← Chapters

အခန်း (၁၄၇)

Vol. 12 Ch. 147

အခန်း (၁၄၇)

Vol. 12 Ch. 147

အဲ့ဒါက ပေါ်သွားပြီမို့ သူတို့လည်း ထပ်ပြီး ဖုံးကွယ်ဖို့မကြိုးစားတော့ပေ။

စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့ရဲ့ စတူဒီယိုတွေကနေ မင်္ဂလာပွဲမှ မိသားစုဓာတ်ပုံတွေကို ရက်ရက်ရောရောရောထုတ်ပေးလာသည်။

အင်တာနက်သုံးစွဲသူတွေနဲ့ ဖန်တွေက စိတ်လှုပ်တရှားနဲ့ ဆွေးနွေးနေကြပြီး ကြင်စဦးမောင်နှံဆီ ဂုဏ်ပြုစကားတွေပို့ပေးကြသည်။

အွန်လိုင်းပေါ်မှာ အကုန်လုံးက ခံစားချက်တွေ ကောင်းနေကြပေမယ့် ဖေးခွမ်က စုန့်အာ့နန်ရဲ့ မိသားစုနောက်ခံကြောင့် သူမကို လက်ထပ်လိုက်တာလို့ ကဲ့ရဲ့ပြောဆိုကြတဲ့သူတွေလည်းရှိသည်။

တချို့က သူ့ကိုသိုက်တူးသမား၊ ချမ်းသာတဲ့မိသားစုထဲ သားမက်အဖြစ်နဲ့ တွယ်တက်တဲ့လူ စသည်ဖြင့်ပြောဆိုကြသည်။

ဖေးခွမ်က ဖျော်ဖြေရေးလောကထဲနှစ်အတော်ကြာ ကျင်လည်ခဲ့တာမို့ ဒီလိုအရာတွေကို အလုပ်ရှုပ်ခံပြီး ဂရုမစိုက်နေပေ။

သူက ပြောနေကြတဲ့သူတွေကို ဂရုမစိုက်သလို လူတိုင်းရဲ့ပါးစပ်တွေကိုလည်း ပိတ်ဖို့ ရည်ရွယ်ချက်မရှိပေ။

ဒါပေမယ့် ဖေးခွမ် ဂရုမစိုက်ပေမယ့် တခြားသူတွေလည်း ဂရုမစိုက်ဘူးလို့ မဆို‌လိုပေ။

ဥပမာအားဖြင့်၊ လွန်ခဲ့တဲ့နှစ်တွေမှာ ဖေးခွမ်ကို သူတို့ရဲ့သားအရင်းလိုမျိုး ဆက်ဆံခဲ့ကြတဲ့ စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့ပင်။ ဒီလိုကောလဟာလတွေပြန့်နေတာကို သူတို့ဘယ်လိုသည်းခံနိုင်မှာလဲ?

ဘာဘဲဖြစ်ဖြစ် ပါးစပ်ပေါက် အများအပြားကနေ ပြန့်လာတဲ့ ကောလဟာလတွေထဲမှာ အမှန်တရားတချိ့တလေပါနေဆဲပင်။

ဒီတော့ စုန့်ကျန်းဟွေ့နဲ့ ကျောက်ယာတို့က စုန့် Group ရဲ့ PRဌာနကို ရက်ရက်ရောရောနဲ့ အသုံးပြုကြသည်။

ဒီလိုအခြေအနေမျိုးမှာ ရှင်းပြဖို့ကြိုးစားတာက ကိုက်ဖို့အခွင့်အရေးရှာနေကြတဲ့ အဲ့ဒီလိုလူတွေအတွက် ကာကွယ်ပေးလိုက်သလို ဖြစ်သွားမည်ပင်။ ဒါကြောင့် လူထုအမြင်ကို ပြောင်းဖို့လုပ်တာက အကောင်းဆုံးနည်းလမ်းပင်။

ဒါကြောင့်၊ စုန့် Groupရဲ့ တရားဝင် Weibo အကောင့်တွင် စုန့်လင်းချွမ်ရဲ့ မင်္ဂလာပွဲတုန်းက မိန့်ခွန်းနဲ့ ကြင်စဦးမောင်နှံတို့ရဲ့ အပြန်အလှန် အမေးအဖြေလုပ်နေကြတဲ့ ဗီဒီယိုကို တည်းဖြတ်ကာ တင်လိုက်သည်။

အံ့ဩစရာကောင်းတာက ဒီဗီဒီယိုကို လွှင့်ပြီးတာနဲ့ အင်တာနက်မှာ ချက်ချင်းပြန့်သွားတော့သည်။

[ဝိုး၊ စုန့်လင်းချွမ်တစ်ယောက် အန်တီလေးရဲ့မင်္ဂလာပွဲမှာ မိန့်ခွန်းပြောရမယ့်နေ့ ရောက်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့ဘူး!]

