အခန်း (၁၅၂)
Vol. 12 Ch. 152
စုန့်အာ့နန်က ကျိုးဝေ့ လက်ကို သဘောမတူသလို ကိုင်လိုက်ပြီး "ဝေ့ဝေ့၊ အရမ်းအတွေးလွန်နေပြီ။ ညီမတို့ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေအတွက် အထူးတလည် စောင့်ရှောက်မှုတွေရှိတယ်၊ ဒါက ဆေးရုံရဲ့မူဝါဒပဲ"
"ပြီးတော့၊ ညီမတို့တွေက မိသားစုတွေပဲလေ။ ဘာအလုပ်ရှုပ်စရာရှိလို့လဲ? ဝေ့ဝေ့က အရမ်းယဉ်ကျေးနေတာပဲ"
စုန့်လင်းချွမ်လည်း ချက်ချင်းထောက်ခံလာသည်။ "ဟုတ်တယ်၊ သူမက ကိုယ့်အန်တီလေးလေ တခြားသူမှမဟုတ်ဘဲ။ သူမအတွက် ဘယ်လိုလုပ် အလုပ်ရှုပ်တာဖြစ်နိုင်မှာလဲ? ကိုယ်တို့အားလုံးက မိသားစုတွေပဲ"
စုန့်အာ့နန်ရဲ့စကားလုံးတွေက ကျိုးဝေ့ ရင်ကို နွေးထွေးသွားစေသည်။ သူမက ပြုံးကာပြန်တုံ့ပြန်လိုက်သည်။ "ကောင်းပါပြီ၊ အန်တီလေး၊ နောက်တစ်ခေါက် ဒီလိုမလုပ်တော့ပါဘူး"
အမှန်တိုင်းပြောရရင်၊ ကျိုးဝေ့အနေနဲ့ စုန့်အာ့နန်ကိုတကယ်သဘောကျသည်။ သူမ စုန့်လင်းချွမ်နဲ့ မတွဲခင်ကလည်း သူမကို အရမ်းသဘောကျခဲ့ရသည်။
ပြောစရာတောင်မလိုပေ၊ စုန့်လင်းချွမ်နဲ့ အတူရှိပြီးတဲ့နောက်မှာတော့ သူမကို ပိုပြီးတော့တောင် သဘောကျလာရသည်။
စုန့်အာ့နန်နဲ့ အတူအချိန်ကုန်ဆုံးပြီးတဲ့နောက်မှာ သူမကိုသဘောမကျဖို့ဆိုတာက ခက်တယ်လို့ ကျိုးဝေ့အမြဲလိုလိုခံစားရသည်။
စုန့်အာ့နန်က ကိုယ်ဝန်ဆောင်စဉ် အတောတွင်းမှာ ဂရုစိုက်ရမယ့် အချက်တချို့တလေကို ပြောပြပေးသည်။
ဒါပေမယ့် သူမပြောပြီးသွားတော့ ရုတ်တရက်မေးလိုက်သည်။ "နောက်ကျ ကိုယ်ဝန်စမ်းသပ်စစ်ဆေးတဲ့အခါကျရင် ငါတို့ဆေးရုံကိုပဲ သွားမယ်လို့စီစဉ်ထားလား?"
