← Chapters

အခန်း (၁၄၆)

Vol. 12 Ch. 146

အခန်း (၁၄၆)

Vol. 12 Ch. 146

ရင်ခုန်စရာကောင်းတဲ့ မင်္ဂလာတေးသီချင်းနဲ့အတူ စုန့်အာ့နန်က စုန့်ကျန်းဟွေ့လက်ကိုချိတ်ရင်း ဖေးခွမ်ဆီ ကော်ဇော်နီပေါ်ကနေ တစ်လှမ်းချင်းဆီ လျှောက်လှမ်းခဲ့သည်။

ကော်ဇော်နီက လျင်မြန်စွာ အဆုံးသတ်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ်သာ ဝေးတော့တဲ့ ဖေးခွမ်ကိုကြည့်ရင်း သူဘာလို့ အရမ်းမင်္ဂလာပွဲလုပ်ချင်ခဲ့လဲဆိုတာကို စုန့်အာ့နန် ရုတ်တရက် နားလည်လိုက်သည်။

သူတို့အားလုံးက လှလှပပဝတ်စားထားကြ၊ ပန်းတွေကိုင်ရင်း တစ်ယောက်ဆီတစ်ယောက် လျှောက်လှမ်းလာကာ ဆွေမျိုးသူငယ်ချင်းတွေရဲ့‌မျက်မှောက်မှာ ပျော်ရွှင်မှု‌တွေ အပြည့်နဲ့ပင်။

ဒီဟာကို လူကိုယ်တိုင် ကြုံဖူးတဲ့သူမှသာ နားလည်နိုင်သည်။ နှစ်နှစ်ဆယ် ဒါမှမဟုတ် နှစ်သုံးဆယ်လောက်မှာ ဒီအခိုက်အတန့်ကို ပြန်တွေးကြည့်လိုက်တဲ့အခါတိုင်း သူမရင်ထဲမှာ မလွှဲရှောင်သာ လှုပ်ခတ်သွားရလိမ့်မည်ပင်။

စုန့်ကျန်းဟွေ့က စုန့်အာ့နန်လက်ကို ဖေးခွမ်ဆီ လေးလေးနက်နက် လွှဲပေးလိုက်ပြီး တွန့်ဆုတ်စွာနဲ့ ပြောလိုက်သည်။ "အာ့နန်ကို မင်းဆီ အပ်လိုက်ပြီ၊ သူ့ကိုကောင်းကောင်းဂရုစိုက်ပေးပါ"

ဖေးခွမ်က စုန့်အာ့နန်လက်ကို တင်းတင်းကြပ်ကြပ်ကိုင်လိုက်ပြီး ကတိပေးလိုက်သည်။ "စိတ်မပူပါနဲ့၊ ကျွန်တော်သေချာဂရုစိုက်ပါ့မယ်"

မင်္ဂလာပွဲက ရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေ ထုံးတမ်းအစဉ်အလာတွေ မပါဘဲ ရိုးရိုးရှင်းရှင်းသာဖြစ်သည်။

host က အဖွင့်အမှာစကားပြောပြီး သတို့သားနဲ့ သတို့သမီးတို့က မင်္ဂလာလက်စွပ် လဲလှယ်ကြကာ မင်္ဂလာ ကတိကဝတ်များကို ဖတ်ကြပြီးတဲ့နောက် မင်္ဂလာပွဲအခမ်းအနားက အားလုံးအဆင်ပြေချောမွေ့စွာနဲ့သွားနေသည်။

နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက် တစ်ဘဝလုံးဆိုင်တဲ့ ကတိတွေပေးကြသည်။

မင်္ဂလာပွဲမှာ မိသားစုဝင်တွေ မိတ်ခွန်းပြောဖို့အတွက် စင်မြင့်ပေါ် တက်လာကြသည်။ စုန့်လင်းချွမ်က ပျင်းပျင်းရိရိနဲ့ စင်ပေါ်တက်လာသည်။

သူ့ပုံစံကိုမြင်တော့ ပွဲလာပရိတ်သတ်တွေမှာ မရယ်ဘဲမနေနိုင်တော့ပေ။

သိသိသာသာကို လူတိုင်းက စုန့်လင်းချွမ်ရဲ့အကြောင်းကိုသိကြတဲ့အတွက် သူမိန့်ခွန်းပြောမှာကို စောင့်မျှော်နေကြသည်။

