← Chapters

အခန်း (၁၄၂)

Vol. 11 Ch. 142

အခန်း (၁၄၂)

Vol. 11 Ch. 142

စုန့်အာ့နန် သူမလက်မောင်းကို လက်ချိတ်ထားတဲ့ချိုးချိုးကို ငုံ့ကြည့်လိုက်ပြီး သူမဒီကောင်လေးကို အပြစ်မပေးရသေးမှန်း ရုတ်တရက် သတိရသွားသည်။

"ဖုန်းချလိုက်တော့မယ်၊ ရှင်နဲ့ ဆက်မပြောချင်တော့ဘူး" သူမပြောလိုက်သည်။

သူမစိတ်ဆိုးအောင် သူလုပ်လိုက်မိပြီလို့ ထင်သွားပြီး ဖေးခွမ်က အမြန်ပြောလိုက်သည်။ "မဟုတ်ဘူး၊ ကိုယ်မှားသွားတယ်"

စုန့်အာ့နန် -"....."

ကြည့်၊ သူက လူတွေကိုချော့တဲ့နေရာမှာ အတော်ဆုံးလို့ သူမ ပြောတာမှန်သားပဲ။ 'ကိုယ်မှားသွားတယ်' ဆိုပြီး သူဆီကနေ အလွယ်တကူ ထွက်လာတာ။

သူမ တိတ်နေတာကိုမြင်တော့ ဖေးခွမ် ထပ်မေးလိုက်သည်။ "မင်းတကယ် စိတ်ဆိုးနေတာလား?"

စုန့်အာ့နန် နည်းနည်းကူကယ်ရာမဲ့သွားသည်။ "မဟုတ်ဘူး၊ ကျွန်မချိုးချိုးကို အပြစ်ပေးမလို့လေ။ မဟုတ်လို့ရှိရင် သူဆက်ပြီး လိုက်ခြောက်နေဦးမယ်"

ဖေးခွမ်က 'အိုး' လို့ဆိုပြီး မေးလိုက်သည်။ "မင်းကဘယ်လိုအပြစ်ပေးမှာလဲ?"

စုန့်အာ့နန်က လေးလေးနက်နက်နဲ့ ချောင်းဟမ့်လိုက်ပြီး "ကျွန်မ သူ့ကို ပြင်းပြင်းထန်ထန်ဆူတော့မှာ!"

ဒီကောင်မလေးရဲ့ အမူအရာကြောင့် ဖေးခွမ်မှာ ရယ်ချင်ပေမယ့် သူမ စိတ်ဆိုးသွားမှာ စိုးတာကြောင့် ထိန်းထားရသည်။

"ဒီကောင်ကို ဆူတာက အသုံးမဝင်ဘူး၊ ရိုက်လိုက်" သူကပြောလာသည်။ "မဟုတ်ရင်လည်း သူ့ကိုတစ်ပတ်လောက် မုန့်မကျွေးဘဲ အပြစ်ပေးလိုက်"

စုန့်အာ့နန်က 'အာ' လို့ဆိုလာပြီး ရှက်ရွံ့မှုတွေက သူမမျက်နှာအနှံ့ ပြန့်နှံ့သွားသည်။

ရိုက်ဖို့ သူမ သိပ်မသေချာတော့ ဘာလုပ်သင့်လဲ?

ချိုးချိုးက သူ့ပိုင်ရှင်နှစ်ယောက် သူ့ကိုအပြစ်ပေးမယ့်အကြောင်းပြောနေတာကို တွေ့တော့ စုန့်အာ့နန်အာရုံမစိုက်မိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူမလက်ကြားထဲကနေ ခုန်ထွက်ကာ ပြေးထွက်သွားသည်။

"ဟေး....." စုန့်အာ့နန်မှာ အလိုလို သူ့နောက်ကို လိုက်ဖို့လုပ်လိုက်သည်။

ဖေးခွမ်က ပြုံးပြီး သူမကိုတားလိုက်သည်။ "သူ့ကိုမလိုက်နဲ့တော့ ကိုယ်နဲ့လွှဲထားလိုက်၊ ကိုယ် မနက်ဖြန်ကျရင်ပြန်လာပြီး မင်းကို ကူဆုံးမပေးမယ်"

စုန့်အာ့နန်က အဓိက အချက်ကို ဖမ်းမိသွားသည်။ သူမမျက်လုံးတွေက တောက်ပလာကာ "ရှင် မနက်ဖြန်ပြန်လာမှာလား?"

