← Chapters

အခန်း (၁၄၁)

Vol. 11 Ch. 141

အခန်း (၁၄၁)

Vol. 11 Ch. 141

စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့ ဒီကိုလာရတဲ့အကြောင်းပြချက်က ပထမအချက်က စုန့်အာ့နန်နဲ့တွေ့ဖို့ဖြစ်ပြီး ဒုတိယအချက်က စုန့်အာ့နန်ရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ဖို့ဖြစ်သည်။

သူတို့အစက ရက်အနည်းလောက် စောလာမယ်လို့ ထင်ထားပေမယ့် အလုပ်အရမ်းများနေတာကြောင့် သူတို့အချိန်ဇယားက ပြောင်းလဲနေကာ ဘာမှအပြီးမသတ်ရသေးတာကြောင့်ပင်။

သူတို့က ဘွဲ့ယူမယ့်နေ့မတိုင်ခင်မှာ ကမန်းကတန်းရောက်လာကြသည်။

ဒီနေ့ပြီးရင်၊ စုန့်အာ့နန် ဘွဲ့ရပြီဖြစ်သည်။

ပါရဂူဘွဲ့နဲ့ပေါ့

အတန်းဖော်တွေရဲ့မိသားစုဝင်တွေလည်း လာကြပြီး စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့က စုန့်အာ့နန်နဲ့စကားပြော ဓာတ်ပုံရိုက်လို့ပြီးတော့ အသိမိတ်ဆွေတွေနဲ့ တွေ့ပြီး စကားပြောဖို့ ဘေးနားဆီဆွဲခေါ်ခံသွားရသည်။

စုန့်အာ့နန်မှာ သူမရဲ့အဆောင်ဖော်တွေဆီကနေ အဝိုင်းခံထားရပြီး ကျောင်းရဲ့အထင်ကရအဆောက်အဦးတွေရှေ့မှာ ဓာတ်ပုံရိုက်ရင်းအလုပ်များနေသည်။

"အာ့နန်၊ ဖေးခွမ်နဲ့ စုန့်လင်းချွမ်ရော ဒီနေ့လာမှာလား?" လီစစ်ရွှေ့က မေးလိုက်သည်။

စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး "လာမယ်၊ ကျောင်းပေါက်ဝကိုတောင် ရောက်နေကြပြီ။ စောစောတုန်းက လူအရမ်းများနေလို့ ခဏလောက်စောင့်ဖို့ ငါပြောထားတာ၊ အခုသူတို့ ရောက်လောက်တော့မယ်"

သူမ ပြောပြီးသွားတာနဲ့ ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့ ဝင်လာကြတာကို အဝေးကနေ တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်က အရမ်းကို သိုသိုသိပ်သိပ်ရှိလှသည်။ တီရှပ်တွေနဲ့ ဘေ့စ်ဘောဦးထုပ်တွေ ဆောင်းထားကြသည်။ အဝေးကနေကြည့်ရင် သူတို့တွေက ကျောင်းဝင်းထဲရှိ ကျောင်းသားတွေနဲ့ ဘာမှမကွာပေ၊ သူတို့ကရိုးရိုးရှင်းရှင်းဝတ်ထားကြသည်။

သူတို့ရဲ့ အရောင်အဝါနဲ့ ခန္ဓာကိုယ်အသွင်အပြင် အများစုမှာ နည်းနည်းပေါ်လွင်နေပေမယ့် ကျောင်းဝင်းထဲက ဆွဲဆောင်မှုရှိတဲ့ ကျောင်းသားတွေနဲ့တော့ မကွာပေ။

"အန်တီလေး၊ ဘွဲ့ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်" စုန့်လင်းချွမ်က အရင်ဆုံး ဂုဏ်ပြုစကားကိုအမြန်ပြောလိုက်သည်။

ဖေးခွမ်က စိတ်ထဲမထားဘဲ ပြုံးလိုက်ကာ "ဘွဲ့ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်"

သူတို့နှစ်ယောက်ကိုမြင်တော့ စုန့်အာ့နန် အရမ်းပျော်သွားသည်။ သူမရဲ့အဆောင်ဖော်တွေကိုလည်း သူတို့နဲ့မိတ်ဆက်ပေးလိုက်သည်။

