← Chapters

အခန်း (၁၅၄)

Vol. 12 Ch. 154

အခန်း (၁၅၄)

Vol. 12 Ch. 154

ကလေးကို အခန်းခွဲသိပ်တာနဲ့ ပတ်သတ်ပြီး ဖေးခွမ် အရင်ကတည်းက အများအပြား လေ့လာထားခဲ့သည်။

ဥပမာအားဖြင့်၊ ကလေးတွေကို အခန်းခွဲအိပ်ခိုင်းဖို့ အသင့်တော်ဆုံးအရွယ်မှာ ၃ နှစ်မှ ၅ နှစ်အတွင်းဖြစ်သည်။ ဒီအရွယ်မှာ ကလေးတွေအနေနဲ့ ကျား၊မ ကွဲပြားမှုကို သိလာပြီဖြစ်သလို အခန်းခွဲလိုက်ခြင်းအားဖြင့် ကျား၊မ ရေးရာ ခံယူချက်တွေကို မှန်ကန်အောင် ပြုစုပျိုးထောင်ပေးနိုင်သည်။

သူ ဒီအကြောင်းကို အရင်က စုန့်အာ့နန်ဆီ ဘာလို့ပြောခဲ့လဲဆိုတာက အဓိကအားဖြင့် သူမအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနိုင်ဖို့ဖြစ်သည်။

သို့ပေမယ့် သူတို့တွေက အခန်းခွဲအိပ်ဖို့ လေ့ကျင့်ပေးနေတဲ့ကာလမှာပဲရှိသေးသည်။ ကလေးအနေနဲ့ အိပ်မပျော်ဖြစ်ကာ ကြောက်လန့်ပြီး ညလယ်တွင် နိုးလာတတ်သည်။

သူတို့နှစ်ယောက်အနေနဲ့ ဒါကိုဖြေရှင်းဖို့ ကြိုတင်ပြင်ဆင်ထားသည်။ စင်္ကြံက မီးတွေနဲ့ ကလေးအခန်းထဲက ညအိပ်မီးကို ဖွင့်ထားတဲ့အတွက် မူမူညဘက်နိုးလာလျှင် ကြောက်နေရလိမ့်မည်မဟုတ်ပေ။

သူတို့ရဲ့ အိပ်ခန်းတံခါးနဲ့ ကလေးအခန်းတံခါးကိုလည်း ဖွင့်ထားတာကြောင့် ညဘက်အချိန်မရွေး အခြေအနေကို စောင့်ကြည့်နိုင်သည်။

သူမဘေးမှာ မူမူ မရှိတာကြောင့် စုန့်အာ့နန်မှာ နည်းနည်း စိတ်မသက်မသာဖြစ်နေဆဲပင်။

နောက်ဆုံးတော့ ဖေးခွမ်က သူမအိပ်ပျော်အောင် ချော့သိပ်ပေးပေမယ့် သူမကတော့ မသက်မသာနဲ့ အိပ်ပျော်သွားသည်မှာ ထင်ရှားလှသည်။

သူမ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားလဲမသိပေ။ ရုတ်တရတ် ရုတ်တရက် သူမ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေတဲ့အချိန် သူမတို့ ကုတင်ဘေးမှာ ရပ်နေတဲ့ အရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။

စုန့်အာ့နန် လန့်သွားပြီး အခန်းထဲက မျက်နှာကျက်မီးကို အမြန်ဖွင့်လိုက်သည်။ ဒီတော့မှ သူမတို့ အိပ်ရာဘေးမှာ မူမူ ရပ်နေတာကို တွေ့လိုက်ရသည်။

ကောင်လေးက ရှုံ့မဲ့မဲ့အမူအရာနဲ့အတူ သူ့ခေါင်းအုံးလေးကို တင်းတင်းဖက်ထားသည်။

"မူမူ ဘာဖြစ်လို့လဲ?" စုန့်အာ့နန် မေးလိုက်သည်။

မူမူက ငိုသံနဲ့အတူ စူတူတူပြောလာသည်။ "မား၊ သားတစ်ယောက်တည်း အိပ်ရမှာ ကြောက်တယ်။ မားနဲ့ အတူအိပ်ချင်တယ်"

အဲ့ဒီအချိန် ဖေးခွမ်လည်း နိုးလာသည်။ မူမူကို ကုတင်ဘေးမှာတွေ့တော့ ဘာတွေဖြစ်နေလဲဆိုတာ သူသိလိုက်သည်။

ကောင်လေးကို ဒီလိုမျိုးမြင်လိုက်ရတော့ စုန့်အာ့နန်က အရမ်းစိတ်မကောင်းဖြစ်သွားသည်။ "လာ၊ တက်လာခဲ့ ပါး၊မားတို့နဲ့ လာအိပ်"

မူမူက ဖေးခွမ်ကို ချီတုံချတုံနဲ့ကြည့်လိုက်ကာ နည်းနည်း တွန့်ဆုတ်နေသည်။

ပါးကို တစ်ယောက်တည်း အိပ်ဖို့ ကတိပေးခဲ့တာ။ ဒီကတိကို သူဖျက်ပစ်သင့်လား?

ဒါပေမယ့် သူတကယ် တက်လာချင်တယ်ဆိုရင်ရော?

ဒါကိုမြင်တော့ ဖေးခွမ်လည်း ပြုံးလိုက်ပြီး သူ့ကို လက်ယပ်ခေါ်လိုက်သည်။ "လာ တက်လာခဲ့"

ဒါကိုကြားတော့ မူမူက လွှတ်ငြိမ်းခွင့်ရသွားလို ကြည့်လိုက်သည်။ သူကမျက်လုံးတွေ ပျောက်သွားတဲ့အထိ ရယ်လိုက်သည်။ "ကောင်းပြီ ဒါဆိုမူမူ လာပြီ"

နောက်တစက္ကန့်မှာတော့ မလှုပ်ရှားရသေးခင် ကလေးလေးက သူ့ခေါင်းအုံးလေးကို ကုတင်ပေါ် ပစ်တင်လိုက်သည်။

နောက်တော့ သွက်လက်စွာနဲ့ ကုတင်ပေါ်တက်ကာ သူ့ အဖေနဲ့အမေကြားမှာ ဝင်အိပ်လိုက်သည်။

ဒါပေမယ့် အဖေနဲ့အမေနဲ့အတူ အိပ်ချင်စိတ်ပေါ်လာပြီးတဲ့နောက်မှာ မူမူက ထပ်ပြီးစိုးရိမ်လာသည်။ "ပါး၊ သားက သတ္တိမရှိဘူးမလား?"

