အခန်း (၁၉၅)
Vol. 15 Ch. 195
ချောင်ကျန်းမင်သည် ဇနီးဖြစ်သူကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း အကြောင်းကြားလာသောအခါတွင် သူသည် ကုန်ပစ္စည်းများ ပို့ဆောင်နေခဲ့သည်။
သူ့မျက်နှာသည် ကြောက်ရွံ့မှုနှင့်အတူ ဖြူဖျော့သွားခဲ့သည်။ သူသည် ဘာဖြစ်တာလဲဟု မြန်မြန်မေးလိုက်သည်။
ကံမကောင်းစွာပဲ သူ့ကို အကြောင်းလာကြားသူမှာ ဆယ်နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်သည်။ သူသည် ဘာဖြစ်သွားလဲ မသိပေ။ လူကြီးတွေက လာပြောခိုင်းလို့ ဖြစ်သည်။
၀မ်အာလေးက အိမ်နီးချင်းအိမ်မှာ ရှိနေကြောင်း သေချာပြီးနောက် သူသည် ဆေးရုံကို အမြန်သွားခဲ့သည်။ ထို့နောက်တွင်တော့ အရာများသည် သူထင်သည်ထက် ပိုပြင်းထန်ကြောင်း သိလိုက်ရသည်။
ရှစ်ချင်ရှင်းသည် ကိုယ်ဝန်ပျက်ကျခဲ့ပြီး သူတို့၏ နှစ်လသားကလေးမှာ ပျက်စီးသွားခဲ့သည်။
ချောင်ကျန်းမင်၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော ဝမ်းနည်းမှု ဖြစ်ပေါ်လာသည်။
သူသည် အရင်က လူဆိုးဂိုဏ်းမှ အဲဒီလူရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး သူ့တစ်သက်မှာ နောက်ထပ် သားသမီးတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့သည်။ နောက်ပိုင်းမှာတော့ ချန်ချောင်ချောင်နှင့် ကွာရှင်းပြတ်စဲပြီး နောက်အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိခဲ့ပေ။
ဘာဖြစ်သွားလဲ မသိပေ။ သူ့ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာခဲ့သည်။ အမျိုးသားဧရိယာသည် နံနက်ခင်းတွင် ပုံမှန်တုံ့ပြန်မှုရှိလာသည်။ အဲဒါကြောင့် နောက်ပိုင်းမှာ သူသည် သူ၏ ဒါရိုက်တာရဲ့ ချိတ်ဆက်ပေးမှုကို သဘောတူခဲ့တာ ဖြစ်သည်။ အဲ့ဒီနေရာ အဆင်မပြေရင် သူသည် နောက်အိမ်ထောင်ပြုမှာ မဟုတ်ပေ။
ပြီးခဲ့သောလတွင် ရှစ်ချင်ရှင်းသည် ကိုယ်ဝန် တစ်လ သို့မဟုတ် ထိုထက်မက ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ သူ့မျက်လုံးများသည် ပျော်ရွှင်မှုနှင့် နီရဲလာသည်။
ဒီလိုရောဂါမျိုး ခံစားရပြီးရင် လူတွေနဲ့ စကားမပြောနိုင် သို့မဟုတ် အဲ့တာကို ကုသလို့ မရတော့ပေ။ ယောင်္ကျား တစ်ယောက်အနေနှင့် ယုတ်ညံ့တယ်လို့ ခံစားရတာ သဘာဝပင်။ ဒီကလေးရောက်လာတော့ သူ့ရဲ့ သိမ်ငယ်မှုနှင့် အရှက်အားလုံးကို ဖယ်ရှားပစ်ခဲ့သည်။
ဒါကြောင့် သူသည် ဒီကလေးရောက်လာဖို့ စောင့်မျှော်နေခဲ့သည်။ မမျှော်လင့်ဘဲ…
သူသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီး တံခါးကို တွန်းဝင်ဖို့ အဆင်သင့်မဖြစ်ခင် အခန်းအပြင်မှာ အချိန်အတော်ကြာ ရပ်နေခဲ့သည်။
ရှစ်ချင်ရှင်းက သူ့ကိုမြင်လိုက်တဲ့အခါ သူမရဲ့တည်ငြိမ်တဲ့ခံစားချက်က တုန်လှုပ်သွားပြန်သည်။ သူမမျက်လုံးထဲမှာ မျက်ရည်တွေနှင့် သူ့ကိုကြည့်နေပြီး “ကျန်းမင်..”