ဖေးခွမ်ကို သူတို့အရင်က တွေ့ခဲ့ဖူးတဲ့အတွက် စုန့်လင်းချွမ်နဲ့ အဓိက မိတ်ဆက်ပေးလိုက်သည်။

အပြန်အလှန်နှုတ်ဆက်ပြီး စကားစမြည်နည်းနည်းလောက်ပြောလို့ပြီးတော့ အတူတူအုပ်စုပုံနည်းနည်းရိုက်လိုက်သည်။

မကြာခင်မှာပဲ စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့လည်းရောက်လာသည်။ လီစစ်ရွှေ့နဲ့ တခြားသူတွေက သွားဖို့အချိန်ကျပြီမှန်း ခံစားမိတာကြောင့် သူတို့အတွက် နေရာပေးဖို့ဆင်ခြေရှာကာ အရင်သွားလိုက်ကြသည်။

ဖေးခွမ် နည်းနည်းကိုယ်ကို ကိုင်းလိုက်ပြီး အရင်စနှုတ်ဆက်လိုက်သည်။ "ဦးလေး၊ အန်တီ"

ဒီလိုခေါ်တာကြားတော့ စုန့်အာ့နန် သူ့ကို အလိုလိုလှည့်ကြည့်မိလိုက်သည်။

ဖေးခွမ်က သူမကို ဘာမှမဟုတ်ဘူးဆိုတဲ့ပုံစံနဲ့ ပြုံးပြလိုက်သည်

ဒီလိုခေါ်ဖို့အတွက် သူ့ဘာသာသူစဉ်းစားထားတာဖြစ်သည်။ ပြတ်ပြတ်သားသားပြောရရင် ဒီလိုခေါ်ဖို့နဲ့ပတ်သတ်ပြီး သူအတော်ကြာစဉ်းစားခဲ့ရတာဖြစ်သည်။

စုန့်လင်းချွမ်နဲ့ ဆက်ဆံရေးကြောင့် စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့နဲ့ အရင်က သူတွေ့ဖူးပြီး ဦးလေး အန်တီလို့အမြဲခေါ်ခဲ့ဖူးသည်။ သူတို့ရဲ့ခွင့်ပြုချက်ကိုမရခင် သူတို့အပေါ် အခေါ်အဝေါ်ကို အဆောတလျင်ပြောင်းလဲလိုက်ရင် မသင့်တော်ပါချေ။

ဒါ့အပြင်၊ စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့ဟာ စုန့်အာ့နန်ရဲ့ အစ်ကို အစ်မတွေဖြစ်ပေမယ့် တကယ်တော့ သူတို့က သူမကို သူတို့ရဲ့ရင်ထဲမှာ သမီးလေးတစ်ယောက်လိုဆက်ဆံကြတာဖြစ်သည်။ အထူးသဖြင့် ကျောက်ယာပင်။

ဒါကြောင့်၊ နှစ်ဘက်စလုံးကိုနှိုင်းယှဉ်ကြည့်ပြီးတဲ့နောက် သူတို့ကို 'ဦးလေး'နဲ့ 'အန်တီ' လို့ခေါ်တာက သူတို့အတွက် ပိုပြီးလက်ခံနိုင်လိမ့်မည်ပင်။

မျှော်လင့်ထားတဲ့အတိုင်း၊ စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့က ပုံမှန်မဟုတ်တဲ့ ဘာတုံ့ပြန်မှုမျိုးမှ မပြလာပါချေ။

စုန့်ကျန်းဟွေ့က ဘာမှမပြောဘဲ နှုတ်ဆက်သလို သူ့ခေါင်းကိုနည်းနည်းညိတ်ပြလိုက်သည်။

ကျောက်ယာကတော့ အရမ်းကိုစိတ်အားထက်သန်နေပြီး ဖေးခွမ်နဲ့ တစ်ခဏလောက် စကားစမြည်ပြောကြကာ သူမရဲ့မတ်လေးကို ပိုပြီး စိတ်ကျေနပ်လာပုံရသည်။

ဘေးနားက စုန့်အာ့နန်ကတော့ လုံးဝအံ့ဩနေသည်။ အရင်က သူမရဲ့အစ်ကိုကြီးနဲ့ယောင်းမတို့က ဖေးခွမ်ကိုသဘောမကျဖြစ်နေမှာကို သူမစိုးရိမ်ခဲ့တာဖြစ်သည်။

