← Chapters

အခန်း (၁၄၅)

Vol. 11 Ch. 145

အခန်း (၁၄၅)

Vol. 11 Ch. 145

နှစ်နှစ်ကြာ အလုပ်သင်ဆင်းပြီးတဲ့နောက်၊ စုန့်အာ့နန်တစ်ယောက် တရားဝင် ဆရာဝန်ဖြစ်လာခဲ့သည်။

သူမနဲ့ ဖေးခွမ်တို့လည်း ငါးနှစ်ကြာလက်တွဲခဲ့ပြီးတဲ့နောက် နောက်ဆုံး စေ့စပ်ထားခဲ့ကြပြီလည်းဖြစ်သည်။

စုန့်အာ့နန်ရဲ့ ၂၅ နှစ်ပြည့်မွေးနေ့တွင် သူတို့နှစ်ယောက် လက်ထပ်မှတ်ပုံတင်ခဲ့သည်။

ဒါပေမယ့် သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ နောက်တစ်နှစ်တွင် နိုင်ငံခြားရှိ ကျွန်းတစ်ကျွန်းမှာ ကျင်းပခဲ့သည်။

မင်္ဂလာပွဲကို ကျောက်ယာနဲ့ ဖေးခွမ်တို့က အဓိကစီစဉ်ခဲ့သည်။ မင်္ဂလာပွဲ အသေးစိတ်ကနေအစ သတို့သား၊ သတို့သမီးတို့ရဲ့ ဝတ်စားဆင်ယင်မှုအထိ စုန့်အာ့နန်ဝင်ပါစရာတောင်မလိုပေ။

အမှန်တော့၊ အစတုန်းက စုန့်အာ့နန်အနေနဲ့ မင်္ဂလာပွဲမလုပ်ချင်ခဲ့ပေ။ ဖေးခွမ်ရဲ့ နာမည်ကြီးဆိုတဲ့ဂုဏ်ပုဒ်ကလည်း မင်္ဂလာပွဲလုပ်ဖို့ အဆင်မပြေပါချေ။

အများအားဖြင့်တော့ မင်္ဂလာပွဲစီစဉ်ရတာက အရမ်းဒုက္ခများတာကို သူမ သိထားသည်။

သူမတို့တွေ လက်ထပ်မှတ်ပုံတင်ပြီးထားပြီ ဖြစ်တာကြောင့် ဒီလုပ်ထုံးလုပ်နည်းတွေအားလုံးက တကယ်အရေးမကြီးဘူးလို့ သူမ ခံစားရသည် - သူမတို့နှစ်ယောက် အတူတူရှိနေ‌သရွေ့ ဒီလောက်ကတော့လုံလောက်ပြီဖြစ်သည်။

ဒါပေမယ့် ဖေးခွမ်ကတော့ ပြင်းပြင်းထန်ထန်ကိုကန့်ကွက်သည်။ ဒါက ဘဝမှာတစ်ခါသာ လုပ်ရတဲ့ပွဲဖြစ်တဲ့အတွက် သင့်တော်တဲ့ အခမ်းအနားလုပ်ရမယ်လို့ ပြောသည်။ လုံးဝ ပြီးပြည့်စုံနေရမည်။

သူမက ငြင်းနေတဲ့အခါ သူမကိုဖြောင်းဖျဖို့ သူ ကျောက်ယာဆီကိုတောင် သွားခဲ့သေးသည်။ ရလဒ်အနေနဲ့ စုန့်အာ့နန်မှာ သူမရဲ့ယောင်းမဆီကနေ ကောင်းကောင်းကြီး ဆူခံထိလိုက်ရတော့သည်။