စုန့်လင်းချွမ်၊ ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ကြားက တင်းမာမှုနဲ့ပတ်သတ်ပြီး ပွဲလာပရိတ်သတ်အများစုက အွန်လိုင်းပေါ်တွင် ဖရဲသီးစားခဲ့ကြဖူးသည်။

ဒီတော့၊ တွေးကြည့်စရာတောင်မလိုဘဲ သတို့သားကို သူအနည်းနဲ့အများတော့ ခြိမ်းခြောက်လိမ့်မယ်ဆိုတာ သူတို့သိကြသည်။ မဟုတ်လို့ရှိရင် သူ့စတိုင်နဲ့ ဘယ်ကိုက်ပါ့မလဲ။

ဒါပေမယ့် စုန့်လင်းချွမ်က စင်ပေါ်ကို တည်တည်ငြိမ်ငြိမ်နဲ့တက်လာပြီး သူ့ရဲ့မိန့်ခွန်းကို အလေးအနက်နဲ့ဖတ်လာလိမ့်မယ်လို့ ဘယ်သူမှမထင်ထားပါချေ။

"အားလုံးဘဲ မင်္ဂလာပါ၊ ကျွန်တော်ကတော့ ဒီနေ့ရဲ့ သတို့သမီးရဲ့တူပါ။ ကျွန်တော့်အန်တီလေးရဲ့ မင်္ဂလာပွဲကို တက်ရောက်လာကြတဲ့အတွက် ကျွန်တော်ကနေပြီး တစ်မိသားစုလုံးကိုယ်စား အားလုံးကို ကျေးဇူးတင်ပါတယ်"

ပြောပြီးတဲ့နောက် သူကခဏရပ်လိုက်ပြီး ပရိတ်သတ်ဘက်ကို အသာလေး အရိုအသေပေးလိုက်သည်။

ပရိတ်သတ်တွေ - "???"

မျှော်လင့်ထားတဲ့ ဇာတ်ညွှန်းနဲ့ လုံးဝကိုက်တဲ့ပုံမပေါ်ဘူးနော်။

သို့ပေမယ့်၊ လူတိုင်းက ကြည့်ဖို့စိတ်လှုပ်ရှားစရာမရှိတော့ဘူးလို့ တွေးနေတုန်းမှာဘဲ စုန့်လင်းချွမ်ကရုတ်တရက်ကြီး လှည့်လာကာပြောလာသည်။ "ပြီးတော့၊ ဒီနေ့ ကျွန်တော့်ရဲ့ မိန့်ခွန်းခေါင်းစဉ်ကို အရင်ဆုံးအကျဉ်းချုပ်ပါရစေ။ ပထမအကြောင်းအရာကတော့ 'ကျွန်တော်နောင်တရတယ်' လို့ခေါ်ပါတယ်"

ပြောပြီးသွားတာနဲ့ စုန့်လင်းချွမ်က ဖေးခွမ်ကို ကိုယ့်ကိုယ်ကို ထင်ရှားအောင် သွယ်ဝိုက်တဲ့နည်းနဲ့ အသာလေးတစ်ချက်ကြည့်လိုက်သည်။

ဒီအမူအရာက သူ့အပေါ်စွပ်စွဲချက်တွေကို စာရင်းပြုစုထားမှန်း သိသာလှသည်။ အောက်က ပွဲလာပရိတ်သတ်တွေဟာလည်း တစ်ယောက်ပြီးတစ်ယောက် ရယ်မောသံတွေနဲ့ တုံ့ပြန်လာတော့သည်။

စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ရဲ့ နယ်ပယ်ထဲက သူငယ်ချင်းတချို့‌ကလည်း စပြီး အော်ဟစ်လာကြကာ မြင်ကွင်းက အချိန်ခဏလောက် အသက်ဝင်လာသည်။ နောက်တော့၊ စုန့်လင်းချွမ် ဆက်မပြောခင် host က အခြေအနေကိုထိန်းဖို့ထွက်လာသည်။

"ကျွန်တော်နောင်တရမိတဲ့ ပထမဆုံးအရာကတော့ လူတစ်ယောက်က စင်နောက်မှာ ကျွန်တော့်အန်တီလေးဆီ လာလည်ချင်တယ်လို့ ပြောတုန်းက ကျွန်တော်သတိလက်လွတ် မဖြစ်ခဲ့သင့်ဘူး။ ဒါပေမယ့် ပြန်တွေးကြည့်မိတဲ့အခါ ကျွန်တော့်ကိုယ်ကျွန်တော်လည်း အပြည့်အဝအပြစ်မတင်သင့်ဘူးလို့ ခံစားရတယ်။ 'လာလည်တယ်' ဆိုတဲ့ စကားလုံးကို ကျေးဇူးပြုပြီး ဂရုစိုက်ကြပါ!"

