သဘောထားကြီးခြင်း
Vol. 015 Ch. 1448
“သူ ဘာလုပ်နေတာလဲ” ရီဖူရှင်း၏ လုပ်ရပ်ကို မြင်သည့်အခါ လူတိုင်း၏ မျက်နှာထက်တွင် ဇဝေဇဝါ အကြည့်တို့ ပေါ်ပေါက်လာသည်။
ဝမ်ကလန်မှ လူတိုင်းသည်လည်း ရီဖူရှင်းအား စူးစိုက်ကြည့်နေကြသည်။ သူတို့က ရှုံးနိမ့်ပြီး ဖြစ်သည်မှာ မငြင်းနိုင်သည့် အမှန်တရား ဖြစ်သည်။ ဝမ်ယန်ပင်းက သူ့အသက်ကို လောင်းကြေးထပ်ပြီး တိုက်ခိုက်သော်ငြား ဂူတုံးလျှိုကို မလှုပ်ခါနိုင်ခဲ့ပေ။
နောက်ဆုံး ဓားတစ်လက်သာ ကျန်ရစ်ပြီး နတ်တံခါးသို့ သွားလိုသော်လည်း ဂူတုံးလျှို၏ ရပ်တန့်ခြင်းကို ခံခဲ့ရသည်။
ထိုသည်မှာ ဂူတုံးလျှိုက စာနာစိတ်မရှိ၊ ခံစားချက်မရှိသည့် မကောင်းဆိုးဝါး ဖြစ်နေသောကြောင့် မဟုတ်ပေ။ သူတို့အားလုံးက ရပ်တည်ချက် ကွဲပြားသောကြောင့် ဖြစ်လေသည်။
ဝမ်ယန်ပင်းသည် မှားယွင်းသော အချိန်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
“ညီလေး” ဂူတုံးလျှိုက ရီဖူရှင်း ထွက်ပေါ်လာသည်ကို မြင်သည့်အခါ ခေါ်လိုက်သည်။
“သူ့ကို ကျွန်တော်နဲ့ ထားခဲ့ပါ အစ်ကိုသုံး” ရီဖူရှင်းက ပြောလိုက်သည်။
“ကောင်းပြီ” ဂူတုံးလျှိုက ခေါင်းညိတ်လိုက်ပြီး သူ၏ ဓားများအား ထိန်းချုပ်နေခြင်းမှ လက်လျှော့လိုက်သည်။ ထိုမြင်ကွင်းကို ထူးဆန်းအံ့သြစွာ ကြည့်လိုက်ကြသည်။ ထိုနှစ်ဦးသည် ယခုချိန်တွင် ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။ သူတို့ နှစ်ယောက်လုံးသည် ဘုံ၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သည့် အခွင့်အရေး ရှိသည်။ သူတို့ နှစ်ဦးသည် ဆရာတူညီအစ်ကိုများ ဖြစ်ကြသည်။
ညီအစ်ကိုနှစ်ယောက်၏ အနာဂတ်သည် လူအများ၏ စိတ်ကူးနိုင်စွမ်းဖြင့်ပင် ဖော်ပြ၍ မရနိုင်ပေ။
ဓားသည် ရှေ့သို့ မလှုပ်ရှားနိုင်ဘဲ ကျန်ရစ်နေခဲ့သေးသည်။ ရီဖူရှင်း၏ စွမ်းအားများကို ဓားကို လွှမ်းခြုံထားပြီး သူက လမ်းလျှောက်လာခဲ့သည်။ သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး နတ်အလင်းတို့က အထီးကျန်ဓားနစ်လက်ပေါ်တွင် လွှမ်းမိုးလာ၏။