အဲ့ဒါပြီးတဲ့နောက် နှစ်ယောက်သားကို မင်္ဂလာပွဲစီစဉ်ရာတွင် ပါဝင်ခွင့်မပေးတော့ချေ။

မင်္ဂလာပွဲကျင်းပမည့်နံနက်တွင် ကျောက်ယာက စုန့်အာ့နန်ကို ဆံပင်နဲ့ မိတ်ကပ်တွေပြင်ပြီး မင်္ဂလာဝတ်စုံဝတ်ဖို့ စောစောနှိုးခဲ့သည်။

နောက်ဆုံး ပြီး‌သွားတော့ စုန့်အာ့နန်တစ်ယောက် လမ်းလျှောက်ရမယ့်အချိန် ရောက်တဲ့အထိ သတို့သမီးအခန်းထဲမှာပဲ တစ်ယောက်ထဲ ထိုင်စောင့်နေရသည်။

သူတို့စီစဉ်ထားတဲ့ မင်္ဂလာပွဲက ရင်းနှီးတဲ့သူငယ်ချင်းတွေ မိသားစုတွေကိုပဲ ဖိတ်ထားကာ ခပ်သေးသေးပဲ လုပ်ဖြစ်သည်။

ဖေးခွမ်က သူ့လောကရှိသူနဲ့ရင်းနှီးတဲ့ အတွင်းလူအပြင်လူတွေကို ဖိတ်ပြီး စုန့်မိသားစုဘက်ကတော့ ဆွေမျိုးတွေတချို့နဲ့ စုန့်အာ့နန်ကြီးပြင်းလာတာကို ကြည့်ခဲ့တဲ့ ကျောက်ယာတို့ မိသားစုဝင်တချို့လည်းပါသည်။

စုန့်အာ့နန်အတွက် သူမရဲ့ ကွန်ရက်ကတော့ ရိုးရှင်းသည် - သူမမှာ အတန်းဖော်ဟောင်းတွေနဲ့ ဆေးရုံမှလုပ်ဖော်ကိုင်ဖက်တွေသာရှိသည်။

သူမက အခန်းဖော်သုံးယောက်နဲ့ သူမရဲ့ဆရာ ကျင့်ဝမ်ကျင်းနဲ့ သူဇနီးတို့ကိုသာ ဖိတ်ခဲ့သည်။

သူမရဲ့ ‌ဆေးကျောင်းရှိ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတန်းဖော်တွေအားလုံးက အလုပ်များနေကြပြီး ခွင့်ယူဖို့မလွယ်တဲ့အတွက် သူမ မဖိတ်လိုက်တော့ပေ။

ဘယ်လိုပဲပြောပြော ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကတော့ အခုထိ ကျွန်းပေါ်ကို မရောက်လာကြသေးပါချေ။

ဒါက စုန့်မိသားစုရဲ့ ကိုယ်ပိုင်ကျွန်းဖြစ်ပြီး တည်းခိုနိုင်သည့်ပမာဏဟာလည်း အကန့်အသတ်နဲ့ဖြစ်သည်။ ဒါကြောင့်၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေအားလုံးကို ကျွန်းအနီးနားရှိ တည်းခိုခန်းတွေတွင် စီစဉ်ပေးထားသည်။ သူတို့မိသားစုနဲ့ မိတ်ကပ်ပညာရှင်ကသာ ကျွန်းပေါ်တွင် နေကြသည်။ တခြားသူတွေက‌တော့ ကျင်းပတဲ့ နေ့မှလာကြမည်ဖြစ်သည်။

သတို့သမီးအခန်းထဲမှာ စုန့်အာ့နန်တစ်ယောက် တစ်ယောက်ထဲ ပျင်းပျင်ရိရိထိုင်နေတုန်း တံခါးကိုအပြင်ဘက်ကနေ တစ်ယောက်ယောက်က တွန်းဖွင့်လာသည်။

ဖေးခွမ်ပင်။ စုန့်အာ့နန်ကိုမြင်တော့ သူ့မျက်လုံးတွေက ချက်ချင်း တောက်ပလာသည်။

ကလေးမလေးက ဒီနေ့လိုမျိုး မိတ်ကပ်အပြည့်အစုံပြင်ထားဖို့မပြောနဲ့ မိတ်ကပ်လိမ်းတာတောင်ရှားသည်။