[ဟားဟားဟား၊ စုန့်လင်းချွမ်က အရမ်းရယ်ရတာပဲ! သူ့ရဲ့ 'ကျွန်တော်နောင်တရတယ်' ဆိုတဲ့ အကြောင်းအရာက ခေါင်းစဉ်ကို အခြေခံရရင် မင်္ဂလာမိန့်ခွန်းလောကမှာ တော်တော်ပေါက်သွားလိမ့်မယ်!]

[ကျွန်တော်နောင်တရတယ်!! OMG၊ ငါရယ်တာ မရပ်နိုင်တော့ဘူး၊ ဒါက စုန့်လင်းချွမ်ရဲ့အတွင်းစိတ်ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာဘဲ!]

[ဘုရား၊ ဒီမိန့်ခွန်း‌ထဲမှာ အချက်အလက်တွေ အများကြီးပါတာပဲ၊ ဘယ်အပိုင်းကို အံ့ဩရမလဲဆိုတာတောင်မသိတော့ဘူး!]

[အကြောင်းတချို့ကြောင့်၊ 'ကျွန်တော်အရမ်းဝမ်းသာပါတယ်' ဆိုပြီး စုန့်လင်းချွမ်ပြောတဲ့အချိန် ငါ့မျက်လုံးတွေ ရုတ်တရက်ပူလာတယ်။ ဖေးခွမ်ကို သူ့ရင်ထဲမှာ တကယ်လက်ခံထားတာပဲ]

[ ဝါး ဝါး ဝါး၊ အခုလေးတင် ငါအရမ်းရယ်ထားတာ စုန့်လင်းချွမ်က ဒီလိုမျိုး ငါ့ကိုငိုမိအောင်လုပ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ!]

[ဖေးခွမ်က အန်တီလေးကို ကောင်းကောင်းဆက်ဆံလို့ဖြစ်မယ်၊ မဟုတ်ရင် စုန့်လင်းချွမ်က 'ကျွန်တော့်အန်တီလေးကို သူ့ဆီ ခေါ်လာပေးမိတဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာမိပါတယ်' လို့ပြောမှာမဟုတ်ဘူး]

[အတိအကျဘဲ၊ စုန့်မိသားစုသာ သူ့ကိုတကယ်သဘောမကျရင် ဒီလိုမျိုးဆက်ဆံမှာမဟုတ်ဘူး]

[ဝိုး၊ ဒီအပြန်အလှန် အမေးအဖြေလုပ်တာက အရမ်းရယ်ရတာပဲ။ သူတို့က တွဲတဲ့ပထမဆုံးရက်မှာဘဲ နမ်းခဲ့တာတဲ့၊ ဝါး ဝါး အရမ်းချိုတယ်!]

[အားး၊ အရမ်းချိုတယ် အရမ်းချိုတယ်! အန်တီလေးနဲ့ ဖေးခွမ်က ပြီးပြည့်စုံတဲ့ စုံတွဲပဲ!]

[ခဏနေဦး! ပထမဆုံးနမ်းတဲ့နေရာက ဘယ်မှာလဲလို့မေးတော့ ဖေးခွမ်က စုန့်လင်းချွမ်ကို ဘာလို့ ကြည့်နေတာလဲ? ဘုရားရေ၊ အဲ့ဒီမှာဇာတ်လမ်းတွေရှိတယ်လို့တော့ ငါ့ကိုမပြောနဲ့နော်!]

[သေအောင်ရယ်နေရတယ်၊ ဖေးခွမ်က အရမ်းလွန်တာဘဲ! သူတို့ရဲ့ပထမဆုံးအနမ်းက စုန့်လင်းချွမ်ရဲ့ တံခါးအရှေ့မှာလို့ တွေးလိုက်မိရင် ပိုပြီးရင်နာရတယ်!]

