အခန်း (၁၅၀)
Vol. 12 Ch. 150
မိနစ်နှစ်ဆယ်အကြာ၊ မနက်စာစားပြီးရုံပဲရှိသေးတဲ့ စုန့်လင်းချွမ်တစ်ယောက် ဖေးခွမ်ဆီကနေ ရုတ်တရက်ဖုန်းလက်ခံရလိုက်သည်။
"ဘာ! မင်းနဲ့ ငါ့အန်တီလေးတို့ ရန်ဖြစ်ကြတယ်? ကောင်းပြီ၊ ငါ ချက်ချင်းလာခဲ့မယ်"
ဖုန်းချပြီးတာနဲ့ သူက လုံးဝနှောင့်နှေးမနေဘဲ အမြန်ပြေးသွားတော့သည်။
တံခါးဖွင့်ပေးတဲ့သူက ဖေးခွမ်ဖြစ်သည်။ စုန့်လင်းချွမ်ရဲ့မျက်ခုံးတွေက တွန့်ချိုးနေကာ မေးလာသည်။ "အတိအကျဘာဖြစ်ကြတာလဲ? မင်းဖုန်းထဲမှာ သေသေချာချာ မရှင်းပြခဲ့ဘူး"
သူက ဘာကြောင့်လဲဆိုတာ မရှင်းပြခဲ့ဘဲ သူနဲ့ အန်တီလေးတို့ရန်ဖြစ်ကြတယ်ဆိုတာဘဲ ပြောခဲ့သည်။ အကြောင်းအရင်းမသိရဘဲ ဒီလိုမျိုး ကြားလိုက်ရတော့ စိတ်ပူသွားမိစေသည်။
ဖေးခွမ်က သက်ပြင်းချလိုက်ကာ သူ့ပုံက တစ်ခုခုပြောချင်ပေမယ့် ထိန်းထားရတဲ့ပုံပင်။ "အရင်ဝင်လာဦး ပြီးမှပြောမယ်"
စုန့်လင်းချွမ် အထဲဝင်လာတော့ စုန့်အာ့နန်က တံခါးဘက်ကို ကျောပေးထားပြီး ဆိုဖာပေါ်မှာ ထိုင်နေတာတွေ့လိုက်ရသည်။
ဘာဖြစ်ကြလဲဆိုတာကို သူမေးမလို့ ရှိသေး စုန့်အာ့နန်က ဘာမှမပြောဘဲ သူ့ကိုတစ်ချက်ကြည့်လာသည်။ နောက်တစ်စက္ကန့်မှာဘဲ သူမက ထကာပြေးထွက်သွားသည်။
စုန့်လင်းချွမ်မှာ တံခါးပိတ်သံမကြားရခင်အထိ လုံးဝကို နားမလည်နိုင်ဖြစ်နေသည်။ ဒီတော့မှ သူတုံ့ပြန်လာသည်။
သူ ဖေးခွမ်ကို လှည့်ကြည့်လိုက်ပြီး "ငါ့အန်တီလေးစိတ်ဆိုးအောင် မင်းဘာလုပ်လိုက်တာလဲ?"
သူမကို အဲ့ဒီလောက်ထိ စိတ်ဆိုးအောင်လို့လေ?
ဖေးခွမ်က ကူကယ်ရမဲ့စွာနဲ့ပြုံးလိုက်ပြီး "ဒီတိုင်း သေးသေးမွှားမွှားကိစ္စလေးပါ၊ သူမ မပျော်မရွှင်ဖြစ်သွားတာ။ ဒါတွေအားလုံးငါ့အပြစ်တွေပါ"
စုန့်လင်းချွမ်က အမှန်အတိုင်းပြောလိုက်သည်။ "ဒါပေါ့၊ ဒါတွေအားလုံး မင်းအပြစ်တွေဆိုတာ ငါသိသားပဲ"
နောက်တော့ သူက အမြှော်အမြင်ကြီးစွာနဲ့ပြောလိုက်သည်။ "မိန်းမတွေကို ချော့ဖို့လိုတယ်။ သူတို့ဘာပြောပြော သူ့ဘက်လိုက်ရမယ်။ ပြီးတော့ မင်းသိတဲ့အတိုင်း ငါ့အန်တီလေးက အရမ်းချော့ရလွယ်တယ်လေ"
ဖေးခွမ်က အရမ်းကိုသင်ယူချင်တဲ့ပုံစံနဲ့ ကြည့်လိုက်ပြီး "ကောင်းပြီ၊ ငါနားလည်ပြီ"
"မင်းဒီမှာဘာရပ်လုပ်နေသေးတာလဲ? သူ့နောက်လိုက်သွားလေ!" စုန့်လင်းချွမ်က ဖေးခွမ်ကို မျှော်လင့်ချက်မရှိတော့သလို စိတ်မရှည်သလို လောဆော်လိုက်သည်။
ဖေးခွမ်က လွန်ဆွဲနေရပုံပေါ်ကာ ဧည့်ခန်းဘက်ကို တစ်ချက်ကြည့်လိုက်ပြီး "ဒီနေ့ ကလေးထိန်းက ခွင့်ယူထားတာ...မူမူ..."
