← Chapters

အခန်း (၁၅၃)

Vol. 12 Ch. 153

အခန်း (၁၅၃)

Vol. 12 Ch. 153

မနက်စာစားပြီးတဲ့နောက် မူမူ ဧည့်ခန်းထဲမှာ ပုံဆွဲနေတုန်းမှာ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ကတော့ ဆိုဖာပေါ်တွင် ပျင်းပျင်းရိရိနဲ့ စကားစမြည်ပြောနေကြသည်။ ဖေးခွမ်က ရုတ်တရက်ပြောလာသည်။ "အာ့နန်၊ ကိုယ် အရင်ကပြောခဲ့တာကို မင်းဘာလို့ ပြန်မစဉ်းစားကြည့်လဲ?"

စုန့်အာ့နန် နည်းနည်းနားမလည်ဖြစ်သွားသည်။ "ဘာကိစ္စကိုလဲ?"

ဖေးခွမ်က ရယ်မောကာ ပြောလိုက်သည်။ “သားကြောဖြတ်တာကိုလေ"

ဒီအကြောင်းကို စုန့်အာ့နန် ကြားတာနဲ့ သူမက သူ့ကို စိုက်ကြည့်လိုက်သည်။ "ကျွန်မ အရင်ကတည်းက ပြောပြီးသွားပြီမဟုတ်လား? ဘာလို့ထပ်ပြောတာလဲ?"

ဒါပေမယ့် ဖေးခွမ်က လွယ်လွယ်နဲ့ အရှုံးမပေးချင်တဲ့ပုံနဲ့ အရင်က အကြောင်းအရာကို ထပ်ပြောလာသည်။ "အာ့နန်၊ ကိုယ်စုံစမ်းကြည့်ပြီးပြီ။ အဲဒါက အမျိုးသားတွေကို လုံးဝမထိခိုက်စေဘူးတဲ့"

စုန့်အာ့နန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့ သဘောထားကတော့ ခိုင်မာနေဆဲပင်။ သူမ သဘောမတူဘူးဆို သဘောမတူဘူးဘဲ။

တကယ်တော့ မူမူကို မွေးပြီးကတည်းက သူတို့မှာဒုတိယမြောက် ကလေးယူဖို့ စိတ်ကူးမရှိခဲ့ပါ‌ချေ။ ဖေးခွမ်က စုန့်အာ့နန် နောက်တစ်ကြိမ် ကိုယ်ဝန်ရသွားမှာကို စိုးကာ ထိုအဖြစ်ဆိုးကိုလည်း ထပ်မဖြတ်သန်းချင်တော့ပေ။

စုန့်အာ့နန်ကတော့ ဖေးခွမ်အလုပ်မှာ အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်သည်။

ဖေးခွမ်က သူမကို စိတ်ရှည်လက်ရှည်နဲ့ သွေးဆောင်သည်။ "အာ့နန် ၊ မင်းလည်း ဆရာဝန်ပဲလေ။ သန္ဓေတားဆေးက ၁၀၀% ထိရောက်မှုမရှိဘူးဆိုတာ ကိုယ် မင်းကို ပြောပြစရာမလိုဘူးထင်တယ်။ ကိုယ်ကတော့..."

စုန့်အာ့နန်အနေနဲ့ကတော့ သူဒါတွေပြောတာကို ထပ်မကြားချင်တော့ပေ။ သူမက သူ့ပါးစပ်ကို လှမ်းပိတ်လိုက်ပြီး "ကျွန်မက မရဘူးဆို မရဘူးပေါ့!"

"တစ်နေ့နေ့မှာ သမီးလေးတစ်‌ယောက်လိုချင်ရင် ဘယ်လိုလုပ်မလဲ? ရှင် မလုပ်နိုင်ရင် ကျွန်မက တခြားတစ်ယောက်ကို ရှာရမယ်လို့ မဆိုလိုနေဘူးလား?"

အဲ့ဒီစကားကိုကြားလိုက်တာနဲ့ ဖေးခွမ်ရဲ့အကြည့်တွေက အနည်းငယ် အန္တရာယ်များလာသည်။ "မင်းက တခြားတစ်ယောက်နဲ့ ကလေးယူချင်နေတာလား?"

