အခန်း (၁၃၅)
Vol. 11 Ch. 135
ဖေးခွမ် စားပွဲအောက်ကနေ စုန့်အာ့နန်လက်ကို ကိုင်ပြီး သူမကိုပြုံးပြလိုက်သည်။
"ကိုယ် အခုထိ အာ့နန်ကိုပြောဖို့ အခွင့်အရေးမရသေးလို့။ ကိုယ်လည်း နောက်ထပ် အချိန်အတိုင်းအတာတစ်ခုအထိ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုတဲ့အကြောင်း ဒီနေ့ အဲ့ဒါကိုပြောပြမလို့ အခွင့်အရေးရလိုက်တာ"
စုန့်အာ့နန် မျက်လုံးတွေက ပြူးကျယ်လာသည်။ "ဘယ်လို? ရှင်လည်း နိုင်ငံခြားသွားမှာ!"
ဖေးခွမ်က ခပ်တိုးတိုးရယ်လိုက်ပြီး "အမှန်ပဲ၊ လျှောက်ထားတဲ့ကျောင်းကိုလည်း အတည်ပြုပြီးပြီ။ မင်းရဲ့ဓာတ်ခွဲခန်းနဲ့သိပ်မဝေးဘူး"
"အံ့ဩသွားလား? မမျှော်လင့်ထားဘူးမလား?"
စုန့်အာ့နန် - "...."
ဒါက ဘယ်လို အံ့ဩ မမျှော်လင့်ထားစရာလဲ?
သူဘယ်တုန်းက ဆုံးဖြတ်လိုက်တာလဲ? အရမ်းရုတ်တရက်ဆန်လိုက်တာ။
"ရှင့်ရဲ့အလုပ်ကရော?" သူမက သိသိသာသာကိုစိုးရိမ်နေသည်။
"စိတ်မပူပါနဲ့၊ အဲ့ဒါတွေအားလုံး စီစဉ်ပြီးပြီ" ဖေးခွမ်က သူမလက်ကို တင်းတင်းကိုင်ပြီး တိုးတိုးလေးပြောလိုက်သည်။ "ကိုယ်တို့ အိမ်ပြန်ရောက်ရင် ရှင်းပြပေးမယ်"
ဒီတော့မှ သူမတို့တွေအနေနဲ့ လူမြင်ကွင်းမှာ ဆွေးနွေးနေတာ မသင့်တော်မှန်း စုန့်အာ့နန်သတိရသွားသည်။ သူမကနှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
သူမတို့ အဖွဲ့ စားသောက်ဆိုင်ကနေ ထွက်လာတော့ ၉နာရီကျော်နေပြီဖြစ်သည်။
ဒီနေ့၊ ဖေးခွမ်က စုန့်အာ့နန်နဲ့ သူမသူငယ်ချင်းတွေကို ပြန်လိုက်ပို့ဖို့ SUV အကြီးကို ရည်ရွယ်ချက်ရှိရှိထုတ်စီးလာတာဖြစ်သည်။
ကောင်မလေးသုံးယောက်ကို ကျောင်းဂိတ်ပေါက်မှာ ချပေးပြီးသွားတော့ ဖေးခွမ်နဲ့ စုန့်အာ့နန်လည်း အိမ်ကိုတန်းပြန်လိုက်ကြသည်။
စုန့်အာ့နန်က အပြန်လမ်းမှာလည်း ထိန်းထားသည်။ အိမ်ပြန်ရောက်တာနဲ့ သူမ ထပ်ပြီး မထိန်းထားနိုင်တော့ပေ။
"ရှင်ဘာလို့ ရုတ်တရက်ကြီး နိုင်ငံခြားသွားမှာလဲ? အဲ့ဒါက အနေဝေးဆက်ဆံရေးက ကျွန်မတို့ ဆက်ဆံရေးကို သက်ရောက်စေလိမ့်မယ်လို့ အရင်က ကျွန်မပြောခဲ့တာကြောင့်လား?"
"မဟုတ်ဘူး၊ အဲ့ဒီနေ့က ကျွန်မ အတွေးတိမ်သွားတာ။ ကျွန်မ ထပ်ပြီး မစိုးရိမ်နေခဲ့ပါဘူး။ ကျွန်မ ဒါကို သေချာစဉ်းစားပြီးပြီ၊ အနေဝေးဆက်ဆံရေးက ကိစ္စကြီးမဟုတ်ပါဘူး..."