တစ်ယောက်တည်း အိပ်မယ်လို့ ကတိပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါချေ။

ဖေးခွမ်က ပြုံးလိုက်ပြီး "မဟုတ်ပါဘူး၊ ဒီတစ်ကြိမ် မလုပ်နိုင်တာက နောက်တစ်ကြိမ်လည်း မလုပ်နိုင်ဘူးလို့ မဆိုလိုဘူးလေ၊ ပါးတို့က ဖြည်းဖြည်းချင်း အချိန်ယူရမယ်"

မူမူက နားလည်သလိုလို နားမလည်သလိုဖြစ်နေသည်။

ဖေးခွမ်က ဆက်ရှင်းပြသည် - "သား အတုံးလေးတွေကို ဆောက်တုန်းကလိုပေါ့၊ ပထမအကြိမ်ကြိုးစားလိုက်တာနဲ့ အားလုံးပြီးပြည့်စုံအောင် ဆောက်နိုင်ခဲ့လား?"

မူမူက ဗုံလေးလိုမျိုး ခေါင်းခါလိုက်သည်။ "ဟင့်အင်း"

"ဒါပေမယ့် သား နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်ပြီး ကြိုးစားဆောက်လိုက်တော့ ကောင်းကောင်းဆောက်လာနိုင်တယ်"

ဖေးခွမ်က ပြုံးကာပြောလာသည်။ "မှန်တယ်၊ ဒါက ယုတ္တိဗေဒဘဲ။ ပါးတို့ ဒီတစ်ကြိမ် မအောင်မြင်ဘူးဆိုရင် မနက်ဖြန် ထပ်ကြိုးစားကြည့်ကြတာပေါ့။ သား လက်မလျှော့သရွေ့ သေချာပေါက် အောင်မြင်လာမှာ"

မူမူက ခေါင်းငုံ့ကာ ခဏလောက် ပြင်းပြင်းထန်ထန် စဉ်းစားကြည့်လိုက်တော့ သူ့အဖေရဲ့ စကားတွေက အဓိပ္ပါယ်များစွာ ရှိကြောင်း ခံစားလိုက်ရသည်။

ဟုတ်တယ်၊ သူ ဒီည မလုပ်နိုင်ရင် မနက်ဖြန်ညကျရင် ထပ်ကြိုးစားလို့ရသေးတယ်။

ဘာဘဲဖြစ်ဖြစ် သူလက်မလျှော့ဘူး။

ကလေးက သူ့စကားကို နားလည်သွားတာမြင်တော့ ဖေးခွမ်က ပြုံးကာ သူ့ဆံပင်တွေကို ပွတ်သပ်လိုက်သည်။

သူ့အဖေနဲ့အမေကြားမှာ လှဲနေရတာက အရမ်းလုံခြုံတယ်လို့ မူမူခံစားရတာကြောင့် မကြာခင်မှဘဲ အိပ်ပျော်သွားတော့သည်။

သူတို့သားအဖ အပြန်အလှန် ပြောဆိုနေတာကို ကြည့်ရင်း စုန့်အာ့နန်ရင်ထဲ နွေးထွေးလာသလို ခံစားလိုက်ရသည်။

သံသယမရှိစွာဘဲ၊ ဖေးခွမ်က ဖခင်ကောင်းတစ်ယောက်ဖြစ်သည်။ တကယ်ကောင်းသူဖြစ်သည်။

ပထမနေ့မှာ အခန်းခွဲအိပ်တာ ကျရှုံးသွားပေမယ့် မူမူကဆက်ပြီး ကြိုးစားခဲ့သည်။

ဖေးခွမ်ရဲ့စကားနဲ့ဆို၊ မြှားဟာ ထွက်သွားတာနဲ့ နောက်ပြန်လှည့်လာမည်မဟုတ်ပေ။ ကလေးကို လမ်းတစ်ဝက်မှာ လက်လျှော့လိုက်တယ်ဆိုတဲ့ အတွေ့အကြုံကို သူ မပေးချင်ပေ။

ကံကောင်းထောက်မစွာနဲ့ဘဲ မူမူက အရမ်းပူးပေါင်းဆောင်ရွက်တတ်သူဖြစ်သည်။ ဒုတိယမြောက်ညမှာ သူက သူ့အခန်းလေးဆီတစ်ဖန်ပြန်သွားသည်။

အဲ့ဒီနေ့ညသန်းခေါင်မှာလည်း မူးမူးနိုးလာပြန်သည်။

ဒါပေမယ့် ဒီတစ်ခါတော့ သူ့အဖေနဲ့အမေကိုရှာဖို့ အိပ်ရာက ချက်ခြင်းမထပေ။ အဲဒီအစား သူ့ခေါင်းအုံးလေးကို ဖက်ထားရင်း ခဏလောက် တွေးတောနေကာ နောက်ဆုံးသည်းမခံနိုင်တော့မှ အိပ်ရာက ထွက်လာလိုက်သည်။

ဒါက သူ့ကိုယ်သူ ခဏလောက်ထိန်းထားဖို့ နေ့ဘက်တုန်းက သူ့အဖေပြောခဲ့တဲ့ နည်းလမ်းပဲဖြစ်သည်။

ဒါပေမယ့် သူတကယ်သည်းမခံနိုင်တော့ဘဲ အရှုံးပေးမယ်ဆိုရင်တောင် အစကတည်းက တန်းပြီးအရှုံးမပေးလိုက်ဖို့ပင်။

မူမူ သူ့မိဘတွေရဲ့ကုတင်ဘေးကို ပြန်ရောက်လာတော့ စုန့်အာ့နန်က နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်သွားတာကို သူ တွေ့လိုက်ရသည်။ မနေ့ညက သူရောက်လာတော့ လန့်သွားတဲ့ သူ့အမေကို သူချက်ချင်းပြန်သတိရသွားသည်။

ဒါကြောင့် သူက သူ့ရဲ့ နို့သံလေးနဲ့ ပြောလိုက်သည်။ "မား၊ မကြောက်ပါနဲ့၊ သားပါ၊ မူမူ၊ မူမူလေ!"

