← Chapters

အစီအရင်ကို ဖျက်စီး

Vol. 16 Ch. 233

အစီအရင်ကို ဖျက်စီး

Vol. 16 Ch. 233

လော်ထျန်းနတ်ဘုရား အစီအရင်သည် ကောင်းကင်ဘုံ တာအို အစီအရင်ကြီး သုံးခုထဲမှ တစ်ခုဖြစ်သည်။

ယဇ်ပလ္လင် ကိုးခုနှင့် ပူဇော်သက္ကာ သုံးခုကို ပိုင်းခြားထားသည်။ အထက်ပလ္လင်သုံးပါးမှာ ရွှေတင်းတောင်း လော်ထျန်း ပူဇော်သက္ကာ၊ အလယ်ပလ္လင်သုံးပါးမှာ ကျောက်စိမ်းတောင်း ကျိုးထျန်းယဇ်ပုလ္လင် အောက်ပလ္လင်သုံးခုမှာ အဝါရောင်တောင်းယဇ်ပုလ္လင်တို့ပဲ ဖြစ်သည်။

သို့သော် အနောက်နွားရှင်းကျိုးသည် ဟွာရှရှန်ကျိုးနှင့် အချိန်အတော်ကြာ အဆက်အသွယ် ပြတ်သွားသောကြောင့် ဤကောင်းကင်ဘုံ၏ ကြီးကျယ်ခမ်းနားသော အစီအရင်သုံးခုက ပျောက်ဆုံးသွားခဲ့ပါပြီ။

ချန်ရှီ၏ အဖိုးဖြစ်သူ ချန်ယင်တူးသည် ဟွာရှ နတ်ဘုရားများ၏ ပျောက်ဆုံးနေသော ပဟေဠိများကို ရှာဖွေနေသော်လည်း အချိန်အတော်ကြာတဲ့အထိ ရလဒ်က မထွက်လာခဲ့ပေ။ ထို့ကြောင့် သူသည် ပျောက်ဆုံးသွားသော နတ်ဘုရားများကို ရှာဖွေရန် စိတ်တူသူများဖြင့် ကောင်းကင်ဘုံတရားရုံး တစ်ဖြစ်လည်း ကောင်းကင်နန်းတော်ကို တည်ထောင်ခဲ့သည်။

သူတို့သည် နတ်ဘုရားများကို ကာကွယ်ပြီး ကျွန်းသစ်တွင် တရုတ်တာအို ဓလေ့ထုံးတမ်းကို ပြန်လည်ထူထောင်ရန်နှင့် ကောင်းကင်ဘုံ၏ ကြီးကျယ်သော အစီအရင်သုံးခုကို ပြန်လည်ဖန်တီးရန် ကြိုးပမ်းကြသည်။

တကယ်လည်း သူအောင်မြင်မှု တချို့ရရှိခဲ့ပြီး အရိုးရှင်းဆုံး ကောင်းကင်ဘုံယစ်ပုလ္လင် (လော်ထျန်းယဇ်ပုလ္လင်) ကို ပြန်လည် ဖန်တီးနိုင်ခဲ့ပြီး ၎င်းကို အဆောင်စာလုံးနဲ့ အစီအရင် အဖြစ်သို့ ပြောင်းလဲကာ နှစ်ပေါင်းငါးဆယ်နီးပါး ပုန်ကန်သော သတ္တဝါများကို နှိမ်နင်းခဲ့သည်။

ချန်ယင်တူးသည် ကောင်းကင်ဘုံယစ်ပုလ္လင်ကို ချက်ချင်း တည်ဆောက်နိုင်သော်လည်း ချန်ရှီကတော့ ထီးခေါင်မိုးပေါ်တွင် ရိုးရိုးရှင်းရှင်း သာဓကများကိုသာ ဆွဲထုတ်နိုင်ခဲ့သည်။ ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင် အတွက် စာလုံးပေါင်း ၁၂၀၀ ကိုဆွဲရန် နှစ်ရက် ကြာသွားခဲ့သည်။

ကံကောင်းထောက်မစွာပဲ ဤတစ်ကြိမ်တွင် သူသည် ​ရေးဆွဲရန် တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံ ရှိနေခဲ့၏။ သာမန်ခွေးနက်သွေးကို သုံးထားသော်လည်း သူဆွဲထားသော သာဓကများသည် ထူးကဲသော စွမ်းအားလည်း ပိုင်ဆိုင်ထား​ပါ​သေးသည်။

ဤအခိုက်အတန့်တွင်တော့ ထီးဖွင့်ပြီးတာနဲ့ ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်က ရုတ်ချည်း ပေါ်လာသည်။ ထီးကြီးက လေထဲတွင် ဆယ်ပေကျော် တွဲလောင်းကျကာ တစ်ဧက အကျယ်အဝန်းအထိ ပျံ့ကျဲ ပြောင်းလဲသွားသည်။

အရှေ့၊ တောင်၊ အနောက်၊ မြောက်နှင့် အလယ်ဗဟိုဟူ၍ ကြယ်များက အတန်းလိုက် နယ်ပယ်ငါးခုခွဲထားသည့် ကောင်းကင်ဘုံ နှင့်တူသည်။ အရှေ့ကောင်းကင်၏ အစိမ်းရောင်ဧကရာဇ်၊ အနောက်ကောင်းကင်၏ ရွှေဧကရာဇ်၊ တောင်ကောင်းကင် မီးလျှံဧကရာဇ်၊ မြောက်ကောင်းကင်၏ ဆန်းကြယ်ဧကရာဇ်တို့ ဖြစ်ကာ အသီးသီးတွင် ကိုယ်ပိုင်ကောင်းကင်နန်းတော်ရှိပြီး နတ်ဘုရားအားလုံးကို အမိန့်ပေးနိုင်သည်။

၎င်းတို့သည် တိုက်ခိုက်ရေးဌာန၊ မိုးကြိုးဌာန၊ မီးသတ်ဌာန၊ ပလိပ်ဌာန၊ ထိုက်ဆွေ့ဌာန၊ ကျောက်ရောဂါဌာန၊ ရေဌာန၊ ဘဏ္ဍာ​ရေးဌာနနှင့် တိုက်ပွဲ၊ သတ်ဖြတ်မှု၊ စည်းစိမ်ဥစ္စာနှင့် ကုသရေးဌာနတို့ကို တာဝန်ခံရသည်။

