← Chapters

မဟာရန်သူ

Vol. 015 Ch. 1451

မဟာရန်သူ

Vol. 015 Ch. 1451

ရီဖူရှင်းက အိမ်ရှေ့စံ၏ မျက်လုံးများကို ကြည့်လိုက်သည်။ ယင်းမျက်လုံးများတွင် မာနကြီးခြင်းနှင့်  ယုံကြည်ချက်တို့ဖြင့် ပြည့်နှက်နေသည်။ ထိုမျက်လုံးများမှ ရန်စသည့် အမူအရာတို့ကို ခံစားရပေသည်။

သူ မည်သို့မှ မပြောရသေးခင် သူ့နောက်မှ ပုံရိပ်တစ်ခု လျှောက်ထွက်လာခဲ့သည်။ ထိုသူသည် နန်းတော်အပြင်ဘက် မြေပြင်၌ လျှောက်လာသည့်အခါ နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။ ထို ထွက်ပေါ်လာသည့် မြင့်မားတုတ်ခိုင်သည့် ပုဂ္ဂိုလ်မှာ ယူချင်းပင် ဖြစ်၏။

ရီဖူရှင်းသည် ထိုကောင်းကင်အာဏာစက် ပြည်ထောင်မင်းသား၏ လက်အောက်ခံများ စိန်ခေါ်မှုကို ခွင့်ပြုမည်လား။

ထိုသည်က သူ့ကို သိက္ခာကျသွားစေပေလိမ့်မည်။

ပြည်ထောင်မှ တန်ခိုးရှင်များ၏ ပြင်းထန်သော ဖိအားတို့ ထွက်ပေါ်လာသည်။

အိမ်ရှေ့စံသည် ထိုကြီးမားထွားကျိုင်းသည့် ပုံရိပ်ကို မော့ကြည့်လိုက်၏။ ထို့နောက် သူက ထရပ်ကာ ပြောလိုက်သည်။

“ခရမ်းရင့်ကောင်းကင်နန်းတော် တိုက်ပွဲမှာ ယူချင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်က လေးစားစရာပါပဲ။ ရီဖူရှင်းက သူ့မှာ ပြိုင်ဘက်ကင်း ခွန်အားရှိတယ်လို့ ပြောခဲ့တယ်။ အဲဒီလိုဆိုရင် သူနဲ့ ရင်ဆိုင်ဖို့ တစ်ယောက်တည်းဆိုရင် အဆင်ပြေမှာမဟုတ်ဘူး။ ကံကောင်းစွာနဲ့ပဲ ကျုပ်မှာ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ရှန့်ထို အများကြီးရှိတယ်”

ထို့နောက် သူက နောက်သို့ ပြန်လှည့်ကာ လျှောက်သွားလိုက်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များသည်လည်း သူကဲ့သို့ပင် ပြုမူကြလေသည်။ သူ၏ အပြုအမူတိုင်းက သူတို့အတွက် အကြွင်းမဲ့ အမိန့်ဖြစ်သကဲ့သို့ ဖြစ်လေသည်။

သူတို့ ဆုတ်ခွာသွားပြီးနောက် ရပ်ကျန်ရစ်ခဲ့သူများမှာ သိသာထင်ရှားလာသည်။ သူတို့၏ အရှိန်အဝါများက ပေါက်ကွဲထွက်လာပြီး သူတို့အားလုံးသည် ခြွင်းချက်မရှိ မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့် ရှန့်ထိုများ ဖြစ်ကြပေသည်။

ထို့ပြင် သူတို့၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာသည့်အခါ သူတို့အားလုံးသည် တစ်ယောက်နှင့် တစ်ယောက် တသားတည်း ဖြစ်လာကြသည်။ မဟာလမ်းစဉ်က သူတို့ကြားထဲ၌ ဆက်သွယ်ပေးထားပြီး ကြောက်မက်ဖွယ် မဟာလမ်းစဉ် မုန်တိုင်းကို ဖြစ်ပေါ်လာစေသည်။

