အခန်း (၁၄၀)
Vol. 11 Ch. 140
နောက်တနေ့မနက် စုန့်အာ့နန် မျက်လုံးပွင့်လာတော့ ဖေးခွမ်ရဲ့ပြုံးနေတဲ့ မျက်နှာကိုတွေ့လိုက်ရသည်။
"နိုးပြီလား?"
စုန့်အာ့နန် သူမရဲ့အိပ်ချင်မူးတူး ဖြစ်နေတဲ့မျက်လုံးတွေကိုပွတ်လိုက်ပြီး အသံက တိုးတိုးနေကာ အားနည်းနေသည်။ "အင်း၊ ဘယ်အချိန်ရှိပြီလဲ?"
ဖေးခွမ် အချိန်ကိုကြည့်လိုက်ပြီး "ဆယ်နာရီတော့ကျော်ပြီ"
စုန့်အာ့နန် လန့်သွားသည်။ 'အရမ်းနောက်ကျနေပြီ။'
သူမရဲ့ဇီဝနာရီက အမြဲတမ်းအချိန်မှန်ကာ ပုံမှန်ဆို သူမ ခုနစ်နာရီလောက်နိုးသည်။ ဒီနေ့ သူမနောက်ကျတဲ့အထိ အိပ်ပျော်နေလိမ့်မယ်လို့ မထင်ထားပါချေ။
ဖေးခွမ် မျက်လုံးတွေက နည်းနည်းစောင်းသွားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်သည်။ "အခုတော့ ကိုယ် ယုံသွားပြီ"
အခုမှအိပ်ယာက နိုးလာတဲ့အတွက် စုန့်အာ့နန်ရဲ့စိတ်က နည်းနည်း နှေးကွေးနေသေးသည်။ "ဘာကိုယုံတာလဲ?"
"မင်းဘယ်လိုထင်လဲ?" ဖေးခွမ်က သူမကိုငုံ့ကြည့်လိုက်ပြီး သူ့အသံက ပျင်းရိပျင်းတွဲနဲ့ ပြုံးလိုက်ကာ "ဒါပေါ့၊ မနေ့ညက ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို မင်းချီးကျူးခဲ့တယ်လေ"
စုန့်အာ့နန်မှာ နင်သွားရပြီး မနေ့ညက ရှက်စရာကောင်းမှုကို အတင်းအကြပ် သတိပေးခံလိုက်ရသည်။
"ရှင် အဲ့ဒါကို ထပ်ပြောပြန်ပြီ!" သူမက သူ့ကို မကျေမနပ်နဲ့စိုက်ကြည့်လိုက်သည်။
ဒီလူကြီး သူမကို မနေ့ညကတည်းက စ နေတာ ပြီးတော့ ဒီနေ့က ထပ်ပြောချင်နေပြန်ပြီ၊ ကျေးဇူးပြုပြီး သူမတို့ကျော်သွားလို့ရမလား!
ကောင်မလေးရဲ့ 'ရှင်ထပ်ပြောရင် ကျွန်မ စိတ်ဆိုးတော့မှာ' ဆိုတဲ့ပုံစံကိုမြင်တော့ ဖေးခွမ်ချက်ချင်း နောက်ပြန်ဆုတ်လိုက်ပြီး လက်မြှောက်လိုက်သည်။
"ကောင်းပြီ ကောင်းပြီ ကိုယ် ထပ်မပြောတော့ဘူး"
စုန့်အာ့နန်က 'ဟမ့်' ခနဲလုပ်လိုက်သည်။ ဒီလိုမှပေါ့။
ဖေးခွမ်က ညင်ညင်သာသာပြုံးလိုက်ပြီး သူမ ခေါင်းကိုအသာအယာ ပွတ်လိုက်ကာ "ဗိုက်ဆာနေပြီလား? ဟိုတယ်က မနက်စာက အရမ်းစားကောင်းတယ်လို့ကြားတယ်၊ ကိုယ် လာပို့ခိုင်းလိုက်ရမလား?"
စုန့်အာ့နန်လည်း တကယ်တော့ အရမ်းဗိုက်ဆာနေပြီဖြစ်သည်။ "အချိန်ရှိသေးလို့လား?"