စုန့်အာ့နန်ကို မိတ်ကပ်နဲ့ ဖေးခွမ်မြင်ဖူးတဲ့နောက်ဆုံးအချိန်က ဘဝနေထိုင်မှုပုံစံ variety show နောက်ဆုံးနေ့က guest တွေရဲ့ ဓာတ်ပုံအယ်လ်ဘမ်အတွက် ဓာတ်ပုံရိုက်တုန်းကဖြစ်သည်။

အဖြူစွတ်စွတ် မင်္ဂလာဝတ်စုံနဲ့ သူမက နေရာမှာ နာနာခံခံနဲ့ထိုင်နေပုံက အရမ်းလှပလွန်းလို့ တကယ့်အစစ်အမှန်နဲ့တောင်မတူပေ။

ဖေးခွမ်ကိုမြင်တော့ စုန့်အာ့နန်လည်း အံ့ဩသွားသည်။ "ဘာလို့ ဒီကိုရောက်လာတာလဲ?"

သူက ဧည့်သည်တွေကို ဧည့်ခံရမယ့်လို့ သူမရဲ့ယောင်းမ ပြောထားတယ် မဟုတ်ဘူးလား?

ဖေးခွမ်က ပြုံးကာ လျှောက်လာသည်။ "လင်းချွမ် ကိုယ့်ကို ကူဧည့်ခံပေးနေတယ်"

"အိုး" စုန့်အာ့နန်လည်း ပြန်တုံ့ပြန်လိုက်သည်။

ဖေးခွမ်က သူမကို အရမ်းစိတ်ဝင်တစားနဲ့ အပြန်ပြန်အလှန်လှန် ကြည့်နေတာက စုန့်အာ့နန်ကို ပိုပြီး နေရခက်လာစေသည်။

"ဘာတွေကြည့်နေတာလဲ? ကြည့်ရတာတစ်မျိုး‌ဖြစ်နေလို့လား?"

ဖေးခွမ်က ပြုံးလိုက်ပြီး သူမနှုတ်ခမ်းကို ငုံ့နမ်းလိုက်ကာ "မဖြစ်ပါဘူး၊ အရမ်းလှတယ်"

စုန့်အာ့နန် သူ့ကို အမြန်တွန်းလိုက်သည်။ "မနမ်းနဲ့၊ မိတ်ကပ်တွေ ပေသွားမယ်။ ကျွန်မ ပြန်ပြင်နေရဦးမယ်"

သူမ ရှက်နေတုန်းမှာ မိတ်ကပ်ပညာရှင်က ဝင်လာခဲ့သည်။

စုန့်အာ့နန်နဲ့မတူဘဲ ဖေးခွမ်ကတော့ လုံးဝကို တည်ငြိမ်နေသည်။ သူက ဖမ်းမိသွားတာကို လုံးဝစိတ်ထဲမထားပါချေ။ ဆန့်ကျင်ဘက်အနေနဲ့ သူမရဲ့တုံ့ပြန်မှုက သူ့ကိုပိုပြီး စချင်အောင်လုပ်နေတဲ့အတွက် သူမကိုနောက်တစ်ခေါက်ထပ်နမ်းဖို့ ငုံ့လာသည်။

ဒါကိုမြင်တော့ စုန့်အာ့နန်က အမြန်ရှောင်လိုက်သည်။

တစ်ယောက်က အနမ်းတွေကို ရှောင်နေပြီး တစ်ယောက်က နမ်းဖို့ လုပ်နေသည်။

အဲ့ဒီအချိန် သတို့သမီးအခန်းတံခါးကို အပြင်ဘက်ကနေ ထပ်ဖွင့်လာသည်။

"အာ့နန်လေး၊ ငါတို့ နင်နဲ့အတူ စောင့်ပေးဖို့ရောက်လာ.." လီစစ်ရွှေ့ရဲ့အသံက ရုတ်တရက်ရပ်သွားသည်။

စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ လှမ်းကြည့်လိုက်တော့ လီစစ်ရွှေ့၊ ချန်ခယ့်နဲ့ ချိုက်ရှောင်တိတို့ကို တွေ့လိုက်ရသည်။

သူတို့မှာ ဝင်ရမလား ထွက်သွားရမလား မသိဖြစ်နေပြီး မျက်လုံးတွေပြူးကျယ်နေကြသည်။

စုန့်အာ့နန်က အမြဲတမ်း အရှက်ကြီးသည်။ သူမရဲ့နားရွက်တွေက ချက်ချင်း နီရဲတက်လာသည်။

သူမနဲ့ယှဉ်ရင် ဖေးခွမ်က ပိုပြီးတော့တောင် တည်ငြိမ်နေသေးသည်။

သူက စုန့်အာ့နန်ကို လွှတ်ပေးလိုက်ပြီး ဖမ်းမိသွားတဲ့အတွက် လုံးဝကို ကိုးရိုကားရား မဖြစ်နေပါချေ။ အဲ့ဒါနဲ့ဆန့်ကျင်ဘက်၊ သူက ပြုံးကာသူတို့သုံးယောက်ကို အထဲဝင်ဖို့ ခေါ်လိုက်သည်။

"သူမနဲ့ စကားပြောလိုက်ကြဦး၊ ကိုယ်ဧည့်သည်တွေကို အရင် သွားဧည်ခံလိုက်ဦးမယ်"

ပြောပြီးတာနဲ့ သူလည်း ထွက်သွားတော့သည်။

တံခါးပိတ်သွားတာနဲ့ လီစစ်ရွှေ့နဲ့ ကျန်နှစ်ယောက်က သူမကို စနောက်ချင်သလို ကြည့်လာသည်။

"အိုး ဘုရားရေ! ငါတို့ အချိန်မှားရောက်လာမိတဲ့ပုံပဲ"

"မဟုတ်ဘူး၊ မဟုတ်ဘူး ငါတို့အချိန်ကိုက်ရောက်လာတာ။ အဓိကပွဲက ဒီနေ့ညပဲ၊ မင်္ဂလာဦးညလေ!"

"ဟားဟားဟား နင်တို့တွေ တော်ကြတော့။ သူတို့က လက်ထပ်မှတ်ပုံတင်တောင် တင်ပြီးသွားပြီကို၊ တရားဝင်ပဲလေ!"

စုန့်အာ့နန် သူမ မျက်နှာကို ကာ လိုက်သည်။

အရမ်းရှက်စရာကောင်းတာပဲ။

စုန့်အာ့နန်ကို ခဏလောက် စနောက်လို့ပြီးတော့ နောက်ဆုံး သူတို့တွေ သူမကိုလွှတ်ပေးလိုက်ပြီး ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြသည်။

လီစစ်ရွှေ့က ရုတ်တရက် တစ်ခုခုကိုသတိရသွားတဲ့ပုံပင်။ သူမပေါင်ကို ရိုက်လိုက်ပြီး "အာ့နန်၊ နင့်ကိုအရင်က ဒီလောက်ချမ်းသာတဲ့ မိသားစုကလို့ ငါ မထင်ထားဘူး!"

မနေ့က သူမတို့ စုန့်ကျန်းဟွေ့နဲ့ဆုံတုန်းက သူ့ကိုကြည့်ရတာ ရင်းနှီးနေသည်။ ဒါပေမယ့် သူတို့ပြန်ရောက်လို့ အွန်လိုင်းမှာ ရှာမကြည့်ခင်အထိ သူမတို့တွေ မသိခဲ့ကြပေ။

ဝိုး၊ စုန့်အာ့နန်ရဲ့အစ်ကိုကြီးက စီးပွါးရေးသူဌေးကြီးပဲ!