စုန့်အာ့နန်က ခပ်မြန်မြန်ပြောရင်း သိသိသာသာတုန်လှုပ်နေသည်။
ဖေးခွမ်က လက်ဆန့်ပြီး သူမကို ဆွဲဖက်ကာ ဆိုဖာပေါ်ထိုင်ပြီး သူမကို ဖြည်းဖြည်းချင်း စိတ်ငြိမ်သွားအောင် ပြောလာသည်။ "အာ့နန်၊ စိတ်မလောနဲ့၊ ကိုယ်ပြောတာကို အရင်နားထောင်ပေး ဟုတ်ပြီလား?"
စုန့်အာ့နန်လည်း ငြိမ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
ဖေးခွမ် - "တကယ်တော့၊ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုတာက မစဉ်းစားဘဲ ဆုံးဖြတ်လိုက်တာမဟုတ်ဘူး။ ကိုယ် အဲ့ဒါကို နှစ်အတော်ကြာ စဉ်းစားခဲ့တာ။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းက အတိုင်းအတာတစ်ခုအထိ တိုးတက်နေပြီလေ ဒီတော့ ဒါက အခွင့်အရေးကောင်းပဲ"
ဒါက လိမ်နေတာမဟုတ်ပေ။ လွန်ခဲ့တဲ့နှစ် သူ့အသက်မွေးဝမ်းကြောင်း လမ်းပြောင်းလာကတည်းက ဖေးခွမ်ဟာ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ တွေးထားခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာ ကမောက်ကမတွေဖြစ်သွားပြီး ဒီအစီအစဉ်က နှောင့်နှေးသွားရသည်။
စုန့်အာ့နန်ကတော့ အပြည့်အဝ မယုံနိုင်သေးပေ။ "တကယ်လား?"
ဖေးခွမ်က ရယ်လိုက်ပြီး "ဒါပေါ့ အမှန်ပဲ"
သူက သူမလက်ကို ကိုင်လိုက်ပြီး တိုးတိုးချင်းပြောရင်း ငုံ့ကြည့်လာသည်။ "ကိုယ် တက္ကသိုလ် မတက်ခဲ့ရဘူး။ ဒါက ပြန်ပြင်ဆင်ဖို့ အခွင့်အရေးကောင်းပဲ။ စာလေ့လာပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်မယ်။ ပြီးတော့၊ ကိုယ်တို့လည်းမခွဲရတော့ဘူး။ ဒါက win-win ပဲလေ။ မင်းလည်း ကိုယ့်ကို ဒီအခွင့်အရေးကို လက်လွတ်မခံစေချင်ဘူးမလား?"
စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး မျက်လုံးတွေက တောက်ပလာသည်။
သူက အကြောင်းပြချက်တွေ အများကြီး ပေးခဲ့ပေမယ့် စုန့်အာ့နန်လည်း မအပါချေ။ သူ့ရဲ့ဆုံးဖြတ်ချက်က သေချာပေါက် သူမနဲ့အတူရှိဖို့ဖြစ်ပြီး သေးငယ်တဲ့အစိတ်အပိုင်းမဟုတ်ပါချေ။
"အဲ့ဒါက ရှင့်အလုပ်ကို တကယ်မထိခိုက်စေဘူးလား?" စုန့်အာ့နန်က စိတ်ပူနေတုန်းပင်။
ဘာပဲဖြစ်ဖြစ်၊ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူဘယ်လောက်ခက်ခဲခဲ့လဲဆိုတာကို သူမ မျက်မြင်တွေ့ခဲ့ရသည်လေ။
ဖေးခွမ်က ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့၊ ကိုယ့် အေးဂျင့်နဲ့ ကိုယ့်အဖွဲ့က ကိုယ့်ကိုကျောထောက်နောက်ခံ ပေးထားပါတယ်။ ဒါက ကိုယ့်စိတ်ဆန္ဒအတိုင်း ဆုံးဖြတ်လို့ရတာမဟုတ်ဘူးလေ။ သူတို့ဘက်ကလည်း ပရော်ဖက်ရှင်နယ်အကဲဖြတ်တာတွေ လုပ်ပြီးပြီဆိုတော့ ပြဿနာမရှိဘူး"
စုန့်အာ့နန် နည်းနည်း စိတ်အေးလာသည်။ "ဒါဆို ရှင့်အေးဂျင့်ရော ဘာပြောလဲ?"