"အင်း" ဖေးခွမ်က ပြုံးကာရှင်းပြလိုက်သည်။

"ဒါရိုက်တာချီရဲ့ ရုပ်ရှင် သတင်းစာရှင်းလင်းပွဲအတွက် မနက်ဖြန် ကိုယ်ပြန်လာရမှာ၊ ဒီနေ့ပဲ အတည်ပြုချက်ရတာ မင်းကို ပြောဖို့ အခွင့်အရေးမရသေးလို့"

စုန့်အာ့နန်က "အိုး" လို့အသံပြုလိုက်ပြီး အရမ်းပျော်နေတဲ့ပုံပင်။ "ဒါဆိုမနက်ဖြန် ဘယ်အချိန်လောက် အိမ်ပြန်ရောက်မလဲ?"

ဖေးခွမ်လည်း သူမရဲ့စိတ်အခြေအနေကြောင့် ပြုံးလိုက်ပြီး "သတင်းစာရှင်းလင်းပွဲက နေ့လယ်ခင်းမှာ၊ ညနေလောက်ဖြစ်လောက်မယ်"

"အလုပ်ပြီးရင် အိမ်မှာ ကိုယ့်ကိုစောင့်နေ၊ ကိုယ် ပြန်လာတဲ့အခါကျရင် ညစာတူတူစားကြတာပေါ့"

စုန့်အာ့နန် ခေါင်းညိတ်လိုက်ပြီး သူမအသံက တက်ကြွမှုအပြည့်ပင်။ "ကောင်းပြီ၊ ရှင့်ကို စောင့်နေမယ်!"

စုန့်လင်းချွမ် ပါဝင်သရုပ်ဆောင်ထားသည့် ဒါရိုက်တာချီရဲ့ဇာတ်လမ်း ရိုက်ကူးနေသည်မှာ နှစ်နှစ်နီးပါးရှိပြီဖြစ်ပြီး နောက်ဆုံး၌ ရုံတင်ပြသတော့မည်ဖြစ်သည်။

နောက်တစ်နေ့ သတင်းစာ ရှင်းလင်းပွဲ ကျင်ပရာနေရာကို ဖေးခွမ်ရောက်တဲ့အချိန် စုန့်လင်းချွမ်လည်း ရောက်နေပြီဖြစ်သည်။

ရုပ်ရှင်ရဲ့ အဓိကဇာတ်လိုက်အနေနဲ့ သူ့ရဲ့ လူထုအမြင်တာဝန်က ဖေးခွမ်ထက် ပိုများသည်။

ဒီသတင်းစာ ရှင်းလင်းပွဲအပြင် နောက်လာမယ့် ပရိုမိုးရှင်းဆင်းတဲ့ ပွဲတွေမှာလည်း သူပေါ်လာရမည်ဖြစ်သည်။

သူတို့ဆုံကြတော့ စကားနည်းနည်းပြောကြပြီး နောက်တော့ သတင်းစာ ရှင်းလင်းပွဲက တရားဝင်စတင်လိုက်သည်။

host က ပင်တိုင်သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာ တို့ကို စင်ပေါ် ဖိတ်ခေါ်လိုက်သည်။ အောက်မှာတော့ ဖျော်ဖြေရေးမီဒီယာ သတင်းထောက်တွေနဲ့ နာမည်ကြီးအွန်လိုင်းဘလော့ဂါတချို့ရှိနေသည်။

သူတို့က စုန့်လင်းချွမ်နဲ့ ဖေးခွမ်ကိုမြင်တဲ့အခါ မျက်လုံးတွေက ချက်ချင်းတောက်ပလာကာ သိုးကိုမြင်တဲ့ဝံပုလွေလိုပင်။

ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့က ဆက်ဆံရေးကောင်းကြောင်း လူတိုင်းသိပေမယ့် ဖျော်ဖြေရေးလောကရဲ့ ကြယ်ပွင့်နှစ်ဦးက တစ်ချိန်ထဲမှာ ပေါ်လာဖို့ဆိုတာ ရှားသည်။

အထူးသဖြင့် ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ရဲ့ ဆက်ဆံရေးကိုဖော်ထုတ်ပြီးတဲ့နောက် ဒီနှစ်‌ယောက်က ပါ့ပလစ်မှာ တစ်ခါမှ မပေါ်လာခဲ့ဖူးပေ။

ဒီတစ်ခေါက်တော့ သူတို့ကို တွေ့လိုက်ရတာကြောင့် ဒီမီဒီယာအဖွဲ့က ဘယ်လိုလုပ်စိတ်မလှုပ်ရှားဘဲနေနိုင်မှာလဲ?

