← Chapters

အခန်း (၁၄၃)

Vol. 11 Ch. 143

အခန်း (၁၄၃)

Vol. 11 Ch. 143

ကိုးနာရီခွဲလောက်မှာ စုန့်ကျန်းဟွေ့က ရုတ်တရက် ထပြီး ဖေးခွမ်ကို ပြောလိုက်သည်။ "စာကြည့်ခန်းထဲမှာ စကားသွားပြောကြမလား?"

စုန့်အာ့နန်က လိမ္မော်သီးစားနေတာဖြစ်သည်။ ဒါကိုကြားတော့ သူမ အံ့ဩစွာနဲ့ မျက်လုံးပြူးသွားခဲ့သည်။

"ဒီမှာပဲ ပြောလို့မရဘူးလား? အနားမှာ ဘယ်သူမှလည်းမရှိတာကို"

စုန့်ကျန်းဟွေ့က သူမကို အကြည့်တစ်ချက်ပေးလိုက်ပြီး "အလုပ်ကိစ္စနည်းနည်းပြောမလို့၊ အရမ်းပျင်းစရာကောင်းတဲ့ဟာတွေ။ မင်းတို့နှစ်ယောက် သေချာပေါက်နားထောင်ချင်မှာမဟုတ်ဘူ"

စုန့်အာ့နန်လည်း မ အ ပါချေ။ စုန့်ကျန်းဟွေ့နဲ့ ဖေးခွမ်မှာ ဘာဆွေးနွေးစရာ အလုပ်ကိစ္စရှိလို့လဲ? ဒါကဆင်ခြေမှန်းသိသာလှသည်။

သူမ တစ်ခုခုပြောခါနီးမှာဘဲ ဖေးခွမ်က သူမကို ခပ်သာသာလေးတံတောင်နဲ့တွတ်လိုက်ပြီး ခေါင်းနည်းနည်းခါပြလိုက်သည်။

အဲ့ဒီအချိန်မှာဘဲ ကျောက်ယာက အချိန်ကိုက်ဝင်ပြောလာသည်။ "အာ့နန်၊ ခဏနေကျရင် အစ်မအချိုပွဲလုပ်မလို့။ မီးဖိုချောင်ထဲမှာ အစ်မနဲ့လာကူပေးလေ"

သူတို့ရဲ့ရည်ရွယ်ချက်တွေက အရမ်းသိသာနေတော့ စုန့်အာ့နန် ဘာပြောနိုင်တော့မှာလဲ? သူမမှာ နာနာခံခံနဲ့ခေါင်းညိတ်လိုက်ပြီး ဖေးခွမ်တစ်ယောက် စုန့်ကျန်း‌ဟွေ့နောက်ကနေ အပေါ်ထပ်က စာကြည့်ခန်းဆီ လိုက်သွားတာကိုပဲ ကြည့်နေနိုင်တော့သည်။

သူတို့နှစ်ယောက် ဧည့်ခန်းထဲကနေ ထွက်သွားတော့ စုန့်အာ့နန်လည်း ကျောက်ယာနဲ့အတူ မီးဖိုခန်းထဲ လိုက်သွားလိုက်သည်။

သူမရဲ့ယောင်းမက အချိုပွဲလုပ်တဲ့နေရာမှာ အရမ်းတော်သည်။ ငယ်ငယ်တုန်းကဆို သူမနဲ့ စုန့်လင်းချွမ်တို့က အဲ့ဒါတွေကို စားရတာကြိုက်သည်။ ဒီတော့ သူတို့နှစ်ယောက်လုံး နှစ်သစ်ကူးမှာ အိမ်ကိုပြန်လာတာကိုအခွင့်ကောင်းယူပြီး ကျောက်ယာက ပိုလုပ်ဖို့စီစဉ်ထားသည်။

သူမက စုန့်အာ့နန်ကို ကူပေးဖို့ပြောခဲ့ပေမယ့် သူမ လုပ်နိုင်တာ ဘာမှသိပ်မရှိတဲ့အတွက် တစ်ခုခုကို ယူပေးရုံပဲ လုပ်နိုင်သည်။

စုန့်အာ့နန်ရဲ့ကိုယ်က မီးဖိုခန်းထဲမှာရှိနေပေမယ့် သူမရဲ့စိတ်ကတော့ လွင့်ပျံ့နေသည်။ သူမက လုံးဝကိုအာရုံမရနေဘဲ အချိန်နဲ့အမျှအပြင်ကိုဘဲ လှမ်းလှမ်းကြည့်နေတတ်သည်။