သူမက လီတုန်နဲ့ သိပ်မဆက်ဆံဖြစ်ပေမယ့် လွန်ခဲ့တဲ့နှစ်နှစ်လောက်က ကျန်းဟန်နဲ့ ရင်းနှီးခဲ့တာကြောင့် သူ့ရဲ့ကျွမ်းကျင်မှုနဲ့ အကဲဖြတ်မှုကို ယုံကြည်သည်။
ဖေးခွမ်က ချောချောမွေ့မွေ့နဲ့ ဖြေလာသည်။ "သေချာပေါက် သူလည်း အားပေးတာပေါ့"
"သူ့ ကိုယ့်ကို စာလေ့လာဖို့ အခွင့်အရေးယူပြီး ကိုယ့်ရဲ့သရုပ်ဆောင်အရည်အချင်းတွေကို တိုးတက်အောင်လုပ်ဖို့ အမြဲတမ်းပြောနေတာ။ မင်း ကိုယ့်ကို မယုံရင် သူ့ကိုမေးလို့ရတယ်"
ဒါကိုကြားတော့၊ စုန့်အာ့နန် လုံးဝကိုစိတ်ချသွားသည်။ "ဒါဆို ကောင်းတာပေါ့"
အဲ့ဒီအချိန်၊ ဖေးခွမ်ရဲ့ရုတ်တရက် နိုင်ငံခြားမှာကျောင်းသွားတက်မယ့် ဆုံးဖြတ်ချက်ကြောင့် သူ့ရဲ့အစီအစဉ်တွေကို ပြန်လုပ်ရင်း အချိန်ပိုဆင်းနေရတဲ့ လီတုန်မှာ နားမလည်နိုင်လောက်အောင် နှာချေမိတော့သည်။
ဖေးခွမ်က သူ့နောက်ကွယ်မှာ သူ့ကိုအပြစ်ပုံချနေမှန်းသိရင်တော့ သူသေချာပေါက် 'အရှက်မရှိဘူး' လို့ အော်မိမှာပဲ!
အမှန်ပဲ၊ အရင်က ဖေးခွမ်ကို စာလေ့လာပြီး တိုးတက်အောင်လုပ်ဖို့ အခွင့်အရေး ယူသင့်တယ်လို့ သူအကြံပေးဖူးသည်။ ဒါပေမယ့် သူ့ကိုဒီလိုမျိုး အလျင်စလိုလုပ်ဖို့တော့ သူ မပြောဖူးပါဘူး။
သို့ပေမယ့်၊ ဒါနဲ့ပတ်သတ်ပြီး ဘာမှမလုပ်နိုင်ပါချေ။ သူ့အနုပညာရှင် ခေါင်းမာတာက အဆန်းမဟုတ်ပေ။ အရင်အချိန်တွေက ဖေးခွမ် သူ့ကို နားမလည်နိုင်စွာ ယုံခဲ့တာကိုပြန်စဉ်းစားကြည့်ရင် လီတုန် မနေနိုင်ဘဲ နားမလည်ဖြစ်မိသည်။
ဟမ့်၊ စကားချိုချိုတွေနဲ့ သူ့ရဲ့မကောင်းတာကိုဖုံးကွယ်ထားတာ။ နောက်ဆုံးတော့လည်း သူ့ကောင်မလေးနဲ့ အတူတူရှိဖို့ အဆုံးသတ်သွားတာပဲ။
အိုး ဟုတ်ပါပြီ၊ ဘဝမှာ ပြီးပြည့်စုံတဲ့ ဖြေရှင်းနည်းတွေမှမရှိဘဲ၊ အပေးအယူနဲ့ ရွေးချယ်မှုတွေပဲရှိတာ။
ဒါ့ပြင်၊ ဖေးခွမ်မှာ တရားဝင်သရုပ်ဆောင်ပညာကို မသင်ကြားခဲ့ရပေ။ တင်းကြပ်တဲ့ လေ့ကျင့်မှုအောက်မှာ တစ်နှစ်လောက် နိုင်ငံခြားမှာ စာလေ့လာတာက သူ့ရဲ့သရုပ်ဆောင်လမ်းကြောင်းအတွက် ပိုပြီး အကျိုးရှိမည်ဖြစ်သည်။