စုန့်လင်းချွမ်က ချက်ချင်း သူဆိုလိုချင်တာကို သဘောပေါက်လိုက်ပြီး သူ့ကိုစိတ်မရှည်သလို အခန်းတံခါးနား တွန်းပို့လိုက်သည်။ "ဒါကြောင့် ငါ ဒီကိုရောက်နေတာလေ! မူမူကို ငါကြည့်ထားလိုက်မယ်။ မင်းက ငါ့အန်တီလေးကို သွားပြန်ခေါ်လိုက်"
ဖေးခွမ်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ ဒုက္ခပေးမိပြီ၊ ကျေးဇူးပဲ"
နောက်တော့ သူက စားပွဲပေါ်က စာရွက်ပိုင်းလေးကို ညွှန်ပြလိုက်ပြီး "ကလေးကိုကြည့်ပေးဖို့ မှတ်စုလေးတွေ၊ အဲ့ဒါတွေကို ကြည့်ဖို့မမေ့နဲ့နော်"
စုန့်လင်းချွမ်က စိတ်မရှည်သလို လက်ယမ်းပြလိုက်ပြီး သူ့ကိုအမြန်သွားဖို့ အချက်ပြလိုက်သည်။
ဖေးခွမ်က မူမူကို အရင်သွားနှုတ်ဆက်လိုက်ပြီး လိမ်လိမ်မာမာနေပြီး စုန့်လင်းချွမ် စကားနားထောင်ဖို့ပြောလိုက်သည်။ ပြီးတော့မှ သူအမြန်လှည့်ထွက်သွားလိုက်သည်။
ဆယ်မိနစ်အကြာ၊ တိုက်ခန်းအောက်က မြေအောက်ကားပါကင်တွင်
စုန့်အာ့နန်က ကားအနောက်မှာ ခိုးကြောင်ခိုးဝှက်နဲ့ ပုန်းနေသည်။ ဓာတ်လှေကားကနေ ဖေးခွမ်ထွက်လာတာကိုမြင်တော့ သူမ ထွက်လာလိုက်သည်။
"ကျွန်မ သရုပ်ဆောင်တာ ရှုပ်သွားတယ်ထင်နေတာ။ ရှင်ဘယ်လိုထင်လဲ၊ လင်းချွမ် ဘာမှသတိမထားမိဘူးလား?" သူမ မေးလိုက်သည်။
ဖေးခွမ်က လျှောက်လာပြီး သူမဆံပင်ကို သပ်တင်လိုက်ကာ ပြုံးလိုက်သည်။ "စိတ်မပူနဲ့၊ သူ သတိမထားမိဘူး။ မင်းသရုပ်ဆောင်တာ အရမ်းတော်တယ်"
ဒါကိုကြားတော့ စုန့်အာ့နန်က ရှက်ရွံ့သလိုခေါင်းကုတ်လိုက်သည်။
ဖေးခွမ်က သူမကိုနှစ်သိမ့်နေတယ်ဆိုတာ သူမ သိသည်။ အစောတုန်းက သူမတို့တွေ ဒါကိုလေ့ကျင့်ခဲ့ကြတာဖြစ်သည်။ သူမက သူတို့တွေ တကယ်ရန်ဖြစ်ထားကြတဲ့ပုံပေါ်အောင် လုပ်ရမှာဖြစ်သည်။