သူမရဲ့ပုံစံကိုမြင်တော့ ကျောက်ယာမှာ မနေနိုင်ဘဲ ရယ်ကာစလာသည်။ "စိတ်မပူပါနဲ့၊ ညီမရဲ့အစ်ကိုက သူ့ကိုကိုက်မစားပါဘူး"

စုန့်အာ့နန်မှာ ရှက်ရွံ့စွာနဲ့ပြုံးလိုက်ပြီး မေးလိုက်သည်။ "အစ်မ၊ ညီမရဲ့အစ်ကို ဖေးခွမ်ကို ဘာအကြောင်းပြောချင်တာလဲဆိုတာ အစ်မသိလား?"

သူမရဲ့စိုးရိမ်နေမှုကို ကြည့်ရင်း ကျောက်ယာမှာ ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါလိုက်သည်။

သူတို့သမီးယောင်းမနှစ်ယောက်က အမြဲတမ်းအဆင်ပြေပြေရှိလှသည်။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ စုန့်အာ့နန်က နိုင်ငံခြားသွားနေရတာကြောင့် သူမတို့တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ခဲ့ရပေမယ့် အပတ်တိုင်းနီးပါး ဗီဒီယိုကောတော့ ပြောဖြစ်ကြသည်။

စုန့်အာ့နန်အနေနဲ့ ကျောက်ယာကို ဖုံးကွယ်ထားတာရှားတဲ့အတွက် သူမနဲ့ဖေးခွမ်တို့ကြားက အခြေအနေနဲ့ပတ်သတ်ပြီး ယေဘုယျအကြံအဉာဏ်တွေရှိကာ သူတို့တွေဘယ်လို အပြန်အလှန် တုံ့ပြန်လဲဆိုတာနဲ့ပတ်သတ်ပြီး ရင်နှီးသည်။

ရိုးရိုးသားသားပြောရရင်၊ ကျောက်ယာကတော့ ဖေးခွမ်ကို အရမ်းစိတ်တိုင်းကျသည်။

"အာ့နန်၊ ညီမရဲ့အစ်ကိုနဲ့ အစ်မတို့က ညီမကိုငယ်ငယ်ကတည်းက လွတ်လပ်မှုတွေ အများကြီးပေးထားတာ။ ညီမ ဘာပဲလုပ်ချင်လုပ်ချင် အစ်မတို့တွေက ဝင်မစွက်ဖက်ဘူး၊ ဟုတ်တယ်မဟုတ်လား?"

စုန့်အာ့နန်တန့်သွားပြီး ခေါင်းညိတ်လိုက်သည်။

ကျောက်ယာက တစ်ခုခုကိုတွေးမိသွားပုံပေါ်ကာ သူမနဖူးကိုရိုက်လိုက်ပြီး ဆက်ပြောလာသည်။ "စုန့်လင်းချွမ်ရဲ့ဖျော်ဖြေရေး လုပ်ငန်းကလွဲပြီးတော့ပေါ့။ အဲ့ဒီကောင်စုတ်လေးကို လုပ်ချင်တာအရင်လုပ်ပြီး နောက်မှအသိပေးဖို့ ဘယ်သူပြောခဲ့လို့လဲ"

နောက်တော့ သူမက ဆက်ပြောလာသည်။ "ညီမရဲ့အစ်ကို စကားအရဆို အစ်မတို့မိသားစုကပိုက်ဆံရှိတယ်။ ပိုက်ဆံအတွက် စိတ်ပူစရာမလိုဘဲ ကြိုက်တာလုပ်လို့ရတယ်။ ပျော်အောင်ပဲနေ ပြီးတော့ အိမ်ထောင်ရေးနဲ့ ပတ်သတ်ရင် ဒါကလည်းအကျုံးဝင်သေးတယ်"

စုန့်အာ့နန်က တစ်ခဏလောက် ရပ်သွားပြီး ကျောက်ယာဆိုလိုချင်တာကို နားလည်သွားတဲ့ပုံပင်။

"ညီမရဲ့ တစ်ခြားတစ်ဝက်အတွက် အစ်မတို့လိုချင်တာက စရိုက်ကောင်းရှိဖို့ပဲ။ မိသားစုနောက်ခံလိုမျိုး တခြားအချက်တွေကိုတော့ အစ်မတို့တွေ စိတ်ထဲမထားဘူး"

ကျောက်ယာက သူမနဖူးကို သာသာလေးပုတ်လိုက်ပြီး "ဒီတော့ ညီမက ဘာကိုစိတ်ပူနေသေးတာလဲ?"

