အခန်း (၁၃၆)
Vol. 11 Ch. 136
ချောင်ကျန်းကျွင်း ပြန်ရောက်လာပြီး ထိုအကြောင်းကို ပြောပြလိုက်သောအခါ စိတ်လှုပ်ရှားပျော်ရွှင်နေတော့သည်။
ချောင်အိမ်ဟောင်းသို့ ပြန်ရောကက်သည်နှင့် သူ့မိဘများကို ချောင်ကျန်းကျွင်းက ပြောပြလိုက်၏။ သူပြောသည်ကိုနားထောင်ပြီးနောက် ချောင်ရှို့ကျီက မေးလိုက်သည်။
“မင်း သွားချင်လို့လား”
“ကျွန်တော် သွားချင်တယ်”ချောင်ကျန်းကျွင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
ထုတ်လုပ်ရေးအဖွဲ့တွင် နေ့တိုင်း အလုပ်ကြိုးစားလုပ်သော်လည်း စုဆောင်းမိသော တစ်နှစ်စာဝင်ငွေမှာ လုပ်သားတစ်ယောက်၏ နှစ်လ သုံးလစာ ဝင်ငွေနှင့် ညီမျှ၏။ သူ့မိသားစုကို ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန် ထားချင်ရာ ထိုအလုပ်ကို သူ လုပ်ချင်သည်။
ချောင်ရှို့ကျီ - “မင်းသွားချင်ရင် မနက်ဖြန် ရှန်အိမ်ကို လက်ဆောင်တွေ ယူပြီး သွားပြောလိုက် ဒါပေမဲ့ အလုပ်မရသေးခင်အချိန်ထိ ဘယ်သူ့ကိုမှ မပြောနဲ့”
ချောင်ကျန်းကျွင်းက ခေါင်းညိတ်လိုက်၏။ နောက်တစ်နေ့တွင် လက်မှတ်ယူပြီး မြို့သို့ ထပ်သွားလေသည်။
….
ထိုနေ့မှာပင် သာ့ချောင်က ကျောင်းဆင်းချိန် ဝက်ခြံအနီးမှဖြတ်သွားစဉ် အစ်ကိုကြီး ဟော်ချီ၏ အချက်ပြကို ရလိုက်သည်။
သူမက နောက်လှည့်ပြီး ဝမ်းကွဲမောင်နှမများအား ပြောလိုက်သည်။“ဝမ်းကွဲအစ်ကိုနဲ့ ဝမ်းကွဲအစ်မတို့ သမီး လုပ်စရာရှိသေးလို့ မမတို့နဲ့ မလိုက်တော့ဘူးနော်”
“ဟဟ…”
ကျောင်းမတက်ခင်ကဆိုလျှင် သာ့ချောင်က သူ့ကိုယ်သူ ချစ်စရာလေးဟု ခေါ်တတ်၏။ ကျောင်းတက်ပြီးနောက်ပိုင်းတွင် ထိုကဲ့သို့ မပြောတော့ပေ။ ချောင်တုန်းယင်မှာ ရုတ်တရက်ကြီး ရယ်စရာ ပျောက်သွားလေသည်။
အခု သူ့ကိုယ်သူ လူကြီးတစ်ယောက်လို ပြုမူနေရာ ရယ်စရာလေးများ ထပ်ကြား လိုက်ရပြန်သည်။ သူမ အသည်းယားလာကာ သာ့ချောင်၏ မျက်နှာလေးကို ဆွဲညှစ်လိုက်၏။
ချောင်တုန်းဟယ်က သူ့ညီမ၏လက်ကို ရိုက်ထုတ်လိုက်ပြီး ဟော်ချီကို တချက်ကြည့်ကာ ပြောလိုက်သည်။
“ညီမလေး သာ့ချောင် အဲ့မိသားစုက လူဆိုတွေ မဟုတ်ပေမဲ့လည်း သတိထားရမယ်နော် ဘယ်သူ့ကိုမှ ညီမလေးကို အနိုင်မကျင့်စေနဲ့ ဟုတ်ပြီလား”
ချောင်တုန်းယင်က ၎င်းကို ကြားသော် သူမလည်း ထောက်ခံသဘောတူလေသည်။“သာ့ချောင် အထူးသဖြင့် ချစ်စရာမကောင်းတဲ့ ဟာတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နော်”
ဝမ်မိသားစု၏ ငါးယောက်မြောက်သား သေဆုံးပြီးနောက်တွင် ရှောင်ချောင်က သာ့ချောင်ရှေ့တွင် ပေါ်လာတတ်ပြီး ညီအစ်မ ချစ်ခင်မှုကို ပြသလေသည်။ ယင်းကို မြင်ရသူအပေါင်းမှာ ရွံရှာကြလေ၏။
ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်က အကြံအစည် အတော်များသည်။ ဒီတစ်ခါရော သူ ဘာလုပ်ချင်နေလဲ ဘယ်သူသိမှာလဲ
သာ့ချောင်က ကြက်ကလေး အစာကောက်သလို ခေါင်းညိတ်ပြလိုက်၏။“သမီး သိပါပြီ အစ်မဝမ်းကွဲ စိတ်မပူပါနဲ့ အခု သမီးက မိန်းကလေးကြီး ဖြစ်နေပါပြီနော်”
“ဟ…ဟဟဟ…ချစ်စရာလေး သာ့ချောင် ညီမလေးက အရမ်းရယ်ရတာပဲ”ချောင်တုန်းယင်မှာ တကိုယ်လုံးတုန်ရီအောင် ရယ်မောနေတော့သည်။
ချောင်တုန်းဟယ်ပင် မတတ်နိုင်ဘဲ ပြုံးရယ်နေမိ၏။
ခုနစ်နှစ်အရွယ် ဖက်ထုပ်လေးက သူ့ကိုယ့်သူ ကြီးနေပြီတဲ့လေ ဒါဆို သူတို့ညီအစ်မက အရွယ်လွန်နေပြီများလား
အန်းပင်းက သူ့အဖေလေသံအတိုင်း အတုခိုးရင်း သက်ပြင်းချကာ ပြောလိုက်သည်။“သမီးတစ်ယောက်ကြီးလာရင် အိမ်မှာခေါ်ထားလို့ မရတော့ဘူး သူ့ကို ဆက်ပြီး ခေါ်ထားကင် စိတ်ရှုပ်စရာတွေ….အား ဒုတိယအစ်မ ဘာလို့ သားကို ရိုက်တာလဲ”
ချောင်တုန်းယင်က မျက်လုံးလှန်ပြကာ ပြန်ပြောလိုက်သည်။“အရေးမပါတာတွေ ပြောမနေနဲ့ နင့်ကို စာပဲကြိုးစားဖို့ ပြောနေတာကို နင် မလုပ်ဘူးပေါ့ ပြီးတော့ နင် ဘာလို့ အဖေ့လိုမျိုး ပြောနေတာလဲ”
အန်းပင်းက ခေါင်းကုတ်ရင်း အူကြောင်ကြောင်ရုပ်လေးဖြင့် ရယ်ပြလေသည်။“ဒုတိယအစ်မ အဖေက အမေ့ကို စကားပြောတိုင်း ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား အထူးသဖြင့် အမေ စိတ်ဆိုးပြီး ထခုန်တဲ့အချိန်မျိုးဆိုရင် မျောက်နဲ့တူတယ်လေ”
သာ့ချောင်က သူ့အစ်ကိုကြီး၏ စကားကို ကြားသော် အကြီးဆုံးအန်တီအတွက် တိတ်တိတ်လေး ဖယောင်းတိုင် ထွန်းပေးလိုက်လေ၏။
သူ့ဝမ်းကွဲမောင်နှမတို့ အဝေးရောက်သွားသည်နှင့် အစ်ကိုဟော်ချီဆီသို့ လျှောက်သွားလိုက်သည်။
“အစ်ကိုဟော်ချီ သမီးကို ဘာလို့ ရှာနေတာလဲ”
ဟော်ချီက နီမြန်းနေသော သူမ၏ မျက်နှာလေးကို တချက်ကြည့်လိုက်သည်။ သူ့မျက်နှာက နည်းနည်းဝိုင်းလာသည်ဟု ထင်ရ၏။“အနောက်ဘက်တောထဲ သွားရအောင်”
သူတို့တွေ နောက်ဆုံးတစ်ကြိမ်က အနောက်ဘက်တောထဲတွင် ကန်စွန်းဥဖုတ်စားခဲ့ကြသည်။ သူတို့ တောထဲသွားတိုင်း အရသာရှိသည့် အစားအစာများကို ရှာတွေ့ကြသည်။
၎င်းကိုတွေးပြီး သာ့ချောင်မှာ သားရေကျလာတော့သည်။ သူမနှုတ်ခမ်းကို လျက်ရင်း မေးလိုက်၏။
“သမီးတို့ ဒီတစ်ခေါက် ငှက်ဥရှာကြမလားဟင်”
ဟော်ချီက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် “ဟိုရောက်ရင် သိရမယ်”
သူ့မိသားစုက ချောင်မိသားစုထံမှ ဂရုစိုက်မှု အများအပြား ရခဲ့ကြသည်။ အထူးသဖြင့် သာ့ချောင်ဆီကပင်။ ထို့ကြောင့် သူမကို တစ်ခုခု ပြန်ပေးဆပ်ချင်သည်။