အထွတ်အထိပ် အထက်တွင် နတ်ဘုရားများနှင့် ကောင်းကင်နန်းတော်က အခမ်းနားဆုံး ဖြစ်သည်။

အလယ်ပိုင်း ကောင်းကင်ထက်မှာ သဘာဝတရားနဲ့ ကင်းမဲ့နေတဲ့ ယွမ်ရှစ်ကောင်းကင်ဘုံရှင်၊ အဆုံးမဲ့ မဟာလမ်းရဲ့ ထိုက်ရှန့်တာအိုအရှင်၊ အမြင့်မြတ်ဆုံး ကျောက်စိမ်းဧကရာဇ် ၊ တာအိုကို အရပ်ရပ်သို့ ရောက်သွားတဲ့ သူတော်စင်ကြီးတွေ၊ စစ်မှန်တဲ့ လူကြီးလူကောင်းတွေ ၊ ကောင်းကင်ဧကရာဇ် သုံးဆယ့်နှစ်ပါး စသဖြင့်။

အောက်​ဖက်တွင် တုံးဟွာတောင်ဝင်ရိုးစွန်း၊ ရှီးလင်မြောက်အရပ်၊ ရွှမ်တူးကျောက်စိမ်း၊ ချီပေါင်ရှုံးထိုင် အပါအဝင် နတ်ဘုရား ၃၆ပါး၊ ရွှမ်ကျုံး၊ မှော်ဆရာကြီး၊ ရှန့်ရှန်းရှန့်ကျိုင်၊ ရှန့်ပေါင်ရှန့်ချွမ်၊ ထိုက်ဖျင်ရှကျုံး စသဖြင့် ပါဝင်သည်။ ကောင်းကင်ဘုံယစ်ပုလ္လင် အောက်ဖက်က ခေါင်မိုးအတွင်း၌ နတ်တို့၏ အခိုးအငွေ့ပေါင်း ၁၂၀၀ ယ ပေါ်လာသည်။

ဖွင့်လိုက်သောအခါ ခေါင်းတလားအတွင်းရှိ သရဲများ၊ မှင်စာများ၊ အလောင်းများ၊ သုသာန်၏ မှော်ဝိဇ္ဇာများ၊ ခေါင်မိုးအောက်တွင် ခက်ခက်ခဲခဲ စုဆောင်းထားသော ယင်နှင့် နတ်ဆိုးများပါသည့် ရတနာများ အားလုံးသည် တခဏချင်း ပြာများအဖြစ်သို့ လျော့ကျသွားခဲ့သည်။

နောက်အခိုက်အတန့်တွင် ထီးအောက်တွင် မိုးခြိမ်းသံနှင့် မီးတောက်များ ထွက်ပေါ်လာတာ တွေ့လိုက်ရသည်။ ဖယောင်းတိုင်ထွန်းသူလည်း ရုတ်တရက် မျက်နှာအမူအရာ ပြောင်းကာ လေထဲသို့ ပျံတက်ထွက်ပြေးရန် ကြိုးစား​လေသည်။

မထင်မှတ်ပဲ သူ ခုန်ချလိုက်တာနဲ့ မီးနဂါးနဲ့ မီးကျီးကန်းတွေရဲ့ မီးလျှာတွေထဲ ရောထွေးသွားလေတော့သည်။

ဖယောင်းတိုင်မီးထွန်းသူ: "ချန်ရှီ... မင်း ငါတို့ ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမ ထောင်ချောက်ထဲကို ဆွဲသွင်းခံလိုက်ရပြီ... မင်း မလွတ်နိုင်!..."

သူစကားမဆုံးခင်မှာပဲ သူ့ခန္ဓာကိုယ်က မီးသွေးခဲလို လောင်ကျွမ်းသွားလေသည်။ မီးသွေးထဲတွင် သူ၏ အခြေတည်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ပြေးထွက်လာကာ လွတ်မြောက်တော့မည် ဖြစ်သည်။ အခြေတည်ဝိညာဥ် လွတ်မြောက်နေသရွေ့တော့ သူ့မှာ ရှင်သန်ဖို့ အခွင့်အရေး ရှိပါသေးသည်။

အခြေတည်ဝိညာဥ် လွတ်မြောက်သွားတာနဲ့ စိတ်ဝိညာဉ် မတည်ငြိမ်သေးတဲ့ ကလေးတစ်ဦးကို ရှာကာ သူ့ဝိညာဉ်ကိုသတ်ပြီး သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ရုံပင်။ ရက်ပေါင်းတစ်ရာအတွင်း မှတ်ဉာဏ်မဆုံးရှုံးသရွေ့ သူပြန်အသက်ရှင်ဖို့ အခွင့်အလမ်း ရှိပေလိမ့်မည်။

"ဝုန်း!"

ထီးအောက်က လျှပ်စီးကြောင်းတစ်ခု ပြေးထွက်လာခဲ့စဥ် သူ၏ အခြေတည် စိတ်ဝိညာဉ်လည်း ချက်ချင်းပင် ပြာကျသွားသည်။ ချန်ရှီ သူ့လက်ကို မြှောက်လိုက်သည်နှင့် ထီးမျက်နှာပြင်က သေးငယ်သွားကာ သူ့လက်ထဲ ပြန်ရောက်လာသည်။

တစ်ဧက ကျယ်ဝန်းသော ကောင်းကင်နန်းတော်၏ ပုံသဏ္ဌာန်နှင့် ကောင်းကင်ဘုံ ငါးပါးရှိ နတ်ဘုရားများ၏ အရိပ်များ အားလုံးကို ထီးတော်ထဲတွင် ထည့်သွင်းထားသည်။ ထီးပိတ်သွားသည်နှင့်အမျှ နတ်ဘုရားပေါင်း ၁၂၀၀ကလည်း အဆောင်စာလုံး အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့သည်။

ချန်ရှီ ထီးကို ဖမ်းကိုင်လိုက်ပြီး အလွန်ပျော်နေသည်။

"ဒီအဆောင်လက်နက်က တကယ်ကောင်းတာပဲ... လက်နက်ရဲ့ အပေါ်ပိုင်း ကန့်သတ်ချက်ကို မစမ်းသပ်နိုင်တာကတော့ နှမြောစရာကြီး!"

တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံကို ရပြီးနောက် သူသည် ရတနာကို မမက်မောဘဲ အရှင်ဝူဝမ့်အား ပေးချင်ခဲ့သည်။ သူကိုယ်တိုင်အတွက် နဂါးမုတ်ဆိတ်စုတ်တံကို ငှားပြီး မှော်လက်နက်တချို့ကို ပြုပြင်နိုင်သောကြောင့် သူဘာမှ ထပ်မမက်မောတော့ပါ။

ပို၍အရေးကြီးတာက နဂါးမုတ်ဆိတ်စုတ်တံဟာ ကြီးမားသော တန်ခိုးပါရှိသည့် မြေအောက်ကမ္ဘာရဲ့ ရတနာဖြစ်သည်။ ဤစုတ်တံနဲ့ အဆောင်စာလုံး ဆွဲတဲ့ အကျိုးသက်ရောက်မှုသည် ဟေးကော်သွေးထက် စွမ်းအား မနည်းချေ။

"ငါ ပြန်​ရင်​ နဂါးမုတ်ဆိတ်​စုတ်​တံကို ဟေးကော်ရဲ့ သွေးထဲနှစ်​ပြီး ထပ်​ဆွဲရမယ်​!"

