အခန်း (၁၃၆)
Vol. 11 Ch. 136
တစ်နေ့လုံးဆေးရုံမှာ သွားလိုက်လာလိုက်လုပ်ပြီးတဲ့နောက် ဆရာဝန်ရဲ့ နောက်ဆုံးစစ်ဆေးချက်မှာ လှုံ့ဆော်မှုကြောင့်ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုဟု ဆိုလာသည်။
ဒီအခြေအနေအတွက် တခြားနည်းလမ်းမရှိချေ။ သူတို့တွေအနေနဲ့ သူမကို ကုသနိုင်ရန်အတွက် စိတ်ကျန်းမာရေးဆေးရုံဆီ တိုက်ရိုက်ပို့ရုံပဲ ရှိတော့သည်။
လောရိက စိတ်ကျန်းမာရေးဆေးရုံနဲ့ ကူညီဆက်သွယ်ပေးပြီး သူတို့ သူမကို ချက်ချင်းသွားပို့လိုက်သည်။
တစ်ညလုံးမအိပ်ရသေးတဲ့ စုန့်အာ့နန်မှာ လမ်းပေါ်တွင် မနေနိုင်ဘဲ အိပ်ငိုက်တော့သည်။ သူမက ဖေးခွမ်ပခုံးပေါ်မှာမှီရင်း အိပ်ပျော်သွားသည်။
ကားက သူတို့သွားမယ့်နေရာကိုရောက်တော့ ဖေးခွမ်က သူမကို မနှိုးလိုက်ချေ။ သူက သူမကိုကားနောက်ခန်းထဲ ညင်ညင်သာသာ လှဲချပေးလိုက်သည်။
ကားထဲကမထွက်ခင်၊ ပြတင်းပေါက်မှန်ကိုလည်း ဟထားပေးလိုက်သည်။ အဲ့ဒီတော့မှ နေရတာအဆင်ပြေမှာဖြစ်သည်။
စိတ်ကျန်းမာရေး ဆေးရုံထဲဝင်သွားတော့ ဆရာဝန်နဲ့ ပရော်ဖက်ရှင်နယ် စောင့်ရှောက်ပေးသူတွေက ကျန်းမန်ကိုအထဲခေါ်သွားပြီး သူမအတွက် အခန်းစီစဉ်ပေးထားသည်။
လုပ်ထုံးလုပ်နည်းတွေ ပြီးသွားတော့ ဖေးခွမ်နဲ့လောရိတို့နှစ်ယောက် အခန်းအပြင်ဘက်က ထိုင်ခုံတွေမှာ ထိုင်လိုက်သည်။
"အန်တီကို မင်းဘာလို့ ဒီခေါ်လာတာလဲ?" လောရိကမေးလိုက်သည်။
ဖေးခွမ် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "အကြောင်းပြချက်မရှိဘူး၊ သူ ဒီကိုလာရမယ့်အချိန်ကျလာလို့"
လောရိက အေးစက်စက်နိုင်စွာ နှာမှုတ်လိုက်သည်။ "ငါ့အရှေ့မှာ လာဟန်ဆောင်မနေနဲ့၊ ငါ မင်းကိုကောင်းကောင်းကြီးသိတယ်။ မင်း ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ၊ မဟုတ်ဘူးလား?"