တကယ်တော့ မူမူ မရောက်ခင်ကတည်းက စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ နိုးနေတာဖြစ်ပေမယ့် သူဘာလုပ်မယ်ဆိုတာကို မြင်ချင်တာကြောင့် ငြိမ်နေကြတာဖြစ်သည်။

ကောင်လေးက သူ့အခန်းထဲကိုပြန်သွားဖို့ ဆုံးဖြတ်လိုက်ရင် သူတို့က ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်မလို့ပင်။

ဒါပေမယ့် သူ့သားဆီက ဒီစကားကိုကြားတော့ စုန့်အာ့နန်ရဲ့ နှလုံးသားက ချက်ချင်း အရည်ပျော်ကျသွားတော့သည်။

ဝါး ဝါး ဝါး ၊ ဒါက ဘယ်သူ့ရဲ့ နွေးထွေးလိုက်တဲ့လူလေးလဲ!

စုန့်အာ့နန်က ကလေးကို ဖက်ကာနမ်းလိုက်တော့ ဘေးကဖေးခွမ်မှာ နည်းနည်း မနာလိုဖြစ်သွားရသည်။

ဟမ့်!

သူ့မိန်းမက သူ့ကိုကျ ဒီလိုမျိုးတစ်ခါမှ စမနမ်းဖူးဘူး! !

မူမူ အခန်းခွဲအိပ်တာနဲ့ပတ်သက်ပြီး ပထမဆုံးအောင်မြင်မှုရဖို့ အချိန် ငါးရက်ကြာခဲ့သည်။

အဲ့ဒီအချိန်ကစပြီး၊ တစ်လခန့်အကြာ မူမူ ဒါကို နောက်ဆုံးကျင့်သားမရသေးခင် ကြံ့ခိုင်မှုပိုင်း၌ ကျရှုံးမှုများစွာရှိခဲ့သေးသည်။

မည်သို့ပင်ဆိုစေကာမူ ကလေးက ငယ်သေးတဲ့အတွက် ဘယ်ဟာကမှ အပြည့်အဝမဖြစ်နိုင်ပါချေ။

ဒါကြောင့် ညဘက်မှာ အိမ်မက်ဆိုးကြောင့် သူနိုးလာရင် ဒါမှမဟုတ် တကယ်လို့ သူ့အဖေ၊အမေနဲ့အတူ အိပ်ချင်လျှင်ခြွင်းချက်အဖြစ် တစ်ကြိမ်သာ ပြုလုပ်ခွင့်ရှိတယ်လို့ သူတို့ကြား‌တွင် သဘောတူညီချက်တစ်ခု ထားထားကြသည်။

သို့ပေမယ့်အခန်းခွဲအိပ်တာ အောင်မြင်ပြီးသွားတဲ့နောက် အပျော်ဆုံးသူမှာ မူမူဖြစ်နေတာကို သူတို့နှစ်ယောက်စလုံး မမျှော်လင့်ထားကြပေ။

ကလေးလေးအတွက်၊ ဒါက သူနည်းနည်း ကြီးလာပြီဆိုတဲ့ လက္ခဏာဖြစ်သည်။

"ပါး၊ နောက်တစ်ခါကျရင် သားဘယ်အချိန်ပိုကြီးလာဦးမှာလဲ?" မူမူက ဆိုဖာပေါ်တွင် ထိုင်ကာ သူ့ခြေထောက်တိုလေးတွေကို လှုပ်ရင်း မေးလိုက်သည်။

ကြီးပြင်းလာဖို့ စိတ်အားထက်သန်နေတဲ့ ကောင်လေးက မစောင့်နိုင်တော့ဘူးဆိုတာ သိသာလှသည်။

ဖေးခွမ်က သူ့ခေါင်းကို ပွတ်လိုက်ပြီး ပြန်ဖြေပေးသည်။ "သူငယ်တန်း မစခင်အထိ စောင့်ရမှာပေါ့"

မူမူက သူ့ကို စူးစမ်းလိုစိတ်နဲ့ကြည့်ကာ မေးလာသည် "သူငယ်တန်းက ဘာလဲ?"

ဖေးခွမ်လည်း ပြုံးကာပြောပြလိုက်သည်။ "သူငယ်တန်းဆိုတာပ သူငယ်ချင်းလေးတွေ စုပြီး ကစားတဲ့ နေရာပဲ။ ဆရာတွေက သားကို ဂိမ်းဆော့ဖို့ ဦးဆောင်ပေးမယ်၊ ပုံပြင်တွေလည်း ပြောပြပြီး ဗဟုသုတအသစ်တွေ အများကြီးလည်း သင်ပေးမှာ"

သူငယ်ချင်းလေးတွေ အများကြီးရှိပြီး အတူတူ ဂိမ်းဆော့ကြရင်း တစ်ယောက်ယောက်က ပုံပြင်တွေပြောပြတယ်ဆိုတဲ့အကြောင်း ကြားလိုက်ရတော့ မူမူရဲ့ မျက်လုံးတွေက ချက်ချင်း တောက်ပသွားသည်။

ကောင်းလိုက်တဲ့နေရာပဲ! !

သူလေးက စိတ်အားထက်သန်စွာနဲ့ မေးလိုက်သည်။ "ပါး သား အခု သူငယ်တန်းတက်လို့ရပြီလား?"

သူ့သားရဲ့ တုံးအအနဲ့ စိတ်အားထက်သန်နေတဲ့ အကြည့်ကို မြင်လိုက်ရတော့ ဖေးခွမ် မနေနိုင်ဘဲ ရယ်လိုက်မိသည်။ သူကတော့ ဒီကောင်လေး နောက်မှနောင်တမရဖို့ မျှော်လင့်မိသည်။

"မရဘူး၊ သားအသက်က သုံးနှစ်ပဲရှိသေးတယ်။ သူငယ်တန်းက လေးနှစ်မှစတက်လို့ရမှာ"

မူမူက စိတ်ပျက်လက်ပျက်နဲ့ "အိုး" လို့ ဆိုလိုက်သည်။

အင်း၊ သူ့အသက် သုံးနှစ်ရှိနေပြီလေ။ လေးနှစ်ပြည့်ဖို့ တစ်နှစ်ပဲလိုတော့တာ။ သိပ်မကြာလောက်တော့ဘူးထင်တယ် ဟုတ်တယ်မလား?