သူတို့မှာ မေးစရာမေးခွန်းတွေ အများကြီးရှိသည်။

ဒါပေမယ့် လူတိုင်းက စည်းမျဉ်းတွေကိုတော့ သိသည်။ ဒါက ရုပ်ရှင်သတင်းစာ ရှင်းလင်းပွဲဖြစ်တဲ့အတွက် အရင်ဆုံး မေးခွန်းတွေက သဘာဝအတိုင်း ရုပ်ရှင်အပေါ် အာရုံစိုက်မေးရမည်ဖြစ်သည်။

ဒါပေမယ့် တဖြည်းဖြည်းနဲ လူတိုင်းက မငြိမ်မသက်ဖြစ်လာပြီး ယောက်ယက်ခတ်လာကြသည်။

ဒါရိုက်တာချီက သတင်းထောက်တွေ လှုပ်လှုပ်ရှားရှားဖြစ်နေတာကိုမြင်တော့ လက်ကိုအသာအယာယမ်းပြီး အောက်က သတင်းထောက်တွေကို ပြောလိုက်သည်။ "ကောင်းပြီ၊ မအောင့်ထားကြနဲ့တော့၊ မေးချင်တာမေးကြ"

လူအုပ်ကြီးရဲ့မျက်လုံးတွေက တောက်ပလာပြီး သွက်သွက်လက်လက် သတင်းထောက်တစ်ယောက်က လက်အရင်မြှောက်လာသည်။ host က သူ့ကိုခေါ်လိုက်တော့ သတင်းထောက် ထရပ်လိုက်ပြီး စုန့်လင်းချွမ်နဲ့ ဖေးခွမ်ကို တိုက်ရိုက်ကြည့်လိုက်ကာ သူ့ရည်ရွယ်ချက်က သိသာလှသည်။

ဖျော်ဖြေရေးနယ်ပယ်ထဲ နှစ်အတော်ကြာကျင်လည်ခဲ့တာကြောင့် မီဒီယာတွေက ဘာကိုစိတ်ဝင်စားကြလဲဆိုတာ သူတို့သေချာပေါက် သိကြတဲ့အတွက် စိတ်ပိုင်းဆိုင်ရာကိုလည်း အစောကြီးကတည်းက ပြင်ဆင်ထားသည်။

သတင်းထောက်က ဖေးခွမ်ကို အရင်မေးလာသည်။ "Mr.ဖေး၊ မင်္ဂလာပါ။ ကျွန်တော်တို့အားလုံးသိထားကြတဲ့အတိုင်း Mr.ဖေးရဲ့အချစ်ရေးက လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက အရမ်ကိုတည်ငြိမ်နေခဲ့တယ်။ မကြာခင်မှာ လက်ထပ်ဖို့ အစီအစဉ်ရှိလားဆိုတာမေးလို့ရမလား?"

ဒီမေးခွန်းက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပင်။ လက်ထပ်ဖို့? အန်တီလေးကလွဲရင် ဘယ်သူနဲ့ဖြစ်နိုင်ဦးမှာလဲ?

မေးခွန်းက ဖေးခွမ်ကို ဦးတည်နေပေမယ့် လူတိုင်းကတော့ စုန့်လင်းချွမ်ဆီကိုပဲ သိသိသာသာ အာရုံစိုက်နေကြသည်။

သေချာပေါက်ကို စုန့်လင်းချွမ်က စိတ်မပျက်သွားစေပေ။ သူ ထိုင်မနေနိုင်တော့ဘဲ ချက်ချင်းပြောလာသည်။ "လက်ထပ်မယ်? ကျွန်တော့်အန်တီလေးက ငယ်သေးတယ်၊ အလျင်မလိုဘူး"

အဲ့ဒါနဲ့ သူက "ဟမ့်" ဆိုတဲ့အသံနဲ့ သူ့လေသံက အရမ်းကိုမထီမဲ့မြင်ပြုနေကာ "ဒါ့ပြင်၊ စုန့်မိသားစုရဲ့တံခါးကိုဖြတ်ဖို့ အရမ်းလွယ်တယ်ထင်နေတာလား?"