ဒါပေမယ့် စုန့်လင်းချွမ် မျက်နှာကို မြင်လိုက်ရတဲ့အချိန် သူမစိုးရိမ်လာသည်။ သူမစိတ်တွေ ဗလာဖြစ်သွားပြီး စောစောတုန်းက ပြောခဲ့တဲ့စာသားတွေကို လုံးဝမေ့သွားတော့သည်။ ထွက်ပြေးလာရမယ်ဆိုတာကိုပဲ သူမမှတ်မိတော့သည်။
"ကျွန်မကို နှစ်သိမ့်ဖို့ မကြိုးစားနဲ့၊ ကျွန်မ ကောင်းကောင်း မလုပ်ခဲ့ဘူးဆိုတာသိတယ်" သူမကပြောလိုက်သည်။
ဖေးခွမ်က သူမလက်ကိုကိုင်လိုက်ပြီး ညင်ညင်သာသာပြုံးလိုက်ကာ "ကိုယ် မင်းကိုနှစ်သိမ့်နေတာမဟုတ်ပါဘူး။ စောစောက ဇာတ်ကောင်တွေကမှားသွားလို့။ မင်းရဲ့စိတ်နဲ့ဆို ကြီးကျယ်တဲ့ ရန်ပွဲတွေဆီကနေ ရုန်းထွက်နိုင်မှာမဟုတ်ဘူး။ လင်းချွမ်က မင်းအကြောင်းကောင်းကောင်းသိတယ်၊ မင်းသာ တကယ်သရုပ်ဆောင်ခဲ့ရင် သူ့သံသတွေပိုကြီးလာမှာပဲ"
"ဒီတော့မင်းကြည့်၊ မထင်မှတ်ဘဲပေါက်ကွဲပစ်တဲ့ပုံစံက မင်းနဲ့ပိုလိုက်တယ်"
စုန့်အာ့နန်က အဲ့ဒါကိုစဉ်းစားကြည့်လိုက်တော့ အဓိကအချက်ကို သဘောပေါက်လိုက်သည်။ အဲ့ဒါက သူမကို နေလို့ ပိုကောင်းသွားစေသည်။
ဒါပေမယ့် သူမပြောလိုက်သေးသည်။ "လင်းချွမ်ကို ဒီလိုမျိုး လှည့်စားတာက မမှန်ဘူးလို့ ခံစားရသေးတယ်"
ဖေးခွမ်က ပြုံးလိုက်ပြီး စုန့်အာ့နန်အတွက် ခရီးသည်ထိုင်တဲ့နေရာက တံခါးကိုဖွင့်ပေးလိုက်ကာ သူမကိုအရင်ဝင်ဖို့ အချက်ပြလိုက်သည်။ "အဆင်ပြေပါတယ်၊ သူအရင်ကလည်း ကိုယ်တို့ကို မလှည့်စားခဲ့တာမှမဟုတ်ဘဲ၊ အခုတော့ သူ့အလှည့်ပဲ"
အပြင်စာတွေကို သူ မစားချင်တဲ့အခါတိုင်း သူက ဖျားဟန်ဆောင်ကာ ဖေးခွမ်ကို သူ့အတွက် ချက်ပြုတ်ပေးဖို့ လှည့်စားတတ်သည်။
"ပြီးတော့ မင်းသိလား သူနဲ့ ဝေ့ဝေ့လည်း မကြာခင်ကလေးယူဖို့ စီစဉ်နေကြတာ။ သူ့ကိုကလေးထိန်းတာ အသားကျရအာင် ကိုယ်တို့ အခွင့်အရေးပေးရမယ်...."
ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ထွက်သွားပြီးတဲ့နောက် မူမူက ဧည့်ခန်းထဲက ကော်ဇောပေါ်မှာ အရုပ်တွေထိုင်ကစားနေသည်။
သူ့မိဘတွေ ထွက်သွားတာကိုမြင်တာတောင် သူကပြဿနာလည်း မရှာသလို ငိုလည်းမငိုပေ။ သူက မျက်လုံးကြီးကြီးတွေကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ဖြူဖြူစင်စင် မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ စုန့်လင်းချွမ်ကိုကြည့်လိုက်ပြီး ခေါ်လိုက်သည်။ "အစ်ကိုကြီး"
စုန့်လင်းချွမ်က သူ့ဆီသွားလိုက်ပြီး ဆံပင်လေးတွေကို ပွတ်သတ်လိုက်ကာ "အဆင်ပြေသွားမှာပါ၊ မားနဲ့ပါးက ဂရုစိုက်စရာကိစ္စတချို့ရှိလို့၊ ခဏနေသူတို့ပြန်လာမှာ။ ဆက်ကစား"
မူမူက 'အိုး'လို့ဆိုလိုက်ပြီး ခေါင်းစောင်းကာ တစ်ခဏလောက် စဉ်းစားလိုက်သည်။ နောက်တော့သူက "အစ်ကိုကြီး၊ တူတူကစားရအောင်"
စုန့်လင်းချွမ်လည်း သူနဲ့အတူ ကော်ဇောပေါ်ထိုင်ချလိုက်ပြီး "ဒါပေါ့၊ မင်းနဲ့ကစားပေးမယ်"
မူမူက အတုံးလေးတွေနဲ့ ဆောက်နေတာဖြစ်သည်။ တကယ်တော့ စုန့်လင်းချွမ် သိပ်မကစားချင်တဲ့အတွက် မူမူကစားတာကိုဘဲ ထိုင်ကြည့်နေလိုက်သည်။
နာရီဝက်ကျော်တဲ့အထိ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ ပြန်လာမယ့် အရိပ်အယောင်လည်း မပေါ်တဲ့အတွက် စုန့်လင်းချွမ်မှာ စပြီးဂဏာမငြိမ်ဖြစ်လာသည်။
သူ အရမ်းပျင်းနေပြီဖြစ်သည်။ စုန့်လင်းချွမ် ရုတ်တရက် ဖေးခွမ်မသွားခင် ပြောသွားတဲ့ မှတ်စုစာရွက်ကို သတိရလိုက်သည်။ ကလေးကိုဂရုစိုက်ရမယ့် တချို့အရာတွေ။ သူထလိုက်ပြီး တစ်ချက်ကြည့်ဖို့ ထမင်းစားစားပွဲဆီသွားလိုက်သည်။
A4 စာရွက်ပေါ်က ရေးထားတာတွေကို မြင်ပြီး သူကြောင်အသွားရသည်။ ဒါက မူမူရဲ့အစားအသောက်မှတ်တမ်း ဖြစ်သည်။ အဓိကအစားအစာအဖြစ် သူဘာစားတာ၊ မုန့်တွေ၊ သူစားလို့ရတဲ့ အပြင်ကအစားအသောက်တွေတောင်ပါကာ အားလုံးကိုသပ်သပ်ရပ်ရပ်ရေးမှတ်ထားသည်။
စုန့်လင်းချွမ် ရုတ်တရက် တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။
ဒါကဘာကိုဆိုလိုတာလဲ? ဒါက သူ့အတွက် ပြင်ထားပေးတာလား? ဒီနှစ်ယောက် နေ့လည်ရောက်တဲ့အထိမပြန်လာတော့ဘူးလား?!
ဒါပေမယ့် သူ ထပ်စဉ်းစားကြည့်လိုက်တော့၊ သူအတွေးလွန်နေတာဖြစ်နိုင်သည်။ ကလေးထိန်းက တစ်ရက်ခွင့်ယူသွားတယ် မဟုတ်လား? ဒါက ကလေးထိန်းအတွက် အစောကတည်းက ပြင်ဆင်ထားတာဖြစ်လိမ့်မည်။
စုန့်လင်းချွမ်သိပ်ပြီး မစဉ်းစားတော့ဘဲ မနက်ခင်းဟာလည်း မသိလိုက်ခင်မှာဘဲ ကုန်ဆုံးသွားတော့သည်။