ချန်ခယ့်က သူမကိုအမှန်ပြင်ပေးလိုက်သည်။ "အဲ့ဒါက မမှန်ဘူး။ အာ့နန်က သူ့အစ်ကိုနဲ့ မျိုးဆက်တူတူပဲ။ စုန့်လင်းချွမ်ကမှ ချမ်းသာတဲ့ ဒုတိယမျိုးဆက်ဖြစ်မှာ"

လီစစ်ရွှေ့ရပ်သွားသည်။ ဒါကအမှန်ပဲ။

ဒါပေမယ့် ဒါက အဓိကမဟုတ်ဘူးလေ! အဓိကက သူတို့ဘေးမှာ ချမ်းသာတဲ့အမွေဆက်ခံသူက တစ်ချိန်လုံးရှိနေတာလေ။

"ဝူးဝူးဝူး၊ အာ့နန် ငါနင့်ဆီကနေ ဘဏ္ဍာရေးအထောက်အပံ့ယူလို့ရသေးလား?" လီစစ်ရွှေ့က သနားစရာကောင်းအောင်ပြောလာသည်။

သူမဘေးက ချိုက်ရှောင်တိက သူမကိုတွန်းလိုက်ပြီး "ထောက်ပံ့တာ မထောက်ပံ့တာက ဘာလဲ? ရည်မှန်းချက်ထားစမ်းပါ!"

နောက်တော့ သူမက စုန့်အာ့နန်ဆီ ဖြတ်ခနဲလှည့်ကြည့်လိုက်ပြီး "အာ့နန်၊ နင့်ရဲ့ကျောပိုးအိတ်တွေသယ်ဖို့ လူလိုလား? ငါ့ကိုကြည့်၊ ငါလုပ်‌နိုင်တယ်!"

သူတို့တွေက ချိုက်ရှောင်တိရဲ့ကြောင်တောင်တောင်အမူအရာကြောင့် ရယ်လိုက်ကြသည်။ ရယ်သံက သတို့သမီးအခန်းထဲကနေ အပြင်ဘက်အထိတောင် ကြားနေရသည်။

စုန့်အာ့နန်ကတော့ ဘာမှရှင်းပြစရာမလိုဘူးလို့ထင်သည်။ သူတို့တွေစနေကြတာ သူမ သိသားပဲ။

အမှန်တော့ သူမတို့ မိသားစုတွေလည်း ချမ်းသာကြပြီး အတူတူရှိချိန်ဆို မိသားစုတွေအကြောင်း ပြောတာရှားတာကြောင့်ပင်။ အဲ့ဒီအကြောင်းကို သူတို့တွေလည်း သိပ်ဂရုမစိုက်ကြပါချေ။

တက္ကသိုလ်မှာ ရှစ်နှစ်လောက်အခန်းဖော်ဖြစ်ခဲ့ပြီးတဲ့နောက် သူတို့ရဲ့ အကျင့်တွေကို ကောင်းကောင်းနားလည်ကြသည်။ ဒါက အဖိုးတန်တဲ့ ခင်မင်မှုတစ်ခုပင်။

စုန့်အာ့နန် မျှော်လင့်ထားတဲ့အတိုင်း လီစစ်ရွှေ့နဲ့ ကျန်သူတွေက စနောက်နေကြတာဖြစ်သည်။ သူတို့အားလုံးက သူမကိုသိကြပြီး သူမဘက်ကလည်း ဒါကိုရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာမဟုတ်မှန်း နားလည်ကြသည်။

စုန့်အာ့နန်က အမြဲတမ်း အရမ်းသိုသိုသိပ်သိပ်နေကာ စုန့်လင်းချွမ်က သူမရဲ့ တူဖြစ်တာကို ဘယ်သူမှမသိကြသလိုမျိုး သူတို့ကလည်း အထူးတလည် မမေးခဲ့ကြပေ။ သူမကိုယ်တိုင်ကလည်း ပြောပြဖို့မလိုဘူးလို့ထင်သည်။