“ထူးခြားလမ်းစဉ်” လူအုပ်ကြီး၏ အကြည့်တို့က ရီဖူရှင်းပေါ်သို့ ကျရောက်လာကြသည်။ ဟောက်ထျန်းမြို့ရှိ လူအားလုံးသည် သူက သက်ရှည်တောင်ကြားမှ ပျောက်ဆုံးနေသော နတ်ဝိညာဉ်ဆွဲဆောင်ခြင်းကို ရရှိခဲ့သည်ကို သိရှိကြသည်။ ကျင့်စဉ်တွင် မှန်းဆမရနိုင်သော စွမ်းအားများ ရှိပြီး နှစ်ပေါင်းထောင်ချီတွင် အနည်းမျှသော လူကသာ ထိုကျင့်စဉ်ကို ကျွမ်းကျင်နိုင်ပေသည်။
ယင်းက ပြန်ပေါ်လာသည်မှာ မကြာသေးသော်လည်း ရီဖူရှင်း ရရှိခဲ့သည်မှာ မကြာမြင့်သေးပေ။
သို့သော် သူက ထူးခြားဆန်းကြယ်သည့် အခြေအနေသို့ ဝင်ရောက်သွားနိုင်ပြီလားဟု လူအများက ပြောလိုက်ကြသည်။
“ဒါက နတ်ဝိညာဉ်ဆွဲဆောင်ခြင်းလား” ဝမ်ကလန်သည် တစ်ချိန်က ကောင်းကင်နတ်တံခါးဂိုဏ်း၏ အုပ်ချုပ်သူ ကလန်များထဲမှ တစ်ခု ဖြစ်ခဲ့တာကြောင့် ထိုပျောက်ဆုံးနေသော လမ်းစဉ်အကြောင်း သေချာပေါက် သိရှိပေသည်။ ဝမ်ကလန်၏ ခေါင်းဆောင်က ကလန်မှ လူများအား ရပ်တန့်စေလိုက်ကာ ရီဖူရှင်း မည်သည်အား လုပ်ချင်နေသည်ကို စောင့်ကြည့်နေသည်။
နတ်အလင်းသည် ရီဖူရှင်း၏ အပေါ်တွင် တောက်ပနေပြီး သူ့အနီးမှ နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ပုံရိပ်ယောင် တစ်ခုပြီးတစ်ခုက လေဟာနယ်အတွင်း မတူညီသည့် နေရာတို့မှ ထွက်ပေါ်လာပြီး သူတို့အားလုံးက ဓားရှိရာတွင် စုစည်းလာကြသည်။
ဝမ်ယန်ပင်း၏ ခန္ဓာကိုယ်သည် ဓားအတွင်း အလွန်မှေးမှိန်လာနေပြီး အချိန်မရွေး ပျောက်ကွယ် သွားတော့မည်ဟု ထင်မှတ်ရသည်။ သို့သော် သူသည် ထိုနေရာအတွင်း မလှုပ်မယှက် ဖြစ်နေပြီး နတ်အလင်းများ၏ အောက်တွင် ပုံသဏ္ဌာန် ဖွဲ့တည်လာသည်။
ရီဖူရှင်း၏ ထူးခြားလမ်းစဉ်အတွင်းမှ အစွမ်းထက် အသက်ဓာတ် အရှိန်အဝါက ပေါက်ကွဲထွက်လာပြီး ကျောက်စိမ်းရောင် အကိုင်းအခက်များက ဝမ်ယန်ပင်း ဖွဲ့စည်းလိုက်သည့် ဓားများ အနီးတွင် ရစ်ပတ်ကာ လွှမ်းခြုံထားပေသည်။
“နတ်ဝိညာဉ်ဆွဲဆောင်ခြင်းက လူတွေရဲ့ ဝိညာဉ်အပေါ် သက်ရောက်နိုင်တယ်လို့ ပြောကြတယ်။ သူက ဝမ်ယန်ပင်းရဲ့ ဝိညာဉ်ကို ပြန်စုစည်းဖို့ ကြိုးစားနေတာလား” သူတို့ ရှေ့မှ မြင်ကွင်းကြောင့် လူအုပ်ကြီးသည် စိတ်လှုပ်ရှား တုန်ယင်သွားကြသည်။ ရီဖူရှင်းက ဝမ်ယန်ပင်းအား ကယ်တင်ရန် ကြိုးစားနေသည်။
ဝမ်ယန်ပင်းသည် သူ၏ ဓားသဏ္ဌာန်အတွင်း အပြီးတိုင် ပျော်ဝင်နေပြီး သေလုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း ရီဖူရှင်းက အချို့သော ထူးခြားစွမ်းရည်မျိုးကို သုံးကာ ယင်းဝိညာဉ်အပိုင်းအစတို့ကို စုစည်းနေပုံရသည်။