ဖေးခွမ် အကြည့်အောက်ပို့လိုက်ပြီး သူ့လက်တွေကိုဆုပ်ထားလိုက်ကာ တစ်ခဏလောက် တန့်သွားပေမယ့် ဘာမှမပြောလာပေ။
သူ့ကို ဒီလိုပုံမျိုးနဲ့မြင်ရတော့ လောရိမနေနိုင်ဘဲသက်ပြင်းချလိုက်သည်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ သူ့အတွက် စိတ်အေးသွားသည်။
စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေက စိတ်ရောဂါတစ်မျိုးဖြစ်သည်။ သွေးနီးဆွေမျိုးတစ်ဦးက စိတ်ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိရပါက လူတွေဟာ အဲ့ဒီဟာကို မပြောသင့်သည့်အရာအဖြစ် တားမြစ်ကြသည်။
အထူးသဖြင့် မင်္ဂလာရေးကိစ္စတွေပြောသည့်အခါတွင်ဖြစ်သည်။
ဖေးခွမ်မှာ ဒီလိုအတွေးမျိုး မရှိလောက်ဘူးဆိုတာ လောရိမယုံခဲ့ပေမယ့် သူက စုန့်အာ့နန်ကို အဖြစ်အပျက်တွေအစကနေ အမှန်အတိုင်းပြောပြခဲ့ပြီး သူမကို ဒီကိုပါခေါ်လာခဲ့သေးသည်။
ကံကောင်းထောက်မစွာနဲ့ ကျန်းမန်ရဲ့အခြေအနေက လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ဖြစ်သည်။ ဒါက မျိုးရိုးလိုက်တာမဟုတ်ပေ။
"တကယ်လို့" လောရိက ဖေးခွမ်ကို လှည့်ကြည့်ကာမေးလိုက်သည်။ "တကယ်လို့ အန်တီလေးက မင်းကိုတကယ်လန့်သွားရင် ဘယ်လိုလုပ်မလဲ? မင်းနောင်တရမှာလား?"
ဖေးခွမ်ရဲ့အကြည့်တွေက အဝေးတစ်နေရာရှိ နေရာလွတ်ဆီ ရောက်သွားပြီး သူ့နှုတ်ခမ်းထောင့်တွေက အလိုအလျောက် လှုပ်ရှားသွားသည်။
ဒါက ကောင်းကင်ဘုံက သူ့ဘက်မှာ ရှိနေပေးပုံပေါ်တဲ့ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် သူဂုဏ်ယူမိသည်။
ဒီလိုမှမဟုတ်ရင်၊ ဒီအချိန်မှာ သူ ဘာလုပ်ရမလဲမသိလောက်တော့ပေ။
သူ နောင်တ ရလောက်မလားလို့ လောရိကမေးတယ်။ သူ မသိဘူး၊ ရလောက်တယ်။
ဒါပေမယ့် ဒီလိုဆိုရင်တောင် သူဒီအကြောင်းကို စုန့်အာ့နန်ကို ဖုံးကွယ်ထားလို့မရပေ။ သူမရဲ့ဘဝကို သူမဖျက်စီးနိုင်ဘူး။
ခုနတုန်းက ဆေးရုံမှာ အချိန်အကြာကြီး သူဘာလို့နှောင့်နှေးနေခဲ့ရလဲဆိုတာက ဖေးခွမ်အနေနဲ့ ဒီကိစ္စကို ထပ်ခါတလဲလဲ အတည်ပြုနေတာကြောင့်ဖြစ်သည်။
ကျန်းမန်တွင် စိတ်ရောဂါဖြစ်နေတဲ့ မိသားစုဝင်မရှိပေ။ ဒီနေ့လို သူမဘာလို့ဖြစ်လာရလဲဆိုတာက သူမရဲ့ ကိုယ်ပိုင်ကိစ္စတွေနဲ့ အများကြီးသက်ဆိုင်နေတာကြောင့်ပင်။