သူတို့ထံမှ မဟာလမ်းစဉ် စွမ်းအား အလင်းလွှာ ထွက်ပေါ်လာပြီး ယင်းသည် သူတို့၏ ခြေဖျားမှနေ၍ သန့်စင်သည့် အလင်းတို့ တောက်ပနေကာ ဖြစ်တည်မှုတစ်ခုသို့ ပျော်ဝင်သွားကြသည်။ ထိုအချိန်တွင် ရီဖူရှင်းနှင့် အခြားသူများသည်  ပုံရိပ်ယောင်များကို မြင်တွေ့ရသကဲ့သို့ ဖြစ်လာပေသည်။ သူတို့သည် လူတစ်စုအစား ပြီးပြည့်စုံသည့် ဖြစ်တည်မှုတစ်ခုကိုသာ မြင်တွေ့ကြရတော့သည်။

ဘုန်း ... မဟာလမ်းစဉ်မုန်တိုင်းသည် နန်းတော်အပြင်တွင် ရုတ်တရက် ဖြစ်ပေါ်လာကာ လူတိုင်း၏ ခန္ဓာကိုယ်များတွင် ကြီးမားသော လှိုင်းများ လွှမ်းမိုးထားလေသည်။ ဗြဟ္မာ့သန့်စင် ကောင်းကင်မှ လူများသည် တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်လိုက်ကြကာ တိုက်ပွဲအတွက် နေရာဖယ်ပေးလိုက်ကြပေသည်။ သို့သော် ရီဖူရှင်း၏ အဖွဲ့သည်တော့ ရပ်နေရာ၌ပင် ရှိနေဆဲဖြစ်ကာ သူတို့အား မုန်တိုင်း ရိုက်ခတ်နေသည်ကို ခွင့်ပြုထားပေသည်။

ဘုန်း ... ယူချင်းက မြေပြင်ပေါ်သို့ ခပ်ပြင်းပြင်း လှမ်းလိုက်သည်။ လေထုက ပြင်းထန်စွာ တုန်ခါနေပြီး သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်သည့် လှိုင်းများကဲ့သို့ ပြေးထွက်သွားကာ သူ့ရှေ့မှ လူများဆီသို့ ဦးတည်သွားလေသည်။ နတ်ဆိုးစွမ်းအားများက အော်မြည်နေပြီး သူ့လက်မောင်းကို ရစ်ပတ်ထားသည်။ ထို့နောက် သူက လက်ကို မြှောက်လိုက်ပြီး ပြိုင်ဘက်ကင်း စွမ်းအားများကို လက်သီးတစ်ဖက်အတွင်း ပျော်ဝင်စေလိုက်ကာ သူ့ရှေ့တည့်တည့်သို့ ပစ်သွင်းလိုက်သည်။ သူ့နောက်တွင် နတ်ဆိုးစွမ်းအားများက ဒေါသတကြီး အော်မြည်နေသည်ဟု ထင်မှတ်ရပေသည်။ ထိုလက်သီးချက်က မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို လူတိုင်း ခန့်မှန်းနိုင်ပေသည်။

လေဟာနယ်သည် ထိုလက်သီး၏ ဖိအားအောက်၌ ကျိုးပျက်တော့မယောင် ထင်မှတ်ရသော်လည်း သူ့ရှေ့မှ တန်ခိုးရှင်များသည်တော့ ပြန်မဆုတ်ခွာခဲ့ပေ။ သူတို့သည် မြေပြင်တွင် ခိုင်မြဲစွာ ရပ်နေပြီး မဟာလမ်းစဉ် စွမ်းအားများနှင့် ပေါင်းစပ်နေသည်။ ထို့နောက် သူတို့၏ လက်များကို တစ်ပြိုင်တည်း ဆန့်ထုတ်ကာ ရိုက်ခတ်လိုက်ကြသည်။ သူတို့ လက်ဝါးတိုက်ခိုက်မှု ဖော်ထုတ်လိုက်ရာနေရာ၌ ချက်ချင်းပင် နတ်ဘုရားကဲ့သို့ ပုံရိပ်တစ်ခု ထွက်ပေါ်လာပေသည်။