ဒီလိုဆို အရှိန်အဟုန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းသည် ပိုမိုအားကောင်းလာမှာ သေချာသည်။

"အမ်?"

ချန်ရှီ ခေါင်းကိုမော့ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်သော် သင်္ချိုင်းက ပျောက်ကွယ်သွားပြီးတာတောင် ကောင်းကင်က မြူမှုန်များ ဖုံးလွှမ်းနေသကဲ့သို့ မတောက်ပသေးပေ။ သူ့ပတ်ဝန်းကျင်မှာ နတ်ကွန်းတွေ ပေါ်လာကာ ၎င်းတို့မှ ထုတ်လွှတ်သော နတ်အလင်းရောင်သည် ဖယောင်းတိုင်မီးများကဲ့သို့ နေရာအနှံ့ ပြန့်ကျဲနေပြီး သူ့သွားမယ့်လမ်းကို ပိတ်ဆို့ထားသည်။

တစ်ချိန်တည်းမှာပဲ လေထဲက ကောင်းကင်ယံ၌ တွဲလောင်းကျနေသော အဆောင်လက်ဖွဲ့များ ပေါ်လာသည်။ တစ်ခုစီသည် ရေပုံးတစ်ပုံးလောက် ကြီးကာ တူရိယာများ တီးခတ်​နေသဖွယ် အသံများနှင့် ချိတ်ဆက်ထားသော ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။

သူ့ထီးသည် တစ်ဧက အချင်းဝက်အတွင်းက နေရာကိုသာ ဖုံးအုပ်နိုင်ပြီး ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမမှ ချထားသော ပိုက်ကွန်သည် ဧကရာနှင့်ချီ၍ ကျယ်ဝန်းပေ၏။ ချန်ရှီ ဒီအစီအရင်ကို အရင်က မြင်ဖူးပါသည်။ ၎င်းတို့ နက်ရှိုင်းနဂါးရွေ့ဓားကို ထောင်ချောက်ဆင်ဖို့ အသုံးပြုသော နည်းလမ်းသာ ဖြစ်သည်။

နဂါးဓား ကဲ့သို့သော မှော်လက်နက်တစ်ခုပင် မလွတ်မြောက်နိုင်ခဲ့။

"ဒါနဲ့ အခုနလူရဲ့ သင်္ချိုင်းက ငါ့ကို ပိုက်ကွန်ထဲကို ခေါ်ဆောင်သွားတဲ့ တံခါးပေါက်ပဲ... ငါ သင်္ချိုင်းထဲကို ဝင်လိုက်တာနဲ့ ပိုက်ထဲကို ကျသွားခဲ့ပြီးသား!"

ချန်ရှီ သူ့ပတ်ဝန်းကျင်ကို စိုက်ကြည့်လိုက်သည်။ ဤနတ်ကွန်းများမှ ထုတ်လွှတ်သော အလင်းရောင်သည် အသွင်အပြင်နှင့် လိုက်လျောညီထွေ ရှိသင့်သည့် တိကျသေချာသော ပုံစံဖြင့် စီစဉ်ထားသည်။

သို့သော် ချန်ရှီသည် တိုက်ပွဲဖွဲ့စည်းမှု အတွေ့အကြုံ မရှိသောကြောင့် အစီအရင်က ဘာလဲ မပြောနိုင်ပေ။ အစီအရင်ရဲ့ အတိုင်းအတာကို ကြည့်ရသလောက်ဆို နက်ရှိုင်းနဂါးရွေ့ဓားကို ဝိုင်းထားသော အစီအရင်ထက် ပိုမိုသေးငယ်လိမ့်မည် မဟုတ်။

သူ့ကိုသတ်ဖို့အတွက် ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမက အရင်းအနှီး အမြောက်အမြား သုံးစွဲခဲ့ပုံပါပဲ။

နျန်တူး၏ အပြင်ဘက်တွင် ဘုရင်ခံ ကောင်းချန်း၏ဝိညာဉ်သည် တိမ်ဖြူများပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မိုင်တစ်ရာ အကွာအဝေးက မြင်ကွင်းကို ငေးကြည့်နေသည်။

"ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်က အံ့မခန်းပဲ..."

ချန်ရှီသည် အမိုးကာထီးကို ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင် အဖြစ် ပြောင်းလဲလိုက်တာ မြင်လိုက်ရသောအခါ သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ကောင်းမိသားစုတွင် ကောင်းကင်ဘုံယစ်ပုလ္လင်၏ ဒဏ္ဍာရီမှတ်တမ်းများ ရှိသော်လည်း ၎င်းသည် နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်ရာ မှတ်တမ်းများသည် အပိုင်းအစများသာ ဖြစ်ပြီး ဆယ်ပုံတစ်ပုံမျှပင် မရှိခဲ့ပေ။

ဟွာရှရှန်ကျိုးက နတ်ဘုရားများသည် ရှေးရှေးကတည်းက ဒဏ္ဍာရီများ ဖြစ်လာသောကြောင့် ကောင်းကင်ဘုံယစ်ပုလ္လင်ကို ပြန်လည် ထူထောင်ရန်ကလည်း မဖြစ်နိုင်ချေ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ပြန်လည် ဖန်တီးခဲ့သည်။

ကောင်းချန်းလည်း အတော်လေး ထိတ်လန့်သွားခဲ့ရသည်။

"ဒါပေမဲ့ ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမရဲ့ ကောင်းကင်မြေပြင်ပိုက်ကွန် အစီအရင်ကလည်း အရမ်း အစွမ်းထက်တယ်! ချန်ယင်တူး သေပြီးတော့ ဒီအစီအရင်ကို ချန်ရှီအပြင် တခြားလူတွေဆီရော လွှဲပြောင်းပေးသေးလား... ဒါဆိုရင်တော့ ဒီမှော်အစွမ်းက ဆိတ်သုဉ်းသွားတော့မှာ မဟုတ်ဘူး..."