စုန့်လင်းချွမ်က ပြန်ဖြေလိုက်သည်။ "အင်း၊ ပြန်လာတုန်းကတောင် ဝေ့ဝေ့နဲ့ငါ နင်တို့ဆေးရုံမှာ ကိုယ်ဝန်အပ်မယ်လို့ ဆုံးဖြတ်ထားတယ်"
B တက္ကသိုလ်ရဲ့တွဲဖက်ဆေးရုံက ဆရာဝန်တွေကို ယုံကြည်စိတ်အချရဆုံး အစိုးရဆေးရုံကြီးများအနက် တစ်နိုင်ငံလုံး အတိုင်းအတာအရ ထိပ်တန်းဖြစ်သည်။
စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး "ကောင်းတယ်၊ ငါတို့သားဖွားမီးယပ်ဌာနရဲ့ အကြီးအကဲက ငါနဲ့အတော်တော်လေး ဆက်ဆံရေးကောင်းတဲ့ စီနီယာအတန်းဖော်ပဲ။ ခဏနေကျရင် သူ့ဆီဖုန်းဆက်ပြီး နင်တို့နံပါတ်ကိုပေးလိုက်မယ်"
စုန့်လင်းချွမ်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းတယ်၊ အခုတော့ ငါပိုစိတ်အေးရပြီ"
ရိုးရိုးသားသားပြောရရင်၊ ဒါကသူတို့ရဲ့ ပထမဆုံးကလေးဖြစ်သလို ကျိုးဝေ့ကလည်း မငယ်တော့တဲ့အတွက် စုန့်လင်းချွမ် အတော်လေး စိတ်ပူနေခဲ့တာဖြစ်သည်။ ဆေးရုံကနေ အိမ်ပြန်လာတုန်းက ဖေးခွမ်ကိုအကြံတောင်းဖို့တောင် သူ တွေးနေခဲ့သေးသည်။
ဘာပဲဖြစ်ဖြစ် သူ့အန်တီလေးကိုယ်ဝန်ဆောင်ရတုန်းက အဲ့ဒီကောင်က အကုန်သိထားတာလေ။
ကျိုးဝေ့လည်း မယဉ်ကျေးနေတော့ဘဲ လက်ခံသလိုပြုံးပြလိုက်သည်။
သုံးယောက်သား ခဏလောက် စကားစမြည်ပြောနေလိုက်ကြပြီး မူမူက သူမဗိုက်ထဲမှာ ညီမလေးလို့ ပြောတယ်ဆိုတဲ့အကြောင်း ကျိုးဝေ့က ရယ်မောက စုန့်အာ့နန်ကိုပြောပြလိုက်တော့ သူမမှာ အရယ်မရပ်နိုင်တော့ပေ။
"အပန်းဖြေဥယျာဉ်မှာ ကလေးမလေးတစ်ယောက်ကို တွေ့ခဲ့ကတည်းက သူက ပြန်ရောက်တော့ ညီမလေးလိုချင်တယ်ဆိုပြီး ပြောနေတာ။ ဒီလောက်ထိ အကြာကြီး သူ မှတ်မိနေဦးမယ်လို့ မထင်ထားဘူး" စုန့်အာ့နန်က ရယ်ကာပြောလိုက်သည်။
စုန့်လင်းချွမ်က မူမူ နဖူးကို အသာတောက်လိုက်ပြီး "ငါလည်း ညီမလေးက ကောင်းတယ်လို့ထင်တယ်"
နောက်တော့ သူကစုန့်အာ့နန်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "တူမတွေအားလုံးက သူတို့အဒေါ်တွေနဲ့ တူတယ်လို့ ပြောကြတယ်။ ငါ့သမီးလေးလည်း အန်တီလေးလိုမျိုး သေချာပေါက် ချစ်စရာကောင်းမှာ"
ဒါကိုကြားတော့၊ ကျိုးဝေ့ မျက်လုံးတွေလည်း တောက်ပလာသည်။
အရင်က စုန့်အာ့နန်ရဲ့ကလေးတုန်းက ပုံတွေ အများကြီးကို သူမ တွေ့ဖူးသည်။ အဲ့ဒါတွေက အရမ်းချစ်စရာကောင်းသည်။
စုန့်အာ့နန်က တစ်ခဏလောက်တန့်သွားပြီး သူတို့နှစ်ယောက်ရဲ့ မျှော်လင့်နေတဲ့ အကြည့်တွေကို ကြည့်ကာ မတတ်နိုင်ဘဲ စိတ်ရှုပ်ထွေးသလို ခံစားလိုက်ရသည်။ "တူမတွေက သူတို့အဒေါ်နဲ့ တူတယ်ဆိုပေမယ့် စီနီယာအရဆို ငါက သူ့ဘွားလေးလေ!"
စုန့်လင်းချွမ် - "...."
ဟုတ်သားပဲ!!
......
