အိမ်ရှေ့မင်းသားလာရောက်လည်ပတ်ခြင်း
Vol. 015 Ch. 1449
လူအများသည် သူတို့၏ မျက်လုံးများကို ရီဖူရှင်းဘက်သို့ လှည့်ကာ အဖြေကို စောင့်နေကြပေသည်။
ထိုပါရမီရှင်သည် ကျန်းယွမ်ကို ရှုံးနိမ့်စေခဲ့ပြီး နတ်ဝိညာဉ်ဆွဲဆောင်ခြင်းကို ရရှိခဲ့သည်။ ထို့ပြင် သူသည် ထိုထူးခြားလမ်းစဉ်ကို အသုံးပြုနိုင်နေပြီ ဖြစ်သည်။ မဟုတ်လျှင် သူက ဝမ်ယန်ပင်းအား ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။
ယခုတွင် သူက ခေါင်းညိတ်လိုက်ရုံဖြင့် နောက်ထပ် ထူးခြားလမ်းစဉ်တစ်ခုကို လက်ခံရရှိဦးမည် ဖြစ်သည်။
ထိုကဲ့သို့သော အခွင့်အရေးမျိုးက အမှန်တကယ် အံ့အားသင့်စရာ ကောင်းပေသည်။
ထို့နောက် ရီဖူရှင်းက ဝမ်ကလန်မှ တန်ခိုးရှင်များဘက်လှည့်ကာ အပြုံးနှင့် ပြောလိုက်သည်။
“အပြင်လူကို ထူးခြားလမ်းစဉ် လက်ဆင့်ကမ်းပေးလိုတဲ့ စီနီယာတို့ရဲ့ သဘောထားကြီးမှုကို ကျွန်တော် တကယ် လေးစားမိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ထူးခြားလမ်းစဉ်တစ်ခုကို ကျင့်ကြံနှင့်နေပြီးပါပြီ။ တိုက်ခိုက်ရေးပညာရပ် အနေနဲ့ဆိုရင် နတ်ဆင်တွေဆီကနေ ရရှိထားတာလည်း ရှိပါတယ်။ ကျွန်တော့်အတွက်က တိုက်ခိုက်ရေး ပညာရပ်ကို အများကြီး မလိုအပ်ပါဘူး”
သူ ပြောသည်ကို ကြားရသောအခါ လူအများက ဇဝေဇဝါ ဖြစ်သွားကြသည်။
သူက ငြင်းပယ်လိုက်သည်။
ကောင်းကင်နတ်တံခါး၏ ဘိုးဘေးများမှ ဆင်းသက်လာသည့် ကျင့်စဉ်တိုင်းသည် အလွန်အစွမ်းထက်ပေသည်။ ယန်ပင်းပညာရပ်သည် အကြွင်းမဲ့ အစွမ်းထက်သည့် တိုက်ခိုက်ရေးပညာရပ် ဖြစ်ကာ လူအများက ထိုသို့သော အခွင့်အရေးရရန် သတ်ဖြတ်မှုများပင် ပြုလုပ်ကြပေလိမ့်မည်။
ရီဖူရှင်းက ခေါင်းလေးညိတ်လိုက်ရုံဖြင့် သင်ယူနိုင်သော်လည်း သူက ငြင်းပယ်လိုက်ပေသည်။
ဤကောင်၏ ယုံကြည်ချက်က အလွန် မြင့်မားလှသည်ဟု လူအများက တွေးလိုက်ကြ၏။
သို့သော် သူပြောသည်ကလည်း မှန်ကန်ပေသည်။ ကောင်းမွန်သော တိုက်ခိုက်ရေး ပညာရပ်သည် အနည်းငယ်သာ သင်ယူထားရန်လိုပြီး အများကြီး မလိုအပ်ပေ။ ရီဖူရှင်းက ယခင်က အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးကို ရရှိခဲ့ပြီး နတ်ဆင်တို့၏ အစွမ်းထက်တိုက်ခိုက်ရေး နည်းစနစ်နှစ်ခုကို သင်ယူခဲ့သည်။ ထိုတိုက်ခိုက်ရေး နည်းစနစ်များသည် ယန်ပင်းပညာရပ်ထက် နိမ့်ကျလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူ၏ ရှိနေပြီးသား ကျင့်စဉ်များထဲ ထပ်ပေါင်းထည့် သင်ယူလျှင်လည်း သူ၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ရီဖူရှင်း၏ ငြင်းပယ်မှုကို ကြားလိုက်ရသည့် လူတိုင်းက တွေး၍မှ မဆုံးသေးခင် သူ ပြောလိုက်သည့် စကားကို ကြားလိုက်ကြရပေသည်။
“ဒါပေမဲ့ ကျွန်တော် စီနီယာ့ဆီ တစ်ယောက်ကို ထောက်ခံပေးချင်ပါတယ်။ သူက ယန်ပင်းပညာရပ်ကို ဆက်ခံသင်ယူဖို့ အသင့်တော်ဆုံးလူ ဖြစ်ပါလိမ့်မယ်”
“ဝါး...” လူအုပ်ကြီးက ရီဖူရှင်းအား ဆွံ့အသွားသည့် အမူအရာနှင့် ကြည့်လိုက်သည်။ လူအများသည် သူက ထိုပညာရပ်အား အခြားလူကို လွှဲပြောင်းပေးရန် ကမ်းလှမ်းနေသည်အား ရယ်ရွှင်ဖွယ် တွေ့ရှိလိုက်ရလေသည်။
“အဲဒါဘယ်သူများလဲ” ဝမ်ကလန်ခေါင်းဆောင်က မေးလိုက်သည်။
“ကျွန်တော့် သူငယ်ချင်းပါ။ နာမည်က ရီဝူချင်းလို့ ခေါ်တယ်။ သူက မူလတောင်တန်းမှာ ဟန်ကျိုးဓားအင်ပါယာရဲ့ အမွေအနှစ်ကို ရရှိခဲ့တယ်” ရီဖူရှင်းက ဆက်လက်ပြောလိုက်သည်။ ရီဖူရှင်း၏ စကားကို ကြားသည့်အခါ ကလန်ခေါင်းဆောင်က ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ ခေါင်းဆောင်က ပြောလိုက်သည်။
“သူက ဟန်ကျိုးဓားအင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံထားရတာဆိုရင် ထူးခြားလမ်းစဉ်ကို ပြန့်ပွားအောင် လုပ်နိုင်စွမ်းရှိမယ်လို့ ကျုပ် ယုံကြည်ပါတယ်။ ဒီလိုဆိုမှတော့ ကျုပ် သူ့ကိုပဲ ယန်ပင်းပညာရပ် လက်ဆင့်ကမ်းပေးလိုက်ပါ့မယ်”
“ကျေးဇူးတင်ပါတယ် စီနီယာ” ရီဖူရှင်းက ပြုံးကာ အရိုအသေပြုလိုက်သည်။ သူက ဆွံ့အနေသည့် ရီဝူချင်းအား လှည့်ကြည့်လိုက်သည်။
သူသည် ရီဖူရှင်းက သူ့အား မည်သည့်အတွက် ထူးခြားလမ်းစဉ် ကျင့်ကြံစေသည်လည်း ဇဝေဇဝါ ဖြစ်နေပေသည်။
လူတိုင်းကလည်း ထိုအဖြစ်အပျက်အား ကြည့်ပြီးနောက် ပြောစရာစကား ကင်းမဲ့သွားသလို ခံစားလိုက်ကြရပေသည်။ ရီဖူရှင်းက အလွန် ပါးနပ်သူ ဖြစ်သော်လည်း သူက ရွှေစင်နှလုံးသား ရှိသူ ဖြစ်လေသည်။ မည်သည့် သာမန်လူမျိုးမဆို အရာအားလုံးထက် ကျင့်စဉ်ကို အရင် ရွေးချယ်လိမ့်မည် ဖြစ်ပြီး မိတ်ဆွေကိုတော့ နောက်ဆုံးမှသာ စဉ်းစားကြပေလိမ့်မည်။
ထို့ပြင် သူက အရင်ဆုံးသင်ယူပြီးမှ မိတ်ဆွေအား သင်ပေး၍လည်း ရနိုင်ပေသည်။
