← Chapters

အခန်း (၁၄၉)

Vol. 12 Ch. 149

အခန်း (၁၄၉)

Vol. 12 Ch. 149

ဖေးခွမ်က ကုတင်ဘေးမှာထိုင်နေကာ စုန့်အာ့နန်ရဲ့အိပ်ပျော်နေတဲ့ မျက်နှာကိုကြည့်လိုက် နောက်တော့ ‌သူမဘေးက ကလေးလေးကို ကြည့်လိုက်လုပ်နေသည်။ သူအရမ်းကို ကျေနပ်ရောင့်ရဲသလို ခံစားလိုက်ရသည်။

ဒါက သူနဲ့ စုန့်အာ့နန်တို့ရဲ့ကလေးလေး၊ သူတို့ကြားကနှောင်ကြိုးဖြစ်သည်။

ဒါကိုတွေးကြည့်လိုက်ရင် ဖေးခွမ်ရင်ထဲမှာ မနေနိုင်ဘဲ နွေးထွေးမှုတွေ မြင့်တက်လာသည်။

မူမူ မွေးတဲ့နေ့မှာ ပရမ်းပတာအခြေအနေတွေကို ဖြတ်သန်းပြီးတဲ့နောက် ပရိတ်သတ်တွေအတွက် Weibo မှာ တစ်ခုခုတင်ဖို့ လီတုန်အစောပိုင်းက သူ့ကိုပြောခဲ့တာကို ဖေးခွမ်နောက်ဆုံးတော့ သတိရသွားသည်။

@ဖေးခွမ် - [ကိုယ့်ဘေဘီက ကိုယ်တို့ကလေးလေးကိုမွေးပေးခဲ့တယ်။ အမေရောကလေးရော အန္တရာယ်ကင်းပါတယ်။ ကိုယ့်မိန်းမလေး ကောင်းကောင်းမွန်မွန်လုပ်နိုင်ခဲ့ပါတယ်!]

ဓာတ်ပုံကတော့ ကလေးလေးရဲ့ခြေဖဝါးလေးတွေဖြစ်သည်။

ဖေးခွမ်ရဲ့ ဖန်တွေက ချက်ချင်း အပြေးအလွှားရောက်လာကြပြီး တခြားအင်တာနက်သုံးစွဲသူတွေလည်း ရောက်လာကြကာ အင်တာနက်ပေါ်တွင် ချက်ချင်းပေါက်ကွဲထွက်သွားသည်။

[အိုး ဝိုး၊ ဒီတော့ အန်တီလေးစုန့် ကလေးလေးမွေးပြီလား? အမေရော ကလေးရော အန္တရာယ်ကင်းတယ်၊ ကလေးက ယောက်ျားလေးပဲ!]

[Tsk tsk၊ ဖေးခွမ်ရဲ့ ဂုဏ်ယူနေမှုကြီးကို ကြည့်ပါဦး။ ကိုယ့်ဘေဘီက ကိုယ်တို့ကလေးလေးကို မွေးပေးခဲ့တယ်တဲ့၊ စာတစ်ကြောင်းထဲနဲ့တင် အရမ်းကိုကြွားဝါနေတာပဲ!]

[ဝါးး၊ ကိုယ့်ဘေဘီတဲ့ သတ်ပစ်နိုင်လောက်အောင် ချိုမြိန်နေတာပဲ]

[ဘုရား၊ ဖေးခွမ်က စုန့်အာ့နန်ကို ကိုယ့်မိန်းမလေးလို့ခေါ်လိုက်တယ် အရမ်းသဘောကျတယ်!]

[ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်! သူတို့အန္တရာယ်ကင်းဖို့က အဓိကပဲ။ ဒီမိသားစုသုံးယောက် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းဂရုစိုက်ရမယ်!]

[အားးး၊ ခြေဖဝါးသေးသေးလေးတွေကို ကြည့်ရုံနဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်မှန်း ပြောနိုင်တယ်။ လာ လာ၊ အန်တီဖက်ကြည့်ချင်တယ်]

[ဟားဟားဟား၊ သေအောင်ရယ်ရတယ်၊ အပေါ်ထပ်ကညီအစ်မရေ ခြေဖဝါးတွေကို ကြည့်ရုံနဲ့ ကလေးက ကြည့်ကောင်းမယ်ဆိုတာ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ?]