လေထုက ရှင်းလင်းသွားတော့၊ သိသိသာသာကိုပဲ စုန့်အာ့နန်မှာပိုပြီး စိတ်လှုပ်ရှားလာကာ အဲ့ဒါနဲ့ပတ်သတ်တဲ့ မေးခွန်းတွေ မရပ်မနားမေးတော့သည်။
စိတ်လှုပ်ရှားတဲ့အခါဆို သူမက ဂနာမငြိမ်ဖြစ်တတ်သည်။
သူတို့က ပွေ့ဖက်ရင်း အတူတူထိုင်နေတာကြောင့် ဒါကဖေးခွမ်အတွက် အရမ်းမခံမရပ်နိုင်ဖြစ်နေရပြီဖြစ်သည်။ သူက သူမကို လက်နဲ့ဖိထားလိုက်ပြီး သတိပေးလိုက်သည်။ "လှုပ်နေတာ ရပ်တော့"
"မင်းဆက်လှုပ်နေရင် ကိုယ် မင်းကို နမ်းတော့မယ်နော်"
စုန့်အာ့နန်က တခစ်ခစ်ရယ်လိုက်ပြီး နည်းနည်းတားမရဖြစ်နေသည်။ သူမဘက်ကနေ သူ့ကိုအရင်စနမ်းလိုက်သည်။
"ကျွန်မ အရင်နမ်းတယ်"
ဖေးခွမ်မျက်ခုံးတွေက တွန့်ချိုးသွားပြီး သူ့အကြည့်က နည်းနည်းအန္တရာယ်များလာသည်။ "မင်း အရင်ကိုယ့်ကိုဆွတာနော်"
ပြောပြီးတာနဲ့ သူက စုန့်အာ့နန်ကို သူ့အောက်မှာဖိထားလိုက်သည်။
ဒါပေမယ့် သူမကိုနမ်းဖို့ သူငုံ့လိုက်တဲ့အချိန်မှာဘဲ ဘေးနားရှိ ဖုန်းက ရုတ်တရက်မြည်လာသည်။ ကြောက်စရာကောင်းလောက်အောင် အချိန်ကိုက်ကိုခေါ်လာတာပဲ။
စုန့်အာ့နန်က သူ့ကိုအမြန်တွန်းလိုက်ပြီး "ဖုန်းအရင်ကိုင်လိုက်ဦး"
ဖေးခွမ်က တစ်လက်မတောင်မရွှေ့ပေ။ " ပစ်ထားလိုက်၊ ဘယ်သူမှ မကိုင်ရင် ရပ်သွားလိမ့်မယ်"
ဒါပေမယ့် ဖုန်းက သူ့ကို ဆွဖို့ကြံနေတဲ့ပုံနဲ့ မကိုင်မချင်းမြည်နေသည်။
ရွေးချယ်စရာမရှိတော့ဘဲ ဖေးခွမ်မှာ တွန့်ဆုတ်စွာနဲ့ ဖုန်းကိုယူလိုက်ပြီး ခေါ်ဆိုသူIDကို ကြည့်လိုက်တော့ မသိတဲ့နံပါတ်ဖြစ်နေသည်။
သူက ဖုန်းဖြေတာကိုနှိပ်လိုက်ပြီး "ဖေးခွမ်ပါ၊ ဘယ်သူလဲမသိဘူး?"
စုန့်အာ့နန်က သူ့ဘေးမှာထိုင်နေသည်။ ဒါပေမယ့် တစ်ဖက်က ဘာပြောလိုက်လဲ သူမ မသိပေ။ ဖေးခွမ်ရဲ့အမူအရာက ချက်ချင်းပြောင်းသွားပြီး ပုံမှန်မဟုတ်တော့ပေ။
ဖုန်းချပြီးသွားတော့ စုန့်အာ့နန်က စိုးရိမ်တကြီးမေးလိုက်သည်။ "ဘာဖြစ်လို့လဲ? ဘယ်သူခေါ်တာလဲ?"
ဖေးခွမ်က သူမကိုကြည့်လိုက်ပြီး "ရှဲ့မိသားစုက နန်နီ"
စုန့်အာ့နန်မှာ ရှဲ့မိသားစုကို သဘောပေါက်ဖို့ စက္ကန့်တချို့လောက်ကြာသွားသည်။
"တစ်ခုခုဖြစ်လို့လား?"