ပြီးတော့၊ နှစ်နှစ်ကြာ‌တာတောင်မှ ဒီစုံတွဲက သူနဲ့တွေ့ဖို့ ငြင်းပယ်နေခဲ့တာဖြစ်သည်။

ဒါပေမယ့် စုန့်အာ့နန် မသိခဲ့တာက လူတွေက ပြောင်းလဲတတ်တာကိုပင်။ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူမရဲ့အစ်ကိုကြီးနဲ့ ယောင်းမတို့က ဖေးခွမ်ကို အကဲဖြတ်နေခဲ့တာဖြစ်သည်။

ဒီနေ့ သူတို့ရဲ့တုံ့ပြန်ပုံကနေ သုံးသပ်ရလျှင် အကဲဖြတ်မှုက အောင်မြင်သွားတဲ့ပုံပင်။

စုန့်လင်းချွမ်လည်း အတွင်းပိုင်း အသေးစိတ်တချို့ကိုသိပေမယ့် အေးစက်စက်နဲ့ 'ဟမ့်'ခနဲလုပ်လိုက်သေးကာ သူ့နှုတ်ခမ်းတွေကိုမဲ့လိုက်သည်။

နှုတ်လို့ပြီးတော့ သူတို့တွေအနေနဲ့ ဒီနားမှာရပ်နေဖို့မသင့်တော်ပါချေ။

ဒါနဲ့ စုန့်ကျန်းဟွေ့က သူ့လက်ကိုရမ်းပြလိုက်ပြီး စုန့်အာ့နန်ကို ပြောလိုက်သည်။ "ကောင်းပြီ၊ မင်းတို့ကလေးတွေပျော်ပါးကြပေါ့၊ ငါနဲ့ မင်းယောင်းမတို့ လိုက်ပတ်ကြည့်လိုက်ဦးမယ်"

ပြောပြီးတာနဲ့ သူက ကျောက်ယာကိုခေါ်ကာ တခြားသူတွေရဲ့အကြည့်တွေကို ချန်ထားပြီး ထွက်သွားလိုက်သည်။

သူတို့လည်း ဒီမှာရပ်နေဖို့ မသင့်တော်ဘူးလို့ စုန့်အာ့နန်လည်း ခံစားရတာကြောင့် သူတို့နှစ်ယောက်နဲ့ ဓာတ်ပုံရိုက်ဖို့ အကြံပေးမယ့်အချိန် အတန်းဖော်တချို့ကရုတ်တရက် ရောက်လာကြသည်။

သူတို့ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပြီးတဲ့နောက်၊ သူတို့က စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ကို သူတို့အတန်းနဲ့အတူ အုပ်စုပုံရိုက်လို့ရမလားလို့ မေးချင်တာဖြစ်မှန်း သူမသိလိုက်ရသည်။

ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့က အရမ်းကို သိုသိုသိပ်သိပ်နဲ့လာခဲ့ပေမယ့် တခြားသူတွေနဲ့အတူတူ ရပ်နေရင်တော့ သူတို့ကို သတိထားမိနေသေးသည်။

အတန်းဖော်တွေက တခြားအဖွဲ့တွေ ဓာတ်ပုံရိုက်ပြီးသွားပုံပေါ်တဲ့ သိပ်မဝေးတဲ့နေရာကိုပြလိုက်သည်။

ဘွဲ့ရတဲ့သူတွေအတွက် ဒီလိုပျော်စရာကောင်းတဲ့နေ့မျိုးမှာ ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့လည်း မငြင်းချင်တဲ့အတွက် နှစ်ယောက်သားကို အောင်အောင်မြင်မြင်နဲ့ငှားသွားနိုင်လိုက်သည်။

ရုတ်တရက် စုန့်အာ့နန်မှာ အထီးကျန်သလို ခံစားလိုက်ရသည်။ ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့ သူမကို မရှာတွေ့မှာစိုးတာကြောင့် သူမ လိုက်မသွားရဲပါချေ။

သူမက အနီးနားက chinaberry အပင်ဆီသွားလိုက်ပြီး အအေးခံဖို့ အရိပ်ထဲမှာနေလိုက်သည်။

ဇွန်လမှာ တကယ်ကို ပူနေပြီဖြစ်သည်။

သူမရဲ့ နည်းနည်းထူတဲ့ ပါရဂူဝတ်စုံကြီးကိုပါ ထည့်ပေါင်းလိုက်ရင် စုန့်အာ့နန်မှာ ပူတာကြောင့် ချွေးတွေပါထွက်လာရသည်။

