← Chapters

အခန်း (၁၄၈)

Vol. 12 Ch. 148

အခန်း (၁၄၈)

Vol. 12 Ch. 148

နှစ်ယောက်က စားသောက်ပြီးမှ စစ်ကြည့်ဖို့ပြောခဲ့ပေမယ့် ဘယ်သူမှ ဆက်စားဖို့စိတ်မပါတော့ချေ။ နည်းနည်းမြန်မြန်စားသောက်လို့ပြီးတော့ အနီးနားကဆေးဆိုင်မှာ ကိုယ်ဝန်စစ်တဲ့ဟာကို ဝယ်ပြီး အိမ်ပြန်လာကြသည်။

သေချာပေါက်ကို မျဉ်းနှစ်ကြောင်းရှိနေသည်။

စုန့်အာ့နန်မှာ မိန်းမောစွာနဲ့ ရပ်နေရင်း မတုံ့ပြန်မိလာသေးပေ။

သူမမှာ တကယ်ကြီး ကိုယ်ဝန်ရှိနေပြီ။

သူမတို့လက်ထပ်ထားတာ သုံးနှစ်ရှိပြီဖြစ်ကာ လက်ထပ်ပြီးတဲ့နောက်မှာလည်း ကလေးယူဖို့ အစီအစဉ်မရှိခဲ့ပေ။ အဲ့ဒီတုန်းက စုန့်အာ့နန်က အလုပ်စလုပ်ခါစဖြစ်ကာ ကလေးယူဖို့ အချိန်ကောင်းမဟုတ်တာကြောင့်ဖြစ်သည်။

ဒါပေမယ့် ဒီတလော သူတို့နှစ်ယောက်မှာ ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိခဲ့သည်။

အကြောင်းပြချက်တစ်ခုကတော့ စုန့်အာ့နန်အနေနဲ့ အလုပ်မှာ အခြေကျသွားပြီဖြစ်သည်။ ဆရာဝန်တစ်ယောက်အဖြစ် အတွေ့အကြုံရှိဖို့ လိုအပ်တာကြောင့် သူမတို့တွေအနေနဲ့ အလျင်မလိုတဲ့အတွက် ဖြည်းဖြည်းချင်းအချိန်ယူခဲ့တာ‌ပင်။

ဒုတိယအချက်အနေနဲ့ကတော့၊ သူတို့နှစ်ယောက်လုံးက မငယ်တော့ပေ။ ဖေးခွမ်က အဆင်ပြေပေမယ့် စုန့်အာ့နန်ကတော့ စိတ်ပူမိသည်။ သူမ အသက်ပိုကြီးလာတာနဲ့အမျှ သူမအတွက် ကိုယ်ဝန်ဆောင်ဖို့ ပိုခက်လာလိမ့်မည်ဖြစ်ကာ သူမ ဝေဒနာခံစားရမှာကိုလည်း သူ မကြည့်နေနိုင်ပေ။ တကယ်တော့၊ သူတို့မှာ ကလေးရှိရှိ မရှိရှိ ဖေးခွမ် သိပ်စိတ်ထဲမထားပေမယ့် စုန့်အာ့နန်ကတော့ ကလေးအရမ်းချစ်သည်။ ဒါကြောင့်၊ သူတို့မှာတစ်ယောက်လောက်ရှိရင်တော့ အနှေးနဲ့အမြန်ယူကြတာ အကောင်းဆုံးပင်။

ဒီတစ်ခေါက်၊ လွန်ခဲ့တဲ့တစ်လလောက်က ဆွေးနွေးပြီးတဲ့နောက် နှစ်ယောက်စလုံး ကိုယ်ဝန်တားတာရပ်ကာ ကလေးယူဖို့စပြင်ဆင်ကြသည်။

သို့ပေမယ့်၊သူတို့က အလျင်မလိုဘဲ အချိန်တန်ရင်ရလာမှာကို လိုလားကြသည်။ စုန့်အာ့နန် ကိုယ်ဝန်ရှိနေပြီးဆိုတော့ သူတို့မှာ ကလေးရှိလာတော့မှာပင်။

ဒါပေမယ့် ဒီလောက်ခပ်မြန်မြန် ကိုယ်ဝန်ရလာလိမ့်မယ်လို့ သူမ မထင်ထားပါချေ။

ရေချိုးခန်း အပြင်ဘက်မှာ ဖေးခွမ်တစ်ယောက် တံခါးရှေ့ကနေ ရှေ့သွားလိုက် နောက်သွားလိုက်လုပ်နေသည်။ "အာ့နန်၊ ပြီးပြီလား?"