ဖေးခွမ်က ခေါင်းညိတ်ပြလိုက်ပြီး "အာ့နန်၊ ကိုယ် ခဏလောက်ပြန်သွားရမယ်"
"အခုလား?" စုန့်အာ့နန် အံ့ဩသွားသည်။ "အရေးကြီးလို့လား?"
ဖေးခွမ်က အင်း ဟု ခပ်တိုးတိုးဆိုလိုက်သည်။
စုန့်အာ့နန်လည်း ထပ်မမေးတော့ပေ။ သူမက တိုက်ရိုက်ပြောလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆို ကျွန်မလည်းရှင်နဲ့လိုက်ခဲ့မယ်"
ဖေးခွမ်က တုံ့ဆိုင်းသွားပြီး "ဒီတစ်ခါတော့ ရက်နည်းနည်းလောက် ကိုယ် သွားရလောက်မယ်။ မင်း အချိန်ရှိလား?"
စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။ "အချိန်က ကိစ္စမရှိဘူး။ ဒီတလော ကျွန်မမှာလည်း လုပ်စရာမရှိဘူး"
နှစ်ယောက်သား T City ကို အစောဆုံးထွက်မယ့် လေယာဉ်လက်မှတ်ကို ချက်ချင်းဝယ်လိုက်သည်။
သွားတဲ့လမ်းမှာ၊ ဖေးခွမ်က စုန့်အာ့နန်ကို ရိုးရိုးရှင်းရှင်း အကျဉ်းချုံးရှင်းပြသည်။
ဖုန်းခေါ်လာတဲ့ နန်နီက ဖေးခွမ်ကို ရှဲ့အိမ်ကနေ မောင်းထုတ်ခံလိုက်ရတဲ့ ကျန်းမန်ကိုသွားခေါ်ပေးဖို့ ပြောလာသည်။
ပိုခက်တာက ကျန်းမန်က အတိတ်မေ့သွားပြီး ဘယ်သူ့ကိုမှ မမှတ်နိတော့ဘူးလို့ ပြောလာတာပင်။
"သူက ဘယ်လိုလုပ် အတိတ်မေ့သွားရတာလဲ? တစ်ခုခုကြောင့်များလား?" စုန့်အာ့နန်က မေးလိုက်သည်။
ဖေးခွမ်က ခေါင်းခါလိုက်ပြီး "အခုထိ မသေချာသေးဘူး။ ကိုယ် လောရိကို အရင်သွားခိုင်းထားတယ်။ ကိုယ်တို့ရောက်ရင် အဖြေသိရမှာပဲ"
သူတို့သားအမိက ဆက်ဆံရေး မကောင်းဘူးဆိုတာ စုန့်အာ့နန်သိပေမယ့် ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်က သူစိမ်းမဟုတ်ပေ။ သူ ဒါကို သိပ်ပြီးအရေးမထားတာကြောင့်ဖြစ်မည်။
ဘာပြောရမှန်းမသိတဲ့အတွက် သူမမှာ သူ့လက်ကို ကိုင်ထားပြီး တိတ်တိတ်လေးပဲ နေပေးလိုက်သည်။
ဖေးခွမ်က သူမကိုပြုံးပြလိုက်ပြီး "စိတ်မပူနဲ့ ကိုယ်အဆင်ပြေတယ်"
ရိုးရိုးသားသားပြောရရင် နည်းနည်းအံ့ဩတာကလွဲရင် ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ ဘာမှမခံစားရပါချေ။
သူနဲ့ ကျန်းမန်ဟာ ဘယ်တုန်းကမှလည်း အမေနဲ့သားနှောင်ကြိုးမျိုးမရှိပါချေ။ သူတို့ဆက်ဆံရေးက သူစိမ်းတွေထက်ဝောာင် ပိုဆိုးသည်။ သူပြန်လာရတာက သူမနဲ့ ဥပဒေအရ ဆက်နွယ်မှုရှိတာကြောင့် သူ့မှာတာဝန်ရှိလို့ပင်။
လောရိကို အရင်က သူပြောခဲ့တဲ့အတိုင်း သူနဲ့ ကျန်းမန်ကြားက တစ်ခုတည်းသောအရာမှာ ဥပဒေအရဝတ္တရားရှိရုံပင်။
သူတို့နှစ်ယောက် T City ကို မနက် ၇ နာရီလောက်မှာရောက်သည်။
လေဆိပ်ကနေ ထွက်လာတော့ သူတို့ကိုလာကြိုတဲ့ လောရိကို အပေါက်ဝမှာ တွေ့လိုက်ရသည်။
ကားထဲရောက်တာနဲ့ သူတို့က T Cityရှိ ဆေးရုံဆီ တန်းသွားလိုက်ကြသည်။
"စိတ်မပူနဲ့၊ ငါ သူ့ကိုဆေးရုံပို့လိုက်ပြီးပြီ။ အဲ့ဒီမှာ ငါနဲ့သိတဲ့ ဒါရိုက်တာတစ်ယောက်ရှိတော့ သူ့ကိုအပ်ထားတယ်။ အခု သူ့ကို စမ်းသပ်နေလောက်ပြီ" လောရိက ပြောလိုက်သည်။
ဖေးခွမ်က အင်း လို့ ခပ်တိုးတိုးဆိုလိုက်ပြီး "ဘာဖြစ်ခဲ့လဲဆိုတာ မင်းသေချာသိလား? တစ်ခုခုသိရလား?"