“မဟာလမ်းစဉ် အသက်စွမ်းအားနဲ့ သူက ခန္ဓာသဏ္ဌာန် ဖြစ်တည်လာအောင် လုပ်နိုင်စွမ်းရှိမယ် ထင်တယ်” ထိပ်သီးပုဂ္ဂိုလ်များ၏ မျက်လုံးတို့က လင်းလက်သွားပြီး ရီဖူရှင်းကို စူးစိုက်ကြည့်နေကြပေသည်။
ရီဖူရှင်းသည် ခရမ်းရင့်ကောင်းကင် နန်းတော်၌ အလွန့်အလွန် များပြားသည့် စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့ပြီး သူ့တွင် မည်သည့် လမ်းစဉ်ကိုမဆို ကျင့်ကြံနိုင်သည့် နတ်ခန္ဓာရှိသည်ဟု ပြောခဲ့ကြောင်း လူအများက ဆိုကြပေသည်။
သူက ထိုတိုက်ပွဲတွင် များပြားလှသော လမ်းစဉ်စွမ်းအားများကို ထုတ်ဖော်ပြသခဲ့ကာ သေဆုံးခြင်းစွမ်းအားပင် ပါဝင်နေ၏။ လက်ရှိတွင် သူက မဟာလမ်းစဉ် အသက်စွမ်းအားကို ထုတ်ဖော်ပြသနေကာ လူအများက အားလုံးသော ကျင့်စဉ်များကို ကျင့်ကြံနိုင်ခြင်းရှိကြောင်း ယုံကြည်လာကြပေသည်။ ကြည့်ရသည်မှာ သူ၏ နားလည် သဘောပေါက်နိုင်စွမ်းက အမှန်တကယ် အကန့်အသတ်မရှိဟု ထင်မှတ်ရပေသည်။
ရီဖူရှင်းသည် သူ၏ ကျင့်ကြံဆင့်မြင့်မား၍ အစွမ်းထက်လာလေ ကမ္ဘာ့သစ်ပင်၏ အသုံးဝင်မှုတို့အား ရှာဖွေတွေ့ရှိလာလေ ဖြစ်သည်။ တည်ရှိသမျှ လမ်းစဉ်အားလုံးကို နားလည် သဘောပေါက်ကာ ပုံဖော်နိုင်ပေသည်။
သူ၏ သက်စောင့်ဝိညာဉ်က သူ၏ ကျင့်ကြံဆင့် မြင့်မားလာသည်နှင့်အမျှ အစွမ်းထက်လာပေသည်။
သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်တွင် များပြားလှသည့် စွမ်းအားများကို ထုတ်ဖော်ပြသခဲ့ပြီး အနာဂတ်အတွက် ပြင်ဆင်ခဲ့သည်။ ပါရမီရှင်သည် သူ မည်သည့် လမ်းစဉ်ကို ရွေးချယ်သည်ဖြစ်စေ ကျင့်ကြံနိုင်စွမ်းရှိပြီး သူမည်သည့် လမ်းစဉ်ကို အသုံးပြုသည်ဖြစ်စေ မည်သူကမှ သံသယရှိမည် မဟုတ်ဘဲ ထိုသို့ ပါရမီရှင် အစစ်အမှန် ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် သူ့အတွက်တော့ မဟာလမ်းစဉ် အသက်စွမ်းအားကို အသုံးပြု ခြင်းကလည်း ပုံမှန်ပင် ဖြစ်သည်။
ထို့ပြင် နတ်ဝိညာဉ် ဆွဲဆောင်ခြင်းကို ကျင့်ကြံခြင်းကလည်း သူ့ကို ထူးခြားသည့် စွမ်းအားအချို့ ရလာစေသည်။
သူသည် ထိုနှစ်က ဤကဲ့သို့ အဆင့် စွမ်းအားမျိုး ရှိနေပါက ဂျီယူကို ကယ်တင်နိုင်လိမ့်မည် ဖြစ်သည်။ သူသာ ထိုစဉ်က ယခုကဲ့သို့ စွမ်းအားများ ရှိနေပါက ထိုအဖြစ်အပျက်များအား ကြုံတွေ့ခဲ့ရလိမ့်မည် မဟုတ်ပေ။