စုန့်အာ့နန် တစ်ယောက် မိန်းမောစွာနဲ့ ရေချိုးခန်းတံခါးကိုဖွင့်လိုက်ပြီး ကိုယ်ဝန်စစ်တဲ့ဟာကို ဖေးခွမ်ဆီ တိတ်တဆိတ် ကမ်းပေးလိုက်သည်။

မျဉ်းနှစ်ကြောင်းကိုမြင်တော့ ဖေးခွမ် နည်းနည်းတုံ့ပြန်တာနှေးသွားသည်။ "ဒါက ကိုယ်ဝန်ရှိနေတယ်လို့ ပြောချင်တာလား?"

စုန့်အာ့နန် ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ဖြစ်နိုင်တယ်"

ဖေးခွမ်မျက်နှာမှာ ပီတိဖြစ်တဲ့အရိပ်အယောက်တွေ ဖြတ်ပြေးသွားသည်။ သူ စုန့်အာ့နန်ကို ဖက်လိုက်ချင်ပေမယ့် သူမကို ထိခိုက်မိသွားမှာစိုးကာ ချက်ချင်းရပ်လိုက်သည်။

"မဖြစ်ဘူး၊ လီတုန်ကို ကိုယ့်အတွက် ဘာအလုပ်မှ မစီစဉ်ပေးဖို့ ဖုန်းဆက်ပြောလိုက်ဦးမယ်။ ကိုယ် မင်းနဲ့အတူ အိမ်မှာနေပေးချင်တယ်၊ မဟုတ်ရင် ကိုယ်စိတ်အေးရမှာမဟုတ်ဘူး"

စုန့်အာ့နန်မှာ တစ်ခဏလောက် ကြောင်အသွားရသည်။

မလိုဘူးလို့ သူမပြောချင်သည်။ သူမကိုယ်ဝန်ရှိနေရင်တောင် သူမကိုယ်သူမ ဂရုစိုက်နိုင်သလို သူ့အလုပ်ကိုဘဲ သူအာရုံသင့်သည်။

ဒါပေမယ့် ဖေးခွမ်ကို မဖြောင်းဖျနိုင်မှန်း သူမသိတဲ့အတွက် "အလျင်စလိုမလုပ်ပါနဲ့၊ ကိုယ်ဝန်စစ်တဲ့ဟာတွေက မှားတတ်တာရှိတယ်။ ဘာမှမဆုံးဖြတ်ရသေးခင် မနက်ဖြန်ကျရင် ကျွန်မတို့ ဆေးရုံမှာ သွားစစ်ကြည့်ကြမယ်လေ"

နောက်တစ်နေ့၊ နှစ်ယောက်သား သွားစစ်ဖို့အတွက် ဆေးရုံသွားလိုက်ကြပြီး စုန့်အာ့နန်တကယ် ကိုယ်ဝန်ရှိနေမှန်း အတည်ပြုနိုင်လိုက်သည်။ နှစ်ယောက်လုံး ဝမ်းသာသွားကြသည်။

ဒါပေမယ့် အသစ်စက်စက် မိဘတွေအနေနဲ့ ပျော်တာအပြင်စိုးရိမ်မှုတွေက နောက်ကလိုက်လာသည်။

ဖေးခွမ်ကိုမပြောနဲ့ဦး ဆရာဝန်ဖြစ်တဲ့ စုန့်အာ့နန်ကိုယ်တိုင်လည်း မရှောင်လွှဲနိုင်ပါချေ။

ကိုယ်ဝန်ရှိကြောင်း အတည်ပြုပြီးသွားတော့ သူတို့အရမ်းသတိထားကြသည်။ သူက စုန့်အာ့နန်နဲ့အတူ အိမ်မှာ နေပေးချင်တာကြောင့် လီတုန်ကို သူ့အတွက် အလုပ်တွေ ထပ်မစီစဉ်ပေးဖို့ပြောလိုက်သည်။ မဟုတ်ရင် သူစိတ်အေးနိုင်မှာမဟုတ်ပေ။