စုန့်အာ့နန် ခေါင်းကုတ်လိုက်သည်။

စုန့်ကျန်းဟွေ့က ဖေးခွမ်ကို ခက်ခဲအောင် မလုပ်ဘူးဆိုတာ သူမ သိသည်။

ဒါပေမယ့် သူမ မနေနိုင်ဘဲ စိတ်ပူမိသေးသည်။

ဒုတိယထပ်ရှိ စာကြည့်ခန်းထဲတွင်၊ ‌ဖေးခွမ်နဲ့ စုန့်ကျန်းဟွေ့တို့က စားပွဲ၌ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

"မင်းကို ငါ ဘာပြောမလို့ ခေါ်လဲဆိုတာသိလား?" စုန့်ကျန်းဟွေ့က မေးလိုက်သည်။

ဖေးခွမ်က ခေါင်းအသာညိတ်ပြပြီး ပြန်ဖြေလိုက်သည်။ "ကျွန်တော် ခန့်မှန်းမိပါတယ်"

စုန့်ကျန်းဟွေ့က သူ့ခေါင်းကို နည်းနည်းထိလိုက်ပြီး သူ့ကိုဆက်ပြောဖို့ အချက်ပြလိုက်သည်။

ဖေးခွမ်က တစ်ခဏလောက် ချင့်ချိန်နေပြီးမှ အဓိကအချက်ကို တန်းပြောလိုက်သည်။ "ဦးလေး၊ ကျွန်တော် အာ့နန်ကို လက်ထပ်ချင်တယ်"

ဒါကိုကြားတော့ စုန့်ကျန်းဟွေ့ အံ့ဩသွားရသည်။ "လက်ထပ်မယ်?"

သူက သူတို့စုံတွဲရဲ့အနာဂတ် အစီအစဉ်တွေကို ဆွေးနွေးချင်ခဲ့တာဖြစ်သည်။ ဖေးခွမ်က ဒီအကြောင်းကိုချက်ချင်းထုတ်ပြောလာလိမ့်မယ်လို့ သူ မထင်ထားပါချေ။

စီးပွါးရေးလောကတွင် ကောက်ကျစ်တဲ့လူတွေနဲ့ ကိစ္စများစွာကို မြင်ခဲ့ရတဲ့အတွက် ဒီလိုမျိုးရိုးရိုးရှင်းရှင်းပြောလာတာကို ရုတ်တရက် သူ ကျင့်သားမရလိုက်ပေ။

ဒါပေမယ့် နောက်တစ်စက္ကန့်မှာပဲ၊ စုံတွဲတစ်တွဲရဲ့အနာဂတ်အကြောင်းမေးတဲ့အခါမှာ ရည်ရွယ်ချက်တွေ မကွဲလွဲသွားရင် လပ်ထပ်မယ့်ကိစ္စက မလွဲမသွေထွက်လာမယ့်ရလဒ်ဖြစ်မှာပင်။

ဖေးခွမ်က ခေါင်းအသာညိတ်ပြလိုက်ပြီး "ဟုတ်ကဲ့၊ လက်ထပ်ဖို့ပါ"

သူကရပ်သွားပြီး ဆက်ပြောလာသည်။ "ဒီတစ်ခေါက် ကျွန်တော်လာရတာက ဦးလေးနဲ့ အန်တီတို့ဆီက‌နေ လူကိုယ်တိုင် ခွင့်ပြုချက်တောင်းချင်လို့ပါ"

သူကပြောပြီးတာနဲ့ သူဒီကိုမလာခင် ယူလာခဲ့တဲ့ အိတ်ထဲက ဖိုင်တစ်တွဲကိုထုတ်လိုက်ပြီး စုန့်ကျန်းဟွေ့ရှေ့မှာထားလိုက်သည်။

