အခန်း (၁၄၆)
Vol. 12 Ch. 146
လင်းဟွေ့က ပြုံးပြီး ခေါင်းညိတ်ပြသည်။ "ဟုတ်ပါတယ် ငါစိုးရိမ်တယ်။ ဒါပေမယ့် မသင့်တော်မှာကို စိုးရိမ်တာထက် စာရင် နောင်တရမှာကို ပိုကြောက်တယ်"
သူမ တစ်ခါက နောင်တရခဲ့ဖူးသည်။ ထပ်ကြိုးစားရန် ရှားပါးသည့် အခွင့်အရေးက ပေါ်လာသည်။ ဒီတစ်ခါထပ်လွတ်သွားခဲ့လျှင် သူမဘဝတစ်သက်လုံး နောင်တရမှာသေချာသည်။
ချောင်ဟုန်းရှသည် လက်ထဲတွင် ဟင်းရွက်ကို ကိုင်ကာ စဥ်းစားနေခဲ့သည်။
လင်းဟွေ့သည် သူမ၏လက်ထဲတွင် ပုံသဏ္ဍာန်မပေါ်တော့အောင် ဆုပ်ထားသော ဟင်းရွက်များကို ကြည့်လိုက်သည်။ "ဟုန်းရှ၊ နင်... နင့်စိတ်ထဲမှာ တစ်ခုခု ရှိနေတာလား?"
ချောင်ဟုန်းရှက အာရုံတွေပြန်ရလာပြီး မျက်နှာက မီးတောက်သွားသည်။
သူမက ထိတ်လန့်တကြား ထရပ်လိုက်သည်။ ဟင်းရွက်ခြင်းကို ကိုင်ပြီး ပြောသည်။ "ဒုတိယယောင်းမ ငါ ဟင်းချက်လိုက်မယ်။ အခန်းမှာ သွားနားနေလိုက်။ ညစာ အဆင်သင့်ဖြစ်ရင် နောက်မှ ခေါ်လိုက်မယ်!"
စကားပြောပြီးနောက် သူမ ထွက်ပြေးသွားပြန်သည်။
ထမင်းစားချိန်ရောက်သောအခါ စားပွဲတွင် "ဝမ်းနည်းပူဆွေးမှုများ" နှင့် ပြည့်နေသည်။
"တတိယအဒေါ်၊ ဒီဟင်းက အရမ်းငန်တယ်!" သာ့ချောင်က ဟင်းပွဲကို မြည်းပြီး ငိုလုမတတ်ပင်။
ချောင်ဟုန်းရှက ကြားသောအခါ တူချောင်းနှင့် အလျင်အမြန်ယူကာ မြည်းကြည့်သောအခါ ထွေးထုတ်လုနီးပါး ဖြစ်ရသည်။ အရမ်းငန်တယ်။ ဆားကို ဘယ်နှစ်ခါထည့်ခဲ့လဲ?
ယိမင်လေးက လက်ပိုက်ပြီး မှုန်ကုပ်ကုပ်မျက်နှာနဲ့ ပြောခဲ့သည်။ "အမေ၊ ဖြုန်းတီးတာက မကောင်းဘူး။ ထွေးထုတ်လို့မရဘူး!"
ချောင်ဟုန်းရှ - "..."
တတိယအဒေါ်၏ စိတ်ဓာတ်ကျနေသော ပုံစံကို မြင်လိုက်ရသဖြင့် သာ့ချောင်သည် ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်သည်။
ချောင်ဟုန်းရှက မတ်တပ်ထရပ်ပြီး ပြောသညါ။ "ဒါတွေ မစားနဲ့တော့။ ငါ ခေါက်ဆွဲ ချက်ပေးမယ်"
လင်းဟွေ့က မတ်တပ်ရပ်လိုက်သည်။ "မေ့လိုက်တော့။ နင့်ပုံစံနဲ့ မီးဖိုချောင်ကို ထပ်ပြီး လွှဲပေးရမှာ ငါ စိတ်ပူတယ်!"