အမေရှစ်က သူ့ဘက်လှည့်ပြီး ပြောလိုက်သည်။ "နောက်ဆုံးတော့ မင်းဒီကို ရောက်လာပြီပဲ။ ငါ သူ့ကို နှစ်သိမ့်ပေးနေတာ နည်းနည်းကြာနေပြီ။ သူက ငိုပြီးရင်း ငိုနေတာပဲ။ သူ့ကို မင်းဆီမှာ ထားခဲ့လိုက်တာ ပိုကောင်းမယ်။"
ချောင်ကျန်းမင်က ယောက္ခမကို ကျေးဇူးတင်ကြောင်း အမြန်ပြောလိုက်သည်။
တံခါးဝသို့ရောက်သောအခါ အမေရှစ်သည် ရုတ်တရက် ရပ်သွားသည်။ သူမက ချောင်ကျန်းမင် ဘက်လှည့်ပြီး "ထွက်လာဦး။ အမေပြောစရာရှိတယ်။"
ဤစကားများထွက်လာသည်နှင့် တပြိုင်နက် ချောင်ကျန်းမင်းသည် ရှစ်ချင်ရှင်း၏ စိုးရိမ်တကြီး အော်ငိုသံကို ကြားလိုက်ရသည်။ “အမေ၊ အမေ…”
အမေရှစ်က သူ့သမီးကို လှည့်ကြည့်ပြီး သေချာပြောလိုက်သည်။ "စိတ်မပူပါနဲ့ အမေ့မှာ စည်းရှိပါတယ်။"
ချောင်ကျန်းမင်သည် သူတို့နှစ်ယောက်၏ ထူးဆန်းသော အနေအထားကို ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲတွင် ခံစားချက်ဆိုးတစ်ခု ပေါ်လာသည်။ သူက ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ။”
ထို့နောက် သူသည် အမေရှစ်နှင့်အတူ အခန်းထဲမှ ထွက်လာခဲ့ကြသည်။
ရှစ်ချင်ရှင်းသည် စောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရင်း သူတို့နောက်ကျောကို ကြည့်နေသည်။ သူမသည် တုန်လှုပ်လွန်းလို့ လက်ရဲ့ သွေးပြန်ကြောတွေ ထောင်လာသည်။
အမေရှစ်သည် အပြင်ဘက် ပန်းခြံလေးဆီ လျှောက်သွားပြီး သူမသည် ရပ်လိုက်ကာ ကျောက်ခုံပေါ်တွင် ထိုင်လိုက်သည်။ "မင်းလည်း ထိုင်။ မတ်တပ်ရပ်မနေနဲ့ မဟုတ်ရင် ငါတို့စကားပြောနေချိန်မှာ မင်းကိုကြည့်ရတာ စိတ်မသက်မသာ ဖြစ်လိမ့်မယ်။"
ချောင်ကျန်းမင်သည် သူမနှင့် ဝေးသော ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည်။
အမေရှစ်က ပြောသည်။ "မင်းတို့နှစ်ယောက်က မငယ်တော့ဘူး။ ပုံမှန်အားဖြင့် မင်းတို့မှာ ကလေးရှိသင့်နေပြီ။ မင်းတို့ အိမ်ထောင်သက် နှစ်ဝက်အကြာမှာ ကိုယ်ဝန်ရလာတော့ ငါ အရမ်းပျော်ခဲ့တယ်။ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး…အိုး။"
ချောင်ကျန်းမင် - "ဒါ ကျွန်တော့်အမှားပါ။ ချင်ရှင်းကို ကောင်းကောင်း ဂရုမစိုက်မိခဲ့ဘူး!"
အမေရှစ်က သူ့သဘောထားကို အရမ်းကျေနပ်သွားသည်။ “ဒါ မင်းကို အပြစ်မတင်ပါဘူး။ မင်းအလုပ်တွေရှုပ်နေတယ်။ ချင်ရှင်းကို ဂရုစိုက်ဖို့ မင်းအိမ်မှာ ဘယ်လိုလုပ် နေနိုင်မလဲ။ မင်းအလုပ် ခဏရပ်ပြီး အိမ်မှာပဲနေချင်ရင်တောင် ငါ သဘောမတူပါဘူး။ ငါက ငါ့သနားစရာ သမီးလေးတွက် စိတ်မကောင်းဖြစ်ရုံပါ။ သူ အရင်က ကိုယ်ဝန်ပျက်ကျဖူးတာ သိတယ်မလား?”