ဟိုတယ်တွေက ယေဘုယျအားဖြင့် မနက်စာဝန်ဆောင်မှုက ဆယ်နာရီဆိုရပ်ပြီး အခုက ဆယ်နာရီကျော်နေပြီဖြစ်သည်။
"အချိန်ရှိတယ်" ဖေးခွမ်က ပြုံးလိုက်ပြီး "ကိုယ် မေးထားတယ်၊ သူတို့က မနက်စာ ဝန်ဆောင်မှုကို နာရီဝက်ထပ်တိုးပေးမယ်တဲ့"
စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ"
ဟိုတယ်က မနက်စာရောက်လာတဲ့အချိန် စုန့်အာ့နန်လည်း ဆေးကြောပြီးသွားကာ နှစ်ယောက်သား အပြင်မထွက်ခင် နောက်ကျနေတဲ့ မနက်စာကို စားလိုက်ကြသည်။
ပြောရရင် ဖေးခွမ် ရွေးခဲ့တဲ့ကျွန်းက တကယ်ကောင်းသည်။
သူ့ရဲ့ထူးခြားလှတဲ့ ပင်လယ်ကမ်းစပ်က ရှုမျှော်ခင်းတွေ၊ ဒေသထွက် အထူးတလည် အစားအသောက်တွေနဲ့ ဝိုင်တွေ၊ ဒါ့အပြင် ပင်လယ်တွင်း လှုပ်ရှားမှုအမျိုးမျိုးလည်းရှိသလို ပင်ပန်းလာတဲ့အခါဆို ဟိုတယ်တွင် ရေပူစမ်း spa ဝန်ဆောင်မှုလည်းရှိသည်။
ဒါပေမယ့် စုန့်အာ့နန်ကတော့ ဟိုတယ်အပြင်ဘက်က ရေကူးကန်မှာ ဖေးခွမ်နဲ့အတူထိုင်ရင်း နေဝင်တာကိုကြည့်ရတာ ပိုသဘောကျသည်။
နှစ်ယောက်သား ရေကူးကန်အစွန်းမှာ ဘေးချင်းကပ်ထိုင်နေကြပြီး ရေထဲခြေထောက်စိမ်ထားကြကာ ဖြည်းဖြည်းချင်း လွှဲယမ်းနေသည်။ သူမက သူ့ခြေထောက်ကို အချိန်နဲ့အမျှလိုက်တို့ထိနေကာ သူကလည်း သူမကို လုပ်ခွင့်ပေးထားပေမယ့် တစ်ခါတစ်ခါ တမင်ရှောင်တတ်သေးသည်။ အရမ်းသက်သောင့်သက်သာရှိကာ အေးအးဆေးဆေးရှိလှသည်။
သူတို့ အဲ့ဒီမှာ နှစ်ရက်နေခဲ့သည်။ ပြန်ရောက်လာတဲ့အခါ နှစ်ယောက်လုံး ပုံမှန်ဘဝနဲ့ စာလေ့လာခြင်းတွေမှာ ပြန်အခြေကျသွားသည်။
ဖေးခွမ် တက်နေတဲ့ကျောင်းက စုန့်အာ့နန်တို့နဲ့ တစ်နာရီလောက်ပဲ ကားမောင်းရကာ သိပ်မဝေးပေ။ စုန့်အာ့နန်လိုပဲ၊ သူလည်း အဆင်ပြေဖို့အတွက် ကျောင်းဝင်းအနီးတွင် တိုက်ခန်းတစ်ခန်းငှားနေသည်။
သို့ပေမယ့် တိုက်ခန်းက ဟန်ပြသက်သက်သာဖြစ်ကာ သူကတော့ စုန့်အာ့နန်တိုက်ခန်းကိုသာ မမောနိုင်မပန်းနိုင် နေ့တိုင်းသွားနေသည်။
သူတို့ရဲ့ နိုင်ငံခြားက နေ့စဉ်ဘဝကတော့ နှစ်ယောက်လုံးက ကိုယ့်ကိစ္စတွေနဲ့ကိုယ် အလုပ်များနေကြသည်။ အားတဲ့အခါဆို၊ သူတို့က လက်ချင်းတွဲကာ မြို့ပတ်ကြပြီး၊ ပြပွဲတွေသွားကြည့်ရတာလည်း သဘောကျကြသည်။
အလုပ်များပေမယ့် ပြီးပြည့်စုံသလို ပျော်လည်းပျော်ရွှင်ရသည်။