အဲ့ဒါက အကုန်မဟုတ်သေးပေ။ ကိုယ်ဝန် ၆ ပတ်လောက်မှာ ဖေးခွမ်တစ်ယောက် 'ကိုယ်ဝန်ကြောင့်မအီမသာ' ဖြစ်ခဲ့ပြီး တော်တော်ပြင်းထန်ခဲ့သည်။

အဲ့ဒီအချိန်မှာ လူတိုင်းအံ့ဩသွားကြသည်။ စုန့်အာ့နန်မှာ ကိုယ်ဝန်ကြောင့် မအီမသာဖြစ်တာ လုံးဝမခံစားခဲ့ရပေမယ့် သူကတော့ ခံစားခဲ့ရသည်။

ဆေးရုံသွားပြပြီးမှဘဲ ဒါကို Couvade syndrome ခေါ်တဲ့ အရာမှန်း သိလိုက်ရသည်။

တချို့ ခင်ပွန်းတွေက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုလွန်ကဲတာကြောင့် သူတို့ရဲ့ဇနီးသည်တွေရဲ့ ကိုယ်ဝန်ကြောင့် မအီမသာဖြစ်တာကို သူတို့က ခံစားရကြသည်။ ဒါကို Couvade syndrome လို့ ခေါ်ကြသည်။

အဲ့ဒီနေ့မှာ၊ ဖြစ်ချင်တော့ ဖေးခွမ်တစ်ယောက် brand ပွဲတစ်ခုကိုတက်ရမှာဖြစ်သည်။ လီတုန်က သူ့ကိုမနက်စောစောလာခေါ်သည်။

ဒီတလော၊ လီတုန်တစ်ယောက် သူတတ်နိုင်သမျှ အလုပ်တွေအားလုံးကို ရွှေ့ခဲ့ပေမယ့် တချို့တွေကိုတော့ ဖျက်လို့မရခဲ့ပေ။ ဥပမာအားဖြင့် ဒီလို brand ပွဲလိုမျိုးဖြစ်သည်။

ကံကောင်းထောက်မစွာနဲ့၊ ပွဲက B City မှာပဲ ဖြစ်ကာ ပြောရရင် ဒီလိုပွဲမျိုးကို ဖေးခွမ်အနေနဲ့ တက်ဖို့က ပိုပြီးစိတ်အေးလက်အေးဖြစ်ရသည်။

ပွဲကချောချောမွေ့‌မွေ့နဲ့သွားနေပေမယ့် မမျှော်လင့်ထားစွာနဲ့ သတင်းထောက်တွေနဲ့အတူ အမေးအဖြေကဏ္ဏကိုရောက်တဲ့အခါ ဖေးခွမ်တစ်ယောက် ရုတ်တရက်ကြီး ပျို့အန်လာသည်။

လီတုန်လည်း စင်ပေါ်အမြန်တက်လာကာ သူ့ကိုရေဘူးကမ်းပေးလိုက်သည်။

ပျို့အန်သလိုဖြစ်တာက အမြန်ရပ်သွားပေမယ့် အဲ့ဒီအဖြစ်အပျက်ကတော့ အွန်လိုင်းပေါ်မှာ အတော်လေးတုန်လှုပ်သွားစေခဲ့သည်။

[ဘုရားရေ! ဘာဖြစ်နေတာလဲ၊ ဖေးခွမ် ဘာဖြစ်တာလဲ၊ ကျန်းမာရေးမကောင်းလို့လား?]

[F**k f**k! ငါ အမြင်မှားတာလား ဖေးခွမ်တစ်ယောက် ပိုပိန်လာသလိုပံ?]

[အပေါ်ထပ်က တစ်ယောက်ပြောတာမှန်တယ်၊ သိသိသာသာကို သူဝိတ်တွေအများကြီးကျလာတာ ကျန်းမာရေး မကောင်းတဲ့ပုံပဲ]

[အားးး၊ မဖြစ်ဘူး၊ ဖေးခွမ် အဆင်ပြေနေရမယ်နော်၊ ဘာမှမဖြစ်ပါစေနဲ့!]

