အခန်း (၁၃၄)
Vol. 11 Ch. 134
ဖေးခွမ် စုန့်လင်းချွမ်ကို ကြည့်လိုက်ပြီး ကော်ဖီစားပွဲပေါ်က အအေးတွေနဲ့ ပိုက်ကို တစ်ချက်ကြည့်လိုက်ကာ ရုတ်တရက် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
တစ်ခဏလောက်၊ သူအမှန်တိုင်းပြောသင့်လား မသိတော့ပေ။
သူ့ရဲ့တုံ့ပြန်မှုကိုမြင်တော့ စုန့်လင်းချွမ်မှာ စိတ်ရှုပ်သွားပြီး စိတ်မရှည်သလို ပြောလာသည်။ "အဲ့ဒါက ဘာအမူအရာလဲ? ငါ့ကို ကလေးဆန်တယ် ထင်နေတာလား?"
ဖေးခွမ်က လက်ခါပြီး ရယ်လိုက်သည်။ "မင်းကို ကလေးဆန်တယ်လို့ မထင်ပါဘူး၊ မင်းအတွက် အမှန်ပြင်ပေးချင်ရုံပါ"
စုန့်လင်းချွမ်က သူ့ကိုစိတ်မရှည်သလို တစ်ချက်ကြည့်လိုက်ပြီး "ပြော၊ ဝေ့လည်ချောင်ပတ် မလုပ်နေနဲ့"
ဖေးခွမ်က ရယ်ချင်တာကို ထိန်းထားပြီး ပိုက်ကို ကုန်းကောက်လိုက်ပြီး လှည့်လိုက်ကာ Cokeဘူးထဲ ထည့်လိုက်သည်။
စုန့်လင်းချွမ်က ရှင်းရှင်းလင်းလင်းကို နားမလည်သေးဘဲ ရှုပ်ထွေးသလို မေးလိုက်သည်။ "မင်းဘာလုပ်နေတာလဲ? ဒီပိုက်က ဒီလိုသုံးရတာမဟုတ်မှန်း သိသာနေတာကို။ ဒီဘက်မှာ ပိုက်နှစ်ခုဆို ပါးစပ်နှစ်ပေါက် သုံးဖို့လို...."
သူ့စကားတစ်ဝက်မှာပဲ ရုတ်တရက် တစ်ခုခုကိုသဘောပေါက်သွားပြီး သူ့အမူအရာက ချက်ချင်းအေးခဲသွားသည်။
ဖေးခွမ်က ရယ်မြူးရိပ်သန်းကာ ပြောလိုက်သည်။ "ဒါကို စုံတွဲပိုက်လို့ ခေါ်တယ်"
စုန့်လင်းချွမ်မျက်နှာမှာ ချက်ချင်း မည်းမှောင်လာပြီး အကြာကြီး တိတ်နေပြီးတဲ့နောက် ဖျစ်ညစ်ပြောလာသည်။ "သေစမ်း!"
"ရင်းနှီးတဲ့အနေနဲ့ သတိပေးလိုက်မယ်" ဖေးခွမ်က ခပ်တိုးတိုးပြောလိုက်သည်။ "မင်းအခု Weiboက ပို့စ်ကိုသွားဖျက်ချင်လားဆိုတာ စဉ်းစားသင့်တယ်နော်"
စုန့်လင်းချွမ် သူ့ကို တင်းတင်းမာမာ စိုက်ကြည့်လိုက်သည်။
အခုဆို လူတိုင်း အွန်လိုင်းပေါ်မှာ သူ့ကိုလှောင်ပြောင်နေကြပြီမှန်း တွေးကြည့်စရာတောင်မလိုပေ။
ဒါပေမယ့် အဲ့ဒါကိုဖျက်လိုက်ရင်လည်း အသုံးမဝင်တော့ပါချေ၊ မြင်ပြီးသွားတဲ့သူတွေက မြင်ပြီးသွားပြီဖြစ်သည်။
ဒီတိုင်းဆို သူနဲ့ ဖေးခွမ်တို့လို နာမည်ကြီးအနုပညာရှင်တွေအနေနဲ့ Weiboမှာ သူတို့ပို့စ်တင်လိုက်ပြီး ချက်ချင်းဖျက်လိုက်ရင်တောင် တစ်ယောက်ယောက်က စခရင်ရှော့ရိုက်ထားလောက်မှာပင်။
စုန့်လင်းချွမ်က သူ့ဆံပင်တွေကို လက်တစ်ဖက်နဲ့ ဖွလိုက်ပြီး ဒေါသထွက်ထွက်နဲ့ ပြောလာသည်။ "မင်းအရမ်းအားနေလို့ ဒီလိုပိုက်မျိုး ဝယ်ထားတာလား?"
ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး သူ့ကိုဆက်မဆွတော့ပေ။
အဆုံးမှာ စုန့်လင်းချွမ်က ဘာမှမဖြစ်သလို ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။
လုံးဝ မဖျက်ဘူး!
ဒါ့ပြင် အဲ့ဒါက သူ့ကို လိပ်ပြာမလုံတဲ့ပုံ ပေါက်သွားစေလိမ့်မယ်။
ပိုက်ကို သူကြိုက်သလို သုံးနိုင်တယ် ဘယ်သူမှ သူ့ကိုထိန်းချုပ်လို့မရဘူး!
ဒါ့ပြင် ဘာပဲဖြစ်ဖြစ် အွန်လိုင်းပေါ်မှာ သူ့ကိုယ်သူအရူးလုပ်တာက ဒါပထမဆုံးအကြိမ်မှဘမဟုတ်ဘဲ။
တခြားနည်းနဲ့ကြည့်ရင် ဒါကလည်းကောင်းတာပဲ။ ဒီနည်းနဲ့ သူ့အန်တီလေးရဲ့ကိစ္စတွေကနေ လူတွေကို အာရုံလွှဲလိုက်နိုင်လိမ့်မယ်။
ဟမ့်!
သူကိုယ်တိုင် အွန်လိုင်းမှာ သူ့ကိုလှောင်ပြောင်နေကြတာကို မကြည့်သရွေ့ သူတို့လည်း သူ့ကိုလှောင်ပြောင်နိုင်မှာမဟုတ်ဘူး။
ဒါပေမယ့် စုန့်လင်းချွမ် မကြည့်ရင်တောင် အင်တာနက်အသုံးပြုတွေက သူ့ကို မလှောင်ပြောင်နေကြဘူးလို့ မဆိုလိုပေ...
[ဟားဟားဟား၊ စုန့်လင်းချွမ်တစ်ယောက် ငါ့ကို အနှေးနဲ့အမြန် ရယ်သေအောင် လုပ်နေတာပဲ။ သူ ဒါကိုသတိမထားမိတာလား ဒါမှမဟုတ် တမင်သပ်သပ်လုပ်နေတာလား?]
[သူ မသိဘူးဆိုတာ သိသာနေတာဘဲလေ။ သူရေးထားတာကိုကြည့်ဦး၊ ဂုဏ်ယူနေတဲ့လေသံနဲ့၊ အံ့ဩစရာကောင်းတဲ့ ပိုက်အကြောင်း ရှာဖွေတွေ့ရှိသွားတဲ့ပုံနဲ့။ ဟားဟားဟား၊ တစ်ဘဝလုံး စင်ဂယ်ဖြစ်နေတာကို အတည်ပြုပေးလိုက်တာပဲ!]
[ဘုရားရေ၊ ငါရော ရယ်နေတာ မရပ်နိုင်တော့ဘူး။ ငါ့ရဲ့ ကြောင်တောင်တောင် ကောကောရယ်၊ ဘယ်လိုတောင် တုံးအ လိုက်သလဲ။ မဟုတ်သေးဘူး သူ ဒါကိုသဘောပေါက်သွားပြီး Weiboမှာ မဖျက်ခင် ငါအမြန်စခရင်ရှော့ထားရမယ်]
[Holy crap! ဘယ်လိုတောင် ဟာသဆန်လိုက်တဲ့ စုန့်လင်းချွမ်လဲ။ သူ ဟာသလောကထဲ ပြောင်းလိုက်ပြီလား?]
[အမ်...ငါမေးပါရစေ နင်တို့အားလုံး ဘာကိုရယ်နေကြတာလဲ?]
[ဟားဟားဟား၊ နင်လည်း စုန့်လင်းချွမ်လို သက်တမ်းရှည်စင်ဂယ်ဖြစ်ရမယ်! လာခဲ့၊ ဒီပိုက်ကို ဘယ်လိုသုံးရမလဲဆိုတာ ပြပေးမယ်၊ အောက်က ပုံကိုကြည့်လိုက်]
[စုန့်လင်းချွမ် - ပြော၊ ငါသုံးတာမှန်တယ်! လို့ပြော!!!]
[စုန့်လင်းချွမ်ရဲ့ ဖန်တစ်ယောက်အနေနဲ့၊ ဒါက သေးသေးမွှားမွှား ကိစ္စလို့ငါထင်တယ်၊ ငါ့အိုင်ဒေါလုပ်သမျှ ရှက်စရာ အဖြစ်အပျက်တွေက အဓိပ္ပါယ်ရှိတယ်]
[ဘုရားရေ၊ ငါသာ ပစ္စည်းတွေကို မမြင်ရင် ဒါက စုန့်လင်းချွမ်ရဲ့ဧည့်ခန်းလို့ ထင်မိလိုက်မှာ။ ဒီဟာတွေက အရင်က သူ Weibo မှာ တင်ဖူးတာနဲ့ လုံးဝကိုတူနေတယ်!]