[စုန့်လင်းချွမ် - ငါ့အိမ်ရဲ့ သန့်ရှင်းမှုက ခိုးယူခံလိုက်ရပြီ၊ ဒီနာကျင်မှုကို ဘယ်သူ နားလည်နိုင်မှာလဲ?!]

.......

ဒီရက်ပိုင်းမှာ စုန့်အာ့နန်တစ်ယောက် စိတ်အခြေအနေအရမ်းကောင်းနေတာကို ဌာနမှာရှိတဲ့လူတိုင်းပြောနိုင်သည်။ သူမအနေနဲ့ resident ဆရာဝန်အဖြစ်မှ သမားတော်အဖြစ် ရာထူးတိုးသွားတာကြောင့် ပျော်နေတာဖြစ်သည်။ ဒါပေမယ့် ဒါက စုန့်အာ့နန်အရမ်းပီတိဖြစ်နေရတဲ့ အကြောင်းရင်း မဟုတ်ဘူးဆိုတာ လူတိုင်းပြောနိုင်သည်။

ဘာဘဲဖြစ်ဖြစ်၊ ဆေးရုံက စနစ်တွေမှာ ရာထူးတိုးတယ်ဆိုတာ ရှားရှားပါးပါးအရာမှ မဟုတ်ဘဲ။ သတ်မှတ်ချက်တွေက အမျိုးမျိုးရှိသည်။ ဒီတော့ ရာထူးတိုးသည်ဖြစ်စေ မတိုးသည်ဖြစ်စေ လူကတော့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားရမည်ပင်။

စုန့်အာ့နန် ရာထူးတိုးတာကို ဥပမာယူရမည်။ သူမကိုယ်တိုင်သာမက ဌာနက လူအများစုလည်း သူမချောချောမွေ့မွေ့နဲ့ ရာထူတိုးလိမ့်မယ်ဆိုတာ ထင်ထားကြပြီးသားပင်။ သူမတို့ အသုတ်က အကဲဖြတ်ခံရတဲ့ ဆရာဝန်တွေထဲတွင် သူမရဲ့အရည်အချင်းပြည့်မီမှုနှင့် ကျွမ်းကျင်မှုတွေက တခြားသူတွေထက်ရှေ့ရောက်သည်။ သူမ ရာထူးတိုးမယ်ဆိုတာ အာမခံနိုင်လုနီးနီးပင်။

ဒါကြောင့် ဘယ်ဟာကများ စုန့်အာ့နန်ကို အရမ်းပျော်အောင်လုပ်နေတာတဲ့လဲ?

ဒီတလော၊ သူမတို့ဆေးရုံလက်အောက်ရှိ အနောက်ကအဆောက်အဦးတစ်ခုတွင် ဆေးဘက်ဆိုင်ရာ TVဒရာမာတစ်ခုရိုက်ကူးနေသည်။ ဖြစ်ချင်တော့ ခေါင်းဆောင်မင်းသားက စုန့်အာ့နန်ရဲ့ ယောက်ျားဖြစ်တဲ့ နာမည်ကြီးသရုပ်ဆောင် ဖေးခွမ်ဖြစ်နေသည်။

ဖေးခွမ်ကို ပြောရရင်၊ ဒီလတ်တလောနှစ်တွေမှာ၊ B တက္ကသိုလ် ဖက်စပ်ဆေးရုံရှိ နှလုံးသွေးကြောခွဲစိတ်ဌာနက ဆရာဝန်နဲ့ သူနာပြုတွေအားလုံးမှာ သူနဲ့အရမ်းရင်းနှီးလာကြသည်။

အားလပ်တဲ့အခါတိုင်း ဖေးခွမ်က စုန့်အာ့နန်အလုပ်ဆင်းရင် အမြဲတမ်း လာကြိုတတ်သည်။ သူအဝေးမှာ ရိုက်ကူးရေးရှိရင်တောင်မှ စုန့်အာ့နန် ဗိုက်ဆာမှာစိုးကာ မုန့်တွေ သစ်သီးတွေကိုမှာပြီး ဆေးရုံကိုပို့ပေးလေ့ရှိသည်။ ဒါက ဌာနအများအပြားကို အားကျမနာလိုဖြစ်လာစေသည်။