ဓားက အော်မြည်နေပြီး ဓားစွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်။ ထိုမှေးမှိန်နေသည့် ပုံရိပ်က စတင်ကာ သဏ္ဌာန်ဖွဲ့စည်းလာသည်။ ဝမ်ယန်ပင်း၏ ခန္ဓာကိုယ်က လေထဲတွင် တစ်ဖန် မြင်လာရကာ အဆုံးမဲ့ အသက်ဓာတ်တို့ဖြင့် ရစ်ပတ်ခြင်းကို ခံထားရ၏။
“အိုး ... ဘုရားရေ” များပြားလှသော လူများသည် ရီဖူရှင်းက သေရာမှ ပြန်ရှင်လာအောင် စွမ်းဆောင်နိုင်သည်ကို ကြည့်ကာ စိတ်လှုပ်ရှား တုန်ယင်နေကြပေသည်။ သူက သေမင်းတံခါးဝမှ ဝမ်ယန်ပင်းကို ပြန်ဆွဲခေါ်၍ ရှင်သန်ခြင်းလောကသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ထိုသည်မှာ ရန်ဟောင်များပင် တတ်နိုင်သော ကိစ္စမျိုးမဟုတ်ပေ။
ထိုသည်က နတ်ဝိညာဉ်ဆွဲဆောင်ခြင်း စွမ်းအားပေလား။
သူတို့သည် နတ်ဝိညာဉ်ဆွဲဆောင်ခြင်းက မည်သို့သော အရာဖြစ်သည်ကို သေချာမသိရှိကြသော်လည်း ရိပ်ဖမ်းသံဖမ်းတော့ သိရှိပေသည်။ ဝမ်ယန်ပင်းကို အမှန်တကယ် ကယ်တင်လိုက်သည့်အရာမှာ ရီဖူရှင်း၏ သက်စောင့်ဝိညာဉ်အတွင်း ပုန်းကွယ်နေသည့် စွမ်းအားပင် ဖြစ်သည်။
ဂူတုံးလျှိုသည် အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေပေသည်။ သူက ဝမ်ယန်ပင်းနှင့် ပတ်သက်၍ မည်သည့် အာဃာတကိုမှ ကိုင်စွဲထားခြင်း မရှိပေ။ သူတို့သည် ကိုယ့်ရပ်တည်ချက် အတွက်သာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပေသည်။ သူက သူ၏ ညီငယ်လေး ဝမ်ယန်ပင်းကို ကယ်တင်ပေးနေသည်အား မြင်သည့်အခါ စိတ်သက်သာရာ ရသွားခဲ့သည်။
ဝမ်ယန်ပင်းသည် ထူးခြားလမ်းစဉ် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူက ထိုသို့ သေဆုံးသွားရပါက နှမြောစရာကောင်းလွန်း လှပေသည်။
ခဏအကြာ၌ ဝမ်ယန်ပင်းသည် သူ၏ မျက်လုံးတို့အား ဖွင့်လိုက်သည်။ သူ၏ အရှိန်အဝါက တက်လိုက်ကျလိုက် ဖြစ်နေကာ မတည်မငြိမ်ဖြစ်နေပုံရသည်။ သူ၏ မျက်လုံးများက ရီဖူရှင်းအား စူးစိုက်ကြည့်နေကာ အတော်လေး ဇဝေဇဝါ ဖြစ်၍ တွေဝေနေပေသည်။
“မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ” ထိုစဉ်က နန်းတော်တွင် ဆုံစည်းကြစဉ် သူနှင့် ရီဖူရှင်းက အမြင်မကြည် ဖြစ်ခဲ့ကြသလို ရီဖူရှင်းကလည်း သူ့ကို သဘောမကျသည်အား မှတ်မိပေသည်။