ဖေးခွမ် နိုင်ငံခြားမှာ ကျောင်းသွားတက်နေတယ်ဆိုတဲ့သတင်းက သူရောက်ပြီး နှစ်လလောက်နေတော့ ထွက်လာခဲ့သည်။
အကြောင်းအရင်းကတော့ သူနဲ့စုန့်အာ့နန်တို့ လမ်းလျှောက်ရင်း လက်ချင်းတွဲကာဒိတ်နေတာကို ပြည်တွင်းအင်တာနက်သုံးစွဲသူတွေဆီမှာ အမိခံလိုက်ရပြီး သူတို့က ဓာတ်ပုံတွေရိုက်ကာ Weibo ပေါ်တင်လိုက်ကြသည်။
အရင်ဆုံး၊ သူတို့နှစ်ယောက်က ဒီတိုင်းနိုင်ငံခြားမှာ အလည်အပတ် ခရီးထွက်နေတာလို့ ထင်ခဲ့ပေမယ့် စုန့်အာ့နန်ကို သူမရဲ့ပါမောက္ခက သုတေသနလုပ်ဖို့အကြံပေးကာ နိုင်ငံခြား ပို့လိုက်တဲ့အကြောင်းက သူမတို့ကျောင်းနဲ့ ဆေးရုံမှာ လျှို့ဝှက်ချက် မဟုတ်တဲ့အတွက် ဒီအကြောင်းကို လူအများစုက သိကြသည်။
အဲ့ဒါက အွန်လိုင်းပေါ်ပြန့်သွားတဲ့အခါ အင်တာနက်သုံးစွဲသူတွေနဲ့ ဖန်တွေမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
စူးစမ်းချင်ကြတဲ့လူတချို့က ဖေးခွမ်ရဲ့အချိန်ဇယားကို စစ်ကြည့်လိုက်ကြရာ သူက အလုပ်တွေကို လက်မခံခဲ့တာ နှစ်လရှိနေပြီမှန်း သိလိုက်ရသည်။ ဒါက အလည်အပတ် ခရီးထွက်တာမဟုတ်ဘဲ သူ့ကောင်မလေး နိုင်ငံခြားမှာကျောင်းသွားတက်တာကို အတူလိုက်သွားတယ်ဆိုတာ သိသာလှသည်!
ဒါပေမယ့် အဲ့ဒီအချိန်၊ ဖျော်ဖြေရေးလောကထဲရှိ အတွင်းလူဆီကနေ ဖေးခွမ်က နိုင်ငံခြားမှာ ကျောင်းသွားတက်ကြောင်းနဲ့ ကျောင်းက သူ့ကောင်မလေးနေတဲ့နေရာတဲ့ သိပ်မဝေးကြောင်း ဖော်ထုတ်လာသည်။
ကျောင်းသွားတက်တာက ဆင်ခြေသပ်သပ်ဖြစ်ပြီး အဓိကရည်ရွယ်ချက်က သူ့ကောင်မလေးနဲ့အတူလိုက်သွားတာဖြစ်ကြောင်း အင်တာနက်သုံးစွဲသူတွေက စနောက်လာကြသည်။
သို့ပေမယ့် ဖေးခွမ်ရော သူ့ကုမ္ပဏီရောက ဒီကိစ္စကိုကြီးကြီးမားမား မလုပ်ခဲ့ပါချေ။ အမှန်တော့ လီတုန်က ရေပန်း စားနေတဲ့အကြောင်းအရာကို အကြိမ်ပေါင်းများစွာဖိနှိပ်ထားတာကြောင့်ဖြစ်သည်။
ဖေးခွမ်က စာသင်ပြီး သိုသိုသိပ်သိပ်နဲ့ နေချင်တာဖြစ်ကြောင်း ဖန်တွေလည်း တဖြည်းဖြည်းသဘောပေါက်လာသည်။
သေချာပေါက် သူ့ကောင်မလေးနဲ့ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို ဖြတ်သန်းချင်လို့ပေါ့။
ဒါ့အပြင်၊ ဖန်အများစုက ဒီဟာကို နားလည်ပေးသလို အားပေးကြောင်း ဖော်ပြလာကြသည် - သူတို့ရဲ့ ကိုယ်ပိုင်ဘဝတွေက လူထုပုံရိပ်တွေလည်း လိုအပ်သည်။