ကျန်းမန် ငယ်ရွယ်တုန်းက ဖေးခွမ်ရဲ့အဖေနဲ့ အချစ်ကြောင့်လက်ထပ်ခဲ့ပေမယ့် လက်ထပ်ပြီးတဲ့နောက် မကျေနပ်မှုများကြောင့် သားသမီးနဲ့ အချစ်ဆိုတာက သူမကို ချည်နှောင်ထားသည်လို့ လုံးဝယုံကြည်ခဲ့သည်။
ဒီတော့ မကြာခင်မှာဘဲ သူမက ရှဲ့ဝမ်ထောင်ကို ရွေးချယ်ခဲ့သည်။ သူတို့တွေက လက်ထပ်မှတ်ပုံမတင်ခဲ့ရင်တောင်မှ သူမဟာ ချမ်းသာတဲ့မဒမ်ဆိုတဲ့ နာမည်ကိုရနေဆဲပင်။
ဒါပေမယ့် ကျန်းမန်က ရှေ့နောက်မညီတဲ့လူပင်။ နက်နက်ရှိုင်းရှိုင်းကို သူမဟာ ဖေးခွမ်ရဲ့အဖေကိုချစ်နေသေးတယ်လို့ ခံစားနေရသေးသည်။
ဖေးခွမ်ရဲ့အဖေ ကားမတော်တဆမှုကြောင့် ဆုံးသွားတဲ့အချိန် ကျန်းမန်တစ်ယောက် အဲ့ဒီမြင်ကွင်းကို သူမမျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့ရသည်။ ဒါက သူမရင်ထဲတွင် ကြီးကြီးမားမား စိတ်ဒဏ်ရာအဖြစ် ကျန်ရစ်ခဲ့သည်။
ဒါတွေအားလုံးက အဆင်ပြေသွားလိမ့်မည်ပင်။ ကျန်းမန်က အဆင်မပြေဖြစ်ခဲ့ပေမယ့် ပြိုလဲလုနီးနီးတော့မဖြစ်ခဲ့ပါချေ။ ဒါပေမယ့် ရှဲ့မိသားစု ဒေဝါလီခံရပြီးတဲ့နောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူမ မထိန်းထားနိုင်တော့ပေ။
ဒီတလောကလေးတင်၊ လမ်းပေါ်ရှိယာဉ်တိုက်မှုတစ်ခုကို သူမမျက်လုံးတွေနဲ့ ကိုယ်တိုင်မြင်ခဲ့ရသည်။ အဲ့ဒီနေ့ သူမ အိမ်ပြန်ရောက်တဲ့အခါ သူမအပြုအမူတွေက ပုံမှန်မဟုတ်တော့ပေ။
ဒီဟာက သူမကိုဖြတ်တောက်လိုက်တဲ့ နောက်ဆုံးကောက်ရိုးမျှင် ဖြစ်လိမ့်မည်။
စုန့်အာ့နန် နိုးလာတော့ သူမ ကားထဲမှာရှိနေမှန်းသိလိုက်ရသည်။ ဒါပေမယ့် စိတ်ကျန်းမာရေး ဆေးရုံဝင်ပေါက်ကို မြင်လိုက်မှ ဘာတွေဖြစ်နေလဲဆိုတာကို သူမတဖြည်းဖြည်းနဲ့ သဘောပေါက်လာသည်။
သူမ ဖုန်းကိုင်ထားရင်း ကားထဲကနေထွက်လိုက်ပြီး၊ အစကဖေးခွမ်ကို အရင်ဖုန်းခေါ်ဖို့လုပ်လိုက်သည်။ ဒါပေမယ့် စစ်ဆေးနေတာတွေနဲ့ သူအလုပ်ရှုပ်နေမှာ စိုးတာကြောင့် အထဲဝင်ကြည့်ဖို့ သူမဆုံးဖြတ်လိုက်သည်။
စုန့်အာ့နန် စိတ်ကျန်းမာရေး ဆေးရုံလော်ဘီထဲ ဝင်သွားလိုက်သည်။ အရှေ့ကကောင်တာမှာ သူမ မေးဖို့လုပ်တုန်းမှာဘဲ လောရိကို သူမတွေ့လိုက်သည်။
"ဘယ်တုန်းက နိုးလာတာလဲ?" လောရိကဘမေးလိုက်သည်။ "ဖေးခွမ်ကို ဖုန်းမခေါ်လိုက်ဘူးလား?"
စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "ခုနတုန်းကပဲ နိုးလာတာ၊ သူအလုပ်များနေရင် အနှောင့်အယှက်မပေးချင်တော့လို့"
လောရိက ပြန်ပြောလာသည်။ "ရပါတယ်။ သူ(မ)ကို အခန်းတစ်ခု စီစဉ်ပေးထားတယ်။ သူက သူ(မ)နဲ့ရှိနေတယ်"
"သူတို့ဝင်ခွင့် လုပ်ငန်းစဥ်တွေလည်း ပြီးသွားပြီ။ ငါ့မှာလုပ်စရာရှိလို့ မင်းကိုတော့ အဲ့ဒီကို မခေါ်သွားပေးနိုင်တော့ဘူး။ အခန်းနံပါတ်ပေးသွားလိုက်မယ်လေ။ မင်းဘာသာ သွားလိုက်တော့။ တတိယအထပ်က ညာဘက်ကိုချိုးလိုက်ရင် ပထမဆုံးအခန်းပဲ။ ရှာရအရမ်းလွယ်တယ်"
သူမတို့ စကားပြောပြီးသွားတော့ စုန့်အာ့နန်က တတိယအထပ်ကို သွားလိုက်ပြီး လောရိပြောတဲ့အခန်းနံပါတ်ကိုအမြန်ရှာလိုက်သည်။
ဒါပေမယ့် သူမအခန်းရှေ့ရောက်ရောက်ချင်း အထဲကနေ မိန်းမတစ်ယောက်ရဲ့ ဒေါသပုန်ထကျိန်ဆဲနေတဲ့အသံကို ကြားလိုက်ရသည်။
"ဒါတွေအားလုံး နင့်ကြောင့်ပဲ။ နင်ကြောင့်သာမဟုတ်ရင် ငါ့ဘဝကြီးက ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။ နင် ဒီလောကကြီးမှာ ကောင်းကောင်းမွန်မွန် နေနေရတဲ့အချိန်မှာ ငါကျတော့ ဘာလို့မနေနိုင်ရတာလဲ? တီဗီတွေ၊ လမ်းတွေ ငါကြည့်လိုက်တဲ့နေရာတိုင်းမှာ နင်ကဘာလို့ ပေါ်လာရတာလဲ? နင်ဘာလို့များ အရမ်းအငြိုးကြီးရတာလဲ? ဘာလို့ ဒီတိုင်းမထွက်သွားနိုင်ရတာလဲ? ထွက်သွား...."
ဒါက ကျန်းမန်ရဲ့အသံပင်။
အစေပိုင်းတုန်းက ဆေးရုံတွင်၊ သူမရဲ့ လက်ရှိအခြေအနေက စိတ်မှန်လိုက် ကယောင်ကတမ်းဖြစ်လိုက် ပြောင်းလဲလိမ့်မယ်လို့ ဆရာဝန်ကပြောခဲ့သည်။
ဒီအခိုက်အတန့်မှာ ကျန်းမန်တစ်ယောက် စိတ်မှန်နေလားမ ကြည်နေဘူးလားဆိုတာ စုန့်အာ့နန် မပြောနိုင်တဲ့အတွက် ဝင်သွားရမလား မဝင်ဘဲ နေရမလားဖြစ်နေသည်။
အခန်းထဲတွင် ဒေါသပုန်ထနေတဲ့ ကျန်းမန်ကိုမြင်လိုက်ရတော့ ဖေးခွမ်ရဲ့တည်ငြိမ်နေတဲ့ မျက်နှာတွင်ရွံရှာတဲ့အရိပ်အယောင်တွေ ထွက်လာသည်။
ခုနဆုန်းကတင် ဆရာဝန်က လူနာရဲ့စိတ်အခြေအနေက တည်ငြိမ်နေပြီလို့ဆိုကာ သူ့ကိုခဏလောက် ဝင်ခွင့်ပေးခဲ့တာဖြစ်သည်။ တစ်နေ့လုံး ကယောင်ကတမ်း ဖြစ်နေတဲ့လူက အခုတော့ စိတ်ပြန်မှန်လာလိမ့်မယ်လို့ သူ မထင်ထားပါချေ။
ဆရာဝန်ရဲ့ ကျွမ်းကျင်တဲ့ ဆုံးဖြတ်ချက်ကြောင့်သာမဟုတ်ရင် သူမ ထပ်ပြီးဟန်ဆောင်နေတာလားလို့ သူသံသယဝင်မိလိမ့်မှာပင်။
ကျန်းမန်ရဲ့မျက်လုံးတွေထဲ ရူးသွပ်မှုတွေ ပြည့်နှက်နေသည်။ "ဟားဟားဟား နင့်မှာ ကောင်မလေးရှိတယ်လို့ အွန်လိုင်းပေါ်မှာ ငါဖတ်ခဲ့ရတာ မှတ်မိတယ် အမှန်ဘဲလား? နင့်ကို သဘောကျတဲ့သူကို ဘယ်လိုလုပ် အန္တရာယ်ကျအောင်လုပ်နိုင်ရတာလဲ? သူက နင့်ကိုသနားနေတာဖြစ်မယ်!"