စုန့်အာ့နန်ကလည်း ခေါင်းကို ဇွတ်ညိမ့်ပြပြီး "ဟုတ်တယ်၊ ရှင် မလုပ်နိုင်တဲ့ တစ်နေ့ကျရင် ကျွန်မမှာလည်း ရွေးချယ်စရာ မရှိဘူး"

ဖေးခွမ်မှာ ဒေါသအရမ်းထွက်လွန်းလို့ ရယ်လိုက်မိသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ 'သူမလုပ်နိုင်ဘူး' ဆိုပြီး သူမက နှစ်ကြိမ်ပြောတယ်။ ဒါကို သူက ဘယ်လိုလုပ် ခံနိုင်ရည်ရှိနိုင်မှာလဲ!

စုန့်အာ့နန်လည်း အန္တရာယ်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်သည်။ သူမက ပုံဆွဲနေတဲ့ သူမသားဘက် လှည့်လိုက်သည်။

"မူမူ၊ သား ဘာဆွဲနေတာလဲ? မားကိုပြပါဦး"

သေချာပေါက်ကို၊ မူမူကတော့ သူ့အမေက သူ့ကို လူသားဒိုင်းကာအဖြစ် အသုံးချနေတာ မသိလိုက်ပါချေ။ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ သူ့ပုံကြမ်းစာအုပ်ကို ကမ်း‌ပေးလိုက်သည်။

နောက်တော့ သားအမိနှစ်‌ယောက်က ပျော်ပျော်ရွှင်ရွှင်နဲ့ ဆွေးနွေးပြောဆိုနေကြတော့သည်။

ဖေးခွမ်လည်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

ဒီဒရာမာဇာတ်ကားပြီးရင် ဖေးခွမ်တစ်လလောက်အနားယူဦးမည်ဖြစ်သည်။ လက်ရှိမှာတော့ သူ့ရဲ့အလုပ်အစီအစဉ်တွေက ဒရာမာတွေ ရိုက်ကူးနေရင်းနဲ့ဘဲ လည်ပတ်နေသည်။ သူက မိသားစုနဲ့ အချိန်ပိုရရန် အခြားစီးပွားရေးလုပ်ငန်းတွေကို တတ်နိုင်သမျှ ရှောင်သည်။

ဖေးခွမ် အိမ်ပြန်ရောက်လာတိုင်း ကလေးထိန်းအတွက်အလုပ်က အရမ်းသက်သာသည်။ သူမအနေနဲ့ နေ့တစ်ဝက်သာ အလုပ်လုပ်ဖို့ လိုပြီး မူမူကို မူကြိုကနေ အကြိုအပို့လုပ်တာကိုလည်း ဖေးခွမ်ကသာ လွှဲယူလိုက်သည်။

ဒါ့အပြင် ဖေးခွမ်က ရက်အနည်းငယ်ကြာတိုင်း စုန့်အာ့နန်ဆီ အစားအသောက်တွေ ပို့ပေးဖို့ ဆေးရုံကိ သွားလေ့ရှိတာကြောင့် ဆေးရုံဝန်ထမ်းတွေဆီက အားကျမနာလိုမှုများစွာကိုလည်း ရသေးသည်။ တစ်နေ့မှာ၊ စုန့်အာ့နန်က ခွဲစိတ်မှုအပြီးဌာနကိုပြန်လာတဲ့အချိန် လုပ်ဖော်ကိုင်ဖက်တွေက သူတို့ရဲ့ အလုပ်နဲ့နေထိုင်မှုဘဝ ဟန်ချက်မညီမှု ပြဿနာတွေအကြောင်း ညည်းညူသံကို ကြားလိုက်ရသည်။

အချိန်ပို အလုပ် များလွန်းတာကြောင့် မိသားစုကို ဂရုမစိုက် ပေးနိုင်ဘူးလို့ ခင်ပွန်းသည်တွေက သူတို့ကို မကျေမနပ်ပြောကြကြောင်း ညည်းညူကြသည်။။

ဆရာဝန်တွေနဲ့ သူနာပြုတွေက အရမ်းအလုပ်များတာကြောင့် ဆေးရုံတွေမှာ ဒီလိုစကားတွေကြားရတာက မထူးဆန်းပေ။

ဒါပေမယ့် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒီအကြောင်းပြောတိုင်း စုန့်အာ့နန်ကတော့ လုံးဝဝင်မပါချေ။ အဓိကကတော့ သူမမှာ ဒီပြဿနာ လုံးဝမရှိလို့ဖြစ်သည်။