ပျော်စရာကောင်းတဲ့အချိန်တွေက အမြဲတမ်းအကုန်မြန်သည်။
ဖေးခွမ် နိုင်ငံခြားမှာ ကျောင်းတက်တာက တစ်နှစ်ဘဲဖြစ်သည်။ ပြီးသွားရင်တော့ သူအိမ်ပြန်ရမည်ဖြစ်သည်။
သို့ပေမယ့် ပါဝင်နေတဲ့သူအတွက်ကတော့ အရမ်းမပြတ်သားနေပါချေ။
ကျောင်းပြီးသွားတော့ ဖေးခွမ်က လုံးဝအလျင်မလိုနေပေ။ လီတုန်ကတော့ သူ့ကို အချိန်တချို့လောက် လောဆော်နေကာ အလုပ်တွေ စီစဉ်ရအောင် သူဘယ်အချိန်ပြန်လာမလဲဆိုပြီး မေးမေးနေသည်။
သို့ပေမယ့် အံ့ဩစရာကောင်းတာက ဖေးခွမ်က ဒီမေးခွန်းကို နှစ်ခါလောက် ရှောင်နေပြီး ပြန်မယ့်အရိပ်အယောင်လည်း လုံးဝမပြပါချေ။
တခြားရွေးချယ်စရာ မရှိတော့တဲ့အတွက် လီတုန်မှာ စုန့်အာ့နန်ဆီ တိတ်တိတ်လေးသွားကာ သူမ သူ့ကိုဖြောင်းဖျနိုင်ဖို့ကိုဘဲ မျှော်လင့်ရတော့သည်။
အဆုံးမှာ၊ စုန့်အာ့နန်ရဲ့ ပြင်းထန်တဲ့ တိုက်တွန်းမှုအောက်တွင် နောက်ဆုံးတော့ ဖေးခွမ်ပြန်မယ့်နေ့ကို သတ်မှတ်လိုက်သည်။
မပြန်ခင်ည ညစာစားပြီးတဲ့နောက် စုန့်အာ့နန်က ဖေးခွမ်ကို အထုပ်အပိုးတွေ ကူပြင်ပေးသည်။
"အကုန်လုံးတော့ ထုတ်ပိုးပြီးပြီလို့ထင်တယ်၊ ဘာမှမကျန်လောက်တော့ပါဘူး ဟုတ်တယ်မလား?" စုန့်အာ့နန်ပြောလာသည်။
ဖေးခွမ်က ဆိုဖာပေါ်မှာထိုင်ရင်း သူမကို အလေးအနက်စိုက်ကြည့်ကာ "ရှိတယ်!"
စုန့်အာ့နန်က သူ့ဘေးမှာရပ်နေပြီး နားမလည်သလို မေးလိုက်သည်။ "ဘာကျန်သေးလို့လဲ?"
ဖေးခွမ်က လက်လှမ်းကာ သူမကိုလှမ်းဆွဲလိုက်ပြီး "မင်းလေ!"
သူက သူမကို စူးစူးဝါးဝါးကြည့်လိုက်ပြီး "ကိုယ်မင်းကိုပြန်ခေါ်သွားချင်တယ်"
စုန့်အာ့နန် - "....."
ဖေးခွမ့်လက်တွေက သူမခါးကိုဖက်ထားပြီး နည်းနည်းလှုပ်ယမ်းနေသည်။ "ကိုယ့်ကို မင်းနဲ့ တစ်လလောက်ထပ်ပြီးပေးနေပါလား၊ လီတုန်ရဲ့ မဟုတ်တဲ့စကားတွေကိုနားမထောင်ပါနဲ့၊ အဲ့ဒီလောက်ထိလည်း အလျင်မလိုနေဘူး"
ပြောပြီးသွားတော့ လက်တစ်ဖက်က သူ့ပတ်စပို့ထည့်ထားတဲ့အိတ်ကို ယူလိုက်ပြီး စုန့်အာ့နန်လက်ထဲ အကုန်လုံး ထိုးထည့်လိုက်သည်။
"ဒီမှာ၊ ကိုယ် မင်းကို အကုန်လုံးပေးလိုက်ပြီ၊ ပြီးရင် မင်းအတွက် လျှို့ဝှက်နံပါတ်ရေးပေးမယ်။ အရင်ဆုံးကိုယ့်ရဲ့လေယာဉ်လက်မှတ်ကို cancel လိုက်ဦးမယ်"
စုန့်အာ့နန် - "...."