"နင်က တကယ်ကို မင်းအဖေရဲ့သားပဲ။ မိန်းမတွေရဲ့ သနားတာကိုခံဖို့ သနားစရာကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိတာပဲ။ ဒါပေမယ့် သနားတယ်ဆိုတာက အချစ်မဟုတ်ဘူး။ အနှေးနဲ့အမြန် သူလည်း နင့်ကို ပစ်သွားလိမ့်မယ်။ နင်က ဒီလိုသဘောကျခံရဖို့ လုံးဝမထိုက်တန်ဘူး!"
ဖေးခွမ်က ဒီစကားတွေကို အလွန်တည်ငြိမ်စွာနဲ့ တုံ့ပြန်သည်။ အရင်က ကျန်းမန်သူ့ကို ပို့ခဲ့တဲ့မက်ဆေ့ခ်ျတွေကို သူမြင်ပြီးပြီဖြစ်သည်။
အမှန်တော့၊ သွေးသားဆက်ဆံရေးက အရမ်းကို ဆန်းကြယ်တာကိုတော့ သူဝန်ခံရမည်။ ကျန်းမန်က သူ့ရဲ့အားနည်းချက်တွေကို ဘယ်လိုထိုးနှက်ရမလဲဆိုတာ သိသည်။
"သေချာပေါက် မဟုတ်ဘူး" ဖေးခွမ် ပြောလိုက်သည်။ "ဒါက မတော်တဆဖြစ်လိမ့်မယ်"
ကျန်းမန်က သူ့စကားတွေထဲ တစ်ခုခုကို ဖမ်းမိလိုက်ပုံပေါ်ကာ အဓိပ္ပါယ်ပါပါ ရယ်လိုက်သည်။ "ကြည့်လေ၊ နင်ကိုယ်တိုင် ဝန်ခံလိုက်တာပဲ။ သူက နင့်ကိုသနားရုံ ဆိုတာနင်သိသားဘဲ။ နင်က တကယ်စက်ဆုပ်ဖို့ကောင်းတယ်...."
စိတ်ကျန်းမာရေးဆေးရုံအောက်ထပ်တွင် စုန့်အာ့နန်တစ်ယောက် ဗလာကျင်းစွာနဲ့ ထိုင်ရင်း ခုနတုန်းက ကျန်းမန်ပြောခဲ့တာတွေကို တွေးနေမိသည်။
အစောပိုင်းတုန်းက၊ သူမ အချစ်ရေးအကြောင်း သူမယောင်းမသိသွားတော့ စုန့်အာ့နန်ကို သူမပြောခဲ့တဲ့ ပထမဆုံးအရာက သနားတာနဲ့ အချစ် အကြားပိုင်းခြားသိမြင်ရန်နှင့် အဲ့ဒီနှစ်ခုကို မရောထွေးဖို့ပြောခဲ့သည်။
အခု ကျန်းမန်ကလည်း တူညီတဲ့အရာကိုဘဲ ပြောလာသည်။
ပြီးတော့ သူမ ဖေးခွမ်နဲ့တွဲနေတာက သူမက သူ့ကိုသနားတာကြောင့်လို့ ကျန်းမန်ပြောခဲ့သည်။ ဖေးခွမ်ကလည်း ပြန်မငြင်းပေ။
သူလည်း အဲ့ဒါက အမှန်လို့ ထင်နေတာများလား?