သူတို့က ဆင်းရဲနွမ်းပါးနေသည်မှာ စိတ်မကောင်းစရာပင်။ သူတို့တွင် ငွေလည်း မရသလို ထုတ်လုပ်ရေးအဖွဲ့မှလည်း ထွက်ခွာခွင့် မရှိပေ။ အနောက်ဘက်တောသို့သွားကာ သူမအတွက် အရသာရှိသည့် အစားအစာများသာ ရှာပေးနိုင်လေသည်။
သာ့ချေယင်က ဟော်ချီ၏ အစားအစာ ရှာဖွေနိုင်စွမ်းကို ယုံကြည်လေးစားလေ၏။ သူ့စကားကို နားထောင်ပြီး သူမ ဘာမှထပ်မမေးတော့ဘဲ တောထဲသို့ လိုက်ခဲ့လေသည်။
သူတို့ထွက်သွားပြီးနောက် ချုံပုတ်အနောက်က ရှောင်ချောင် ထွက်လာခဲ့သည်။ သူမက မျက်မှောင်ကျုံ့ရင်း ချက်ချင်း အနောက်လိုက်သွားလိုက်၏။
သူမကို သတိမထားမိအောင် ခမ်းလှမ်းလှမ်းကနေသာ လိုက်သွားခဲ့သည်။
မမျှော်လင့်ထားသည်က သူတို့နှစ်ယောက်က တောထဲသို့ ရောက်သည်နှင့် ဂူထဲဝင်သွားသော ကြွက်ကဲ့သို့ တဖြည်းဖြည်း ဝေးသွားပြီး သူမ လိုက်မမီတော့ပေ။
သေစမ်း!
ရှောင်ချောင်က အံ့ကြိတ်ကာ ဒေါသတကြီး ခြေဆောင့်လိုက်သည်။
သို့သော် မကြာမီ သူမ စိတ်မဆိုးနိုင်တော့ပေ။ သူမ လမ်းပျောက်သွားလေပြီ။
သူ့ညီမလေးက တောထဲ လိုက်လာမှန်း သာ့ချောင် မသိပေ။ သူမက တောနက်ထဲ သွားနေသော ဟော်ချီနောက်ကိုသာ အမြန်လိုက်နေခဲ့သည်။ နောက်တော့ ပိုးစာပင်တွေအရှေ့တွင် ရပ်သွားခဲ့သည်။
ပိုးစာပင်များသည် နှစ်စဉ်နှစ်တိုင်း ဧပြီလမှ ဇွန်လအတွင်း ရင့်မှည့်သည်။ အရှေ့ဘက်တောတွင်လည်း ပိုးစာပင်များ ရှိသော်လည်း အရေအတွက် နည်းသည့်အပြင် အရသာကလည်း ချဥ်၏။ ထိုသို့ဖြစ်လျှင်ပင် ပိုးစာသီးများ မှည့်ချိန်ရောက်တိုင်း ရွာသူရွာသားတို့က ကောက်ယူကြလေသည်။
ယခု သူတို့အရှေ့ရှိ ပိုးစာသီးက အလုံးကြီးပြီး အသားများမည့်ပုံပေါ်သည်။ အသီးအရောင်ကလည်း ခရမ်းရင့်ရောင်ရှိ၏။ အကြည့်တချက်နှင့်ပင် အလွန် ချိုမြိန်နေလေပြီ။
သူ့အရှေ့ရှိ ပိုးစာသီးများကိုကြည့်ပြီး သာ့ချောင်တစ်ယောက် သားရေကျလာတော့သည်။“အစ်ကိုဟော်ချီက အံ့ဩဖို့ ကောင်းလိုက်တာ အမြဲတမ်း အရသာရှိတဲ့ အစားအစာတွေကို ရှာနိုင်တယ် သမီး အစ်ကို့ကို အရမ်းသဘောကျသွားပြီ”
သူမ၏စကားကို ကြားပြီး ဟော်ချီ၏နှုတ်ခမ်းထောင့်လေးက ကွေးတက်သွားလေ၏။ “ဒါက ဘာမှမဟုတ်ဘူး ဒါကို ငါရှာတွေ့ရင် တခြားသူတွေလည်း ရှာနိုင်မှာပဲ”
သာ့ချောင်က ခေါင်းကလေးကို ယမ်းခါရင်း ပြောလိုက်၏။“မဟုတ်ဘူး သူတို့က အစ်ကို့လို အံ့ဩဖို့ မကောင်းဘူး ဒီလိုမျိုးတွေကို ရှာတွေ့တဲ့သူ တစ်ယောက်မှ သမီး မတွေ့ဖူးဘူး”
ဟော်ချီက သူမ၏ မြှောက်ပြောသည့်စကားကို နားထောင်ပြီး သူ့နှုတ်ခမ်းထောင်လေးများက သိသိသာသာ ကွေးတက်လာတော့သည်။“စပြီး ခူးရအောင်”
