← Chapters

ဒီနည်းနဲ့တောင်းဆိုမှတော့ ဘယ်ငြင်းနိုင်မလဲ? ၂

Vol. 56 Ch. 833

ဒီနည်းနဲ့တောင်းဆိုမှတော့ ဘယ်ငြင်းနိုင်မလဲ? ၂

Vol. 56 Ch. 833

ထိုစျေးနှုန်းကြောင့် ဝန်ကြီးလုကစိုက်ကြည့်လိုက်သည်။

စျေးကွက်ထဲက သာမန်ရေပူစမ်းဆေးမှုန့်တစ်ထုပ်ကို ယွမ် ၃၀၊ အထူးက ယွမ် ၁၀၀၀ သာရှိမှန်း သူသိသည်။

အခုတော့ သူဌေးချင်က စျေးကွက်ရဲ့ ၅ ဆတန်းတင်လိုက်သည်။

သူက ဂျာမန်နဲ့အင်္ဂလန်ကို ဝက်သတ်သလိုသတ်နေတာပဲ။

ဒါပေမဲ့ ဒါသူ့အလုပ်မဟုတ်။ ဘာပဲဖြစ်ဖြစ် သူဝက်အဖြစ်မခံ။

နှစ်ဦးနှစ်ဖက်က တန်ဖိုးကိုကျေနပ်ရင်ရပြီ။ ချင်းလင်ကုမ္ပဏီက ကြောက်စရာကောင်းအောင် နိုင်ငံခြားဝင်ငွေဖန်တီးနိုင်တော့မည်။

စျေးနှုန်းကိုကြားပြီး Wims မျက်လုံးပြူးသွားသည်။

သာမန်ရေပူစမ်းဆေးမှုန့်စျေးက ယွမ် ၃၀၊ အထူးက ယွမ် ၁၀၀၀ သာရှိမှန်း သူသိသောကြောင့်ပင်။

မူလစျေးရဲ့ ၅ ဆနဲ့ ရောင်းမယ်တဲ့။

Filis က သူ့စကားကိုချက်ချင်းပြန်ဖြေသည်_

"လူကြီးမင်းချင်... စျေးကပြဿနာမဟုတ်ပါဘူး... ပထမဆုံးအသုတ်ကို အော်ဒါဘယ်လောက်ပေးနိုင်လဲပဲ မေးချင်ပါတယ်''

သူ့အမြင်မှာ စျေးကလုံးဝပြဿနာမဟုတ်။ သူတို့နိုင်ငံရဲ့ပျမ်းမျှလစာ ၇၅၀၀ ယူရိုက ဒီနိုင်ငံမှာ ယွမ် ၅၀၀၀၀ ကျော်တန်သည်။

တစ်ထုပ်ကို ယွမ် ၁၅၀၊ ဆယ်ထုပ်ကို ယွမ် ၁၅၀၀၊ တစ်လမှ ယွမ် ၄၅၀၀ သာကျမည်။

ထိပ်ပြောင်ပြဿနာကိုဖြေရှင်းဖို့ လစာရဲ့ဆယ်ပုံတစ်ပုံတောင်မသုံးရ။ သုံးလေးလဆို ထူထူထဲထဲပြန်ဖြစ်ပြီ။ မသုံးချင်တဲ့သူရှိမလား?

သူ့အေဂျင်စီကိုပြန်ရောက်ရင် ယွမ် ၃၀၀ နှင့်ရောင်းဖို့စီစဉ်ထားသည်။

Filis ၏ပြတ်သားပုံကြောင့် ချင်လင်ကကျေနပ်သွားပြီး_

"မစ္စတာ Filis... လက်ရှိ ကျွန်တော်တို့ထုတ်ကုန်ကတကယ်အကန့်အသတ်ရှိနေပါတယ်... ပြည်တွင်းမှာဖူလုံစေဖို့ ခင်ဗျားတို့ကိုအော်ဒါအများကြီးမပေးနိုင်ပါဘူး''

သူ့စကားကြောင့် Filis ကမျက်မှောင်ကြုတ်ကာ_

"လူကြီးမင်းချင်... ထုတ်လုပ်ရေးမလုံလောက်ရင် အာနိသင်ပျော့အောင်လုပ်လို့ရတယ်... တစ်ထုပ်ကိုသုံးထုပ်ဖြစ်အောင်လုပ်ပြီး အာနိသင်လျော့သွားလည်းကိစ္စမရှိဘူး... တန်ဖိုးချင်းအတူတူဆိုရင်တောင် ကျုပ်ကများများစားစားရောင်းချင်တာ''

“???”