စုန့်အာ့နန် အရင်က သူမ သတိမထားမိခဲ့တဲ့ အသေးစိတ်အကြောင်းအရာ အများအပြားကို ရုတ်တရက် တွေးမိသွားသည်။
သူ သူမကို ဖွင့်ပြောတဲ့နေ့တုန်းက သူမကို ပြန်စဉ်းစားပြီး အလျင်စလို သဘောမတူဖို့ သူပြောခဲ့တာ အံ့ဩစရာမရှိတော့ဘူး။
အချိန်မရွေး သူမ စိတ်ကို ပြောင်းနိုင်တယ်လို့လည်း သူပြောခဲ့သေးသည်။
အဲ့ဒီတုန်းက သူ အဲ့ဒါကို ဒီတိုင်းပြောခဲ့တာလို့ သူမအမြဲတမ်း ထင်ခဲ့တာဖြစ်သည်။ သူမ သူ့ကိုလက်ခံလိုက်တယ်ဆိုတာ သူ့အပေါ်သနားတာကြောင့်လို့ သူကအမြဲတမ်း ယုံကြည်ထားမှန်း သူမ မထင်ထားပါချေ။
ဘယ်နေရာက မှားနေလဲဆိုတာ စုန့်အာ့နန်မသိတော့ပါချေ။ ဘာလို့လူတိုင်းက ဒီလိုမျိုးပြောကြတာလဲ။
အထူးသဖြင့် ဖေးခွမ်။ သူမ လုပ်နေတာတွေက မလုံလောက်လို့လား?
-
ကျန်းမန်ကို စိတ်ကျန်းမာရေးဆေးရုံဆီ ပို့ပြီးတဲ့နောက် ဖေးခွမ်နဲ့စုန့်အာ့နန်တို့လည်း သိပ်အကြာကြီး မနေခဲ့ပါချေ။ သူတို့က အဲ့ဒီနေ့မှာဘဲ B City ကို အလျင်စလိုပြန်သွားကြသည်။
ကျန်းမန်ရဲ့လက်ရှိအခြေအနေအရ ဖေးခွမ်လည်း အဲ့ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ပါချေ။ သူတို့ကြားမှာ အမေနဲ့သားလို့ပြောနိုင်တဲ့ ဆက်ဆံရေးမရှိတဲ့အတွက် ဆက်ရှိနေဖို့ မလိုပါချေ။
သူမကို B City ဆီပြန်ခေါ်လာဖို့ သူဘယ်တုန်းကမှ မစဉ်းစားထားပါချေ။
မလိုပေ။
နောက်ပိုင်းမှာ၊ ဖေးခွမ်က ကျသင့်ငွေတွေကို အချိန်မှီ လွှဲပေးမည်ဖြစ်သည်။ စာရွက်ပေါ်မှာတော့ သူဟာ အုပ်ထိန်းသူဖြစ်သည်။ တစ်ခုခုဖြစ်လာရင် သူ့ဆီဆက်သွယ်လာလိမ့်မည်ပင်။
နေ့စဉ်ကိစ္စတွေအတွက်တော့ လောရိက ဒေသခံဖြစ်သည်။ သူက အရေးမကြီးတဲ့ကိစ္စတွေဆို အရင်ကူညီပေးလိမ့်မည်ဖြစ်သည်။
ဖေးခွမ်က ကျန်းမန်အပေါ် ဥပဒေအရ ဝတ္တရားတွေကိုဖြည့်ဆည်းပေးပေမယ့် အဲ့ဒီထက်တော့ မပိုပေ။
သူတို့ B City ကိုပြန်ရောက်တဲ့အခါ ညနေစောင်းနေပြီဖြစ်သည်။ တစ်နေ့နဲ့တစ်ညနီးပါး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့အတွက် နှစ်ယောက်လုံးပင်ပန်းနေကြပြီ။
ကားက အိမ်ရာဝင်းထဲ မောင်းဝင်လာသည်။
ဖေးခွမ်က စုန့်အာ့နန်ကို ကြည့်ပြီး ပြောလိုက်သည်။ "ကိုယ့်နေရာကိုပဲ လာလိုက်တော့"
စုန့်အာ့နန်က စက္ကန့်အနည်းငယ်လောက် တိတ်သွားပြီး ပြောလာသည်။ "လင်းချွမ်နေရာပဲသွားပါ၊ ရှင့်ကိုပြောစရာရှိတယ်"
ဖေးခွမ်လည်း ရပ်သွားပြီး စုန့်အာ့နန်ကို တစ်ချက်ကြည့်လိုက်ကာ "....ကောင်းပါပြီ"
တစ်လမ်းလုံးနှစ်ယောက်သား စကားမပြောခဲ့ကြပေ။ တံခါးဖွင့်ပြီးသွားတော့ အိမ်ထဲဝင်လာလိုက်ကြသည်။
စုန့်အာ့နန်က သူ့ကိုတည်တည်ငြိမ်ငြိမ်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဖေးခွမ်၊ ဒီနေ့ ရှင်ကျွန်မကိုရည်ရွယ်ချက်ရှိရှိ ခေါ်သွားတာ မဟုတ်လား?"