လက်ထဲမှာ ဘာမှမရှိတဲ့အတွက် သူမလက်နဲ့ပဲ ယပ်ခတ်နေလိုက်သည်။ ဘာမှမရှိတာထက်စာရင် လက်နဲ့ ယပ်ခတ်နေတာက နည်းနည်းတော်သေးသည်။

စုန့်အာ့နန်က ခုံတန်းမှာ တစ်ယောက်ထဲထိုင်နေလိုက်သည်။ အရင်ဆုံး၊ သူမက ဖေးခွမ်နဲ့တခြားသူတွေကို ရံဖန်ရံခါကြည့်နေပေမယ့် တဖြည်းဖြည်းနဲ့ သူမ အတွေးထဲနစ်ဝင်လာသည်။ သူမလက်နဲ့ယပ်ခတ်နေတာလည်း ရပ်သွားသည်။

ရုတ်တရက်၊ သူမ အနောက်ကနေ လေအေးအေးလေးတိုက်ခတ်လာသည်။ သူမ အလိုလိုလှည့်ကြည့်လိုက်မိသည်။ ဖေးခွမ်က တစ်နေ‌ရာရာကနေ ယပ်တောင်အသေးလေးရလာပြီး သူမကိုယပ်ခတ်ပေးနေသည်။

စုန့်အာ့နန် သူ့အနောက်ကိုကြည့်လိုက်ပေမယ့် စုန့်လင်းချွမ်ကို မတွေ့ချေ။ သူမ နည်းနည်းနားမလည်ဖြစ်သွားသည်။

"လင်းချွမ်ရော?" သူမမေးလိုက်သည်။

ဖေးခွမ်က ယပ်ခတ်နေတာကို မရပ်လိုက်ဘဲ ပြုံးကာ "အိုး၊ ဒီကိုလာတဲ့လမ်းမှာ နောက်ထပ်တခြားလူတွေနဲ့ တွေ့ခဲ့လို့ ဓာတ်ပုံရိုက်ဖို့ သူ့ကိုဆွဲခေါ်သွားကြတယ်"

စုန့်အာ့နန်က "အိုး" လို့ဆိုလိုက်သည်။ ဒါဆို သူကရောဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ?

ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး ပြောလာသည်။ "ကိုယ် သူတို့ကို တောင်းပန်ပါတယ်၊ ကျွန်တော့်ကောင်မလေးက အရမ်းပူနေပြီမို့လို့ သူ့ကိုယပ်သွားခတ်ပေးရမယ်လို့ ပြောလိုက်တာ"

ပြောပြီးတာနဲ့ သူက ယပ်တောင်ကို နည်းနည်းမြှင့်လိုက်ပြီး "ကြည့်၊ သူတို့က ကိုယ့်ကိုယပ်တောင်လေးတောင်ပေးလိုက်သေးတယ်"

စုန့်အာ့နန်က "အာ" လို့ဆိုလိုက်ပြီး သူပြတဲ့နေရာဆီကြည့်လိုက်သည်။ မိန်းကလေးတော်တော်များများက သူမ ဘက်ကိုကြည့်နေကြတာကို တွေ့လိုက်ရသည်။

ဒီလူကလေ သိုသိုသိပ်သိပ်နေဖို့ အာရုံကိုမရှိဘူး။

"ကျွန်မကို ပေး၊ ကျွန်မ ဘာသာလုပ်လိုက်မယ်" သူမကပြောလိုက်သည်။

ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "ဟင့်အင်း၊ ကိုယ့်ကောင်မလေးကို ယပ်ခတ်ပေးရမယ်လို့ပြောထားတာ ဒီတော့ ကိုယ်ဘဲခတ်မယ်"

သူကပြောပြီးတာနဲ့ သူမ မှီအောင်သူ့လက်ကို ခပ်မြင့်မြင့် မြှောက်လိုက်သည်။

စုန့်အာ့နန်က ချက်ချင်း ပုန်ကန်ချင်လာသည်။ သူမက သူ့လက်ကို လက်တစ်ဖက်နဲ့လှမ်းဆွဲလိုက်ပြီး ကျန်တစ်ဖက်နဲ့ ယပ်တောင်ကိုအသဲအသန်လှမ်းဆွဲလိုက်သည်။