ဝန်ကြီးလုကကြားပြီး အံ့အားသင့်သွားသည်။

“???”

Wims ကလည်း မယုံနိုင်ပုံနှင့် Filis ကိုကြည့်လိုက်၏။

“???”

Filis က ဒီလိုမဟားတရားတောင်းဆိုလာမည်ဟု ချင်လင်မထင်မိပေ။

ဩဇာရှိတဲ့မိသားစုက ဒီလိုတဲ့လား?

ဒါကြောင့်လည်း ဩဇာအာဏာရှိလို့ခေါ်ကြတာ။

တကယ့်စီးပွားရေးသမားတွေ။

သူ့လုပ်ပုံကြောင့် အစက ယွမ် ၁၅၀ ရှိတဲ့သာမန်ဆေးထုပ်ကို အခုယွမ် ၄၅၀ နဲ့ရောင်းနိုင်တော့မည်။

ဒီလိုမဟားတရားတောင်းဆိုတာမျိုးကို သဘောမတူဘဲနေမလား?

"မစ္စတာ Filis... အဆင်ပြေပြေပူးပေါင်းနိုင်ဖို့မျှော်လင့်ပါတယ်''

ချင်လင်လည်း လက်လှမ်းပြီး Filis ကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။

"လူကြီးမင်းချင်... ခင်ဗျားနဲ့အလုပ်လုပ်ရတာ ဝမ်းသာစရာပါ''

Filis လည်းပြုံးရွှင်သွားသည်။

တစ်ဖက်က တစ်ထုပ်ယွမ် ၁၅၀ နှင့်ရောင်းပြီး အမြတ်ကြီးစားမှန်းသိသော်လည်း Aude မိသားစုက ထပ်ဆင့်တိုးပေးလိုက်သည်။

ထို့နောက် ချင်လင်က Wims ကိုကြည့်ပြီးမေးလိုက်သည်_

"ခင်ဗျားဘက်ကရော?''

"လူကြီးမင်းချင်... ဒီစျေးကိုသဘောတူပါတယ်... ဒါပေမဲ့ အထူးထုတ်ကုန်မှာ အာနိသင်အပြည့်အဝရှိဖို့အာမခံပေးရမယ်... အဲဒါ ကျွန်တော်တို့အင်္ဂလန်တော်ဝင်မိသားစုသုံးဖို့ပါ''

ဒီအခြေအနေမှာ Wims ကဒီလိုသာပြောရတော့သည်။

မဟုတ်ရင် တစ်ဖက်ကပစ္စည်းအားလုံး ဂျာမနီကိုပေးလိုက်လိမ့်မည်။ သို့သော် ဒီအတိုင်း စျေးကြီးကြီးနှင့် သူတို့မရောင်းနိုင်။ သူတို့ကိုသွေးစုပ်ဖုတ်ကောင်လို့ခေါ်ရင် တော်ဝင်မျိုးနွယ်သိက္ခာကျလိမ့်မည်။

ဒါကြောင့် တစ်ဖက်ကိုဩဇာရှိ၊ တစ်ဖက်ကိုတော်ဝင်မျိုးဟုခေါ်ခြင်းဖြစ်မည်။

ဂျာမနီဩဇာရှိက မျက်နှာပြောင်သော်လည်း အင်္ဂလန်တော်ဝင်မျိုးက မျက်နှာရှိသေးသည်။

ဒါပေမဲ့ ဒီဩဇာရှိမိသားစုက ဒီလိုမဟားတရားတောင်းဆိုလာမှတော့ ချင်လင်ထုတ်မပေးလို့ဖြစ်မလား?