သို့သော် ရီဖူရှင်းသည် ထိုသို့ မလုပ်ခဲ့ဘဲ သူက ဝမ်ကလန်၏ ဆန္ဒကို လေးစားရန် လိုအပ်သည်ဟု ယူဆခဲ့သည်။
မည်သူကမှ ဟောက်ထျန်းမြို့၏ အလွန် အရေးကြီးသော အခမ်းအနားက ထိုကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ အလွန် နှမြောဖွယ်ကောင်းသော်လည်း ပြီးပြည့်စုံသည်ဟုလည်း ဆိုနိုင်သည်။
ဂူတုံးလျှို ရှုံးနိမ့်ခြင်း သို့မဟုတ် ဝမ်ယန်ပင်း သေဆုံးခြင်းနှင့် အဆုံးသတ်ရပါက အလွန် နောင်တရဖွယ် ဖြစ်ပေလိမ့်မည်။
ဂူတုံးလျှိုက တိုက်ခိုက်မှု၌ ရှုံးနိမ့်ခဲ့ပါက ဂူထျန်းရှင်း လုပ်ပေးခဲ့သမျှ အရာအားလုံးက အချည်းနှီး ဖြစ်ရလိမ့်မည် ဖြစ်ကာ ကောင်းကင်နတ်တံခါးဂိုဏ်း လုပ်ပေးခဲ့သမျှလည်း အလကား ဖြစ်သွားရပေလိမ့်မည်။
လက်ရှိတွင် ဂူတုံးလျှိုသည် သူ၏ တိုက်ပွဲစွမ်းရည်ကို ပြသခြင်းမှာ ပထမဆုံး ပြသခဲ့ခြင်း ဖြစ်သည်။ ရှုံးနိမ့်ခဲ့သော်လည်း မအောင်မြင်လျှင် အိမ်သို့ မပြန်ဟူသော အခိုင်အမာ ကြုံးဝါးသံက လူအများကို အထင်ကြီးစေခဲ့သည်။
သူက တိုက်ခိုက်ရာ၌ ရှုံးနိမ့်ခဲ့သော်လည်း ဝံ့ကြွားစွာ ရပ်တည်နိုင်ပြီး ဦးညွှတ်ရန် မလိုအပ်ပေ။ သူ၏ ရှုံးနိမ့်မှုအတွက် မည်သူကမှ အပြစ်တင်ခြင်း မရှိချေ။
ရှုံးနိမ့်သော်လည်း ဂုဏ်ရှိရှိ ရှုံးသည်ဟူသော သဘောတရားမှာ ယနေ့ ဝမ်ယန်ပင်း၏ အဖြစ် ဖြစ်လေသည်။
ဝမ်ကလန်မှ တန်ခိုးရှင်များသည် သူတို့၏ ရည်မှန်းချက်ကို စွန့်လွှတ်ကာ ထွက်ခွာသွားကြသည်။ ရီဖူရှင်းသည် နောက်ရက်၌ ဝမ်ကလန်သို့ ရီဝူချင်းနှင့်အတူ သွားရောက် တွေ့ဆုံရမည် ဖြစ်သည်။ ဝမ်ကလန်သည် သူတို့၏ ကျင့်စဉ်ကို အပြင်လူသို့ လက်ဆင့်ကမ်းရန် ဆန္ဒရှိသည့်အတွက် သူက သွားတွေ့ကာ သင့်လျော်သည့် ယဉ်ကျေးမှုပြသပေးရန် လိုအပ်ပေသည်။
ဝမ်ယန်ပင်းသည်တော့ ကောင်းကင်နတ်တံခါး၌ ကျင့်ကြံရန် နေရစ်ခဲ့လေသည်။
ရီဖူရှင်း၊ ဓားသခင်နှင့် အခြားလူများသည် ဂူတုံးလျှို၏ ဘေးသို့ ရောက်လာကြသည်။
“အစ်ကိုကြီး” ဂူတုံးလျှိုက အပြုံးနှင့် ခေါ်လိုက်သည်။
ဓားသခင်သည်လည်း အပြုံးရိပ်တို့ ထင်ဟပ်လာသည်။ ယခင်က အင်ပါယာကျီမင် နယ်မြေ၌ ဂူတုံးလျှိုက ခေါ်ဆောင်ခံသွားရပြီး သူတို့အားလုံးသည် သူတို့၏ အခြေအနေကို အားမလိုအားမရ ဖြစ်ခဲ့ရသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် အိပ်မက်ပမာပင် ဖြစ်၏။