လောရိက ခေါင်းညိတ်ပြလိုက်ပြီး သူ တူးမိခဲ့တာတွေကိုပြောပြလာသည်။
ရှဲ့ဝမ်ထောင်က သူ့ဘာသာသူ လောင်းကစားအကြွေးတွေနဲ့ ရှုပ်နေပြီး ရှဲ့မိသားစုကလည်း ပြန်ဆပ်ဖို့ကြိုးစားနေရင်း ဒေဝါလီခံသွားရသည်။ သူတို့က အစုရှယ်ယာလွှဲပြောင်းခံလိုက်ရပြီး ကုမ္ပဏီ ထိန်းချုပ်သည့်နေရာမှ ထုတ်ပယ်ခြင်း ခံလိုက်ရသည်။ မျိုးဆက်တွေ မွေးထုတ်ခဲ့သည့် ရှဲ့မိသားစုအိမ်တောင်မှ ပေါင်ထားလိုက်ရသည်။
ရှဲ့မိသားစု အကြီးအကဲအိုကြီးဟာလည်း လွန်ခဲ့သည့်နှစ်က ကွယ်လွန်သွားခဲ့ပြီး သူ့မြေးရှဲ့ယင်းနဲ့ သားဖြစ်သူ ရှဲ့ဝမ်ထောင်တို့ကို ကျန်းမန်နဲ့အတူ ရှဲ့မိသားစုထဲ ချန်ထားခဲ့တော့သည်။
ရှဲ့ယင်းက ဖျော်ဖြေရေးလောကထဲတွင် အနုပညာအလုပ်တွေကို ဆက်လုပ်ကိုင်နေဆဲဖြစ်ပြီး သူမရဲ့အသက်မွေးဝမ်းကြောင်းက သိပ်အကောင်းကြီးမဟုတ်ပေမယ့် အဆုံးစွန်ထိ စွမ်းဆောင်နိုင်သေးသည်။
ရှဲ့မိသားစုစံအိမ်မှ ထွက်လာပြီးတဲ့နောက် အခုတော့ ရှဲ့ဝမ်ထောင်နဲ့ ကျန်းမန်တို့က ရှဲ့ယင်းနာမည်အောက်က တိုက်ခန်းတစ်ခုတွင်နေနေကြသည်။ ရှဲ့ယင်းက သူတို့နှစ်ယောက်ကို ဂရုစိုက်ပေးဖို့ နန်နီတစ်ယောက်ကိုလည်း ငှားထားပေးသည်။ သူတို့ရဲ့ဘဝက အရင်ကလောက်နဲ့ မယှဉ်သာပေမယ့် အစားအသောက်နဲ့ နေရေးထိုင်ရေးအတွက်ကိုတော့ ပူစရာမလိုပါချေ။
သို့ပေမယ့် ဒီတလောတွင် ကျန်းမန်က စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိနေကြောင်း စစ်ဆေးသိရှိခဲ့သည်။ အစပိုင်းကတော့ သူမက စိတ်ဓာတ်ကျနေပြီး တခြားသူတွေနဲ့ ဆက်ဆံလိုစိတ် မရှိရာကနေ လူတွေကို မမှတ်မိနိုင်လောက်တဲ့အထိ တဖြည်းဖြည်းဆိုးဝါးလာသည်။
သနားစရာကောင်းတဲ့လင်မယားမှာ ဒုက္ခတစ်ရာလောက်ဝေနေသည်။