[Holy crap၊ အဲ့ဒါက တကယ်ပဲ! ဒီတော့ စုန့်လင်းချွမ်က ဖေးခွမ်ရဲ့နေရာမှာရှိနေတာပေါ့? ဒါဆို ဒီပိုက်ကို အန်တီလေးနဲ့ ဖေးခွမ်တို့ ဝယ်ထားတာဖြစ်မယ်!]
[F**k! ဒီနေ့တော့ ငါရယ်ရတာ ရွှေတွေနဲ့ ပြည့်နေပြီ၊ စုန့်လင်းချွမ်က သနားစရာကောင်းလိုက်တာ]
[ဟားဟားဟား၊ စုန့်လင်းချွမ်ကို သနားစရာမလိုဘူး။ သူတို့က လူချမ်းသာတွေ၊ အအေးနှစ်မျိုးကို ဒီလိုမျိုးစိတ်ကြီးဝင်သလို သောက်မယ်!]
သူမရဲ့ အချစ်ရေးအကြောင်း လူသိရှင်ကြားကြေငြာလိုက်တော့ စုန့်အာ့နန်တစ်ယောက် ကျောင်းမှာ အချိန်တစ်ခဏလောက် အာရုံစိုက်ခံရပြန်သည်။ ဒါပေမယ့် အရင်က variety show မှာ ပေါ်လာတုန်းက ရခဲ့တဲ့အတွေ့အကြုံအရ သူမက အသားကျနေတာကြာပြီဖြစ်သည်။
အဲ့ဒီနေ့မှာ စုန့်အာ့နန်တစ်ယောက် ကျင့်ဝမ်ကျင်းရဲ့ရုံးခန်းဆီသွားရသည်။
"ပါမောက္ခ၊ ဒါတွေက ဆရာ ကျွန်မကိုပြင်ဆင်ဖို့ အစောပိုင်းတုန်းက ပြောထားတဲ့ ဟာတွေပါ။ တစ်ချက်လောက် ကြည့်ကြည့်ပြီး ဘာထပ်ထည့်ရဦးမလဲ ကျွန်မကိုပြောပါ" စုန့်အာ့နန်က စာရွက်စာတမ်းတစ်ထပ်ကို ကမ်းပေးလိုက်သည်။
ကျင့်ဝမ်ကျင်းက စာရွက်စာတမ်းတွေကို ယူလိုက်ပြီး ပြန်ပြောလာသည်။ "ကောင်းပြီ၊ ခဏနေကျရင်ကြည့်လိုက်မယ်၊ မေးစရာတွေရှိရင် မင်းဆီ မက်ဆေ့ခ်ျပို့လိုက်မယ်"
စုန့်အာ့နန်လည် "အို့" လို့ပြန်တုံ့ပြန်လိုက်ပြီး နောက်တော့ "ဒါဆို ဘာမှမရှိတော့ရင် ကျွန်မ အရင်သွားတော့မယ်နော်"
ကျင့်ဝမ်ကျင်းက လက်ရမ်းပြလိုက်ပြီး "အလျင်စလိုမသွားနဲ့ဦး၊ ဆရာ မင်းကိုမေးစရာရှိသေးတယ်"
စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး "ဘာများလဲ၊ ပါမောက္ခ?"
ကျင့်ဝမ်ကျင်းက အပြုံးနဲ့အတူ မေးလိုက်သည်။ "အာ့နန်၊ ဆရာက မင်းမှာ တကယ်ရည်းစားရှိနေတယ်လို့ မထင်ထားမိဘူး"
ဒီအကြောင်းကိုကြားတော့ စုန့်အာ့နန်မှာ ချက်ချင်း နည်းနည်းရှက်သလို ခံစားလိုက်ရသည်။ သူမက ခေါင်းကုတ်လိုက်ပြီး "ဟုတ်တယ်၊ ကျွန်မမှာ ရည်းစားရှိနေတာ"
ကျင့်ဝမ်ကျင်းက ထပ်မေးပြန်သည်။ "မင်းက နှစ်နှစ်လောက် နိုင်ငံခြားသွားရမှာ။ မင်းကောင်လေးကရော အဲ့ဒါကိုအားပေးလား?"