အမှန်တော့၊ စုန့်အာ့နန်အနေနဲ့ ဆေးရုံရှိ လုပ်ဖော်ကိုင်ဖက်များစွာက သူမကို အရမ်းအားကျမနာလိုကြောင်းကိုလည်း သူမသိသည်။

သူမအနေနဲ့တော့ ဖေးခွမ်နဲ့တွေ့ရတာ အရမ်းကံကောင်းတယ်လို့ ခံစားရသည်။

အခုပြန်တွေးကြည့်ရင် ဖေးခွမ်က နိုင်ငံခြားမှာ ကျောင်းသွားတက်တုန်းကလိုပဲ နှစ်တွေတစ်လျှောက်လုံး သူမအတွက် စွန့်လွှတ်အနစ်နာခံမှုတွေ အမြဲလိုလို လုပ်ခဲ့သည်။

သူမကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးတုန်းက အချိန်ကိုဆို ပြောဖို့တောင်မလိုပေ။ သူက မူမူ နှစ်နှစ်ပြည့်တဲ့အထိ အလုပ်ကနေ ၃ နှစ်ကြာ အနားယူခဲ့သည်။

သူမ ယောင်းမတောင်မှ ဖေးခွမ်လိုမျိုး လုပ်နိုင်တဲ့သူကို ရှာတွေ့ဖို့ဆိုတာ ရှားပါးတယ်လို့ ဆိုသည်။

အလုပ်ပြီးလို့ စုန့်အာ့နန် အိမ်ပြန်ရောက်တော့ မီးဖိုချောင်ထဲမှာ ဖေးခွမ် ချက်ပြုတ်နေတာကို တွေ့လိုက်ရသည်။

ဒီနေ့တော့ မူမူကို စုန့်လင်းချွမ်နဲ့ ကျိုးဝေ့တို့က ခေါ်သွားခဲ့ပြီး ညကျမှလာပို့ပေးမယ်လို့ ဆိုတာကြောင့် ညစာစားဖို့ သူတို့နှစ်ယောက်သာရှိသည်။

ဖေးခွမ်ကက ဘေးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ပြန်လာပြီလား၊ ဗိုက်ဆာနေပြီထင်တယ်။ ခဏနေရင် ညစာ ရတော့မယ်"

စုန့်အာ့နန်က ဘာမှပြန်မပြောဘဲ သူ့ကိုနောက်ကနေ လှမ်းဖက်လိုက်သည်။

သူမကို ဒီလိုမြင်လိုက်ရတော့ တစ်ခုခုတော့ ကြုံလာတာဖြစ်မယ်လို့ ဖေးခွမ်ထင်လိုက်သည်။

သူ့လက်ထဲက ဇွန်းကိုချလိုက်ပြီး ညင်ညင်သာသာမေးလိုက်သည်။ "ဘာဖြစ်လို့လဲ? စိတ်မချမ်းသာစရာတစ်ခုဖြစ်ခဲ့လို့လား?"

စုန့်အာ့နန်က ခေါင်းခါပြီး ‌ပြန်ဖြေလိုက်သည်။ "မဟုတ်ဘူး"

မိသားစုနဲ့ အလုပ်ကြား ကောင်းကောင်းမျှတအောင်မ လုပ်နိုင်တာကြောင့် ညည်းညူနေသည့် ဆေးရုံရှိ လုပ်ဖော်ကိုင်ဖက် တွေအကြောင်းကို သူမ ပြောပြလိုက်သည်။

ဒါကိုကြားတော့ ဖေးခွမ် ချက်ချင်း သဘောပေါက်သွားသည်။

ဒီတော့ ဒီကလေးမလေးက သူမအပေါ် သူကအနစ်နာခံလွန်းတယ်လို့ ခံစားမိလို့ မပျော်မရွှင်ဖြစ်နေတာဘဲ။

ဖေးခွမ်လည်း လှည့်ကာ စုန့်အာ့နန်ကို ဖက်ရင်း ခပ်တိုးတိုးရယ်လိုက်သည်။ "အာ့နန်၊ ကိုယ်က မင်းထက် ၇ နှစ်ကြီးတယ်ဆိုတာ မမေ့နဲ့ဦး"

စုန့်အာ့နန် နည်းနည်းနားမလည်ဖြစ်သွားသည်။

အသက် ၇ နှစ် ကွာတာနဲ့ ဘာဆိုင်လို့လဲ?