ဒါပေမယ့် စုန့်မိသားစုက ချမ်းသာတဲ့မျိုးနွယ်ဖြစ်တယ်ဆိုတဲ့ သတင်းကိုတော့ လီစစ်ရွှေ့နဲ့တခြားသူတွေတင် သိခဲ့ရတာ မဟုတ်ပေ။ လီတုန်လည်း မင်္ဂလာပွဲတွင် ရင်းနှီးတဲ့ မျက်နှာတွေကို မြင်ခဲ့ပြီးမှ သိခဲ့ရတာဖြစ်သည်။

မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး သူ့အမူအရာက အံ့ဩထိတ်လန့်သွားသည်။

ဒါက စီးပွါးရေးလုပ်ငန်းရှင်တွေရဲ့ အစည်းအဝေးလား?

လီတုန်က ကျန်းဟန် လက်မောင်းကို ရိုက်လိုက်ပြီး "ငါ့ကိုဆွဲဆိတ်ကြည့်ဦး၊ ဒါက အိမ်မက်လားလို့!"

သူ့ရဲ့အမူအရာကိုမြင်တော့ ကျန်းဟန်ရဲ့မျက်လုံးထဲ စိတ်ကြီးဝင်တဲ့ အရိပ်အယောင်တွေ ဖြတ်သန်းသွယးသည်။

စုန့်လင်းချွမ်ရဲ့နောက်ခံကို ပထမဆုံး သူသိခဲ့ရတုန်းက လီတုန်ထက်တော့ ပိုတည်ငြိမ်နေသေးသည်။ အနည်းဆုံးတော့ သူ အိမ်မက်မက်နေတာလားဆိုပြီးသံသယမဝင်ခဲ့ဘူးလေ!

သူက ခပ်တိုးတိုးချောင်းဟန့်လိုက်ပြီး "လီတုန်၊ အိန္ဒြေရရနေစမ်းပါ။ မင်းက နာမည်ကြီး အေးဂျင့်နော် အရင်က ကမ္ဘာကြီးကိုတစ်ခါမှ မမြင်ဖူးသလို လုပ်မနေနဲ့"

လီတုန်က သူ့ကိုတစ်ချက်ကြည့်လိုက်ပေမယ့် ဘာမှမတုံ့ပြန်လာပေ။

ဒီကောင်က အထင်ကြီးအောင်နေရတာ ကြိုက်တာပဲ။ ကျန်းဟန်လည်း ဒီအကြောင်းကို ပထမဆုံးသိတုန်းက သူ့လောက်ပိုတည်ငြိမ်နေမယ်လို့ သူ မထင်ပါချေ။

ဒါပေမယ့်အခုတော့ လီတုန်မှာ ကျန်းဟန်နဲ့စကားများဖို့အချိန်မရှိပေ။ စုန့်ကျန်းဟွေ့က စုန့်လင်းချွမ်ရဲ့ အဖေဖြစ်နေတယ်ဆိုတဲ့ အကြောင်းကဘဲ သူ့စိတ်ထဲပြည့်နှက်နေသည်! စုန့်အာ့နန်ရဲ့အစ်ကိုတဲ့!

ဒီစုန့်မိသားစုတွေက သိုသိုသိပ်သိပ်နေကြတာပဲ။ ဒီနယ်ပယ်ထဲ ဘာအတင်းအဖျင်းမှကို မထွက်ခဲ့ဘူး။

ဒီသတင်းသာထွက်လာရင် လူအများအပြား ထိတ်လန့်သွားကြမှာပင်!