ချောင်ဟုန်းရှ စိတ်ထဲတွင် တစ်ခုခုရှိနေပြီဆိုတာ သူမသေချာနေပြီ။ ကောင်းသောအရာဖြစ်သင့်သည်။
ချောင်ဟုန်းရှက အပြစ်ရှိသလို ခံစားလာရပြန်သည်။
ထိုညက ချောင်အိမ်ငယ်လေးတွင် ညစာစားတာ နည်းနည်းနောက်ကျသွားသည်။ ထိုညတွင်လည်း ချောင်ဟုန်းရှသည် အိပ်မပျော်ခဲ့ပြန်ပေ။
...
"ဒူ ဒူ ဒူ ... "
နောက်တစ်နေ့တွင် ဝမ်ယန်ရှန်သည် နာရီဝက်စောပြီး အလုပ်ဆင်းသည်။ ထို့နောက် မောင်းတီး၍ ကောက်နယ်တလင်းတွင် စုရုံးခိုင်းသည်။ ကြေညာစရာတစ်ခုရှိသည်။
"ခေါင်းဆောင်က ဘာပြောချင်လို့ထင်လဲ? အနောက်ဘက်သစ်တောကိစ္စက ပြန့်နှံ့သွားပြီလား?"
"မဖြစ်နိုင်ပါဘူး။ ခေါင်းဆောင်က လူတိုင်းကို မပြောဖို့ ပြောထားတာမဟုတ်ဘူးလား?"
"ပြောရခက်တယ်။ ဒီထုတ်လုပ်ရေးအဖွဲ့မှာ ပါးစပ်တွေ အများကြီးရှိနေတယ်ဆိုတာ နင်လည်းသိတယ်!"
"အေးဗျာ၊ ဒီလိုဖြစ်ရင် ဒီလူကို ဘယ်သူပြောတာလဲဆိုတာ ငါသေချာပေါက် သိအောင်လုပ်မယ်!"
၎င်းက တခဏချင်း ပျံ့နှံ့သွားသည်။ ပြန့်ပွားလေလေ ပိုဆိုးလေပင်။ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် သံသယရှိကြသည်။ လူအနည်းငယ်က ရန်ဖြစ်လုနီးပါးဖြစ်ကြသည်။
ဝမ်ရွှေရှန်က ရောက်လာပြီး စည်ကို တီးလိုက်သည်။ "ငြိမ်ငြိမ်နေကြ။ ရန်ဖြစ်ခွင့်မရှိဘူး။ ဒါမှမဟုတ် အလုပ်အမှတ်တွေ နုတ်ပစ်မယ်!"
အလုပ်ရမှတ်များ နုတ်ယူမည်ဟု လူတိုင်းကြားသောအခါ ငြိမ်သက်သွားကြသည်။
ဝမ်ရွှေရှန်က ချောင်းဟန့်လိုက်သည်။ "ကျုပ်တို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့က ရိတ်သိမ်းမှုက သာမန်ပဲ ရှိတယ်။ ကျုပ်တို့မှာ အထူးအထွေ မရှိသလို မြေအားသာချက်လည်း မရှိဘူး။ ဒါကြောင့် ကျုပ်တို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့က ဒီအတိုင်းပဲ။ နှစ်တွေကြာပြီ။ အစာမငတ်ပေမယ့် မချမ်းသာဘူး"
"ကျွန်တော်က ထုတ်လုပ်ရေးခေါင်းဆောင်ဖြစ်လာကတည်းက လူတိုင်းနဲ့ ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးကို ချမ်းသာလာစေဖို့ ကူညီချင်တယ်။ ဒါပေမယ့် ကျွန်တော်က ဦးနှောက်နှေးကွေးပြီး ကောင်းကောင်း မဆက်ဆံတတ်ဘူး။ ဒါကြောင့် နှစ်တွေကြာလာတာနဲ့အမျှ လူတိုင်းအတွက် စိတ်မကောင်းဘူး"
အစပိုင်းကို လူတိုင်းကြားလိုက်ရသောအခါတွင် အနည်းငယ် ကြောင်အသွားကြသည်။
ခေါင်းဆောင်က ဘာကို ဆိုလိုတာလဲ?