တချို့ လက်မထပ်ရသေးတဲ့ အမျိုးသမီးဆရာဝန်တွေနဲ့ သူနာပြုမလေးတွေတောင်မှ ဒီလိုကြည့်ကောင်းပြီး ထောက်ထားတတ်တဲ့ ယောက်ျားမျိုးကို ဘယ်မှာသွားရှာရမလဲဆိုပြီး စနောက်ကြလေ့ရှိသည်။

အဲ့ဒီနေ့မှာ၊ အလုပ်ဆင်းတော့ စုန့်အာ့နန်တစ်ယောက် ဆေးရုံအနောက်ဘက်က ရိုက်ကူးရေးနေရာဆီ ဖေးခွမ်ကိုသွားကြိုဖို့သွားလိုက်သည်။

နှစ်ယောက်သား ခုနတုန်းက ဆက်သွယ်ပြီးသွားပြီဖြစ်သည်။ အဲ့ဒီနေ့မှာ ဖေးခွမ်ရိုက်ကူးရေးကနေ မပြန်ရသေးခင် ရိုက်ဖို့ scene တစ်ခုကျန်နေသေးသည်။ ဒါက သူတို့အတူအိမ်ပြန်ဖို့အတွက် အဆင်ပြေလှသည်။

ဒီအတောတွင်းမှာ ပုံမှန်ဆို ဖေးခွမ်ကသာ အလုပ်စောပြီးလို့ သူမကိုလာကြိုလေ့ရှိသည်။ ဒါက သူမ သူ့ဆီသွားတာပထမဆုံးအကြိမ်ပင်။

သူနာပြုဌာနကို စုန့်အာ့နန်ဖြတ်သွားတဲ့အခါ သူနာပြုတချို့က တစ်ခုခုအကြောင်း အတင်းအဖျင်းပြောကာ တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောနေကြသည်။

သူနာပြုရှောင်ချန်က သူမကိုအပြုံးနဲ့အတူ နှုတ်ဆက်လိုက်သည်။ "ဒေါက်တာစုန့် အလုပ်ဆင်းပြီလား? ဒီနေ့ဒေါက်တာရဲ့ ခင်ပွန်းလာမကြိုဘူးလား?"

စုန့်အာ့နန်အနေနဲ့ ဒီလိုအစခံရတာကို အသားကျနေပြီဖြစ်သည်။ သူမက ပြန်ပြုံးပြလိုက်ပြီး "သူအခုထိရိုက်ကူးရေး မပြီးသေးလို့။ ကျွန်မ သူ့ကိုသွားစောင့်မလို့"

ပင်မဆေးရုံအ ဆောက်အဦးကနေ ထွက်လာတော့ အရင်တစ်ခေါက် variety showရိုက်ခဲ့တဲ့ အနောက်ဘက်အဆောက်အဦးဆီ သူမသွားလိုက်သည်။

ရိုက်ကူးရေးက ဒုတိယအထပ်မှာဖြစ်သည်။ စုန့်အာ့နန်ခဏလောက် ပတ်ပတ်လည်ရှာကြည့်ပေမယ့် ဖေးခွမ်ကိုမတွေ့ချေ။

ဒီတော့မှာ ဒီဒရာမာရဲ့ဒါရိုက်တာက စုန့်အာ့နန်ကို တွေ့ပြီးအမြန်လက်ပြလိုက်သည်။ စုန့်အာ့နန်လည်းသူ့ဆီလျှောက်သွားလိုက်ပြီး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။ "ဒါရိုက်တာလီ"

ဒါရိုက်တာရဲ့ မျိုးရိုးနာမည်က လီဖြစ်ပြီး နာမည်အပြည့်အစုံက လီလုယန်ဖြစ်သည်။ သူက သူမနဲ့ဖေးခွမ်တို့ရဲ့ မင်္ဂလာပွဲကိုလည်း တက်ခဲ့သေးသည်။ ဖေးခွမ်က သူမတို့ကို မိတ်ဆက်ပေးခဲ့တာဖြစ်သည်။

ဖေးခွမ်ပြောပုံအရ လီလုယန်က သူ့ကိုဂရုစိုက်ပေးခဲ့ဖူးပြီး သူတို့နှစ်ယောက်က အခင်ဆုံးသူငယ်ချင်းလည်းဖြစ်သည်။ သဘာဝအလျောက် စုန့်အာ့နန်လည်း သူ့ကိုအများကြီးလေးစားရသည်။

လီလုယန်ကရယ်လိုက်ပြီး မေးလိုက်သည်။ "ဖေးခွမ်အလုပ်ဆင်းမှာကို လာစောင့်တာလား? သူအဝတ်လဲခန်းထဲမှာ အဝတ်လဲနေတယ်။ scene တစ်ခုကျန်သေးလို့လေ။ ဒီမှာစောင့်နေနော် အဆင်ပြေရဲ့လား?"