စုန့်အာ့နန် ခေါင်းညိတ်လိုက်ပြီး "သူ အားပေးပါတယ်"
"သူ မင်းကို အားပေးတယ်ဆိုတော့ ကောင်းတာပေါ့" ကျင့်ဝမ်ကျင်းက စနောက်သလိုပြောလာသည်။ "အွန်လိုင်းပေါ်က ပုံတွေကို ကြည့်ရရင်၊ မင်းရဲ့လူက တော်တော်ကြည့်ကောင်းတာ။ မင်းမှာ အမြင်ကောင်းရှိတာပံ"
ဒီလိုမျိုး စခံထိတော့ စုန့်အာ့နန်မှာ ပိုရှက်လာပြီး ရုံးခန်းထဲကနေ အမြန်ထွက်လာလိုက်တော့သည်။
သူမ တံခါးအပြင်ကို ခြေချလိုက်တာနဲ့ ကျန်းဖန်နဲ့သွားတိုးသည်။
စုန့်အာ့နန် တစ်ခဏလောက် တန့်သွားပြီး နောက်တော့ ပြောလိုက်သည်။ "စီနီယာအစ်ကို ကျန်းဖန်၊ အစ်ကိုလည်းပါမောက္ခကိုလာရှာတာလား?"
ကျန်းဖန်လည်း ဟုတ်မှန်ကြောင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ "ဦးလေးက ကိုယ်နဲ့ တွေ့စရာရှိလို့တဲ့"
စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်ပြီး "ပါမောက္ခအထဲမှာရှိတယ်၊ ဝင်သွားလိုက်ပါ"
ဒီလိုပြောပြီးတာနဲ့ စုန့်အာ့နန်က ကျန်းဖန်ကို ခေါင်းနည်းနည်းညိတ်ပြပြီး ထွက်သွားလိုက်သည်။
ကျန်းဖန်တစ်ယောက် ကျင့်ဝမ်ကျင်းရဲ့ ရုံးခန်းထဲမဝင်ခင် စုန့်အာ့နန် ပုံရိပ်လေး ပျောက်သွားတဲ့အထိ ကြည့်နေလိုက်သည်။
"မင်းအပြင်မှာ အာ့နန်နဲ့ တွေ့လိုက်လား?" ကျင့်ဝမ်ကျင်းကမေးလိုက်သည်။
ကျန်းဖန်က ခေါင်းညိတ်ပြလိုက်ပြီး "အင်း၊ တံခါးဝမှာတွေ့တာ"
ကျင့်ဝမ်ကျင်းက ကျန်းဖန် ပခုံးကိုပုတ်လိုက်ပြီး "မေ့လိုက်တော့၊ အာ့နန်မှာ အခုကောင်လေးရှိနေပြီ။ သူတို့ကိုကြည့်ရတာ အရမ်းချစ်ကြတဲ့ပုံပဲ။ မင်းရဲ့ခံစားချက်တွေကို မင်းလည်း ထိန်းသင့်တယ်"
ကျန်းဖန်က တစ်ခဏလောက် တန့်သွားပြီး နောက်တော့ ရှုံ့မဲ့မဲ့နဲ့ပြုံးကာ ခေါင်းညိတ်လိုက်သည်။
အမှန်တော့၊ သူသဘောပေါက်သင့်တာ ကြာပြီဖြစ်သည်။ သူမကို သူဖွင့်ပြောလိုက်ပြီးကတည်းက စုန့်အာ့နန်က သူနဲ့အကွာအဝေးတစ်ခု ခြားထားလိုက်သည်။ သူ သဘောမပေါက်စရာ ဘာရှိသေးလို့လဲ?
သူက နည်းနည်းအရှုံးမပေးချင်ရုံပင်။ သူမ စင်ဂယ်ဖြစ်နေသရွေ့ သူ့မှာအခွင့်အရေးရှိသေးသည်။
ဒါပေမယ့် အခုတော့၊ လက်လွတ်ပေးဖို့ အချိန်တကယ်လိုသည်။ ဒါ့ပြင်၊ စုန့်အာ့နန် ဘွဲ့ရပြီးလို့ သူတို့နှစ်ယောက်လုံး ဆေးရုံတစ်ခုထဲမှာပဲ အလုပ်လုပ်ရရင် သူမ သူ့ကို အမြဲရှောင်နေအောင် သူလုပ်မှာတဲ့လား?
.......