ဒါကြောင့် လာမယ့်နှစ်မှာ သူငယ်တန်းတက်ဖို့ဆိုတာက မူမူ မျှော်လင့်ထားဆုံး ဖြစ်လာခဲ့သည်။

အချိန်တိုင်း သူ့အသက်‌လေးနှစ်ပြည့်ဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာ စုန့်အာ့နန်ကို မေးတော့သည်။ ပထမတော့ စုန့်အာ့နန်က နည်းနည်း နားမလည်ဖြစ်နေပေမယ့် အကြောင်းရင်းကို သိပြီးတဲ့နောက် သူမ အတော်လေး ရယ်လိုက်ရသည်။

နောက်ကျ ဒီကောင်လေးက နောင်တမရဖို့ သူမနဲ့ဖေးခွမ်ရော အတူတူ မျှော်လင့်မိသည်။

ဘာပဲဖြစ်ဖြစ်၊ စုန့်အာ့နန်အနေနဲ့ ကလေးတွေက သူငယ်တန်းတက်ဖို့ ငြင်းဆိုပုံနဲ့ ပတ်သက်ပြီး လုပ်ဖော်ကိုင်ဖက် အများအပြားဆီမှ မကျေမနပ်ပြောတာတွေကို သူမ ကြားခဲ့ရသည်လေ။

ဒီလိုနဲ့ ကလေးလေးရဲ့မျှော်လင့်ချက်နဲ့အတူ သူငယ်တန်းတက်ရဖို့ တောင့်တခဲ့ရတဲ့နေ့ဟာ နောက်ဆုံးတော့ ရောက်လာခဲ့သည်။ ဖေးခွမ်က ရိုက်ကူး‌ရေးကြောင့် အဝေးရောက်နေတာမို့ အဲဒီနေ့မှာ စုန့်အာ့နန်ကိုယ်တိုင် မူမူကိုခေါ်သွားပေးသည်။

အဲ့ဒီနေ့နံနက်အစောပိုင်းမှာ စုန့်အာ့နန် မနေနိုင်ဘဲ သူ့ကို ပြန်စဥ်းစားခိုင်းဖို့ ကြိုးစားခဲ့သေးသည်။

"မူမူ၊ သူငယ်တန်းက သားထင်သလောက် သိပ်မကောင်းဘူးလို့ တွေးမိဖူးလား?"

မူမူမှာ ခဏလောက်အံ့အားသင့်သွားသည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ပြီးတော့ သူက သိချင်စိတ်နဲ့မေးလိုက်သည်။ "မား၊ ဘာဖြစ်လို့ ဒီလိုပြောတာလဲ? မား သူငယ်တန်းမတက်ရလို့လား?"

စုန့်အာ့နန် သက်ပြင်းချလိုက်သည်။ ဒါပေါ့ သူမ တက်ရတာပေါ့။

အဲဒီတုန်းက တစ်တန်းလုံး သူငယ်ချင်း‌လေးတွေငိုနေတာကို သူမ မျက်လုံးနဲ့ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာ။

သူမ ခဏလောက်စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "မူမူ၊ သူငယ်တန်းစတက်တာနဲ့ ပါးနဲ့ မားတို့ကို တစ်နေ့လုံးတွေ့ရမှာ မဟုတ်ဘူးနော်"

မူမူက "အာ" လို့ဆိုလိုက်ပြီး "ညကျရင်ရော အိမ်မပြန်ရဘူးလား?"

စုန့်အာ့နန် ကပြန်ဖြေလိုက်သည်။ "ညဘက်ပြန်ရပြန်ပေမယ့် နေ့ဘက်ကျပြန်လို့မရဘူးလေ"

မူမူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး "ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နေ့ဘက်မှာလည်း ပါးနဲ့မားကိုသားမတွေ့ရဘူးလေ"

စုန့်အာ့နန်မှာ ဆွံ့အသွားရသည်။ တကယ်လည်း အဲ့ဒီလိုပဲ။

သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။ အိုး ကောင်းပြီလေ၊ အခုတော့ ဒီအတိုင်းပဲ သွားလိုက်ကြတာပေါ့။ အခု ကလေးလေးရဲ့ စိတ်အားထက်သန်မှုကြောင့် သူမ ဘယ်လောက် ပြောနေပါစေ အသုံးမဝင်ဘူးဆိုတာ သူမ တွေးမိသည်။ သူ့ကို ကိုယ်တိုင် တွေ့ကြုံခံစားခွင့်ပေးလိုက်တာက ပိုကောင်းတယ်။

အဲ့ဒီနေ့မှာ စုန့်အာ့နန်က မူမူကို သူငယ်တန်းဆီ ကိုယ်တိုင် ခေါ်သွားပြီး ဆရာမဆီ အပ်ခဲ့လိုက်သည်။

သေချာပေါက်၊ သူမ မျှော်လင့်ထားသလိုပဲ၊ တချို့ကလေးတွေက သူငယ်တန်း အဝင်ပေါက်မှာ ငိုနေကြသည်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ မူမူကတော့ တစ်ချိန်လုံး တည်ငြိမ်နေသည်။

စုန့်အာ့နန် ပြန်သွားတဲ့အခါ သူကဆရာမလက်ကိုကိုင်ရင်း ကျန်လက်တစ်ဖက်နဲ့ တာ့တာပြဖို့လည်း မမေ့ချေ။

အနီးနားရှိ ဆရာမတွေမှာ မနေနိုင်ဘဲ မူမူကို လှမ်းကြည့်မိကြသည်။ ဒီလို့နေ့မနက်မျိုးမှာ ကျောင်းမသွားချင်လို့ ငိုယိုနေကြတဲ့ ကလေးတွေ အများကြီးကို တွေ့ဖူးကြသည်။ သူ့လိုမျိုးကလေးတွေက တကယ်ရှားသည်။

သို့ပေမယ့် သူတို့တွေက တစ်ခဏလောက်တာ အံ့ဩကြသည်။ ဘာပဲဖြစ်ဖြစ် သူငယ်တန်းဆရာမတွေက တော်တော်လေး အတွေ့အကြုံရင့်ကြသည်လေ။