[အဟမ်း၊ ဒီအထပ်ကနေ ငါပြောပါရစေ၊ အန်တီလေးစုန့်ရဲ့ကလေးဆိုတော့ သူက စုန့်လင်းချွမ်ကို အစ်ကိုကြီးလို့ခေါ်ရမှာမဟုတ်လား?]

[ဟားဟားဟား၊ ဟုတ်တယ်၊ အသက် ၃၅ နှစ်ကွာတဲ့ ညီအစ်ကိုတွေ!]

[@စုန့်လင်းချွမ်၊ ကိုယ့်ညီလေးကိုဂရုစိုက်ပါ]

[အရမ်းရယ်ရလွန်းလို့ သေပြီ! ဖေးခွမ်က အသက်ကြီးမှ ကလေးအဖေဖြစ်ပြီးတော့ စုန့်လင်းချွမ်ကတော့ အသက်ကြီးမှ ညီလေးတစ်ယောက်ရတယ်!]

[ရယ်တာမရပ်နိုင်တော့ဘူး၊ အပေါ်ထပ်တစ်ယောက်ရေ အရမ်းလွန်တာပဲ။ ဟားဟားဟား အသက်ကြီးမှညီလေးတစ်ယောက်ရတယ်တဲ့ ဘာကြီးတုံး!]

...

ဆေးရုံကနေဆင်းလာတော့ စုန့်အာ့နန်က မီးဖွားပြီး‌နောက် စောင့်ရှောက်ရေးစင်တာဆီ တန်းသွားပြီး ဖေးခွမ်လည်း သူမနဲ့အတူလိုက်သွားသည်။

ဒီမီးဖွားပြီး‌နောက် စောင့်ရှောက်ရေးစင်တာက ဖေးခွမ်ကြိုပြီး စာရင်းသွင်းထားတာဖြစ်သည်။ သူက B City မှာရှိတဲ့ အဆင့်မြင့်မီးဖွားပြီး‌နောက် စောင့်ရှောက်ရေးစင်တာတွေဆီ လိုက်သွားခဲ့ပြီး ကျွမ်းကျင်မှုနဲ့ ဝန်ဆောင်မှု စံနှုန်းတွေအတွက် လုံးဝအဆင့်မြင့်ကြောင်းသေချာအောင် လူကိုယ်တိုင် သွားစစ်ဆေးခဲ့တာဖြစ်သည်။

ဒါပေမယ့် မီးဖွားပြီး‌နောက် စောင့်ရှောက်ရေးစင်တာမှာနေတဲ့ ပထမဆုံးနေ့မှာပဲ စုန့်အာ့နန်မှာ သူမရဲ့ရင်သားတွေတင်းနေတဲ့ မျက်နှာပူစရာကိစ္စနဲ့ကြုံခဲ့ရသည်။

စင်တာရှိ နို့တိုက်ကျွေးရေးအတိုင်ပင်ခံနဲ့ သူနာပြုတွေက နည်းလမ်းပေါင်းများစွာနဲ့ ကြိုးစားခဲ့ပေမယ့် သက်ရောက်မှုကတော့ လုံးဝမကောင်းခဲ့ပေ။ သူမရဲ့နို့ရည်တွေက မထွက်လာပေ။

စုန့်အာ့နန်မှာ နာကျင်မှုကြောင့် ချွေးတွေပါထွက်နေတာမြင်တော့ ဖေးခွမ် မနေနိုင်ဘဲ စိုးရိမ်သွားမိသည်။ "တခြားနည်းလမ်းတွေရောရှိသေးလား?"

နို့တိုက်ကျွေးရေးအတိုင်ပင်ခံနဲ့ သူနာပြုတွေက စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွားပြီး ဖေးခွမ်ကို ကြည့်လိုက်ကာ ပြောလိုက်သည်။ "Mrs.စုန့်ရဲ့ အခြေအနေနဲ့ဆို၊ ကျွန်မတို့ ကြိုးစားကြည့်လို့ရတဲ့ နောက်ထပ်နည်းလမ်းတော့ရှိတယ်။ ဒါပေမယ့် Mr.ဖေးရဲ့ အကူအညီတော့လိုတယ်"

ဖေးခွမ်လည်း တန့်သွားသည်။ သူတို့ပြောတဲ့နည်းလမ်းက ဘာနည်းလမ်းလဲဆိုတာ သူအကြမ်းဖျင်းတော့ တွေးမိလိုက်သည်။

"ကောင်းပါပြီ၊ အရင်ထွက်ပေးကြပါ။ ဒါကို ကျွန်တော်ဂရုစိုက်လိုက်ပါမယ်"

သူနာပြုက အတည်ပြုလိုက်သည်။ "ဘာကိုဂရုစိုက်ရမလဲဆိုတာ ရှင်သိတယ်မလား?"