မဟုတ်ရင် သူရိုင်းရာကျမှာပေါ့။

ချင်လင်ကချက်ချင်း ချူယွဲ့ကိုဖုန်းဆက်ပြီး ပူးပေါင်းစာချုပ်ယူလာခိုင်းသည်။ ဒီစာချုပ်ကို စီနီယာအစ်ကိုချူက ကုမ္ပဏီခွဲအတွက်ပြင်ဆင်ပေးထားခဲ့သည်။ အခု စျေးနှုန်းကိုပြောင်းလိုက်ရုံပင်။

၅ ဆတင်ရောင်းနိုင်မှတော့ အရင်ဆုံး ဂျာမနီနဲ့အင်္ဂလန်ကောင်တွေကို တစ်သုတ်ပို့ထားရမည်။

နောက်ပြီး စက်ရုံဝန်းထဲတွင် စက်ရုံအသစ်ဆောက်ထား၍ ရေပူစမ်းဆေးမှုန့်ထပ်ထုတ်နိုင်သည်။ ထုတ်လုပ်သည့်နှုန်းက မြန်မြန်ဆန်ဆန်တက်လာနိုင်သည်။

ချင်းလင်ဆေးဝါးစက်ရုံ_

အခု ချူယွဲ့မှာအားအင်အပြည့်ရှိနေသည်။ အကြောင်းမှာ ဒီလိုအခြေအနေမျိုးမှာတောင် ဥက္ကဌတန့်နှင့်ဥက္ကဌချင်က တာဝန်ခံဆွဲခန့်မည့်သတင်းမကြားသောကြောင့်ပင်။ ဒီတော့ သူတို့နှစ်ဦးက သူ့ကိုအသိအမှတ်ပြုထားဆဲဖြစ်ပြီး ကုမ္ပဏီခွဲခေါင်းဆောင်နေရာကိုတစ်ဆင့်တက်နိုင်ပြီ။

ချင်လင်ဆီမှဖုန်းလာသောအခါ သူကချက်ချင်းကိုင်လိုက်သည်။ ဥက္ကဌချင်ကစာချုပ်ပို့ပေးချင်သည့်အကြောင်းကြားပြီး သူကြောင်သွားသည်။

သူ့ကိုစာချုပ်ပေးတာမဆန်းသော်လည်း ဥက္ကဌချင်တောင်းတဲ့စျေးက ထူးဆန်းနေသည်။ သာမန်ရေပူစမ်းဆေးထုပ်ကို ယွမ် ၁၅၀၊ အထူးက ယွမ် ၅၀၀၀ တဲ့။

တန်ဖိုး ၅ ဆတက်သွားသည်။

ဘယ်လိုဖောက်သည်မျိုးက ဝက်လိုသတ်ဖြတ်ခံရတာလဲ?

ချူယွဲ့ကဇဝေဇဝါဖြစ်နေသော်လည်း သိပ်မမေး။ သူကချက်ချင်းပင် စာချုပ်ပါထုတ်ကုန်တန်ဖိုးကိုပြင်ဆင်ပြီး စာချုပ်မိတ္တူကိုချင်းလင်စံအိမ်ပို့ပေးလိုက်သည်။

နိုင်ငံခြားသားများကိုမြင်မှ ချူယွဲ့ကသဘောပေါက်ပြီး စိတ်ထဲမှရေရွတ်လိုက်၏။

'ကောင်းတယ်... ဒီနိုင်ငံခြားသားတွေကလည်း ကိုယ့်လူမျိုးကိုယ်တောင်ဒီလိုအမြတ်ထုတ်သေးတာ'။

Filis က အသတ်ခံရတာ၊မခံရတာ ဂရုမစိုက်။ စာချုပ်နှင့်အော်ဒါလက်မှတ်ထိုးပြီးနောက် မနေနိုင်ဘဲ သူ့မိသားစုကိုသတင်းကောင်းပြောပြလိုက်သည်။

Wims လည်းဒီအတိုင်းပင်။ သူအသတ်ခံရမှန်းသိသော်လည်း သူ့အဖေဝမ်းသာအောင် အရင်ဆုံးသတင်းပြန်ပို့လိုက်သေးသည်။