အခု မငိုတာက နောက်ကျအတန်းထဲရောက်ရင် မငိုဘူးလို့ မဆိုလိုပါချေ။

သူက ပြင်းပြင်းထန်ထန် အငိုတတ်ဆုံးကလေးလည်း ဖြစ်နေလောက်သည်။ နောက်ဆုံးမှာ၊ တခြားသူတွေက တစ်ချီငိုပြီးတာနဲ့ မောသွားတတ်ကြသည်။

ဒါပေမယ့် ကျောင်းစတက်တဲ့နေ့မှာ မူမူက အတန်းထဲမှာ မငိုတဲ့ တစ်ဦးတည်းသော ကလေးဖြစ်နေလိမ့်မယ်လို့ ဆရာမတွေ မထင်ထားပါချေ။

သို့ပေမယ့် မူမူက မငိုပေမယ့် အခုချိန်မှာ သူ သိပ်မပျော်တော့တာတော့ သိသာလှသည်။

ဒါက ပါး ပြောပြသလိုလည်း မဟုတ်ဘူး။

တခြားကလေးတွေက ဘယ်လို ငိုရမလဲဆိုတာပဲသိသည်။ ငိုနေတဲ့ ကလေးတွေကို ချော့ဖို့ ဆရာမတွေက အားလုံး စုခိုင်းလိုက်ကြသည်။ သူတို့က ဂိမ်းကစားဖို့လည်း ဦးဆောင်မပြသလို ပုံပြင်လည်းမပြောပြဘူး။

နောက်ပြီး သူ့ဘေးမှာထိုင်တဲ့ ကောင်လေးက အသံအရမ်းကျယ်သည်။ သူငိုနေတာနဲ့တင် မူမူကို ခေါင်းကိုက်လာစေသည်။

နောက်ဆုံးတော့ မူမူလည်း သည်းမခံနိုင်တော့ဘဲ လက်ဆန့်က အဲ့ဒီကောင်လေးရဲ့ အင်္ကျီကိုဆွဲလိုက်သည်။

အဲ့ဒီကောင်လေးက အားရပါးရငိုနေတာဖြစ်ကာတစ်ယောက်ယောက်က သူ့အင်္ကျီကိုဆွဲလိုက်တာကို ရုတ်တရက် ခံစားလိုက်ရသည်။ သူက အလိုလိုလှည့်ကြည့်လာသည်။

မူမူကိုမြင်တော့ ကလေးလေးက စက္ကန့်အနည်းငယ်လောက် ကြောင်အသွားပြီး ငိုရှိုက်သံတွေကြားက နေပြောလာသည်။ "မင်း၊ မင်းက အရမ်းချောတာပဲ!"

ဝတုတ်တုတ်ကောင်လေးက ငယ်ငယ်ကတည်းက ချောမောလှပတဲ့ မျက်နှာတွေကို သဘောကျတတ်သူဖြစ်သည်။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်၊ ကလေးပဲဖြစ်ဖြစ် ရုပ်ရည်ကြည့်ကောင်းတဲ့သူတွေကို သူ သဘောကျသည်။ ရုပ်ရည်ကြည့်ကောင်းနေသရွေ့ သူကတော့ သူတို့ကို ပိုသဘောကျသည်။

မူမူ နည်းနည်း အံ့သြသွားသည်။ ဒီကောင်လေးရဲ့ ပထမဆုံးစကားက ဒီအကြောင်းဖြစ်လိမ့်မယ်မှန်း ရှင်းရှင်းလင်းလင်းကို သူ မမျှော်လင့်ထားပါချေ။

ဒါပေမယ့် လူအများဆီကနေ သူ့ရုပ်ရည်ကို ချီးမွမ်းခံရတာကို သူ အသားကျနေပြီဖြစ်သည်။ သူ့အဒေါ်နဲ့ ပန်းခြံကိုသွားတဲ့အခါဆိုင်း လူတွေက သူ့ကို ချီးမွမ်းလေ့ရှိသည်။

"ကျေးဇူးတင်ပါတယ်၊ မင်းလည်း မဆိုးပါဘူး" မူမူက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

ဒါက သူ့အမေဆီကနေ သင်ယူခဲ့ရတဲ့ ယဉ်ကျေးသမှုအဖြစ် အပြန်အလှန် ချီးကျူးရမယ်ဆိုတဲ့ အရာပင်။

အယူအဆကတော့ တစ်စုံတစ်ယောက်က ကိုယ့်ကို ချီးကျူးတဲ့အခါ ကိုယ့်ဘက်ကလည်း ယဉ်ယဥ်ကျေးကျေးနဲ့ ပြန်ပြီးချီးကျူးရမည်ပင်။

ရှောင်ဖန်းမှာ မူမူလည်း သူ့ကို ပြန်ချီးကျူးလိမ့်မယ်လို့ မထင်ထားတဲ့အတွက် သူချက်ချင်းဝမ်းသာသွားသည်။ "ငါ့မေမေလည်း ဒီလိုပဲ ပြောတယ်။ ငါ့ ကိုယ်အလေးချိန် ကျသွားရင် ဒီထက်ပိုကြည့်ကောင်းလာလိမ့်မယ်တဲ့"

နောက်တော့ သူ့ဗိုက်ကို မချိတင်ကဲစွာကြည့်ကာ ညှစ်လိုက်သည်။ "ဒါပေမယ့် ကိုယ်အလေးချိန် ချဖို့က အရမ်းခက်ခဲတယ်။ အရသာရှိတဲ့ အစားအစာတွေ စားချင်စိတ်ကို ထိန်းမထားနိုင်ဘူး"

မူမူ ခေါင်းကုတ်လိုက်ကာ ဒီလိုပြဿနာတွေကို သူနားမလည်ဘူးဆိုတာ သိသာလှသည်။

တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ ရှောင်ဖန်းက မူမူကို ရုတ်တရက်ကြည့်လိုက်ပြီး "အိုး ဟုတ်သားပဲ၊ စောစောက ငါ့အင်္ကျီကိုဆွဲလိုက်တာ တစ်ခုခုဖြစ်လို့လား?"

မူမူက ခေါင်းညိတ်ပြလိုက်ပြီး "ခုနတုန်းက ဘာလို့ငိုနေတာလဲလို့ မေးချင်လို့?"