[အဆင်ပြေမှာပါ၊ သိပ်မလန့်ပါနဲ့ညီအစ်မရေ၊ ဒါက ဒီတိုင်းမတော်တဆပါ]

[အမှန်ပဲ၊ ဒါက အစာအဆိပ်သင့်တာဖြစ်ရမယ်။ ငါလည်း အစာအဆိပ်သင့်ပြီး ဝမ်း‌လမ်းလျှော အန်လည်းအန်ဖူးတယ်]

ဖန်တွေက သူတို့ဘာသာ စိတ်ဖြေရင်းအလှုပ်များနေတုန်းမှာ အင်တာနက်သုံးစွဲသူတွေက Dr. Baiduမှာ ဖေးခွမ်ရဲ့ရောဂါလက္ခဏာတွေကို စပြီးရှာဖွေနေကြသည်။

ဖေးခွမ်ရဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အွန်လိုင်းပေါ်မှာ ထင်ကြေးအမျိုးမျိုးတွေ ပေးနေကြတာကိုမြင်တော့ လီတုန်မတတ်နိုင်ဘဲ ခေါင်းခါလိုက်မိသည်။

ဟင်း!

သူသာ ဒါက Couvade syndrome ဖြစ်တာလို့ပြောရင် ဘယ်သူယုံမှာလဲ?

အဖြစ်အပျက်တွေက ဆက်ပြီး လှုပ်လှုပ်ရွရွဖြစ်လာတော့ ဖေးခွမ်ကိုယ်တိုင် Weibo မှာ ပို့စ်တင်ပြီး ဖြေရှင်းရတော့သည်။

@ဖေးခွမ် - [အားလုံး စိုးရိမ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မှာ ဘာကျန်းမာရေးပြဿနာမှ မရှိပါဘူး၊ ကျန်းမာရေးလည်း ပုံမှန်ဆေးစစ်ပါတယ် ဒါက ပုံမှန်အတိုင်း 'ကိုယ်ဝန်ကြောင့်မအီမသာ'ဖြစ်တဲ့အရာပါ။ ဆရာဝန်ကတော့ နည်းနည်းကြာရင် သက်သာသွားလိမ့်မယ်လို့ ပြောပါတယ်]

[ဝါးးး ငါ့ကိုလန့်သေအောင် လုပ်နေတာပဲ၊ ဒီတော့ ဒါကကိုယ်ဝန်ကြောင့် မအီမသာဖြစ်တာပေါ့!]

[ဖေးခွမ် အဆင်ပြေရင် အိုကေပါတယ်၊ ပုံမှန်ကျန်းမာရေး စစ်ဆေးဖို့လည်း မမေ့နဲ့နော်!]

[F**k! ဒီအစောပိုင်းတုန်းက အွန်လိုင်းပေါ်က ထင်မြင်ချက်တွေက ငါ့ကိုလန့်သေအောင် လုပ်လိုက်တာ။ ထင်ထားတဲ့အတိုင်းပဲ Dr. Baiduက မယုံရဘူး!]

[ဟေး၊ ခဏနေပါဦး၊ ဒါကို ပုံမှန်အတိုင်း 'ကိုယ်ဝန်ကြောင့်မအီမသာ' ဖြစ်တယ်လို့ ခေါ်တယ်လား? ဟားဟား ဒါက ဘာပုံမှန်ဖြစ်နေလို့လဲ!]

[Pfft ဟားဟားဟား ဒါက ဖေးခွမ်တစ်ယောက် အဖေဖြစ်တာနောက်ကျတယ်လို့ ပြောရမယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု‌ဖြစ်နေတာကို နားလည်ပေးနိုင်ပါတယ်]

[အပေါ်ထပ်က တစ်ယောက်ရေ၊ သိပ်ပြီး မချဲ့ကားပါနဲ့၊ ဖေးခွမ်က ဒီနှစ်မှာမှ ၃၅ နှစ်ပဲ ရှိသေးတာ အရွယ်ကောင်းပဲ ရှိပါသေးတယ်]

[Tsk tsk, စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ရဲ့ ကြည့်ကောင်းတဲ့ရုပ်ရည်နဲ့ဆို သူတို့ကလေးကလည်း အရမ်းကြည့်ကောင်းမှာပဲ]

[ငါသိသားပဲ၊ အရမ်းကိုစောင့်မျှော်နေပါပြီ! သူတို့တစ်မိသားစုလုံးရဲ့ ရုပ်ရည်တွေက အရမ်းမြင့်တာ၊ လမ်းမှာလမ်းလျှောက်သွားရုံနဲ့ လှည့်ကြည့်မိကြမှာပဲ!]