သူပြောပြီးသွားတာနဲ့ သူ့ရဲ့လက်ထောက်ကို ခုံအသေးလေးယူလာပေးဖို့ အမူအရာပြလိုက်ကာ စုန့်အာ့နန်ကိုကမ်းပေးလိုက်သည်။

စုန့်အာ့နန်လည်း ခုံကိုအပြုံးနဲ့အတူယူလိုက်ပြီး "ရပါတယ်၊ ကျေးဇူးပါ ဒါရိုက်တာလီ"

သူမက ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ လမ်းကို မပိတ်နေရအောင် နံရံကိုမီကာထိုင်လိုက်သည်။

အဲ့ဒီအချိန်မှာ လီလုယန်ကလည်း အားနေတာဖြစ်သည်။ သူလည်း စုန့်အာ့နန်နဲ့ ပေါ့ပေါ့ပါးပါး စကားပြောနေလိုက်သည်။

"ဒီတလောတုန်းက မင်း ရာထူးတိုးသွားတယ်လို့ ဖေးခွမ်ဆီက ကြားတယ်၊ အထင်ကြီးစရာဘဲ!" လီလုယန်ကပြောလာသည်။

ဖေးခွမ်က ဒီအကြောင်းကို တခြားသူတွေဆီ ပြောပြလိမ့်မယ်လို့ သူမ မထင်ထားပါချေ။ သူမအတွက်ကတော့၊ ဒါက ပုံမှန်ရာထူးတိုးမှုမျိုးပင်။ သူမကတော့ 'အထင်ကြီးစရာပဲ' ဆိုတဲ့စကားလုံးသုံးဖို့ မလိုဘူးလို့တော့ထင်သည်။

သူမက ခေါင်းကုတ်လိုက်ပြီး နည်းနည်းရှက်ရွံ့သလိုပြောလိုက်သည် "မဟုတ်တာ၊ အဲ့ဒါက ဒီတိုင်းဆေးရုံတွေမှာဆို သာမာန်ရာထူးတိုးတဲ့ကိစ္စဘဲလေ။ လူတိုင်းလည်းအတူတူပဲ"

ဒါပေမယ့် လီလုယန်ကတော့ ဒီလိုမထင်ပေ။ သူတို့ဒရာမာက ဆေးဘက်ဆိုင်ရာနောက်ခံဖြစ်တာကြောင့် ဆေးရုံက ဒီလိုရာထူးတိုးတဲ့စနစ်မျိုးအကြောင်း သူသိထားသည်။ သူမ အရွယ်နဲ့ တချို့တွေအတွက်တော့ သူမကတကယ် ထူးခြားပြောင်မြောက်လှသည်။

အဝတ်လဲခန်းကနေ ဖေးခွမ်ထွက်လာတော့ စုန့်အာ့နန်တစ်ယောက် လီလုယန်နဲ့ ရယ်မောရင်းစကားစမြည်ပြောနေကြတာကို အဝေးကနေသူမြင်လိုက်သည်။

ဖေးခွမ်ကို မြင်တော့၊ စုန့်အာ့နန်ချက်ချင်းထရပ်လိုက်သည်။

ဖေးခွမ်က ပြုံးကာမေးလိုက်သည်။ "အရမ်းပျော်နေကြတာ နှစ်ယောက်သား ဘာအကြောင်းပြောနေကြတာလဲ?"

စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ သူမဘာမှမပြောရသေးခင် လီလုယီက ပြောလာသည်။ "အာ့နန်က မင်းကိုတိတ်တိတ်လေး လာစစ်တာ၊ ဒီနေ့ မင်းနမ်းရတဲ့ scene တွေရှိမရှိ လာမေးတာ"

ဖေးခွမ်မှာ တစ်စက္ကန့်လောက် ကြောင်သွားပေမယ့် နောက်တော့ လီလုယန်က ရည်ရွယ်ချက်ရှိရှိ စနေမှန်း သဘောပေါက်လိုက်သည်။

စုန့်အာ့နန်ရဲ့အကျင့်အရ၊ သူမ ဂရုစိုက်ရင်တောင် သူ့နောက်ကွယ်မှာ တခြားသူတွေကို သူမ မေးလိမ့်မည်မဟုတ်ပေ။

စုန့်အာ့နန်လည်း ကြောင်သွားသည်။ ဒါက သူမရည်ရွယ်ချက် လုံးဝမဟုတ်နေဘူး!

သူတို့နောက်ရိုက်မယ့် scene က ဘာလဲဆိုတာကိုပဲ သူမ မေးခဲ့တာဖြစ်သည်။ လီလုယန်ကဘယ်လိုလုပ်အထင်မှားသွားရတာလဲ?

"ကျ...ကျွန်မ အဲ့ဒီလိုဆိုလိုတာမဟုတ်ဘူး" စုန့်အာ့နန်က အမြန်ရှင်းပြလိုက်သည်။ "ဒီတိုင်းပဲ မေးလိုက်တာ..."

သူမပြောလို့မပြီးသေးခင် လီလုယန်ကို လက်ထောက်ဒါရိုက်တာက ခေါ်သွားသည်။

ကောင်းရော၊ အခုတော့ရှင်းပြဖို့ ပိုခက်သွားပြီ။

"ကျွန်မတကယ် အဲ့ဒီလိုဆိုလိုတာမဟုတ်ဘူး" စုန့်အာ့နန်က ဖေးခွမ်ဘက်ကို လှည့်လိုက်ပြီး "ရှင့်ကို လာစစ်တာလိုမျိုးလေ"

သူမ အဲ့ဒီလိုမဆိုလိုဘူးဆိုတာ ဖေးခွမ်သေချာပေါက်သိပေမယ့် သူမကို သူ စချင်သေးသည်။ "စိတ်မပူပါနဲ့၊ အခုကစပြီး ကိုယ့်ဘက်ကနေ မင်းဆီကို သတင်းပို့ပါ့မယ်"

သူ မယုံသေးဘူးဘဲ! စုန့်အာ့နန်မှာ ပြောစရာစကားမဲ့သွားရသည်။

တစ်ဖက်မှာ လက်ထောက်ဒါရိုက်တာက ရိုက်ကူးရေးစဖို့ သရုပ်ဆောင်တွေကို ခေါ်လိုက်သည်။

ဖေးခွမ်က ပြုံးကာ သူမပါးလေးကိုညစ်လိုက်ပြီး "ကိုယ့်ကိုစောင့်နေ၊ ကိုယ် ဒီ scene ရိုက်ပြီးရင် အိမ်ပြန်ကြမယ်"

မသွားခင် သူက သူမကိုထပ်စသွားသေးသည်။ "စိတ်မပူပါနဲ့၊ ကိုယ် မင်းကို ကတိပေးထားတယ်၊ ဒီတော့ ကိုယ့်စကားကို ပြန်မရုတ်သိမ်းပါဘူး၊ ကိုယ့်မှာ အနမ်းဇာတ်ဝင်ခန်းတွေမပါဘူး"

ဖေးခွမ်က သူမကိုစနေမှန်း စုန့်အာ့နန်လို သဘောပေါက်မလွယ်တဲ့သူတောင် အခုတော့ သဘောပေါက်သွားကာ သူမမှာ ရယ်ချင်တာတစ်ဝက် စိတ်တိုတာက တစ်ဝက်ဖြစ်သွားရသည်။

ဒီလူကလေ စတာတောင် အချိန်အခါမကြည့်ဘူး။

သူမတို့ဘေးနားက ရိုက်ကူးရေး အဖွဲ့သားတွေကလည်း ရယ်ချင်တာကို ထိန်းထားနေရမှန်း သူမ သတိထားမိလိုက်သည်။ မသိတဲ့သူဆို သူမက သူ့ကို အရမ်းစည်းကမ်းတင်းကြပ်နေတယ်လို့ ထင်သွားဦးမယ်။