သူတို့နှစ်ယောက်က ချစ်စရာကောင်းစွာ ကြောင်နဲ့ကြွက်တမ်းကစားနေကြတာက ကြည့်ရတာ မယုံနိုင်စရာကောင်းလောက်အောင် ချိုမြိန်လှသည်။

လီစစ်ရွှေ့က သူမရဲ့ကင်မရာနဲ့ ဓာတ်ပုံလိုက်ရိုက်နေပြီး တိုက်တိုက်ဆိုင်ဆိုင် ဒီမြင်ကွင်းကို ဖမ်းမိလိုက်သည်။

သူမက shutter ခလုတ်ကိုအမြန်နှိပ်လိုက်ပြီး အဲ့ဒီအခိုက်အတန့်ကို အချိန်မှီ မှတ်တမ်းတင်လိုက်သည်။

သစ်ပင်အောက်မှာ ရွှေရောင်သန်းနေတဲ့ နေရောင်တွေက သစ်ရွက်ကြားကနေ ကျိုးတို့ကျဲတဲ ဖြာကျနေသည်။

စုန့်အာ့နန်က မျက်လုံးတောက်တောက်လေးတွေနဲ့ ခြေဖျားထောက်ရပ်နေသည်။ ဖေးခွမ်က သူမလက်ကောက်ဝတ်ကို ကိုင်ထားပြီး နှစ်ယောက်စလုံးက ပြုံးရယ်နေကြသည်။

သူမလည်ပင်းဆန့်ကာလှမ်းကြည့်လိုက်ရင်း တခစ်ခစ်ရယ်လိုက်သည်။

ဒီမြင်ကွင်းက လူတွေကို အကြောင်းပြချက်မရှိ စကားလုံးတစ်လုံးကို တွေးမိသွားစေသည်။

ထာဝရပဲ!

ဘွဲ့ရပြီးတဲ့နောက် စုန့်အာ့နန်သည် B တက္ကသိုလ်ရဲ့ တွဲဖက်ဆေးရုံတွင် အလုပ်သင်ဖြစ်လာခဲ့သည်။

ရင်းနှီးနေတဲ့ပတ်ဝန်းကျင်၊ ရင်းနှီးနေတဲ့လူတွေနဲ့ သူမအမြန် အဆင်ပြေသွားသည်။

သို့ပေမယ့် ဘွဲ့ရပြီးတဲ့နောက် သူမအနေနဲ့ကျောင်းအ‌ဆောင်မှာ နေလို့မရတော့ပေ။ ‌သေချာစဉ်းစားပြီးတဲ့နောက် စုန့်အာ့နန်က ဖေးခွမ်ရဲ့အိမ်ကိုပဲ တန်းပြောင်းလိုက်တော့သည်။

အမှန်တော့၊ ဘယ်မှာနေရမလဲဆိုပြီး ဆုံးဖြတ်‌တဲ့နေရာမှာ သူမအတွက် ရွေးချယ်စရာသုံးခုရှိခဲ့သည်။

တစ်ခုက စုန့်လင်းချွမ်ရဲ့နေရာကို သွားရမှာဖြစ်ပေမယ့် စုန့်အာ့နန်ကတော့ သိပ်အဆင်မပြေဘူးလို့ခံစားနေရတုန်းပင်။

ဘာပဲဖြစ်ဖြစ်၊ သူကရည်းစားရှိနေပြီဖြစ်သည်။ ကျိုးဝေ့က အမြဲတမ်း အဝေးမှာမနေရင်တောင် သူမက ရံဖန်ရံခါလာနေတတ်တဲ့အတွက် အဲ့ဒီအချိန်မှာ သူမအတွက် သေချာပေါက် အဆင်မပြေဖြစ်လိမ့်မည်ပင်။

ဒုတိယတစ်ခုကတော့ သူမရဲ့၁၈နှစ်ပြည့်မွေးနေ့တုန်းက စုန့်လင်းချွမ် သူမကို ပေးခဲ့တဲ့အိမ်ဖြစ်သည်။ နေရာက သူမတို့ ဆေးရုံနဲ့တော်တော်ဝေးပြီး သိပ်အဆင်မပြေပါချေ။