တော်ဝင်မိသားစုသုံးမယ့်ဆေးက အာနိသင်မလျော့သရွေ့၊ ပြည်သူတွေကိုစျေးနည်းနည်းနဲ့ပြန်ရောင်းနိုင်သရွေ့ပေါ့။

သံသယရှိခဲ့ရင်တောင် ဂျာမန်စျေးကိုပြောပြရမည်။ စျေးနှုန်းကိုကြည့်ပြီး တော်ဝင်မိသားစုက လူတွေကိုထည့်သွင်းစဉ်းစားမည်။

စာချုပ်လက်မှတ်ထိုးပြီးနောက် ချင်းလင်ရေပူစမ်းဆေးမှုန့်ကို ဂျာမနီနှင့်အင်္ဂလန်သို့အမြန်ဆုံးပို့ပေးလိုက်သည်။

သံတမန်အဖွဲ့များပါဝင်ပတ်သက်နေသောကြောင့် ဒီကုန်ပစ္စည်းတစ်သုတ်ကို အမြန်ဆုံးပို့ပေးလိုက်သည်။

တစ်ပတ်အတွင်း ချင်းလင်ကုမ္ပဏီ၏ရေပူစမ်းဆေးမှုန့်က ဂျာမနီနှင့်အင်္ဂလန်နိုင်ငံမှစတိုးဆိုင်အသီးသီးတွင်ပေါ်ထွက်လာသည်။ ကြော်ငြာပြီးနောက် ထိပ်ပြောင်နှုန်းအမြင့်ဆုံးနှစ်နိုင်ငံတွင် ရေပူစမ်းဆေးမှုန့်ကိုအပြေးအလွှားဝယ်ကြလေသည်။

သာမန်ဂျာမနီရေပူစမ်းဆေးမှုန့်မှာ အာနိသင်လျှော့ထားသော်လည်း ၄၃ ယူရို(ဒေါ်လာ ၃၀၀)ရှိပြီး အင်္ဂလန်ဆေးမှုန့်က ၂၂ ပေါင်(ဒေါ်လာ ၁၈၀) ရှိသည်။

ရေပူစမ်းဆေးမှုန့်က ထိပ်ပြောင်ပြဿနာကိုဖြေရှင်းနိုင်သည်ဟုအတည်ပြုပြီးနောက် အတော်များများက စျေးနှုန်းကိုဂရုမစိုက်တော့။ ဘယ်မှာဝယ်ရမလဲသာစဉ်းစားကြသည်။

အထူးသဖြင့် အင်္ဂလန်တွင် တော်ဝင်မိသားစုက အရည်အသွေး ၁ ရေပူစမ်းဆေးမှုန့်သုံးကြသည်။ အရင်ကနာမည်ကြီးထိပ်ပြောင်မိသားစုမှာ ရက်ပိုင်းအတွင်း သိသိသာသာဆံပင်ပေါက်လာသည်။

ဒါအကောင်းဆုံးကြော်ငြာပင်။

နှစ်နိုင်ငံလုံးတွင်အပြေးအလွှားဝယ်ကြသောကြောင့် ချင်းလင်ဆေးဝါးကုမ္ပဏီက နိုင်ငံခြားဝင်ငွေအမြောက်အမြားရလေသည်။

ထိုပုံရိပ်ကြောင့် တခြားနိုင်ငံများကစိတ်ဝင်စားလာသည်။

ဘာပဲဖြစ်ဖြစ် အရင်ကတခြားနိုင်ငံများမှာ ချင်းလင်ကုမ္ပဏီ၏ကိုယ်စားလှယ်လုပ်ခွင့်ရအောင်ကြိုးစားခဲ့ဖူးသော်လည်း တစ်ယောက်မှမအောင်မြင်ခဲ့။

ချင်းလင်ကုမ္ပဏီကလည်း သူတို့ထုတ်ကုန်ကိုပြည်ပနိုင်ငံများအားမရောင်းနိုင်ကြောင်း နှစ်ကြိမ်ကြေညာခဲ့သည်။