စုန့်လင်းချွမ်၊ ကျိုးဝေ့တို့နဲ့အတူ ညစာစားပြီးတဲ့နောက် စုန့်အာ့နန်လည်း မူမူကို ခေါ်ကာအိမ်ပြန်သွားသည်။
သားအမိနှစ်ယောက် အမ်ထဲဝင်လိုက်တာနဲ့ သူတို့ကိုစောင့်နေပုံရတဲ့ ချိုးချိုးက ဧည့်ခန်းထဲကနေ တဖြေးဖြေးနဲ့ ရောက်လာသည်။
မူမူက ဖိနပ်ကိုပြောင်းစီးလိုက်ပြီး ချက်ခြင်း ချိုးချိုးကိုပြေးဖက်လိုက်သည်။ "မား၊ ချိုးချိုးက သားတို့ကို စောင့်နေတယ်"
စုန့်အာ့နန်လည်း ပြုံးကာ ဆောင့်ကြောင့် ထိုင်လိုက်ပြီး ချိုးချိုးရဲ့ ခေါင်းကို ပုတ်လိုက်သည်။ အသေးလေးက အရမ်းသက်တောင့်သက်သာရှိတဲ့ပုံနဲ့ မျက်လုံးတွေကိုမှိတ်ထားသည်။
အခုဆို ချိုးချိုးအသက်က ဆယ့်ငါးနှစ်ရှိပြီဖြစ်သည်။ ဒီအရွယ်မှာ ကြောင်တွေက မငြင်းနိုင်လောက်အောင် ကြောင်အကြီးပိုင်းဖြစ်နေပြီဖြစ်သည်။ သူတို့ သူ့ကိုကောင်းကောင်း ဂရုစိုက်တာကြောင့် ချိုးချိုးက ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာ တော်တော်လေး ကောင်းမွန်နေသေးသည်။
သို့ပေမယ့် ချိုးချိုး အသက်ကြီးလာတာနဲ့အမျှ သူက အခြေခံအားဖြင့် ခြောက်လတစ်ကြိမ် စစ်ဆေးမှုခံယူရပြီး နေ့စဉ်ဘ၀တွင်လည်း အရမ်းဂရုစိုက်ပေးလာရသည်။
ဒီနှစ်တွေတစ်လျှောက်၊ အထူးသဖြင့် မူမူ မွေးဖွားပြီးနောက်တွင် ချိုးချိုးက သူတို့မိသားစုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်မှာ ထင်ရှားသည်။ ကလေးတစ်ေယာက်နဲ့ကြောင်တစ်ကောင်က အရမ်းကို အဆင်ပြေခဲ့ကြသည်။
"မား၊ သား ရေမချိုးခင် ချိုးချိုးနဲ့ ခဏလောက် ကစားချင်တယ်" မူမူက သူ့မျက်လုံးဝိုင်းဝိုင်းကြီးတွေကို တဖျပ်ဖျပ်ခတ်ရင်း စုန့်အာ့နန်ကို မျှော်တလင့်တကြီး ကြည့်လိုက်သည်။
စုန့်အာ့နန်က ပြုံးလိုက်ပြီး "ကောင်းပြီ၊ ဒါပေမယ့် ခဏပဲရမယ်၊ နာရီဝက်နေရင် ရေချိုးရမယ်"
မူမူက နာနာခံခံနဲ့ သဘောတူလိုက်သည်။
နောက်တော့ ကလေးတစ်ယောက်နဲ့ ကြောင်တစ်ကောင်က ပြောစရာမလိုဘဲ ဧည့်ခန်းဆီ သွားကြတော့သည်။
မူမူက ကြောင်ကစားစရာသေတ္တာလေးကို ထုတ်ပြီး မူမူရွေးရအောင် ရှေ့မှာ ချပေးလိုက်သည်။
ဒါပေမယ့် ချိုးချိုးက အသက်ကြီးပြီးဖြစ်တာကြောင့် လိုက်ပတ်ကစားရတာကို သိပ်မကြိုက်တော့ပေ။ သူက ဟိုဟိုဒီဒီကြည့်ပြီးတော့ ဘာမှစိတ်ဝင်စားတဲ့ပုံမပေါ်ချေ။
မူမူလည်း ဒီအခြေအနေကို ကျင့်သားရနေပြီဖြစ်သည်။
သူ့ဘေးနားက ကာတွန်းစာအုပ်တစ်အုပ်ကို ယူလိုက်ပြီး လူကြီးလေးတစ်ယောက်လို သက်ပြင်းချကာ ပြောလာသည်။ "ကောင်းပြီ ဒါဆို ငါ ကာတွန်းစာအုပ်ဖတ်ပြမယ်"
ချိုးချိုးက နားလည်ပုံရပြီး မူမူ ရဲ့ခြေထောက်နားမှာ ငုတ်တုတ်ထိုင်ချလိုက်သည်။
ခဏကြာတော့ ဧည့်ခန်းထဲမှာ မူမူရဲ့ နူးညံ့တဲ့အသံလေး ထွက်လာသည်။ စုန့်အာ့နန် ပြုံးကာ ခေါင်းခါလိုက်ပြီး အိပ်ခန်းထဲ ပြန်ဝင်သွားလိုက်သည်။
နာရီဝက်အကြာ
စုန့်အာ့နန်က မူမူကို ရေချိုးဖို့ ခေါ်လိုက်သည်။
မူမူ - "အရမ်းမြန်တာပဲ၊ နာရီဝက်တောင်ရှိသွားပြီလား?"