မူမူကို ထိန်းရတာတကယ်လွယ်သည်။ အများဆုံးသူက သူ့ဘာသူကစားနေတာ ဒါမှမဟုတ် သူ့ဘောလုံးကြီးကိုဖက်ရင်း အရုပ်တွေနဲ့ ကစားနေတတ်သည်။ သူက လုံးဝမငိုပေ။
သူရေဆာ၊ ဗိုက်ဆာတာ ဒါမှမဟုတ် သန့်စင်ခန်းသုံးချင်တဲ့အခါမှသာ စုန့်လင်းချွမ်ကို ခေါ်တတ်သည်။ သူကအတူလိုက်ပေးစရာတောင်မလိုဘဲ ကောင်းကောင်းပြုမူတတ်သည်။
သူ့အမေကျောက် စကားနဲ့ဆို၊ မူမူလိုမျိုး ထိန်းရလွယ်တဲ့ကလေးမျိုး သူမ တစ်ခါမှ မတွေ့ဖူးပါချေ။ သူ့ကိုထိန်းရတာ စုန့်လင်းချွမ်အနေနဲ့ လုံးဝပင်ပန်းတယ်လို့မခံစားရချေ။
ဒါပေမယ့် အခုကနေ့လည်စာစားချိန် ရောက်နေပြီဖြစ်တာကြောင့် ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ ဘယ်လိုဖြစ်နေကြလဲဆိုတာ သူ မသိပါချေ။ ဒီတော့ သူဖေးခွမ်ကို ဖုန်းဆက်မေးဖို့လုပ်လိုက်သည်။
ဒါပေမယ့် သူဖုန်းကိုကိုင်လိုက်တာနဲ့ Weiboက ဖျော်ဖြေရေးသတင်း အသိပေးချက်တစ်ခုကို သူရလိုက်သည်။
#ဖေးခွမ်နဲ့ သူ့အန်တီလေးတို့က လက်ချင်းကိုင်ရင်း Happy Valleyမှာ ပျော်မြူးနေကြတယ်၊ အချိုတွေအပြည့်နဲ့သတိပေးချက်#
စုန့်လင်းချွမ် သာမာန်ကာလျှံကာ နှိပ်ကြည့်လိုက်တော့ သတင်းထဲက ဓာတ်ပုံတချို့ကိုတွေ့လိုက်ရသည်။ ရုတ်တရက်၊ သူ ခံစားချက်မကောင်းတော့ပေ။
သူ့အန်တီလေးက အရမ်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးရယ်နေကာ ဒေါသထွက်နေတဲ့ အရိပ်အယောင် လုံးဝကိုမရှိပါချေ!
သူတို့ရန်ဖြစ်နေတယ်ဆိုပြီး သူ့ကိုဖုန်းခေါ်လိုက်တာက ဒီခွေးကောင် ဖေးခွမ် သူ့ကိုလှည့်စားလိုက်တာ ဖြစ်ရမယ်!
သူ Weiboထဲ အမြန်ဝင်လိုက်တော့ မျှော်လင့်ထားတဲ့အတိုင်း သူတို့နှစ်ယောက်နဲ့ ဆက်စပ်နေတဲ့ tagတွေအားလုံးက ရေပန်းစားနေသည်။ အခုပိုပြီးသေသေချာချာ ကြည့်လိုက်တော့မှ tagတွေအောက်မှာ အင်တာနက်သုံးစွဲသူတွေ တိတ်တိတ်လေးရိုက်ထားတဲ့ ဓာတ်ပုံတွေသာမက ဗီဒီယိုတွေလည်းပါသေးသည်။
အစောက အင်တာနက်အသုံးပြုသူဓာတ်ပုံတင်ခဲ့တဲ့အချိန်က ပထမတစ်ပုံမှာ Happy Valleyရဲ့ဝင်ပေါက်မှာရိုက်ထားတာဖြစ်သည်။
ဒါက မနက် 9:30တုန်းကဖြစ်သည်။ သူတို့နှစ်ယောက် အိမ်က ထွက်သွားတဲ့ အချိန်အရဆို၊ ဘာတွေဖြစ်နေလဲဆိုတာ စုန့်လင်းချွမ်သဘောပေါက်လိုက်သည်။
ဒီခွေးကောင်!
ဒီတော့ ဒီမနက်တုန်းက ဟာတွေအားလုံးက သူ့ကိုလှည့်စားပြီး ကလေးထိန်းခိုင်းဖို့ သရုပ်ဆောင်နေကြတာဘဲ၊ ဒီတော့မှ သူတို့တွေအပြင်ထွက်ပြီး အချစ်ကမ္ဘာလေးပိုင်ဆိုင်နိုင်မှာပေါ့ ဟုတ်တယ်မလား?
သူအံကြိတ်လိုက်ပြီး ဖုန်းယူလိုက်ကာ ဖေးခွမ်နံပါတ်ကိုခေါ်လိုက်သည်။
တစ်မိနစ်အကြာ ဘယ်သူမှ ဖုန်းမကိုင်ပေ!