သာ့ချောင်က အမြန် ခေါင်းညိတ်လိုက်၏။ အစ်ကိုဟော်ချီက ဘာလို့ ခြင်းတောင်းအလွတ် နှစ်ခုယူခဲ့မှန်း နောက်ဆုံးတော့ သူမ သိသွားပြီ။ ဒါတွေက ပိုးစာသီးတွေ ထည့်ဖို့ ဖြစ်သည်။
ပိုးစာပင်တွေက နှစ်မီတာလောက် မြင့်ရာ ဟော်ချီက သာ့ချောင်အား အပြင်ခြေမှ အသီးများကိုသာ ကောက်ခိုင်းလိုက်သည်။ ထို့နောက် ဘောင်းဘီလိပ်တင်ကာ အပင်ပေါ်တက်ပြီး ခူးတော့သည်။
အစ်ကိုဟော်ချီက အမြင့်ကြီးတက်သွားသည်ကို ကြည့်ပြီး သာ့ချောင်က ညင်ညင်သာသာ ပြောလိုက်၏။
“အစ်ကိုဟော်ချီ ဂရုစိုက်နော် မပြုတ်ကျစေနဲ့ဦး”
“စိတ်မပူပါနဲ့ ညီမလေး ရေငတ်နေရင် အသီးကောက်ရင်း စားလိုက်နော်”ဟု အပြုံးလေးဖြင့် စကားဆိုလိုက်သည်။
သာ့ချောင်က ဟော်ချီ၏ သွက်လက်သော လှုပ်ရှားမှုကို ကြည့်ပြီး စိတ်သက်သာရာ ရသွားလေသည်။ ကြည့်ရတာ အပင်တက်တာ ပထမဆုံးအကြိမ် မဟုတ်သည့်ပုံပင်။
သူမ ကောက်ယူထားသော ပိုးစာသီးကို ပါးစပ်ထဲသို့ ထည့်လိုက်၏။
ချိုလည်းချိုပြီး ချဉ်လည်းချဉ်၏။ ချိုမြိန်သည့်အရသာက ပိုသည်။ အရမ်းစားကောင်းတယ်
အရသာရှိသည့် ဒီလိုအစားအစာကိူ သူမ ပိုကောက်ရပေမည်။ အိမ်ပြန်ရောက်လျှင် အားလုံးနှင့် ဝေမျှစားသုံးရမည်။
သူမ ပိုးစာသီးစားပြီးနောက် ပါးစပ်တစ်ခုလုံး ခရမ်းရောင် စွန်းကုန်သည်ကို ဟော်ချီ တွေ့လိုက်ရသည်။ မတတ်နိုင်ဘဲ သူ့နှုတ်ခမ်းထောင့်လေးများ တဖန် ကွေးတက်သွားပြန်သည်။
အိမ်မပြန်ခင်ထိ သူတို့နှစ်ယောက် ခြင်းတောင်းအပြည့် ကောက်လိုက်ကြသည်။ အပင်ပေါ်တွင် မမှည့်သေးသည့် ပိုးစာသီးများ ကျန်နေသေး၏။ ရက်အနည်းငယ်ကြာလျှင် သူတို့ ထပ်ပြီး အသီးလာခူးကြမည်။
သူတို့တေယ်ထဲက ထွက်သည်နှင့် ဟော်ချီက ခြင်းတောင်းကို သာ့ချောင်အား ပေးသယ်လိုက်သည်။ အသီးအများကြီးကို သူတို့ ချက်ချင်း မစားနိုင်ကြပေ။ ထို့ပြင် သူတို့ကို ရှာတွေ့သွားကြလျှင် ကောင်းမည်မဟုတ်ပေ။
သာ့ချောင်က ခေါင်းလေးစောင်းကာ ခဏလောက်တွေးနေလိုက်သည်။“အဘိုးပြောတာ ကြားဖူးတယ် ပိုးစာသီးတွေကို ဝိုင်ထဲစိမ်ပြီးသောက်ရင် ခန္ဓာကိုယ်အတွက် ကောင်းတယ်တဲ့ ပြန်ရောက်ရင် အဘိုးကို မေးရမယ် တကယ်လို့ အဲ့လိုလုပ်လို့ရရင် အစ်ကို့ကိုလည်း ပေးမယ်”
ဟော်ချီက ဒိတိုင်း ခေါင်းညိတ်ပြလိုက်၏။ ထိုအသီးများက အစတည်းကပင် သာ့ချောင်နှင့် ချောင်မိသားစုအတွက် ဖြစ်သည်။ သူ့ကို ပေးပေး မပေးပေး အရေးမကြီးပေ။
အချိန်ကလည်း နောက်ကျနေလေပြီ။ စကားအနည်းငယ်ပြောကာ သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြသည်။
…..