သမင်ရထားပေါ်မှာတော့ ပိုင်လီမုရဲ့ အမူအရာက ကြည့်မကောင်းနေချေ။ ရွှေအမြုတေ အဆင့် တပည့် ၁၆၀ နှင့် အခြေတည်ဝိညာဥ် အဆင့် နံ့သာသခင် ၈ ဦး သေဆုံးမှုနှင့်အတူ ပန်းရှန်းဂိုဏ်းသည် အိပ်မက်ဆိုးသစ်သားကြီးဓ အဖြစ်အပျက်အပြီးတွင် အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်။

နက်ရှိုင်းနဂါးရွေ့ဓားကို စုဆောင်းရန်အတွက် အခြေတည်ဝိညာဥ်က နံ့သာသခင် ၁၇ ယောက်နှင့် ရွှေအမြုတေ အဆင့်က တပည့် ၇၂၇ ယောက်ကို ​ခေါ်ဆောင်လာခဲ့သည်။ မမျှော်လင့်ဘဲ နံ့သာသခင်တွေ ထက်ဝက်နီးပါး အသတ်ခံခဲ့ရသည်။

ကံကောင်းထောက်မစွာပဲ ဂိုဏ်း၏ အလုံးစုံအင်အားက ဤနေရာတွင် ရှိနေသေးသည်။ ချန်ရှီဟာ နျန်တူးတွင် ၂ရက် နေခဲ့ကာ အနီးနားရှိ ချန်ရှီနေရာကို ရှာဖွေနေသော တပည့်များကို ခေါ်ကာ အေးအေးဆေးဆေး စီစဉ်ရန် နျန်တူးသို့ အမြန်ပြန်လာခဲ့သည်။

ချန်ရှီမြို့မှ ထွက်ခွာသွားသောအခါ ရွှေအမြုတေအဆင့် တပည့် ၆၈၇ယောက် နှင့် အခြေတည်ဝိညာဥ် အဆင့် နံ့သာသခင် ၉ယောက်ဟာ တနန်ရေကန်သို့သွားမည့် လမ်းရှေ့တွင် ပိုက်ကွန်တစ်ခုကို တင်းတင်းကျပ်ကျပ် ချထားပြီး ချန်ရှီ ဝင်လာမယ့် အချိန်ကို စောင့်မျှော်နေခဲ့သည်။

ထို့အပြင် ပိုင်လျန့်ခန်းမမှ အခြေတည်ဝိညာဥ် အဆင့် လူခုနစ်ဦးနှင့် ရွှေအမြုတေ ၄၆၁ ဦးတို့လည်း ရှေ့လမ်းတွင် ဖြန့်ကျက်ထားသည်။

ချန်ရှီကို ကစားကွင်းထဲသို့ ဆွဲဆောင်ခဲ့သော မီးထွန်းသူက ပန်းရှန်းဂိုဏ်း၏ ကိုးယောက်မြောက် နံ့သာသခင်ဖြစ်သည်။ ကံမကောင်းစွာပဲ ချန်ရှီက လှည့်ကွက်ထဲ ပါဝင်ခဲ့သော်လည်း မီးထွန်းသူက သူ့အသက်ကို ဆုံးရှုံးခဲ့ရသည်။

"ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ချန်ရှီ လှည့်ကွက်ထဲ ဝင်သွားတယ်"

ပိုင်လီမု သက်ပြင်းတစ်ချက် ချလိုက်သည်။ ချန်ရှီ ကောင်းကင်​မြေပြင် ပိုက်ကွန်ထဲသို့ ကျသွားပြီမလို့ သူသည် ကောင်းကင် သို့မဟုတ် မြေအောက်ကမ္ဘာမှ မလွတ်မြောက်နိုင်ပေ။ သူတော်စင်မရွှမ်း၏ မျက်လုံးများသည် ချန်ရှီ မတ်တပ်ရပ်နေသော ထီးခေါင်မိုးပေါ် သေချာ စိုက်ကြည့်နေရင်း သူ့မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး အော်လိုက်သည်။

"ဂိုဏ်းချုပ်! ရှင့်ရဲ့လူတွေကို အမြန်ဆုတ်ခိုင်းလိုက်!"

ပိုင်လီမု: "သူတော်စင်မရွှမ်း ဘာလို့ ထိတ်လန့်နေရတာလဲ ဒီသားရဲက ကျုပ်တို့ ပန်းရှန်းဂိုဏ်းရဲ့ ထောင်ချောက်ထဲကို တိုးဝင်သွားပြီ.. ကောင်းကင်ကဖြစ်ဖြစ် မြေကြီးပေါ်ကို ဆင်းတာဖြစ်ဖြစ် လွတ်လမ်းမရှိဘူး... ခဏနေရင် သူ အရှုံးပေးရတော့မှာ!"

"သူ့လက်ထဲက ထီးခေါင်မိုးက ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်ရဲ့ အမှတ်အသား! ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်က အရမ်း အစွမ်းထက်တယ်... ဝူဟူစန့်ရန် ပြန်ဖော်ထုတ်ထားတဲ့ နတ်ဘုရားတွေကို တုန်လှုပ်စေနိုင်တဲ့ နာမည်ကျော် အတတ်ပညာပဲ... ဝူဟူစန့်ရန်ရဲ့ နယ်ပယ်က မမြင့်ပေမယ့် မဟာယာနနယ်ပယ်ကို သူအရှုံးမပေးဘဲ တိုက်ခိုက်နိုင်တာ ဒီမှော်ပညာကြောင့်ပဲ... ဒီမှော်အစီအရင်က ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး မှော်စာလုံးတွေထဲက တစ်ခုလို့ တစ်ခါက ပြောခဲ့ဖူးတယ်!"

ပိုင်လီမုလည်း ဒါကိုကြားတော့ အနည်းငယ် လန့်သွားသည်။

"ချန်ရှီက ဝူဟူစန့်ရန်ရဲ့ မှော်ကို ဘယ်လိုသိတာလဲ"

ဝူဟူစန့်ရန်သည် သူ၏အမည်ရင်းကို အမြဲလျှို့ဝှက်ထားခဲ့ပြီး သူသည် ချန်ယင်တူး ဖြစ်ကြောင်း လူအများ မသိခဲ့ကြပေ။

သူတော်စင်မရွှမ်း : "ဝူဟူစန့်ရန်က ချန်ယင်တူး... ချန်ရှီရဲ့ အဘိုး!"

ပိုင်လီမုလည်း စိတ်ရှုပ်သွား၏။

"ချန်ဆိုတဲ့ နာမည်နဲ့ ဒီကမ္ဘာမှာ မြင့်မြတ်တဲ့ မိသားစုမျိုးရိုး ရှိလား "

သူတော်စင်မရွှမ်းလည်း ဒေါသတကြီးနဲ့ လှည့်ပြောလိုက်သည်။

"ချန်ယင်တူးက အရမ်း အရည်အချင်းရှိတဲ့ ဆရာကြီးတစ်ယောက်.. သူက အစကနေ စတင်ခဲ့ပြီး သူ့တစ်သက်တာလုံး မဟာယာနနယ်ပယ်အထိ မကျင့်ကြံနိုင်ခဲ့တာတောင် မဟာယာနနယ်ပယ်ကို မကြောက်ခဲ့ဘူး... ရှင့်လူတွေကို အမြန်ဆုတ်ခွာခိုင်းလိုက်!"