သူ မလုပ်ချင်တော့ဘူးလား?
လူအများစုက စိုးရိမ်တကြီး ကြည့်နေကြသည်။ ဝမ်ရွှေရှန်သည် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် ကျွမ်းကျင်မှုမရှိသော်လည်း မျှတပြီး လောဘမကြီးပေ။ ထုတ်လုပ်ရေးခေါင်းဆောင်အဖြစ် လူတိုင်းက သူ့ကို ကျေနပ်ကြသည်။
ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသူ အနည်းစုလည်း ရှိသည်။ တစ်ချို့လူတွေက ဝမ်ရွှေရှန်ကို ထုတ်လုပ်ရေးခေါင်းဆောင်ရာထူးကနေ ဖယ်ရှားပြီး သူ့နေရာမှာ အစားထိုးချင်နေတာ ကြာပြီ။ ဝမ်မိသားစုမှာ စစ်တပ်တွင် အရာရှိဖြစ်ခဲ့သည့် တတိယမြောက်ဝမ် ရှိသောကြောင့် ဘယ်သူကမှ သူ့ကို ပြတ်ပြတ်သားသား မလွန်ဆန်ရဲပေ။
ဝမ်ရွှေရှန်က လူတိုင်းရဲ့ ဆွေးနွေးမှုကို လျစ်လျူရှုပြီး လေးနက်တဲ့ အသံနဲ့ ဆက်ပြောသည်။ "ကျုပ်ရဲ့ တတိယညီလေး ဒီတစ်ခေါက် ပြန်ရောက်လာတော့ နည်းလမ်းပြပေးတယ်။ တိုင်းပြည်က တရုတ်ဆေးဖက်ဝင်အပင်တွေ အများကြီး လိုအပ်နေပြီလို့ ပြောတယ်။ တရုတ်ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးနိုင်တဲ့ ထုတ်လုပ်ရေးအဖွဲ့တွေ မရှိသလောက်ပဲ။ ဒါကြောင့် ကျုပ်တို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့က ဒီလမ်းကြောင်းအတိုင်း ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့ အကြံပြုခဲ့တယ်"
တစ်စုံတစ်ယောက်က ပြောသည်။ "ခေါင်းဆောင်၊ ငါတို့ ဘယ်လိုတိုးတက်နိုင်မလဲ? လူတိုင်းက အစားအစာအစား တရုတ်ဆေးဖက်ဝင်အပင်တွေ စိုက်လို့မဖြစ်နိုင်ဘူး။ ဒါဆို နှစ်ကုန်ရင် ဘာစားမလဲ?"
"အနောက်မြောက်လေကိုစား!" တစ်ယောက်ယောက်က ဆန့်ကျင်သည်။ "ထုတ်လုပ်ရေးအဖွဲ့က စီးပွားဖြစ် သီးနှံတွေပဲ စိုက်ပျိုးနိုင်မယ်လို့ အသိုင်းအဝိုင်းက ပြဌာန်းထားတယ်။ ခေါင်းဆောင်က တရုတ်ဆေးဖက်ဝင်အပင်တွေကို ပြောင်းပြီး စပါးမဆပ်နိုင်ရင် ထောင်ကျလိမ့်မယ်"
ဒီသတင်းကြားပြီး လူတိုင်း ထိတ်လန့်သွားကြသည်။
"ခေါင်းဆောင်၊ ခင်ဗျား ဒီလိုလုပ်လို့မရဘူး!"
"ဟုတ်တယ်၊ ငါတို့ ထောင်ထဲ မသွားချင်ဘူး။ စားတဲ့ အပင်ပဲ စိုက်ရင် ဘာဖြစ်မှာမို့လဲ?"