ဘုန်း …

ခဏချင်းအတွင်း နှစ်ဖက်မှ တိုက်ခိုက်မှုများ ထိပ်တိုက်တွေ့ဆုံမိကြသည်။ လေထုသည် မွန်းကျပ်ဖွယ် တုန်ခါပေါက်ကွဲလာသည်။ အော်မြည်နေသည့် လေထုက သူတို့ ဝန်းကျင်ကို လွှမ်းခြုံထားပြီး ရီဖူရှင်း၏ အဝတ်တို့အား လေနှင့် လွင့်နေစေသည်။

သို့သော် သူ၏ မျက်လုံးများက ရှေ့သို့ မမှိတ်မသုန် စိုက်ကြည့်နေပေသည်။ ယူချင်းက နောက်သို့ ပြန်ဆုတ်လိုက်သည်။ ထိုသန်မာထွားကျိုင်းသည့် အမျိုးသားက ယခင် သူ ရပ်နေခဲ့သော နေရာသို့ ပြန်ဆုတ်ခွာလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့ရှေ့မှ လူစုသည်လည်း နောက်သို့ တစ်လှမ်း ဆုတ်ခွာလိုက်ကြသည်။ အလွန် ပြင်းထန်သည့် စွမ်းအားများက သူတို့ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး တိုက်ခိုက်မှုသည် သူတို့၏ အရှိန်အဝါတို့ကြောင့် အလျင်အမြန် ပျက်ပြယ်သွားသည်ဟု ထင်မှတ်ရသည်။ သူတို့၏  ကိုယ်ပေါ်မှ အလင်းသည် တောက်ပလာပြီး ဖြစ်တည်မှု တစ်ခုတည်းအဖြစ် အပြည့်အဝ ပေါင်းစပ်သွားလေသည်။

ထိုမြင်ကွင်းက ရီဖူရှင်း၏ မျက်လုံးတို့ကို အနည်းငယ် ဖမ်းစားသွားပြီး သူ့ရှေ့မှ မြင်ကွင်းအား စူးစိုက်ကြည့်နေပေသည်။ သူသည် ယူချင်း၏ စွမ်းအားက မည်မျှ ပြင်းထန် ရက်စက်သည်ကို ရှင်းလင်းစွာ သိရှိပေသည်။ လက်သီးတစ်ချက်သာ ပစ်လွှတ်တိုက်ခိုက်ခြင်း ဖြစ်သော်လည်း တိုက်ခိုက်မှုက အလွန် အစွမ်းထက်ပေသည်။ သူ့အဆင့်တွင် မည်သူမှ ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဘဲ အလွန် ထူးချွန်လှသည့် လူများသာလျှင် အနည်းငယ် ယှဉ်တိုက်နိုင်စွမ်းရှိပေလိမ့်မည်။

သို့သော် သူ့ရှေ့မှ လူစုသည် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုဖြင့် ယူချင်းကို ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့ပြီး နှစ်ဖက်လုံး၏ စွမ်းအားများကိုပင် အမှန်တကယ် ဖျက်ဆီးနိုင်စွမ်းရှိပေသည်။ ယူချင်းသည် အရေးသာမှု ရရှိစေရန် မလုပ်ဆောင်နိုင်ခဲ့ပေ။

ထို့ပြင် သူတို့ တိုက်ခိုက်သည့်အခါ သူတို့က အလွန်အားကောင်းသည်ဟု သူ ခံစားမိပေသည်။ သူတို့ တိုက်ခိုက်သည့်အခါ၌ အစွမ်းကုန်မတိုက်ခိုက်သေးသကဲ့သို့လည်း ခံစားမိသည်။

“မင်းက အရမ်း ကောင်းတဲ့ ခွန်အား ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ဂုဏ်သတင်းနဲ့ တကယ်ညီတာပဲကိုး” အိမ်ရှေ့စံက ရီဖူရှင်းတို့ လူစုအား ကျောခိုင်းထားရင်းက ယူချင်းအား ချီးမွမ်းလိုက်သည်။ ထို့နောက် သူက ထပ်ပြောလိုက်၏။