ပြည်ပသွားဖို့ ပြင်ဆင်မှုတွေက ပြီးစီးလုနီးပါ းဖြစ်နေပြီပင်။
မေလကုန်တွင်၊ စုန့်အာ့နန်ရဲ့ ၂၁နှစ်မြောက် မွေးနေ့က မကြာခင် ရောက်လာတော့မည် ဖြစ်သည်။
အလုပ်ကြောင့် စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့မှာ ပြည်ပကနေ ပြန်လာလို့မရပေ။ စုန့်လင်းချွမ်လည်း ဒရာမာဇာတ်လမ်းတွဲနဲ့ ရှုပ်နေသည်။
ကံကောင်းထောက်မစွာနဲ့ ဖေးခွမ်ကတော့ သူ့ရဲ့ နောက်ဆုံးဒရာမာကို ရိုက်ကူး ပြီးစီးသွားတဲ့အတွက် သူမရဲ့မွေးနေ့ကို အတူကျင်းပပေးနိုင်သည်။
သို့ပေမယ့်၊ သူတို့က စုံတွဲလိုက် တစ်နေ့တာလုံး ကုန်ဆုံးဖို့ မစီစဉ်ထားပါချေ။
နောက်လမှာ စုန့်အာ့နန်က နိုင်ငံခြားသွားရမှာကြောင့် သူမက သူမရဲ့သူငယ်ချင်းတွေကို ဖေးခွမ်နဲ့မိတ်ဆက်ပေးချင်သည်။
သူမတို့ အဆောင်ခန်းမှာ စည်းမျဉ်းတစ်ခုရှိသည်။ သူတို့ထဲမှာ တစ်ယောက်ယောက်က ရည်းစားရှိရင် သူနဲ့အတူ လူတိုင်းက တစ်ခါလောက် အပြင်ထွက်စားရမည်ဖြစ်သည်။
လူသိရှင်ကြားမဖြစ်ခင်က အဆင်ပြေပေမယ့် အခုတော့ သူမတို့အချစ်ရေးက ပွင့်ပွင့်လင်းလင်း ဖြစ်သွားတာကြောင့် သဘာဝအရ စုန့်အာ့နန်လည်း ဒီစည်းကမ်းကိုလိုက်နာရမည်ပင်။ ဒီတော့ တခြားသူတွေနဲ့ ဆွေးနွေးပြီးသွားတော့ သူတို့က သူမရဲ့မွေးနေ့မှာ တွေ့ဖို့ ဆုံးဖြတ်လိုက်သည်။
စုန့်အာ့နန်ရဲ့ မွေးနေ့မှာ ဖေးခွမ်က အဆင့်မြင့်စားသောက်ဆိုင်တွင် သီးသန့်ခန်းတစ်ခန်း ကြိုမှာထားလိုက်သည်။
လီစစ်ရွှေ့ကလွဲရင် ချန်ခယ့်နဲ့ ချိုက်ရှောက်တိတို့အတွက် ဖေးခွမ်နဲ့ လူချင်းတွေ့ရတာက ပထမဦးဆုံးအကြိမ်ဖြစ်တဲ့အတွက် သူတို့က သိချင်စိတ်လည်းဖြစ်နေကြသလို နည်းနည်းလည်း စိတ်လှုပ်ရှားနေကြသည်။
သိချင်စိတ်ဖြစ်တာက ဘာကြောင့်လဲဆိုတော့၊ ချန်ခယ့်ရဲ့စကားတွေအရ ဒါက တကယ့် နာမည်ကြီး တစ်ယောက်နဲ့ ပထမဆုံးအကြိမ်တွေ့ရမှာဖြစ်သည်။
စိုးရိမ်ရတာကတော့၊ ဒီနာမည်ကြီးက စုန့်အာ့နန်ရဲ့ ကောင်လေးဖြစ်တဲ့အတွက် သူမရဲ့သူငယ်ချင်းတွေအနေနဲ့ သူမကို အရှက်ကွဲစေမှာစိုးတာကြောင့်ပင်။
ဒါကြောင့်၊ သူတို့သုံးယောက် သီးသန့်ခန်းထဲ ဝင်လာကတည်းက လုံးဝကိုတောင့်တင်းနေကြသည်။
သူတို့ရဲ့ "ဟန်မပျက်ဂုဏ်ကျက်သရေ" ရှိတဲ့ ပုံစံတွေကြောင့် စုန့်အာ့နန်မှာ ပထမဆုံးတွေ့ကတည်းက ရယ်မိတော့သည်။
သူမက စနောက်ကာ မေးလိုက်သည်။ "ဒါက နင်တို့အတွက် မပင်ပန်းဘူးလား?"
ချိုက်ရှောင်တိက သူမကို တိတ်တဆိတ် စိုက်ကြည့်ပေးလိုက်သည်။
သေချာပေါက် ပင်ပန်းတာပေါ့! ကျေးဇူးကန်းတဲ့ကောင်မလေး၊ သူတို့က သူမအတွက် လုပ်ပေးနေတာမဟုတ်ဘူးလား?