အောက်က ပရိတ်သတ်တွေကလည်း ရယ်နေကြသည်။ ကောင်းရော၊ သူ့အန်တီလေးကို ဖေးခွမ်လက်ထဲ ကိုယ်တိုင်ကိုယ်ကျထည့်ပေးလိုက်မိလို့ နောင်တရနေတာပဲ။

စင်ပေါ်တွင်၊ ဖေးခွမ်မှာ မတတ်နိုင်ဘဲ နဖူးကိုကိုင်လိုက်မိသည်။ ဒီစုန့်လင်းချွမ်ကတော့ သူ့လျှို့ဝှက်ချက်တွေအားလုံးကို ဖော်ထုတ်ဖို့လုပ်နေတာပဲ။

စုန့်လင်းချွမ်က ဖြောင့်မတ်တဲ့ပုံနဲ့ ဆက်ပြီး အပြစ်တင်သည်။ "ဒါကြောင့် ရန်သူက အရမ်းဉာဏ်များလွန်းတာကို အပြစ်တင်ရမှာပဲ။ ကျွန်တော့် အန်တီလေးက သူ့အန်တီလေးပဲဆိုတဲ့ သဘောထားကို အသုံးချပြီး ကျွန်တော့်ကိုသတိလက်လွတ်ဖြစ်သွားအောင် နှစ်ပေါင်းများစွာ ရှုပ်ထွေးအောင်လုပ်ခဲ့တယ်"

"ကျွန်တော့်ရဲ့ ဒုတိယမြောက် နောင်တကတော့၊ အဲ့ဒီခွေး....အဲ့ဒီလူက ကျွန်တော့်အန်တီလေးအပေါ် မတူကွဲပြားတဲ့ ခံစားချက်တွေ စပြီးခံစားရလာတဲ့အခါ သူက ကျွန်တော့်ဆီမှာ လာအတည်ပြုပြီး ကျွန်တော်ကလည်း အမှုမဲ့အမှတ်မဲ့နဲ့ သူ့ကိုအကြံဉာဏ်တွေ ပေးခဲ့မိတယ်"

"တတိယမြောက် နောင်တကတော့၊ အဲ့ဒီလူ ကျွန်တော့်အန်တီလေးကို အဝေးခေါ်ထုတ်သွားပြီးတဲ့နောက်မှာ....."

စုန့်လင်းချွမ်က ပိုပိုပြီး ဒေါသထွက်လာပေမယ့် ပွဲကြည့်ပရိတ်သတ်တွေကတော့ နားထောင်ရတာ ပိုပိုပြီး စိတ်လှုပ်ရှားလာကြသည်။ အထူးသဖြင့် လီစစ်ရွှေ့နဲ့ တခြားသူတွေဖြစ်သည်။

ဝိုး ဝိုး ဝိုး အွန်လိုင်းပေါ်မှာ ဖရဲသီးစားရတဲ့ခံစားချက်ကို ဘယ်သူနားလည်နိုင်မှာတဲ့လဲ?

ဒီမိန့်ခွန်းအကြောင်းအရာက ဖရဲသီးစားကြတဲ့ အသိုင်းအဝိုင်း တစ်ခုလုံးကို ပေါက်ကွဲသွားစေလိမ့်မည်ပင်။

ဖေးခွမ်နဲ့ စုန့်အာ့နန်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရှုံ့မဲ့မဲ့ပြုံးလိုက်ကြသည်။

စုန့်လင်းချွမ်မှာ မကျေနပ်ချက်တွေ ဒီလောက်ထိရှိနေမယ်လို့ သူတို့ မထင်ထားပါချေ။

ဒါပေမယ့် စုန့်လင်းချွမ်ရဲ့ 'ကျွန်တော်နောင်တရတယ်' ဆိုတဲ့အကြောင်းအရာက မင်္ဂလာပွဲတစ်ခုလုံးခဲ့ ခံစားချက်တွေကို အထွတ်အထိပ်ရောက်အောင် တွန်းပို့နိုင်လိုက်တယ်လို့တော့ဆိုရမည်ပင်။