သူတို့က ဂူတုံးလျှိုသည် ကောင်းကင်အာဏာစက်ဘုံ၌ နှစ်တစ်ထောင်တွင်မှ တစ်ယောက် ပေါ်ထွန်းနိုင်သည့် ဂူထျန်းရှင်းလို လူမျိုး၏ မျိုးဆက်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။
“မင်းယွီသာ ဒါကို သိရင် တော်တော် ပျော်သွားလိမ့်မယ်” ဓားသခင်က ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်။ အစ်မနှစ်သာ ဒါကို မြင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ အစ်ကိုသုံးရဲ့ အဆင့်အတန်းက မိသားစုထဲမှာ မြင့်မားလာမှာပဲ” ရီဖူရှင်းက ပြုံးကာ ထပ်ပြောလိုက်သည်။
ဂူတုံးလျှိုက ရီဖူရှင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။
“မိသားစုထဲမှာ မင်းအစ်ကိုသုံးရဲ့ အဆင့်အတန်းက မြင့်နေပြီးသားလို့များ မထင်မိဘူးလား”
“မြင့်ပါတယ်။ တကယ်ကို အရမ်းမြင့်ပါတယ်” ရီဖူရှင်းက စိတ်မသက်မသာဖြင့် ရယ်ရန် ကြိုးစားရင်း ပြန်ဖြေလိုက်သည်။
သူ၏ အစ်ကိုသုံးက အမှန်တကယ် ကျော်ကြားသည့် ပုဂ္ဂိုလ်ဖြစ်လာသော်လည်း သူ သေချာပေါက် အနိုင်မယူနိုင်သူ တစ်ဦး ရှိသည်ဆိုလျှင် ထိုသူမှာ အစ်မနှစ် ဖြစ်မေလိမ့်မည်။
သူ၏ အစ်မနှစ်သည် ထိုနှစ်များစွာအတွင်း ကော့တေးတွင် သူမ၏ စကားများသာ အတည်ဖြစ်ကာ ဆုံးဖြတ်ချက်ချသူ ဖြစ်ခဲ့သည်။
ဓားသခင်သည်လည်း ရယ်သွမ်းသွေးလိုက်သည်။ ကော့တေးတွင် တပည့်ရှစ်ယောက်ရှိပြီး ကောင်းကင်အာဏာစက်ဘုံ၌ သုံးယောက်သာလျှင် ရောက်နေခဲ့သည်။ သူတို့သည် ထူးခြားသည့် ပင်ကိုယ်စွမ်းရည် ရှိသော ရီဖူရှင်းကြောင့် အကျိုးရှိခဲ့ကြသည်။ အမှန်တွင်တော့ ဓားသခင်သည်လည်း ထူးခြားဆန်းကြယ်သော ပုဂ္ဂိုလ်နှင့် ရီဖူရှင်းကြောင့်သာ တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်ပေသည်။
ဂူတုံးလျှိုအတွက်သည်တော့ သူ့တွင် ထိုမျှ ထူးခြားသာလွန်သည့် နောက်ခံမျိုး ရှိနေမည်ဟု မည်သူမှ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။ အနာဂတ်၌ သူတို့က မည်သည့် လမ်းကြောင်းမျိုး လျှောက်ရလိမ့်မည်မှာ မသိရှိကြသေးပေ။
ထိုထူးခြားဆန်းကြယ်သည့် ပုဂ္ဂိုလ်က သူသည် သမိုင်းကို မျက်မြင်ကြုံတွေ့ရမည်ဟုဆိုခဲ့ပြီး ဓားသခင်သည် သူ မည်သည်ကို ကြုံတွေ့ရမည်ကို သိချင်မိသည်။
အချိန်ကသာ အဖြေကို ပေးနိုင်လိမ့်မည် ဖြစ်သည်။
“ကောင်းကင်နတ်တံခါးကို လိုက်လည်ကြပါဦးလား” ကျန်းကလန်ခေါင်းဆောင်က ရီဖူရှင်းကို ဖိတ်ခေါ်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။