စုန့်အာ့နန်က နံရံပေါ်ရှိ နာရီကို ပြကာပြောလိုက်သည်။ "မားတို့တွေ ရှစ်နာရီထိုးအိမ်ပြန်ရောက်တယ်လေ၊ အခု ရှစ်နာရီခွဲနေပြီ၊ နာရီဝက်ကွက်တိပဲ။ မားအချိန်ကြည့်ထားတာ"
မူမူက "အိုး" ဟုဆိုကာ တွန့်ဆုတ်နေပေမယ့် ပြတ်ပြတ်သားသား ထလိုက်ကာ သူ့အမေနဲ့အတူ ရေချိုးခန်းထဲ လိုက်သွားလိုက်သည်။
ငယ်ငယ်ကတည်းက ဒီကလေးက သူ့စကားကို အမြဲတည်သည်။ ဘယ်လောက်ပဲ တုံ့ဆိုင်းနေပါစေ တစ်စုံတစ်ခုကို ကတိပေးထားပြီးရင် ဘယ်တော့မှ ဝုန်းဒိုင်းကြဲလုပ်မှာမဟုတ်ပေ။
ရေချိုးခန်းထဲတွင် မူမူက ရေချိုးကန်ထဲ ကိုယ်လုံးတီးနဲ့ထိုင်နေသည်။ "မား၊ ပါးကို သတိရတယ်။ ခဏနေကျရင် ပါးနဲ့ ဗီဒီယိုကော ပြောလို့ရမလား?"
စုန့်အာ့နန်က သူ့ကို ဆပ်ပြာရည်တွေ ကူဆေးပေးမေရင်း ပြောလိုက်သည်။ "ဒီညတော့မရဘူး၊ ပါး အလုပ်လုပ်နေတာ။ မနက်ဖြန် မား ပိတ်ရက်ရတယ်၊ နေ့ခင်းဘက် အဆင်ပြေလားလို့ ပါးကို မေးပေးမယ် ဟုတ်ပြီလား?"
မူမူက ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ"
ရေချိုးပြီးတော့ သားအမိနှစ်ယောက် အိပ်ခန်းထဲ ပြန်ဝင်ကြသည်။ နှစ်ယောက်လုံး အိပ်မပျော်သေးခင် စုန့်အာ့နန်က မူမူကို အိပ်ရာဝင် ပုံပြင်တစ်ပုဒ် ခဏလောက် ပြောပြလိုက်သည်။
ဖေးခွမ် အိမ်ကို အပြေးအလွှား ပြန်လာချိန်မှာ သန်းခေါင်ကျော်နေပြီဖြစ်သည်။ အိပ်ခန်းထဲ သူလှမ်းကြည့်လိုက်တော့ ကုတင်ပေါ်မှာ သူ့မိန်းမနဲ့ သားကို တွေ့လိုက်သည်။ သူ့မျက်လုံးတွေထဲ နူးညံ့မှုတွေနဲ့ ပြည့်နှက်သွားသည်။
ကုတင်ဘေးနားကို သူရောက်လာသည်။ ညအလင်းရောင် မှိန်မှိန်အောက်တွင် အမေနဲ့ ကလေးတို့ရဲ့ မတူညီတဲ့ပုံစံနဲ့ အိပ်စက်နေကြတာကို ကြည့်ကာ သူမနေနိုင်ဘဲ ပြုံးလိုက်မိသည်။
စုန့်အာ့နန် နိုးလာမှာစိုးတာကြောင့် ဖေးခွမ် အောက်ထပ်မှာ ရေသွားချိုးလိုက်သည်။ သူ့သားကို အထဲက ကုတင်အသေးလေးပေါ်ချီတင်ပြီး သူ့မိန်းမဘေးမှာ ဝင်အိပ်လိုက်သည်။
စုန့်အာ့နန်မှာ သူမဘေးနားရှိ လှုပ်လှုပ်ရွရွလှုပ်ရှားနေသံ ကြောင့်နိုးလာခဲ့သည်။ ဖေးခွမ်ကို တွေ့လိုက်ရတော့ သူမ စက္ကန့်အနည်းငယ်လောက် ကြောင်အသွားသည်။
သူမက အိပ်မက်မက်နေတယ်လို့ ထင်ပြီး မျက်လုံးတွေကို ပွတ်လိုက်သည်။
ဖေးခွမ်က သူမရဲ့ အိပ်ချင်မူးတူး အကြည့်ကြောင့် ရယ်ချင်သွားသည်။ သူ မနေနိုင်ဘဲ တိုးတိုးလေး ရယ်လိုက်ပြီး "အိပ်မက်မက်နေတာ မဟုတ်ဘူး၊ ကိုယ်ပါ"
ပြောပြီးတာနဲ့ သူကငုံ့ကာ သူမ နှုတ်ခမ်းတွေကို ကိုက်နမ်းလိုက်သည်။
အခုတော့ စုန့်အာ့နန် အပြည့်အဝ နိုးလာသည်။ သူမက အံ့အားသင့်သွားပြီး "ရှင် ဘယ်လိုပြန်လာတာလဲ?"
