီတွင် ယွမ်(၅၀၀)ကတ် (၁၀၀၀၀)ကျော် ရောင်းရပေသည်။ ဖုန်းယွီပင်လျှင် ထိုမျှထိ ရောင်းအားအလွန်မြင့်မည်ဟု မျှော်လင့်မထားချေ။ ယနေ့ခေတ်မိဘများ ရူးသွပ်သွားကြပြီလော။ သားသမီးများအတွက် ဘာမဆို လုပ်ကြမည်ပုံပင်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)