ဖေးခွမ် ခေါင်းအသာညိတ်ပြလိုက်သည်။ သူအရင်က engorgement နဲ့ပတ်သတ်ပြီး လေ့လာခဲ့ဖူးပေမယ့် အစာပိုင်းတုန်းက သူ မတွေးမိခဲ့ပေ။

‌ဘာပဲဖြစ်ဖြစ်၊ ဒီနည်းလမ်းက မိခင်အသစ်တွေတိုင်းအတွက် မသင့်တော်ပါချေ။ သူတို့က မိခင်တစ်ယောက်ချင်းစီရဲ့ အထူးတလည်အခြေအနေကို မူတည်ပြီးဆုံးဖြတ်ရမည်ဖြစ်သည်။

သူနာပြုနဲ့ နို့ထိန်းတို့ထွက်သွားတော့ စုန့်အာ့နန်မှာ ဖေးခွမ်ကို နားမလည်သလို ကြည့်လိုက်သည်။

အခုလေးတင် သူတို့ ဘာအကြောင်းတွေ ပြောသွားတာလဲ?

"နည်းလမ်းအတိအကျက ဘာလဲ?" သူမက မေးလိုက်သည်။

သူမလည်း ကူပေးဖို့လိုတာလား?

ဖေးခွမ် မျက်ခုံးတွေ ပင့်လိုက်သည်။ သူက ငုံ့လိုက်ပြီး သူမနားနားထဲ တီးတိုးပြောလိုက်သည်။ စုန့်အာ့နန်ရဲ့မျက်နှာက ချက်ချင်း နီရဲသွားသည်။

သူမက ဖေးခွမ်ကို ကြည့်လိုက်ပြီး ပျာယာခတ်သွားသည်။ "ဟင့်အင်း၊ မရဘူး၊ ရှင်...."

ဆယ်မိနစ်အကြာ၌ စုန့်အာ့နန်က မျက်နှာတွေနီရဲရင်း မူမူကို နို့တိုက်နေကာ ဖေးခွမ်ကို ကျောပေးထိုင်‌နေသည်။

သူမ ဘယ်လိုတုံ့ပြန်လဲဆိုတာကို မြင်တော့ ဖေးခွမ်မှာမနေနိုင်ဘဲ သူမကိုစလိုက်သည်။ "ကိုယ်တို့ လက်ထပ်ထားတာတောင်ကြာနေပြီကို၊ ဒီဟာကို ရှက်နေသေးတာလား။ ဘာရှက်စရာရှိလို့လဲ၊ ဒါကို ကိုယ်တို့အရင်က မလုပ်ခဲ့ဖူးတာလည်းမဟုတ်ဘူး..."

ဒါကိုကြားတော့၊ စုန့်အာ့နန် ချက်ချင်း ကျောမတ်သွားပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။ "ရှင်!"

ဖေးခွမ် မျက်နှာမှာ ကျေနပ်နေတဲ့အပြုံးကြီးကို ချိတ်ဆွဲထားပြီး "ကောင်းပြီ၊ ကောင်းပါပြီ၊ ကိုယ် မပြောတော့ပါဘူး။ မပြောတော့ဘူး...."

ကျောက်ယာ ပြောခဲ့သလိုဘဲ ကလေးလေးတွေက တကယ်ကိုဘဲ နေ့တိုင်းပြောင်းလဲလာကြသည်။

စုန့်အာ့နန် မီးဖွားပြီးပြန်လာကျန်းမာလာခဲ့သလို တစ်ချိန်ထဲမှာဘဲ မူမူက အများကြီး ထွားလာကာ သူ့မျက်နှာအသွင်အပြင်တွေကလည်း တဖြည်းဖြည်းထင်ရှားလာသည်။

သူက အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်သည်။

မူမူဟာ အရမ်းချစ်စရာကောင်းသည်သာမက လိမ်လည်းလိမ်မာသည်။ သူကအမြဲတမ်း နို့သောက်လိုက်အိပ်လိုက်ပဲလုပ်ကာ ငိုတယ်ဆိုတာ တကယ်ရှားသည်။