ဖေးခွမ်က သူမကို အပြုံးနဲ့အတူ ထပ်နမ်းလိုက်သည်။ "စောစော ပြီးသွားလို့"
မူလက စုန့်အာ့နန်ကို သူ အံ့ဩသွားအောင် လုပ်ချင်ခဲ့ပေမယ့် လေယာဉ်ချိန်နောက်ကျတာကြောင့် အိမ်ပြန်နောက်ကျသွားသည်။
"ကိုယ့်ကို သတိရလား?" သူက သူမကို တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး သူမလည်ပင်းနားမှာ အသက်ပြင်းပြင်းရှူလိုက်သည်။
စုန့်အာ့နန် သူ့လက်တွေကြားထဲမှာ ရုန်းကန်နေပြီး ရေရွတ်လိုက်သည်။ "သတိရတယ်၊ ရှင့်ကို အရမ်းသတိရနေတာ"
သူတို့တွေ မတွေ့တာ နှစ်လလောက်ရှိပြီဖြစ်တာကြောင့် သေချာပေါက် သူမ သူ့ကိုသတိရပါသည်။
"မူမူလည်း ရှင့်ကိုသတိရနေတာ။ ညက ရေချိုးနေတုန်း ရှင်နဲ့ ဗီဒီယိုကော ပြောချင်တယ်လို့တောင် ပြောနေသေးတယ်"
ဖေးခွမ်က တိုးတိုးလေး ရယ်လိုက်ပြီး "ဒါဆို မနက်ကျ ကိုယ့်ကို တွေ့ရရင် သူအရမ်းအံ့သြသွားလိမ့်မယ်"
စုန့်အာ့နန်က အင်း လို့ခပ်တိုးတိုး ဆိုပြီး သူ့ခါးကို တင်းတင်းကျပ်ကျပ် ဖက်ကာ သူ့ကိုနမ်းဖို့ မော့လိုက်သည်။ ဖေးခွမ်လည်း သူမကိုပြန်နမ်းလိုက်သည်။
အနမ်းတွေပြင်းပြလာတာနဲ့အမျှ မီးတွေလည်းတောက်လောင်လာသည်။
ဖေးခွမ်က သူမရဲ့ညအိပ်အင်္ကျီထဲ သူ့လက်ကိုထည့်လိုက်တဲ့အချိန် စုန့်အာ့နန်က နောက်ဆုံးလက်ကျန်အသိစိတ်ကိုထိန်းကာ သူ့ကိုအမြန်တွန်းထုတ်လိုက်သည်။ "ဟင့်အင်း၊ မရဘူး၊ မူမူ ဒီမှာရှိနေတယ်လေ"
ဖေးခွမ်က မလှမ်းမကမ်းတွင် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေတဲ့ သားဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး မတတ်နိုင်ဘဲ သူ့နဖူးကိုထိလိုက်မိသည်။
ဒီကောင်လေးက တကယ် စိတ်အနှောက်အယှက်ဖြစ်စရာပဲ။
ဒါပေမယ့် ဒီအချိန်မှာ ရပ်လိုက်ရတာက လက်တွေ့မကျဘူးဆိုတာ သိသာလှသည်။ ဒီတော့ သူက သူမနားရွက်နားထိငုံ့လိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။ "ဒါဆို ကိုယ်တို့... စာဖန်ခန်းထဲသွားကြမလား?"