"ဒါက ဘာလဲ?" စုန့်ကျန်းဟွေ့က နားမလည်နိုင်စွာ မေးလိုက်သည်။

ဖေးခွမ်က ရှင်းပြလာသည်။ "ဒါက ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော်စုဆောင်းထားတဲ့ပိုင်ဆိုင်မှုတွေအားလုံးပါ။ ဒီထဲမှာ အာ့နန်ရဲ့နာမည်အောက်မှာ ကျွန်တော် ထည့်ထားတဲ့ပိုင်ဆိုင်မှုနဲ့ ရင်နှီးမြုပ်နှံထားတဲ့ ရန်ပုံငွေတချို့လည်းပါ ပါတယ်"

စုန့်ကျန်းဟွေ့မှာ မျက်မှောင်တွေ တွန့်ချိုးနေရင်း တိတ်ဆိတ်နေသည်။

ဖေးခွမ်က ဆက်ပြောသည်။ "ဦးလေး၊ ဒီလောက်နည်းနည်းလေးက ဦးလေးတို့အတွက် ဘာမှမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒါတွေက ကျွန်တော့်မှာ ရှိသမျှအားလုံးပါ။ ဒါက ဦးလေးနဲ့အန်တီအတွက် ကျွန်တော့်ရဲ့အာမခံချက်ပါ"

သေချာပေါက်ကို ဒါက စုန့်အာ့နန်အပေါ်ထားတဲ့ သူ့ကတိလည်းဖြစ်သည်။

အနာဂတ်မှာ ဘာပဲဖြစ်လာပါစေ သူမကို သူအရာအားလုံးပေးနိုင်သည်။

ဗလာဖြစ်နေတဲ့ စာဖတ်ခန်းထဲတွင်

စုန့်ကျန်းဟွေ့ ဖေးခွမ်ကို တိတ်တဆိတ်ကြည့်လိုက်သည်။

သူ မနေနိုင်ဘဲ လွန်ခဲ့တဲ့နှစ်နှစ်က ဖေးခွမ်နဲ့ ဖုန်းပြောခဲ့တာကို ပြန်တွေးလိုက်မိသည်။

အဲ့ဒီတုန်းက ဖေးခွမ်တစ်ယောက် စုန့်အာ့နန်နဲ့အတူနိုင်ငံခြားလိုက်သွားမယ့်အကြောင်း စုန့်ကျန်းဟွေ့သိလိုက်ရပြီတဲ့နောက် သူ့စိတ်ထဲ အရမ်းကိုဆန့်ကျင်နေခဲ့သည်။ အဲ့ဒါကို စဉ်းစားကြည့်ပြီးတဲ့နောက် သူဖေးခွမ်ကိုဖုန်းခေါ်ခဲ့သည်။

အရင်က သူလည်း လူငယ်ဖြစ်ခဲ့ဖူးတဲ့အတွက် ချစ်မိတဲ့အခါ တစ်ဖက်လူကို အရာအားလုံးပေးနိုင်တယ်ဆိုတဲ့ ခံစားချက်ကို သူသိသည်။

ဒါပေမယ့် အချစ်စိတ်တွေ ကုန်သွားတဲ့အခါ စွန့်လွှတ်လိုက်မိပြီးတဲ့နောက် မကျေနပ်မှုတွေကို ဘယ်လိုပြန်ပြင်မှာတဲ့လဲ။ ပြီးတော့ အရာအားလုံးကို မဆင်မခြင်စွန့်ပစ်မိအောင်လုပ်ခဲ့တဲ့သူကို အပြစ်တင်မှာလား?

မမျှတတဲ့ အချစ်ရေးက ရေရှည်တည်တံ့ဖို့ခက်သည်။ အမြဲတမ်း အလျှော့ပေးတာက ပြဿနာဖြစ်စေလိမ့်မည်ပင်။

ဒါပေမယ် ဖုန်းထဲကနေပြီး သူ့ရဲ့စိုးရိမ်မှုတွေကို ရှင်းပြခဲ့တဲ့အခါ ဖေးခွမ်က သူ ဒါတွေကို မျှော်လင့်ထားသလိုမျိုး တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ခဲ့သည်။

အခု စုန့်ကျန်းဟွေ့ ပြန်စဉ်းစားကြည့်တဲ့အခါ ဖေးခွမ်က လူတွေရဲ့စိတ်ကိုကောင်းကောင်းနားလည်ပြီး လက်ခံချင်လာအောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတာ သူဝန်ခံရမည်ပင်။