စုန့်ကျန်း‌ဟွေ့နဲ့ ကျောက်ယာတို့မှာ အားရပါးရနားထောင်နေပေမယ့် သူတို့ရင်ထဲမှာတော့ ဒီသားကို 'ငတုံး' အဖြစ်နဲ့တွက်ထားကြသည်။

စုန့်လင်းချွမ်က ဒီမိန့်ခွန်းကို အဆုံးသတ်တော့မယ်လို့ လူတိုင်းထင်နေကြတုန်းမှာဘဲ သူက ရုတ်တရက်ပြောလာသည်။ "ကောင်းပြီ၊ ကျွန်တော့်ရဲ့ ပထမအကြောင်းအရာကို ဒီမှာဘဲ အဆုံးသတ်လိုက်ပါမယ်၊ နောက်လာမှာကတော့ ဒုတိယအကြောင်းအရာပါ"

ပွဲလာပရိတ်သတ်တွေမှာ ကြောင်အသွားကြသည်။ ကောင်းရော ဒုတိယအကြောင်းအရာက ရှိသေးတယ်ဟ။

အရမ်းကောင်းတယ်

စုန့်လင်းချွမ်က စက္ကန့်အနည်းငယ်လောက် ရပ်လိုက်ပြီး ဆက်ပြောလာသည်။ "ဒုတိယအကြောင်းအရာကတော့ 'ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်' "

"ဖေးခွမ်ကို ကျွန်တော် နှစ်ပေါင်းများစွာ သိလာခဲ့ရတာဖြစ်ပြီး နှစ်ယောက်စလုံးကလည်း ကျွန်တော်တို့တွေက ဘယ်လိုလူမျိုလဲဆိုတာ အတိအကျသိကြပါတယ်။ ကျွန်တော့် အန်တီလေးက သူနဲ့အတူရှိနေတာကို ကျွန်တော်အရမ်းစိတ်အေးရပါတယ်"

"လတ်တလောနှစ်တွေမှာ၊ ကျွန်တော့်အန်တီလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ မြင်လိုက်ရတဲ့အခါတိုင်း ကျွန်တော့်အန်တီလေးကို သူ့ဆီ ခေါ်လာပေးမိတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာမိတယ်။ ဒီနေ့က သူတို့အတွက် ပျော်စရာကောင်းရတဲ့နေ့ပါ။ အနာဂတ်မှာ ပျော်ပျော်ရွှင်ရွှင် ချိုချိုမြိန်မြိန်နဲ့ နေနိုင်ကြပါစေလို့ တစ်မိသားစုလုံးကိုယ်စား ကျွန်တော်ကနေပြီး ဆုတောင်းပေးလိုက်ပါတယ်"

ဒီစကားလုံးတွေအားလုံးက စုန့်လင်းချွမ် ရင်ထဲကနေလာတာဖြစ်သည်။ အောက်က ပရိတ်သတ်တွေဂာလည်း တိတ်တဆိတ်နဲ့ အရမ်း ခံစားလိုက်ရသည်။ သူပြောလို့ပြီးသွားတာနဲ့ လက်ခုပ်သံတွေက ချက်ချင်းထွက်ပေါ်လာသည်။

စုန့်အာ့နန်က စုန့်လင်းချွမ်ကို ဖက်လိုက်သည်။ သူတို့တူဝရီးနှစ်ယောက် ဖက်နေကြတဲ့မြင်ကွင်းက အရမ်းနွေးထွေးလှသည် ။

မိသားစုဝင်တွေရဲ့ မိန့်ခွန်းပြီးသွားတော့ မင်္ဂလာပွဲရဲ့နောက်ဆုံးအပိုင်းကို ဆက်ကျင်းပခဲ့သည်။

ဧည့်သည်တွေနဲ့ ကြင်စဦးဇနီးမောင်နှံတို့က အပြန်အလှန် စကားဖလှယ်ကြရမည်။

ဧည့်သည်တွေအားလုံးက ခန်းမထဲမဝင်ခင် ရေးထားကြတဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ မေးခွန်းတွေကို ဘူးအသေးလေးထဲ ထည့်ထားသည်။ host က အဲ့ဒီထဲကနေ ကျပန်းရွေး‌ပြီးမေးကာ သူတို့စုံတွဲကို ဖြေခိုင်းသည်။

hostက ဘူးထဲက စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး စင်ပေါ်က စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ကို ကြည့်လိုက်သည်။

"ကြင်စဦးမောင်နှံတို့ နားထောင်ပေးကြပါ၊ ပထမဦးဆုံးမေးခွန်းကတော့ - ပထမဆုံးအနမ်းက ဘယ်တုန်းကပါလဲ တဲ့?"

