← Chapters

အခန်း (၁၃၃)

Vol. 11 Ch. 133

အခန်း (၁၃၃)

Vol. 11 Ch. 133

စုန့်အာ့နန်နဲ့ ကျောက်ယာတို့ အခန်းထဲက ထွက်လာတဲ့အချိန်က နှစ်နာရီကျော်လောက် ကြာသွားပြီဖြစ်သည်။

စုန့်လင်းချွမ်က အချိန်ကို တစ်ချက်ကြည့်လိုက်တော့ တကယ်နောက်ကျနေပြီဖြစ်သည်။ သူက ပြောလိုက်သည်။ "ပါးနဲ့ မားက ကျွန်တော့်အခန်းယူလိုက်လေ၊ ကျွန်တော် ဆိုဖာပေါ်မှာ အိပ်လိုက်မယ်"

စုန့်ကျန်းဟွေ့က သူ့ကိုသဘောမကျသလို ကြည့်လိုက်ပြီး "မလိုဘူး၊ မင်းရဲ့ လက်ဖဝါးအရွယ်လောက် နေရာလေးက မင်းအမေအတွက် အဆင်ပြေမှာမဟုတ်ဘူး။ ငါတို့လာတဲ့လမ်းမှာ ဟိုတည်ဘွတ်ကင်ယူထားပြီးပြီ"

စုန့်လင်းချွမ်လည်း အတင်းအကြပ်မလုပ်ပေ။ "ဒါဆိုလည်း ကောင်းပါပြီ၊ ကျွန်တော်လိုက်ပို့ပေးမယ်"

ကျောက်ယာက လက်ရမ်းပြလိုက်ပြီး "အလုပ်ရှုပ်မခံနဲ့ မင်းအဖေက အဲ့ဒါကိုစီစဉ်ထားပြီးပြီ။ မားတို့ကို ဒရိုင်ဘာအပြင်မှာ စောင့်နေတယ်"

တူဝရီးနှစ်ယောက်က စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့ကို သူတို့နေတဲ့နေရာရဲ့ဂိတ်ပေါက်အထိလိုက်ပို့ပေးပြီး မသွားခင် သူတို့ကားထဲဝင်တာကို‌ကြည့်နေလိုက်သည်။

နှစ်ယောက်သား ဘာစကားမှမပြောဘဲ အိမ်ရာလမ်းတစ်လျှောက် လမ်းလျှောက်လာကြသည်။

စုန့်အာ့နန်က သူ့ကိုတိတ်တိတ်လေး တစ်ချက်ကြည့်လိုက်သည်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူမ စုန့်လင်းချွမ်အပေါ် တကယ်အပြစ်ရှိသလို ခံစားနေရသည်။

သူမနဲ့ ဖေးခွမ်ရဲ့ဆက်ဆံရေး ဖော်ထုတ်ခံလိုက်ရပြီးကတည်းက ဒီဟာကို သူ့ဆီ ဘယ်လိုရှင်းပြရမလဲဆိုတာ ခုနတုန်းက ဖေးခွမ်ရဲ့နေရာအောက်မှာ သူမတွေးနေခဲ့တာ‌ဖြစ်ပေမယ့် သူမဘယ်လိုဘဲ တွေးနေပါစေ ဘယ်ရှင်းပြချက်မှာ မလုံလောက်ဘူးဆိုတာ သူမသဘောပေါက်သည်။

သူမ စုန့်လင်းချွမ် နေရာနေကြည့်ရင် သူဘာလို့ဒီလောက်ထိ ဒေါသထွက်ရသလဲဆိုတာ သူမနားလည်သည်။

သို့ပေမယ့် ဒီလိုဆိုရင်တောင်မှ အခုလေးတင် သူမရဲ့ အစ်ကိုကြီးရှေ့မှာ စုန့်လင်းချွမ်က သူမအတွက် ရပ်တည်ပေးခဲ့သေးသည်။

ဒါကိုစဉ်းစားကြည့်လိုက်ရင်း စုန့်အာ့နန် သူမနှာခေါင်းမှာ ရုတ်တရက် ချဉ်စူးလာသလို ခံစားလိုက်ရပြီး ငိုချင်လာသည်။

သူမက နှုတ်ခမ်းခပ်ဖွဖွကိုက်လိုက်ပြီး ခေါင်းငုံ့လိုက်ကာ ရေရွတ်လိုက်သည်။ "လင်းချွမ်၊ ငါတောင်းပန်ပါတယ်"

စုန့်လင်းချွမ် စုန့်အာ့နန်ကိုကြည့်လိုက်ပြီး သက်ပြင်းဖွဖွချလိုက်သည်။

သူ့မှာ အရမ်းဒေါသထွက်နေသလို ဟန်ဆောင်ချင်ပေမယ့် သူ့အန်တီလေးကို ဒီလိုမျိုး မြင်ရတော့ သူဘယ်လိုလုပ် ဆက်ပြီးဒေါသထွက်နိုင်ရဦးမှာလဲ?