သူမ ဒီလို ဆိုလိုတာမဟုတ်ဘူးလေ?
ဒီလူက ရည်ရွယ်ချက်ရှိရှိ အခက်တွေ့အောင် လုပ်နေတာဘဲ!
ဒါပေမယ့် စုန့်အာ့နန်မှာ သူ တကယ် လေယာဉ်လက်မှတ်ကို cancel လိုက်မှာ စိုးတဲ့အတွက် သူ့ကိုအမြန်ဆွဲလိုက်ပြီး သူ့ဖုန်းကိုင်နေတာကိုတားဖို့ သူ့ကိုဖက်လိုက်သည်။
ဖေးခွမ် တစ်ခုခုပြောတော့မယ့်အချိန်မှာဘဲ စုန့်အာ့နန်က သူ့ကိုအခွင့်အရေးမပေးဘဲ သူမနှုတ်ခမ်းနဲ့ သူ့နှုတ်ခမ်းကိုဖိကပ်လိုက်သည်။
ခဏလောက် ထိကပ်ရုံဘဲဖြစ်ပြီး ပြီးတော့ သူမကအမြန်ခွါလိုက်သည်။ သူ တစ်ခုခုထပ်ပြောဖို့လုပ်နေတာကိုမြင်တော့ သူမထပ်လုပ်လိုက်ပြန်သညိ။
ဒါက အရင်တုန်းက သူအခက်တွေ့ရင် သူမအပေါ် သုံးတဲ့ နည်းဗျူဟာပင်။ အခုတော့ အဲ့ဒါက ကောင်းကောင်းအသုံးဝင်လာသလို စုန့်အာ့နန် ခံစားလိုက်ရသည်။
နှစ်ယောက်သား ထပ်ခါထပ်ခါ နမ်းနေပေမယ့် အနမ်းတွေက ဆက်လာတော့ စပြီးပူနွေးလာကြသည်။
ဖေးခွမ်ရဲ့အကြည့်တွေက ပြင်းထန်လာသည်။ "အာ့နန်...."
သတိပေးခေါင်းလောင်းသံက စုန့်အာ့နန်ခေါင်းထဲမြည်လာသည်။ သူ့ရဲ့ဒီအကြည့်နဲ့ သူမကောင်းကောင်းလေးရင်းနှီးသည်။ "မရဘူး၊ ရှင်...မနေ့ကလည်း...." သူမကချောင်းနည်းနည်းဆိုးလိုက်ပြီး "ဘာပဲဖြစ်ဖြစ်၊ ထိန်းထားလိုက်တော့"
ဖေးခွမ်က သူမလက်ကိုကိုင်လိုက်ပြီး မလွှတ်ပေးဘဲ သူမကို ပြတ်ပြတ်သားသား ကြည့်လာပြီး "မင်းကိုယ့်ကိုအရင်လာဆွတာလေ"
စုန့်အာ့နန် - "...."
ဒီလူကတော့၊ ဘာဖြစ်နေမှန်း သူမ မသိတော့ဘူး။ သူမတို့ အတူမနေခင်တုန်းကတော့ သူကအကြီးအကျယ်ထိန်းချုပ်ထားပြီးတော့ အခုကျတော့ လုံးဝကိုထိန်းမနိုင်တော့ဘူး။
သူပြောသလိုပြောရရင်၊ သူက အရသာတွေ့သွားတာပဲ။
အိုး အချစ်ရေ!
အခုတော့ ဒီနည်းဗျူဟာကို သူမ မသုံးသင့်ဘူး ခံစားလာရတယ်။
သူမရဲ့ခံစစ်အားနည်းလာတာကိုမြင်တော့ ဖေးခွမ်က အခွင့်ကောင်းယူလာသည်။ "ဒါ့ပြင်၊ မနက်ဖြန် ကိုယ်ပြန်သွားရင် ကိုယ်ဘယ်အချိန်မှ ပြန်လာနိုင်မလဲမသိဘူးလေ။ ကိုယ်ထိန်းချင်ရင်တောင် ထိန်းလို့မရဘူး"
ပြောပြီးတာနဲ့ သူက သူမကို သူ့ရင်ခွင်ထဲ တိုက်ရိုက်ဆွဲသွင်းလိုက်ပြီး သူမနားထဲ တစ်ခုခုတီးတိုးပြောလိုက်သည်။
စုန့်အာ့နန်မျက်နှာက ချက်ချင်း ရှက်သွေးဖြာသွားကာ စိတ်အရမ်းတိုသွားပြီး သူ့ကိုထုဖို့လက်မြှောက်လိုက်သည်။ "မဟုတ်တာတွေ မပြောနဲ့!"