ဒီမးခွန်းကိုကြားတာနဲ့ စင်အောက်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

စုန့်အာ့နန်က "အာ" လို့အသံထွက်သွားပြီး ဘာပြောရမှန်းမသိစွာနဲ့ ဖေးခွမ်ရဲ့လက်ကိုလွှတ်လိုက်မိသည်။

လူအများကြီးရှေ့မှာ ဒါကိုဖြေရမှာကို သူမ တကယ်ရှက်သည်။

ဖေးခွမ်က ပြုံးလိုက်ပြီး သူမလက်ကို ညစ်လိုက်သည်။

သူက အောက်ကလူတွေကို ပြုံးပြလိုက်ပြီး အရမ်းတည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်သည်။ "ကျွန်တော်တို့ ဆက်ဆံရေးကို အတည်ပြုလိုက်တဲ့နေ့မှာပါ"

ဖေးခွမ်ဖြေပြီးတာနဲ့ စုန့်အာ့နန်က သူ့ကိုစိတ်ရှုပ်ထွေးသလို ကြည့်လိုက်သည်။

သူမမူးနေတုန်းက သူ့ကိုနမ်းခဲ့တယ်လို့ အရင်က သူပြောခဲ့တာ မဟုတ်ဘူးလား? သူ သူမကို ညာထားခဲ့တာလား?

သူမရဲ့ သံသယတွေကိုမြင်ပြီး သူမနားနားမှာ ဖေးခွမ် ခပ်တိုးတိုး ရှင်းပြလိုက်သည်။ "အဲ့ဒီတုန်းက‌ကိုတော့ မတော်တဆထိမိတာလို့ဘဲ ထည့်တွက်မယ်၊ အဲ့ဒါကို နမ်းတာလို့ ယူဆလို့မရဘူး"

စုန့်အာ့နန်က သဘောပေါက်သလိုလို သဘောမပေါက်သလိုလိုဖြစ်နေသည်။ နမ်းတာကိုတောင် ခွဲထားသေးတာလား?

ဖေးခွမ် ခပ်တိုတိုးရယ်လိုက်သည်။ သေချာပေါက် ခွဲထားရမှာပေါ့!

နှစ်ယောက်သား စင်ပေါ်မှာရပ်ကာ အကြည့်ချင်းဖလှယ်နေကြတာက အောက်ပွဲလာပရိတ်သတ်တွေကို ယားကျိယားကျိ ဖြစ်သွားစေသည်။

ဒါကဘယ်လိုအခြေအနေကြီးလဲ? သူတို့နှစ်ယောက်ရဲ့ ပထမဆုံးအနမ်းနဲ့ပတ်သတ်ပြီး အဖြေတွေက မတူဘူးလား?

ဝိုး! စိတ်ဝင်စားစရာပဲ။

hostက လူအုပ်ကြီးရဲ့အတွေးတွေကို အချိန်ကိုက် ထုတ်မေးလိုက်သည်။ "ဘာဖြစ်လို့ပါလဲ? သတို့သမီးရဲ့ ပထမဆုံးအနမ်းအတွက် အဖြေက အချိန်မတူလို့လား?"

နာမည်တပ်ပြောခံလိုက်ရတော့ စုန့်အာ့နန် ခေါင်းအမြန်ခါလိုက်သည်။ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး"

host က ဆက်ပြောချင်သေးပေမယ့် ဖေးခွမ်ဆီကနေ စကားလုံးနည်းနည်းနဲ့ အတားခံလိုက်ရသည်။

ဒီလိုလုပ်လို့မရမှတော့ သူ့အနေနဲ့ ဒုတိယမေးခွန်းကိုဘဲ ဘူးထဲကနေ နှိုက်လိုက်သည်။ သို့ပေမယ့် စာရွက်ထဲကအကြောင်းအရာကိုမြင်တော့ hostက မသိလိုက်ဘာသာနဲ့ 'အိုး' လို့ဆိုလာသည်။

သူ့ရဲ့တုံ့ပြန်ပုံက ပရိတ်သတ်တွေကို သိချင်စိတ်ဖြစ်လာစေပြီး အားလုံးက သူ့ကိုစိတ်အားထက်သန်စွာနဲ့ ကြည့်လာကြသည်။

hostလည်း အချိန်မဆွဲနေဘဲ တိုက်ရိုက်ပြောလာသည်။ "ပထမဆုံးအနမ်းက ဘယ်နေရာမှာလဲ?"