"ဟုတ်တယ်၊ ငါတို့ မချမ်းသာနိုင်ပေမယ့် စားစရာရှိသေးတယ်။ ငါတို့က တရုတ်ဆေးဖက်ဝင်အပင်တွေ စိုက်ထားရင် အဲဒါတွေ ရှင်သန်နိုင်ပါ့မလား? ကြီးလာရင်လည်း ငါတို့ ဗိုက်မပြည့်ဘူး"
ဝမ်ရွှေရှန်သည် လူတိုင်း အလွန်စိတ်အားထက်သန်ကြသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် စည်ကို အမြန်ရိုက်လိုက်သည်။ သူ့အသံက အက်ကွဲသွားလျှပင် လူတိုင်းကို စိတ်တည်ငြိမ်အောင် လုပ်နိုင်တဲ့ နည်းလမ်း မရှိသေးပေ။
ထိုအချိန်တွင် ဝမ်ယန်ရှန်သည် ခြေတံရှည်ဖြင့် လူအုပ်ထဲမှ ထွက်လာပြီး စင်မြင့်ပေါ်သို့ ရောက်လာသည်။
သူသည် လူတိုင်းကို အေးစက်စွာ ကြည့်လိုက်သည်။ ပြင်းထန်ပြီး အားကောင်းတဲ့ အသံဖြင့် အော်လိုက်သည်။ "လူတိုင်း တိတ်တိတ်နေ!"
အသံကြားသည်နှင့် တပြိုင်နက် ကောက်နယ်တလင်းတစ်ခုလုံးသည် လည်ပင်းညှစ်ထားသည့် ဘဲတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။ ဘာသံမှ မကြားရပေ။
ထုတ်လုပ်ရေးအဖွဲ့ရှိ လူအနည်းငယ်က စစ်တပ်တွင် ဝမ်ယန်ရှန်၏ ပုံစံကို မသိကြပေ။ ဒီတစ်ခေါက် သူပြန်လာသောအခါ လူတော်တော်များများက သူနဲ့ ရင်းနှီးချင်ကြသည်။ ကံမကောင်းစွာ သူပြန်လာပြီးနောက် နေ့တိုင်းနီးပါး အပြင်ထွက်သည်။ သူ့ကိုတွေ့ရန် ခက်သည်။
ဒီအချိန်မှာ သူက အရပ်မြင့်မြင့်နဲ့ စင်ပေါ်မှာ ရပ်နေသည်။ သူ၏ ရောင်ဝါသည် စကားမပြောနိုင်သော စွမ်းအားကို သယ်ဆောင်လာသည်။ လူတိုင်းသည် ကြောက်လန့်လာကြသည်။
ဝမ်ယန်ရှန်က လေးနက်သော မျက်နှာထားဖြင့် ရှင်းပြသည်။ "ကျွန်တော့်အစ်ကိုကြီးက တရုတ်ဆေးဖက်ဝင်အပင်တွေ စိုက်တယ်လို့ပြောတာ ကျွန်တော်တို့ စားတဲ့အပင်တွေ မစိုက်ဘူးလို့ မဆိုလိုဘူး။ ထုတ်လုပ်ရေးအဖွဲ့ရဲ့ မြေက နိုင်ငံတော်ပိုင်ပဲ။ အစိုးရနဲ့ အတည်ပြုပြီးမှသာ လုပ်နိုင်မှာ။ မဟုတ်ရင် တရားမ၀င်တဲ့အပင်လို့ သတ်မှတ်ခံရမယ်"
"ဒါဆို ခေါင်းဆောင်က ဘာကိုဆိုလိုတာလဲ?" တစ်ယောက်ယောက်က ရဲရဲတင်းတင်း မေးသည်။
ဝမ်ယန်ရှန်က ပြောသည်။ "မိသားစုတိုင်းမှာ သီးသန့်မြေကွက်တွေ ရှိတယ်။ ဧရိယာက မကျယ်ပေမယ့် တရုတ်ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးချင်တယ်ဆိုရင်တော့ ဒီမြေကွက်ကို သုံးလို့ရတယ်"
သူသည် လျှို့ဝှက်ကြံစည်မှုကို ဆိုလိုခြင်းဖြစ်သည်။ ဤသည်ကို လူတိုင်းကြားသောအခါတွင် သူတို့၏ စိတ်သည် နောက်ဆုံးတွင် ငြိမ်သက်သွားကြသည်။
ကိုယ်ပိုင်မြေကွက်များကို စီးပွားဖြစ်သီးနှံများ စိုက်ပျိုးခွင့်မပြုပေ။ ထို့ကြောင့် သာမန်အိမ်ထောင်စုများသည် သခွားသီး၊ ရွှေဖရုံသီး၊ မုန်လာဥနှင့် ဂေါ်ဖီထုပ်ကဲ့သို့သော ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရန် အသုံးပြုကြသည်။ အများကြီးမဟုတ်သော်လည်း မိသားစုရဲ့နေ့စဉ်လိုအပ်ချက်အတွက် လုံလောက်သည်။
အကယ်၍ ဤကိုယ်ပိုင်မြေကို တရုတ်ဆေးဖက်ဝင်အပင်အဖြစ် ပြောင်းလဲလိုက်လျှင် သူတို့ဘာစားကြမည်နည်း။ ဆန်ပြုတ်နဲ့ နေ့တိုင်းစားရမလား?