ချောင်ကျန်းမင်က ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် သိပါတယ်။"
"ကိုယ်ဝန်ပျက်ကျတာက ခန္ဓာကိုယ်ကို အရမ်းထိခိုက်စေတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်။ အဲ့တာက ပုံမှန်ဖြစ်သွားရင် ဒုက္ခဖြစ်လိမ့်မယ်။" အမေရှစ်က ဒီစကားကို ဦးဆောင်ပြောခဲ့ပြီး သူ့ကို စောင့်ကြည့်နေခဲ့သည်။ သူမရဲ့လေသံက ရုတ်တရက် "ဒီတစ်ကြိမ် ချင်ရှင်းရဲ့ ကိုယ်ဝန်ပျက်ကျတာက မတော်တဆဆိုရင် ကောင်းလိမ့်မယ်။ ဒါပေမယ့်..."
ချောင်ကျန်းမင်က မျက်ခုံးပင့်လိုက်ပြီး "အမေ၊ အဲဒါ ဘာကိုဆိုလိုတာလဲ? ချင်ရှင်းရဲ့ ကိုယ်ဝန်ပျက်ကျတာက မတော်တဆမှု မဟုတ်ဘူးလား?"
မိခင်ရှစ်သည် မျက်လုံးများ ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး “ဝမ်အာက အဲဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ပါဘူး။ ကလေးက ဒီအရွယ်မှာ ဆိုးတာ ပုံမှန်ပါပဲ။ မင်းပြန်သွားရင် ကလေးကို မဆူပါနဲ့။ ဒါပေမယ့် ကျန်းမင် အမေ့ကို ဝင်စွက်ဖက်တာကြောင့် အပြစ်မတင်ပါနဲ့။ မင်းနဲ့ ချင်ရှင်း ကလေးလိုချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက ဝမ်အာလေးကို မင်းမိဘတွေဆီ ပို့လိုက်တာပါပဲ။ ဝမ်အာလေးကို သူ့မောင်လေး မွေးပြီးမှ ပြန်ခေါ်ပေါ့။”
ချောင်ကျန်းမင်၏ မျက်နှာသည် ချက်ချင်း စိတ်ပျက်သွားသည်။ သူသည် သူ့နှုတ်ခမ်းကို ကိုက်ပြီး ဘာမှပြန်မပြောပေ။
သူ မကန့်ကွက်တာကိုမြင်တော့ အမေရှစ်က ပိုအရောင့်တက်ပြီး “တကယ်တော့ ကလေးတစ်ယောက် မွေးဖို့က သိပ်ပြီး မတည်ငြိမ်သေးဘူး။ မင်းတို့ ကလေးယူပြီး ဒုတိယကလေးမမွေးခင်အထိ စောင့်တာ ပိုကောင်းပါတယ်။ အဲဒီအချိန်ဆို ဝမ်အာလေးက ပိုပြီး အရွယ်ရောက်လာပြီ။ ဝမ်အာလေးက လာပြီး သူ့မောင်လေးကို ကူဂရုစိုက်ပေးမယ်ဆို တကယ်ကောင်းတယ်။ မင်းရော ဘယ်လိုထင်လဲ?”
ချောင်ကျန်းမင်ရဲ့ နှလုံးသားထဲမှာ ဒေါသတွေ ပေါက်ကွဲထွက်ပြီး သူ့တည်ငြိမ်မှု အားလုံးသည် လောင်ကျွမ်းလုမတတ်ပင်။
သူ့ဒေါသက အမြင့်ဆုံးသို့ ရောက်သွားသော်လည်း သူက ရယ်မောပြီး "ကျွန်တော့် မိသားစုရဲ့ ဝမ်အာက အိမ်အကူလည်းမဟုတ်သလို ကလေးထိန်းလည်း မဟုတ်ဘူး။ ချင်ရှင်းနဲ့ ကျွန်တော်က နောင်မှာ ကလေးတွေရလာရင်တောင် သူက သူ့အငယ်တွေကို ပြုစုစောင့်ရှောက်ဖို့ မလိုအပ်ဘူး။”
အမေရှစ်က သူပြောတာကိုကြားတော့ ချက်ခြင်းစိတ်အဆင်မပြေ ဖြစ်သွားသည်။ "မင်းရဲ့ သဘောထားကဘာလဲ? ငါအခုပြောခဲ့တာက ဘာမှားနေလို့လဲ? ဘယ်အကြီးဆုံးက အိမ်မှုကိစ္စတွေကို ကူညီဖို့မလိုမှာလဲ?"