ပိုင်လီမုက ခေါင်းခါပြီး။

"သူတော်စင်မ အခုသူတို့ကို ဆုတ်ခွာခိုင်းဖို့က နောက်ကျသွားပြီ ငါတို့ရဲ့ ပန်းရှန်းဂိုဏ်းဖွဲ့စည်းမှု ပြီးသွားတော့ ဘယ်သူမှ တားလို့မရ​တော့ဘူး... စိတ်မပူပါနဲ့ ပန်းရှန်းဂိုဏ်းမှာ လူတွေအများကြီး ရှိတယ်... သခင်ငယ်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကို ချေမှုန်းနိုင်ရင် ငါတို့ လူအင်အားနည်းနည်းလောက် စတေးရင်တောင် ထိုက်တန်ပါလိမ့်မယ်!"

သူတော်စင်မရွှမ်းလည်း တခဏမျှ တုံ့ဆိုင်းသွားပြီး သူ့ကို နောက်ထပ် မဆွဲဆောင်တော့ချေ။ ဆရာသခင် မြောက်ယင်းရဲ့ အဆိုအ​ရ ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်၏ စွမ်းအားသည် အလွန်ကြောက်စရာကောင်းပြီး မှန်းဆ၍မရပေ။ ဆရာသခင်ပင် အံ့အားသင့်ရ၏။

သို့သော် ချန်ရှီသည် သာမာန်ခွေးနက်သွေးကို သုံးခဲ့တာ သိသာထင်ရှားပြီး ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်ကိုဆွဲရန် နှစ်ရက်သာ ကြာခဲ့သည်။ ဤစာလုံး အမျိုးအစားက အများဆုံး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ အသုံးပြုနိုင်ပြီး နာရီဝက်ထက်၊ လေးပုံတစ်ပုံ ထက်မပိုသော ကာလတွင်သာ အစီအရင်က အကျုံးဝင်သည်။ ပြီးတာနဲ့ ၎င်း၏ စွမ်းအင်ကို ဆုံးရှုံးသွားလိမ့်မည်။

နေ့တိုင်း အထပ်ထပ် ဆွဲနေမှသာလျှင် အဆောင်စာလုံး လက်နက်၏ စွမ်းအားကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အသုံးပြုပြီးနောက် မပျက်စီးသွားဘဲ ကြာကြာခံမှာ ဖြစ်သည်။

ထို့အပြင် ချန်ရှီကို ဝန်းရံဖို့နဲ့ နှိမ်နင်းဖို့အတွက် ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမက နတ်ပြောင်းလဲခြင်းနယ်ပယ်က သခင်ကိုးဦးကို စည်းရုံးခဲ့သည်။ ဤလူကိုးဦးက နတ်ဝိညာဥ်ကို ထုတ်ထားတာကြောင့် ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်ကို အသက်သွင်းလျှင်ပင် ဤလူကိုးယောက်ကို သတ်ပစ်ဖို့ အလွယ်လေးပင်။

သူတော်စင်မရွှမ်း: "ချန်ရှီက ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်ကို တကယ်ကျွမ်းကျင်တယ်... သူ့အသက်ကို ချမ်းသာပေးရမယ် မသတ်သင့်ဘူး... ကျွန်မတို့ သူ့ကို ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင်ကို သခင်ငယ်လေးဆီ လွှဲပေးခိုင်းသင့်တယ်... ဒီမှော်အစွမ်းက သခင်ငယ်လေးရဲ့ လက်ထဲမှာဆို တောက်ပနေမှာ သေချာတယ်!"

ဒါကို သူမ တွေးလိုက်ရင်ပဲ ပိုက်စိပ်တိုက် ကောင်းကင်မြေကြီး ပိုက်ကွန်အစီအရင်က စတင်နေပါပြီ။

ချန်ရှီ အစီအရင်ထဲတွင် ရှိနေသော်လည်း သူ့ရှေ့ရှိ မြေပြင်သည် တောင်ကုန်းတစ်ခုအဖြစ် တက်လာတာ မြင်လိုက်ရသည်။ ဒါဇင်နဲ့ချီတဲ့ ရွှေအမြုတေ နယ်ပယ်က လူတွေဟာ သူတို့ရဲ့ ရွှေအမြုတေကိုထုတ်ဖို့ လက်တစ်ဖက်ကို မြှောက်လိုက်ကြသည်။ သူတို့သည် တောင်ကုန်းဆီ ပျံတက်သွားကာ တောင်ကို တံဆိပ်ခတ် ဖြိုချဖို့ ပစ်ချလိုက်၏။

ကြီးမားသော အစီအရင်သည် ကောင်းကင်နှင့်မြေကြီး၏ ခွန်အားကို ချေးငှားနိုင်သည်။ ရွှေအမြုတေ အဆင့်ရှိ တပည့်များပင်လျှင် အံ့အားသင့်ဖွယ်စွမ်းအားကို ထုတ်လွှတ်ရန် အတူတကွ လုပ်ဆောင်နိုင်သည်။

ချန်ရှီ၏လက်ရှိ ထီးသည်လည်း တစ်ဖန်ပျံတက်သွားပြီး အချင်းဝက် ဧရိယာတစ်ဧကခန့် ရှိသော ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ရုတ်​တရက်​ ​သူခြေ​ထောက်​​တွေက ရှေ့ကို ​ပြေးထွက်သွား၏။ စွမ်းအင် စုဆောင်းဖို့ ရှေ့သို့ ခြေတစ်လှမ်း တိုးရမည်။

သူ့အရှိန်က မယုံနိုင်လောက်အောင် မြန်လှသည်။ ပထမခြေလှမ်းတည်းဖြင့် သူသည် သူ့နောက်မှ တောင်ကုန်းပေါ်မှ ပြေးထွက်သွားကာ ကျယ်လောင်သော ပေါက်ကွဲသံကြီးဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်သွားပေမယ့် ဘာမှ မထိခဲ့ပေ။

ဒုတိယခြေလှမ်း အနေဖြင့် သူသည် ရွှေအမြုတေ နယ်ပယ်က ဒါဇင်များစွာသော အုပ်စုထဲသို့ ပြေးဝင်သွားခဲ့ပြီ ဖြစ်သည်။

သူ့အထက်တွင်တော့ ကောင်းကင်ဘုံယစ်ပုလ္လင် အစီအရင် ထီးအောက်တွင် မိုးကြိုးနတ်ဘုရားများရဲ့ မှော်အတတ်များသဖွယ် မိုးကြိုးလျှပ်စီးတွေက တုန်ခါသွားသည်။ မိုးကြိုးနှင့် လျှပ်စီးကြောင်းတို့က ဝေ့ဝဲနေပြီး ထုတ်လွှတ်ထားသော ရွှေအမြုတေများ တစ်ခုပြီးတစ်ခု ပေါက်ကွဲကြသည်။