ဖေးခွမ် သူမ နဖူးကို ပုတ်လိုက်ပြီး "ကိုယ်က မင်းထက် ၇ နှစ်လောက်ကြီးတယ်၊ အလုပ်လည်း စောပြီးလုပ်ခဲ့တယ်၊ ဒီတော့သဘာဝအလျောက် ကိုယ်တို့က မတူညီတဲ့ ဘဝအဆင့်ကို ရောက်နေတာ"

"ကြည့်လေ၊ မူမူကို မင်းမွေးတုန်းက ကိုယ့်အနေနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ ကောင်းကောင်း ခြေကုပ်ရထားပြီးသားပဲ။ မိသားစုအတွက် အချိန်ပိုပေးရတာ ကျိုးကြောင်းဆီလျော်ပါတယ်။ ဒါပေမယ့် မင်းကျ မတူဘူး‌လေ၊ မင်းရဲ့အလုပ်က အခုမှစတာ။ ဒါကြောင့် မင်းအနေနဲ့ပိုပြီးအာရုံစိုက်သင့်တယ်"

စုန့်အာ့နန် မျက်တောင်ခတ်လိုက်သည်။ သူမ အဲဒီလို မတွေးခဲ့မိဘူး။

ဖေးခွမ် ရယ်လိုက်သည်။ သေချာပေါက် သူမ ဒီလို တွေးလောက်မှာပေါ့။

"ဒါ့အပြင် အနစ်နာခံတယ်ဆိုတာလည်း မရှိဘူး။ ကိုယ်လုပ်သမျှအားလုံးက ကိုယ့်အတွက်ပဲ"

စုန့်အာ့နန်က သူ့ကိုမော့ကြည့်လိုက်ပြီး "ကျွန်မကို နှစ်သိမ့်ဖို့ လာကြိုးစားမနေနဲ့"

သူမ မတုံးပါချေ။ အဲ့ဒါတွေ အားလုံးက သူ့အတွက်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ဖေးခွမ်က ခပ်တိုးတိုးရယ်လိုက်ပြီး "ကိုယ် မင်းကိုနှစ်သိမ့်နေတာမဟုတ်ပါဘူး"

"ဒါဆို ကိုယ်မေးပါရစေဦး၊ အွန်လိုင်းပေါ်မှာ လူတော်တော်များများ ပြောကြသလိုမျိုး၊ ဆရာဝန်လုပ်မယ့်အစား ဖျော်ဖြေရေးဘက်မှာ တိုးတက်အောင်လုပ်တာက ပိုကောင်းတယ်မဟုတ်လား? မင်းရော အဲ့ဒီလိုပဲခံစားရလား?"

စုန့်အာ့နန် တစ်ခဏလောက် အံ့အားသင့်သွားကာ ရုတ်တရက် သူပြောချင်တဲ့အရာကို နည်းနည်း နားလည်လာသလိုပင်။

ငါး မဟုတ်တဲ့သူက ငါးတစ်ကောင်ရဲ့ပျော်ရွှင်မှုကို ဘယ်လိုလုပ်သိနိုင်မှာလဲ?

ဖေးခွမ်က ဆက်ပြောလာသည်။ "ဟုတ်တယ်၊ ကိုယ်က‌တော့ ကိုယ့်အလုပ်ကို သိပ်အရေးကြီးတယ်လို့ မမြင်ဘူး။ လင်းချွမ် ကိုယ့်ကို အချစ်ကြောင့် ကန်းနေတာလို့အမြဲပြောနေတာ မဟုတ်ဘူးလား? ဒါကြောင့် ဒီဟာတွေလုပ်ရတာကို ကိုယ်အရမ်းကျေနပ်တယ်"

စုန့်အာ့နန်က နှုတ်ခမ်းတွေစိကာ သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

သူမ မ အ ပါချေ။ သူဒီလိုပြောပေမယ့် ဖေးခွမ် လုပ်သမျှကို သူမနားလည်သည်။

ဒါပေမယ့် အဆင်ပြေပါတယ်၊ သူမတို့မှာ ရှေ့ဆက်ရမယ့် အနာဂတ်တွေ အရှည်ကြီး ရှိသေးတယ်။ ဒီကြောင့် ရှေ့လျှောက် သူမက သူ့ကို ပိုပြီးကောင်းကောင်း ဆက်ဆံပေးမယ်!