ချောင်ကျန်းမင်က မတ်တပ်ထရပ်လိုက်ပြီး ပြောခဲ့သည်။ "ကျွန်တော့် မိသားစုရဲ့ ဝမ်အာလေးက မလိုဘူး!"
သူသည် ပြောပြီးသည်နှင့် အမေရှစ်ကို လျစ်လျူရှုကာ အခန်းဘက်သို့ လှည့်ထွက်သွားသည်။
အမေ ရှစ်မု၏ ရင်ဘတ်သည် ဒေါသတကြီးနှင့် တုန်လှုပ်နေသည်။ ချောင်ကျန်းမင်၏ အမူအရာကို အခုပင် ပြန်သတိရမိတော့ သူမ စိတ်မသက်မသာ ဖြစ်မိသည်။ သူမသည် ပစ္စည်းတွေ မြန်မြန်ယူပြီး သူ့နောက်ကို လိုက်သွားသည်။
ချောင်ကျန်းမင်သည် အခန်းထဲသို့ ပြေးဝင်သွားသည်။ ရှစ်ချင်ရှင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ "မင်း ကိုယ်ဝန်ပျက်ကျတာက ဝမ်အာလေးကြောင့်လား?"
သူ့၏ စိတ်ပျက်နေတဲ့ ပုံစံကို မြင်သောအခါ ရှစ်ချင်ရှင်း၏ နှလုံးသည် တုန်လှုပ်သွားသည်။ "ဝမ်အာက ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး။ သူ...သူက ကျွန်မကို မတော်တဆ တိုက်မိပြီး ကျွန်မက ဟန်ချက် မထိန်းနိုင်ဘဲ လဲကျသွားတာ။ ကျန်းမင် အမေ ရှင့်ကို တစ်ခုခုပြောလိုက်လို့လား?"
ချောင်ကျန်းမင်က ရှုံ့ချပြီး " မင်းအမေက ငါ့ကို ဘာပြောခဲ့မှန်း မင်းမသိဘူးလား? သူက ဝမ်အာလေးကို ငါ့မွေးရပ်မြေကို ပြန်ပို့ဖို့ တောင်းဆိုတယ်။ ငါတို့ ဒုတိယကလေးမွေးပြီးမှ ဝမ်အာလေးကို သူ့အငယ်တွေ ပြုစုစောင့်ရှောက်ဖို့ ပြန်ခေါ်မယ်တဲ့!"
ရှစ်ချင်ရှင်းသည် တံတွေး မျိုချလိုက်သည်။ သူမသည် စောင်အောက်မှာ တုန်တုန်လှုပ်လှုပ်နှင့် "အမေက ကျွန်မကို စိတ်ပူနေတာ။ ရှင် သိတယ်မလား... ကျွန်မအရင်က ကိုယ်ဝန်ပျက်ကျဖူးတာ။ နောက်တစ်ခါထပ်ဖြစ်ရင် ကျွန်မ နောက်ထပ် ကလေးမရနိုင်တော့မှာကို သူ စိုးရိမ်နေတာ။"
ချောင်ကျန်းမင်က သူမကို အေးစက်စွာ စိုက်ကြည့်ရင်း "ဒါဆို မင်းက ယောက္ခမနဲ့ တူတူပဲပေါ့။ မင်းက ငါ့ကို ဝမ်အာလေးကို ပြန်ပို့စေချင်တာ ဟုတ်လား?"