“ဗြဟ္မာ့သန့်စင်ကောင်းကင်ကရော ကျုပ်တို့နဲ့ လိုက်ခဲ့ဦးမလား”
“ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပေမဲ့ ကျွန်မတို့ နန်းတော်ကို ပြန်ပြီး ကျင့်ကြံရဦးမှာမို့လို့ပါ” ချင်းဟယ်က အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။ ကောင်းကင်နတ်တံခါးဂိုဏ်းနှင့် ကောင်းကင်အာဏာစက် ပြည်ထောင်တို့သည် ဗြဟ္မာ့သန့်စင် ကောင်းကင်နှင့် မဟာမိတ်ဖွဲ့နိုင်ရန် ဆန္ဒရှိနေကြောင်း သူမက ရှင်းရှင်းလင်းလင်း သိရှိပေသည်။ သို့သော်လည်း ဤကဲ့သို့သော အခြေအနေမျိုး၌ သူမအနေနှင့် ဗြဟ္မာ့သန့်စင် ကောင်းကင်၏ ရပ်တည်မှုကို အတိအလင်း ထုတ်ဖော်ရန် ခက်ခဲပေသည်။
“ကောင်းပါပြီ” ကျန်းကလန်ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ချင်းဟယ်က ပြုံးကာ ရီဖူရှင်းကို ပြောလိုက်သည်။ “ကျွန်မ နန်းတော်ကို ပြန်တော့မယ်”
သူမက ပြုံးကာ ထွက်ခွာသွားပြီး လူတိုင်းကို ထူးဆန်းသည့် အမူအရာများ ဖြစ်ပေါ်လာစေသည်။
ကျန်းကလန်ခေါင်းဆောင်က ပြောလိုက်သည်။
“နတ်မိမယ်ချင်းဟယ်က အတော်လေး ထူးချွန်ပြီး ကောင်းကင်အာဏာစက်ဘုံမှာဆို မင်းနဲ့တော်တော် လိုက်ဖက်တယ်။ ထျန်းရှင်းက မင်းကို ဗြဟ္မာ့သန့်စင်ကောင်းကင်က နတ်မိမယ်တစ်ယောက်နဲ့ လက်ထပ်ဖို့ မျှော်လင့်ထားတာ။ မင်းသာ ဆန္ဒရှိရင် ကျုပ်က ဝမ်းမြောက်ဝမ်းသာနဲ့ အောင်သွယ်တော် လုပ်ပေးဖို့ ဆန္ဒရှိပါတယ်”
“ကျွန်တော်က လက်ထပ်ပြီးပြီ” ဂူတုံးလျှိုက ပြောလိုက်သည်။
ကျန်းကလန်ခေါင်းဆောင်က ဂူတုံးလျှိုကို ကြည့်လိုက်ပြီး မည်သည်မှ ဆက်မပြောတော့ပေ။ ဂူတုံးလျှို၏ ဇနီးက အောက်ဘုံ၌ ကျင့်ကြံနေသူ ဖြစ်ရမည်ဟု သူက ယူဆပေသည်။ ဂူတုံးလျှိုသည် သူ၏ အဆင့်အတန်းကို ယခင်က မသိခဲ့သော်လည်း လက်ရှိအခြေအနေအရ သူ၏ အတိတ်မှ အချစ်သည် သူ့အတွက် သင့်တော်သည့် ကြင်ယာဖက် ဖြစ်တော့မည် မဟုတ်ပေ။
ထို့ပြင် ကလန်ခေါင်းဆောင်သည် အရာအားလုံးကို ဝင်စွက်ဖက်နေမည့်အစား ဂူတုံးလျှိုကို စီမံစေသည်က သင့်လျော်သည်ဟု မြင်ပေသည်။ ယခင်က ဂူထျန်းရှင်း ပြောခဲ့ဖူးသော်လည်း သူ့ဆန္ဒအတိုင်း အရာအားလုံး လုပ်ဆောင်စေသည်မှာ အဓိပ္ပါယ်မရှိပေ။