သူက ရီဖူရှင်း သူ့အား အဘယ့်ကြောင့် ကယ်တင်ရသည်ကို ဇဝေဇဝါ ဖြစ်နေပေသည်။
“ဒါက ဘာမှမဟုတ်ပါဘူး” ရီဖူရှင်းက မည်သည်မှ မဟုတ်သလို ပြန်ဖြေလိုက်သည်။
“ပြီးတော့ ကျုပ်တို့ အမြင်မကြည်ဖြစ်ခဲ့ပေမဲ့ ခင်ဗျားက တကယ့်ကို ဟောက်ထျန်းမြို့ရဲ့ ပါရမီရှင်ပါပဲ။ အခု ကျုပ်ရှိနေတဲ့ နေရာနဲ့ ခင်ဗျား အတော်လေး အလှမ်းကွာနေပေမဲ့ ခင်ဗျားကို သေတဲ့အထိ ပစ်ထားလိုက်မယ်ဆို အရမ်းနှမြောဖို့ ကောင်းတယ်။ မဟာလမ်းစဉ် တိုက်ပွဲမှာ ခင်ဗျားက ဘယ်တော့မှ ကျုပ်ကို မီနိုင်မှာ မဟုတ်ဘူးဆိုတော့ ခင်ဗျားကို ကယ်ရတာ ကျုပ်အတွက် အပန်းမကြီးပါဘူး”
“…”
လူတိုင်းသည် သူ ပြောသည့် စကားကြောင့် ဆွံ့အသွားကြရပေသည်။ ထိုစကားက လူကယ်ပြီး ပြောရမည့် စကားလေလား။
ရီဖူရှင်းက ဝမ်ယန်ပင်းအား ကယ်တင်ခဲ့သည်မှာ မှန်သော်လည်း သူက ထိုသူအား စကားနှင့် တိုက်ခိုက်ရန် မမေ့ခဲ့ပေ။ 'ခင်ဗျားက ပါရမီရှင် ဖြစ်ပေမဲ့ ကျုပ်နဲ့တော့ အတော်လေး အလှမ်းကွာနေသေးတယ်' နှင့် 'ခင်ဗျားက ကျုပ်နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး' ဆိုသည့် စကားများကို မည်သည့် အတွက်ကြောင့် ပြောခဲ့သနည်း။
ဤသူက အမှန်တကယ်ပင် အရှက်မရှိဟု လူအများက တွေးလိုက်ကြသည်။
ဝမ်ယန်ပင်းသည် ရီဖူရှင်း၏ စကားကို ကြားသည့်အခါ တိတ်ဆိတ်သွားခဲ့သည်။ မကြာသေးခင်က သေဆုံးခြင်းကို တွေ့ဆုံခဲ့ရသည့် တစ်စုံတစ်ယောက်အတွက် သူသည် ထိုစကားများကို စိတ်ထဲမှတ်ယူထားခြင်း မရှိပေ။ ရီဖူရှင်းသည် မိမိကိုယ်ကိုယ် ကောင်းကင်လမ်းစဉ် နတ်ခန္ဓာဟု ကြုံးဝါးခဲ့သလို သူသည် ထိုသို့သော စရိုက်ပိုင်ရှင်မျိုး ဖြစ်ပုံရလေသည်။
သူက ဂူတုံးလျှိုကို လှည့်ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။
“ကျုပ် ရှုံးသွားပြီ”
သူက လုံးလုံးလျားလျား ရှုံးနိမ့်သွားခြင်း ဖြစ်ပေသည်။ သူက ကောင်းကင်နတ်တံခါးသို့ ဝင်ခွင့်မရလျှင် အိမ်သို့မပြန်ဟု ပြောခဲ့သည်။ သို့သော် သူက လက်နက်သဏ္ဌာန်အဖြစ် ပြောင်းလဲပစ်ပြီးနောက်တွင်ပင် သူက ဝင်ခွင့်မရရှိခဲ့ပေ။ သူ့အတွက် ပြောစရာစကား ထပ်၍ မရှိတော့ပေ။