ဖေးခွမ်က တစ်လျှောက်လုံး ခန့်မှန်းထားတဲ့အတိုင်း အံ့ဩသွားပုံမပေါ်ချေ။
ကောင်မလေးက ရိုးပေမယ့် မ အ ပါချေ။
သူမ မသိချင်လို့ မတွေးခဲ့တဲ့ အရာတွေအများကြီးရှိသည်။ ဘာတွေဖြစ်နေလဲဆိုတာ လောရိတောင် ခန့်မှန်းနိုင်ရင် သူမလည်း မသိနိုင်ဘူးဆိုတာ မဖြစ်နိုင်ပေ။
စုန့်အာ့နန်က နှုတ်ခမ်းကို တင်းတင်းစိထားပြီး မျက်လုံးတွေလည်း နီရဲလာကာ အချိန်မရွေး မျက်ရည်ကျလာတော့မယ့်ပုံပင်။
သူမကို ဒီလိုပုံမျိုးနဲ့မြင်တော့ ဖေးခွမ်က ထလိုက်ကာ သူမကို ဖက်ဖို့လုပ်လိုက်ပေမယ့် သူမက သူ့ကိုရှောင်လိုက်သည်။
စုန့်အာ့နန်က ဖေးခွမ်ကို ခေါင်းမာမာနဲ့ စိုက်ကြည့်ပြီး မေးလိုက်သည်။ "ဒီတော့၊ ရှင်က ကျွန်မကိုအချိန်မရွေး တွန်းထုတ်ဖို့ အဆင်သင့်ဖြစ်နေတာပေါ့?"
ဖေးခွမ် ထိတ်လန့်စပြုလာသည်။ "အာ့နန်၊ ကိုယ့်ကို ရှင်းပြခွင့်ပေး၊ ကိုယ် မဟုတ်..."
"မဟုတ်ဘူး!" သူမက ဆို့နင့်စွာနဲ့ပြောလာသည်။ "ရှင်လုပ်ခဲ့တယ်!"
"ကျွန်မက ရှင့်ကို တကယ်သဘောမကျလို့ ရှင် ကျွန်မကိုတွန်းထုတ်လိုက်ရင် ကျွန်မက မနာကျင်တော့ဘူးလို့ ထင်နေတာဘဲ။ မကြာခင်မှာဘဲ အဲ့ဒါက သနားတာ အချစ်မဟုတ်ဘူးဆိုပြီး သိသွားလိမ့်မယ်။ ဟုတ်တယ်မဟုတ်လား?"
ဖေးခွမ်က တစ်ခဏလောက် တုံ့ဆိုင်းနေပြီး နောက်တော့ ဘာဖြစ်နေလဲဆိုတာ သဘောပေါက်သွားသည်။
ဒီနေ့ ဆေးရုံခန်းအပြင်ဘက်မှာ အဲ့ဒီစကားတွေကို သူမကြားခဲ့တာဖြစ်မည်။
အများအားဖြင့် ထက်မြတ်တဲ့လူတွေကို စကားကြောင့် ရုတ်တရက် ဆုံးရှုံးရသည်။
သူပါးစပ်ဖွင့်လိုက်ကာ "အာ့နန်၊ ကိုယ်....ကိုယ်တောင်းပန်ပါတယ်"
စုန့်အာ့နန်မှာ ထပ်မထိန်းနိုင်တော့ဘဲ မျက်ရည်တွေ ပါးပြင်ပေါ် စီးကျလာသည်။ "ရှင်က ဘာကိုတောင်းပန်နေတာလဲ? ဒါက ကျွန်မ အမှားပဲ၊ အားလုံးကျွန်မအမှား။ ကျွန်မ ဘယ်လိုလုပ် လုံးဝသတိမထားမိခဲ့တာလဲ?"