တတိယတစ်ခုကတော့ ဖေးခွမ်ရဲ့နေရာဖြစ်သည်။

စုန့်အာ့နန်နောက်ဆုံးမှာ ဖေးခွမ်ရဲ့အိမ်မှာနေဖို့ ဘာလို့ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ အဓိက အကြောင်းပြချက်ကတော့ သူမတို့တွေ မပြန်လာခင်က နိုင်ငံခြားမှာ အတော်ကြာ အတူနေခဲ့ကြတဲ့အတွက် ပြန်ရောက်လာတဲ့အခါ ခွဲနေဖို့မလိုဘူးလို့ ထင်တာကြောင့်ပင်။

သေချာပေါက် ချိုးချိုးကို အဆင်ပြေပြေ ဂရုစိုက်ရမယ်ဆိုတဲ့ တခြားအကြောင်းပြချက်လည်းရှိသေးသည်။

ပထမတော့ သူမတို့နိုင်ငံခြားကိုသွားတုန်းမှာ ချိုးချိုးကိုတရုတ်မှာဘဲ လျှိုဟောက်နဲ့ထားခဲ့ဖို့ကိုတော်တော်စဉ်းစားခဲ့ရသည်။

လျှိုဟောက် ဖေးခွမ်ရဲ့ကိုယ်ရေးကိုယ်တာ လက်ထောက်ဖြစ်သည်။ သူနဲ့အတူနိုင်ငံခြားကို လိုက်သွားဖို့မလိုတဲ့အတွက် ဒီနှစ်တွေမှာ လျှိုဟောက်က ကြောင်ထိန်းအဖြစ်နဲ့တာဝန်ကျခဲ့သည်။

အဲ့ဒါက ဖေးခွမ် တရုတ်ကိုပြန်ရောက်ကာ ချိုးချိုးကို လာခေါ်ပြီး သူနဲ့အတူပြန်ခေါ်သွားတဲ့အထိပင်။

ဒါပေမယ့် ဒီကြောင်လေးက ပတ်ဝန်းကျင်အမြဲတမ်းပြောင်းနေတဲ့အတွက် အရမ်းပင်ပန်းနေသည်။ အထူးသဖြင့် ချိုးချိုးက အခုဆို အသက်ခုနစ်နှစ်ရှိပြီဖြစ်‌တာကြောင် လူအသက်နဲ့ဆို ဆယ့်ငါးနှစ်ရှစ်ပြီဖြစ်တဲ့အတွက် မငယ်တော့ပေ။

ဒါကြောင့် ဆွေးနွေးပြီတဲ့နောက်မှာ၊ စုန့်အာ့နန်က ချိုးချိုးကို ဂရုစိုက်ဖို့အဆင်ပြေရအောင် ဖေးခွမ်ရဲ့ နေရာကိုပြောင်းဖို့ဆုံးဖြတ်လိုက်သည်။

ပြောစကားတွေက တကယ်မှန်သည်၊ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖူးမှ မိဘဖြစ်ရတာခက်ခဲတယ်ဆိုတာ သိလိမ့်မည်။

ကြောင်လေးကို ပြုစုပျိုးထောင်ရတာကလည်း အတူတူပင်။

အသေးလေးက အဆင်မပြေမှုတွေကို တစ်ချိန်လုံးတွေးကာ အိမ်မှာ တစ်နေ့လုံး ပြဿနာရှာနေသည်။ သူမအိမ်ပြန်ရောက်လာတိုင်း ဘာအံ့အားသင့်စရာတွေ စောင့်နေမလဲဆိုတာကို စဉ်းစားမိတိုင်း ခေါင်းကိုက်ရသည်။

ဒီနေ့မှာ၊ ပုံမှန်အတိုင်း စုန့်အာ့နန် အလုပ်ကနေ အိမ်ကိုပြန်လာသည်။ သူမ တံခါးကိုဖွင့်လိုက်တာနဲ့ ချိုးချိုးကအပြေးအလွှား ရောက်လာသည်။

သူမနဲ့တိုက်မိပြီး ဟန်ချက်ပျက်သွားကာ သူမကိုယ်ကို နံရံမှာမှီရင်းမနည်း ပြန်ထိန်းလိုက်ရသည်။

သူမကိုခြောက်လို့ပြီးတော့ ဆူခံရမှာကြောက်နေတဲ့ပုံနဲ့ မီးခိုးငွေ့လို ပြေးထွက်သွားသည်။

စုန့်အာ့နန် မတတ်နိုင်ဘဲ ရယ်လိုက်မိသည်။

မဟုတ်ဘူး၊ သူမ ဆုံးဖြတ်လိုက်ပြီး ဒီနေ့ ဒီကောင်လေးကို သင်ခန်းစာပေးရမယ်!