ပရိတ်သတ်တွေက ဒီမေးခွန်းကိုကြားတော့ host ဘာလို့ 'အိုး' လို့ဆိုလာလဲဆိုတာကို သူတို့ ချက်ချင်းသဘောပေါက်သွားကြသည်။ ဒီဒုတိယမေးခွန်းက ပထမဟာနဲ့ ဆက်စပ်မှုရှိနေသည်။

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အတည်ပြုလိုက်တဲ့နေ့မှာ ပထမဆုံးနမ်းတာဆိုတော့ ဒါက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး အတည်ပြုခဲ့တဲ့နေရာကို မေးလိုက်တာဘဲ!

ဒီမေးခွန်းက အရမ်းသာမာန်ဆန်ပြီး လူတိုင်းက သိပ်ပြီးမမျှော်လင့်ထားကြပေ။

ဒါပေမယ့် မမျှော်လင့်ထားစွာနဲ့ ဒီလိုမေးခွန်းကို ဖြေရတဲ့အခါမှာတော့ ဖေးခွမ်က တုံ့ဆိုင်းနေသည်။

ကောင်းရော၊ သူ့ရဲ့တုံ့ပြန်မှုကို အကဲဖြတ်ရရင် ဖုံးကွယ်ထားတဲ့ ဇာတ်လမ်းရှိနေတာပဲ!

ဖေးခွမ် ရုတ်တရက် အောက်ကစုန့်လင်းချွမ်ကို ကြည့်လိုက်ပြီး သူ့ပုံက ပြောချင်ပေမယ့် တွန့်ဆုတ်နေတဲ့ပုံပင်။

စုန့်လင်းချွမ် မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင်စွာနဲ့မေးလိုက်သည်။ "ဘာလို့ ငါ့ကိုလာကြည့်နေတာလဲ?"

ဖေးခွမ်က ခပ်သာသာပြုံးလိုက်ပြီး "မင်းရဲ့အိမ်တံခါးရှေ့မှာ"

စုန့်လင်းချွမ်မှာ ကြောင်အသွားရသည်။ ဘာ၊ သူ့အိမ်တံခါးရှေ့မှာ?

ခဏနေဦး!

ခုနတုန်းက မေးလိုက်တာဘာပါလိမ့်? ပထမဆုံးနမ်းခဲ့တဲ့နေရာလား?

သူ့အိမ်တံခါးရှေ့မှာ!

စုန့်လင်းချွမ်ရဲ့ မျက်နှာက ချက်ချင်းမည်းမှောင်လာသည်။

ဘယ်သူမှ သူ့ကိုလာမထိန်းကြနဲ့တော့။ ဒီခွေးကိုသူသတ်မယ်!

ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ရဲ့မင်္ဂလာပွဲကို အောင်အောင်မြင်မြင်နဲ့ကျင်းပနိုင်ခဲ့သည်။

သူတို့မင်္ဂလာပွဲပြီးလို့ သတင်းတွေ တဖြည်းဖြည်းမပြန့်လာခင်အထိ သူတို့မင်္ဂလာပွဲကျင်းပတဲ့အကြောင်းကို ဘယ်သူမှ မကြားခဲ့ပေ။

ဒါပေမယ့် သတင်းပထမဆုံးထွက်လာတဲ့နေရာက ဖျော်ဖြေရေးနယ်ပယ်က မဟုတ်ဘဲ S Cityရဲ့စီးပွါးရေးနယ်ပယ်ကနေ ထွက်လာလိမ့်မယ်လို့ ဘယ်သူမှမထင်ထားခဲ့ပါချေ။

သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ စုန့်အာ့နန်ရဲ့မင်္ဂလာပွဲအတွက် စုန့်ကျန်းဟွေ့နဲ့ သူ့ဇနီးကျောက်ယာတို့က ခန်းဝင်ပစ္စည်းအဖြစ် အိမ်ခြံမြေ၊ လက်ဝတ်ရတနာ၊ ရှေးဟောင်းပစ္စည်းတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေအပါအဝင် အဓိက ကတော့ စုန့် Groupရဲ့ ရှယ်ယာတွေကိုပါ ပေးခဲ့တာဖြစ်သည်။