[အားးး၊ ကလေးလေးမွေးလာပြီး daddy-baby variety show တွေကို ဖေဖေနဲ့အတူသွားမှာကို မစောင့်နိုင်တော့ဘူး! ငါတော့မြုပ်နေပြီ၊ တကယ်အဲ့လိုဖြစ်တာကို မြင်ချင်နေပြီ!]

[ဘုရားရေ၊ အမြင်ဖွင့်ပေးလိုက်တာပဲ၊ ဖေးခွမ်က စုန့်အာ့နန်ကို ဒီလောက်ထိ ဖိဖိစီးစီးဂရုစိုက်တယ်]

[ဝါးးး၊ ငိုမိပြီ၊ ဖေးခွမ်က သူမကိုတကယ်ကြီး အရမ်းချစ်တာပဲ!]

စုန့်အာ့နန် ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းက ဟာသဆန်စွာနဲ့ လူသိရှင်ကြားဖြစ်သွားခဲ့သည်။

ဒီ 'တရားဝင်ကြေငြာမှု' က မကြုံစဖူးပင်။ အင်တာနက်သုံးစွဲသူအများအပြားက ဒီ 'pregnancy syndrome' ဆိုတဲ့ အသုံးအနှုန်းကိုတောင် မသိကြပေ။

ဒီတော့အဲ့ဒါနဲ့ပတ်သတ်သည့် ဖောင်းပွမှုမှာ အချိန်အတော်ကြာရက်အတော်ကြာအောင် ဆက်တိုက်ရှာဖွေမှုတွင် ရေပန်းစားခဲ့သည်။

အင်တာနက်ပေါ်ရှိလူတိုင်းက ဒီမမွေးလာသေးတဲ့ကလေးလေး ရောက်လာမှာကို မျှော်လင့်နေကြသည်။

ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ ဖန်တွေလည်း ဒီအခွင့်အရေးကိုချက်ချင်းလက်ငင်းအရယူပြီး 'တကယ့်စုံတွဲတွေကို ship ရကျိုးနပ်တယ်' ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ အရူးအမူးကြော်ငြာကြပြီး အဆုံးမရှိတဲ့ ဖန်ပစ္စည်းတွေလည်း ထွက်ပေါ်လာသည်။

အမှန်တော့၊ သူတို့က ship ဖို့အတွက် ဖန်အနည်းငယ်သာ ဆွဲဆောင်ဖို့စီစဉ်ထားပေမယ့် အဆင့်တွေက ဆက်တိုးလာကာ သူတို့တွေလည်း CPအသိုင်းအဝန်းတွင် အချိန်အတိုင်းအတာတစ်ခုအထိ ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်။

CP ပါအဆင့်သတ်မှတ်ချက်ခေါင်းစဉ်က ပထမနေရာကို တိုက်ရိုက်ထိုးတက်လာသည်။

အွန်လိုင်းပေါ်တွင် ဆွေးနွေးမှုတွေ အပြည့်ဖြစ်နေပေမယ့် ပါဝင်နေတဲ့လူတွေကတော့ မိဘအသစ်ဖြစ်လာမှာကို စိုးရိမ်နေရတဲ့အတွက် ဒါတွေကိုဂရုစိုက်ဖို့အချိန်မရှိပါချေ။

သူမ ကိုယ်ဝန်ဆောင်နေရတဲ့ ကာလတစ်လျှောက် စုန့်အာ့နန်အနေနဲ့ ထိန်းသိမ်းနေရတာနည်းသည်။ ကိုယ်ဝန်အစောပိုင်းကာလတွင် ပြင်းထန်သည့် တုံ့ပြန်မှုကလွဲပြီး ကျန်တာတွေကပုံမှန်ဖြစ်သည်။

ဒီအချိန်အတော်တွင်းမှာ ဖေးခွမ်က သူ့လက်ထဲမှာရှိတဲ့အလုပ်တွေအကုန်ရပ်ထားကာ သူမနဲ့သာ တစ်ချိန်လုံးရှိနေသည်။