သူဗိုက်ဆာတဲ့အခါ ဒါမှမဟုတ် ဒိုက်ဘာလဲချင်တဲ့အခါမှဘဲ နည်းနည်းတအင့်အင့်လုပ်သည်။ ဒါ့အပြင် သူက မယုံနိုင်လောက်အောင် အရမ်းလိမ္မာသည်။

မီးဖွားပြီးနောက် စောင့်ရှောက်ရေးစင်တာက သူ့ကိုထိန်းခဲ့တဲ့ နို့ထိန်းဆရာမတွေတောင်မှ ဒီလိုလိမ္မာပြီးထိန်းရလွယ်တဲ့ကလေးမျိုးကို အခုမှတွေ့ဖူးတယ်လို့ ပြောကြသည်။

ဒီလို လိမ္မာတဲ့ကလေးကြောင့် စုန့်အာ့နန်နဲ့ ဖေးခွမ်တို့မှာ ပိုပြီးသက်သာရာရသည်။

ဒါပေမယ့် ဖေးခွမ်ကတော့ ဘယ်တော့မှ သတိလက်လွတ်မနေပေ။ သူက ကလေးရော အမေရောကို သတိထားစောင့်ကြည့်တတ်သည်။

ကလေးမွေးပြီး တစ်လလောက်ကြာတော့ စုန့်အာ့နန်ရဲ့ စိတ်အခြေအနေက တစ်ခုခုဖြစ်နေမှန်း သူသတိထားမိလိုက်သည်။

အထူးသဖြင့် ပြုစုစောင့်ရှောက်ရေးစင်တာကနေမဆင်းခင် ရက်အနည်းငယ်မှာ သူမရဲ့စိတ်အခြေအနေ ပြောင်းလဲမှုက သိသိသာသာဖြစ်လာသည်။ အထူးသဖြင့် စိတ်ဓာတ်ကျတာ၊ စိတ်တိုတာ၊ စိုးရိမ်ပူပန်တာနဲ့ သိပ်အိပ်မပျော်တာတို့ဖြစ်လာသည်။

စုန့်အာ့နန်လည်း သူမကိုယ်တိုင် တစ်ခုခုဖြစ်နေမှန်း သဘောပေါက်သည်။ သူမမှာ နားမလည်နိုင်လောက်အောင် ဝမ်းနည်းနေပြီး အကြောင်းပြချက်မရှိ ငိုချင် စိတ်တွေဖြစ်နေသည်။

တစ်ခါတစ်ခါ သူမ ဖေးခွမ်ကို ကြည့်တဲ့အခါ သူမမျက်လုံးတွေက ရုတ်တရက်ကြီး နီလာတတ်သည်။

ပြဿနာကဘာလဲဆိုတာ နှစ်ယောက်လုံး အမြန်သဘောပေါက်သွားကြသည်။ ဒီဟာက မီးဖွားပြီးနောက်ဖြစ်သည့် စိတ်ကျ လက္ခဏာတွေပင်။

စုန့်အာ့နန်အနေနဲ့ ရောဂါလက္ခဏာတွေကို သိ‌နေရတဲ့အဓိကအကြောင်းပြချက်ကတော့ သူမကဆေးပညာကိုလေ့လာခဲ့တာကြောင့်ပင်။ ဖေးခွမ်အနေနဲ့ကတော့ အရင်က သူအများအပြား လေ့လာခဲ့တာကြောင့်ပင်။

"ကျွန်မ ဘာလုပ်သင့်လဲ? ဒါက အဆင်မပြေဘူးဆိုတာ သိပေမယ့် မတတ်နိုင်ဘူးဖြစ်နေတယ်။ ကျွန်မ အရမ်းအသုံးမကျတာပဲ" စုန့်အာ့နန်က မဝံ့မရဲပြောလာသည်။

ဖေးခွမ်က သူမရဲ့မျက်ရည်တွေကို သုတ်ပေးပြီး နှစ်သိမ့်ပေးသည်။ "အာ့နန်၊ မင်းကိုယ်မင်း အပြစ်မတင်လို့မရဘူး။ ဒါက ကလေးမွေးပြီးရင်ဖြစ်တဲ့ ဟော်မုန်းမညီမျှမှုကြောင့်လေ"