.......

မူမူအသက် နှစ်နှစ်ကျော်တဲ့အခါ ဖေးခွမ်က သူ့ကို အခန်းခွဲအိပ်ခိုင်းဖို့ စစဉ်းစားနေပြီဖြစ်သည်။ ဒါပေမယ့် ကလေးရဲ့ သုံးနှစ်မြောက် မွေးနေ့ပြီးတဲ့နေ့မတိုင်ခင်အထိ သူ တရားဝင်စပြီး အကောင်အထည်မဖော်ဖြစ်ခဲ့ပေ။

အဲ့ဒီညမှာ စုန့်အာ့နန်ကိုရှောင်ပြီး ဖေးခွမ်က မူမူကို အဖေနဲ့သား သီးသန့် စကားပြောချင်တယ်လို့ ဆိုကာ မူမူကို စာဖတ်ခန်းထဲ ခေါ်သွားခဲ့သည်။ ကလေးတွေက သဘာဝအလျောက် စူးစမ်းတတ်ကြပြီး မူမူလည်း ချွင်းချက်မရှိပေ။ စာဖတ်ခန်းထဲ ဝင်ပြီးတာနဲ့ သူက မျက်လုံးဝိုင်းဝိုင်းကြီးတွေကို တဖျပ်ဖျပ်ခတ်ရင်း စိတ်အားထက်သန်စွာနဲ့မေးလိုက်သည်။ "ပါး ဘာပြောချင်လို့လဲ?"

ဖေးခွမ်က ပြုံးကာ သူ့ခေါင်းကို ပွတ်လိုက်သည်။ "မူမူ၊ သားက ဒီနေ့ဆို အသက်သုံးနှစ်ရှိပြီ၊ သားကအခု ကောင်လေးတစ်ယောက်ဖြစ်ပြီလို့ ပါးကြေညာတယ်"

မူမူရဲ့ မျက်လုံးတွေက ရုတ်တရက် တောက်ပလာသည်။ "တကယ်လား ပါး? သား အခု တကယ် ကောင်လေးဖြစ်လာပြီလား?"

ဖေးခွမ်က နောက်ထပ်သေချာတဲ့ အဖြေတစ်ခု ပေးလိုက်သည် - "ဒါပေါ့၊ မူမူက အခု ကောင်လေးတစ်ယောက်ဖြစ်လာပြီ ဆိုတော့ ပျော်လား?"

မူမူက ခေါင်းလေးကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်သည်။ "ပျော်တယ်!"

ကလေးတွေက ကြီးပြင်းလာဖို့ကို အမြဲတမ်းစောင့်မျှော်နေတတ်ကြတာမို့ "ကလေးလေး" ကနေ "ကောင်လေး" တစ်ယောက် ဖြစ်လာတယ်ဆိုတာက သူ့ကို အချိန်အတော်ကြာအောင် ပျော်အောင်လုပ်ပေးနိုင်လိမ့်မည်ပင်။ ဒါပေမယ့် ဒီကောင်လေးကတော့ ကောင်လေးတစ်ယောက် ဖြစ်လာတယ်ဆိုတာ ဘာကိုဆိုလိုမှန်း မသိပါချေ။

ဖေးခွမ်ရဲ့ နှုတ်ခမ်းက နည်းနည်း လှုပ်ရှားသွားပြီး သူ့လေသံက နည်းနည်းချော့မြူသလိုဖြစ်လာသည်။ "အခု မူမူက ကောင်လေးတစ်ယောက်ဖြစ်လာပြီဆိုတော့ ပါး၊မားတို့နဲ့အတူ အိပ်လို့မရတော့ဘူး။ ဒီညကစပြီး သားရဲ့ကိုယ်ပိုင်အခန်းထဲမှာ အိပ်ရမယ်"

မူမူက "အာ" လို့ဆိုလိုက်ပြီး သူ့မျက်နှာပေါ်က အပြုံးမှာလည်း ‌အေးခဲသွားတော့သည်။

ဒီတော့ ကောင်လေးတွေက သူတို့အဖေနဲ့အမေနဲ့အတူအိပ်လို့မရတော့ဘူးပေါ့? သူ ရုတ်တရက် စိတ်ရှုပ်ထွေးသွားရသည်။