ချန်ရှီ ခုန်ထကာ လေထဲတွင် လှိမ့်ရင်း တိုက်ခိုက်လာနေသော ဓားစွမ်းအင်များကို ရှောင်လိုက်သည်။ နက်ရှိုင်းနဂါးရွေ့ဓားက သူ့ဦးခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးထဲမှ ပြေးထွက်သွားပြီး ဓားစွမ်းအင်များကို ဖြတ်တောက်ပစ်လိုက်သည်။

မြေပြင်ပေါ်သို့ ဆင်းသက်မိတဲ့အခိုက် ပေါင်ကြွက်သားများကို တင်းတင်းကြပ်ကြပ် တွန်းထုတ်ကာ ကောင်းကင်ကို တည့်တည့် ပြေးထွက်သွားခဲ့သည်။ ထိုနေရာက ပိုင်လျန့်ခန်းမရဲ့ မှော်လက်နက်ဖြစ်တဲ့ ရွှမ်ကျီးပိုင်ပြန့် တည်ရှိရာ နေရာပါပဲ။

ဤအခိုက်အတန့်တွင် ပိုင်လျန့်ခန်းမက တပည့်ရာပေါင်းများစွာသည် ဤမှော်လက်နက်ကို ဝိုင်းရံပြီး အသက်သွင်းလိုက်​​ကြသည်။ ရွှမ်ကျီးပိုင်ပြန့် မီးဖိုမီးက ကောင်းကင်တစ်ခွင် လင်းထိန်သွားပြီး ဓားတို၊ လှံနဲ့ ဓားရှည်တွေ ဆယ်ပေကျော်လောက် အရှည်ရှိတဲ့ မီးဖိုထဲမှာ ပျံထွက်သွားပြီး လေထဲမှာ လှည့်ကာ ချန်ရှီဆီ ပြေးဝင်သွားကြသည်။

ချန်ရှီကလည်း ထိုရတနာများရဲ့ တိုက်ခိုက်ခြင်းကို တွန်းလှန်ရန် နက်ရှိုင်းနဂါးရွေ့ဓားကို အသက်သွင်းထားခဲ့သည်။ ဓားပျံတစ်စင်း သူ့အနား ရောက်လာသောအခါ ထီးအောက်တွင် မီးတောက်တစ်ခု ရုတ်တရက် ပြေးလာပြီး အရည်ဖျော်ပစ်ကာ စွမ်းအားအားလုံး ဆုံးရှုံးသွားခဲ့သည်။

အခြေတည်ဝိညာဥ် နယ်ပယ်က သခင်သုံးယောက်နှင့် နတ်ပြောင်းလဲခြင်း သခင်တစ်ဦးတို့သည် ကောင်းကင်ဘုံ ထီးအကွာအဝေး အတွင်းသို့ ပြေးဝင်လာပြီး ချန်ရှီကို တိုက်ခိုက်သည်။ ထိုစဥ် လူလေးယောက်ရှေ့က မြင်ကွင်းဟာ မိုးခြိမ်းသံ သမုဒ္ဒရာကြီးလို ဖြစ်သွားပုံရပြီး သူတို့ကတော့ မိုးကြိုးပင်လယ်ထဲမှ လှေငယ်တစ်စင်းလို တုန်လှုပ်ချောက်ချားစွာ လွင့်မျောသွားကြသည်။

"မင်းတို့ရဲ့ အခြေတည်ဝိညာဉ်ကို မထုတ်ကြနဲ့!"

နတ်ပြောင်းလဲခြင်း နယ်ပယ် လူက အော်လိုက်သည်။

သူသည် မုရုံယိ အမည်ရှိ ပိုင်လျန့်ခန်းမက နံ့သာသခင် ဖြစ်သည်။ သူသည် မြေခွန်အားခန္ဓာကျင့်စဥ်ကို လေ့ကျင့်ထားသည်။ ၎င်းကျင့်စဥ်ကို အသက်သွင်းလိုက်သောအခါတွင် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် လျင်မြန်စွာ ကြီးထွားလာပြီး တခဏချင်းတွင် အရပ်နှစ်မီတာခန့်ရှိသော အဝါရောင် ဧရာမလူသား အဖြစ် ပြောင်းလဲသွားနိုင်၏။

သူ့စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကို ထောက်ပံ့ပေးလိုက်ရင်ပဲ သူသည် အဆုံးမဲ့ခွန်အားများ ရရှိလာပြီး မိုးကြိုးပင်လယ်ကိုဖြတ်၍ ချန်ရှီဆီသို့ ပြေးဝင်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်က တကယ်ကို သန်မာတာကြောင့် မိုးကြိုးပစ်ရင်တောင် မသတ်နိုင်ပါဘူး။

မုရုံယိ ရှေ့သို့ အမြန်ပြေးသွားသော်လည်း ရေနဂါးကဲ့သို့ အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထီးအောက်တွင် ထူးထူးခြားခြား ပျောက်ကွယ်သွားကာ အခြားလူသုံးယောက်၏ နဖူးနှင့် နှလုံးများကို ဖောက်ပစ်တာ တွေ့လိုက်ရသည်။

အေးစက်သော အလင်းရောင်သည် အခြေတည်ဝိညာဥ် သခင်သုံးယောက်ကို ဆက်တိုက်သတ်ပစ်ပြီး သူ့ဆီသို့ တည့်တည့် ရောက်လာသည်။ မုရုံယိလည်း သူ့လက်ကို အလျင်စလို မြှောက်လိုက်ရင်း အအေးဓာတ်ကို ဖမ်းဆုပ်လိုက်ရာ အအေးဓာတ်က ရုတ်တရက် ပျောက်သွား၏။

သူဘာကိုမှ ဖမ်းဆုပ်မထားမိပဲ နောက်အခိုက်အတန့်မှာ အေးစက်တဲ့ အလင်းရောင်တစ်ခု ပေါ်လာပြီး သူ့နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွားတာ မြင်လိုက်ရလေသည်။

မုရုံယိ သူ့နှလုံးက နာကျင်မှုကို ခံစားခဲ့ရသော်လည်း ကံကောင်းထောက်မစွာနဲ့ မြေခွန်အားခန္ဓာကျင့်စဥ်က အလွန်အစွမ်းထက်၏။ အေးစက်သော အလင်းရောင်သည် သူ့ကြွက်သားများကို ချုပ်ကိုင်မခံရမီ နှစ်လက်မခန့်သာ ဖောက်ထွင်း ဝင်ရောက်သွားခဲ့သည်။

အအေးဓာတ်က ရုတ်တရက် ရပ်တန့်သွားပြီး ချန်ရှီ ယူသွားသော နက်ရှိုင်းနဂါးရွေ့ဓားက ရေကဲ့သို့ နူးညံ့စွာ ရောက်လာသည်။ မုရုံယိ ဝမ်းသာအားရဖြင့် ဓားသွားကို လှမ်းဆွဲလိုက်သည်။

"လွယ်လွယ်နဲ့ ရလိုက်တာပဲ!"