“မင်း အထွတ်အထိပ်ကို မရောက်ခင်တော့ လူတစ်ယောက်ရဲ့ စွမ်းအားက အကန့်အသတ် ရှိလိမ့်မယ်။ အဲဒါကို မင်း မပြောင်းလဲနိုင်ဘူး။ ဒီအဖြစ်အပျက်တွေမှာ ဝင်မပါပါနဲ့။ နတ်မိမယ်က မိတ်ဆွေဖြစ်ချင်တဲ့ ဘယ်သူ့ကိုမဆို ကျုပ်က ဝမ်းမြောက်ဝမ်းသာ လက်ခံပေးပြီး ကျုပ်လည်း သူတို့နဲ့ မိတ်ဆွေဖြစ်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဘုံအတွင်း အင်အားစုတွေကြားက ဘယ်လို အရေးကိစ္စမျိုးမဆို မပတ်သက်ဖို့တော့ မျှော်လင့်မိတယ်”

သူက ပြောပြီးနောက် ရှေ့ကို လှမ်းလာပေသည်။

“ကောင်းကင်အာဏာစက်ဘုံမှာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အိမ်ရှေ့စံရဲ့ ဘွဲ့ကို အပ်နှင်းခဲ့ပြီးတဲ့နောက် ချက်ချင်းလိုပဲ အိမ်ရှေ့စံက နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တယ်။ အိမ်ရှေ့စံက နောက်ပိုင်းမှသာ ဘုံက တန်ခိုးရှင်တွေရှေ့မှာ ထွက်ပေါ်လာခဲ့တာ။ ဒါပေမဲ့ ပါရမီရှင်တွေဆိုတာ သူတို့ ဘယ်သွားသွား အာရုံစိုက်မှုကို ရယူနိုင်လိမ့်မယ်။ သူတို့အတွက် သူတို့ရဲ့ တောက်ပမှုကို ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ချင်းဟယ်က အိမ်ရှေ့စံကို လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။

“ရှင်က ကောင်းကင် အာဏာစက်ဘုံမှာ တစ်ချိန်လုံး ရှိနေခဲ့တာ မဟုတ်ဘူးလေ”

ဤနေရာ၌ မဟာလမ်းစဉ် ဘုံသုံးထောင်နှင့် အထွတ်အထိပ်လမ်းစဉ်ဘုံ ကိုးဘုံရှိသည်။

သူမသည် ကောင်းကင်အာဏာစက် ပြည်ထောင် မင်းသားသည် ငယ်စဉ်ကပင် အဝေးသို့ ပို့ဆောင်ခံခဲ့ရသည်မှာ အလွန် ဖြစ်နိုင်ပြီး သူက နောက်ပိုင်းမှသာ ပြန်လာခဲ့ခြင်း ဖြစ်မည်ဟု ယူဆပေသည်။ ထို့ကြောင့် အိမ်ရှေ့စံသည် သမိုင်းကြောင်းကို မည်သူမှ မသိရှိဘဲ ဖြစ်နေခြင်း ဖြစ်ပေသည်။

“မင်းက တကယ်ကို ထိုးထွင်းသိမြင်နိုင်ပြီး ဉာဏ်ထက်တာပဲ နတ်မိမယ်” အိမ်ရှေ့စံက သူတို့ကို ကျောပေးလျက်ကပဲ ပြောလိုက်သည်။

သူက ထိုနှစ်များစွာက ထွက်သွားခဲ့ခြင်း ဖြစ်ပေသည်။

“ရှင့်ရဲ့ ပါရမီက တခြား အထွတ်အထိပ်ဘုံတွေမှာလည်း ထိပ်တန်းအင်အားစုဖြစ်ဖို့ အခက်အခဲရှိစေမှာ မဟုတ်ပါဘူး” ထို့နောက် ချင်းဟယ်က ဆက်ပြောလိုက်သည်။ “ကျွန်မ အရင်တုန်းက တစ်ခု ကြားခဲ့တာ ရှိသေးတယ်။ ပြောကြတာတော့ အိမ်ရှေ့စံပျောက်မသွားခင် ကောင်းကင်အာဏာစက်ဘုံက တန်ခိုးရှင် အတော်များများလည်း ပျောက်သွားခဲ့သေးတယ်တဲ့”