မေ့လိုက်တော့။ သူ့ဘဝမှာ သူ့အန်တီလေးကို ဘယ်တော့မှ ဒေါသမထွက်နိုင်လောက်ဘူး ထင်ပါရဲ့။

ဒါ့ပြင် ဒါက သူ့အန်တီလေး အပြစ်မှ မဟုတ်ပဲ။ ဒါတွေအားလုံးက အဲ့ဒီခွေးကောင် ဖေးခွမ်ကြောင့်ပဲ!

စုန့်လင်းချွမ်က စုန့်အာ့နန် ဆံပင်တွေကို သပ်ပေးလိုက်ပြီး ညင်ညင်သာသာ ပြောလိုက်သည်။ "အန်တီလေး၊ ဒါက နင့်အပြစ် မဟုတ်ဘူး၊ ငါ နင့်ကို အပြစ်မတင်ဘူး ဒါကြောင့် မတောင်းပန်နဲ့"

စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ သူမရဲ့အသံက ခံစားချက်တွေနဲ့အတူ တိုးသွားသည်။ "မဟုတ်ဘူး၊ ငါ့အပြစ်တွေပါ။ ငါတကယ်တောင်းပန်ပါတယ်၊ ငါ နင့်ကိုမဖုံးကွယ်ထားသင့်ဘူး။ နင်ဘယ်လောက် အလုပ်ရှုပ်နေလဲဆိုတာ တွေ့နေရပေမယ့် ဒီကိစ္စကြောင့် အပြေးအလွှားပြန်လာခဲ့သေးတယ်။ ငါက နင့်အလုပ်တွေကို ပစ်ထားအောင် လုပ်လိုက်မိတယ်..."

သူမပိုပြောလေ ပိုပြီးအပြစ်ရှိသလို ခံစားလာရလေပင်။ သူမက ဆက်ပြီးတောင်းပန်နေကာ တိုးတိုးလေးရှိုက်လာပြီး ထိန်းမနိုင်ဘဲငိုတော့သည်။ နောက်ဆုံးမြေပြင်ပေါ် ငုတ်တုပ်ထိုင်ချလိုက်တော့သည်။

စုန့်လင်းချွမ်မှာတော့ သူမကို နှစ်သိမ့်ရင်း ဗျာများနေရသည်။

စုန့်အာ့နန်က ငိုပြီးဆိုရင် ချော့ရတာခက်သည်။ သူမကိုယ်သူမ မထိန်းနိုင်ပေ။

စုန့်လင်းချွမ်မှာ စောစောတုန်းက ဒေါသထွက်ဟန်ဆောင်ခဲ့မိတာကို တကယ် နောင်တရနေပြီဖြစ်သည်။ ကြည့်အခုတော့ ဘာဖြစ်သွားပြီလဲ၊ သူမကို ငိုအောင်လုပ်မိလိုက်ပြီ။

သူ့မှာ ဘာတစ်ရှူးမှလည်း မပါလာပေ။ ဒီတော့ သူ့ရဲ့အင်္ကျီလက်ကိုဘဲ သုံးပြီး စုန့်အာ့နန် မျက်ရည်တွေကိုသုတ်ပေးလိုက်သည်။ "အန်တီလေး၊ မငိုနဲ့တော့။ ငါတကယ် နင့်ကိုအပြစ်မတင်ပါဘူး"

စုန့်အာ့နန်က စုန့်လင်းချွမ်ကို မော့ကြည့်ရင်း ကြို့ထိုးနေရင်းကြားမှ ဆက်ပြီးရှိုက်နေသည်။ "ဒါမှမဟုတ် နင်င့ါကို နည်းနည်းအော်လို့ရပါတယ်။ ဒီလိုဆို ငါပိုပြီး အပြစ်ရှိသလို ခံစားရတယ်"

ဒါကမှ စုန့်လင်းချွမ်ကို တကယ် ဒုက္ခပေးတာပင်။ စုန့်အာ့နန်နဲ့ ရင်ဆိုင်ရရင် သူ့မှာ ဒေါသတောင်မထွက်နိုင်တာကို ဘယ်လိုလုပ် သူ့ကိုဆူပူနိုင်လောက်မှာလဲ?