"အဆင်ပြေပါတယ်။ မင်းကို မပျော်မရွှင် စိတ်မသက်မသာဖြစ်စေတဲ့ အရာတွေဘာမဆို ကိုယ့်ကိုပြောပြလို့ရတယ်။ ကိုယ်ရှိတယ် ဒါကို မင်းနဲ့အတူဖြတ်ကျော်ပေးမယ်"

မျက်ခမ်းစပ်တွေ နီနေတဲ့မျက်လုံးတွေနဲ့ စုန့်အာ့နန်ကပြောလိုက်သည်။ "ကျွန်မပုံက အခုအရမ်းရှုပ်ပွနေတာ အရမ်းရုပ်ဆိုးနေတယ်"

ဖေးခွမ်က စုန့်အာ့နန်ကို စိတ်အားထက်သန်စွာနဲ့ကြည့်လိုက်ပြီး "မင်းကို ရုပ်ဆိုးတယ်လို့ ကိုယ်တော့မထင်ပါဘူး။ ဒါပေမယ့် အခုမင်းရဲ့ပုံကို မင်းသဘောမကျရင် ကိုယ် မင်းနဲ့အတူ လေ့ကျင့်ခန်းလုပ်ပြီး ပြန်ကောင်းလာဖို့ကူညီပေးမယ်လေ၊ ဘယ်လိုလဲ?"

အမှန်တော့၊ စုန့်အာ့နန်က ကိုယ်ဝန်ဆောင်နေတဲ့တစ်လျှောက်လုံးမှာ ဝိတ်အများကြီး မတက်ခဲ့ပါချေ။ သူမရဲ့ မီးဖွားပြီးနောက် ဂရုစိုက်နေထိုင်မှုက အဆင်ပြေပြေနဲ့ ပြီးဆုံးသွားသည်။ သူမရဲ့ကောင်းမွန်လာမှုက အရင်ကနဲ့စာရင် အတော်လေးကို ကောင်းမွန်လာပြီဖြစ်ကာ နည်းနည်းလေးပဲ ကွဲပြားသွားတာဖြစ်သည်။

ဒါပေမယ့် ဒီအချိန်မှာ ဒီလိုမျိုးပဲဆိုတာ ဖေးခွမ်လည်းသိသည်။ စိတ်အေးအောင်ပြောတဲ့ စကား‌တွေက များစွာအထောက်အကူ မဖြစ်ပါချေ။ ဒီတော့ သူမရဲ့ပုံစံကို ကျေနပ်တဲ့အထိ ပြောင်းလဲဖို့ သူက သူမနဲ့အတူ လိုက်ပါဆောင်ရွက်‌ပေးမည်ဖြစ်သည်။

စုန့်အာ့နန်က နှုတ်ခမ်းစုဝိုင်းလိုက်ပြီး ခေါင်းအသာညိတ်လိုက်သည်။ "ကောင်းပြီလေ"

အဲ့ဒါပြီးတဲ့နောက် အချိန်အတော်ကြာတဲ့အထိ ဖေးခွမ်က စုန့်အာ့နန်နဲ့အတူ နေ့တိုင်းလေ့ကျင့်ခန်းအတူလိုက်လုပ်ပေးသည်။ အာဟာရဗေဒပညာရှင်ရဲ့ ညွှန်ကြားချက်အတိုင်း သူမ မီးဖွားပြီးတဲ့နောက် အစားအသောက်တွေအတွက် သူက အရသာရှိပြီး အာဟာရရှိတဲ့ အစားအစာအမျိုးမျိုးကိုချက်ပြုတ်ပေးသည်။

သူတို့က တစ်ဝက်မှာ ဆရာဝန်ဆီသွားပြီး အချိန်မီအကြံဉာဏ်တောင်းခဲ့သေးသည်။ ဖေးခွမ်က ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သူမရဲ့စိတ်အခြေအနေ အပြောင်းအလဲတွေကို ဂရုတစိုက် အာရုံစိုက်ကာ သူမရဲ့စိတ်ခံစားချက်တွေကို အချိန်မီသက်သာလာအောင် ကူညီပေးသည်။

နောက်ဆုံး၊ သုံးလအကြာမှာ စုန့်အာ့နန်ရဲ့ မီးဖွားပြီးနောက်ဖြစ်တဲ့ စိတ်ကျ‌တဲ့အခြေအနေကလည်း ပျောက်ကင်းသွားတော့သည်။