ထိုအကြောင်းကို သိသူမှာ အနည်းငယ်သာ ရှိသော်လည်း ဘုံ၏ ထိပ်တန်းအင်အားစုများ အနေနှင့် ထိုသို့ အကြောင်းအရာအား သိရရန်မှာ မခက်ခဲလှပေ။

အိမ်ရှေ့စံ မည်သို့ ဖြစ်သွားသည်ကို ခန့်မှန်းဆွေးနွေးပြောဆိုသူ အတော်များများ ရှိခဲ့ပြီး သူတို့က ရှာဖွေတွေ့ရှိသည့် အချက်အလက်တို့အား ဖလှယ်ခဲ့ကြသည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်သည်လည်း ထိုဖြစ်ရပ်အကြောင်း တစ်စွန်းတစ်စ သိထားသည်ဖြစ်ရာ ချင်းဟယ်သည်လည်း တစ်ခုခု သိထားသည်မှာ ဖြစ်နိုင်ပေသည်။

လက်ရှိအမြင်အရ ထိုအင်အားစုများသည် ကောင်းကင်အာဏာစက် ပြည်ထောင် မင်းသားက ထွက်ခွာသွားခဲ့သည်ဟု ခန့်မှန်းခဲ့ကြပေသည်။

အိမ်ရှေ့စံသည် သူ၏ ခြေလှမ်းတို့အား ရပ်တန့်လိုက်ပြီး ထိုအကြောင်း မည်သည့်စကားမှ မဆိုတော့ပေ။ သူက ရိုးရှင်းစွာပင် ပြောလိုက်၏။

“နောက်တစ်ခေါက်မှ ထပ်လာပါ့မယ် နတ်မိမယ်။ ခွင့်ပြုပါဦး”

ထို့နောက် သူက လေထဲသို့ တက်ကာ ထွက်ခွာသွားလေသည်။

လွန်ခဲ့သည့် နှစ်များက ဂူထျန်းရှင်းသည် ကောင်းကင်အာဏာစက် ပြည်ထောင်ကို မျိုးပြုတ်လုနီးပါး ဖြစ်စေခဲ့သည်။ ထို့နောက် သူတို့၏ ပြန်လည်တည်ထောင်ရေးကို စတင်ခဲ့ပြီး အိမ်ရှေ့စံတင်မြှောက်ကာ ပြည်ထောင်၏ တော်ဝင်မျိုးနွယ်များမှ အထူးချွန်ဆုံးသူများ ရွေးချယ်၍ သူနှင့်အတူ ကျင့်ကြံစေခဲ့သည်။ အရည်အချင်းရှိ ထူးခြားသည့် သူများပေါ်ထွက်လာစေရန် များပြားလှသော အရင်းအမြစ်တို့ကို သုံးစွဲခဲ့ရသည်။ ထို့နောက် ထိုသူများအား သူနှင့်အတူ အဝေးသို့ ပို့ဆောင်ခဲ့၏။

ထိုကိစ္စသည် ပြည်ထောင်အရှင်သခင် ကိုယ်တိုင် ကြီးကြပ်ကာ လက်တစ်ဆုပ်စာမျှ လူလောက်သာ ထိုလူငယ်လေးများ မည်သည့်နေရာ၌ ရှိသည်ကို သိရှိကြပေသည်။

ကောင်းကင်အာဏာစက်ဘုံ အတွင်းပိုင်းမှ သူများအကြားတွင် ထိုအစီအစဉ်ကို 'ကောင်းကင်ဘုံနိုးထခြင်း' ဟု သတ်မှတ်ကြပေသည်။

လက်ရှိတွင် ကောင်းကင်ဘုံနိုးထခြင်း အဖွဲ့ဝင်များက ကောင်းကင်အာဏာစက် ပြည်ထောင်သို့ ပြန်ရောက်လာကြပြီ ဖြစ်သည်။ ထိုအဖွဲ့ဝင်များသည် ကောင်းကင်အာဏာစက် ပြည်ထောင် အုပ်ချုပ်မှုအောက်တွင် စုစည်းနေသည့် လူများထဲတွင် အားအကောင်းဆုံး အဖွဲ့ဝင်များ ဖြစ်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများ ပြန်သွားပြီးနောက် ယူချင်းက ရီဖူရှင်းအား လှည့်ကြည့်ကာ ပြောလိုက်သည်။