ဒီသတင်းထွက်လာတော့ အင်တာနက်အသုံးပြုသူတွေမှာ လူချမ်းသာတွေရဲ့ကမ္ဘာကို ဝမ်းနည်းကြေကွဲစွာနဲ့ စတင်ဆွေးနွေးလာကြသည်။

တစ်ချိန်ထဲမှာဘဲ S Cityက စုန့်မိသားစုနောက်ခံကို လူတွေစပြီး ရှာကြည့်လာကြသည်။ အခုလက်ရှိ စုန့် Groupရဲ့ အကြီးအကဲမှာ သားတစ်ယောက်ရှိပြီး ခုနစ်နှစ်ငယ်တဲ့ ညီမတစ်ယောက်ရှိတယ်ဆိုတဲ့ အချက်ကြောင့် ပါပါရာဇီတွေနဲ့ မားကတ်တင်းအကောင့်တွေက ချက်ချင်း တစ်ခုခုကိုအနံ့ခံမိလိုက်ကြသည်။

သူတို့နှစ်ယောက်လုံးရဲ့ မျိုးရိုးနာမည်က စုန့်ဖြစ်ပြီး တူဖြစ်သူက အဒေါ်ထက် ခုနစ်နှစ်ကြီးကာ S Cityမှဖြစ်သည်။ သူတို့ပိုရှာလေ၊ အဲ့ဒါက အန်တီလေးနဲ့ စုန့်လင်းချွမ်တို့နဲ့ ပိုတူလာလေပင်!

ဒီရှာဖွေတွေ့ရှိမှုတွေက ပါပါရာဇီတွေနဲ့ မားကတ်တင်းအကောင့်တွေကို စိတ်လှုပ်ရှားလာစေသည်။ သူတို့က လမ်းကြောင်း အမျိုးမျိုးကနေ စကာ စုံစမ်းစစ်ဆေးလာပြီး နောက်‌ဆုံးတော့ တချို့အရာတွေကို စပြီးတူးဖော်နိုင်ခဲ့သည်။

အစောပိုင်း စုန့်အာ့နန် ဘွဲ့ယူတုန်းက စုန့်လင်းချွမ်၊ စုနါကျန်းဟွေ့နဲ့ ကျောက်ယာတို့က သူမရဲ့ ဘွဲ့အခမ်းအနားကိုတက်ရောက်ခဲ့ပြီး တစ်ယောက်ယောက်‌က သူတို့ကို ဓာတ်ပုံရိုက်ထားက ဖိုရမ်ပေါ်တင်ခဲ့သည်။

စုန့်Groupရဲ့ CEO တစ်ယောက်အနေနဲ့ စု့န်ကျန်းဟွေ့က စီးပွါးရေးလုပ်ငန်းတွေ၏ မျက်နှာဖုံးများတွင် ပုံမှန်ပါနေတတ်တာကြောင့် သူ့ရဲ့အထောက်အထားတွေကို အမြန်ရှာတွေ့သွားကြသည်။

ဝိုး!

ဒီတော့ စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့က တကယ်ကြီး ချမ်းသာတဲ့မိသားစုကနေ လာတာပေါ့!

ဒီသတင်းက အင်တာနက်သုံးစွဲသူတွေနဲ့ ဖန်တွေအကြား ချက်ချင်းဆိုသလို ပြန့်နှံ့သွားသည်။

[ဘုရားရေ! ဒီတော့ စုန့်လင်းချွမ်က တကယ်ကြီးချမ်းသာတဲ့ ဒုတိယမျိုးဆက်ပေါ့! အရင်က ဒီအကြောင်းကို ဘယ်လိုလုပ် ဘာမှမသိခဲ့ရတာလဲ။ အရမ်းသိုသိပ်လွန်းတာပဲ!]

[ငါသိသားပဲ၊ ဒီနေ့ခေတ် ဖျော်ဖြေရေးနယ်ပယ်ကလူတွေက ချမ်းသာတဲ့ဒုတိယမျိုးဆက်ပုံစံ ဖန်တီးရတာကြိုက်ကြတယ်။ စုန့်လင်းချွမ်က ဒါကို ဘယ်လိုလုပ်ဖုံးကွယ်ထားနိုင်ရတာလဲ!]

[ဝါးး၊ ငါ့ကောကောက အရမ်းသိုသိပ်လွန်းတာပဲ၊ သူ့ကိုပိုပြီးတော့တောင် ချစ်လာပြီ!]