"ဒါပေမယ့် ပါး၊ ပါးလည်း ကောင်လေးပဲလေ။ ပါး ကျ မားနဲ့အိပ်လို့ရတယ် မဟုတ်ဘူးလား?" မူမူက နားမလည်သလိုမေးလိုက်သည်။

ဖေးခွမ်က သူ့ခေါင်းလေးကို ပုတ်လိုက်ပြီး ပြုံးကာရှင်းပြလိုက်သည်။ "အဲဒါက မားက ပါးရဲ့ မိန်းမလေ၊ ပါးတို့တူတူအိပ်သင့်တာပေါ့"

မူမူက မျက်မှောင်ကြုတ်ပြီး ဘာကြောင့် သူတို့အတူတူအိပ်လို့ရမှန်း နားမလည်သေးပေ။

"ပါး အသက်သုံးနှစ်တုန်းကလည်း တစ်ယောက်တည်း အိပ်ခဲ့တာလား?" သူက မော့ကာ မေးလိုက်သည်။

"ဒါပေါ့" ဖေးခွမ်က အမှန်အတိုင်း ခေါင်းညိတ်ပြလိုက်သည်။ "ပါးက နှစ်နှစ်ကတည်းက တစ်ယောက်တည်း အိပ်ခဲ့တာ"

မူမူမှာ အဲ့ဒီစကားကိုကြားတော့ အံ့အားသင့်စွာနဲ့ မျက်လုံးတွေပြူးကျယ်သွားသည်။"အိုး ပါးက အရမ်းတော်တာပဲ!"

ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "ဒီတိုင်းပါပဲ၊ မူမူလည်း အရမ်းတော်တာပဲလေ၊ သားလုပ်နိုင်လား?"

"လုပ်နိုင်တယ်!" ကောင်လေးက လေထဲ လက်သီးကို ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။ "ပါး‌တောင်လုပ်နိုင်ရင် မူမူလည်း လုပ်နိုင်မှာ!"

ဖေးခွမ်က သူ့ခေါင်းကို ပွတ်ပေးပြီး အားပေးလိုက်သည်။ "ပါး သိသားပဲ၊ ပါးတို့ မူမူက အကောင်းဆုံးပဲ!"

ဒီလိုနဲ့ဘဲ သားအဖနှစ်ယောက် ချောချောမွေ့မွေ့နဲ့ သဘောတူညီချက် ရလိုက်သည်။

မူမူက စာဖတ်ခန်းထဲကနေ ထွက်လာကာ မားကိုလည်း ပြောပြရမယ်လို့ အော်ဟစ်နေသေးသည်။

ဖေးခွမ်လည်း သူ့နောက်ကနေ လိုက်လာကာ ပြုံးရင်းခေါင်းယမ်းလိုက်သည်။ မူကြိုမှာ ဒီပလိုမာတစ်ခုပဲရထားသေးတဲ့ ဒီကြောင်တောင်ကောင်လေးကို လိမ်ဖို့မလွယ်ဘူးပဲ။

ရေချိုးပြီးတဲ့နောက် စုန့်အာ့နန် အိပ်ခန်းကနေထွက်လာတော့ သူတို့သားအဖကို ဘယ်နေရာမှာ ရှာရှာ မတွေ့ပေ။ ဒါပေမယ့် အဝေးကနေ သူတို့တွေ စာဖတ်ခန်းထဲကထွက်လာတာကို သူမ မြင်လိုက်ရသည်။

"စာဖတ်ခန်းမှာ ဘာတွေသွားလုပ်နေကြတာလဲ?" သူမ အံသြစွာနဲ့မေးလိုက်သည်။

မူမူက သူမဆီ ဝမ်းသာအားရ ပြေးလာပြီး ပြောလာသည်။ "မား၊ ဒီည သားတစ်ယောက်တည်း အိပ်မယ်"

စုန့်အာ့နန် အံ့အားသင့်သွားသည်။ တစ်ယောက်တည်း အိပ်မယ်?