ဒါက ရူးချင်စရာပဲ။

စုန့်လင်းချွမ်မှာ တကယ်ကိုပဲ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ သူက "အန်တီလေး၊ ထပ်ပြီး အပြစ်ရှိတယ်လို့ မထင်ပါနဲ့။ တကယ်တော့၊ ငါလည်း နင့်ကို ဖုံးကွယ်ထားတာရှိတယ်"

စုန့်အာ့နန်က 'အာ' လို့အသံပြုလိုက်ပြီး စကားလမ်းကြောင်းက ဒီဘက်လှည့်သွားမယ်မှန်း မမျှော်လင့်ထားပါချေ။

"ငါ့ကို ဘာဖုံးကွယ်ထားတာလဲ?" သူမက အံ့ဩတကြီးနဲ့မေးလိုက်သည်။

စုန့်လင်းချွမ်က ချောင်းဖျော့ဖျော့ဆိုးလိုက်ပြီး နည်းနည်း ကိုးရိုးကားရားနိုင်စွာ ကြည့်လိုက်ကာ "အင်း ၊ အခု ငါ့မှာလည်း ရည်းစားရှိနေတယ်"

စုန့်အာ့နန် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

ရည်းစားရှိတယ်ဆိုတာက ဒီလိုမျိုးပဲ ရှိတာလေ။ သူ့ရဲ့ "ငါ့မှာလည်း" ဆိုတာက ဘာကိုဆိုလိုတာလဲ?

"နင်တို့ တွဲနေကြတာ ဘယ်လောက်ကြာပြီလဲ?" သူမမေးလိုက်သည်။

စုန့်လင်းချွမ်က ခေါင်းကုတ်လိုက်ပြီး "သိပ်မကြာသေးပါဘူး၊ အရင်အပတ်လောက်က"

စုန့်အာ့နန်မှာ နည်းနည်း စိုးရိမ်နေသေးသည်။ ဖျော်ဖြေရေးလောကမှာ ပြောစရာမလိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်လို့ ပြောကြသည်။ စုန့်လင်းချွမ်က အဲ့ဒီလိုမျိုး မလုပ်ဘူးဆိုတာ သူမ သိပေမယ့် သူထုတ်မပြောပြနိုင်မှာကို သူမစိုးရိမ်သည်။

ဒါ့ပြင် ရည်းစားရှိတာကို "ငါလည်း" ဆိုတာကဘာလဲ? နားထောင်ရတာ တစ်မျိုးကြီး။

"နင် သူ့ကို သဘောကျလား?" စုန့်အာ့နန် ထပ်မေးလိုက်သည်။

သူမ နားလည်မှုလွဲနေတာကိုမြင်တော့ စုန့်လင်းချွမ်ကအမြန်ရှင်းပြလိုက်သည်။ "အန်တီလေး၊ အဲ့ဒါက နင်ထင်နေသလိုမဟုတ်ဘူး။ ငါ့အခြေအနေက နည်းနည်းရှုပ်တယ်။ အနာဂတ်မှာ အခွင့်အရေးရှိရင် နင့်ကိုအသေးစိတ်ပြောပြမယ်၊ ဟုတ်ပြီလား?"

"ဒါပေမယ့် င့ါကိုယ်ငါ အတင်းအကြပ် မလုပ်ဘူးဆိုတာတော့ သေချာတယ်"

စုန့်အာ့နန် ခါင်းညိတ်လိုက်ပြီး သဘောပေါက်သလိုလို သဘောမပေါက်သလိုလိုဖြစ်နေသည်။

သူ့ကိုယ်သူ အတင်းအကြပ် မလုပ်ဘူးဆိုတော့ အဲ့ဒီကောင်မလေးကို သူကြိုက်တယ်လို့ ဆိုလိုတာပင်။ ဒါဆိုရင်တော့ ကောင်းတာပေါ့။

"ကောင်းပြီ၊ ငါမေးခွန်းထပ်မေးလို့ရမလား?"

စုန့်လင်းချွမ်က ခေါင်းညိတ်ပြသည်။

စုန့်အာ့နန်လည်း မေးလိုက်သည်။ "သူမက ကျိုးဝေ့မလား?"

"မလား" ဆိုတဲ့စကားလုံးကို ထင်ထင်ရှားရှားသုံးထားသည်။

စုန့်လင်းချွမ်မှာ ဒီလိုမျိုး ရှက်သွားတဲ့ အမူအရာကို မြင်ရတာရှားသည်။ ဒါပေမယ့် သူ့အကြည့်တွေက အလေးအနက်ဖြစ်နေသည်။ "အင်း၊ အမြဲတမ်း သူမပဲ"

စုန့်အာ့နန် စုန့်လင်းချွမ်ကို အမြန်ကြည့်လိုက်မိပြီး စက္ကန့်အနည်းငယ်အကြာ ရုတ်တရက် သူ့ကိုလှမ်းဖက်လိုက်သည်။

"လင်းချွမ်၊ နင် ပျော်သင့်တယ်"

စုန့်လင်းချွမ် ကိုယ်က နည်းနည်းလှုပ်ရှားသွားသည်။ "ကောင်းပြီ၊ အန်တီလေး ငါတို့နှစ်ယောက်လုံး ပျော်ရမှာပါ"