အဲ့ဒီနေ့မှာ ဖေးခွမ်ကတော့ အပျော်ဆုံးပင်။ သူက စုန့်အာ့နန်အတွက် ပျော်မိသည်သာမက သူ့ရင်ထဲက အလေးတုံးကြီးဟာလည်း ပျောက်ကွယ်သွားတာကြောင့်ပင်။

အမှန်တော့၊ ဖေးခွမ်ရင်ထဲမှာ ဘယ်သူမှမသိတဲ့ဆူးတစ်ချောင်း အမြဲတမ်းရှိနေခဲ့သည်။ ဒီဆူးက နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေခဲ့သည်။

စုန့်အာ့နန် ကိုယ်ဝန်ဆောင်နေရကတည်းက တစ်ဖက်မှာ ဘဝအသစ်လေး ရောက်လာမှာကို သူမျှော်လင့်ခဲ့ရသလို တစ်ဖက်မှာလည်း သူ အရမ်းစိုးရိမ်ခဲ့ရသည်။

စုန့်အာ့နန်မှာ တစ်ခုခုဖြစ်သွားမှာကို သူ စိုးရိမ်ခဲ့ရတာပင်။

‌တကယ်တော့၊ ကျန်းမန် သူ့ကိုအရမ်းမုန်းတီးရတဲ့အကြောင်းအရင်းက သူမ မီးဖွားပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ စိတ်ကျတဲ့အခြေအနေကြောင့်ပင်။

ဒါပေမယ့် အဲ့ဒါကို အလေးနက်ထားပြီး အချိန်မီ မကုသနိုင်ခဲ့တဲ့အတွက် ကျန်းမန်က အတော်ကြာအောင် ခံစားခဲ့ရတာဖြစ်သည်။ နောက်ပိုင်း သူမကိုယ်တိုင် လွတ်မြောက်အောင် လုပ်ခဲ့တဲ့ နည်းလမ်းကတော့ နာကြည်းမှုအားလုံးကို သူ့အပေါ်ပုံချလိုက်တာဖြစ်သည်။

ဖေးခွမ် ငယ်ငယ်ကတည်းက ကျန်းမန်က သူမကိုယ်သူမဒေါသပုန်ထပြီး စိတ်ကယောင်ချောက်ခြားဖြစ်တာကို သူကိုယ်တိုင်မျက်မြင်တွေ့ခဲ့ဖူးတာဖြစ်သည်။ သူမရဲ့ကံဆိုးမှုတွေအားလုံးက ကလေးမွေးပြီးကတည်းကစတင်ခဲ့တဲ့ပုံပင်။

စုန့်အာ့နန်လည်း အဲ့ဒီလိုမျိုး တူညီတဲ့လမ်းမျိုးသွားမှာကို သူအထူးစိုးရိမ်ခဲ့ရတာဖြစ်သည်။

စုန့်အာ့နန်နဲ့ ကျန်းမန်တို့က မတူညီကြတဲ့လူတွေ၊ အခြေခံအားဖြင့် ကွဲပြားကြတဲ့သူတွေဆိုတာ သူသိသည်။ ကျန်းမန်ရဲ့ မီးဖွားပြီးနောက် စိတ်ကျရောဂါဖြစ်တဲ့ အခြေအနေတစ်ခုတည်းကို အပြစ်ပုံချလို့မရပေမယ့် သူမကိုယ်တိုင်က ကြီးမားတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့သည်ပင်။

သို့ပေမယ့် သူ မတတ်နိုင်ဘဲ စိုးရိမ်မိသေးသည်။

ကံကောင်းထောက်မစွာနဲ့ ဘာမှမဖြစ်ခဲ့ပါချေ။ အခုတော့ အရာအားလုံးက အတိတ်မှာကျန်ခဲ့ပြီဖြစ်သည်။

အဝေးက သူ့ရဲ့ ဇနီးနဲ့ ကလေးကိုကြည့်နေတဲ့ ဖေးခွမ်ရဲ့မျက်လုံးတွေက ကြင်နာမှုတွေအပြည့်ပင်။

.......