ထို့ကြောင့် တချို့လူတွေက မလိုလားကြပေ။
"တတိယ မင်းပြောခဲ့တဲ့ တရုတ်ဆေးဖက်ဝင်အပင်တွေ စိုက်ပြီးရင် အကျိုးရှိလား?"
ဥပမာအားဖြင့် ၎င်းကို ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းထံ ကောင်းသောဈေးဖြင့် ရောင်းချနိုင်ပါသလား? ဒါမှမဟုတ် နိုင်ငံတော်က ဝယ်ဖို့ လွှတ်လိုက်မှာလား? ဈေးကောင်းရင် ပျော်ကြမည်။ ဒါပေမယ့် မကောင်းရင် ဘာလို့စိုက်ကြမှာလဲ?
ဝမ်ယန်ရှန်က ပြောသည်။ "အများကြီး စိုက်နိုင်ရင် အကျိုးပြုရှိလိမ့်မယ်။ ဒါပေမယ့် အစပိုင်းမှာတော့ ပမာဏက မကြီးပါဘူး။ ဒါ့အပြင် လူတိုင်းက အရင်က မစိုက်ဖူးဘူး။ လုပ်ငန်းစဉ်တစ်ခုလိုတယ်။ စူးစမ်းရှာဖွေခြင်းနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်း။တစ်နည်းအားဖြင့် ရေတိုမှာ အကျိုးမရှိဘူး"
အကျိုးအမြတ်မရရင် စိုက်ချင်ကြမှာလား?
နောက်ကျခဲ့ကြမှာလား?
လူအုပ်ကြီး ဆူပွက်လာပြီး အမျိုးမျိုးသော တိုင်ကြားမှုများ ပေါ်ပေါက်လာသည်။
ချောင်ဟုန်းရှသည် ရှုပ်ထွေးသော ခံစားချက်ဖြင့် စင်မြင့်ပေါ်ရှိ လူကို လှမ်းကြည့်လိုက်သည်။
မနေ့ မတိုင်ခင်က သူသည် သူမအတွက် အခြားရွာသားတစ်ဦးဖြစ်သည်။ ထိုမှလွဲ၍ သူတို့ကြားတွင် ဆက်ဆံရေးမရှိခဲ့ပေ။
သို့သော် မနေ့ကပြီးနောက် သူတို့ကြားတွင် တခြားဘယ်သူမှ မသိတဲ့ ကြိုးတစ်ချောင်းရှိသည်။ ဒီအချိန်မှာ လူတိုင်းက သူ့ကို မနာခံတာကိုမြင်ပြီး အကြောင်းပြချက်တစ်ခုခုကြောင့် စိုးရွံ့သွားသည်။
"အမေ၊ ဝမ်... တတိယဝမ်က လျှောက်ပြောမယ့် သူတော့ မဟုတ်လောက်ဘူး။ သူဒီလိုစကားမျိုး ပြောရဲတဲ့အတွက် နောက်ပိုင်းမှာ အစီအစဉ်တစ်ခုရှိရမယ်။ ဒါပေမယ့် အခုချိန်မှာတော့ လူတိုင်းကို ပြောပြဖို့ ခက်တယ်"
သူမ ခဏစဉ်းစားသည်။ ထို့နောက် ခေါင်းလှည့်ကာ အမေ့ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ချောင်ရှို့ကျီက သူမကို တစ်ချက်ကြည့်လိုက်သည်။ "နင်... သူ့ကို ကောင်းကောင်းသိပုံပဲ?"