-

ကသောင်းကနင်း ဖြစ်ပြီးတဲ့နောက် တူဝရီးနှစ်ယောက်ကြားက ရေခဲစိုင်ကြီးမှာ နောက်ဆုံးတော့ ပြိုကျသွားပြီဖြစ်သည်။

စုန့်လင်းချွမ်အနေနဲ့ ဖေးခွမ်ရဲ့ အကျင့်စရိုက်ကို ယုံကြည်ပေမယ့်လည်း စုန့်အာ့နန် အနိုင်ကျင့်ခံရမှာကို သူ မနေနိုင်ဘဲ စိုးရိိမ်မိနေသေးသည်။ ဒါကြောင့် သူက သူမကို လက်ချာစပေးတော့သည်။

"အန်တီလေး၊ ဖေးခွမ် နင့်ကို ကောင်းကောင်းမဆက်ဆံရင် ဒါမှမဟုတ် နင့်ကိုအနိုင်ကျင့်ရဲရင် ငါ့ကိုချက်ချင်းပြောရမယ်!"

အဲ့ဒီကောင်ကို ထိုးဖို့ သူပြန်လာတဲ့အထိ စောင့်နေပေး!

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "အဲ့ဒီလိုဖြစ်မှာမဟုတ်ဘူး။ သူက ငါ့အပေါ် အရမ်းကောင်းတာ"

စုန့်လင်းချွမ်က ဖေးခွမ်ကို လာရိုက်နှက်မယ်လို့ ပြောတာကြားတော့ စုန့်အာ့နန်မှာ စိတ်ဆိုးသွားသည်။ သူက သု့နေရာဆုံးရှုံးသွားလို့ ခံစားနေရတာပဲ။

သူက တရားနည်းလမ်းကျကျ အလေးအနက် ပြောလိုက်သည်။ "အန်တီလေး၊ ဒါက ရည်းစားထားတာလေးတစ်ခုပဲ၊ ‌ဒါပေမယ့် နင့်ရင်ထဲက ငါ့ရဲ့နေရာကိုတော့ မလှုပ်ကိုင်နိုင်ဘူး"

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး "မစိုးရိမ်ပါနဲ့၊ အဲ့ဒီလိုမဖြစ်ဘူး"

"အနာဂတ်မှာ အချစ်ဆုံးဆိုတဲ့အရာတွေ မလုပ်ရဘူး!"

"ကောင်းပြီ၊ မလုပ်ဘူး"

နာမည်ကြီး အနုပညာရှင်တစ်ယောက်ရဲ့ အချစ်ရေးကို ဖော်ထုတ်ခံလိုက်ရတဲ့အခါ အများစုက အဲ့ဒါကို အေးစက်စွာကိုင်တွယ်ကြသည်။ အဲ့ဒါကို အတည်လည်းမပြုသလို ငြင်းလည်းမငြင်းဆန်ပေ။

ဒီအနောက်မှာ အနုပညာရှင်ရဲ့ အသက်မွေးဝမ်းကြောင်းလိုမျိုး ထည့်သွင်းစဉ်းစားစရာ အရာတွေများစွာရှိသည်။

ဒါပေမယ့် ဆက်ဆံရေးက ဘယ်လောက်ကြာကြာရှိနိုင်မှာလဲ မသေချာသလို၊ ဆက်ဆံရေးက အလေးအနက်မဟုတ်ဘဲ တမင်လုပ်ထားသလိုမျိုး စသည့် တခြားအကြောင်းပြချက်တွေလည်း ရှိသည်။ ဆက်ဆံရေးကို ဝန်ခံလိုက်တာက သူတို့အနေနဲ့ လွယ်လွယ်နဲ့ လှမ်းလို့မရဘူးလို့ ဆိုလိုတာပင်။

အကြောင်းပြချက်တွေ ဘယ်လိုပဲရှိပါစေ၊ ဖေးခွမ်ကတော့ အဲ့ဒီအမျိုးအစားထဲ မပါပါချေ။ ဒီတော့ သူက ဒီဟာကို အစကတည်းက ကြေငြာဖို့ စီစဉ်ထားတာပင်။

အဖြစ်အပျက်က တစ်ရက်လောက် ပြန့်နှံ့ပြီးတဲ့နောက်၊ နောက်တစ်‌‌နေ့မနက် ၉နာရီမှာ ဖေးခွမ်ရဲ့စတူဒီယိုမှ အချစ်ရေးကို Weiboကနေ တရားဝင် အတည်ပြုပေးလိုက်သည်။

@ဖေးခွမ်စတူဒီယို - သူဌေးရဲ့မူရင်းစကားတွေအရ ဆက်ဆံရေးက တကယ်ပါ။ ငါ့ဘဝမှာ ဒီလိုလေးနက်မှုမျိုးတစ်ခါမှ မဖြစ်ဖူးဘူး တဲ့! (ဝန်ထမ်းများဆီမှစာကြွင်း - စိုးရိမ်ကြပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ငါတို့သူဌေးက အဆင်ပြေနေပါတယ်)

[သေစမ်း! ဟားဟားဟား ရယ်ရလို့သေပြီ။ ဝန်ထမ်းတွေက ဘယ်လိုတောင် တိတ်တိတ်လေး အတင်းတုပ်နေရတာတုံး?]