မနီးမဝေးတွင် စုန့်လင်းချွမ်က စုန့်ကျန်းဟွေ့နောက်ကနေ ဧည့်သည်တွေကို လိုက်ဧည့်ခံနေတာမြင်တော့ လီတုန်မှာ အထင်ကြီးမှုအသစ်ကို ခံစားလိုက်ရသည်။

တစ်ခုသိထားရမှာက ဖျော်ဖြေရေးနယ်ပယ်တွင် ချမ်းသာတဲ့မိသားစုက အမွေဆက်ခံသူလို့ နာမည်တပ်ခံရတာက နယ်ပယ်ရဲ့အတွင်းလူတွေဆီကနေ လေးစားခံရသည်သာမက ဖန်တွေကိုလည်း လွှမ်းမိုးနိုင်မည်ပင်။

စုန့်လင်းချွမ်တစ်ယောက် talent showမှာ အနိုင်ရပြီး ပထမဆုံးပွဲဦးထွက်ခဲ့ရတာကို မပြောနဲ့ဦး။ အကယ်၍ အဲ့ဒီတုန်းကသာ သူ့ရဲ့မိသားစုနောက်ခံအကြောင်း ထွက်လာပါက သူ့ရဲ့ကျော်ကြားမှုနဲ့ဆွေးနွေးမှုတွေက သေချာပေါက်ကို သိသိသာသာ မြင့်တက်လာခဲ့မှာပင်။

ဒါပေမယ့် စုန့်လင်းချွမ်က ဘာမှမပြောခဲ့ဘဲ ဒီနေ့သူရှိနေတဲ့နေရာကိုရောက်ဖို့ ဒီနယ်ပယ်ထဲ သူ့ကိုယ်သူသာအားကိုးခဲ့သည်။

တကယ်တော့ စုန့်လင်းချွမ်က ဖေးခွမ်နဲ့ အရမ်းတူသည်။

သေချာပေါက် သူတို့မိသားစုနောက်ခံကိုပြောတာမဟုတ်ပေမယ့် သူတို့နှစ်ယောက်လုံးကို ထိန်းကျောင်းခဲ့တာက သူတို့ကိုယ်တိုင်ဖြစ်သည်။ ဖေးခွမ်က ကြေကွဲစရာကောင်းတဲ့ သူ့မိသားစု နောက်ခံကို မထုတ်ပြခဲ့သလိုမျိုး စုန့်လင်းချွမ်ကလည်း သူ့ရဲ့ ချမ်းသာတဲ့ဒုတိယမျိုးဆက်ဆိုတဲ့ ပုံရိပ်ကို မထုတ်ပြခဲ့ပေ။

သူတို့က အဝေးကြီး လျှောက်လာခဲ့ကြပြီဖြစ်ကာ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းကို ပိုပြီးတန်ဖိုးထားသည်။

သူတို့တွေ သူငယ်ချင်းဖြစ်လာကြတာ မအံ့ဩတော့ဘူး။ သူတို့ရဲ့ အတွင်းစိတ်တွေက တကယ်ဂုဏ်ယူစရာကောင်းသည်။

လီတုန် ရုတ်တရက် ကျန်းဟန်ကိုလှည့်ကြည့်လာပြီး ရိုးရိုးသားသား မေးလိုက်သည်။ "မင်းဘယ်လိုထင်လဲ၊ ငါတို့ဖေးခွမ်အနေနဲ့ ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်လိုက်တယ်လို့ ထည့်တွက်လို့ရလား?

ကျန်းဟန်က တစ်ခဏ‌လောက်တိတ်နေသည်။ စဉ်းစားကြည့်ရင် တကယ်လည်း အဲ့ဒီလိုမျိုးဖြစ်နေတဲ့ပုံပဲ!