အချိန်တွေ တဖြည်းဖြည်းကုန်လွန်လာကာ မူမူလည်းသုံးနှစ်တောင် ရှိနေပြီဖြစ်သည်။

စုန့်အာ့နန်နဲ့ ဖေးခွမ်တို့က အသစ်စက်စက်မိဘတွေအဖြစ်ကနေ သူတို့ရဲ့အသေးလေး စကားပထမဆုံးပြော၊ လမ်းစလျှောက်လို့ ကြီးပြင်းလာသည်အထိ ပြောင်းလဲလာကြသည်။ ဒီဟာကိုကြုံဖူးတဲ့မိဘတွေသာ ပျော်ရွှင်မှုကို နားလည်နိုင်ကြသည်။

သံသယမရှိစွာနဲ့ သူတို့နှစ်ယောက်က မူမူကိုအရမ်းချစ်ကြပေမယ့် တစ်ခါတစ်လေ နည်းနည်းတော့ ဒုက္ခရောက်ရသည်။

ဒီနေ့လိုမျိုး စုန့်အာ့နန်က နားရက်ဖြစ်ကာ တိုက်တိုက်ဆိုင်ဆိုင် ဖေးခွမ်ကလည်း အချိန်အားနေတဲ့ရက်မျိုးပင်။ ဒီတော့ နှစ်ယောက်သား မူမူကို ကလေးထိန်းနဲ့ထားပြီး အကြာကြီး စောင့်မျှော်ခဲ့ရတဲ့ နှစ်ယောက်ထဲ အပြင်သွားဖို့ကို စီစဉ်ထားကြသည်။

ဒါပေမယ့် အဲ့ဒီနေ့မနက်မှာ မမျှော်လင့်ထားစွာနဲ့ ကလေးထိန်းရဲ့အိမ်မှာ အရေးကြီးကိစ္စပေါ်လာတဲ့အတွက် ခွင့်ယူလိုက်ရသည်။ ဒီတော့ မူမူကို သူတို့နဲ့ အိမ်မှာထားခဲ့ရတော့သည်။

သူတို့ရဲ့ အကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ချိုမြိန်တဲ့အချိန်တွေက ချက်ချင်း အငွေ့တွေလို ပျောက်ကွယ်သွားတော့သည်။

ဖေးခွမ်က စုန့်အာ့နန်ကို စိတ်တိုတိုနဲ့ကြည့်လိုက်ပြီး "မိန်းမ၊ မူမူမွေးပြီးကတည်းက ကိုယ်တို့ရဲ့အချိန်တွေမရှိတော့တာ ဘယ်လောက်ကြာပြီလဲ?"

စုန့်အာ့နန်လည်း ကူကယ်ရာမဲ့နေပေမယ့် ဒီလိုဖြစ်လာတော့ တခြားနည်းလမ်းလည်းမရှိတော့ပေ။ သူမအနေနဲ့ "နောက်တစ်ခေါက်ပေါ့ ဟုတ်ပြီလား? ဒီနေ့ကို မိဘတွေအိမ်မှာ ကလေးထိန်းတဲ့နေ့အဖြစ် သတ်မှတ်လိုက်ကြတာပေါ့။ ကျွန်မတို့တွေလည်း မူမူနဲ့ အချိန်တူတူကုန်ဆုံးရ‌တာပေါ့ အဲ့ဒါလည်းကောင်းတာပဲလေ"

ဖေးခွမ်ကတော့ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

အခုတော့၊ နည်းလမ်းတစ်ခုပဲ ရှိတော့တဲ့ပုံပင်၊ ဒါပေမယ့် သူနည်းနည်းတော့ မလိုလားချင်သေးပေ။

ရုတ်တရက် အတွေးတစ်ခုကြောင့် သူ့မျက်လုံးတွေ တောက်ပသွားသည်။ သူက စုန့်အာ့နန် ဘက်လှည့်ကာမေးလိုက်သည်။ "မနေ့က လင်းချွမ်ပြန်လာတာမဟုတ်ဘူးလား?"

သူဘာလို့ ရုတ်တရက်ကြီး စုန့်လင်းချွမ်ကို ပြောလာလဲဆိုတာ စုန့်အာ့နန်မသိပေမယ့် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ "အင်း၊ မနေ့ညကဘဲ ရှုတင်ပြီးလို့ ပြန်လာတာ။ ဒီနေ့ သူမူမူကို လာတွေ့မယ်လို့တောင် ပြောသေးတယ်"

ဖေးခွမ် မျက်ခုံးပင့်သွားပြီး ဆက်မေးလိုက်သည်။ "သူအိမ်မှာတစ်ယောက်ထဲလား?"

စုန့်အာ့နန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဝေ့ဝေ့က နောက်ထပ် နှစ်ရက်လောက် ပြန်မလာဖြစ်သေးဘူး၊ ဘာဖြစ်လို့လဲ?"