သူက သူမကိုစနောက်ဖို့ မဟုတ်တဲ့ စကားတွေအမြဲတမ်းပြောတတ်သည်။
အရမ်းစိတ်တိုဖို့ကောင်းတာပဲ!
ဖေးခွမ် အော်ရယ်လိုက်ပြီး ထလိုက်ကာ သူမကိုကုတင်ဆီချီသွားလိုက်သည်။
တံခါးက ပိတ်သွားပြီး စိတ်အားထက်သန်မှုတွေပြည့်နေတဲ့အခန်းကို ပိတ်ဆို့လိုက်သည်။
ဖေးခွမ်ရဲ့ကျောင်းက စုန့်အာ့နန် ဒီကိုလာပြီး လအနည်းငယ်လောက်မှ စတာဖြစ်တာကြောင့် သူထွက်သွားတဲ့အချိန် သူမအတွက် နှစ်တစ်ဝက်ကျော်လောက် နေရဦးမည်ဖြစ်သည်။
ဒါဟာ သူတို့ရဲ့အနေဝေးဆက်ဆံရေးက တစ်နှစ်ခွဲလောက်သာ ရှိတော့မယ်လို့ ဆိုလိုတာပင်။
သို့ပေမယ့်၊ အဲ့ဒီတစ်နှစ်ခွဲအတွင်းမှာ ဖေးခွမ်က အနည်းဆုံး တစ်လတစ်ခါလောက် လာလာတတ်ပြီး တစ်ခါတစ်လေ စုန့်အာ့နန်က ခွင့်ရက်တချို့ယူပြီး သူ့ရိုက်ကူးရေးနေရာဆီ လိုက်သွားတတ်သည်။
ဒီတော့၊ နှစ်ယောက်သားမှာ အခြေခံအားဖြင့်တော့ အနေဝေးဆက်ဆံရေးလိုမျိုး သိပ်ပြီးမခံစားရပါချေ။ သူတို့ရဲ့ခံစားချက်တွေက အရမ်းတည်ငြိမ်သည်။
တစ်နှစ်ခွဲဆိုတဲ့အချိန်က လျင်လျင်မြန်မြန်နဲ့ ကုန်လွန်သွားကာ စုန့်အာ့နန် အိမ်ပြန်ရမယ့်အချိန်ရောက်လာသည်။
ဖေးခွမ်က သူမကိုသွားကြိုဖို့လုပ်ပေမယ့် စုန့်အာ့နန်က အလုပ်မရှုပ်စေချင်တာကြောင့် သူမပြန်လာမယ့်အချိန်ကို သူ့ကိုတမင်သပ်သပ်မပြောဘဲ လေယာဉ်ပေါ်ရောက်မှ သူ့ကို လေယာဉ်အချက်အလက်တွေ ပို့လိုက်တာကြောင့် သူ့မှာ သူမကိုလေဆိပ်မှာပဲ သွားကြိုရတော့သည်။
ဆယ်နာရီကျော်လောက်ကြာတော့၊ လေယာဉ်က B Cityလေဆိပ်တွင် ဆင်းသက်လာသည်။
နောက်ဆုံးတော့ စုန့်အာ့နန်တစ်ယောက် ဖေးခွမ်ရော စုန့်လင်းချွမ်ရော သူမကို လာကြိုမှန်းတွေ့လိုက်ရသည်။
သူ့ပုံကိုကြည့်ရတာ ကောင်းကောင်းမအိပ်ခဲ့ရတဲ့ပုံပင်။
သူမ မေးကြည့်လိုက်တော့ စုန့်လင်းချွမ်က TV ဇာတ်လမ်းတွဲ ရိုက်ကူးပြီးလို့ ပြန်လာခါစဘဲရှိသေးကာ အထုပ်အပိုးတောင် မဖြည်ရသေးခင် ညဘက်ရိုက်ကူးရေးတစ်ခုရိုက်နေရကြောင်း သိလိုက်ရသည်။ နောက်တော့ သူ့မှာအခုထိအိပ်ချိန်မရှိသေးဘဲ အလျင်စလိုပြန်လာတာဖြစ်သည်။
အချိန်က တိုက်တိုက်ဆိုင်ဆိုင် ညစာစားချိန်ဖြစ်တာကြောင့် အိမ်မပြန်ခင် အရင်စားဖို့သွားလိုက်ကြသည်။
အိမ်ပြန်လမ်းတွင်၊ ဖေးခွမ်က ကားမောင်းပြီး စုန့်အာ့နန်ကဘဘေးမှာထိုင်လာကာ စုန့်လင်းချွမ်ကတော့ ကားနောက်ခန်းထဲ ရောက်ပြီးတာနဲ့ အရမ်းပင်ပန်းလွန်းလို့အိပ်ပျော်သွားသည်။