ရှောင်ဖန်း ခဏလောက်ကြောင်သွားပြီး ပြန်ဖြေလာသည်။ "သူငယ်တန်းမတက်ချင်ဘူး။ ငါ့အမေကို လွမ်းတယ်"

ဒီတော့မှဘဲ မူမူက လုံးဝမငိုကြောင်း သူသဘောပေါက်လိုက်သည်။ သူက အံ့သြသွားပြီး ပြောလာသည်။ "မင်းအမေကိုရော မလွမ်းဘူးလား?"

မူမူက ခေါင်းခါလိုက်ကာ "ငါ့မားက နေ့ဘက်မှာလည်း အလုပ်လုပ်ရတယ်။ ငါ သူငယ်တန်းမတက်ရင်တောင် မတွေ့ရဘူး"

ရှောင်ဖန်းက "အိုး" လို့ဆိုလိုက်ပြီး "ငါ့အဖေလည်း အလုပ်သွားတယ်၊ သူက သူဌေးလေ။ မင်းအမေရော ဘာလုပ်တာလဲ?"

မူမူ - "ငါ့မားက ဆရာဝန်လေ။ အလုပ်အရမ်းများတာ"

"ဘာ!" ရှောင်ဖန်းမှာ လက်မခံနိုင်စရာတစ်ခုခုကိုကြားလိုက်ရသလိုမျိုး မူမူကို ကြည့်လိုက်သည်။ "မင်း အမေက ဆရာဝန်လား?"

မူမူမှာ သူဘာလို့ ဒီလောက်ထိ ကြီးကြီးကျယ်ကျယ်တုံ့ပြန်လာသလဲဆိုတာ နားမလည်ပေမယ့် ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ် မားက ဆရာဝန်လေ"

ရှောင်ဖန်းရဲ့ အသံကအရမ်းကျယ်လွန်းတာကြောင့် ဘေးနားမှာရှိတဲ့ တခြားကလေးတွေရဲ့ ငိုသံကိုပါဖြတ်သွားသည်။

ပထမတော့ ရှောင်ဖန်း ပြောတာကို တခြားသူတွေက သိပ်မကြားကြပေမယ့် မူမူက သူ့အမေက ဆရာဝန်လို့ ပြောတာကို ကြားလိုက်ရတဲ့အခါမှာတော့ တခြားကလေးတွေရဲ့ မျက်နှာပေါ်မှာ ကြောက်လန့်တကြား အကြည့်တွေပေါ်လာသည်။

"နင်က သနားစရာကောင်းလိုက်တာ" ဆိုတဲ့ အမူအရာနဲ့ သူ့ကို ကြည့်လာကြသည်။

မူမူမှာ သူတို့ရဲ့အကြည့်တွေကြောင့် နားမလည်နိုင်ဖြစ်သွားရသည်။

"မူမူ၊ မင်း ဆိုးရင် မင်းအမေက ဆေးထိုးလား?" ရှောင်ဖန်းက စိတ်ဝင်တစား မေးလာသည်။

မူမူမျက်ခုံးတွေ တွန့်ချိုးသွားသည်။ "ဒါပေါ့ မထိုးပါဘူး။ ငါမှ နေမကောင်းမဖြစ်တာကို ဘာလို့ဆေးထိုးမှာလဲ?"

သူ့အမေကို မမှန်မကန်စွပ်စွဲနေတယ်လို့ ထင်ပြီး သူ့လေသံက ရုတ်တရက် ချဉ်စူးလာသည်။ "ငါ့မားက အရမ်းတော်တဲ့ ဆရာဝန်တစ်ယောက်ဘဲ။ သူက ရောဂါတွေကို ကုသပေးပြီး လူ့အသက်ကို ကယ်ပေးတယ်၊ လူတွေကို ကြုံရာဆေးလိုက်ထိုးနေတာမဟုတ်ဘူး!"

သူ့သူငယ်ချင်းလေး ရုတ်တရက် ဒေါသထွက်လာတာကို မြင်လိုက်ရတော့ ရှောင်ဖန်းလည်း နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ " မင်းအမေက ဆရာဝန်ကောင်းမဟုတ်ဘူးလို့ ငါပြောချင်တာ မဟုတ်ပါဘူး၊ ငါက ဒီတိုင်း..."

ဒါပေမယ့် သူရှင်းပြဖို့ ပိုကြိုးစားလေ၊ ပိုပြီးရှုပ်ထွေးလာလေလေပင်။

ကံကောင်းထောက်မစွာနဲ့ ဆရာမက ကိစ္စတွေကို ချောချောမွေ့မွေ့ ဖြစ်အောင် အချိန်မီရောက်လာသည်။ သူမက အတန်းထဲမှာ ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို ရိုးရိုးရှင်းရှင်း ရှင်းပြပေးပြီး ဆရာဝန်တွေက လူများကို တွေ့ကရာ ဆေးမထိုးတတ်ကြောင်းပြောပြသည်။

ဒါပေမယ့် အတန်းထဲက ကလေးတွေရဲ့ စိတ်ထဲမှာတော့ ဆရာဝန်တွေအပေါ် အကြောက်တရားက ခိုင်မာစွာ အမြစ်တွယ်နေပြီးသားပင်။ ဒီလောက်နဲ့ လွယ်လွယ်ကူကူ ချေဖျက်နိုင်မှာ မဟုတ်ပေ။

ဒါကြောင့် လူတိုင်းက မူမူကိုကြည့်တဲ့အခါ သနားတဲ့အရိပ်အယောင်တွေ ပါနေဆဲပင်။

မူမူရဲ့အမေက ဆရာဝန်ဖြစ်တယ်ဆိုတဲ့အချက်က လေးနှစ်၊ ငါးနှစ်အရွယ် ကလေးတွေအတွက် လုံးဝကိုကြောက်စရာကောင်းတဲ့အရာဖြစ်သည်။

မူမူရဲ့ သူငယ်တန်းတက်တဲ့ပထမဆုံးနေ့မှာ စုန့်အာ့နန်တစ်နေ့လုံး သူ့ကို စိတ်ပူနေခဲ့ရသည်။