သူ့လက်သည် ဓားစောင်းကို ဖမ်းကိုင်လိုက်စဉ်တွင် လရောင်က နက်ရှိုင်းနဂါးရွေ့ဓားထဲ တောက်ပလာပြီး ဓားက ပျောက်ကွယ်သွားသည်။ မုရုံယိ သူ့ဆုပ်ကိုင်မှုက လွတ်သွားခဲ့ကြောင်း သဘောပေါက်လိုက်စဥ် ရုတ်တရက် ပေါ်လာသော နက်ရှိုင်းနဂါးရွေ့ဓားကြောင့် လည်ချောင်းအတွင်းက နာကျင်မှုကို ချက်ချင်း ခံစားခဲ့ရသည်။

မုရုံယိ ၎င်းကို ဖမ်းဆုပ်ရန် လက်ကို ဆန့်ထုတ်လိုက်စဥ် လရောင်အောက်က နက်ရှိုင်းနဂါးရွေ့ဓားက ပျောက်ကွယ်သွားကာ သူ့နှလုံးကို ထပ်မံ ထိုးဖောက်သွားခဲ့ပြီ။ ဒီတစ်ခါ ဖောက်ထားတဲ့နေရာဟာ အရင်က ထိုးဖောက်ခဲ့တဲ့နေရာနဲ့ အတူတူပဲ ဖြစ်တာကြောင့် သူ့နှလုံးထဲကို သုံးလက်မကျော်အထိ ဖောက်ပစ်နိုင်ခဲ့သည်။

မုရုံယိရဲ့ နှလုံးက ပြင်းထန်စွာ ခုန်နေသည်။ တစ်စုံတစ်ခုကို ဖမ်းဆုပ်ဖို့ သူ့လက်ကို မြှောက်လိုက်ပေမယ့် ဘာမှ မဖမ်းမိသေးပါ။

နဂါးဓားက ယင်းနဲ့ယန် ကမ္ဘာများကြားတွင် ပျံသန်းသွားနိုင်သည်။ ၎င်းကို ဖမ်းကိုင်လိုက်သောအခါ ၎င်းက မရဏကမ္ဘာသို့ ဝင်ရောက်ကာ သက်ရှိကမ္ဘာသို့ ပျံသန်းလာတဲ့အခါ သူ့ခန္ဓာကိုယ်ပေါ်ကို နောက်ထပ် အသေကောင်ဖြစ်အောင် ဓားဖြင့် ထိုးချလိုက်လေပြီ။

မုရုံယိ အကြိမ်ကြိမ် ဓားထိုးခံနေရရာ သူ ထိတ်လန့်သွားပြီး ချက်ချင်း လှည့်ထွက်ပြေးသွားခဲ့သည်။

"ထီးနား မကပ်လာနဲ့!"

ဝုန်း!

လျှပ်စီးကြောင်းတစ်ခု ပြုတ်ကျပြီး သူ့နဖူးကို ထိမှန်ကာ ယိမ်းထိုးသွားခဲ့သည်။ မုရုံယိ တကိုယ်လုံး ထုံကျင်သွားပြီး တစ်ခုခုမှားနေပြီဆိုတာ သိလိုက်တဲ့အခိုက် သူ့နှလုံးသားကို နက်ရှိုင်းနဂါးရွေ့ဓားက ထိုးနှက်သွားခဲ့ပြီ။

ဓားရှည်သည် ပျောက်ကွယ်သွားပြီး သူ့လည်ချောင်းတွင် ပြန်ပေါ်လာကာ လည်ပင်းအနှံ့ သုတ်သင်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ သူ့နဖူးမှာ ပြန်ပေါ်လာတဲ့ အခိုက်မှာတော့ ဦးနှောက်ကို ထိုးဖောက်သွားပြီးပြီ။

မုရုံယိ မျက်လုံးများ ပြူးကျယ်သွားသည်။ သူအရင်က ကြောက်စရာကောင်းတဲ့ အရာတွေကို ကြုံဖူးပေမယ့် ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အရာမျိုး တစ်ခါမှ မကြုံဖူးသလိုပင်။

သူ့သွေးနဲ့ စွမ်းအင်တွေ ပြိုကျပြီး ခွန်အားတွေ အကုန်ဆုံးရှုံးပြီး လဲကျသွား၏။ မသေဆုံးမီတွင် ချန်ရှီ အနီးတစ်ဝိုက်ရှိ ဧရိယာထဲသို့ ပြေးဝင်သွားသော လူများအားလုံးသည် ယင်းယန် ကမ္ဘာများကြားတွင် ဖြတ်သန်းနေသော နဂါးဓားကြောင့် တစ်ကောင်ပြီး တစ်ယောက် ရုတ်တရက် အသတ်ခံနေရတာကို ရှောင်လွှဲမရစွာ စောင့်ကြည့်နေခဲ့ရသည်။

နောက်ဆုံးတွင် သူသည် နတ်အသွင်ပြောင်းနယ်ပယ်က သခင်ဖြစ်သည်။ သူ့ရုပ်ခန္ဓာသည် သေဆုံးသွားသော်လည်း ဝိညာဉ်က ထိုနေရာတွင် ရှိနေသေးသည်။ ကောင်းကင်ဘုံထီးရဲ့ လွှမ်းခြုံမှုမှ လွတ်သွားသရွေ့ အဂ္ဂိရတ်ဆေးတွေကို သုံးရင်း သူ့အသက်ကို ရှည်စေနိုင်သည်။

ထိုအချိန်တွင် ချန်ရှီသည် သူ့လက်ထဲတွင် စုတ်တံကြီးတစ်ချောင်းနှင့် နောက်သို့ ခုန်ဆင်းသွားသည်။ သူသည် စုတ်တံကို လေထဲတွင် လွှင့်ပစ်လိုက်ရာ စုတ်တံက ကြီးမားသော သေနတ်တစ်လက်လို အရှည် ၁၇၀ မှ ၁၈၀ မီတာခန့်အထိ ရှည်လာသည်။

ကျယ်လောင်သော အသံနှင့်အတူ စုတ်တံသည် မုရုံယိ နဖူးကို ထိလိုက်လိုက်သည်။ စုတ်တွံထိပ်ဖျားကို တစ်ချက်နှိပ်လိုက်ရာ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှ ထွက်သွားလေသည်။ တစ်ဆက်တည်း ထီးအောက်တွင် လျှပ်စီးလက်လာကာ သူ့ဝိညာဉ်ကို ရိုက်ခတ်သွားသည်။