လီစစ်ရွှေ့က ပထမဆုံး အသံထွက်လာသည်။ သူမက မဆင်မခြင်ပြောလိုက်သည်။ "ကောင်းပြီ၊ အစကတော့ ငါတို့က နင့်အတွက် အထင်ကြီးအောင် လုပ်ပေးဖို့ ကြိုးစားနေတာ။ ဒါကို နင်က စလာကတည်းက နေရာကိုပြောင်းပြန်လှန်ဖို့ လုပ်နေတာပဲ"
ဒါကိုမြင်တော့ ချန်ခယ့်နဲ့ ချိုက်ရှောင်တိလည်း ကောင်းကောင်းမွန်မွန် ပြုမူနေတာကို ရပ်လိုက်တော့သည်။
ဖေးခွမ်က ခပ်ဟဟရယ်လိုက်ပြီး "အကုန်လုံးက သူငယ်ချင်းတွေပဲလေ၊ အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး"
"ဒါ့ပြင်၊ ကိုယ့်ဘက်ကပဲ စိတ်လှုပ်ရှားနေသင့်တာမဟုတ်ဘူးလား?"
မိန်းကလေးသုံးယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ယောက်နဲ့တစ်ယောက် တူညီတဲ့အမြင်တွေကို ချက်ချင်းဆုပ်ကိုင်လိုက်ကြသည်။
အမှန်ပဲ၊ သူတို့ဒီနေ့ဆုံရတဲ့ရည်ရွယ်ချက်က စုန့်အာ့နန်အတွက် သူ့ကိုစစ်ဆေးပေးဖို့လေ။ စိုးရိမ်နေသင့်တဲ့သူက သူပဲဖြစ်သင့်တာပေါ့။
ဒါကို စဉ်းစားကြည့်လိုက်တော့၊ သူတို့သုံးယောက်က ချက်ချင်း ခါးဆန့်လိုက်ကြသည်။
ဖေးခွမ်က ဒီလိုအခြေအနေမျိုးမှာ အမြဲတမ်း သက်သောင့်သက်သာရှိသည်။ သူက စကားအနည်းငယ်ပြောပြီး လူတိုင်းကို သက်သောင့်သက်သာရှိအောင် လုပ်ပေးသည်။
သီးသန့်ခန်းထဲရှိ လေထုကလည်း ပြေလျော့သွားသည်။
စားပွဲထိုးက ဟင်းပွဲတွေကို အမြန်သယ်လာပြီး လူတိုင်းက စားသောက်ရင်း စကားစမြည်ပြောကြသည်။
သေချာပေါက်၊ အများစုမှာ စုန့်အာ့နန်နဲ့ ကောင်မလေးတွေပြောကြတာပင်။ ဖေးခွမ်က စုန့်အာ့နန်ဘေးမှာတစ်ချိန်လုံးထိုင်နေပြီး တစ်ခါတစ်လေ သူမအတွက် အစားအသောက်တွေ ထည့်ပေးတတ်သည်။
အကြောင်းအရာက သူ့ဆီရောက်လာရင် သူက စကားလုံးတချို့နဲ့ စကားစမြည်ပြောပေးသည်။
စားသောက်ပြီးသွားတော့၊ ဖေးခွမ်က သူ့ဘေးနားရှိ ကိတ်မုန့်ကိုယူလိုက်ပြီး ဖယောင်းတိုင်ထွန်း၊ မွေးနေ့သီချင်းဆိုကာ စုန့်အာ့နန်ကို ဆုတောင်းခိုင်းပြီး ဖယောင်းတိုင်မီးမှူတ်စေသည်။ ဖြစ်စဉ်တစ်ခုလုံးက ချောချောမွေ့မွေ့နဲ့ ပြီးသွားသည်။
လီစစ်ရွှေ့နဲ့ ကျန်တဲ့သူတွေက သူမကို လက်ဆောင်ပေးပြီးသွားတော့ ဖေးခွမ်လည်း လက်ကိုင်အိတ်တစ်လုံးထုတ်လာခဲ့သည်။
သူတို့က သူစုန့်အာ့နန်ကို လက်ဆောင်ပေးတော့မယ်လို့ ထင်နေတုန်းမှာဘဲ မမျှော်လင့်ထားစွာနဲ့ သူက အထဲကနေ လက်ဆောင်ဘူးသုံးဘူးကို ထုတ်လိုက်ပြီး လီစစ်ရွှေ့၊ ချန်ခယ့်နဲ့ ချိုက်ရှောင်တိတို့အရှေ့မှာ ထားလိုက်သည်။
သုံးယောက်သား အံ့ဩသွားပြီး ရှင်းရှင်းလင်းလင်းကိုဘဲ မတုံ့ပြန်မိသေးပေ။
လီစစ်ရွှေ့က မဝံ့မရဲနဲ့မေးလိုက်သည်။ "ဒါက စုန့်အာ့နန်အတွက် လက်ဆောင်ကို ကျွန်မတို့ သုံးယောက်ကို စစ်ကြည့်ခိုင်းတာလားဟင်?"