သို့ပေမယ့် သူတို့ရဲ့သူငယ်တန်းက တစ်နေကုန်ဖြစ်သည်။ ကလေးတွေကို မနက်ဘက်သွားပို့ပြီး ညနေကျမှပြန်ကြို ရမည်ဖြစ်သည်။ သူတို့က သူငယ်တန်းမှာ နေ့လယ်စာစားချိန်နဲ့ တစ်ရေးတစ်မောလည်း အိပ်ရသည်။

ဒါက အသွားအပြန်လုပ်ရတာခက်ခဲတဲ့ မိဘတွေကို အခက်အခဲကနေ ကယ်တင်လိုက်တာပင်။

နောက်ဆုံးတော့ ညနေဘက် ကလေးတွေကို ကျောင်းကြိုရမယ့်အချိန်ရောက်လာသည်။ သူမက သူငယ်တန်းဝင်ပေါက်မှာ အစောကြီးရောက်နေပြီး ဒီတော့မှ မူးမူးကို ချက်ချင်းတွေ့မှာဖြစ်သည်။

မကြာခင်မှာဘဲ ကလေးတစ်စုကို ဆရာမတွေက ဦးဆောင်ခေါ်လာသည်။ အတန်းငယ်တဲ့ ကျောင်းသားအသစ်တွေက အရင်ထွက်ရသည်။

ဒီကလေးတွေက အများကြီး ငိုထားတာကြောင့် နောက်ကျမှသာ ထွက်ရရင် ပိုပြီးဆူပူနေလိမ့်မည်။

တခြားကလေးတွေနဲ့ လိုက်လျောညီထွေစွာ ရပ်နေတဲ့ မူမူကို စုန့်အာ့နန် အဝေးကနေ လှမ်းမြင်လိုက်သည်။ သူ့ဘေးမှာ သူနဲ့အတူ တစ်ချိန်လုံး စကားစမြည်ပြောနေတဲ့ ဝဝကစ်ကစ် ကောင်လေးတစ်ယောက်လည်းရှိသည်။

ဒီကောင်လေးက ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာပဲ သူငယ်ချင်းရလာတယ်!

အရမ်းကောင်းတယ်!

စုန့်အာ့နန် ခြေလှမ်းအနည်းငယ် လျှောက်လိုက်ရုံနဲ့ ကလေးအုပ်စုဆီ ရောက်သွားသည်။ ဒီအချိန်မှာ တခြားမိဘတွေ မရောက်သေးတဲ့အတွက် ကလေးတွေက စုန့်အာ့နန်ကိုတွေ့တော့ အရမ်းသိချင်နေကြသည်။

"ဘယ်လိုတောင်လှလိုက်တဲ့ အန်တီလဲ!" ဖက်တီးလေးရဲ့ မျက်လုံးတွေက ပေါက်ကွဲထွက်တော့မတတ်ပင်။ သူ့သူငယ်ချင်းကိုပြောပြဖို့ သူလှည့်ကြည့်ရုံဘဲရှိသေးချိန် မူမူတစ်ယောက် မီးရှူးမီးပန်းလိုမျိုး အပြေးအလွှားထွက်သွားတာကို သူမြင်လိုက်ရသည်။

"မား!"

ဖက်တီးလေးရဲ့ မျက်မှာပေါ်က အပြုံးက ချက်ချင်းအေးခဲသွားသည်။

ဒီအန်တီလှလှလေးက မူမူရဲ့ အမေဆရာဝန်တဲ့လား? !

ဝူးဝူးဝူး၊ ခုနတုန်းက အန်တီလှလှလေးကို နှုတ်ဆက်ဖို့တွေးထားတာကို အခုတော့ သူလုံးဝ မနှုတ်ဆက်ရဲတော့ဘူး!

သားဖြစ်သူရဲ့လက်ကို ကိုင်ထားရင်း စုန့်အာ့နန်က ဆရာမတွေကို အပြုံးနဲ့ နှုတ်ဆက်လိုက်သည်။ မူမူရဲ့အတန်းဖော်တွေကို သူမနှုတ်ဆက်ဖို့လုပ်တဲ့အခါ ကလေးတွေက သူမကို ကြောက်ရွံ့နေသလိုမျိုး နည်းနည်းထူးဆန်းသလိုကြည့်နေကြသည်။

ထူးဆန်းလိုက်တာ၊ သူမကို သူတို့တွေ ဘာလို့ကြောက်နေကြတာလဲ?

အိမ်အပြန်လမ်းမှာ စုန့်အာ့နန် မနေနိုင်ဘဲ မူမူကိုမေးကြည့်လိုက်သည်။

မူမူက ခဏလောက် တုံ့ဆိုင်းသွားပေမယ့် နေ့ဘက်တုန်းက သူငယ်တန်းမှာ ဘာဖြစ်ပျက်ခဲ့လဲဆိုတာ သူ့အမေကို ပြောပြလိုက်သေးသည်။

ဘာဖြစ်ပျက်ခဲ့သလဲဆိုတာကို ကြားလိုက်ရတော့ စုန့်အာ့နန်မှာ နည်းနည်း ရယ်ချင်သွားသည်။

ဆေးရုံမှာ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေက ကလေးတွေကို မလိမ္မာရင် ဆေးထိုးလိမ့်မယ် ဆိုပြီး"ခြောက်လှန့်" ဖို့ မိဘတွေက ဆရာဝန်တွေကို အသုံးချကြတယ်လို့ပြောကြသည်။ ဟိုတုန်းကတော့ သူတို့က ဒီတိုင်းရယ်စရာပြောတာလို့ ထင်ခဲ့ပေမယ့် တကယ်ဖြစ်နေမယ်လို့တော့ သူမ မထင်ထားပါချေ။

သူ့အမေ တိတ်သွားတာကိုမြင်တော့ မူမူက သူမ အထင်လွဲခံလိုက်ရလို့ စိတ်မကောင်းဖြစ်သွားတယ်လို့ထင်သွားသည်။ "မား၊ ဝမ်းမနည်းပါနဲ့။ မားက ကောင်းတဲ့ဆရာဝန်ဆိုတာ မူမူသိပါတယ်"

စုန့်အာ့နန်က သားဖြစ်သူရဲ့ ပါးကို ညှစ်လိုက်ပြီးပြောလိုက်သည်။ "စိတ်မပူပါနဲ့ မားစိတ်မကောင်းမဖြစ်ပါဘူး"

"ပြီးတော့ သားက တခြားကလေးတွေကို နားလည်မှုလွဲနေတာ။ သူတို့က မားကို မကောင်းတဲ့ဆရာဝန်လို့ပြောချင်တာမဟုတ်ဘူး"

မူမူက သဘောပေါက်သွားသလို အသံပြုလိုက်သည်။ ရုတ်တရက် သူ စိတ်ရှုပ်ထွေးသွားသည်။

သူ့စိတ်ထဲမှာ‌တော့ - သူ့အမေကို တွေ့ကရာလူဆေးလိုက်ထိုးနေတယ်လို့ပြောတာက မကောင်းတဲ့ဆရာဝန်လို့ပြောချင်တာမဟုတ်ဘူးလား?