ရှစ်ချင်ရှင်းက သူ့၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်လိုက်သည်။ သူမသည် ခေါင်းခါပြချင်သော်လည်း သူမပါးစပ်က အရင်ပြန်ဖြေလိုက်မိသည်။ "သူ့ကို နှစ်အနည်းငယ်ပဲ ပြန်ထားမှာပါ။ ကျွန်မတို့ သူ့ကို နောက်မှတွေ့ဖို့ ခဏခဏ ပြန်သွားကြမယ်လေ… ကျန်းမင် ကျွန်မ ဒီကလေးကို မမုန်းပါဘူး။ ကျွန်မက... "
"မင်းပြောစရာ မလိုတော့ဘူး!" ချောင်ကျန်းမင်က သူမကို အေးစက်စက်ပြောပြီး "မင်္ဂလာမဆောင်ခင်မှာ မင်းကို ငါပြောခဲ့တယ်။ ငါ အိမ်ထောင်ပြုရတဲ့ အကြောင်းရင်းက ဝမ်အာလေးကို ပြုစုစောင့်ရှောက်ဖို့ တစ်ယောက်ယောက်ကို ရှာတာပါလို့။ မင်းက ကိစ္စ မရှိဘူးလို့ ပြောခဲ့တာလေ။ ငါတို့လက်ထပ်ပြီးတော့ မင်း ဒါကို နောင်တရတာ ဘယ်လောက်ကြာနေပြီလဲ?"
ရှစ်ချင်ရှင်း၏ မျက်လုံးများ နီရဲသွားသည်။ "ကျွန်မ နောင်တမရပါဘူး… ကျွန်မက..."
"မင်း ဘာလုပ်နေတာလဲ?" အမေရှစ်က ပြေးလာသည်။ သူမသည် သူ့သားလေးများကို ကာကွယ်ပေးသော ကြက်မကြီးနှင့် တူသည်။
ချောင်ကျန်းမင်ကို သူမလက်ထဲက အိတ်နှင့် ရိုက်လိုက်သည်။ "ချင်ရှင်းက ကိုယ်ဝန်ပျက်ကျထားတာ။ သူ့အတွက် စိတ်မကောင်း ဖြစ်ပေးရင်တောင် မလုံလောက်တာကို မင်းက သူ့ကို အော်တောင်ပြောနေတယ်။ မင်းလို ခင်ပွန်းရှိလား? မင်းဒီလိုဖြစ်မယ်ဆိုတာ ငါသိရင် ငါ့သမီးကို အရင်က မင်းလက်ထဲ မအပ်ခဲ့ဘူး!"
ချောင်ကျန်းမင်က သူ့ကို ဘာမှမလုပ်ဘဲ လွှတ်ပေးလိုက်သည်။
ဆန့်ကျင်ဘက်အနေနှင့် ဆေးရုံကုတင်ပေါ်တွင် လှဲနေသော ရှစ်ချင်ရှင်းသည် သည်းမခံနိုင်တော့ပဲ ပြောလိုက်သည်။ "အမေ၊ သူ့ကို မထိပါနဲ့။ အမေ!"
အပြင်မှာ သူနာပြုဆရာမက ရုန်းရင်းဆန်ခတ်ဖြစ်သံကြားတော့ ပြေးလာသည်။ သူမသည် မည်းနက်သောမျက်နှာဖြင့် ငြင်းခုံတာကို ရပ်တန့်ရန် မဟုတ်ရင် သူတို့အားလုံးကို မောင်းထုတ်မည်ဟု သတိပေးခဲ့သည်။
ထိုအခါမှ အမေရှစ်က ရပ်လိုက်ပြီး "မင်း အေးစက်တဲ့ကောင်။ ငါ့မိသားစုရဲ့ ချင်ရှင်းက မင်းရဲ့သမီးကြောင့် ဒီလိုမျိုး နာကျင်ခဲ့ရတာ။ မင်းက ကလေးကို အပြစ်တင်မှာကို စိုးရိမ်ပြီး သူက ငါ့ကို မပြောစေချင်ဘူး။ မင်းနှလုံးသားထဲမှာ မင်း သမီး တစ်ယောက်တည်းရှိရင် ဘာလို့ အစက မိန်းမ တစ်ယောက်နဲ့ လက်ထပ်ခဲ့တာလဲ?"