စာဖတ်ခန်းထဲတွင် ပြတင်းပေါက် အကြီးကြီးတစ်ခုရှိပြီး နေရာကောင်းလည်းဖြစ်သည်။
အရင်က အဲဒီကို သူတို့ အကြိမ်ကြိမ် သွားဖူးသည်။
စုန့်အာ့နန်က မျက်နှာတွေနီရဲနေကာ သဘောတူကြောင်း အသံပြုလိုက်သည်။
သူမဆီက ခွင့်ပြုချက်ရပြီးတာနဲ့ ဖေးခွမ်က စုန့်အာ့နန်ကို အိပ်ခန်းထဲကနေ ချီကာ စာကြည့်ခန်းထဲ တန်းသွားလိုက်သည်။
နောက်တစ်နေ့မနက်တွင် မူမူ ပထမဆုံးနိုးလာသည်။ သူ့ကိုယ်သူ ကုတင်အသေးလေးပေါ်မှာ အိပ်နေတာကိုမြင်တော့ အစက နည်းနည်းထူးဆန်းတယ်လို့ သူထင်လိုက်သည်။ ဒါပေမယ့် သူ လှည့်ကြည့်လိုက်ချိန် သူ့အဖေကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေ ချက်ချင်း တောက်ပလာသည်။
"ပါး!" သူဝမ်းသာအားရ အော်ခေါ်လိုက်သည်။
ဖေးခွမ်က ရှူး ဆိုတဲ့ အမူအရာပြလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ စုန့်အာ့နန်ကို လက်ညှိုးထိုးပြလိုက်သည်။
မူမူက အရမ်းလိမ္မာပါးနပ်ပြီး သူ့အဖေရဲ့ ဆိုလိုရင်းကို ချက်ချင်းနားလည်လိုက်သည်။ ချက်ခြင်း သူ့ပါးစပ်ကို လက်သေးသေးလေးနဲ့ အုပ်လိုက်သည်။
ဖေးခွမ်လည်း သူ့သားကြောင့် သဘောတကျဖြစ်သွားရသည်။ သူကုတင်ပေါ်ကနေ ထလာပြီး မူမူကို ဧည့်ခန်းဆီခေါ်သွားလိုက်သည်။
ဧည့်ခန်းကို ရောက်တာနဲ့ တပြိုင်နက် မူမူက ထိန်းမနိုင်တော့ပေ။ "ပါး ဘယ်တုန်းက ပြန်ရောက်တာလဲ? သားဘာလို့မသိလိုက်တာလဲ?"
ဖေးခွမ်က ပြုံးကာ သူ့သားရဲ့ ပါးကို ညှစ်လိုက်သည်။ "မနေ့ညက သား အိပ်ပျော်နေတယ်လေ"
မူမူက "အိုး" လို့ဆိုလိုက်ပြီး ဖေးခွမ် လည်ပင်းကို မလွှတ်တမ်းဖက်ထားခဲ့သည်။ "ပါး၊ ဘာလို့ ဒီလောက်အကြာကြီး အဝေးကို သွားနေတာလဲ? မူမူက ပါးကို သေအောင် လွမ်းနေတာ"
ဖေးခွမ် ရယ်လိုက်ကာ ပြန်ဖြေလာသည်။ "ပါးလည်း မူမူကို လွမ်းတာပေါ့။ ဒီတစ်ခါ ပြန်လာရင် သားနဲ့ အချိန်ပိုကုန်ပေးမယ်၊ ဟုတ်ပြီလား?"
သူ့အဖေက သူနဲ့အတူအချိန်ပိုကုန်ပေးမယ်လို့ ကြားတော့ မူမူ အရမ်းပျော်သွားသည်။ "ကောင်းပြီ!"