"ဘုန်း!"
ချောင်ဟုန်းရှ၏နှလုံးသားထဲတွင် မိုးခြိမ်းသံတစ်ခု ရိုက်ခတ်သွားသည်။ သူမမျက်နှာသည် ချက်ချင်းပင်နီရဲလာသည်။
သူ့ကို မသိဘူးဟု ပြောချင်သည်။ သို့သော် သူမအမေရဲ့ စူးရှသည့် မျက်လုံးတွေနဲ့ တွေ့သည့်အခါ စကားတစ်ခွန်းမှ မပြောနိုင်ပေ။ နီရဲသောမျက်နှာဖြင့် ခေါင်းကိုသာငုံ့ထားနိုင်သည်။
ချောင်ရှို့ကျီ၏ မျက်လုံးထဲတွင် ၎င်းက ပို၍ အပြစ်ရှိပုံ ပေါ်လာသည်။
ထိုအချိန်တွင် လူအုပ်ထဲတွင် ဝမ်ယန်ရှန်အား စိုက်ကြည့်နေသော အခြားအမျိုးသမီးလည်း ရှိသည်။
ထိုလူသည် ဖန်ရှောင်ကျွမ်းမဟုတ်ဘဲ ပညာတတ်လူငယ် သာ့ကျီဖြစ်သည်။
သာ့ကျီ၏ မျက်လုံးများသည် တောက်ပနေပြီး သူမ၏ပါးပြင်များသည် ပန်းရောင်သန်းနေသည်။ မျက်တောင်မခတ်ဘဲ စင်မြင့်ပေါ်ရှိ အရပ်ရှည်ရှည် ဖြောင့်စင်းသော အမျိုးသားကို စိုက်ကြည့်ကာ သူမဘေးနားရှိ ပညာတတ်လူငယ်လေးအားမေးသည်။ "စင်ပေါ်မှာ အဲဒီလူက ဘယ်သူလဲ? သူ့ကို ဘာလို့ မတွေ့ဖူးတာလဲ?"
စင်ပေါ်မှာရှိတဲ့လူက အံ့သြစရာကောင်းသည်။
ဖြောင့်စင်းသွယ်သွယ် ရှည်လျားသော ခြေတံတစ်စုံ။ အရပ်ရှည်ပြီး ဖြောင့်စင်းသော ရုပ်သွင်။ ချောမောပြီး ပြတ်သားသော မျက်နှာအသွင်အပြင်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးသည် ပြီးပြည့်စုံသော ယောက်ျား ပုံစံဖြစ်သည်။
"သူက ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ရဲ့ တတိယညီလေး။ သူက အရမ်းတော်တဲ့သူတစ်ယောက်လို့ ကြားတယ်။ မနှစ်တုန်းက ဗိုလ်မှူးကြီး ရာထူးတိုးခဲ့တယ်။ သူအိမ်မှာ မနေဖြစ်တာ နှစ်အနည်းငယ်ကြာပြီ။ နင်မသိတာတော့ ထုံးစံပဲ"
သူမဘေးတွင် ထိုင်နေတဲ့ အမျိုးသမီးက ပထမအသုတ် ကျေးလက်ဒေသကို ဝင်ရောက် ပညာတတ်လူငယ်တွေ ဖြစ်သည်။ သူမသည် အသက်ကြီး၍ လွန်ခဲ့သော နှစ်အနည်းငယ်က ထုတ်လုပ်ရေးအဖွဲ့မှ တစ်စုံတစ်ဦးနှင့် အိမ်ထောင်ကျပြီး ကလေးမွေးထားသောကြောင့် ဝမ်ယန်ရှန်၏ နောက်ခံကို ကောင်းစွာသိသည်။
ဗိုလ်မှူးကြီး!