သူမ ထင်ထားတဲ့ အတိုင်းပဲ။

သူမအနောက်က ဖေးခွမ်ကို အလိုလိုကြည့်လိုက်သည်။ ဖေးခွမ်က အသာပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "ဒီည သူ့ကလေးအခန်းမှာ အိပ်မယ်လို့ ကိုယ်တို့ သဘောတူတယ်"

စုန့်အာ့နန်မှာ မတုံ့ပြန်မိခင် တစ်ခဏလောက် အံ့အားသင့်သွားသည်။ ဒီနေ့လည်ခင်းမှာ သူအဒေါ်ကြီးကို ကလေးထိန်းအခန်း သပ်သပ်ရပ်ရပ် လုပ်ထားခိုင်းနေတာ အံ့သြစရာမရှိတော့ဘူး။

ဒီတော့ သူက ဒါကိုစောင့်နေတာပဲ။

ဖေးခွမ်မှာ အရင်က မူမူကို အခန်းခွဲသိပ်ဖို့ အကြိမ်ပေါင်းများစွာပြောခဲ့ပေမယ့် ဒါပေမယ့် စုန့်အာ့နန်က သူလေးကို အရမ်းငယ်သေးတဲ့အတွက် သနားမိသည်။ ဒီတခေါက်တော့ သူက မူမူနဲ့ ပြောလိမ့်မယ်လို့ သူမ မမျှော်လင့်ထားဘူး။

ဒါပေမယ့် ကောင်လေးက စိတ်လှုပ်ရှားနေတာကို မြင်တော့ သူမ ဘာမှ ထပ်မပြောနိုင်တော့ပေ။

ဘာပဲဖြစ်ဖြစ် သုံးနှစ်သားတစ်ယောက်အတွက် အခန်းခွဲအိပ်တာက ပုံမှန်ဖြစ်သည်။

နှစ်ယောက်သား မူမူရဲ့ခေါင်းအုံးလေးနဲ့ စောင်လေးကို ကူသယ်ပေးကြသည်။ သစ်လွင်နေတဲ့ ကလေးအခန်းကို မြင်လိုက်ရတော့ ကလေးလေးက အရမ်းစိတ်လှုပ်ရှားနေတဲ့ပုံပင်။

"မား၊ အခုကစပြီး ဒါက သားအခန်းဖြစ်သွားပြီဟုတ်?" မူမူက မေးလိုက်သည်။

စုန့်အာ့နန်လည်း ပြုံးလိုက်ပြီး "အင်း၊ အခုကစပြီး ဒီအခန်းက သား အပိုင်ပဲ"

မူမူက ဝမ်းသာအားရနဲ့ ထပ်ပြီး ခုန်ပေါက်လိုက်သည်။ "ယေး!"

အချိန်အတော်ကြာ အံ့ဩပြီးတဲ့နောက် အိပ်ချိန်ရောက်လာသည်။ မူမူက သူ့ကုတင်သေးသေးလေးပေါ်မှာ လိမ်လိမ်မာမာနဲ့ အိပ်လိုက်ပြီး သူ့ကိုယ်သူ စောင်လေးပါခြုံထားလိုက်သည်။

ဖေးခွမ်က သူ့ကို အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ပြောပြပြီး စုန့်အာ့နန်ကလည်း သူနဲ့အတူ နားထောင်ပေးသည်။

ဒါက အရင်ကနဲ့ ဘာမှမကွာတာမို့ အိပ်ပျော်သွားတဲ့အထိ မူမူအနေနဲ့ ဘာမှ ထူးထူးခြားခြား မခံစားခဲ့ရပေ။ ဘာပဲဖြစ်ဖြစ် အခန်းပြောင်းလိုက်တာကလွဲရင် တခြားဘာမှမပြောင်းလဲသွားပါချေ။

ကောင်လေးရဲ့ အသက်ရှုသံမှန်မှန်ထွက်လာတော့ ဖေးခွမ်နဲ့စုန့်အာ့နန်တို့လည်း သူ့အခန်းထဲကနေ ထွက်လာလိုက်သည်။

ကလေးအခန်းက သူတို့အိပ်ခန်းရဲ့ တစ်ဖက်မှာရှိသည်။ အခန်းခွဲအိပ်တဲ့အခါ ဂရုစိုက်ရလွယ်ကူစေဖို့အတွက် အစကတည်းက ပြုလုပ်ထားတာဖြစ်သည်။

အိပ်ခန်းထဲပြန်ဝင်လာတော့ စုန့်အာ့နန်ကိုကြည့်ရတာ နည်းနည်းအတွေးပျောက်နေတဲ့ပုံပင်။

မူမူ မွေးလာကတည်းက သူမတို့တွေ သူနဲ့အတူတူ အိပ်ခဲ့ကြတာမို့ ရုတ်တရက် ခွဲလိုက်ရတော့ နည်းနည်းထူးထူးဆန်းဆန်း ဖြစ်သလို ခံစားလိုက်ရသည်။