“သူတို့က အစွမ်းထက်တယ်”

“ငါ သတိထားမိတယ်” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“သူတို့က တစ်ယောက်ချင်းစီ အားကောင်းတာဆိုရင်တော့ မင်းရဲ့ လက်သီးတစ်ချက်နဲ့ ဟန့်တားဖို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ မဟာလမ်းစဉ်နဲ့ တသားတည်း ဖြစ်စေပြီး သူတို့ရဲ့ လမ်းစဉ်တွေကို ပေါင်းစပ်တိုက်ခိုက်တာမှာ အားပိုကောင်းကြတယ်။ အဲဒါက သူတို့ရဲ့ စွမ်းအား စုစုပေါင်းထက်ပိုတဲ့ အင်အားကို ထုတ်ဖော်ပေးတယ်။ ကြည့်ရတာ အစွမ်းထက် လျှို့ဝှက်ကျင့်စဉ် ဖြစ်လိမ့်မယ်”

ပြောရလျှင် အိမ်ရှေ့စံအနီး၌ အားကောင်းသည့် လူစု အမှန်တကယ် ရှိနေပေသည်။

ထို့ပြင် သူက ချင်းဟယ် ပြောသည့် စကားများမှနေ၍ ခန့်မှန်းမိသည်မှာ ထိုသူများသည် အခြားဘုံ၌ ကျင့်ကြံပြီးနောက် ပြန်လာကြခြင်းက အလွန် ဖြစ်နိုင်ချေမြင့်ပြီး ကောင်းကင်အာဏာစက် ပြည်ထောင်၏ ရှိရင်းစွဲ စွမ်းအားနှင့် အခြားထိပ်တန်းအင်အားစုများ၏ ကျင့်စဉ်နည်းလမ်းတို့အား ပေါင်းစပ်ကာ သူတို့သည် ပြင်းထန်သည့် စွမ်းအားတို့အား ဖော်ထုတ်နိုင်စွမ်း ရှိပေသည်။

“ကျွန်မ စိုးရိမ်တာက သူတို့ ကောင်းကင်နတ်တံခါးဂိုဏ်းကို ဦးတည်နေမှာကိုပဲ” ချင်းဟယ်သည် ရီဖူရှင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။ ရီဖူရှင်းက တုံ့ပြန်သည့် အနေနှင့် ခေါင်းညိတ်လိုက်သည်။

လက်ရှိတွင် ဂူတုံးလျှိုသည် လွှမ်းမိုးနိုင်သော ဖြစ်ရပ်တို့ဖြင့် ကောင်းကင်နတ်တံခါးသို့ ပြန်ရောက်နေပြီ ဖြစ်ကာ များစွာသော အင်အားစုတို့အား လှုပ်ခတ်စေခဲ့သည်။ ဂူတုံးလျှို၏ အလားအလာသည် ပြိုင်ဘက်ကင်းနေပြီး ကောင်းကင်အာဏာစက် ပြည်ထောင်သည် ထိုအခြေအနေမျိုးကို ဖိနှိပ်ရန် ရည်ရွယ်နေသည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်သည်လည်း တူညီစွာပင် တွေးကြလေသည်။ လက်ရှိတွင် များပြားလှသည့် အင်အားစုများက ရီဖူရှင်းနှင့် ရင်းနှီးမှုရှိနေကာ ထို့ကြောင့်ပင် အိမ်ရှေ့စံက သတိပေးရန် လာရောက်သွားခြင်း ဖြစ်ပေသည်။