သာ့ကျီ၏ မျက်နှာသည် ပို၍ပင်နီရဲလာသည်။ သူမ၏ ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားစွာဖြင့် တုန်လှုပ်သွားသည်။
ဤလူသည် စိတ်ကူးယဉ်ချစ်သူအဖြစ် သူမအတွက် အံဝင်ခွင်ကျဖြစ်သည်။
ဒီလူက သူမအပိုင်ပဲ။
ဝမ်ယန်ရှန်က လူတိုင်းကို နှုတ်ပိတ်ရန် ထပ်ပြောသည်။ " ငါ့အစ်ကိုကြီးနဲ့ ငါက ဒီအကြောင်းကို လူတိုင်းပြောနေတယ်။ တရုတ်ဆေးဖက်ဝင်အပင်တွေကို ပြောင်းစိုက်ချင်လားဆိုတာ ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ မလုပ်ချင်ဘူးဆိုရင် ထုတ်လုပ်ရေးအဖွဲ့က ဘယ်တော့မှ အတင်းအကြပ်မလုပ်ဘူး။ စဉ်းစားဖို့ တစ်ရက်အချိန်ပေးမယ်။ တရုတ်ဆေးဖက်ဝင်အပင်တွေလို ပြောင်းချင်တယ်ဆိုရင် မနက်ဖြန်မှာ ထုတ်လုပ်မှုအဖွဲ့ရုံးကိုသွားပြီး စာရင်းသွင်းလိုက်ပါ"
"ငါတို့ထဲက တစ်ယောက်မှ တရုတ်ဆေးဖက်ဝင်အပင်တွေ မစိုက်ပျိုးဖူးဘူး။ သေသွားရင် ဘယ်လိုလုပ်မလဲ?"
ဝမ်ယန်ရှန်သည် အရည်အချင်းရှိသူဖြစ်ကြောင်း လူအချို့က သိကြသည်။ ချောင်ဟုန်းရှ တွေးထားသလိုပင် သူက ဘာကိုမှ ရည်ရွယ်ချက်မဲ့ မလုပ်ခဲ့ပေ။ ထို့ကြောင့် စင်မြင့်ပေါ်၌ သူ့ကို မြင်သောအခါ အနည်းငယ် တုန်လှုပ်သွားကြသည်။
ဒီမေးခွန်းကို ဝမ်ယန်ရှန်က ကြားပြီး သူ့ပါးစပ်ထောင့်က အနည်းငယ်တွန့်သွားသည်။ "ကျွန်တော်တို့ထုတ်လုပ်ရေးအဖွဲ့မှာ ခြံကလူ သုံးယောက်ရှိတယ်။ သူတို့မှာ တရုတ်ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးတဲ့ အတွေ့အကြုံရှိခဲ့တယ်။ လူတိုင်းကို လမ်းညွှန်ပေးဖို့ တောင်းဆိုနိုင်တယ်!"
ဒီအပင်တွေ စိုက်ချင်တဲ့သူတွေလည်း စိတ်သက်သာရာရသွားသည်။
"ခင်ဗျားတို့မှာ မေးစရာရှိသေးလား မဟုတ်ရင်..."
ဝမ်ရွှေရှန်က အစည်းအဝေးသိမ်းတော့မည့်အချိန်တွင် နူးညံ့သိမ်မွေ့တဲ့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသာ်။ "ခေါင်းဆောင်၊ ကျွန်မ ပြောစရာရှိတယ်!"
သာ့ကျီသည် လူအုပ်ထဲမှ ထွက်လာပြီး သူမ၏ တင်ပါးကို ယိမ်းနွဲ့လျက် စင်မြင့်ဆီသို့ လျှောက်သွားခဲ့သည်။