[မသိချင်ယောင်မဆောင်နေနဲ့။ မနေ့တုန်းက ငါ့မှာ ရယ်လိုက်ရတာ သေတော့မလို့ဘဲ။ ထိပ်တန်းအနုပညာရှင်အကြောင်း အတင်းအဖျင်းနဲ့ ပတ်သတ်ပြီး အကုန်လုံးက သူထိပ်တန်းကြယ်ပွင့်ဆီကနေ သေအောင်ထိုးခံလိုက်ရပြီလားလို့ စိုးရိမ်နေရတာ။ အာရုံတွေ လွဲချော်သွားရပြီ!]

[အားလုံးပဲ၊ မနေ့က ဖော်ထုတ်ခံလိုက်ရတဲ့ ဆက်ဆံရေးနဲ့ပတ်သတ်ပြီး ဒီနေ့မှာ ပြန်တုံ့ပြန်လာတာ အဲ့ဒါတွေကြောင့်များလား?]

[ကျွတ်စ် ကျွတ်စ်၊ ဒါသာ တခြားအနုပညာရှင်ဆိုရင် သူတို့တွေက PRနဲ့ ချောချောမွေ့မွေ့ဖြစ်အောင် လုပ်နေတာလို့ ငါထင်မိမှာ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ဖေးခွမ်က အထိုးခံလိုက်ရပြီး အချိန်မရှိတော့လို့ လို့ ငါခံစားရတယ်!]

[Lol၊ အပေါ်ထပ်က ညီအစ်ကိုပြောတာ အရမ်းရက်စက်ပေမယ့် အရမ်းမှန်တယ်]

[အမှန်ဘဲ၊ ဖေးခွမ် မနေ့တုန်းက တစ်နေ့လုံး တိတ်နေပြီး တခြားအနုပညာရှင်တွေလိုမျိုး သူက အေးစက်စက်ကိုင်တွယ်မယ်လို့တော့ ငါ လုံးဝမထင်ထားဘူး။ ငါက သူစုန့်လင်းချွမ်ဆီကနေ သေအောင်အထိုးခံရမှာကို စိုးရိမ်နေတာ]

[စုန့်လင်းချွမ် - ထိုးပြီးသွားပြီ၊ ငါ့ကို mentioning နေတာ ရပ်ကြတော့!]

[အားးး ဒါက လူသိရှင်ကြားလုပ်လိုက်တာပဲ! ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်! ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ တစ်သက်လုံး အတူရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်!]

[သေစမ်း! 'ဆက်ဆံရေးက တကယ်' လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြီးတာတောင် 'ငါ့ဘဝမှာ ဒီလိုလေးနက်မှုမျိုး တစ်ခါမှမဖြစ်ဖူးဘူး' ဆိုတာက သူ့အချစ်ကို သတ္တိရှိရှိဝန်ခံလိုက်တာပဲ။ ဖေးခွမ်က အရမ်းမိုက်တာပဲ!]

[ဒီနေ့ကစပြီး ဒါက ငါသဘောအကြိုက်ဆုံး cpလို့ ကြေငြာတယ်။ သော့ခတ်ထားလိုက်ပြီ!]

[စိတ်မရှိပါနဲ့၊ အရမ်းသိချင်လို့ပါ။ တခြားအနုပညာရှင်တွေဆို သူတို့ရဲ့ဆက်ဆံရေးကို Weibo ပေါ်မှာ သူတို့ကိုယ်တိုင် ကြေငြာကြတာလေ။ ဖေးခွမ်ကျတော့ ဘယ်လိုလုပ် စတူဒီယိုကို သုံးတာလဲ?"]

[အန်တီလေးက ဒီလောကထဲက မဟုတ်လို့ဖြစ်မယ်]

...