“ကျုပ် မြင်ရသလောက်ကတော့ ချင်းဟယ်က မင်းရဲ့ ညီလေးကို စိတ်ဝင်စားနေပုံပဲ” ထို့နောက် ကလန်ခေါင်းဆောင်က ပြုံးကာ ပြောလိုက်သည်။ ဂူတုံးလျှိုနှင့် ရီဖူရှင်း၏ ဆက်ဆံရေးအရ ရီဖူရှင်းက ချင်းဟယ်နှင့် လက်တွဲဖော်ဖြစ်သွားပါကလည်း သူ့အတွက် အတူတူပင် ဖြစ်ပေလိမ့်မည်။
“ဘယ်လို စနောက်ရမလဲ ကောင်းကောင်းသိတာပဲ စီနီယာ” ရီဖူရှင်းက ခေါင်းကို ခါယမ်းလိုက်ရင်း သူ၏ မျက်နှာထက်တွင် ခါးသက်သော အပြုံးတို့ ဖြစ်ပေါ်နေလေသည်။ ချင်းဟယ်က ထူးခြားသာလွန်သော်လည်း သူကတော့ ထိုသို့ ရည်ရွယ်ချက်မျိုး မရှိခဲ့ဖူးပေ။
ထို့နောက် ကလန်ခေါင်းဆောင်က ပြုံးကာ ပြောလိုက်သည်။
“မင်းတို့ အေးဆေး စကားပြောကြပါ”
ထို့နောက် သူက နေရာမှ ထွက်ခွာသွားခဲ့သည်။
ရီဖူရှင်း၊ ဓားသခင်နှင့် အခြားသူများသည် ကောင်းကင်နတ်တံခါး၌ အချိန်ကြာကြာ နေကြမည်မဟုတ်ပေ။ သူတို့က ထွက်မသွားခင် ဂူတုံးလျှိုနှင့် စကားစမြည် ပြောဆိုချင်ကြပေလိမ့်မည်။
အခြေအနေတို့က တည်ငြိမ်စ ပြုလာသော်လည်း ဟောက်ထျန်းမြို့တွင်တော့ အုန်းအုန်းကျွက်ကျွက် ဖြစ်နေဆဲ ဖြစ်သည်။ အရပ်အသီးသီးမှ တန်ခိုးရှင်များသည် မြို့အတွင်းသို့ စုစည်းလာနေကြသည်။
ပြောကြသည်မှာ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသည် လာနေသည့် လမ်း၌ ရောက်နေပြီဟူ၍ ဖြစ်လေသည်။ ထို့ကြောင့် များပြားလှသော တန်ခိုးရှင်များက စောစော ကြိုရောက်နေကြခြင်း ဖြစ်သည်။
ရီဖူရှင်းက သူ အမြဲ လုပ်ခဲ့သလို နန်းတော်အတွင်း တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။ သူက ဝမ်ကလန်သို့ သွားလည်ကာ ဝူချင်းအား ထူးခြားလမ်းစဉ် ကျင့်ကြံရန် ပို့ဆောင်ခဲ့ပေသည်။
ထိုအရာတို့ လုပ်ပြီးနောက်တွင် အချိန်က အတော်လေး ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
ယနေ့တွင် ဟောက်ထျန်းမြို့သို့ တန်ခိုးရှင်တစ်စု ရောက်ရှိလာခဲ့ပြီး သူတို့ ထွက်ပေါ်လာမှုက အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
ခေါင်းဆောင်လာသည့်သူမှာ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံ ဖြစ်သည်။
ထိုပြည်ထောင်မှ တန်ခိုးရှင်များသည် ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ချက်ချင်း မသွားရောက်ခဲ့ဘဲ ဟောက်ထျန်းမြို့တွင် ခေတ္တမျှ နေထိုင်ရန် ရွေးချယ်ခဲ့ကာ အခြားတန်ခိုးရှင်များကို စောင့်ဆိုင်းနေဟန်တူသည်။ မရောက်ရှိလာသေးသော ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များကို စောင့်ဆိုင်းနေ