ဒီလိုဖြစ်နေတာ ဘယ်နှခါလောက်တောင်ရှိနေပြီလဲ?

အရင်တစ်ခေါက်က ဧည့်ခန်းမှာ၊ အဲ့ဒီမတိုင်ခင်က ရေခဲသေတ္တာဘေးမှာ ပြီးတော့ မနေ့က ရေချိုးခန်းတံခါးမှာ။

အိမ်မှာ တစ်နေကုန်ရှိနေတဲ့ ကြောင်လေးက ဘာဖြစ်နေမှန်း သူမလည်း မသိပါချေ။ ဒီအကျင့်ဆိုးက ဘယ်လိုလုပ် ရုတ်တရက်ပေါ်လာရတာလဲ?

စုန့်အာ့နန် ဧည့်ခန်းမှာ အတော်ကြာရှာဖွေနေပြီး နောက်ဆုံးတော့ ဆိုဖာထောင့်မှာ တရားခံကို ရှာတွေ့လိုက်သည်။

သူမက မျက်မှောင်ကြုတ်ကာ အလေးအနက်ဟန်ဆောင်ပြီး ဒီကောင်လေးကို ဆူဖို့ကြိုးစားခဲ့သည်။

"ချိုးချိုး၊ နင် ဒီလိုမျိုး လူတွေကို ရုတ်တရက် တိုက်ခိုက်နေလို့မရဘူးနော်၊ သူတို့လန့်သွားလိမ့်မယ် သိရဲ့လား!"

အသေးလေးက စုန့်အာ့နန်ဘက်ခေါင်းစောင်းလိုက်ပြီး အရမ်းအပြစ်ကင်းတဲ့အမူအရာနဲ့ 'မြောင်' သံထုတ်လိုက်သည်။

စုန့်အာ့နန်ရဲ့ နှလုံးသားမာမာက ချက်ချင်းပြိုကျလုနီးနီးပင်။

သူမက ချောင်းနည်းနည်းဟန့်လိုက်ပြီး ပြင်းပြင်းထန်ထန် ပြောလိုက်သည်။ "နင့်ကိုယ်နင်ချစ်စရာကောင်းတယ်လို့ မထင်နေနဲ့၊ အလုပ်မဖြစ်ဘူး!"

အသေးလေးက 'နင်ပြောတာ ငါနားမလည်ဘူး' ဆိုတဲ့အမူအရာနဲ့ အဆုံးထိခေါင်းမာဖို့ ဆုံးဖြတ်ထားတဲ့ပုံပင်။

သူ့ရဲ့နောင်တမရတဲ့ သဘောထားကိုမြင်တော့ စုန့်အာ့နန်လည်းခေါင်းမာမာနဲ့ အသေးလေးကို ချီလိုက်ပြီး ဆိုဖာပေါ်ထိုင်ကာ ကောင်းကောင်းလက်ချာပေးဖို့အသင့်ဖြစ်နေသည်။

ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ ဖေးခွမ်က သူမဆီ ဗီဒီယိုကောခေါ်လာခဲ့သည်။

စုန့်အာ့နန်က ချိုးချိုးကို ထွက်မပြေးရအောင် လက်တစ်ဖက်နဲ့ကိုင်ထားပြီး ကျန်တစ်ဖက်နဲ့ ဖုန်းကိုင်လိုက်သည်။

ဗီဒီယိုကော ချိတ်ဆက်သွားတော့ တစ်ဖက်က ကြောင်တစ်ကောင်နဲ့လူတစ်ယောက်ရဲ့ ပုံစံကိုမြင်ပြီး မ‌တတ်နိုင်ဘဲ တစ်ခဏလောက် ကြောင်အသွားသည်။

"ဘာဖြစ်နေကြတာလဲ?" သူက ရယ်ကာမေးလိုက်သည်။

စုန့်အာ့နန်က ချိုးချိုးကို 'ဟမ့်' ခနဲလုပ်လိုက်ပြီး ဖေးခွမ်ကို စိတ်တိုတိုနဲ့ တိုင်ပြောတော့သည်။

သူမပြောပြီးသွားတော့ သူ့ကိုမေးလိုက်သည်။ "သူဘာဖြစ်နေတာလို့ ရှင်ထင်လဲ?"