[ခဏနေဦး! အန်တီလေး variety show ကိုလာတုန်းက သူက ထင်ရှားတဲ့ မိသားစုကလာတယ်လို့ ပြောဖူးတာကို ငါမှတ်မိလိုက်ပြီ။ ဒါပေမယ့် အဲ့ဒါပြီးတော့ ဘာသတင်းမှ ထပ်ထွက်လာပုံမပေါ်ဘူး။ အဲ့ဒါကို စုန့်လင်းချွမ်တို့အဖွဲ့က ထိန်းသိမ်းထားတာများလား?]

[ငါတော့သွားပြီ! အဲ့လိုပဲ ထင်တယ်! ဘဏ်တွေရဲ့limited edition အဖြစ် သတ်မှတ်ထားတဲ့ black cardကို အန်တီလေး ထုတ်လာကတည်းက သူတို့မိသားစုက သာမာန်တော့မဟုတ်ဘူးလို့ ငါထင်သားပဲ]

[ခဏနေဦး၊ ငါ့မှာမေးစရာရှိတယ်၊ အန်တီလေးရဲ့ ခန်းဝင်ပစ္စည်းတွေကို ဘယ်သူမှ မအံ့ဩကြဘူးလား? ချမ်းသာတဲ့မိသားစုဆိုရင်တောင် ဒါကအရမ်းမများလွန်းဘူးလား?]

[ရိုးရိုးသားသားပြောရရင်၊ ချမ်းသာတဲ့မိသားစုက ညီမအတွက် ခန်းဝင်ပစ္စည်းပေါင်း သန်းရာနဲ့ချီပြီး လက်ဖွဲ့တယ်ဆိုတဲ့ သတင်းကိုမြင်လိုက်ရတော့ ငါလည်း နည်းနည်းအံ့ဩသွားတယ်။ ဘာဘဲဖြစ်ဖြစ် သူက ညီမလေ သမီးမှမဟုတ်ဘဲ။ ဒါပေမယ့် အဲ့ဒါက စုန့်လင်းချွမ်တို့မိသားစုဆိုတာကို သိလိုက်ရတော့ လုံးဝမအံ့ဩတော့ဘူး၊ ဘာလို့လဲတော့ငါမသိဘူး]

[ဟားဟားဟား၊ ဘာဖြစ်နိုင်ဦးမှာလဲ? ဒီလိုအစ်ကိုစုန့်ပေါင်နဲ့ဆို လုံးဝမအံ့ဩမိတာ မထူးဆန်းတော့ပါဘူး!]

[သေအောင်ရယ်ရတယ်၊ ဆရာဝန်က နာမည်ကြီးတွေက ပိုက်ဆံရနည်းလို့ တချို့လူတွေက အန်တီလေးကို ဖျော်ဖြေရေးလောကထဲ မဝင်ဘဲ ဆရာဝန်လုပ်တာ နောင်တရလိမ့်မယ်လို့ ပြောကြတယ်။ သူ့ရဲ့ မိသားစုက ကောင်းကောင်းမွန်မွန် နေနေရလို့ သူ့မှာယုံကြည်ချက်တွေရှိနေတာဘဲ!]

[အားး၊ အန်တီလေးနဲ့ဖေးခွမ်တို့က မင်္ဂလာပွဲကျင်းပြပြီးပြီ! အဲ့ဒီအကြောင်းကို ငါ ဘယ်လိုလုပ် မကြားခဲ့ရတာလဲ၊ သူတို့လက်ထပ်မှတ်ပုံတင် ပြီးသွားတာပဲ ငါသိတာ]

[အမ်... ဒီတော့ ဖေးခွမ်ကို ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်လိုက်တယ်လို့ ထည့်တွက်ရမှာလား?]

[အားး မဖြစ်နိုင်တာ၊ ဖေးခွမ်ကိုယ်တိုင်လည်း ချမ်းသာတာ မဟုတ်ဘူးလား? သူ့ရဲ့ ရင်းနှီးမြုပ်နှံတွေကလည်း တော်တော်ရတယ်လို့ ငါ့ကြားခဲ့တာ မဟုတ်ဘူးလား?]

[စုန့်မိသားစုနဲ့တော့ မယှဉ်နိုင်ပါဘူး! အွန်လိုင်းမှာသွားရှာကြည့် တကယ်ချမ်းသာတာ ဘာလဲဆိုတာ နင်သိသွားလိမ့်မယ်၊ ဖျော်ဖြေရေးလောကက ကြယ်ပွင့်တောင် မယှဉ်နိုင်ဘူး!]

All Chapters