ကောင်းတဲ့ဆရာဝန်တွေက ဖျားနာတာကိုကုပေးပြီး လူတွေကို ကယ်တင်ကြတာ၊ တွေ့ကရာဆေးလိုက်ထိုးနေတာမှမဟုတ်ဘဲ!

စုန့်အာ့နန်က ပြုံးလိုက်ပြီး မိဘအများစုက သူတို့ရဲ့ကလေးတွေကို ဆုံးမဖို့ ခြိမ်းခြောက်မှုတွေ လုပ်ကြတဲ့အကြောင်း သူ့ကိုအတိုချုပ်ရှင်းပြလိုက်သည်။ လူကြီးတွေက ဆိုးတဲ့ကလေးတွေကို ခြိမ်းခြောက်တတ်ကြတဲ့ တခြားဥပမာတွေကိုလည်း သူမ ပြောပြခဲ့သေးသည်။

မိဘတော်တော်များများက ကလေးတွေကို မလိမ္မာရင် ရဲဦးလေးတွေကို ခေါ်သွားခိုင်းလိုက်မယ် စသည်လိုမျိုး ပြောတတ်ကြသည်။

မူမူ အံသြသွားသည်။ သူတို့ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ?

"မိဘတွေ ဒီလိုလုပ်တာ မှားတယ်။ ကလေးတွေက မလိမ္မာရင် သူတို့ကို သင်ပေးလို့ရတယ်လေ။ ဒီလိုမျိုး ခြိမ်းခြောက်တာ ကမှားတယ်"

စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ရဲ့ မိဘအုပ်ထိန်းမှုခံယူချက်ကတော့ သူတို့ရဲ့ကလေးတွေကို လွတ်လွတ်လပ်လပ်တွေးခေါ်နိုင်စေဖို့ လမ်းညွှန်ပေးဖို့ဖြစ်သည်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ သူတို့က မူမူကို ဆက်ပြောဖို့ လမ်းညွှန်ပေးလေ့ရှိသည်။

"အိုး..ဒါဆို သူတို့ ဘယ်မှာမှားလဲဆိုတာ မားကို အတိအကျပြောပြပါဦး"

မူမူက အကျိုးအကြောင်းနဲ့ ပြောလာသည်။ “ကြည့်လေ မား၊ တကယ်လို့ သားလမ်းပျောက်သွားရင် ဒါမှမဟုတ် မကောင်းတဲ့လူတွေနဲ့ တွေ့ရင် ရဲဦးလေးကို အကူအညီတောင်းသင့်တယ်လို့ ပါး ပြောဖူးတယ်။ ဒီတော့ တခြားကလေးတွေက ရဲကို ကြောက်နေရင် သူတို့က ရဲဦးလေးကြီးတွေကို အကူအညီတောင်းရဲကြပါ့ဦးမလား?"

စုန့်အာ့နန်က မူမူ ပုခုံးကို ပုတ်လိုက်ပြီး "မားတို့ မူမူက အရမ်းတော်တာပဲ၊ သားပြောတာ မှန်တယ်!"

မူမူက မှန်ကြောင်းထောက်ခံ ခံလိုက်ရတဲ့အတွက် အရမ်းပျော်သွားသည်။ “ဆရာဝန်တွေလည်း အတူတူပဲလေ။ သား နေမကောင်းဖြစ်ရင် ပါးနဲ့ မားကို ချက်ခြင်းပြောပြရမယ်၊ ပြီးရင် ဆေးရုံမှာ ဆရာဝန်နဲ့သွားပြရမယ်လို့ မားပြောဖူးတယ်လေ"

"ဒါပေမယ့် ကလေးတွေက ဆရာဝန်ကိုကြောက်နေရင် တကယ်နေမကောင်းဖြစ်လို့ ဆရာဝန်ပြရမှာ ကြောက်ပြီး ဘာမှမပြောဘဲနေနေကြမှာ။ ဒါဆို နှောင့်...နှောင့်နှေး..."

ကောင်လေးက သူ့အမေသင်ပေးထားတဲ့ စကားစုကို ရုတ်တရက် မမှတ်မိတော့တဲ့အတွက် ခေါင်းကုတ်လိုက်သည်။ သူက အကူအညီတောင်းသလို သူ့အမေကို လှမ်းကြည့်လိုက်သည်။

စုန့်အာ့နန်က ပြုံးလိုက် သူ့အတွက် အဆုံးသတ်ပေးလိုက်သည်။ "ကုသဖို့ နှောင့်နှေးသွားမှာ"

မူမူလည်း သဘောပေါက်သွားသလို ပြောလာသည်။ "ဟုတ်တယ်၊ ကုသမှု နှောင့်နှေးသွားမှာ!"

ဒါကြောင့် ဒီမိဘတွေ ဒီလိုလုပ်တာမှားတယ်!

အကြောင်းအရင်းကို သိပြီးတဲ့နောက် မူမူက တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

မနက်ဖြန် သူငယ်တန်းမှာ သူ့အတန်းဖော်တွေကို သေချာရှင်းပြရမယ်။ ဒါမှ အနာဂါတ်မှာ သူတို့ထဲက တစ်ယောက်ယောက် နေမကောင်းရင် ဆရာဝန်ပြဖို့ မကြောက်ကြတော့မှာ။

အိုး ဟုတ်သားပဲ၊ ရဲဦးလေးကြီးတွေကိုလည်း အကူအညီတောင်းဖို့ မကြောက်ကြတော့မှာ!

All Chapters