သာ့ချောင်က ခြင်းတောင်းတစ်ခုကို ကျောပိုးသယ်ပြီး တစ်ခုကို လက်က ဆွဲပြီး ချောင်အိမ်လေးသို့ အရင်ပြန်လိုက်သည်။
လင်းဟွေ့က သာ့ချောင် ပိုးစာသီး အများကြီး သယ်လာသည်ကို တွေ့ရာ အံ့ဩသွားလေသည်။
“ပိုးစာသီးတွေ အများကြီးပဲ သမီး ဘယ်က ရှာတွေခဲ့တာလဲ”
သာ့ချောင်က အမှန်ကို မပြောရဲချေ။သူမက ယောင်ဝါးဝါးသာ ပြောလိုက်၏။“သမီး အရှေ့ဘက်တောထဲက တွေ့လာတာ”
ချောင်ကျန်းကျွင်းက လာကြည့်ပြီး မေးတော့သည်။
“အဖေကျတော့ ဘာလို့ မတွေ့တာလဲ”
လင်းဟွေ့ ကိုယ်ဝန်ရှိစကပင် ချိုချိုချဥ်ချဉ်အရသာကို ချင်ခြင်းတက်ကာ စားချင်နေ၏။ သူ့အလုပ်ပြီးသည်နှင့် အရှေ့ဘက်တောထဲ သွားရှာခဲ့သည်။ အရှေ့ဘက်တောက ချောင်မိသားစု အပိုင်မဟုတ်ရာ တခြားသူများလည်း ရှာဖွေနိုင်သည်။ ထို့ကြောင့် တခါတစ်ရံ သူ ဘာမှ ရှာမတွေ့ပေ။
အခု သာ့ချောင်လို ကလေးတစ်ယောက်က ပိုးစာသီးအများကြီး ရှာတွေ့ရာ သူ့ကိုယ်သူ အသုံးမကျသလို ခံစားလိုက်ရသည်။
လင်းဟွေ့က ပြုံးလိုက်လေ၏။“လူတိုင်းက သာ့ချောင်လေးလို ကံကောင်းတယ်များ ထင်နေလား”
သူမက ကံကောင်နေတာ မဟုတ်ဘူးလား….
ထုတ်လုပ်ရေးအဖွဲ့က လူအများကြီး အသီးသွားရှာကြသော်လည်း တစ်ယောက်မှ မတွေ့ကြပေ။ သာ့ချောင်တစ်ယောက်သာ ရှာတွေ့ခဲ့၏။
အရင်က ကြက်နှစ်ကောင်နှင့် နှစ်တစ်ရာ လင်ဇီးရိုင်းကို သာ့ချောင် ရှာတွေ့သည်ကို သူမ ကြားဖူးသည်။ ဒီလိုကံကောင်းမှုမျိုးကို ဖန်ရှောင်ကျွင်းက ကပ်ဘေးလို့ ခေါ်ရဲတယ် ဘယ်လိုတောင် ကန်းနေတာလဲ?