လူတိုင်း - "???"

သူက ယောက္ခမဆိုးကြီးလို ပြောနေတာပဲ။

ဖေးခွမ်က ရယ်သာရယ်နေပြီး လုံးဝစိတ်မဆိုးဘဲ အလေးအနက် ခေါင်းညိတ်လိုက်ကာ "ငါဆက်ကြိုးစားပါဦးမယ်"

နောက်တော့ အောက်က လူအုပ်ကြီးကို ကြည့်လိုက်ပြီး သူ့အမူအရာက အရမ်းကိုလေးနက်နေသည်။

"ဒီတော့၊ ကျွန်တော့်အကြောင်းနဲ့ပတ်သတ်ပြီး ကြုံရာအရှုပ်တော်ပုံတွေ မရေးကြနဲ့နော်။ ကျွန်တော့်ကောင်မလေးသာ ကျွန်တော့်ကို စွ့န်ပစ်လိုက်ရင် ခင်ဗျားတို့ကို သရဲအဖြစ်နဲ့လာခြောက်မှာပဲ!"

လူအုပ်ကြီးက သူတို့လက်ကို ဝှေ့ယမ်းလိုက်ပြီး အားလုံးက ရယ်ရယ်မောမောနဲ့ မရေးဘူးလို့ ဆိုကြသည်။

သတင်းစာရှင်းလင်းပွဲက တိုက်ရိုက်ထုတ်လွှင့်နေတာကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ ပရိတ်သတ်တွေလည်း အရူးအမူးရယ်ကြတော့သည်။

[ဟားဟားဟား၊ ဒီဘိုးဘေးလေး စုန့်လင်းချွမ်က တကယ်ရယ်ရတာပဲ!]

[ဖေးခွမ်ကို စုန့်လင်းချွမ်က ဦးဆောင်နေတယ်လို့ ဘာလို့ငါခံစားနေရပါလိမ့်? ဒါပေမယ့် ဒါက အဓိပ္ပါယ်ရှိတယ်လို့ ငါထင်တယ်၊ သူ့ရဲ့အဖိုးတန်အန်တီလေးကို ယူပြေးထားတော့ သူအပြစ်ရှိသလို ခံစားနေရမှာဘဲ!]

[သေစမ်း! ငါတော့ရယ်ရလို့သေပြီ၊ ဖေးခွမ် မကြောက်စမ်းနဲ့၊ နင်က သူ့ရဲ့ဦးလေးပဲ ဘာကိုကြောက်နေတာလဲ?]

[ဖေးခွမ် - မရဘူး၊ ငါက အခုထိလက်ထပ်ပြီး မိသားစုထဲမဝင်ရသေးတော့ နှိမ့်နှိမ့်ချချနေရမယ်]

[ဟုတ်တယ်၊ တချို့မီဒီယာတွေက အရမ်းထွက်ပေါက်ရှာကြတယ်၊ ဖေးခွမ်က တကယ်ရိုးဖြောင့်တာ ဒါပေမယ့် တချို့လူတွေကတော့ အထောက်အထားမရှိဘဲ အရှုပ်အရှင်းတွေကို လုပ်ကြံပြောရတာ ကြိုက်ကြတယ်]

[ငါပဲ စိတ်ကူးယဉ်နေတာများလား ဒါမှမဟုတ် ဖေးခွမ်ရဲ့ 'ခင်ဗျားတို့ကို သရဲအဖြစ်နဲ့‌လာခြောက်မယ်' လို့ပြောတဲ့ပုံက ခြိမ်းခြောက်နေသလိုဘဲ?]

[အပေါ်ထပ်က ညီအစ်မရေ နင်ပြောတာမှန်တယ်၊ ဒါကခြိမ်းခြောက်နေတာပဲ။ တချို့မီဒီယာတွေက မဟုတ်တာတွေကို လုပ်ကြံပြောရင် ဖေးခွမ်က တစ်ယောက်ပြီးတစ်ယောက်ကို တရားစွဲမှာပဲ!]

[ဝါးးး၊ ဖေးခွမ်က အန်တီလေးကို တကယ်ချစ်တာပဲ! ငါတော့ငိုပြီ!]