နန်းတော်အထက်မှ လက်သီးတစ်ချက်သည် တိုက်ပွဲအပြည့် ဖြစ်ပွားခဲ့သည် မဟုတ်တာကြောင့် ရုတ်ရုတ်သဲသဲ အများကြီး မဖြစ်စေခဲ့ပေ။ အဝေးမှ မြင်တွေ့လိုက်သည့် တန်ခိုးရှင် အချို့ကသာ ထိုကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များက ယူချင်းနှင့် ထိပ်တိုက်တွေ့ခဲ့ကြပြီး နှစ်ဖက်လုံး၏ စွမ်းအားများက တူညီနေသည်ဟု ဆိုကြသည်။ ထို့ပြင် နှစ်ဖက်လုံးသည် အချင်းချင်း လည်မျိုကို လှီးရန် အသင့်ဖြစ်နေကြောင်း လေထုအခြေအနေက သိသာနေခဲ့ပေသည်။

ကြည့်ရသည်မှာ ကျော်ကြားသည့် ပုဂ္ဂိုလ်များ ဖြစ်သည့် အိမ်ရှေ့စံနှင့် ရီဖူရှင်းတို့သည် အနှေးနဲ့အမြန် ထိပ်တိုက်တွေ့ကြမည်မှာ မလွဲဧကန် ဖြစ်ပေသည်။

ခရမ်းရင့် ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် အိမ်ရှေ့စံ နန်းတော်သို့ လာလည်ပြီး နောက်နေ့၌ ရောက်ရှိလာကြသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်မှ ထိပ်သီးပုဂ္ဂိုလ်များနှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသည် မြို့သို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကာ မြို့အထက်တွင် တိမ်မည်းများ ဖုံးအုပ်နေသည်ဟု ထင်မှတ်ရပေသည်။

သိသာစွာပင် ထိုအင်အားစုနှစ်ခုက ကောင်းကင်နတ်တံခါးဂိုဏ်းသို့ လာရောက်ခြင်းမှာ ဖိအားပေး၍ ဂူတုံးလျှိုအား လက်လွှဲပေးရန် လုပ်ဆောင်ဖို့ရာ ရည်ရွယ်နေခြင်း ဖြစ်ပေသည်။

ထိုထိပ်တန်းအင်အားစု နှစ်ခုလုံးသည် သူတို့ ရောက်ရှိပြီးနောက်၌ တွေ့ဆုံခဲ့ခြင်း မရှိသော်လည်း နောက်တစ်နေ့တွင် သူတို့ ယခင်က အချိန်းအချက် ပြုလုပ်ထားသလို တစ်ချိန်တည်း၌ ထွက်ခွာကြကာ ကောင်းကင်နတ်တံခါးဂိုဏ်း တည်ရှိရာ ဘက်သို့ ဦးတည်လိုက်ကြသည်။

ဟောက်ထျန်းမြို့ရှိ လူအားလုံးသည်လည်း ပြင်ဆင်နေကြပေသည်။ မရေတွက်နိုင်သည့် တန်ခိုးရှင်များသည် ကောင်းကင်နတ်တံခါးအောက်၌ စုစည်းလာနေကြသည်။ လူတိုင်းသည် ရောက်ရှိလာမည့် အခိုက်အတန့်ကို စောင့်ဆိုင်းနေကြသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင် နန်းတော်သည် ယခင်ကပင် သူတို့၏ ကြေညာချက်ကို ထုတ်ပြန်ခဲ့ကာ နောက်ဆုံး၌ သူတို့၏ စကားလုံးများကို အကောင်အထည် ဖော်တော့မည် ဖြစ်သည်။

ကောင်းကင်နတ်တံခါးအထက်၌ နေရာတစ်ခုလုံးကို မြူများက ဖုံးလွှမ်းနေပြီး နေရာတစ်ခုလုံးကို ဖျော့တော့သော ဖိအားတစ်ခုက လွှမ်းခြုံထားပေသည်။ သူတို့သည် အဝေးမှ လာနေသည့် ဖိအားကို ခံစားမိလိုက်ကြသည်။

ကောင်းကင်နတ်တံခါး အထက်မှ ကျန်းကလန်ခေါင်းဆောင်သည် မျက်လုံးဖွင့်ကာ အဝေးသို့ မျှော်ကြည့်လိုက်သည်။ ထို့နောက် သူက ဖျတ်ခနဲ ပျောက်ကွယ်သွားကာ တန်ခိုးရှင်တစ်ဦး၏ ရှေ့၌ ပေါ်ပေါက်လာသည်။