စုန့်ကျန်းဟွေ့နဲ့ သူ့ဇနီးကျောက်ယာတို့က စုန့်မိသားစုက ညီမလေးစုန့်အာ့နန်ကို သူတို့ရဲ့ သမီးတစ်ယောက်လို ဆက်ဆံမှန်း သူရှင်းရှင်းလင်းလင်းသိသည်။

ကျန်းဟန်က လီတုန်ကို အနားတိုးလာပြီး ငုံ့ပေးဖို့ လက်ယပ်ခေါ်လိုက်သည်။

လီတုန်လည်း ချက်ချင်းခေါင်းငုံ့လာပြီး မေးလိုက်သည်။ "ဘာလဲ?" ကျန်းဟန်က အရမ်းဆန်းကြယ်ဟန်ဆောင်လိုက်ပြီး မေးလိုက်သည်။ "အန်တီလေးရဲ့ ခန်းဝင်ပစ္စည်းတွေက ဘယ်လောက်တောင်များလဲဆိုတာ မင်းသိလား?"

လီတုန်မျက်လုံးတွေက တောက်ပသွားသည်။ သူ့အထင် အများကြီးဖြစ်လိမ့်မည်ပင်။

"ဘယ်လောက်တောင်လဲ?" သူမေးလိုက်သည်။

ကျန်းဟန်က သူ့နားထဲကို နံပါတ်တစ်ခု ခပ်တိုးတိုးပြောလိုက်သည်။

လီတုန် မျက်လုံးတွေက ချက်ချင်းပြူးကျယ်လာသည်။ "သေစမ်း!"

သူက စက္ကန့်အနည်းငယ်လောက်ကြာပြီးမှ သေချာအောင် မေးလိုက်သည်။ "တကယ်လား?"

"ဘယ်လိုလုပ် မဟုတ်ရမှာလဲ?" ကျန်းဟန်က မျက်လုံးလှိမ့်လိုက်သည်။ "သေချာပေါက်အမှန်ပဲ"

လီတုန်မှာ ချက်ချင်း နေရာမှာတင် အေးခဲသွားခဲ့သည်။

ကျန်းဟန်က သူ့ကိုမလှောင်ပြောင်ခဲ့ပါချေ။ သူအဲ့ဒါကိုသိပြီးတဲ့နောက် အတော်ကြာတဲ့အထိ မတတ်နိုင်ဘဲ အံ့ဩခဲ့ရသေးသည်။

အဲ့ဒါနဲ့ဘဲ မင်္ဂလာပွဲတွင်၊ ဖျော်ဖြေရေးနယ်ပယ်ရဲ့ ထိပ်တန်းအေးဂျင့်နှစ်ယောက်မှာ လူချမ်းသာတွေရဲ့ကမ္ဘာက စိတ်ကူးယဉ်လို့တောင် မရနိုင်ဘူးဆိုပြီး ထောင့်နားမှာ ခံစားနေရသည်။

မင်္ဂလာပွဲလာကြတဲ့ ဧည့်သည်တွေက သူတို့ရဲ့နေရာမှာ တဖြည်းဖြည်း နေရာယူလာကြပြီး မကြာခင် မင်္ဂလာပွဲကို တရားဝင်စတင်လိုက်သည်။

မင်္ဂလာတေးသီချင်း စတင်ထွက်ပေါ်လာတာနဲ့ ကော်ဇောနီရဲ့အဆုံးတစ်ဖက်မှာရပ်နေတဲ့ စုန့်အာ့နန်က စုန့်ကျန်းဟွေ့ရဲ့လက်မောင်းကို ချိတ်လိုက်ပြီး ဖေးခွမ်က တစ်ဖက်မှာ စောင့်နေသည်။

ပင်လယ်လေညင်းလေးက စုန့်အာ့နန်ရဲ့ မျက်နှာလွှားဇာပုဝါကို တိုက်ခတ်သွားပြီး လေထဲတွင် တဖျပ်ဖျပ်လွင့်မြောနေစေသည်။

ကြင်စဦးမောင်နှံက တစ်ယောက်ကိုတစ်ယောက် အဝေးကနေ ကြည့်ရင်း သူတို့ရဲ့နှုတ်ခမ်းထောင့်တွေက တဖြည်းဖြည်း ကွေးတက်သွားကြသည်။

All Chapters