အဲ့ဒီတုန်းက သူ နောင်တရမည်မဟုတ်ကြောင်း ဒါမှမဟုတ် တစ်ခုခုကိုမှပြန်မပြောခဲ့ပေ။ အဲ့ဒီအစား၊ သူကအရင်ဆုံး သူက အရာရာတိုင်းကို လက်လျှော့တတ်တဲ့သူမဟုတ်ကြောင်း ပြသဖို့အခွင့်အရေးယူကာ သူ့ရဲ့မိသားစုနောက်ခံကို မိတ်ဆက်ပေးခဲ့သည်။

သူ အဲ့ဒီလိုမျိုးလူဖြစ်တာကြောင့် အခု သူ ရှိနေတဲ့နေရာမှာ တည်တည်ငြိမ်ငြိမ် ရပ်နေနိုင်လိမ့်မည် မဟုတ်ပေ။

ဒုတိယအနေနဲ့၊ သူက ဖျော်ဖြေရေးနယ်ပယ်ရှိ သူ့ရဲ့လက်ရှိအခြေအနေကို ရိုးရိုးရှင်းရှင်း ဆင်ခြင်တုံတရားရှိစွာနဲ့ ခွဲခြားပြပြီး နိုင်ငံခြားသွားတာက သူ့ရဲ့အသက်မွေးကြောင်းလုပ်ငန်းကို ထိခိုက်စေမှာ မဟုတ်ကြောင်းနဲ့ ခဏလောက်နားလိုက်တာက သူ့ရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုအကျိုးရှိစေမှုဖြစ်ကြောင်း သက်သေပြခဲ့သည်။

ဒါပေမယ့် စုန့်ကျန်းဟွေ့ကို သိမ်းသွင်းနိုင်ခဲ့တာက ဖေးခွမ်ရဲ့နောက်ဆုံးစကားပင်။

သူက "ဦးလေး၊ ကျွန်တော်ငယ်ငယ်တုန်းက ဘာမှသိပ်မရှိခဲ့ဘူး၊ ဒါပေမယ့် ကျွန်တော့်အတွက် ဘာကအရေးကြီးဆုံးလဲ ဆိုတာကိုတော့ ကျွန်တော်အမြဲတမ်းသိတယ်။ အာ့နန်က ကျွန်တော်ချစ်တဲ့ အမျိုးသမီးတစ်ယောက် ပြီးတော့ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့မိသားစုပါ။ ကျွန်တော်သူ့ကိုမြတ်နိုးတယ်"

စုန့်အာ့နန်တစ်ယောက် ‌ဖေးခွမ်နဲ့ စုန့်ကျန်းဟွေ့တို့ စာကြည့်ခန်းထဲက ထွက်လာမှာကို မျှော်လင့်တကြီးစောင့်နေမိသည်။

သူတို့ထွက်လာတဲ့အခါ သူမက အမြန်ပြေးတက်သွားသည် "အစ်ကိုကြီး၊ နောက်ဆုံးတော့ အစ်ကိုတို့ထွက်လာပြီ!"

"နောက်ဆုံးတော့" ဆိုတာကဘာကြီးလဲ? သူက တခြားသူကို ခက်ခဲ‌အောင် လုပ်မှာစိုးလွန်းလို့ သူမက အရမ်းကို စိတ်မရှည်ဖြစ်နေတာလား?

စုန့်ကျန်းဟွေ့က ဖေးခွမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူမအကြည့်တွေက အဲ့ဒီကောင်လေး ဖေးခွမ်ဆီကိုပဲ ရောက်နေတော့ သူ မပျော်မရွှင်ဖြစ်သွားသည်။

သတိမထားမိဘဲ စုန့်အာ့နန်က စိတ်လှုပ်တရှားနဲ့ ရွှင်ပြနေသည်။ "အစ်မက မုန့်တွေလုပ်ထားတယ်။ အရမ်းအရသာရှိတာ! ရှင် နည်းနည်းမြည်းကြည့်ချင်လား?"

ဖေးခွမ်က ပြုံးကာခေါင်းညိတ်ပြလိုက်သည်။

သူ့ဘေးက နှစ်ယောက်ကိုကြည့်ရင်း စုန့်ကျန်းဟွေ့က အေးစက်စက်နဲ့ နှာမှုတ်လိုက်သည်။ "ဒီဘေးမှာ နင့်အစ်ကိုတစ်ယောက်လုံးရပ်နေတာကို မမြင်ဘူးလား?"