ရှဲ့မိသားစုရဲ့ လက်ရှိအခြေအနေနဲ့ဆို စိတ်ကျန်းမာရေးဖြစ်နေတဲ့ လူတစ်ယောက်ကို ဂရုစိုက်ဖို့ ဘယ်လိုလုပ်တတ်နိုင်မှာလဲ? ဒီတော့ သူတို့က သူမကိုမောင်းထုတ်လိုက်ကြသည်။
"ငါ့အထင်တော့၊ သူတို့က သူ့ကို ရှဲ့မိသားစုကနေ မောင်းထုတ်လိုက်တယ်ဆိုတာက မင်းအပေါ်တာဝန်တွေ တွန်းပို့ဖို့ကြိုးစားနေတာပဲ" လောရိကဆိုသည်။
ဖေးခွမ်က အရမ်းကိုတည်ငြိမ်နေသည်။ "ငါလည်း အဲ့ဒီလိုပဲ ထင်တယ်"
ရှဲ့မိသားစုက နန်နီမှာ သူ့ဖုန်းနံပါတ်ရှိနေဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဒါက ရှဲ့မိသားစုလုပ်နေမှန်း သိသာလှသည်။
"ဒါပေမယ့် ဥပဒေအရဆို၊ ရှဲ့မိသားစုမှာလည်း တာဝန်မရှိဘူးလေ" ဖေးခွမ်က ပြောလိုက်သည်။
လောရိနဲ့ စုန့်အာ့နန်တို့ နှစ်ယောက်လုံး ကြောင်အသွားပြီး သူ့ကို အံ့ဩတကြီးကြည့်လိုက်သည်။
လောရိက မေးလိုက်သည်။ "မင်း ဘာကိုဆိုလိုချင်တာလဲ?"
ဖေးခွမ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလာသည်။ "သူတို့ လက်ထပ်မှတ်ပုံတင် မယူထားဘူး။ ဒီတော့ ဥပဒေအရ အိမ်ထောင်ဖက်အဖြစ် သတ်မှတ်လို့မရဘူး"
ရှဲ့မိသားစုက အဲ့ဒီအချိန်တုန်းက ကျန်းမန်ကို သတိထားနေခဲ့ပြီး သူမကို ရှဲ့ဝမ်ထောင်နဲ့ တရားဝင်လက်ထပ်ခွင့်မပေးခဲ့ပါချေ။ ဒါက သူအမြဲသိထားခဲ့တဲ့အရာဖြစ်သည်။
ဒီတော့ နှစ်တွေတစ်လျှောက်လုံး၊ ကျန်းမန်တွင် ချမ်းသာသည့်မိသားစုမှ ဇနီးဆိုသည့် နာမည်သာကျန်ခဲ့သည်။
စုန့်အာ့နန်မှာ လက်ထပ်လက်မှတ်မရှိတာကြောင့် အံ့ဩမိပေမယ့် သူမ ဂရုစိုက်တာကတော့ "သူဘာလို့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားလဲဆိုတာရော သူတို့ပြောပြလား?"