မုရုံယိ ပြာဖြစ်သွားသည်။

ချန်ရှီ ရှေ့သို့ အလျင်စလို ပြေးသွား​ပြန်သည်။ သူ၏ စုတ်တံသည် လှံရှည်တစ်ချောင်းလို ကျယ်လောင်သော "ပေါက်ကွဲသံ" နှင့်အတူ ပေများစွာအကွာသို့ ရောက်ရှိပြီး ရွှမ်ကျီးပိုင်ပြန့် မီးဖိုကို မှောက်လှန်ပစ်လိုက်သည်။ ရတနာများသည် ရွှမ်ကျီးပိုင်ပြန့် မီးဖိုထဲမှ အရပ်ရပ်သို့ ပျံထွက်သွားပြီး ပတ်ဝန်းကျင်ရှိ ပိုင်လျန့်ခန်းမက တပည့်များကို သတ်ဖြတ်ကာ ၎င်းတို့၏ ခြေလက်နှင့် လက်များကို ပျံသန်းသွားစေသည်။

ချန်ရှီ သူ့လှံကို ပြန်ဆွဲထုတ်လိုက်ပြီး ရှေ့ကို ထပ်ပြေးသွားကာ ရွှမ်ကျီးပိုင်ပြန့် မီးဖိုကို ကန်ထုတ်ပစ်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော မီးဖိုကြီးသည် တောက်လောင်နေသော မီးတောက်များနှင့်အတူ လွင့်ပျံလာသည်။ ရတနာလက်နက်များကလည်း အရပ်ရပ်သို့ လွင့်နေလျက်။ ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ထိုမှော်လက်နက်ကြီးသည် ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမမှ တည်ထောင်ထားသည့် အပေါက်ကြီးတစ်ခုကို ဖြိုခွင်းပစ်လိုက်သည်။

ချန်ရှီ ခုန်ထွက်လာတော့ အပြင်မှာ ကောင်းကင်က ကြည်လင်နေပြီး နေရောင်ကလည်း တောက်ပနေ၏။ လက်ကို မြှောက်လိုက်ပြီး ပြုတ်ကျလာနေတဲ့ ထီးကို ဆုပ်ကိုင်လိုက်ရာ ထီးက တဖြည်းဖြည်း သေးငယ်လာပြီး စုစည်းကာ ပိတ်သွားခဲ့သည်။

ချန်ရှီသည် ထီးကြီးပေါ်တွင် မှီ၍ သူ့ဆီသို့ ပြေးနေသော ပန်းရှန်းဂိုဏ်း၏ တပည့်တစ်ဦးကို ပြန်ကြည့်ကာ အနည်းငယ် ပြုံးပြလိုက်သည်။ သူ့လက်ထဲတွင် စုတ်တံပကြီးကြီးကို ဆွဲကိုင်ကာ ထိုတပည့်၏ ခန္ဓာကိုယ်ပေါ်တွင် အိပ်မက်ဆိုးသစ်သားကြီး တစ်ခုဆွဲ​ပေးလိုက်ကာ ကောင်းကင်မြေကြီး ပိုက်ကွန်ထဲသို့ ပြန်ကန်ထည့်လိုက်သည်။

သူသည် ရွှမ်ကျီးပိုင်ပြန့် မီးဖိုကို ဖမ်းကိုင်လိုက်ပြီး အစီအရင်ရဲ့ ဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်သည်။ ထို့နောက် တနန်ရေကန်ဆီသို့ လျှောက်သွားလေသည်။

သူ့နောက်တွင် ကြီးမားသော ပိုက်ကွန်မှ ကျယ်လောင်စွာ အော်ဟစ်နေသော အသံများကို ကြားနေရသည်။ အိပ်မက်ဆိုးသစ်ပင်၏ မုတ်ဆိတ်ရှည်ကြီးက ကခုန်နေပြီး အကိုင်းအခက်များက ခုန်ထွက်ကာ လျင်မြန်စွာ ကခုန်နေကြသူများကို လက်နှင့်ခြေများ အနေဖြင့် သယ်ဆောင်လာသည်။

အစီအရင်က မငြိမ်မသက် ဖြစ်လာသည်။ ကောင်းကင်ဘုံပိုက်ကွန်မှ ခွဲထွက်ရန် ကြိုးစားသော ထိုဂိုဏ်း၏ တပည့်များသည် ဓားစာခံများဆီက ဖြိုခွဲခံရကာ လျှို့ဝှက်ဆန်းကြယ်သော မီးဖိုကြီး၏ မီးတောက်ဖြင့်လည်း မီးလောင်သေဆုံးရတာ သို့မဟုတ် မီးတောက်များမှ ထွက်လာသော လက်နက်များကြောင့် သတ်ဖြတ်ခံခဲ့ရသည်။

ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်ထားသော ဤကြီးမားသော ပိုက်ကွန်တစ်ခုသည် လူသတ်ကွင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ပိုင်လီမု ဤနေရာသို့ သမင်ရထားလုံးနဲ့ ရောက်သောအခါ ကောင်းကင်နှင့်မြေကြီး၏ ပိုက်ကွန်ကြီး ပြိုကျသွားပြီ။ ဒါ့အပြင် ဝိညာဉ်အသွင်ပြောင်း နယ်ပယ်က သခင်ငါးဦးသာ ကျန်ခဲ့ပြီး ဧရာမအိမ်မက်ဆိုးသစ်ပင်ကြီးကို တွန်းလှန်ဖို့ အစွမ်းကုန် ကြိုးစားနေကြတာ တွေ့ရပေသည်။

အိပ်မက်ဆိုးသစ်ပင်သည် အိပ်မက်ဆိုးထဲတွင် နတ်ဆိုးတစ်ကောင်လိုပင်။ ၎င်း၏အမြစ်များသည် မီးခိုးမည်းများနှယ် ကခုန်နေပြီး ပန်းရှန်းဂိုဏ်းနဲ့ ပိုင်လျန့်ခန်းမမှ တပည့်များ၏ ခန္ဓာကိုယ်များပေါ် တွယ်ကပ်ကာ တွဲလောင်းချထား၏။

ပိုင်လီမု မျက်လုံးများ မှိတ်သွားကာ လက်သီးများကို ဆုပ်ထားလိုက်မိသည်။

"ဂိုဏ်းချုပ် ပိုင်လီမု... နောက်ဆုံးတော့ ခင်ဗျားဒီကိုရောက်လာပြီပဲ"

အိပ်မက်ဆိုးသစ်ပင်၏ အကိုင်းအခက်များပေါ်တွင် လူသေအလောင်းများက တစ်လောင်းပြီး တစ်လောင်း ခေါင်းထောင်ထကာ ဖြူစွပ်စွပ် မျက်လုံးများက သူ့ကို စိုက်ကြည့်ကာ အသီးသီး ပြုံးပြလာကြသည်။

၎င်းတို့က တစ်ပြိုက်နက်တည်း ပြောလာ၏။

"ချန်ယန်တောင်က ချန်ရှီ... တောင်ကန်ကြီးမှာ ခင်ဗျားကိုစောင့်နေတယ်... ခင်ဗျား လာမယ်လို့ မျှော်လင့်ပါတယ်!"

All Chapters