[သူက ဘယ်လိုလုပ် မချစ်ရမှာလဲ? အန်တီလေးနိုင်ငံခြားသွားရတုန်းကတောင် သူက နိုင်ငံခြားလိုက်သွားတာကို၊ တစ်ခဏလေးတောင် မခွဲနိုင်နေဘူး!]

[အရင်က ဖေးခွမ်ကို မီဒီယာတွေက အချစ်ကြီးတယ်လို့ပြောကြတာ အစက ငါမယုံခဲ့ဘူး။ ဒါပေမယ့် ပိုလေ့လာပြီးတဲ့နောက်မှာ တကယ်ဆိုတာ သိလိုက်ရတယ်!]

[အချစ်ကြီးတာက သာမာန်ပါဘဲ၊ အန်တီလေးက အရမ်းကောင်းတာကို ငါသာသူဆိုရင်လည်း အရမ်းချစ်မိမှာဘဲ!]

[ဟုတ်တယ်၊ ဟုတ်တယ်၊ အန်တီလေးနဲ့ ဖေးခွမ်ကအရမ်းလိုက်ဖက်တာ။ လာကြ လာကြ ဒီစစ်မှန်ပြီး ချိုမြိန်တဲ့ အချစ်စစ် စုံတွဲလေးကို ship ကြရအောင်!]

...

နောက်ထပ်သတင်းထောက်တစ်‌ယောက်က စုန့်လင်းချွမ်ကိုမေးလာသည်။ "Mr.စုန့်ရဲ့ အန်တီလေးက ရည်းစားရသွားတော့ သူ့ရင်ထဲက Mr.စုန့်ရဲ့နေရာကရော ခြိမ်းခြောက်ခံရလား?"

စုန့်လင်းချွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "သေချာပေါက် ဘယ်ဟုတ်မလဲ!"

"ကျွန်တော့်ရဲ့အန်တီလေးနဲ့ ကျွန်တော်တို့က အတူတူကြီးပြင်းလာကြတာ အဲ့ဒီနှောင်ကြိုးကို ဘယ်သူမှ ခြိမ်းခြောက်လို့မရဘူး"

ရင်နှီးတဲ့အနံ့အသက် ရင်းနှီးတဲ့ဖော်မြူလာ။

ဘိုးဘေးလေးက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေရော အပြင်က လူအုပ်ကြီးနဲ့ လှည့်ပတ်ငြင်းခုန်နေတာကိုမြင်တော့ လူတိုင်းက ရယ်ကြတော့သည်။

အောင်မြင်တယ်! ကျေနပ်ရလောက်အောင် အောင်မြင်ခဲ့တယ်!

သတင်းစာရှင်လင်းပွဲပြီးတော့ ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့က ပြန်ဖို့အတွက် ကားထဲအတူတူဝင်လိုက်ကြသည်။

ကားထဲတွင် စုန့်လင်းချွမ်ကသူ့ကိုတစ်ချက်ကြည့်လိုက်ပြီး "ငါ့အန်တီလေး ငါ ဒီနေ့ပြန်လာမယ်ဆိုတာ မသိဘူး။ ငါ့ကို မြင်ရင် သူသေချာပေါက် အံ့ဩသွားမှာ"

ဖေးခွမ်က ပြုံးလိုက်ပြီး ဝင်ပြောလာသည်။ "အင်း၊ သူ မင်းကို မြင်ရင် သေချာပေါက် လာပြေးဖက်လောက်တယ်"

ဒါကိုကြားတော့ စုန့်လင်းချွမ်က စိတ်ကြီးဝင်စွာနဲ့ပြောလာသည်။ "ကြည့်၊ မင်းက ငါ့အန်တီလေးကို နားမလည် သေးဘူးပဲ။ ဒါက သူ့ပုံစံမဟုတ်ဘူး"

သူ့ကို လာပြေးဖက်မယ်? မဖြစ်နိုင်တာ၊ ကလေးဘဝကတည်းကနေ အခုချိန်အထိ သူ့အန်တီလေး ဘယ်သူ့ကိုမှပြေးဖက်တာ သူ မတွေ့ဖူးဘူး။

သူ့အမေဖြစ်တဲ့ မစ္စကျောက်ကိုတောင်မှ မလုပ်ဖူးဘူး!