တစ်ဖက်မှာ၊ သူမကတော့ မွေးမဖွားခင် ၁၅ရက်အလိုထိ သူမကိုယ်တိုင် အလုပ်ဆက်လုပ်နေခဲ့သည်။

စုန့်အာ့နန်က ဖေးခွမ်ကို အရမ်းမစိုးရိမ်ဖို့နဲ့ သူ လုပ်ဖို့လိုတာတွေကိုဆက်လုပ်ဖို့ အကြံပေးပေမယ့် သူကတော့ မျှော်လင့်ထားတဲ့အတိုင်း ဒီကိစ္စကို တစ်ပြားမှမလျှော့ပေ။

ဘယ်သူဘာပြောပြော အသုံးမဝင်ပေ။ သူက အရာရာတိုင်းမှာ လက်လှမ်းမီပြီး သူကိုယ်တိုင် မလုပ်နိုင်တဲ့ဟာဆိုရင်တောင် သူ စိတ်ချလက်ချရှိရမည်ဖြစ်သည်။

အမှန်တော့၊ စုန့်အာ့နန် ကိုယ်ဝန်ရှိနေကြောင်း ကျောက်ယာ ပထမဆုံးသိတုန်းက သူမလည်း စိုးရိမ်ခဲ့သေးသည်။ သူမက သူမလိုမျိုး အတွေ့အကြုံရှိတဲ့သူတစ်ယောက်က ဘေးနားမှာ ‌ကြည့်ပေးနေမယ်ဆိုရင် စိတ်အေးရလိမ့်မယ်လို့တွေးပြီး သူတို့နဲ့အတူ အချိန်တစ်ခဏလောက် လာနေခဲ့သေးသည်။

သို့ပေမယ့် တစ်ပတ်အကြာမှာ ကျောက်ယာတစ်ယောက် သူမကိုမလိုဘူးဆိုတာ သိလိုက်ရပြီး ပြန်သွားတော့သည်။ ဖေးခွမ်က သူမထက်ပိုပြီးတော့တောင် သိနေတယ်လို့ ပြောရင်ချဲ့ကားတာမဟုတ်ပေ။

စုန့်အာ့နန် ကိုယ်ဝန်ရှိနေကြောင်း သိကတည်းက သူဟာ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမွေးဖွားခြင်း စတာတွေနဲ့ ပတ်သတ်တဲ့ အရာအားလုံးကို လေ့လာခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာကိုပါ သင်ယူခဲ့သေးသည်။ သူက ဆရာဝန်တွေနဲ့တိုင်ပင်ရုံသာမက ယခင်က ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတွေကိုလည်း လိုက်မေးမြန်းကာ မှတ်စုစာအုပ်အပြည့် ရေးမှတ်ခဲ့သေးသည်။

စာအုပ်တစ်အုပ်လုံး ကိုယ်ဝန်အစောပိုင်းကနေ နှောင်းပိုင်းအထိ ဂရုစိုက်ရမယ့်အရာတွေနဲ့ ပြည့်နေသည်။ အဲ့ဒါက အရမ်းကိုပြီးပြည့်စုံလှသည်။

တစ်ခါ လီတုန်ရောက်လာတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် သူအဲ့ဒါကိုတွေ့လိုက်ရပြီး သူစာအုပ်တောင် ထုတ်လို့ရပြီဆိုပြီး စနောက်ခဲ့သေးသည်။

လူတိုင်း သူ့ကိုစကြတဲ့အခါ ဖေးခွမ်ကတော့ ပုံမှန်အတိုင်း ပြုံးပဲပြုံးနေကာ ပြန်မတုံ့ပြန်ခဲ့ပေ။ ဒါပေမယ့် ဒီအရာတွေကို သူပိုနားလည်လာလေ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရပုံတွေကို ပိုပြီးနားလည်လာလေပင်။

ပြီးတော့ သူလုပ်နိုင်တာကတော့ စုန့်အာ့နန်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ မအီမသာဖြစ်မှုတွေကို သက်‌သာအောင် အစွမ်းကုန်ကြိုးစားပေးတာပင်။

နှစ်ယောက်လုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ၉လကျော်ကြာပြီးတဲ့နောက် စုန့်အာ့နန်တစ်ယောက် သားလေးတစ်ယောက်ကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားနိုင်ခဲ့သည်။