အမှန်တော့၊ ဒီအရာတွေကို စုန့်အာ့နန် တကယ်ဂရုမစိုက်ပါချေ။ ဖေးခွမ်က သရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ အနမ်းဇာတ်ဝင်ခန်းပဲဖြစ်ဖြစ် အိပ်ယာပေါ်က ဇာတ်ဝင်ခန်းပဲဖြစ်ဖြစ် ဇာတ်ညွှန်းအရဆိုတာ သူမနားလည်သည်။

ဒါပေမယ့် သူမတို့တွဲကတည်း ဒီလိုဇာတ်ကောင်တွေကို သူယူတာရပ်လိုက်သည်။

အစကတော့ စုန့်အာ့နန် မသိခဲ့ပေ။ နောက်တော့၊ လီတုန်က အဲ့ဒါက ဖေးခွမ်ရဲ့တောင်းဆိုချက်ဖြစ်ကြောင်း ပြောပြလာသည်။

ဒါကသူ့အလုပ်မှန်း သူမ နားလည်တာကြောင့် ဒီလိုမျိုး လုပ်ဖို့မလိုကြောင်း သူမ ဖေးခွမ်ကို အထူးတလည်ပြောခဲ့သေးသည်။

ဒါပေမယ့် ဖေးခွမ်က ငြင်းခဲ့သည်။ သူ့စကားတစ်ခွန်းကတော့ အနမ်းဇာတ်ဝင်ခန်းဖြစ်ဖြစ် အိပ်ယာပေါ်ကဇာတ်ဝင်ခန်းဖြစ်ဖြစ် မပါတဲ့ ဇာတ်ကောင်မရှိဘူးလို့ မဆိုလိုပေ။ သူ့သရုပ်ဆောင်နိုင်မှုအပိုင်းက ကျယ်ပြန့်တဲ့အတွက် ဘာစိုးရိမ်စရာရှိလဲ?

စုန့်အာ့နန်အနေနဲ့ သူ့စိတ်ကို မပြောင်းနိုင်တဲ့အတွက် သူ့ကိုလွှတ်ထားပေးလိုက်ရသည်။

ဒါပေမယ့် စိတ်ထဲမှာတော့ ဖေးခွမ် သူမကြောင့်ဒီလိုလုပ်တယ်ဆိုတာ သူမသိသည်။

သူက သူမရဲ့ခံစားချက်တွေကို အမြဲတမ်းအလေးထားကာ၊ သူမ အတွေးလွန်မှာစိုးသလို ဒီရိုက်ကွက်တွေကို သူမ မြင်ရင်အဆင်မပြေဖြစ်မှာ စိုးရိမ်သည်။

ဒါက ဒီနှစ်တွေအတွင်းလည်း မပြောင်းလဲသွားပါချေ။

ဖေးခွမ် ဒီဒရာမာကို ရိုက်နေတာ လေးလကျော်ပြီဖြစ်သည်။ သူမတို့နှစ်ယောက်မှာ အတူတူအလုပ်သွားအလုပ်ပြန်လုပ်ရတဲ့ ပျော်ရွှင်မှုကို ကြုံခဲ့ရပြီးပြီဖြစ်သည်။

သူရိုက်ကူးရေးပြီးသွားတဲ့နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် စုန့်အာ့နန်ရဲ့ အလုပ်နားရက်ဖြစ်သည်။ ဒီတော့ သူမတို့အကြိုက်ဆုံး စားသောက်ဆိုင်သွားကာ အောင်ပွဲခံဖို့ဆုံးဖြတ်လိုက်သည်။

စုန့်အာ့နန်က "ရှုတင်ပြီးပါတီ" လို့ရေးထားတဲ့ ကိတ်အသေးလေးတစ်လုံးတောင် အထူးတလည်မှာထားသည်။

ဒီနှစ်တွေနှစ်တွေတစ်လျှောက် ဖေးခွမ် နောက်လိုက်ရင်း သူမသိခဲ့ရတာက ပွဲကျင်းပသင့်တာတွေကို ကျင်းပရမယ်ဆိုတာပင်။

ဖေးခွမ် ပြောခဲ့သလိုပဲ၊ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘဝမှာ အရေးကြီးသည်။