အခု အင်္ဂလန်နှင့်ဂျာမနီက ချင်းလင်ကုမ္ပဏီ၏ထုတ်ကုန်ဖြန့်ဝေခွင့်ကိုအောင်မြင်စွာရရှိခဲ့သောကြောင့် အတော်များများအကြံရှိလာသည်။

ထိုထဲတွင် ဟိုရှီနိုမှနိုင်ငံတကာအိုလံပစ်ကော်မတီဝင် Venod နှင့်သူ့သားလည်းပါသည်။

အရင်အာဆီယံကစားပွဲမှာ Venod က ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုအပြစ်ပေးပြီး နိုင်ငံတကာပြိုင်ပွဲထဲမသွင်းရဟုတားမြစ်ခဲ့သည်။ ထို့နောက် သူ့သားကိုချင်းလင်ကုမ္ပဏီလွှတ်ပြီး ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုဖြန့်ဝေခွင့်ပေးရန်ဆွေးနွေးခဲ့သည်။

သူ့စိတ်ထဲမှာ သူများကိုအပြစ်ပေးပြီး သူများထုတ်ကုန်ကိုလိုချင်နေသေးသည်။ ဘာပဲဖြစ်ဖြစ် သူ့ကိုရှင်းကျန့်တယ်ရဲ့စျေးကွက်တစ်ခုလုံးပေးနိုင်သည်။

နောက်ဆုံး အားလုံးက သူထင်တားသည်နှင့်လုံးဝတလွဲစီဖြစ်ခဲ့သည်။ ချင်းလင်ကုမ္ပဏီကသူ့သားကိုကိုယ်စားလှယ်လုပ်ခွင့်မပေးရုံမက သူတို့ကိုပါအပြစ်ပြန်ပေးမယ်လို့ဘယ်ထင်မလဲ?

သို့ရာတွင် သားအဖနှစ်ယောက်မှာ ဒီအတွေးအမြဲရှိပြီး ချင်းလင်ကုမ္ပဏီကိုအာရုံစိုက်နေခဲ့သည်။ သူတို့ထုတ်ကုန်တွေပိုထုတ်လေလေ၊ ပိုကြီးသောစျေးကွက်ကိုမြင်လေလေပင်။ ဒါတွေကိုရှင်းကျန့်တယ်မှာမိတ်ဆက်ပေးနိုင်ရင် US ဒေါ်လာနှင့်သူတို့ရောင်းနိုင်လိမ့်မည်။

အခုဂျာမနီနှင့်အင်္ဂလန်က ချင်းလင်ကုမ္ပဏီ၏ချင်းလင်ထုတ်ကုန်တစ်မျိုးကို လက်လီရောင်းချခွင့်အောင်အောင်မြင်မြင်ရသွားသောကြောင့် သူတို့မျှော်လင့်ချက်ရောင်ခြည်သမ်းလာသည်။

Venod တွေးတောနေစဉ် သူ့သား Vassing ကအပြေးဝင်လာပြီး_

"ကျွန်တော်သိခဲ့ပြီ!''

"ချင်းလင်ထုတ်ကုန်ဖြန့်ဝေခွင့်ကို သူတို့ဘယ်လိုရသွားတာလဲ?''

Venod ကအမြန်မေးသည်။

"အင်း''

Vassing ကခေါင်းညိမ့်ပြီး_

"သူတို့ကသံတမန်နည်းနဲ့ ကိုယ်စားလှယ်လုပ်ခွင့်ရတာ''

Venod ကမျက်လုံးကျယ်သွားပြီး_

"သံတမန်နည်းနဲ့? ငါဘာလို့မတွေးမိပါလိမ့်?''

နိုင်ငံတကာအိုလံပစ်ကော်မတီအဖွဲ့ဝင်တစ်ဦးအနေနှင့် ဒီနည်းကိုသူ့အဆက်အသွယ်များမှတဆင့်သုံးနိုင်သည်။

ဒီတစ်ခါ ရေပူစမ်းဆေးမှုန့်သာရမယ်ဆိုရင် တခြားအရာများနှင့်လဲယူလိုက်မည်။

All Chapters