ထိုတန်ခိုးရှင်က သူ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်လျှင် ကလန်ခေါင်းဆောင်က ပြောလိုက်သည်။

“သူတို့ ရောက်နေကြပြီ”

“ဟုတ်တယ်” ဂူတုံးလျှိုက ခေါင်းညိတ်လိုက်၏။ ထို့နောက် ကလန်ခေါင်းဆောင်က ဆက်ပြောလိုက်သည်။

“ကောင်းကင်အာဏာစက် ပြည်ထောင် ဘုရင်က တကယ့်ကို အကြံသမားပဲ။ သူက အိမ်ရှေ့စံကို နှစ်တွေအကြာကြီး အဝေးပို့ထားခဲ့ပြီး အိမ်ရှေ့စံမှာ သူမတူတဲ့ စွမ်းအားရှိတယ်လို့ ပြောခဲ့တယ်။ ပြီးတော့ သူ ပြန်လာပြီးတဲ့နောက်မှာ ခရမ်းရင့်ကောင်းကင်နန်းတော် ကျင်းပတဲ့အခမ်းအနားမှာ စွမ်းအားကို ထုတ်ဖော်ပြခဲ့တယ်။ သူက ဘုံအတွင်းက မင်းနဲ့ မျိုးဆက်တူတွေထဲ အစွမ်းထက်ဆုံးရန်သူ ဖြစ်လိမ့်မယ်။ မင်းက ပြန်လည်မွေးဖွားခြင်း အဆင့်ကို ရောက်နေပြီဆိုပေမဲ့ ကိုယ်တိုင် တဖြည်းဖြည်း ကျင့်ကြံရင်း ရလာတာ မဟုတ်ဘဲ ကံကြမ္မာ မျက်နှာသာပေးလို့ ခုန်ပျံကျော်လွှားပြီ ရလာတဲ့ အဆင့်မျိုး ဖြစ်နေတာကြောင့် မင်းရဲ့ အဆင့်က အခြေခိုင်ဖို့ လိုအပ်နေသေးတယ်။ အဲဒါကြောင့် အိမ်ရှေ့စံနဲ့ ထိပ်တိုက်မတွေ့ခင်မှာ မင်းရဲ့ အဆင့်ကို တည်ငြိမ်သွားအောင် လုပ်ဖို့ မျှော်လင့်တယ်”

“ပြီးတော့လည်း သူတို့ကို ကြည့်ရတာ စောင့်ဆိုင်းဖို့ ရည်ရွယ်ချက်မရှိဘူးထင်တယ်။ ကလန်ခေါင်းဆောင်က ထပ်ပြောလိုက်သည်။ အိမ်ရှေ့စံက ကိုယ်တိုင် ရောက်ရှိလာပြီး သူ သဘောကျကျ မကျကျ ဂူတုံးလျှိုက တိုက်ခိုက်ရလိမ့်မည် ဖြစ်သည်။

လာမည့် တိုက်ပွဲသည် ဝမ်ယန်ပင်းနှင့် တိုက်ခိုက်ခဲ့သည်ထက် သေချာပေါက် ပို၍ ပြင်းထန်ပေလိမ့်မည်။

ဝမ်ယန်ပင်းက ထူးခြားလမ်းစဉ်ကို ကျင့်ကြံခဲ့သည့်အတွက် အစွမ်းထက်သော်လည်း သူက ဝမ်ကလန်သားတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် သူသည် ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်၏ အချစ်ဆုံးသားတော်နှင့် နှိုင်းယှဉ်ရန် သေချာပေါက် ခက်ခဲပေလိမ့်မည်။

“နားလည်ပါပြီ” ဂူတုံးလျှိုက ထရပ်ကာ အဝေးသို့ မျှော်ကြည့်လိုက်သည်။ ကောင်းကင် အာဏာစက်ဘုံ၌ သူ၏ အားအကောင်းဆုံး ရန်သူသည် သူ့အတွက် ကမ္ဘာမကြေရန်သူပင် ဖြစ်လေသည်။

***

All Chapters