-

အရေးကြီးကိစ္စတစ်ခုပေါ်လာတာကြောင့် စုန့်အာ့နန်မှာ ကျောင်းကို စောစောပြန်သွားရတော့သည်။

စုန့်လင်းချွမ် အိပ်ယာထလာတော့ မနေ့က အရမ်းအလျင်စလိုနိုင်လွန်းခဲ့ပြီး မရှင်းလင်းသေးတဲ့ ကိစ္စအများကြီးရှိသေးတယ်လို့ ခံစားလိုက်ရသည်။ ဒီတော့ သူဖေးခွမ်ရဲ့နေရာဆီ ပျော်ပျော်ရွှင်ရွှင်နဲ့ ထပ်သွားပြန်သည်။

အိမ်ထဲဝင်လာတော့ သူက သူ့အိမ်သူ့ယာလိုမျိုး ဆိုဖာပေါ် ပလုံခနဲထိုင်ချလိုက်ကာ မေးလိုက်သည်။ "အိမ်မှာစားစရာတစ်ခုခုရှိလား? ငါဗိုက်ဆာတယ်"

ဖေးခွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ရယ်လိုက်ကာ "မီးဖိုခန်းထဲက ကောင်တာပေါ်က အုပ်ဆောင်းထဲမှာ မနက်စာရှိတယ်။ မင်းဘာသာသွားယူ"

စုန့်လင်းချွမ်က တအီအီနဲ့ အီလိုက်ပြီး "ငါ့ကို ယူပေးပါလား၊ မင်းကသေတဲ့အထိ အလုပ်လုပ်ရမှာ"

ဖေးခွမ်က ဆိုဖာပေါ် မှီချလိုက်ပြီး ကူကယ်ရာမဲ့သလို ပခုံးတွန့်ပြလိုက်ကာ "ငါ မလုပ်ပေးနိုင်ဘူး၊ မင်းမနေ့ညက အရမ်းကြမ်းထားတာ၊ အခု ငါ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေရော"

သူချဲ့ကားပြောတာမဟုတ်ပေ၊ မနေ့က ဘာမှသိပ်မဖြစ်ဘူး လို့ သူခံစားရပေမယ့် ဒီမနက် အိပ်ယာကထတဲ့အခါမှာတော့ အရမ်းဆိုးဆိုးဝါးဝါးပင်။

"မင်းကို ကောင်းကောင်းမွန်မွန်ပြုစုပေးတာ "ဆိုပြီး ကျိန်ဆဲပြီးတဲ့နောက် စုန့်လင်းချွမ်က လှည့်ထွက်သွားပြီး မီးဖိုချောင်ကောင်တာပေါ်က sandwich ကို ယူလိုက်သည်။

သူတစ်ကိုက်ကိုက်လိုက်တော့ အရသာရှိမှန်း သိလိုက်သည်။ "ဘယ်လိုလုပ် နည်းနည်းလေးပဲ ရှိတာလဲ၊ နည်းနည်းလောက်ပဲ ကိုက်ရသေးတယ် ကုန်သွားပြီ"

ဖေးခွမ်က ဒေါသတကြီး ပြန်ပြောလိုက်သည်။ "ဘာမှမကျန်တော့တာ အရမ်းဝမ်းသာတယ်။ အဲ့ဒါကို ငါက မင်းအတွက် အထူးတလည် လုပ်ထားပေးတယ်ထင်နေလား? ဒီမနက် အာ့နန် စားမကုန်ခဲ့တာ မဟုတ်ရင် မင်းဒီလောက်စားရမှာမဟုတ်ဘူး"

စုန့်လင်းချွမ်က အေးစက်စက်နှာမှုတ်လိုက်ပြီး "ဒီမနက် အန်တီလေး ငါ့ကိုလိုက်မပို့ခိုင်းတာ မအံ့ဩတော့ဘူး၊ အဲ့ဒီအစား သူက မင်းကိုလာတွေ့တာပဲ"

ဖေးခွမ်က အမြှော်အမြင်ရှိရှိ ပါးစပ်ပိတ်ထားလိုက်ပြီး ထပ်မ‌မွှေတော့ပေ။

ဘာပဲဖြစ်ဖြစ်၊ တစ်ရက်ထဲနဲ့တင် စုန့်လင်းချွမ်ရဲ့ ဒေါသကိုသူ သိလိုက်ရပြီလေ။

စုန့်လင်းချွမ်က ထပ်မေးလိုက်သည်။ "ဒီမနက် မင်း အန်တီလေးကို လိုက်ပို့ပေးတာလား?"

ဖေးခွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး "မင်းဘယ်လိုထင်လဲ?"