စုန့်လင်းချွမ်ကတော့ ဖေးခွမ်တစ်ယောက် သူဖုန်းခေါ်တာကို တမင်မကိုင်တာလို့ ထင်လိုက်သည်။ သူအေးစက်စက်ရယ်လိုက်ပြီး ဒေါသထွက်လွန်းလို့ မျက်နှာတွေပါနီလာသည်။
"အရမ်းကောင်းတယ်၊ မင်းမှာ သတ္တိရှိရင် ပြန်ကိုမလာခဲ့နဲ့!"
အခန်းထဲမှာ ခဏလောက်ငြိမ်သက်နေပြီးတဲ့နောက် စုန့်လင်းချွမ်မှာ ဒေါသထွက်နေဆဲပင်။
ဒါပေမယ့် သူမူမူကို ထည့်စဉ်းစားပေးရမှာကြောင့် ထုတ်မပြပေ။ သူဖုန်းယူလိုက်ပြီး သူ့ရဲ့Weiboအကောင့်ကြီးဆီပြောင်းလိုက်ကာ အွန်လိုင်းပေါ်တွင် လူသိရှင်ကြား အပြစ်တင်ကာ သူ့ဒေါသကို ထုတ်ဖော်ဖို့ဆုံးဖြတ်လိုက်သည်!
@စုန့်လင်းချွမ် - [သိက္ခာရှိတဲ့ လူဖြစ်စမ်းပါ ! @ဖေးခွမ်၊ မင်းငါဖုန်းခေါ်တာကိုထပ်မကိုင်ရင် မင်းသားကို ငါ ထားခဲ့တော့မယ်!!!]
အင်တာနက်သုံးစွဲသူတွေနဲ့ ဖန်တွေ ဒီWeiboပို့စ်ကိုမြင်တော့ သူတို့ရဲ့ပထမဆုံးတုံ့ပြန်မှုကတော့ နားမလည်ဖြစ်သွားတာပင်။
ဝိုး၊ ဘာတွေဖြစ်နေတာလဲ?
ဒါပေမယ့် သူတို့က မ အပါချေ။ ဒီနေ့ ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ရဲ့ ချိုချိန်မြိန်မြိန် ဒိတ်နေကြတဲ့သတင်းနဲ့ ဆက်စပ်ကြည့်ပြီး ဘာဖြစ်နေလဲဆိုတာကို သူတို့အကြမ်းဖျင်းခန့်မှန်းမိလိုက်သည်။
[ဟားဟားဟား၊ ဒီတော့ဖေးခွမ်နဲ့ အန်တီလေးတို့က အပြင်ထွက်လည်ကြတယ်၊ စုန့်လင်းချွမ်ကိုတော့ ကလေးထိန်းခိုင်းထားတယ်?]
[စုန့်လင်းချွမ်ရဲ့ တုံ့ပြန်ပုံကိုကြည့်ရရင် သူဘာမှမသိဘဲနဲ့ ကလေးထိန်းဖို့ လှည့်စားခံလိုက်ရတာပဲ။ မဟုတ်လို့ရှိရင် သူဒေါသထွက်နေမှာမဟုတ်ဘူး]
[ဝါးး၊ ငါလည်း ဒီလိုမျိုးကြုံဖူးတယ်။ အရင်တစ်ခေါက် ငါ့အစ်ကိုနဲ့ ယောင်းမတို့ အပြင်ထွက်လည်ဖို့လုပ်တော့ ငါ့တူလေးကို ထိန်းပေးမယ့်သူ ဘယ်သူမှမရှိဘူးလေ။ အဲ့ဒါနဲ့ တမင်သပ်သပ်အိမ်မှာ ရန်ဖြစ်ဟန်ဆောင်ပြီး ထွက်သွားတယ်၊ ငါ့ကိုတော့ အိမ်မှာကလေးထိန်းဖို့ချန်ထားခဲ့တာ]
[သေစမ်း! ဒါကအရမ်းသနားဖို့ကောင်းတာပဲ၊ စုန့်လင်းချွမ်ကို သုံးစက္ကန့်လောက်သနားသွားမိတယ်]
[ဟားဟားဟား၊ ဖေးခွမ်နဲ့ အန်တီလေးတို့ အရမ်းနစ်နာသွားမှာဘဲ]
[မျှမျှတတပြောရရင်၊ ဖေးခွမ်နဲ့ အန်တီလေးတို့ ဒီတစ်ခေါက် တကယ်မြောက်ကြွလွန်းတာပဲ။ သူတို့ပိုပြီး သိုသိုသိပ်သိပ်နဲ့ နေသင့်တာကို။ သူသာ ရေပန်းစားနေတဲ့သတင်းကိုမမြင်ခဲ့ရင် သူတို့တွေ ဒီလှည့်ကွက်ကို ထပ်သုံးလောက်မှာဘဲ!]