စုန့်အာ့နန်မှာ ကြောင်သွားပြီး "ညီ..ညီမတွေ့ပါတယ်"

စောစောက သူမ သူ့ကို ခေါ်လိုက်တယ် မဟုတ်ဘူးလား?

စုန့်ကျန်းဟွေ့ - "ဒါဆို ဘယ်လိုလုပ် မုန့်တွေစားချင်လားလို့ သူ့ကိုပဲ မေးနေတာလဲ? ငါ့ကိုလည်း မေးသင့်တယ်လေ"

နင်က ဒီဆိုးဝါးတဲ့ကောင်လေးကိုပဲ ဂရုစိုက်နေတာ။ သူမက တကယ်ဘက်လိုက်တာပဲ။

စုန့်အာ့နန်မှာ ရှုပ်ထွေးသွားရပြီး "ဒါပေမယ့် အစ်ကိုက ချိုတာတွေမကြိုက်ဘူးလေ ဟုတ်မလား?"

စုန့်ကျန်းဟွေ့က တဲ့တိုးပြန်ပြောလာသည်။ "ဒီတော့ ငါကအချိုတွေမကြိုက်လို့ မင်းက အပင်ပန်းမခံဘဲ ငါ့ကိုမမေးတော့တာပေါ့လေ?"

စုန့်အာ့နန် ပြန်ဖြေတာကို မစောင့်ဘဲ သူက ကျောက်ယာကိုရှာဖို့ မီးဖိုခန်းဘက်ကို သွားလိုက်သည်။

စုန့်အာ့နန် - "???"

သူ မစားတာကို သူမ သိနေတာကို ဘာလို့မေးရဦးမှာလဲ? အဲ့ဒါက တမင်သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်သလိုမဖြစ်သွားဘူးလား?

စုန့်အာ့နန်မှာ စိတ်ရှုပ်သလို ခေါင်းကုတ်လိုက်သည်။ ဒီနေ့ အစ်ကိုတစ်ယောက် ဘယ်လိုဖြစ်လို့ အရမ်းထူးဆန်းနေတာလဲ?

ကောင်မလေးက နားမလည်နိုင်ဖြစ်နေသေးတာကို မြင်တော့ ဖေးခွမ်မှာ ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါလိုက်မိသည်။

သူမက တကယ် ကြောင်တောင်တောင်လေးပဲ။ သူမအစ်ကိုက မနာလိုဖြစ်နေတာကို အခုထိသဘောမပေါက်သေးဘူး။

စုန့်အာ့နန်ကိုလည်း အပြစ်တင်လို့မရပါချေ။ သူမရဲ့ ဘာမှ မပြောတတ်တဲ့အစ်ကိုက တကယ်ကြီးမနာလိုဖြစ်နေမယ်လို့ ဘယ်သူတွေးမိမှာလဲ?

ဖေးခွမ်က ရယ်လိုက်ပြီး သူမဆံပင်တွေကို ချစ်စနိုးနဲ့ပွတ်လိုက်သည်။

စုန့်အာ့နန် သူ့ကိုလှည့်ကြည့်ကာ မေးလိုက်သည်။ "ဘာလဲ?"

ဖေးခွမ်က သူမကို အလိုလိုက်သလိုကြည့်လိုက်ပြီး "မုန့်စားဖို့သွားဦးမှာလား?"

စုန့်အာ့နန်မှာ ချက်ချင်း စုန့်ကျန်းဟွေ့အကြောင်းကိုမေ့သွားတော့သည်။ သူမက စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောလာသည်။ "ဧည့်ခန်းကိုသွားကြစို့။ အခုလေးတင် ရှင့်အတွက် တကယ်အရသာရှိတာတွေ ရွေးထားပေးတယ်..."

စုန့်အာ့နန်က သူမတို့နှစ်ယောက်ထဲ ဧည့်ခန်းမှာ မုန့်စားနေတုန်းမှာ စာကြည့်ခန်းထဲမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ဖေးခွမ်ကို မေးမလို့ စီစဉ်ထားတာဖြစ်သည်။ ဒါပေမယ့် သူမအဲ့ဒီအကြောင်းကို မပြောရသေးခင် စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့ ရောက်လာကြသည်။

အားလုံးစုဝေးစကားပြောတာပြီးလို့ အိပ်ချိန်နားနီးတဲ့အထိ သူမမှာ ဖေးခွမ်နဲ့နှစ်ယောက်ထဲ စကားပြောဖို့ အခွင့်အရေးမရခဲ့ပါချေ။