ကျန်းမာတဲ့လူတစ်ယောက်က အကြောင်းပြချက်မရှိဘဲ ဒီလိုဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပေ။
လောရိက ခေါင်းခါလိုက်ပြီး "နန်နီကို သီးသန့်မေးခဲ့ပေမယ့် ဒီတလော ကျန်းမန်က စိတ်ဓာတ်ကျနေတာလို့ပဲပြောတယ်၊ တခြားဘာမှမပြောဘူး"
ဖေးခွမ် အကြည့်အောက်ပို့လိုက်ပြီး ဘာမှမပြောတော့ပေ။
ကျန်းမန်ရဲ့လက်ရှိအခြေအနေအကြောင်း သူအကြမ်းဖျင်းခန့်မှန်းမိသည်။
အမှန်တော့၊ ဒီကိုမလာခင် သူအရင်က သုံးဖူးတဲ့ ဖုန်းနံပါတ်အဟောင်းကို စစ်ကြည့်ခဲ့သည်။ ထင်ထားတဲ့အတိုင်း ကျန်းမန်က မက်ဆေ့ခ်ျတွေ အများကြီးပို့ထားသည်။
အကြောင်းအရာတွေက အခြေခံအားဖြင့် အရင်ကနဲ့ ဘာမှမကွာပါချေ။ အများစုမှာ ဆဲဆိုကြိမ်းမောင်းထားတာတွေဘဲဖြစ်သည်။
အထူးသဖြင့် မက့်ဆေ့ခ်ျတွေက သူနဲ့စုန့်အာ့နန်တို့ဆက်ဆံရေးကို လူသိရှင်ကြား ကြေငြာလိုက်ကတည်းက ပိုပြီးမကြာခဏ ပို့ပို့ထားသည်။
ဒါပေမယ့် ဒီဆဲဆိုမှုတွေကြားတွင် တခြားအရာတွေကို စုဆောင်းနိုင်သည်။
အတိုချုပ်ရသော်၊ သူမက ထိုးနှက်ချက်တွေနဲ့ သူ ကောင်းကောင်းမွန်မွန်ဘး ဖြစ်နေတာကို လက်မခံနိုင်တာဖြစ်သည်။
အမှန်တော့၊ ကျန်းမန်က သူ့ကို သူမရဲ့တစ်ဘဝလုံးနဲ့ ပြိုင်ဆိုင်နေခဲ့တာဖြစ်သည်။ အရင် သူမ ငယ်ရွယ်ချိန် သူ့ရဲ့အဖေကို အချစ်အတွက်နဲ့ လက်ထပ်ခဲ့တုန်းကအချစ်တွေနဲ့ နေ့ရက်တိုင်းဟာတော့ ငြီးငွေ့ဖွယ်ကောင်းလောက်အောင် ပျောက်ကွယ်သွားသည်။
နောက်တော့ သူမက သူမရဲ့သား ဖေးခွမ်နဲ့ ယှဉ်ကာ သူမရဲ့ကံဆိုးမှုတွေအားလုံးကို သူ့အပေါ် ပုံချခဲ့သည်။
နောက်ပိုင်းမှာ၊ သူမဟာ ရှဲ့မိသားစုနဲ့ လက်ထပ်ဖို့အတွက် သူမသားအရင်းကို စွန့်ပစ်ခဲ့သည်။
ဒီနှစ်တွေတစ်လျှောက်လုံး၊ ကျန်းမန်က ဖေးခွမ်ကိုမြင်တိုင်း သူ့ကို သူမရဲ့စိတ်ကူးထဲက ရန်သူတစ်ယောက်အတိုင်း ရှုတ်ချပြောဆိုသည်။
ဒါကြောင့် ရှဲ့မိသားစု ကျဆင်းလာသည်နှင့်အမျှ တစ်ချိန်က သူမဂုဏ်ယူခဲ့တဲ့အရာတွေ ပျောက်ကွယ်သွားချိန်မှာ ဖေးခွမ်က ပိုပိုပြီး ကောင်းကောင်းမွန်မွန်လုပ်ကိုင်နိုင်နေခဲ့သည်။ ဒီရိုက်နှက်ချက်နှစ်ခုက သူမကို ထောင့်နေရာဆီ တွန်းပို့လိုက်တော့သည်။
ကမ္ဘာပေါ်တွင် သူတို့ကလေးတွေကို ရန်သူသဖွယ်ဆက်ဆံသည့်မိဘတွေဟာ သူတို့ကောင်းကောင်းမွန်မွန်လုပ်ကိုင်နိုင်နေသည်ကို မမြင်ချင်ကြတာကိုတော့ လက်ခံရမည်။
စုန့်အာ့နန် အရင်က ပြောခဲ့သလိုဘဲ မိဘနဲ့ သားသမီးကြား ရင်းနှီးမှုရှိဖို့လိုမည်။
သူတို့ဆေးရုံကိုရောက်တော့ ဆရာဝန်က ကျန်းမန်ကိုစစ်ဆေးနေသည်။
တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ ဖေးခွမ်မှာ အထဲကအခြေအနေကိုကြည့်ရင်း နည်းနည်းရှုပ်ထွေးသလိုခံစားလိုက်ရသည်။
စုန့်အာ့နန်က သူ့ဘေးနားရွေ့လာပြီး သူ့လက်ကို အရင်ကိုင်လိုက်သည်။
ဖေးခွမ်က လှည့်မကြည့်လာပေမယ့် သူမလက်ကိုတော့ တင်းတင်းပြန်ဆုပ်ထားသည်။
နှစ်ယောက်သား လက်ချင်းတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြသည်။