စုန့်လင်းချွမ်က sandwich ကို သုံးလေးကိုက်နဲ့အပြောင်ရှင်းလိုက်ပြီး မနက်စာကို ဖြေရှင်းလိုက်သည်။ "အဲ့ဒီလိုပိုထင်တယ်"

ဒါပေမယ့် တစ်ခုခုကို သတိရသွားသလိုမျိုး သူရုတ်တရက် စိတ်အားထက်သန်လာပြီး ဖေးခွမ်ကို အထက်စီးဆန်ဆန်ကြည့်လိုက်သည်။

"ဒီနေ့မနက် မင်းအန်တီလေးနဲ့ တွေ့ပြီးပြီဆိုတော့ ငါ့မိဘတွေ ဒီနေ့ အစောပြီး ပြန်သွားပြီဆိုတာ မင်းသိမှာပဲ"

သေချာပေါက် ဖေးခွမ်သိသည်။ ပြီးတော့ စုန့်လင်းချွမ်တစ်ယောက် ဒီအကြောင်းကို ဘာလို့ရုတ်တရက်ကြီး ပြောလာလဲဆိုတာလည်း သူသဘောပေါက်သည်။

စုန့်လင်းချွမ်က စိတ်ကြီးဝင်တဲ့ ပုံစံနဲ့ ပြောလာသည်။ "ငါ့ ပါးက မင်းကို ခေါ်ခွင့်မပေးဘူး။ မင်းတို့က တွဲနေကြရုံပဲလေ၊ မိဘချင်းတွေ့ဖို့ဆိုတာ အဝေးကြီးလိုသေးတယ်"

ဖေးခွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ပျင်းရိပျင်းတွဲပြောလိုက်သည်။ "စိတ်မပူနဲ့၊ တတ်နိုင်သမျှ မင်းတို့အိမ်တံခါးရှေ့အမြန်ရောက်ဖို့ ငါကြိုးစားပါ့မယ်"

စုန့်လင်းချွမ် - "...."

ခဏလောက် စကားစမြည်ပြောပြီးသွားတော့ ဖေးခွမ်က ဝရန်တာမှာ ဖုန်းသွားပြောသည်။

စုန့်လင်းချွမ်လည်း နည်းနည်းရေဆာလာတာနဲ့ ရေခဲသေချာထဲက ရေတစ်ဘူးသွားယူဖို့ထလိုက်သည်။

ဒါပေမယ့် ရေခဲသေတ္တာဆီ သူရောက်တဲ့အချိန် ဘေးနားက စင်ပေါ်မှာ ထူးဆန်းတဲ့တစ်ချောင်းကို သူရုတ်တရက် သတိထားမိလိုက်သည်။ ပိုက်က တစ်ဖက်မှာ တစ်ချောင်းဖြစ်ပြီး ကျန်တစ်ဖက်မှာ နှစ်ချောင်းဖြစ်သည်။

သူအဲ့ဒါကို သိချင်စိတ်နဲ့ ယူလိုက်ပြီး အတော်ကြာ ကြည့်ကြည့်လိုက်သည်။ ရေခဲသေတ္တာကိုဖွင့်ကာ Cokeတစ်ဗူး နဲ့ Spriteတစ်ဗူးယူလိုက်ပြီး နောက်တော့ ဧည့်ခန်းဆီ ပြန်သွားလိုက်သည်။

သူက ပိုက်နှစ်ချောင်းဘက်ကို Cokeနဲ့ Spriteဗူးထဲ ထည့်လိုက်တော့ ကျန်ပိုက်တစ်ချောင်းဘက်ကနေ သောက်ဖို့အဆင်ပြေသွားသည်။

ဒီလိုပိုက်မျိုးကို စုန့်လင်းချွမ်တစ်ခါမှ မမြင်ဖူးသလို ဒီလိုနည်းနဲ့ အအေးသောက်တာက အရမ်းရှားသည်။ ဒါက အရမ်းဆန်းကျယ်တာကို သူသိလိုက်ရသည်။

မနေ့တုန်းကတင် ကျိုးဝေ့က သူ့ကို ဖန်‌ေတွက မန်းရှင်းခေါ်နေပြီး တစ်ခုခုတုံ့ပြန်ပေးဖို့ ပြောတာကြောင့် သူမက သူ့Weiboပေါ် တစ်ခုခုတင်ဖို့ မရပ်မနားအနှောင့်အယှက်ပေးခဲ့သေးသည်။

ဖန်တွေအားလုံး ဘာပြောနေကြလဲဆို သေချာပေါက် သူလည်းသိသည်။ သူ့အန်တီလေးကို ဖေးခွမ်ဆီ သူကိုယ်တိုင်ကိုယ်ကျ ပို့ပေးလိုက်သလိုဖြစ်သွားတာကို လှောင်ပြောင်နေကြတာပင်။

ဒါပေမယ့် သူ့ဘက်က မငြင်းခုံချင်တာကို လူတိုင်းထက် ကောင်းကောင်းသိတာကြောင့် သူက ဒီတိုင်းနေပြီး ဘာမှမတင်ချင်တာပင်။

ဒါပေမယ့် အခုတော့ သူ့မှာ ရုတ်တရက် မတူတဲ့အကြံတစ်ခုရလိုက်သည် - ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ ပိုက်အကြောင်း ဘာလို့မတင်ရမှာလဲ?