သားအဖတွေ မတွေ့တာ ကြာပြီမို့ သဘာဝအလျောက် ခဏလောက် ချစ်ချစ်ခင်ခင် စကားစမြည်ပြောဖြစ်ကြသည်။ မူမူ ငယ်စဉ်ကတည်းက အခြေခံအားဖြင့် ဖေးခွမ်နဲ့သာ ကြီးပြင်းလာရတာကြောင့် သူတို့နှစ်ယောက်က အမြဲတမ်း ဆက်ဆံရေး ကောင်းသည်။
သူက ဖေးခွမ်နဲ့ မရပ်မနား စကားစမြည်ပြောနေသည်။ သူငယ်တန်းမှာ သူငယ်ချင်းအသစ်တွေရခဲ့တဲ့အကြောင်းနဲ့ သူကစားဖူးတဲ့ ပျော်စရာကောင်းတဲ့အရာတချို့ကိုလည်း ပြောပြနေသည်။ ကျည်ကျည်ကျာကျာအော်နေတဲ့ စာငှက်ကလေးလိုပင်။
ဖေးခွမ်က စိတ်အနှောက်အယှက် မဖြစ်ဘဲ ရံဖန်ရံခါ မေးခွန်းတစ်ခု၊ နှစ်ခုလောက် မေးတတ်သေးသည်။ မသိလိုက်ခင်မှာဘဲ သူတို့တွေအချိန်အတော်ကြာ စကားစမြည်ပြောဖြစ်ကြသည်။
မူမူက တစ်ခုခုကို တွေးမိသွားပုံရပြီး "ပါး၊ သား လျှို့ဝှက်ချက်တစ်ခုပြောပြမယ်၊ အခု သားမှာ ညီမလေးတစ်ယောက်ရှိနေပြီ!"
ဖေးခွမ် အံ့အားသင့်သွားသည်။ သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ စုန့်အာ့နန် ကိုယ်ဝန်ရှိနေပြီ ဆိုတာဖြစ်သည်။
"ညီမလေး?"
မူမူက သွက်လက်စွာနဲ့ သူ့ခေါင်းလေးကိုညိတ်ပြလိုက်ပြီး "ဟုတ်တယ်၊ ညီမလေး။ သားကို မယုံရင် မားကိုမေးကြည့်"
ဒါကိုကြားတော့ ဖေးခွမ်မှာ သူ့ရဲ့အစောပိုင်းကမှန်းဆချက်တွေကို ပိုလို့တောင်ယုံကြည်သွားသည်။
တစ်ခုခုကို တွေးမိသွားပြီး မျက်နှာအမူအရာပြောင်းသွားသည်။
စုန့်အာ့နန် ကိုယ်ဝန်ရှိနေတယ်၊ ဒီတော့မနေ့ညက သူတို့လုပ်ခဲ့တာက အရမ်း... ဖေးခွမ် ဆက်မထိုင်နေနိုင်တော့ပေ။ "မူမူ ဒီမှာ လိမ်လိမ်မာမာနဲ့ထိုင်နေနော်၊ မား နေကောင်းရဲ့လားဆိုတာ ပါး သွားစစ်ကြည့်လိုက်ဦးမယ်"
ဒါပေမယ့် သူ လှည့်လိုက်တာနဲ့ အောက်ထပ်ကို ဆင်းလာနေတဲ့ စုန့်အာ့နန်နဲ့ တိုးသည်။
စုန့်အာ့နန်လည်း နည်းနည်းနားမလည်ဖြစ်သွားသည်။
သူမ လုံးဝနေကောင်းပါတယ်၊ ဘာဖြစ်လို့လဲ?
"ဘာဖြစ်လို့လဲ?" သူမ မေးလိုက်သည်။
ဖေးခွမ်က အမြန်တက်သွားပြီး သူမကို စစ်ဆေးလိုက်ကာ နောက်ဆုံး သူမဗိုက်ပေါ် သူ့လက်ကို ဖြည်းဖြည်းလေးတင်လိုက်ပြီး မေးလိုက်သည်။ "နေလို့အဆင်ပြေရဲ့လား? တစ်နေရာရာမှာ အဆင်မပြေဖြစ်နေလား?"
စုန့်အာ့နန်က အံ့ဩသွားပြီး "ဟင့်အင်း"
သူမ မသက်မသာ မဖြစ်နေဘူးဆိုမှ ဖေးခွမ် စိတ်သက်သာရာရသွားသည်။
သူက စုန့်အာ့နန်ကို သဘောမတူသလို ကြည့်လိုက်ပြီး "မင်း ကိုယ်ဝန်ရှိနေတာကို ဘာလို့ကိုယ့်ကိုမပြောတာလဲ?"