မိဘကို မထားခဲ့နိုင်တဲ့ ကလေးတွေရှိသလို ကလေးကို မထားခဲ့နိုင်တဲ့ မိဘတွေက ပိုများတယ်လို့ ပြောကြတာကို စုန့်အာ့နန်ကြားဖူးသည်။

အခုကြည့်ရတာတော့ ဒါက မှန်တဲ့ပုံပင်။

စုန့်အာ့နန်ရဲ့ ပုံစံကိုမြင်လိုက်ရတော့ ဖေးခွမ် မတတ်နိုင်ဘဲ ခေါင်းခါလိုက်သည်။

သူက သူမ နှာခေါင်းကို တောက်လိုက်ပြီး ခပ်ဟဟရယ်လိုက်သည်။ "ဘာဖြစ်တာလဲ၊ မခွဲနိုင်ဘူးလား?"

စုန့်အာ့နန်က သက်ပြင်းချလိုက်ပြီး "နည်းနည်းပါ။ မူမူအရွယ်ရောက်တာ အရမ်းမြန်တယ်လို့ ခံစားရတယ်"

မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့အသက်သုံးနှစ်ပြည့်သွားပြီဖြစ်သည်။

ဖေးခွမ်လည်း သူမရဲ့ ခံစားချက်ကို နားလည်သည်။ တခါတရံ မူမူကိုကြည့်တဲ့အခါ ကလေးက နေ့စဉ်နဲ့အမျှ ပြောင်းလဲလာသလို သူလည်းခံစားရသည်။

သူက သူမကိုဖက်လိုက်ပြီး အလေးအနက်ပြောလာသည်။ "အာ့နန်၊ စွန့်လွှတ်ဖို့ဆိုတာက ကိုယ်တို့လိုမိဘတွေဆီမှာ မရှိမဖြစ် လိုအပ်တယ်။ ဒါက အစပဲရှိသေးတာ၊ နောင်မှာ အများကြီး ရှိလာဦးမှာ၊ ကိုယ့်တို့ ဒါကို ဖြည်းဖြည်းချင်း စပြီး ကျင့်သားရအောင်လုပ်ရမယ်"

အခုက အိပ်ခန်းခွဲအိပ်ရုံပဲရှိသေးသည်။ အနာဂတ်မှာ သူ့သူငယ်ချင်း အသိုင်းအဝိုင်းလည်း ရှိလာမည်။ အသက်ကြီးလာတဲ့အခါ သူ့ချစ်သူနဲ့ သူ့မိသားစုတွေလည်းရှိလာလိမ့်မည်ပင်။

မိဘတွေအနေနဲ့ သူတို့ဘဝထဲကနေ တဖြည်းဖြည်းနဲ့ သူထွက်သွားမယ့်အချိန်ကို သင်ယူရမည်ပင်။

စုန့်အာ့နန်လည်း ဒီသဘောတရားကို သဘာဝအလျောက် နားလည်သည်။ သူမနဲ့ စုန့်လင်းချွမ်တို့တုန်းကလည်း သူမရဲ့အစ်ကိုကြီးနဲ့ ယောင်းမတို့ အနေနဲ့ ဒီလိုမျိုးပဲဖြစ်လိမ့်မည်။ အချိန်တစ်‌ခုလောက် ချိန်ညှိလိုက်ရုံပင်။

"အင်း ကျွန်မ နားလည်ပါတယ်၊ ဖြည်းဖြည်းချင်းညှိယူရမှာပေါ့" သူမ ပြောလိုက်သည်။

ဖေးခွမ်က သူမရဲ့ လက်ဖဝါးကို ဆုပ်ကိုင်ထားပြီး အသိအမှတ်ပြုတဲ့အနေနဲ့ ရေရွတ်လိုက်သည်။ "အဆင်ပြေပါတယ်၊ မင်းမှာ ကိုယ်ရှိနေတုန်းပဲလေ။ ကိုယ်က မင်းနဲ့ အမြဲရှိနေပေးမှာ"

စုန့်အာ့နန်လည်း သူ့ရင်ခွင်ထဲကနေ ခေါင်းအသာညိတ်ပြလိုက်သည်။ "ကျွန်မရော"

All Chapters