ဇာတ်လမ်းတစ်ခုလုံးကို နားထောင်လို့ပြီးတော့ ဖေးခွမ်မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။

"အဲ့ဒီလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ?" သူမေးလိုက်သည်။

စုန့်အာ့နန် တစ်ခဏလောက်စဉ်းစားလိုက်ပြီး "လွန်ခဲ့တဲ့တစ်ပတ်လောက်က စတာဖြစ်မယ်"

ဖေးခွမ် - "သူ့ကိုအရင်ကရော အပြစ်ပေးလား?"

စုန့်အာ့နန် ခေါင်းခါလိုက်ပြီး "အခုပဲ သူ့ကိုအပြစ်ပေးဖို့လုပ်နေတာ"

ဖေးခွမ် သူ့မျက်ခုံးကြားကို လက်မနဲ့ လက်ညိုးနဲ့ဖိလိုက်ပြီး သူ့အသံကလည်း ကူကယ်ရာမဲ့မှုအပြည့်ပင်။ "မင်းသူ့ကို အရမ်းအလိုလိုက်ခဲ့လို့ မဟုတ်ဘူးလား? တစ်ပတ်တောင်ရှိနေပြီကို မင်းက အခုမှအပြစ်ပေးဖို့ တွေးမိတယ်လား?"

စုန့်အာ့နန်က အပြစ်ကင်းသလို မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး "အဲ့ဒီလောက်တောင် ဆိုးသွားတယ်လား?"

သူမ အဲ့ဒီ‌လောက်ထိ အလိုလိုက်ခဲ့မိတယ်လို့ မထင်ထားပါချေ။

ဖေးခွမ် မနေနိုင်ဘဲ အော်ရယ်လိုက်သည်။ ဒါကိုအလိုလိုက်တယ်လို့ မခေါ်ဘူးလား?

ဒါပေမယ့် ဒုတိယအခေါက် တွေးကြည့်လိုက်တော့ အဓိပ္ပါယ်ရှိသလိုပင်။ ဒီကောင်မလေးက အမြဲတမ်း တည်ငြိမ်ကာ လူတိုင်းအပေါ် အရမ်းစိတ်ရှည်တဲ့အတွက် ဒီအသေးလေး မောက်မာလာတာ အံ့ဩစရာမဟုတ်ပါချေ။

"မဖြစ်ဘူး၊ နောင်ကျ ကိုယ်တို့ကလေးရလာတဲ့အခါဆို မင်းကို မထိန်းခိုင်းတော့ဘူး၊ မဟုတ်ရင် သူတို့တွေသေချာပေါက် ပျက်စီးသွားမှာ" သူကခပ်တိုးတိုးဆိုသည်။

စုန့်အာ့နန်မှာ ချက်ချင်းဘဲ ပြန်ချေပလာသည်။ "မလုပ်ဘူး!"

"ကျွန်မကို လာမစွပ်စွဲနဲ့ ကျွန်မမှာလည်း စည်းကမ်းတွေရှိတယ်!"

သူမက အကြောင်းပြချက်မရှိဘဲ ကလေးကို ဘယ်တော့မှ အလိုလိုက်မှာမဟုတ်ဘူး။

ဖေးခွမ်က သူမကိုချစ်စနိုးကြည့်လိုက်ပြီး "ကောင်းပါပြီ၊ မင်းလုပ်မှာ မဟုတ်ဘူး"

သူ့ရဲ့တုံ့ပြန်မှုအရ သူ သူမကိုလုံးဝမယုံမှန်း စုန့်အာ့နန်သိပေမယ့် သူနဲ့ပြန်ချေပဖို့ အရမ်းပျင်းသွားသည်။

ဘာပဲဖြစ်ဖြစ် သူ သူမကိုချော့တာနဲ့အသားကျနေပြီဖြစ်သည်။

All Chapters