ကားက အိမ်ရာဝင်းထဲ အမြန်မောင်းဝင်လာကာ ဖေးခွမ်က စုန့်လင်းချွမ်တို့ အဆောက်အဦးရှေ့မှာ ပါကင်ထိုးလိုက်သည်။
"လင်းချွမ်၊ ထတော့၊ အိမ်ရောက်ပြီ" စုန့်အာ့နန်က နောက်လှည့်ကာ သူ့ကိုခေါ်လိုက်သည်။
စုန့်လင်းချွမ်က အိပ်ချင်မူးတူးနဲ့နိုးလာပြီး ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တော့ သူ့နေရာဖြစ်နေမှန်း တွေ့လိုက်ရသည်။ "အိုး၊ ကောင်းပြီ"
သူ့ကိုယ်သူ နည်းနည်းနိုးလာအောင် မျက်နှာကိုရိုက်လိုက်ပြီး နောက်တော့ အရှေ့ခန်းက ဖေးခွမ်ကိုပြောလိုက်သည်။ "နောက်ဖုံးကိုဖွင့်လိုက်ဦး၊ အန်တီလေးရဲ့အထုပ်အပိုးတွေချရမယ်"
ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြောလိုက်သည်။ "လင်းချွမ်၊ အာ့နန်က ငါ့နေရာမှာနေမှာ"
စုန့်လင်းချွမ်မှာ အိပ်ချင်မူးတူးဖြစ်နေရာကနေ ချက်ချင်းနိုးလာပြီး "မင်း ဘာပြောလိုက်တာ?"
သူတို့တွဲနေတာအတော်ကြာပြီဖြစ်ကာ ဖြစ်လာမယ့်ဟာတွေလည်း ဖြစ်ပြီးလောက်ပြီဆိုတာ သူသိပေမယ့် ဒီကောင်စုတ်က သူ့အန်တီလေးကို သူ့နေရာမှာနေဖို့ ပြောင်ပြောင်တင်းတင်းကို အကြံပေးရဲသေးသည်။ ဒါက စုန့်လင်းချွမ်ကို အရမ်းစိတ်တိုသွားစေသည်။
ဒါကိုမြင်တော့ စုန့်အာ့နန်က ချက်ချင်းပြောလိုက်သည်။ "လင်းချွမ်၊ အရင်ဆုံးစိတ်မတိုနဲ့ဦး၊ ငါပြောတာနားထောင်ဦး"
စုန့်လင်းချွမ် စုန့်အာ့နန်ကို လှည့်ကြည့်လိုက်ပြီး သူမ ရှင်းပြလာမှာကို စောင့်နေလိုက်သည်။
စုန့်အာ့နန်က နှုတ်ခမ်းကို တင်းတင်းဖိလိုက်ပြီး "အင်း၊ နင်နဲ့ ကျိုးဝေ့တို့ အတူတူနေနေကြတယ်လို့ အရင်က နင်မပြောခဲ့ဘူးလား? ငါ အဲ့ဒီမှာဆက်နေရင် နည်းနည်းမသင့်တော်ဘူးလို့ ခံစားမိလို့"
စုန့်အာ့နန်နိုင်ငံခြားမှာ ရှိနေတဲ့ နှစ်နှစ်အတွင်း ကိစ္စအများကြီးဖြစ်ပျက်ခဲ့သည်။
ဥပမာအားဖြင့်၊ စုန့်လင်းချွမ်နဲ့ ကျိုးဝေ့တို့ဟာ သူတို့ရဲ့ဆက်ဆံရေးကို တရားဝင်သတ်မှတ်ခဲ့ပြီး အခုတော့ တရားဝင်တွဲနေကြသည်။
စုန့်လင်းချွမ် ဒါကိုကြားတော့ သူကချက်ချင်းလက်ခါလာပြီး ပြောလာသည်။ "စိတ်မပူနဲ့၊ ကျိုးဝေ့က ငါနဲ့နေနေတာမဟုတ်ဘူး"
စုန့်အာ့နန်က 'အာ' လို့အသံထွက်လာပြီး လုံးဝနားမလည်ဖြစ်သွားသည်။
သူမ မှတ်ဉာဏ်တွေပဲ ရောနေတာလား?