ကျောက်ယာက ဖေးခွမ်ကို အပေါ်ထပ်က ဧည့်သည်အိပ်ခန်းဆီခေါ်သွားခဲ့သည်။

"ရှောင်ခွမ်၊ မနေ့က အန်တီလီကို ဒီအခန်းရှင်းခိုင်းထားတာ။ တစ်ခုခုလိုရင် အန်တီ့ကိုပြောနော်"

ဖေးခွမ်ကပြုံးလိုက်ပြီး "ကျေးဇူးပါ အန်တီ"

ကျောက်ယာက လက်ယမ်းလိုက်ပြီး "ငါတို့က မိသားစုတွေပဲလေ။ ယဉ်ကျေးနေစရာမလိုဘူး"

နောက်တော့ သူမက အခန်းနားမှာရပ်နေတဲ့ စုန့်ကျန်းဟွေ့နဲ့ စုန့်အာ့နန်ကိုသွားဖို့ ပြောလိုက်သည်။

"နောက်ကျနေပြီ၊ အားလုံးအိပ်ယာဝင်ကြစို့" ဖေးခွမ်ကိုကြည့်ပြီး သူမက ဆက်ပြောလိုက်သည်။ ‌"စောစောအိပ်နော် ရှောင်ခွမ်"

ဖေးခွမ်ကလည်း ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ပြောလိုက်သည်။ "ဂွတ်ဒ်နိုက်ပါ၊ ဦးလေးနဲ့ အန်တီ"

စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာက ထွက်မသွားခင် ခေါင်းညိတ်ပြလိုက်သည်။

သူတို့ထွက်မသွားခင် စုန့်အာ့နန်ကို သူတို့နောက်ကနေလိုက်လာဖို့ အမူအရာပြလိုက်သည်။

စုန့်အာ့နန်မှာ လူအိုစုံတွဲရဲ့နောက်မှာ ချန်နေခဲ့သည်။ သူမဖေးခွမ်ကို ဖြတ်သွားတဲ့အချိန် ခပ်တိုးတိုးပြောလိုက်သည်။ "ကျွန်မ ညကျရင်ခိုးလာရမလား?"

ဖေးခွမ်က ခေါင်းခါပြလိုက်သည်။

လူကြီးတွေရဲ့ဆန္ဒကိုမလွန်ဆန်သင့်ပါချေ။ အဲ့ဒါက သူတို့ရဲ့အကောင်းမြင်မှုတွေကို ပျက်စီးသွားစေလိမ့်မည်ပင်။

"မလိုပါဘူး၊ သူတို့စီစဉ်ပေးတာကို ကိုယ်လို့ နာခံသင့်တယ်။ ခဏနေကျရင် ကိုယ် မင်းဆီ ဗီဒီယိုကောခေါ်လိုက်မယ်" သူက ဖုန်းကိုင်ထားရင်းပြောလိုက်သည်။

စုန့်အာ့နန်က ခပ်တိုးတိုးသဘောတူလိုက်ပြီး ပြန်တောင်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

သူမမှာလည်း သူ့ကိုမေးစရာတွေ အများကြီးရှိတယ်!

သူမ အခန်းဆီပြန်ရောက်တာနဲ့ ဖေးခွမ်ဆီ ချက်ချင်း ဗီဒီယိုကော ခေါ်လိုက်သညိ။

ဖေးခွမ်က ရယ်ပြီး "ဒီလောက်တောင် စိတ်အားထက်သန်နေတယ်ပေါ့? ကိုယ်က မင်းအရင်ဆုံးရေချိုးဦးမယ်ထင်နေတာ"

စုန့်အာ့နန်က မတုန်မလှုပ်နဲ့ "ကျွန်မ ရှင့်ကိုတွေ့ချင်လို့လေ!"

ဖေးခွမ်ရဲ့မျက်ခုံးတွေက စနောက်ချင်သလို တွန့်ကွေးသွားသည်။ "ကိုယ်တို့တွေ တစ်နေ့လုံး အတူတူရှိနေတာမဟုတ်ဘူးလား?"

စုန့်အာ့နန်က သူ့ကိုစိုက်ကြည့်လိုက်ပြီး "ဟန်မဆောင်နေနဲ့။ ကျွန်မ ဘာမေးချင်နေလဲဆိုတာ ရှင်သိပါတယ်"

All Chapters