[စုန့်လင်းချွမ် - မင်းတို့ ပျော်နေတာကို နည်းနည်းလောက်ထိန်းထားလို့ရမလား၊ မင်းတို့က ငါ့ကိုမပျော်မရွှင်ဖြစ်စေတာပဲ!]
[ဟားဟား၊ ငါတော့သေပြီ၊ စုန့်လင်းချွမ်က နင်လည်းမငယ်တော့ဘူးနော်၊ ဘယ်လိုလုပ် ဒီလိုမျိုး အလှည့်စားခံလိုက်ရတာလဲ? ဒါက ဝဋ်ပြန်လည်တာဖြစ်မယ်]
[ဟားဟားဟား၊ အပေါ်ထပ်က ညီအစ်ကိုကတော့ မြောက်ကြွလွန်းနေပြီ။ ဒါက နစ်နာသူကို အပြစ်တင်နေတာဘဲ။ စုန့်လင်းချွမ် ဘာမှားတာလုပ်ခဲ့လို့လဲ? သူကဒီတိုင်း တုံးပြီး နုံအရုံဘဲရှိတာ]
[Fuck! အလွန်အကျွံမလုပ်နဲ့၊ မဟုတ်လို့ရှိရင် စုန့်လင်းချွမ် မင်းကိုတစ်ညလုံး လိုက်သတ်နေတော့မယ်!]
[အန်တီလေးက အလေးအနက်နဲ့ - လင်းချွမ်၊ နင့်ညီလေးကို ကြည့်ထားပေး]
[ဟားဟားဟား ၊ ညီလေးတဲ့၊ အရမ်းကောင်းတယ်။ ဖေးခွမ်ရဲ့သားက စုန့်လင်းချွမ်ကို အစ်ကိုကြီးလို့ခေါ်တာကို ငါတွေးကြည့်မိတိုင်း ရယ်ချင်လိုက်တာ]
[ရယ်တာမရပ်နိုင်တော့ဘူး၊ ဒီမိသားစုက အရမ်းရယ်ရတာပဲ]
[ဟုတ်သားဘဲ? တစ်စုံတစ်ယောက်က နေမကောင်းဟန်ဆောင်ပြီး သူ့ကို အစားအသောက်တွေ အလကားချက်ကျွေးခိုင်းတယ်လို့ အရင်တုန်းက ဖေးခွမ်ပြောခဲ့သေးတယ်။ ဒီ "တစ်စုံတစ်ယောက်" ဆိုတာက ဘယ်သူ့ကိုပြောချင်မှန်း သိသာနေတာပဲ!]
[မျှမျှတတပြောရရင်၊ စုန့်လင်းချွမ် ကလေးထိန်းရတာက ပိုကောင်းတယ်လို့ ငါထင်တယ်။ သူ မနှစ်က လက်ထပ်ခဲ့တာမဟုတ်လား၊ သူကိုယ်တိုင်လည်း မကြာခင် အဖေဖြစ်လာမှာပဲလေ။ ဒါက သူ့အတွက် လေ့ကျင့်ဖို့ အကောင်းဆုံးပဲ]
[အတိအကျဘဲ၊ လင်းချွမ်၊ နင့်ရဲ့ အန်တီလေးနဲ့ ဦးလေးက နင်ကောင်းဖို့အတွက် လုပ်နေတာ၊ သူတို့က နင့်ရဲ့အကျိုးစီးပွါးကို လိုလားကြတာ]
[စုန့်လင်းချွမ် - ကောင်းတယ်၊ ငါတစ်ယောက်ထဲကို နာကျင်အောင် လုပ်နိုင်တဲ့ကမ္ဘာပဲ!]