ချောင်ကျန်းမင်က ဖြူဖျော့နေသော ရှစ်ချင်ရှင်းကို မကြည့်ခင် သူမကို တစ်ချက်ကြည့်လိုက်သည်။ "ကျွန်တော် အစတည်းက မှားခဲ့တာဖြစ်မယ်။ ဒီရက်ပိုင်း စိတ်အေးအေးထားရအောင်။ ငါ ဘေးအိမ်က အဒေါ်တစ်ယောက်ကို လာကူဖို့ ပိုက်ဆံပေးပြီး မင်းကိုဂရုစိုက် ခိုင်းလိုက်မယ်။"
ထိုစကားကို ပြောပြီးနောက် သူသည် လှည့်ထွက်သွားသည်။
"ကျန်းမင်!" သူ၏ ပြတ်ပြတ်သားသား ထွက်သွားသည်ကို မြင်လိုက်ရတော့ ရှစ်ချင်ရှင်း၏ နှလုံးသားသည် ရုတ်တရက် ထိတ်လန့်သွားသည်။
သူမသည် ကုတင်ပေါ်မှ ဆင်းကာ သူ့နောက်ကို လိုက်ချင်သော်လည်း သူမ အမေက ပြန်ဆွဲခေါ်ခဲ့သည်။
"မင်းဘာလို့ လိုက်ချင်နေတာလဲ? ခွေးကောင်။ မင်း သူ့ကို ပိုဂရုစိုက်လေ သူက ပိုရောင့်တက်လေပဲ။ ဒီအချိန်မှာ အေးအေးဆေးဆေးနေလိုက်တာ အကောင်းဆုံးပဲ။ သူ နင့်ကို ကွာရှင်းသွားမှာကို စိတ်ပူနေသေးတာလား?"
အမေရှစ်က သူမခေါင်းကို တွန်းလိုက်ပြီး ဆူပူခဲ့သည်။
ချောင်ကျန်းမင် သူမသမီးနှင့် ကွာရှင်းမှာကို အမေရှစ်က စိတ်မပူခဲ့ပေ။ ကွာရှင်းခြင်းသည် ဤခေတ်တွင် နောက်ဆုံးနည်းလမ်းဖြစ်သည်။ ဘယ်သူမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ နှစ်ဖက်စလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။
ချောင်ကျန်းမင်သည် တစ်ကြိမ် ကွာရှင်းခဲ့ပြီးဖြစ်သည်။ ချောင်မိသားစုမှာ ကွာရှင်းပြတ်စဲထားသော ကလေးသုံးယောက်ရှိနေပြီ ဖြစ်သည်။ ဒါဆို နာမည်ဂုဏ်သတင်းကြောင့် သူသည် ဘယ်တော့မှ ထပ်ကွာရှင်းမှာ မဟုတ်ပေ။
ရှစ်ချင်ရှင်းက နှုတ်ခမ်းကို ကိုက်လိုက်ပြီး “အမေ ဒီအချိန်မှာ အဲ့တာကို မပြောဖို့ ပြောထားတယ်လေ။ ကျန်းမင်က ဝမ်အာလေးကို ဘယ်လောက်ချစ်လဲ အမေ မသိဘူးလား? သူ့အကြောင်း မကောင်းပြောနေတာကို သူသည်းမခံနိုင်ဘူး။”
အမေရှစ်က ထိုင်ပြီး "အဲဒါကြောင့် ကလေးကို အဝေးပို့ဖို့ ဒီအခွင့်အရေးကို ယူရမှာပေါ့။ မဟုတ်ရင် မင်းနဲ့ ငါ့မြေးက ဒီမိသားစုမှာ နောင် ဘယ်လိုနေရာမျိုး ရမှာလဲ?"