သူ့ယောက္ခမ ပြောတဲ့အတိုင်း တနေ့ကျလျှင် သူမ နောင်တရနေပေလိမ့်မည်။
တကယ်ပင် ဖန်ရှောင်ကျွင်းက နောင်တရနေပြီး ချောင်မိသားစုသို့ ပြန်လာချင်နေမှန်း သူမ မသိခဲ့ပေ။
သာ့ချောင်က ပိုးစားသီး သုံးပုံတစ်ပုံကို ယူလိုက်ပြီး ကျန်တာကို ချောင်အိမ်ဟောင်းသို့ ယူသွားလိုက်သည်။ အိမ်ဟောင်းရှိ မိသားစုဝင်အားလုံး အံ့ဩမှင်သက်နေကြလေ၏။
အန်းပင်းက ရယ်ကျဲကျဲဖြင့် ပြောတော့သည်။
“ညီမလေး သာ့ချောင် အစ်ကိုဝမ်းကွဲက ညီးမလေး ဟော်မိသားစုက ကလေးနဲ့ ကစားတာကို နောက် ဘယ်တော့မှ မတားတော့ဘူး”
အစားအစာရှိလျှင် အားလုံး ညှိနှိုင်း၍ရ၏။
သာ့ချောင်က နှုတ်ခမ်းလေး စူပြီး ပြုံးလိုက်သည်။ သူမ အဘိုးအား ပိုးစာသီးဝိုင်လုပ်ရန် မေးလိုက်၏။
ရွှယ်ချွမ် - “ပိုးစာသီးတွေကို ဝိုင်လုပ်လို့ရတယ် နောက်နှစ်ရက်နေရင် ဝိုင်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ မြို့မှာသွားဝယ်လိုက်မယ်”
ချောင်ကျန်းမင်က “အဖေ မသွားနဲ့တော့ နောက်ကျရင် ကျွန်တော် ဝိုင်နှစ်ပုလင်း ဝယ်လာခဲ့မယ်” ဟု ပြောလိုက်သည်။
ရွှယ်ချွမ်က သာ့ဘချောင်ဘက်လှည့်ကာ ဆို၏။”သမီးရဲ့ ဦးလေးငါး ဝိုင်ဝယ်လာပြီးရင် အဖိုး ကူလုပ်ပေးမယ်”
သာ့ချောင်က ချိုမြိန်စွာ ပြုံးကာချွဲလိုက်လေသည်။
“အဘိုးက အကောင်းဆုံးပဲ”
ချောင်ကျန်းမင်က “အဘိုးက အကောင်းဆုံးဆိုရင် ဦးလေးငါးကရော”ဟု စနောက်လိုက်၏။
သာ့ချောင်က ရွှင်မြူးစွာ ပြန်ဖြေလိုက်သည်။“ဦးလေးငါးက ကောင်းပါတယ် ဒါပေမဲ့ အဘိုးနဲ့အဘွားလောက် မကောင်းဘူး”
ချောင်ကျန်းမင် - “...”
အိမ်လေးအတွင်း၌ ပျော်ရွှင်ကြည်နူးနေချိန်တွင် တောအုပ်ထဲရှိ ရှောင်ချောင်ကတော့ ရူးသွပ်လုနီးပါး ဖြစ်နေလေသည်။
သူမ တောထဲ လမ်းပျောက်နေသည်မှာ တစ်နာရီကျော်သွားလေပြီ။ သူမ ခြေထောက်များက နာကျင်နေပြီး တနေရာထဲ၌ ထပ်တလဲလဲ လျှောက်နေမိသည်။ ဒီအတိုင်း ဆက်ဖြစ်နေလျှင် ညမှောင်သည်အထိ တောထဲက ထွက်နိုင်မည် မဟုတ်ပေ။
တောထဲ၌ တစ်ညကုန်ဆုံးရမည်ကိုတွေးရင်း ကြောက်ရွံတုန်လှုပ်နေတော့သည်။ သူမ အမေကလည်း သူမ ပျောက်ဆုံးနေသည်ကို သတိထားမိမည် မဟုတ်ပေ။
ပြန်တွေးကြည့်လျှင် အမေက ဆေးရုံဆင်းပြီးနောက် ပြောင်းလဲသွားပုံပေါ်သည်။ အချိန်တိုင်း သူမကို ထူးဆန်းသည့် မျက်ဝန်းများဖြင့် ကြည့်တတ်သည်။
ရုတ်တရက် သူမစိတ်ထဲ အတွေးတစ်ခု ပေါ်လာ၏။ ဖြစ်နိုင်တာက …. တစ်ယောက်ယောက် အမေ့ကိုယ်ထဲ ကူးပြောင်းလာတာလား?