မနှစ်က စုန့်လင်းချွမ်နဲ့ ကျိုးဝေ့တို့လည်း သူတို့ဆက်ဆံရေးကို တရားဝင်ကြေငြာခဲ့ပြီး လက်ထပ်ခဲ့ကြသည်။

နှစ်တွေတစ်လျှောက်လုံး သူတို့ဖြတ်သန်းခဲ့ရတဲ့ စမ်းသပ်မှုတွေ၊ ဆင်းရဲ့ဒုက္ခတွေအားလုံးကို စုန့်အာ့နန်က စောင့်ကြည့်နေခဲ့ရပေမယ့် ကံကောင်းထောက်မစွာနဲ့ အဆုံးသတ်ကတော့ ကောင်းမွန်ခဲ့သည်။

လက်ထပ်ပြီးတဲ့နောက် သူမတို့တွေ နီးနီးနားနားမှာရှိမှတစ်ယောက်နဲ့တစ်ယောက် ကြည့်ရှုစောင့်ရှောက်နိုင်မည်ဆိုပြီး ကျိုးဝေ့က စုန့်လင်းချွမ်ဆီ ပြောင်းခဲ့သည်။

ဖေးခွမ်ရဲ့မျက်လုံးထောင့်တွေက စိတ်အေးသွားသလို မြင့်တက်သွားပြီး ပြောလာသည်။ "သူ မူမူကို လာတွေ့မယ်ဆိုတော့ ကလေးကိုတစ်ရက်လောက် ကူကြည့်ပေးလို့ရတယ်မဟုတ်လား?"

စုန့်အာ့နန်မှာ တစ်ခဏလောက် ကြောင်အသွားသည်။ သူမတို့တွေ အပြင်ထွက်ဒိတ်လုပ်နေတုန်းမှာ လင်းချွမ်ကို မူမူကိုကြည့်ခိုင်းထားမယ်?

ဒီဟာကိုသေချာပေါက် သူ လက်မခံလောက်မှန်း စုန့်အာ့နန် တွေးကြည့်စရာတောင်မလိုပေ။

သူမရဲ့တုံ့ပြန်ပုံကိုမြင်တော့ ဖေးခွမ်က ကွက်တိကိုပြောလာသည်။ "ရပါတယ်၊ ကိစ္စကြီးမဟုတ်ပါဘူး။ ကိုယ်တို့သူ့ကို လှည့်စားလိုက်မယ်လေ"

စုန့်အာ့နန်မှာ အံ့ဩတဲ့အသံ ထွက်လာသည်။ သူ့ကိုလှည့်စားမယ်?!

"သူ့ကိုဘယ်လိုလှည့်စားမှာလဲ?" သူမက အလိုလိုမေးလိုက်သည်။

ဖေးခွမ်ရဲ့နှုတ်ခမ်းထောင့်တွေက တွန့်ကွေးသွားသည်။ သူက စုန့်အာ့နန်ကို လက်ပြလိုက်ပြီး သူမ နားနားမှာ တီးတိုးပြောလိုက်သည်။

စုန့်အာ့နန်မျက်လုံးတွေက မယုံနိုင်သလို ပြူးကြယ်သွားပြီး ဖေးခွမ်ကို ကြည့်လိုက်သည်။ "အဲ့လိုက မကောင်းဘူးထင်တယ်နော်" သူမ တုံ့ဆိုင်းသွားခဲ့သည်။

ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး "မင်း အပြင်ထွက်လည်ချင်လား မလည်ချင်ဘူးလား?"

စုန့်အာ့နန်က ပါးစပ်ပိတ်လိုက်ဖွင့်လိုက် လုပ်နေပြီး လုံးဝကိုလွန်ဆွဲနေရသည်။

သေချာပေါက် သူမ သွားချင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါအတွက် သူမတို့တွေ ရက်ပေါင်းများစွာ စီစဉ်ထားရတာ သူမ ဘယ်လိုလုပ် မသွားချင်ရမှာလဲ?

သူမရဲ့ တုံ့ပြန်ပုံကိုမြင်တော့ ဖေးခွမ်က ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်သည်။ "ကောင်းပြီ၊ ဒါဆိုအတည်ဖြစ်ပြီနော်။ အကုန် ကိုယ့်ကို အပ်ထားလိုက် မင်းဘာမှပြောစရာမလိုဘူး။ ခဏနေမှ နည်းနည်းလောက် ပါပေး"

All Chapters