သူမတို့ စတွဲကတည်းက ဖေးခွမ်က သူမကို လုံခြုံမှုပေးခဲ့သည်။ သူမ စိတ်အခြေအနေ မကောင်းတဲ့အခါဆို သူက အရင်ဆုံးသတိထားမိပြီး သူမ စိုးရိမ်စိတ်တွေကို ပြေပျောက်အောင် လုပ်ပေးဖို့ ပြန်လာတတ်သည်။
ဒါပေမယ့် သူ့ရဲ့အဆင်မပြေမှုကို သူမဘာလို့သတိမထားမိခဲ့တာလဲ?
ဒီဆက်ဆံရေးမှာ စုန့်အာ့နန် ဒီလိုရှုံးနိမ့်မှုမျိုးကို တစ်ခါမှ မခံစားဖူးခဲ့ပါချေ။
ဖေးခွမ်မှာ ဒီဟာအတွက် လုံးဝမပြင်ဆင်ထားခဲ့ရတဲ့အတွက် ဘာလုပ်ရမလဲ မသိတော့ပေ။ "မဟုတ်ဘူး၊ အာ့နန်၊ ဒါက မင်းနဲ့မဆိုင်ပါဘူး။ ကိုယ်ပါ...."
စုန့်အာ့နန်က ဘာကိုမှဂရုမစိုက်တော့ပေ။ သူမက ဖေးခွမ်လက်ကို ဖမ်းဆွဲလိုက်ပြီး သူမရဲ့အခန်းထဲ ဝင်သွားလိုက်သည်။
သူမက အံဆွဲအောက်ဆုံးရှိ countdown ပြက္ခဒိန်ကို ထုတ်လိုက်ပြီး ဖေးခွမ်ကို ကမ်းပေးလိုက်သည်။
ဖေးခွမ်က ပြက္ခဒိန်ကိုမယူခင် တစ်ခဏလောက် အံ့ဩသွားပြီး "၁၈ နှစ်ပြည့်မွေးနေ့ Countdown" ဆိုတဲ့စကားလုံးတွေကို အဖုံးပေါ်မှာ တွေ့လိုက်ရသည်။
စုန့်အာ့နန်က လည်ချောင်းထဲ ရှိုက်သံတွေကို မျိုချလိုက်ပြီး "ကျွန်မရဲ့မွေးနေ့ကိုလှန်လိုက်"
စုန့်အာ့နန်ရဲ့ ရည်ရွယ်ချက်ကို ဖေးခွမ် မသိပေမယ့် သူမပြောတဲ့အတိုင်း မေလ၂၀ရက်နေ့ကို သူလှန်လိုက်သည်။
ဒါပေမယ့် အဲ့ဒီစာမျက်နှာပေါ်က စကားလုံးတွေကို တွေ့လိုက်တဲ့အခါ သူ အေးခဲသွားတော့သည်။
အဲ့ဒါက - အရွယ်ရောက်လာတဲ့ ပျော်ရွှင်စရာမွေးနေ့ပါ၊ အောင်အောင်မြင်မြင်ဖွင့်ပြောမယ်!
ဖေးခွမ်က တစ်ခုခုကို သဘောပေါက်သွားပုံပေါ်ကာ သူ့ Adam's apple က အထက်အောက်ရွေ့လျားသွားသည်။
စုန့်အာ့နန်က သူ့ကိုအလေးအနက် ကြည့်လိုက်သည်။ "အမှန်ပဲ၊ ကျွန်မအသက် ၁၈နှစ် မပြည့်ခင်ကတည်းက ရှင့်ကို သဘောကျခဲ့တာ"
"အဲ့ဒီတုန်းက ရှင့်မိသားစုအခြေအနေကိုလည်း ကျွန်မ မသိခဲ့ဘူး။ သနားတာနဲ့ ချစ်တာကိုလည်း ခွဲခြားမသိခဲ့ဘူး"
"ရှင့်ကိုသဘောကျတာက ကျွန်မဘဝမှာ အသေချာဆုံးအရာပဲ"
"ဒါကြောင့် အဲ့ဒီအကြောင်း ရှင်ထပ်ပြီး စိုးရိမ်နေဖို့မလိုဘူး!"