ဒီလိုမျိုး နေ့စဉ်ဘဝ ပေါ့ပေါ့ပါးပါး အကြောင်းအရာတွေကို ဝေမျှတာက ဒီကိစ္စတွေကို ပြောင်းသွားစေမှာသေချာသည်။

စုန့်လင်းချွမ် ချက်ချင်း သူ့ဖုန်းကိုယူလိုက်ပြီး ကော်ဖီစားပွဲပေါ်က သောက်စရာနှစ်ဗူးနဲ့ ပိုက်ပုံကို ပြီးပြည့်စုံတဲ့ ရှုထောင့်ကနေ ရိုက်လိုက်သည်။

သူက ပို့တစ်ခုရေးလိုက်ပြီး Weibo ပေါ်တင်ဖို့ အဆင်သင့်ဖြစ်နေသညိ။

ဖေးခွမ် ဝရန်တာကနေ ပြန်ဝင်လာတော့ စားပွဲပေါ်က ပိုက်နဲ့ အအေးနှစ်ဗူးကိုတွေ့လိုက်ရပြီး သူ မနေနိုင်ဘဲ အံ့ဩသွားကာ တန့်သွားသည်။

အဲ့ဒါက အာ့နန် အွန်လိုင်းကနေ ဝယ်ထားတဲ့ စုံတွဲပိုက်မဟုတ်ဘူးလား?

အင်း...ဒီတော့ အဲ့ဒါက ဒီလိုလည်း သုံးလို့ရတယ်ပေါ့။ ဒါပေမယ့် ပိုက်တစ်ချောင်းဘက်က အအေးထဲထည့်ပြီး လူနှစ်ယောက်က ကျန်ပိုက်နှစ်ချောင်းဘက်ကနေ အတူသောက်ရတာမဟုတ်ဘူးလား?

ဖေးခွမ်က စားပွဲပေါ်က ပိုက်နဲ့ အအေးကို မရေရာသလိုညွှန်ပြလိုက်ပြီး မေးလိုက်သည်။ "မင်းဘာလုပ်နေတာလဲ?"

"မင်းမပြောနိုင်ဘူးလား? သောက်နေတာလေ၊ ဘာနဲ့တူလို့လဲ?" စုန့်လင်းချွမ်က 'မင်းအဆင်ပြေရဲ့လား' ဆိုတဲ့အမူအရာနဲ့ အချက်ကျကျ‌ပြန်ဖြေလိုက်သည်။

ဖေးခွမ်မှာ တစ်ခဏလောက် တုံ့ဆိုင်းသွားပြီး အဓိပ္ပါယ်ပါပါ အကြည့်တစ်ချက်ပေးလိုက်ကာ "....မင်းပျော်နေသရွေ့အဆင်ပြေပါတယ်"

စုန့်လင်းချွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး လုံးဝဝေခွဲမရဖြစ်သွားသည်။

"မင်းပျော်နေသရွေ့" ဆိုတာက ဘယ်လို ကြောင်ကြောင်နည်းနဲ့ပြောနေတာလဲ?

သူ့ကို အနှောင့်အယှက်ပေးရမှာ အရမ်းပျင်းသွားပြီး ပြီးပြည့်စုံတဲ့ Weibo ပို့လို့ သူခံစားရတဲ့အထိ စုန့်လင်းချွမ်လက်တွေက အမြန်တည်းဖြတ်လိုက်သည်။

နောက်တော့ သူရိုက်ထားတဲ့ပုံကို ကလစ်နှိပ်ကာ တင်လိုက်သည်။

"ပြီးပြီ!" သူက ပြောလိုက်ပြီး တာဝန်ပြီးမြောက်သွားသလို သူ့ဖုန်းကို ကော်ဖီစားပွဲပေါ်တင်လိုက်သည်။

ဖေးခွမ်က စားပွဲပေါ်ရှိ ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက်ကြီး ခံစားချက်မကောင်းတော့ပေ။ "မင်းခုနတုန်းက ဘာလုပ်လိုက်တာလဲ?"

စုန့်လင်းချွမ်က သာမာန်ကာလျှံကာ ပြန်ဖြေလာသည်။ "Weibo ပေါ်မှာ ပို့်စ်တင်လိုက်တာ၊ ဘာဖြစ်လို့လဲ?"

နောက်တော့ သူကခေါင်းငုံ့လိုက်ပြီး ပိုက်ကနေ အအေးတစ်ငုံသောက်လိုက်ကာ " လုပ်လည်းလုပ်တတ်ကြတဲ့ဒီဇိုင်း၊ အရသာနှစ်ခုကို တစ်ပြိုင်တည်း သောက်လို့ရတာ မဆိုးပါဘူး"

ဖေးခွမ် - "....!"

All Chapters