သူသာသိခဲ့ရင် မနေ့ညက သူ့ကိုယ်သူ ထိန်းချုပ်လိုက်မှာပေါ့။
ကိုယ်ဝန်ရှိတယ်?
စုန့်အာ့နန် စက္ကန့်အနည်းငယ်လောက် အံ့အားသင့်သွားသည်- "ကျွန်မ ဘယ်တုန်းက ကိုယ်ဝန်ရှိသွားတာလဲ?"
သူမရဲ့ တုံ့ပြန်မှုကို မြင်တော့ ဖေးခွမ် လည်း နည်းနည်းနားမလည်သလို ဖြစ်သွားသည်။ "မင်းမှာ ကိုယ်ဝန်မရှိနေဘူးလား?"
စုန့်အာ့နန်လည်း ခေါင်းခါပြလိုက်သည် "မရှိပါဘူး၊ ရှင့်ကို ဘယ်သူပြောတာလဲ?"
ဖေးခွမ် မူမူကို လှည့်ကြည့်လိုက်သည်။
ကလေးက အခြေအနေကို ရှင်းရှင်းလင်းလင်း မသိတဲ့အတွက် သူ့မိဘတွေကို နားမလည်သလိုကြည့်လိုက်သည်။
စုန့်အာ့နန် မျက်ခုံးနည်းနည်းပင့်မိသွားသည်။ မဖြစ်နိုင်တာ၊ မူမူက တစ်ခါမှမဟုတ်တဲ့ စကားတွေမပြောတတ်ဘူး။
"မူမူက ဘာပြောလိုက်လို့လဲ?" သူမ မေးလိုက်သည်။
ဖေးခွမ်လည်း ပြန်ဖြေလိုက်သည်။ " အခု သူ့မှာညီမလေးတစ်ယောက်ရှိနေပြီလို့ပြောတယ်"
ဒါကိုကြားတော့ စုန့်အာ့နန်မှာ နောက်ဆုံးတော့ ပြဿနာက ဘာလဲဆိုတာ သိလိုက်သည်။
သူမလည်း ကျိုးဝေ့ရဲ့ ကိုယ်ဝန်အကြောင်းကို အမြန်ပြောပြလိုက်ပြီးမှ ဖေးခွမ်လည်း ရယ်မိတော့သည်။
"ဒီလူရှုပ်ကလေးက အဖေကို ဘယ်လိုလုပ်မနက်စောစောခြောက်လွှတ်လိုက်တာလဲ?"
စုန့်အာ့နန်က မထိန်းနိုင်ဘဲ ရယ်လိုက်သည်။ "ရှင်းရှင်းလင်းလင်း မမေးခဲ့တာ ရှင့်အမှားပဲ၊ ဘယ်လိုလုပ် မူမူကို အပြစ်တင်နိုင်ရတာလဲ? အဲဒါက ယုတ္တိမသင့်တာကို"
ဖေးခွမ်က သူမလက်ကိုဆွဲကာ သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်သည်။ "မင်းက ကိုယ့်ဘက်မှာမနေဘဲ ကိုယ်တို့သားဘက်ကိုပဲ ဘက်လိုက်တယ်"
ပြောပြီးတာနဲ့ သူမရဲ့အားနည်းချက်ဖြစ်တဲ့ ကလိထိုးတာနဲ့ စနောက်လိုက်သည်။
စုန့်အာ့နန်က အဲ့ဒီနေရာမှာဆို အယားတတ်ဆုံးဖြစ်ကာ အထိန်းအကွပ်မဲ့စွာ ရယ်မိပေမယ့် သူမ မလွတ်ပါချေ။ သူ့ကိုအနူးအညွှတ် အသနားခံလိုက်ရသည်။
ဒါကြောင့် သူမရဲ့ ရယ်သံနဲ့ အသနားခံတဲ့အသံတွေက ဧည့်ခန်းထဲတွင် ပြည့်နှက်သွားသည်။
မူမူကတော့ အခြေအနေမျိုးကို ကျင့်သားရနေပြီဖြစ်သည်။ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်နေတတ်ပြီး စိတ်လှုပ်ရှားလာတဲ့အခါဆို သူက ဘေးကနေ လက်ခုပ်တီးတတ်သည်။
သူတို့ကို အားပေးကြမယ်!
သံသယမရှိစွာဘဲ ဒီမိသားစုအတွက်တော့ ကြည်နူးစရာကောင်းတဲ့ မနက်ခင်းတစ်ခုပင်။