ဖေးခွမ်က ပြုံးကာ ခေါင်းခါလိုက်ပြီး "ကိုယ် အာ့နန်ကို လက်ဆောင်ပေးပြီးသွားပါပြီ။ ဒါတွေက မင်းတို့အတွက်လက်ဆောင်ပါ"
သုံးယောက်သား အံ့ဩသွားကြသည်။ "ကျွန်မတို့ အတွက်ပါ လက်ဆောင်တွေ ပြင်လာတယ်ပေါ့လေ?"
ဖေးခွမ်က ဟုတ်မှန်ကြောင်း အသံပြုလိုက်ပြီး "မင်းတို့သုံးယောက် အာ့နန်ကို ဂရုစိုက်ပေးတဲ့အကြောင်း သူပြောပြောနေတာ အမြဲတမ်းကြားတယ်။ သူက စတိုင်တွေရွေးပေးတာလေ။ ဒါက ကိုယ်နဲ့ အာ့နန်တို့ရဲ့ လက်ဆောင်အဖြစ် သတ်မှတ်လိုက်ပေါ့"
ချန်ခယ့်က အမြန်လက်ခါလိုက်ပြီး မျက်နှာပူစွာနဲ့ပြောလိုက်သည်။ "မလိုပါဘူး၊ မလိုပါဘူး၊ ကျွန်မတို့က လုပ်သင့်တာကို လုပ်တာပါ"
ဖေးခွမ်က ဘာမှပြန်မပြောတော့ဘဲ စုန့်အာ့နန်ကိုလှည့်ကြည့်လိုက်ကာ သူတို့ကို နားချဖို့ သူမကို အချက်ပြလိုက်သည်။
စုန့်အာ့နန်လည်း သူတို့သုံးယောက်ကို အပြုံးနဲ့ကြည့်လိုက်ပြီး "ဒီတိုင်းယူလိုက်ပါ၊ အဲ့ဒါတွေက လေးခုတွဲလက်ကောက်တွေဘဲ၊ အခု ငါတို့အဆောင်ခန်းက လေးယောက်လုံးမှာ စုံတွဲလက်ကောက်တွေရှိပြီလေ"
သူမက ပြောရင်းနဲ့ သူမရဲ့လက်ကောက်ဝတ်ကို မြှောက်ပြလိုက်သည်။ "ကြည့်၊ ငါ့မှာလည်းတစ်ခုရှိတယ်။ နောက်ဆို ငါတို့ အတူတူဝတ်လို့ရပြီ"
ဒီ brand ကို လီစစ်ရွှေ့သိသည်။ အဲ့ဒါက ပေါ့ပေါ့ပါးပါးဇိမ်ခံအမှတ်တံဆိပ်တစ်ခုဖြစ်သည်။
သူတို့ပစ္စည်းတွေက အရမ်းဈေးမကြီးသလို အတိအကျကြီး ဈေးလည်းမပေါပါချေ။ ဒါတွေကို လက်ခံလိုက်တာက ကြီးကြီးမားမားကိစ္စတော့ မဟုတ်ပေ။
ပေးတဲ့လူရဲ့ စိတ်ကို မြင်ရင်ရပြီဖြစ်သည်။
လီစစ်ရွှေ့က ချန်ခယ့်နဲ့ ချိုက်ရှောက်တိကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒီလိုဆိုမှတော့လည်း လက်ခံလိုက်ကြတာပေါ့"
သူတို့နှစ်ယောက်လည်း ခေါင်းညိတ်လိုက်ကြသည်။ စုန့်အာ့နန်က ဒီလိုပြောလာမှတော့ သူတို့သာ ဆက်ပြီးငြင်းနေရင် မယဉ်ကျေးရာ ရောက်လိမ့်မည်ပင်။
သုံးယောက်သား ဖေးခွမ်ကို ကျေးဇူးတင်လိုက်ပြီး လက်ဆောင်တွေကို ထားထားလိုက်ကြသည်။
လက်ဆောင်တွေ ရပြီးသွားတော့ သူတို့တွေ ကိတ်ခွဲကြသည်။ အချိန်ရှိသေးတဲ့အတွက် ဘယ်သူမှ အမြန်မလိုနေပေ။ သူတို့တွေက စားသောက်ရင်း စကားစမြည်ပြောကြသည်။
အကြောင်းအရာက စုန့်အာ့နန် နိုင်ငံခြားသွားမယ့်အကြောင်းဆီ ရောက်လာသည်။
ချိုက်ရှောင်တိတစ်ယောက် စောစောက နည်းနည်းသောက်ထားတဲ့အတွက် အခုတော့ စတင်ခံစားနေရပြီဖြစ်သည်။ ဒီအကြောင်းကိုကြားတော့ သူမရဲ့အရင်ကောင်လေး နိုင်ငံခြားသွားပြီး ခံစားချက်တွေ ပျက်ပြယ်လာကာ သူတို့လမ်းခွဲခဲ့ရတဲ့ အကြောင်းကို မနေနိုင်ဘဲ တွေးမိလိုက်သည်။
သူမက ရုတ်တရက် ဖေးခွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ "အာ့နန် နိုင်ငံခြားသွားတဲ့အခါကျရင် ရှင်တို့တွေက အနေဝေးဆက်ဆံရေးဖြစ်သွားမှာ။ အဲ့ဒါက ထိန်းသိမ်းရခက်တယ်။ သူ့ကို မကြာခဏ သွားတွေ့ဖို့ ရှင်ကြိုးစားရမယ်။ ကျွန်မတို့က အာ့နန်ကိုကောင်းကောင်းနားလည်တယ်၊ သူ့အကျင့်စရိုက်က ရိုးရှင်းပြီး သူမကိုယ်ကို အချစ်ထဲမှာ ပြည့်ပြည့်ဝဝမြုပ်နှံထားတာ၊ ဒီတော့ရှင်....."