သူတို့ရဲ့ ကြိုတင်ဆွေးနွေးချက်တွေအရ မိန်းကလေးဖြစ်ရင် နာမည်ကို နွမ်နွမ် လို့ပေးမည်ဖြစ်ကာ ယောက်ျားလေးဆိုရင်တော့ မူမူ လို့ ပေးမည်ဖြစ်သည်။

ဆေးရုံခန်းထဲတွင်၊ ဖေးခွမ်က စုန့်အာ့နန်လက်ကို ကိုင်ထားရင်း သူတို့ဘေးရှိ ပုခက်ထဲက ကလေးလေးကို အတူတူကြည့်နေကာ မိဘအသစ်စက်စက်တွေအနေနဲ့ သူတို့ရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေအပြည့် ရေးသားထားသည်။

ကျောက်ယာ၊ စုန့်ကျန်းဟွေ့နဲ့ စုန့်လင်းချွမ်အပါအဝင် လူတစ်အုပ်ကြီးက ကုတင်ပတ်ပတ်လည်မှာ ရပ်နေကြပြီး ကလေးကို စိတ်အားထက်သန်စွာနဲ့ ကြည့်နေကြသည်။

ကျောက်ယာ မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ "ဒီကလေးကအရမ်းကြည့်ကောင်းတာပဲ။ အဲ့ဒီမျက်လုံးတွေက ရှောင်ခွမ်နဲ့တူပြီး နှုတ်ခမ်းတွေက အာ့နန်နဲ့တူတယ်"

ဒါကိုကြားတော့ စုန့်လင်းချွမ်ရဲ့ နှုတ်ခမ်းက မသိလိုက်ဘာသာနဲ့ မဲ့သွားပြီး သူ့အမေကို မယုံနိုင်သလိုကြည့်လိုက်သည်။

ကျောက်ယာက သူ့ကိုစိုက်ကြည့်လိုက်ပြီး "အဲ့ဒါက ဘာအမူအရာလဲ?"

စုန့်လင်းချွမ်က သူ့နှာခေါင်းသူပွတ်လိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ အမေ့မျက်လုံးတွေ မကောင်းတော့လို့ စိုးရိမ်မိရုံပါ"

ဒီလိုတွန့်ရှုံ့နေတဲ့နီတာရဲ ကလေးလေးက ဘယ်လို ကြည့်လို့ကောင်းနေလို့လဲ?

သူက သူ့အန်တီလေးရဲ့ကလေးဆိုရင်တောင် စုန့်လင်းချွမ်ကတော့ ကြည့်ကောင်းတယ်လို့ ရိုးရိုးသားသားမပြောနိုင်သလို ကြည့်ကောင်းရုံပဲ ဆိုတာကိုပြောနိုင်သည်။

ကျောက်ယာကတော့ စုန့်လင်းချွမ်ရဲ့ စကားနောက်ကွယ်က အဓိပ္ပါယ်ကို ကောက်တတ်တဲ့အတွက် ချက်ချင်း မပျော်မရွှင်ဖြစ်သွားသည်။ သူမက သူ့ကို ရိုက်ဖို့လုပ်လိုက်ပေမယ့် သူကရှောင်ထွက်သွားသည်။

စုန့်လင်းချွမ်က ရှောင်ရင်းနဲ့ အဘိုးအိုလေးတစ်ယောက်လို တတွတ်တွတ်ပြောလိုက်သေးသည်။

ဖေးခွမ်က ပြုံးကာ ရှင်းပြလိုက်သည်။ "မွေးကာစကလေးတွေအကုန်လုံးက ဒီလိုဘဲ။ သူတို့က ရေမွှာရည်ထဲမှာ အကြာကြီးစိမ်နေခဲ့ရလို့ အရေပြားတွေက တွန့်နေတာ။ နည်းနည်းကြာလာရင် ကောင်းလာလိမ့်မယ်"

ကျောက်ယာကလည်း ချက်ချင်း ဖော်လိုလိုက်လာသည်။ "အမှန်ပဲ၊ နင်က ဘာသိလို့လဲ? မွေးကာစကလေးတွေက နေ့တိုင်းပြောင်းလဲနေတာ"