“ဂူထျန်းရှင်းလို လူမျိုးက လောကမှာ ဘယ်လောက်များများ ရှိနိုင်လို့လဲ။ အစ်ကိုသုံးက ကောင်းကင်နဲ့ မြေကြီးက ပုံဖော်ထားတဲ့ စွမ်းအားတွေကို ရရှိထားတယ်။ ခင်ဗျား သူ့ကို ရှုံးတာ ပုံမှန်ပါပဲ” ရီဖူရှင်းက သူ့ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“ခင်ဗျား ပြန်လည်မွေးဖွားခြင်း အဆင့်ကို ရောက်ခဲ့တယ်ဆိုတာ ကောင်းကင်နတ်တံခါးကို ဝင်ခွင့်ရဖို့ဆိုတဲ့ ရည်မှန်းချက်က ခင်ဗျားအတွက် တွန်းအားဖြစ်ခဲ့လို့ပါ။ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတယ်လို့လည်း ကျုပ် ပြောဖူးတယ်။ ခင်ဗျားက ကောင်းကင်နတ်တံခါးကို ဝင်ဖို့ ကျရှုံးခဲ့ရင်တောင် ခင်ဗျားမှာ ဘုံရဲ့ ထိပ်သီးပုဂ္ဂိုလ်ဖြစ်ဖို့ ရည်မှန်းချက်နဲ့ ဇွဲသတ္တိ ရှိတယ်ဆိုရင် ခင်ဗျားရဲ့ ကိုယ်ပိုင် ကောင်းကင်နတ်တံခါးကို တည်ထောင်နိုင်မှာပါ”
ဝမ်ယန်ပင်းသည် ပြောစရာစကား ကင်းမဲ့သွားခဲ့သည်။ စကားလုံးများက ကျိုးကြောင်းဆီလျော်သော်လည်း ရီဖူရှင်းက သူ မဟုတ်ပေ။ အကယ်၍ ရီဖူရှင်းသာ သူ့နေရာမှာ ဖြစ်ခဲ့လျှင် ယခင်တိုက်ပွဲမျိုးကို တိုက်ခိုက်ရန် မည်မျှ တောင့်တခဲ့ရသည်ကို သိရှိပေလိမ့်မည်။
“ဝမ်ကလန်က ကောင်းကင်နတ်တံခါးကို စိန်ခေါ်ရာမှာ ကျရှုံးခဲ့ပေမဲ့ ဝမ်ယန်ပင်းမှာ ပြိုင်ဘက်ကင်း ပါရမီရှိတယ်။ မင်း ကောင်းကင်နတ်တံခါးဂိုဏ်းမှာ ကျုပ် တပည့်အဖြစ် သင်ယူဖို့ စိတ်ဝင်စားလား” အသံတစ်ခုက ပြောလိုက်သည်။ လူတိုင်းက ပြောလိုက်သည့်သူကို ကြည့်လိုက်ကြလျှင် ကျန်းကလန်ခေါင်းဆောင်ကို တွေ့လိုက်ကြရသည်။
အခုချိန်က ကောင်းကင်နတ်တံခါး၏ ခက်ခဲနေသော အချိန်ဖြစ်သည်။ ဝမ်ကလန်၏ စွမ်းအားအပြင် ဝမ်ယန်ပင်းကဲ့သို့ ပါရမီရှင်က များစွာ အလားအလာကောင်း ရှိသည်။ သူက သေဆုံးခြင်းနှင့် အဆုံးသတ်ရပါက နှမြောစရာပင် ဖြစ်သည်။
သူ့ကို ကောင်းကင်နတ်တံခါး၌ ကျင့်ကြံစေသည်မှာ ပို၍ ကောင်းမွန်ပေသည်။
ဝမ်ယန်ပင်းသည် သူ၏ မျက်လုံးများကို ထိုဘက်သို့ ကြည့်လိုက်သည်။ သူက ထိုသို့ ဖြစ်နိုင်ချေကို မည်သည့်အခါမှ မစဉ်းစားခဲ့ဖူးဘဲ သူ့ရဲ့ တစ်ခုတည်းသော အတွေးမှာ သူ၏ ကလန် ကောင်းကင်နတ်တံခါးသို့ ပြန်လည်ဝင်ရောက်ရန်သာ ဖြစ်သည်။
ထိုအခိုက်တွင် အောက်ဘက်မှ ဝမ်ကလန်ခေါင်းဆောင်က မော့ကြည့်ကာ ပြောလိုက်သည်။