ရှစ်ချင်ရှင်းက နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ မျက်လုံးများသည် မှိန်သွားသည်။ နောက်ဆုံးတော့ သူမသည် မငြင်းဆန်တော့ပေ။
တကယ်တော့ သူမသည် ဝမ်အာလေးကို မမုန်းပေ။
ကလေးက နည်းနည်း သီးသန့်ဆန်ပေမယ့် အကျင့်စာရိတ္တ ကောင်းသည်။ ဒါက လူကြီးတွေကို သက်တောင့်သက်သာရှိစေသည်။ ဒါကြောင့် သူမသည် အိမ်ထောင်မပြုခင်မှာ ကလေးကို သူမ သမီးလေးအဖြစ် တကယ်ဆက်ဆံချင်ခဲ့သည်။
ဒါပေမယ့် လက်ထပ်ပြီးတာနှင့် ချောင်ကျန်းမင်၏ ကလေးအပေါ် အချစ်ကြောင့် သူမ၏ စိတ်ဓာတ်များ ပြောင်းလဲသွားသည်။ အထူးသဖြင့် ချောင်မိသားစုက သာ့ချောင်အတွက် လုပ်ပေးခဲ့သလို ခရိုင်တွင် ကလေးအတွက်လည်း အိမ်ဝယ်မယ်လို့ သူပြောတာကို ကြားခဲ့သည်။
ခရိုင်ရှိ အိမ်တစ်အိမ်သည် အိပ်ခန်းနှစ်ခန်းအတွက် ယွမ် ထောင့်ခုနစ်ရာမှ ထောင့်ရှစ်ရာလောက် ကုန်ကျသည်။ အိမ်က ပိုကောင်းရင် ယွမ် နှစ်ထောင့်ငါးရာလောက် မရှိဘဲ ဝယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။
သူ၏ လက်ရှိလစာမှာ သုံးဆယ့်ငါးယွမ် ဖြစ်သည်။ ဒါက တော်တော်ကောင်းပေမယ့် အိမ်ဝယ်ဖို့ နှစ်အတော်ကြာအောင် စုဆောင်းရလိမ့်မည်။ အဓိက ကတော့ သူ့သဘောထားပင်။ လောလောဆယ်မှာတော့ ဝမ်အာလေးက ငယ်သေးပြီး သူသည် သူမအတွက် အိမ်တစ်လုံး ဝယ်ချင်နေသည်။ သူမ အိမ်ထောင်ကျရင် သူသည် အိမ်မရှိတော့မှာ မဟုတ်ဘူးလား?
သူမနှင့် သူတို့ရဲ့ ကလေးတွေကကော ဘယ်လိုလဲ?
ဒါကြောင့် သူ့အမေက ဝမ်အာလေးကို ကျေးလက်ကို ပို့ပေးဖို့ ဒီအခွင့်အရေးကို ယူရန် အကြံပြုခဲ့သည်။ သူတို့ကြားက အကွာအဝေးကြောင့် သူတို့ ခံစားချက်တွေ တဖြည်းဖြည်း ကွယ်ပျောက်သွားနိုင်သည်။ သူ့နှလုံးသားကို အနိုင်ယူဖို့ သူမကလေးကို အသုံးချပြီး ဒီအခွင့်အရေးကို ယူရမည်။
သူ့အမေက သူမကို အနည်းဆုံး ကလေးနှစ်ယောက်မွေးစေချင်သည်။ ကလေးနှစ်ယောက်မွေးဖို့ သုံးနှစ် သို့မဟုတ် လေးနှစ်လောက် ကြာမည်။ နှေးရင် ငါးနှစ် ခြောက်နှစ်လောက် ကြာနိုင်သည်။ ဒီနည်းနှင့် ဝမ်အာလေး ပြန်လာတဲ့အခါ သူတို့ရဲ့ သားအဖ ဆက်ဆံရေးဟာ ပျက်စီးသွားပြီ ဖြစ်သည်။ ဒါဆိုရင်တော့ စိုးရိမ်စရာ မရှိတော့ပေ။
အမေ့စကားက သူမကို တုန်လှုပ်စေကြောင်း ဝန်ခံသည်။ သူမသည် ဝမ်အာလေးကို ပယ်မထားစေချင်ပေမယ့် ချောင်ကျန်းမင်က သူမကို အရမ်းဂရုစိုက်သည်။ သူသာ ခရိုင်မှာနေမယ်ဆိုရင် သူမနှင့် သူတို့ရဲ့ နောက်ကလေးတွေဟာ လုံးဝနေရာမရှိပေ။
သူ့အမေရဲ့ ဆွဲဆောင်မှုကို ခံရပြီးနောက် ရှစ်ချင်ရှင်း၏ နှလုံးသားသည် ပြန်ပြီး မာကျောလာခဲ့သည်။ သူမသည် ချောင်ကျန်းမင်ကို အေးစက်စက် ဆက်ဆံပြီး ဝမ်အာလေးကို အဝေးကို ပို့ရန် ဆုံးဖြတ်ခဲ့သည်။