"ပြီးတော့၊ နင် မွေးတုန်းကဆို ပိုလို့တောင်ကြည့်ရဆိုးသေးတယ်"

နောက်တော့ သူမက စုန့်ကျန်းဟွေ့ကို လက်ညိုးထိုးလိုက်ပြီး "အဲ့ဒီတုန်းကဆို၊ သူနာပြုက ကလေးလဲလိုက်တာလို့တောင် နင့်အဖေထင်သွားပြီး သူတို့ကို ငါတို့မှာ ဒီလိုရုပ်ဆိုးတဲ့ကလေးမရှိဘူးဆိုပြီး ပြောပြီး သူကိုယ်တိုင်တောင်သွားမေးခဲ့တာ"

စုန့်လင်းချွမ်မှာ တစ်ခဏလောက် ကြောင်သွားပြီး စုန့်ကျန်းဟွေ့ကို မရေရာသလိုကြည့်လိုက်သည်။

ဒီလူအိုကြီးက ဒီလိုမျိုးလုပ်ခဲ့တာလား?

စုန့်အာ့နန်နဲ့ ဖေးခွမ်တို့လည်း စုန့်ကျန်းဟွေ့ကို အံ့ဩသလိုကြည့်လိုက်ပြီး၊ အကြည့်ချင်းဖလှယ်လိုက်ကာ နှစ်ယောက်လုံး မရယ်မိအောင် ကြိုးစားနေရသညိ။

သူ့မိန်းမက လူငယ်တွေအရှေ့မှာ သူ့ရဲ့ဒီလိုဘက်ခြမ်းကိုထုတ်ပြောလိုက်တဲ့အတွက် စုန့်ကျန်းဟွေ့ နည်းနည်းရှက်ရွံ့သွားရသည်။

သူက ချောင်းအသာဟန့်လိုက်ပြီး စုန့်လင်းချွမ်ကို တည်ငြိမ်ဟန်ဆောင်ကာ ကြည့်လိုက်သည်။ "မင်းအမေပြောတာမှန်တယ်။ မင်းမွေးတုန်းကဆို မင်းရဲ့ညီလေးထက်ပိုကြည့်ရဆိုးတာ"

ညီလေး?

စုန့်လင်းချွမ်မှာ တိတ်ကျသွားသည်။ သူက အိပ်ပျော်နေတဲ့ ကလေးကို တစ်ချက်ကြည့်ပြီး တိတ်တဆိတ်အကြည့်လွှဲလိုက်သည်။

ဒီ ဖေးခွမ် သူ့အန်တီလေးနဲ့ လက်ထပ်လိုက်ကတည်းက ဒီမျိုးဆက်ကွာဟတဲ့ ဆက်ဆံရေးကို သူ ပိုပြီး ဂရုစိုက်လာတဲ့ပုံပင်။

စုန့်လင်းချွမ် အတွက်ကတော့၊ သူ့အန်တီလေး ကလေးက ဘယ်လောက်ပဲငယ်ပါစေ အဲ့ဒီကလေးက လိပ်ပြာသန့်သန့်နဲ့ သူ့ကို အစ်ကိုကြီးလို့ခေါ်လာမှာကို သူလက်ခံနိုင်သေးသည်။

ဒါပေမယ့် ဒီကောင်ရဲ့ကလေးက သူ့ကိုအစ်ကိုကြီးလို့ခေါ်လာမှာကို စဉ်းစားကြည့်လိုက်ပြီး သူ့ကိုအရမ်းမသက်မသာဖြစ်လာစေသည်။

စုန့်အာ့နန်က ကလေးမွေးပြီးခါစဖြစ်ကာ အားနည်းနေတဲ့အတွက် ပင်ပန်းလွယ်နေသည်။ မကြာခင်မှာပဲ သူမမျက်လုံးတွေကို မထိန်းနိုင်တော့ပေ။

ဒီတော့ သူမအနားယူတာကို အနှောင့်အယှက်မဖြစ်စေဖို့ ကျောက်ယာက စုန့်ကျန်းဟွေ့နဲ့ စုန့်လင်းချွမ်တို့ကို ခေါ်ထုတ်လာလိုက်ပြီး ဖေးခွမ်ကို ဆေးရုံခန်းမှာစောင့်ကြည့်နေဖို့ ထားခဲ့လိုက်သည်။

All Chapters