သူတို့အတူတူနေနေကြတဲ့အကြောင်း အရင်က သူရှင်းရှင်းလင်းလင်းကို ပြောခဲ့တာပါ!
စုန့်လင်းချွမ်က ရှင်းပြလာသည်။ "ငါကပဲ သူ့နေရာမှာတစ်ချိန်လုံးနေနေတာ"
စုန့်အာ့နန် - "...."
ဖေးခွမ်က စုန့်လင်းချွမ်ကိုကြည့်လိုက်ပြီး ရယ်လိုက်သည်။ "မဖြစ်ဘူး ညီအစ်ကိုရေ၊ ငါတို့က တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာ အတော်ကြာပြီလေ၊ ကြည့်....."
"လစ်လိုက်စမ်း!" စုန့်လင်းချွမ်က မကျေမချမ်းနဲ့ပြောလာသည်။ "ဘယ်သူက မင်းရဲ့ညီအစ်ကိုလဲ!"
သူတို့မတွေ့ရတာ အတော်ကြာပြီလို့ပြောပြီး ဒီကောင် အရင်လကဘဲ သူ့သွားအောက်ကနေဖြတ်ပြီး သွားခဲ့သေးတာကို။
စုန့်အာ့နန်က စုန့်လင်းချွမ်ကို အသနားခံတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်သည်။
တကယ်တော့ သူမလည်း ဖေးခွမ်ရဲ့နေရာကိုသွားချင်သည်။
စုန့်လင်းချွမ်က အသည်းမာထားကာ ခေါင်းလှည့်လိုက်ပြီး "အန်တီလေး၊ ငါ့ ပါးနဲ့မားတို့ မနက်ဖြန်လာမှာကိုမမေ့နဲ့ဦး။ နင်သာ သူ့နေရာမှာနေနေမှန်း လူအိုကြီးသိသွားရင် ငါ့ကိုတင် သေအောင်ရိုက်မှာမဟုတ်ဘူး နင်လည်းအော်ခံထိမှာပဲ"
သူမ အစ်ကိုကြီးရဲ့ စိတ်တိုနေတဲ့မျက်နှာကို စဉ်းစားမိလိုက်တော့ စုန့်အာ့နန် ချက်ချင်း ခေါင်းခါလိုက်သည်။
သူမ စုန့်လင်းချွမ်နောက်ကနေ လိုက်ကာ ကားထဲကနေထွက်လိုက်သည်။ ဖေးခွမ်က သူတို့ကိုလိုက်ပို့ပေးချင်ပေမယ့် စုန့်လင်းချွမ်ဆီကနေ အငြင်းခံလိုက်ရသည်။
သူ ထွက်သွားချိန် ကလေးမလေးက သူ့ကိုလက်ပြနေတာမြင်တော့ ဖေးခွမ်လည်း ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါလိုက်သည်။
အိုး ကောင်းပါပြီ၊ နောင်ကျရင်လည်း အချိန်တွေရှိသေးတာဘဲလေ။ အခုအရေးကြီးဆုံးကိစ္စက မနက်ဖြန်ကျရင် စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့နဲ့တွေ့မယ့်အကြောင်းကို စဉ်းစားရမှာ၊ ဒါကိုမိဘတွေနဲ့ တရားဝင်တွေ့တာလို့ သတ်မှတ်လို့ရတယ်လေ။