ဖေးခွမ်က ပြုံးပဲပြုံးနေလိုက်ကာ အလုပ်ရှုပ်ခံငြင်းမနေဘဲ သူ့ကိုတိတ်တိတ်လေး တစ်ချက်ကြည့်လိုက်သည်။

စုန့်အာ့နန်ဘက်မှာတော့ အလုပ်ဆင်းလို့ အိမ်ပြန်ရောက်ကတည်းက သူမ ဖေးခွမ်ကို စောင့်နေသည်။

တံခါးက လျို့ဝှက်နံပါတ်ကို နှိပ်ဖွင့်နေတဲ့အသံကြားတော့ သူမ ချက်ချင်းထလိုက်ပြီး သူ့ကိုသွားကြိုလိုက်သည်။

တံခါးပွင့်သွားပြီး ဖေးခွမ်ပေါ်လာတာနဲ့ စုန့်အာ့နန်က အပြေးအလွှားရောက်လာပီး သူ့ကိုဖက်လိုက်သည်။ "ရှင်ပြန်လာပြီ!"

ဖေးခွမ်အနောက်က စုန့်လင်းချွမ် - "...."

သူက အမူအရာမဲ့စွာနဲ့ သူတို့နှစ်ယောက်ကို ကြည့်နေပြီး နောက်တော့ ဖေးခွမ်ကို ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။

ဒီခွေးကောင်ကတော့!

........

စုန့်အာ့နန် ‌ဆေးရုံမှာ အလုပ်သင်ဆင်းတဲ့ ပထမနှစ်မှာ တိုက်တိုက်ဆိုင်ဆိုင် နွေဦးပွဲတော်က သူမရဲ့အားလပ်ရက်နဲ့ တိုက်နေသည်။ ဖေးခွမ်နဲ့ ဆွေးနွေးပြီးတဲ့နောက် အားလပ်ရက်ကို သူမရဲ့အစ်ကိုကြီးနဲ့ယောင်းမတို့နဲ့အတူ ကုန်ဆုံးဖို့အတွက် ပြန်ဖို့ဆုံးဖြတ်လိုက်ကြသည်။

ဒီဟာက ဖေးခွမ်အတွက် စုန့်အာ့နန်ရဲ့ကောင်လေးအဖြစ် လိုက်လည်တဲ့ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် သူစိတ်လှုပ်ရှားနေမိတာ သဘာဝပင်။ ဒါပေမယ့် သူက အရမ်းတည်ငြိမ်အောင် ဟန်ဆောင်ထားလို့ သူလက်ဆောင်တွေကို ထပ်ခါထပ်ခါစစ်ဆေးနေတာကို စုန့်အာ့နန်မြင်လိုက်ရတဲ့ မတိုင်ခင်ညအထိ သူမတောင် သတိမထားမိခဲ့ပေ။

"ဒီနေ့ဘာဖြစ်နေတာလဲ? ရှင် ဒီဟာတွေကို ခဏခဏ ရေကြည့်ပြီးသွားပြီလေ" စုန့်အာ့နန်က နားမလည်သလို မေးလိုက်သည်။

ဖေးခွမ်က လက်ယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ စိတ်လှုပ်ရှားနေလို့ ကိုယ့်ကိုယ်ကိုအာရုံပြောင်းဖို့ကြိုးစားနေတာ"

"အိုး" စုန့်အာ့နန်က သဘောပေါက်သွားသလို ရေရွတ်လိုက်သည်။ "ဒါပေမယ့် ရှင် သူတို့နဲ့ ဘွဲ့အခမ်းအနားတုန်းကလည်း တွေ့ပြီးသွားပြီ မဟုတ်ဘူးလား?"

အဲ့ဒီတုန်းကလည်း သူစိတ်လှုပ်ရှားနေခဲ့တာဖြစ်သည်။

အဲ့ဒီနေ့မှာ သူမရဲ့အစ်ကိုကြီးနဲ့ ယောင်းမက အသိအကျွမ်းတွေနဲ့ ဆုံသွားတဲ့အတွက် သူတို့နဲ့အတူညစာမစားခဲ့ရပေမယ့် အဲ့ဒါကိုမိဘတွေနဲ့ တွေ့တာလို့ ထည့်တွက်လို့ရသည်။