“ဝမ်ယန်ပင်း မင်း ဒီနေ့တိုက်ပွဲမှာ အစွမ်းကုန် အားထုတ်ခဲ့တယ်။ ဝမ်ကလန်အတွက် နောင်တရစရာအကြောင်း မရှိဘူး။ အဲဒီအစား ကောင်းကင်နတ်တံခါးမှာပဲ သွားကျင့်ကြံလိုက်ပါ”
ကလန်ခေါင်းဆောင်၏ စကားကို ကြားပြီးနောက် ဝမ်ယန်ပင်းက မော့ကြည့်လိုက်သည်။ သူက မျက်လုံးများကို မှိတ်ကာ ပင့်သက်ရှိုက်လိုက်၏။ သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အခါ သူ့ အတိတ်များကို နောက်၌ ချန်ထားရစ်ခဲ့သည်။ သူက ကောင်းကင်နတ်တံခါးဘက်သို့ ဦးညွှတ်ကာ ပြောလိုက်၏။
“ကောင်းကင်နတ်တံခါးကို ဝင်ခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ ကျွန်တော် ဝမ်ယန်ပင်းက အရိုအသေပြုပါတယ် ဆရာ”
“ကောင်းပြီ” ကျန်းကလန်ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။ ထိုကဲ့သို့သော ရလဒ်က အမှန်တကယ်ကို ပြီးပြည့်စုံလှပေသည်။
“ရီဖူရှင်း” ဝမ်ကလန်ခေါင်းဆောင်က ရီဖူရှင်းကို ကြည့်လိုက်သည်။
“ဘာများ ကူညီပေးရမလဲ” ရီဖူရှင်းက မေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်” ဝမ်ကလန် ခေါင်းဆောင်က ထပ်ပြောလိုက်သည်။
“ဒီကနေ ထွက်သွားတာနဲ့ ဝမ်ကလန်က ကောင်းကင်နတ်တံခါးကို ပြန်ဝင်ဖို့ ကြိုးစားနေတာ ရပ်တန့်လိုက်ပြီး ဟောက်ထျန်းမြို့မှာပဲ ကျင့်ကြံနေတော့မယ်။ ဒါပေမဲ့ ဝမ်ကလန်ရဲ့ ထူးခြားလမ်းစဉ်က မျိုးဆက်တွေပဲ သင်ရမယ်လို့ ကန့်သတ်ထားတာမျိုး မဟုတ်တော့ တခြားလူတွေလည်း သင်လို့ရတယ်လို့ တွေးမိတယ်။ ရီဖူရှင်း ... မင်း ယန်ပင်းပညာရပ်ကို လေ့လာဖို့ စိတ်ဝင်စားလား”
ထိုစကားကို ကြားသည့်အခါ လူအုပ်ကြီးက စိတ်လှုပ်ရှား တုန်ယင်သွားကြသည်။ ရီဖူရှင်းသည် နတ်ဝိညာဉ် ဆွဲဆောင်ခြင်းကို သင်ယူခဲ့ပြီး ဖြစ်ကာ အခုတွင် ဝမ်ကလန်က အခြားသော ထူးခြားလမ်းစဉ်ကို လက်ဆင့်ကမ်းပေးရန် ရည်ရွယ်နေသည်။
သူတို့အားလုံးက ထိတ်လန့် အံ့အားသင့်နေကြ၏။ ရီဖူရှင်းသည် ရန်သူကိုပင် မိတ်ဆွေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။ ဝမ်ယန်ပင်းအား ကယ်တင်လိုက်သည့် သူ့အပြုအမူက သူ၏ သဘောထားကြီးမှုကို ဖော်ပြနေသည်။
ယခုတွင် ဝမ်ကလန်က သူတို့၏ ထူးခြားလမ်းစဉ်ကို မျိုးဆက်များသာ ဆက်ခံရမည်ဟု ကန့်သတ်မထားတော့ဘဲ သူ့အား လက်ဆင့်ကမ်းပေးရန် ရည်ရွယ်နေသည်။ ထိုသည်ကလည်း ကလန်ခေါင်းဆောင်၏ သဘောထားကြီးမှုပင် ဖြစ်လေသည်။
***