သူက ရပ်လိုက်ပီး "ရှင် သူ့ကိုသေချာပေါက် စိတ်ပျက်စေလို့မရဘူး"
ဒါက စုန့်အာ့နန် နိုင်ငံခြားသွားရမယ်လို့ သိပြီးကတည်းက ချိုက်ရှောင်တိရဲ့ အကြီးမားဆုံး စိုးရိမ်မှုဖြစ်ပြီး သူမ မူးနေတုန်းမှာ ထုတ်ပြောလာသည်။
ဖေးခွမ်လည်း ရပ်သွားသည်။ သူ ရုတ်တရက် သဘောပေါက်လိုက်သည် - ဒါ အရင်က စုန့်အာ့နန်ပြောပြခဲ့တဲ့ သူမရဲ့ကောင်လေးက နိုင်ငံခြားသွားပြီး နောက်တော့ ခံစားချက်တွေ ပျောက်ကွယ်လာလို့ လမ်းခွဲသွားခဲ့ရတဲ့အခန်းဖော်ဖြစ်ရမည်။
လီစစ်ရွှေ့နဲ့ ချန်ခယ့်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး နောက်တော့ ချိုက်ရှောင်တိကို အမြန်ဆွဲကာ တီးတိုးပြောလိုက်သည်။ "ရှောင်တိ၊ ဘာလို့ ဒီဟာတွေပြောနေတာလဲ?"
သူမ ဘာကိုဆိုလိုလဲဆိုတာ သူတို့ကောင်းကောင်းသိသည်၊ အခုချိန်မှာ ဒီအကြောင်းပြောတာက ရှင်းရှင်းလင်းလင်းကို မသင့်တော်ပါချေ။ သူတို့နှစ်ယောက်က အဆင်ပြေနေတာကို ဘာလို့ အနေဝေးဆက်ဆံရေးက ထိန်းသိမ်းဖို့ခက်တယ်ဆိုတဲ့အကြောင်းပြောလာရတာလဲ?
ပြီးတော့ ဖေးခွမ်ကို စိတ်ပျက်အောင် မလုပ်နဲ့လို့ ပြောလိုက်တာက သူ့ကိုမကောင်းတဲ့ အကောင်ဖြစ်အောင်လုပ်လိုက်သလိုပင်။
သူမမှာ ပြောစရာရှိရင်လည်း စုန့်အာ့နန်နဲ့ဘဲ သီးသန့်ပြောသင့်တာပေါ့။
လီစစ်ရွှေ့က ကိုးရိုးကားရားနိုင်စွာ ပြောလိုက်သည်။ "ဒီဟာအတွက် တောင်းပန်ပါတယ်၊ သူက တခြားဘာကိုမှ ဆိုလိုချင်တာမဟုတ်ပါဘူး၊ ဒီတိုင်း..."
ဖေးခွမ်က သူတို့ကိုပြုံးပြလိုက်ပြီး "ရပါတယ်"
"စိတ်မပူပါနဲ့၊ အဲ့ဒါက အနေဝေး ဆက်ဆံရေး မဖြစ်ပါဘူး၊ ကိုယ်လည်း သွားမှာလေ"
သုံးယောက်သား - "???"
စုန့်အာ့နန်လည်း လုံးဝကို အံ့အားသင့်စွာနဲ့ ဖေးခွမ်ကို လှည့်ကြည့်လာသည်။
သူလည်း သွားမှာတဲ့
ဘာကို ဆိုလိုချင်တာလဲ?!