ဒါ့အပြင်၊ စုန့်အာ့နန်ရဲ့လေ့လာမှုအရဆို သူတို့တွေက ဖေးခွမ်အပေါ် အမြင်ကောင်းရှိကြတဲ့ပုံပင်။ အထူးသဖြင့် သူမရဲ့အစ်ကိုကြီးပင်။

အမှန်တော့၊ အဲ့ဒီနေ့တုန်းက သူနဲ့မတွေ့ခင် စုန့်အာ့နန်မှာ အရမ်းစိုးရိမ်ပူပန်ခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် သူမတို့ရဲ့ဆက်ဆံရေး ထွက်လာတုန်းက သူမရဲ့အစ်ကိုကြီးက ဖေးခွမ်ကို အရမ်းသဘောမကျဖြစ်ခဲ့ပြီး သူနဲ့တောင်မတွေ့ချင်ခဲ့ပေ။

ဒါပေမယ့် မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ပြီး သူတို့ရဲ့တွေ့ဆုံမှုအပြီးမှာ စုန့်ကျန်းဟွေ့က ဖေးခွမ်ကို ဖော်ဖော်ရွေရွေဖြစ်ခဲ့သည်။ သူတို့စကားစမြည်ပြောပုံအရ သူတို့ အရင်က အဆက်အသွယ်ရှိခဲ့တဲ့ပုံလိုပင်။

စုန့်အာ့နန်မှာ အရမ်းအံ့အားသင့်သွားရသည်။ ဒီအကြောင်းတွေကို သူမ ဘာလို့မသိခဲ့ရတာလဲ?

နောက်ပိုင်း သူမ ဖေးခွမ်ကို မေးကြည့်တော့ သူကဖုန်းတစ်ခါပဲ ပြောဖူးတာလို့ အဆန်းတကြယ်နဲ့ ပြောလာသည်။ သူမ ဘယ်လောက်ပဲ ဖိအားပေးပါစေ သူက သူမကိုပြောပြဖို့ငြင်းခဲ့သည်။

ဘယ်လိုတောင် စိတ်တိုဖို့ကောင်းလိုက်လဲ?

ဖေးခွမ်က သူမနှာခေါင်းကိုအသာလေး တောက်လိုက်ပြီး အပြုံးနဲ့အတူပြောလိုက်သည်။ "‌ဒီတစ်ခေါက်တော့မတူဘူးလေ။ တရားဝင်သွားလည်တာနဲ့ ဒီတိုင်းတွေ့တာက လုံးဝမတူဘူး"

သူ မ အ ပါချေ။ ဒီ‌တစ်ယောက် စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့ဘက်ကစပြီး ဒီနှစ်သစ်ကူးပိတ်ရက်မှာ ဖေးခွမ်ကိုပါလာဖို့ စုန့်အာ့နန်ကို အကြံပြုခဲ့တာဖြစ်သည်။ တစ်နည်းအားဖြင့်ဆို၊ ဒါဟာ စုန့်မိသားစုက သူ့ရဲ့တည်ရှိမှုကို ပြောစရာမလိုစွာ အသိအမှတ်ပြုလိုက်တာဖြစ်သည်။

ဒီတော့ အခု သူလည်း အပြန်အလှန် ပုံစံလုပ်ပြရမည်ပင်။

ပုံစံတွေကိုပြောရင်း ဖေးခွမ် ရုတ်တရက်တစ်ခုခုကိုသတိရသွားသည်။

မကောင်းတော့ဘူး၊ ဒီဟာတွေကို သူထပ်ပြီးစစ်ဆေးရမယ်။

သူထလိုက်ပြီး စုန့်အာ့နန်ဆံပင်တွေကို ပွတ်ကာပြောလိုက်သည်။ "လိမ်လိမ်မာမာနေပြီး ချိုးချိုးနဲ့သွားကစားလိုက်ဦး။ ကိုယ်တချို့ပစ္စည်းတွေကို ဂရုစိုက်လိုက်ဦးမယ်"

ဖေးခွမ်ရဲ့ထွက်ခွါသွားတဲ့ကျောပြင်ကိုကြည့်ရင်း စုန့်အာ့နန်မှာ အံ့ဩတကြီးနဲ့ ခေါင်းကုတ်လိုက်မိသည်။

အခု သူဘာဖြစ်နေတာလဲ?

စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ နှစ်သစ်ကူးအကြိုနေ့ ညနေခင်းမှာ စုန့်အိမ်ကို ရောက်သွားခဲဘသည်။ သူတို့က ညစာစားဖို့အချိန်မီရောက်လာကြသည်။

စားပွဲဝိုင်းတွင် လူလေးယောက်သာရှိသည်။ စုန့်ကျန်းဟွေ့၊ ကျောက်ယာ၊ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ဖြစ်သည်။ စုန့်လင်းချွမ်က နောက်တစ်နေ့မနက်မှ အပြေးအလွှားပြန်လာနိုင်မှာဖြစ်သည်။

ဒါက တကယ့် တိုက်ဆိုင်မှုတစ်ခုပင်။ အခုလက်ရှိသူရိုက်ကူးနေတဲ့ အဖွဲ့သားတွေက ရိုက်ကူးရေးနောက်ဆုံးနေ့အတွက် အရမ်းဈေးကြီးတဲ့နေရာကို ငှားရမ်းခဲ့သည်။ ရိုက်ကူးရေး အဖွဲ့သားတွေက ရှုတင်ကိုသိမ်းဖို့အလုပ်ရှုပ်နေကြတာကြောင့် မတတ်နိုင်ပါချေ။

ဒါပေမယ့် နှစ်သစ်ကူးနေ့မှာ သူပြန်ရမှာမို့ စုန့်လင်းချွမ်အနေနဲ့အိမ်မှာ ရက်နည်းနည်းလောက် နေနိုင်သေးသည်။

ကျောက်ယာက ဖေးခွမ်ကိုစားဖို့ နွေးနွေးထွေးထွေးနဲ့တိုက်တွန်းခဲ့သည်။ "ရှောင်ခွမ်း၊ အမြန်ဒီဟင်းကို မြည်းကြည့်ကြည့်။ မင်း အကြိုက်နဲ့ကိုက်ရဲ့လားလို့ အန်တီ့ကိုပြော။ အရမ်းမယဉ်ကျေးနေနဲ့"

ဖေးခွမ်က ပြုံးပြီး "ကျေးဇူးပါ အန်တီ၊ ကျွန်တော် မယဉ်ကျေးနေတော့ဘူးနော်"

ကျောက်ယာလောက် စိတ်အားထက်သန်မှုမရှိပေမယ့် စုန့်ကျန်းဟွေ့လည်း သူ့အပေါ် အရမ်းဖော်ရွေသည်။

သေချာပေါက်ကို ဖေးခွမ်ကလည်း ‌ပေါင်းသင်းဆက်ဆံရာမှာ အရမ်းတော်သည်။ သူက စုန့်ကျန်းဟွေ့နဲ့အတူ နည်းနည်းများများလောက် သောက်ခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့အရက်ခံနိုင်ရည်က တော်တော်ကောင်းသည်။

အစောပိုင်းနှစ်တွေတွင် စုန့်ကျန်းဟွေ့ဟာ စီးပွါးရေးလောကတွင် ကျော်ကြားခဲ့တာကြောင့် သူ့ရဲ့ သောက်နိုင်စွမ်းကိုတော့ ပြောစရာပင်မလိုချေ။ ဒါပေမယ့် အခုတော့ ကျောက်ယာက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာကြောင့် အခုနောက်ပိုင်း သူသောက်တာရှားလာသည်။

ညစာစားပွဲရဲ့လေထုက အရမ်းကို လိုက်ဖက်ညီနေသည်။

စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့ မကြည့်နေတဲ့အချိန် စုန့်အာ့နန်က ဖေးခွမ်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

'တွေ့လား၊ အဆင်ပြေသွားမှာပါလို့ ပြောသားပဲ။ ရှင်ကဘာမှမဟုတ်တာကို စိုးရိမ်နေတာ မဟုတ်ဘူးလား?'

ဖေးခွမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ့မျက်လုံးတွေထဲ ကူကယ်ရာမဲ့တဲ့ အရိပ်အယောက်တွေ ဖြတ်ပြေးသွားသည်။

သူ စိုးရိမ်နေတာ ဒီဟာမဟုတ်ပေ။

လေးယောက်သား ညစာစားလို့ပြီးသွားတော့ ပထမထပ်ကဧည့်ခန်းတွင် တစ်ခဏလောက် စကားစမြည်ပြောခဲ့ကြသည်။

All Chapters