အိမ်ရှေ့စံ ရောက်ရှိလာပြီး ဒုတိယနေ့၌ သူသည် ကောင်းကင်အာဏာစက် ပြည်ထောင်၏ တန်ခိုးရှင်များကို ခေါ်ဆောင်ကာ ချင်းဟယ် ရှိရာ နန်းတော်သို့ ဦးတည်ခဲ့သည်။
လက်ရှိတွင် ဟောက်ထျန်းမြို့ရှိ လူအများတို့သည် ချင်းဟယ်နှင့် ရီဖူရှင်းတို့ အလွန် နီးစပ်သည့်အကြောင်း ပြောဆိုနေကြပြီး သူတို့သည် ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် ကောင်းကင်နတ်တံခါးဂိုဏ်းတို့ မဟာမိတ်ဖွဲ့လိုက်ကြမလား သိချင်နေကြသည်။
ချင်းဟယ်နှင့် ရီဖူရှင်းက စုံတွဲများ ဖြစ်သွားပါက ထိုသို့ ဖြစ်လာနိုင်သော အခွင့်အရေးက မြင့်မားပေသည်။
ယခင်က မည်သူမှ တွေးထင်ခဲ့ခြင်း မရှိသော်လည်း ရီဖူရှင်း၏ ဂုဏ်သရေက ဆက်လက်တိုးမြင့်လာနေပြီး သူနှင့် ချင်းဟယ်ကလည်း ထိုသို့ ရင်းနှီးသည့် ဆက်ဆံရေး ရှိသည့်အတွက် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ မည်သည့် စွက်ဖက်မှုမှ မပြုလုပ်လျှင်ပင် လူတိုင်းက ဖြစ်နိုင်ချေများကို စတင်ဆွေးနွေး တွေးတောလာနေကြသည်။
ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ်နတ်မိမယ်က ရီဖူရှင်းနှင့် စုံတွဲဖြစ်လာပါက ရီဖူရှင်းနှင့် ဂူတုံးလျှိုတို့က ဆရာတူညီအစ်ကို ဖြစ်ငည့်အတွက် ဗြဟ္မာ့သန့်စင်ကောင်းကင်သည် ကောင်းကင်နတ်တံခါးဂိုဏ်းနှင့် ရင်းနှီးသော ဆက်ဆံရေး အလိုလို ဖြစ်သွားရပေလိမ့်မည်။
ထိုကဲ့သို့ ဖြစ်ပျက်ခဲ့ပါက ကောင်းကင်အာဏာစက်ဘုံနှင့် ခရမ်းရင့်ကောင်းကင် နန်းတော်နှစ်ခုလုံးသည် စိုးရိမ်ဖွယ်အခြေအနေ ဖြစ်သွားရပေမည်။
သို့သော် ရီဖူရှင်းတွင် နတ်ဆင်ကလန်ကဲ့သို့ နောက်ခံရှိနေသည့်အတွက် သူတို့သည် ရီဖူရှင်းနှင့် ပတ်သက်၍ မည်သို့မှ လုပ်နိုင်မည် မဟုတ်ပေ။ သူတို့သာ ရီဖူရှင်းကို ဆန့်ကျင်ပြုမူပါက နတ်ဆင်ကလန်ကို အတိအလင်း စစ်ကြေညာလိုက်သည်နှင့် တူနေပေလိမ့်မည်။
ယနေ့တွင် ဗြဟ္မာ့သန့်စင်ကောင်းကင် နန်းတော် အပြင်ဘက်၌ လူတစ်စု ဆင်းသက်လာပေသည်။ ခေါင်းဆောင်လာသည့် ပုဂ္ဂိုလ်သည် လင်းလက်တောက်ပနေကာ ဒဏ္ဍာရီ ဆန်လှပေသည်။
“ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံမင်းသားက နတ်မိမယ်ချင်းဟယ်နဲ့ လာရောက် တွေ့ဆုံပါတယ်” အသံတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားပေသည်။
***