သူမတို့မှာထားတဲ့ ဟင်းတွေက အမြန်ရောက်လာသည်။ စုန့်အာ့နန်က မအောင့်နိုင်တော့ပေ။ အကြောင်းပြချက်တချို့ကြောင့် ဒီနေ့ သူမဗိုက်တကယ်ဆာနေသည်။

ဖေးခွမ်က သူမအတွက် ကြက်စွပ်ပြုတ်တစ်ပန်းကန်ထည့်ပေးပြီး ကမ်းပေးလိုက်သည်။ "ဖြည်းဖြည်း၊ စွပ်ပြုတ် အရင်သောက်လိုက်ဦး"

အစားမစားခင် စွပ်ပြုတ်နည်းနည်းသောက်တာက ကျန်းမာရေးအတွက် ကောင်းသည်။

"အိုး" စုန့်အာ့နန်လည်း ပန်းကန်လုံးယူလိုက်ပြီး သောက်မလို့ပြင်လိုက်သည်။ ဒါပေမယ့် ကြက်စွပ်ပြုတ်အနံ့က သူမကို ချက်ချင်း မအီမသာဖြစ်သွားစေခဲ့သည်။

"အော့~" သူမ မထိန်းနိုင်တော့ဘဲ ပါးစပ်ကိုအုပ်လိုက်ရသည်။

ဒါကိုမြင်တော့ ဖေးခွမ်က ချက်ချင်း ထလာပြီး သူမဆီလျှောက်လာသည်။ "ဘာဖြစ်လို့လဲ? တစ်နေရာရာက မသက်မသာဖြစ်လို့လား?"

စုန့်အာ့နန်က လက်ရမ်းပြလိုက်ပြီး "အဆင်ပြေတယ်၊ ဒီတိုင်းကြက်စွပ်ပြုတ်အနံ့ကြောင့် နည်းနည်းပျို့ချင်လာလို့"

ဖေးခွမ် မျက်မှောင်ကြုတ်လိုက်ပြီး စားပွဲပေါ်က ကြက်စွပ်ပြုတ်ပန်းကန်လုံးကို ယူလိုက်ကာ အနံ့ခံလိုက်သည်။ "ပါဝင်ပစ္စည်းတွေက မလတ်ဆတ်လို့များလား?"

စုန့်အာ့နန် - "မဖြစ်နိုင်လောက်ဘူး။ ဒီက ပါဝင်ပစ္စည်းတွေက အမြဲတမ်းလတ်ဆတ်တာပဲကို။ အရင်က ဒီလိုမျိုးမဖြစ်ဖူးပါဘူး"

ကြက်စွပ်ပြုတ်ရဲ့အနံ့ကို သူမထပ်အနံ့ခံကြည့်ပေမယ့် ချက်ချင်း မအီမသာ ပြန်ဖြစ်လာသည်။

ဖေးခွမ်က တန့်သွားပြီး ရုတ်တရက် တစ်ခုခုကိုတွေးမိသွားသည်။ သူ့မျက်လုံးတွေက တောက်ပလာပြီး "ကိုယ်ဝန်ရှိနေတာများလား?"

စုန့်အာ့နန်လည်း အံ့ဩသွားသည်။ ကိုယ်ဝန်?!

သူမရဲ့ ရာသီစက်ဝန်းက အမြဲတမ်းမှန်ပေမယ့် ဒီတစ်ခေါက်တော့ တစ်ပတ်နောက်ကျနေသည်။ ဒါက အရမ်းဖြစ်နိုင်ချေရှိသည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး စုန့်အာ့နန်က မေးလာသည်။ "ဒါဆို ကျွန်မတို့အခုဘာလုပ်သင့်လဲ?"

သူမတို့ ဆက်စားသင့်လား ကိုယ်ဝန်စစ်တဲ့ဟာဝယ်ပြီး စစ်ကြည့်သင့်လား?

ဖေးခွမ်လည်း တုန့်ဆိုင်းသွားပြီး "အရင်စားလိုက်ပြီး ကိုယ်တို့ အိမ်ပြန်ရောက်မှ စစ်ကြည့်တာပေါ့"

ပြောပြီးသွားတော့ သူက ကြက်စွပ်ပြုတ်ကိုအဝေးယူသွားလိုက်ပြီး စုန့်အာ့နန်အတွက် ပေါ့ပေါ့ပါးပါးဟင်းလျာတွေကို အရှေ့မှာချပေးလိုက်သည်။

All Chapters