အခန်း (၁၅၅)
Vol. 12 Ch. 155
မူမူကို ခဏလောက် စောင့်ကြည့်လေ့လာပြီးတဲ့နောက် စုန့်အာ့နန်လည်း သူ သူငယ်တန်းတက်ရတာကို တကယ်သဘောကျကြောင်း သိလိုက်ရသည်။ နောက်ဆုံးတော့ သူမ စိတ်သက်သာရာ ရသွားသည်။
သူငယ်တန်းတွင် မူမူက လိမ္မာရေးခြားရှိတဲ့ ကလေးတစ်ယောက်ဖြစ်သည်။ ဆရာမတွေ အားလုံးက သူ့ကို အရမ်းသဘောကျကြသည်။ ကောင်လေးက ရုပ်ရည်လည်းချောမောကာ၊ နာခံတတ်ပြီး အကျင့်စာရိတ္တလည်းကောင်းသည်။ အတန်းထဲက တခြားကလေးတွေကလည်း သူနဲ့ ကစားရတာကို သဘောကျကြသည်။
ဒါပေမယ့် အတန်းထဲက ဆရာမတွေလည်း မူမူက ဒီအရွယ်မှာ အရမ်းရှားတဲ့ ခိုင်မာတဲ့အမြင်ရှိတဲ့ ကလေးဖြစ်တယ်ဆိုတာ တဖြည်းဖြည်း သိလာရကြသည်။
ဆရာမပြောသမျှကို ယေဘူယျနားထောင်တတ်တဲ့ တခြားကလေးတွေနဲ့ မတူဘဲ၊ မူမူက ခြားနားသည်။ သူက လေးလေးနက်နက် တွေးတတ်သည်။ တစ်ခုခုကို သဘောမတူတဲ့အခါဆို သူ့ဘက်ကနေစပြီး မေးခွန်းထုတ်တတ်သည်။
ဥပမာအားဖြင့်၊ အတန်းထဲတွင် ဆရာမက ကလေးတွေကို သတ္တိရှိတဲ့အကြောင်း ပုံပြင်တွေပြောပြပြီး အတန်းထဲရှိ ကလေးတွေအားလုံးကို သူတို့လုပ်ခဲ့တဲ့ အရဲရင့်ဆုံးအရာများအကြောင်း ပြောပြခိုင်းသည်။
အချို့ကလေးတွေက သူတို့ဟာ ပိုးကောင်တွေကို မကြောက်ကြကြောင်း ပြောဆိုကြပြီး သူတို့ရဲ့မိခင်တွေကလည်း သူတို့ကို အရမ်းသတ္တိကောင်းသည့်အတွက် ချီးကျူးကြသည်။ အချို့ကလေးများကတော့ အမှောင်ကို မကြောက်ဟု ဆိုကြပြီး ဖခင်များက သူတို့ကိုသတ္တိရှိတာကြောင့် ချီးကျူးကြသည်။
ကလေးအားလုံးနီးပါးက တစ်ခုခုကို မကြောက်ဘူးလို့ ပြောတဲ့အတွက် သူတို့က ရမ်းသတ္တိရှိကြတယ်။
ဒါပေမယ့် မူမူ အလှည့်ရောက်တဲ့အခါမှာတော့ သူက ဒီပုံစံကို ချိုးဖျက်ပြီး ပြောလာသည်။ "သားလုပ်ခဲ့တာတွေထဲမှာ အရဲရင့်ဆုံးအရာကတော့ ပါးနဲ့မားတို့နဲ့ မတူတဲ့အခန်းမှာ အိပ်တာလို့ထင်တယ်"
ဒီစကားကိုကြားတော့ ဆရာမလည်း နည်းနည်း အံ့သြသွားသည်။ တကယ်တော့ ဒီအရွယ်ကလေးအများစုဟာ သူတို့ရဲ့မိဘတွေနဲ့ အတူအိပ်နေကြဆဲဖြစ်ပြီး တချို့တလေကသာ သီးခြားအခန်းတွေမှာ အောင်မြင်စွာနဲ့အိပ်စက်ကြတာဖြစ်သည်။
"မူမူ၊ သားက တကယ်သတ္တိရှိတာပဲ သား မကြောက်ဘူးလား?" ဆရာမက မေးလိုက်သည်။
မူမူက ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလာသည်။ "အစကတော့ သားနည်းနည်းကြောက်တယ် ဒါပေမယ့် သားအဖေက သားကြီးလာရင် တစ်ယောက်တည်း အိပ်တတ်ဖို့ လိုတယ်လို့ ပြောတယ်"
သူ့အဖေအကြောင်းပြောရတော့ ကလေးလေးက အရမ်းကိုဂုဏ်ယူနေတာ သိသာလှသည်။ “သတ္တိရှိတယ်ဆိုတာ ဘာကိုမှ မကြောက်တာကို ပြောတာမဟုတ်ဘူးတဲ့၊ ဒါပေမယ့် ကြောက်နေရင်တောင် သတ္တိရှိရှိလုပ်လို့ ပါးက ပြောတယ်"
သူအရမ်းကြောက်နေရင်တောင် သတ္တိရှိရှိ လုပ်ပါတဲ့။
ဒီတစ်ခါတော့ ဆရာမက ပိုလို့တောင်အံ့သြသွားသည်။ မိဘတွေဖြစ်ဖြစ် ဆရာမတွေဖြစ်ဖြစ် သတ္တိရှိတဲ့အကြောင်းပြောတဲ့အခါ အန္တရာယ်နဲ့ အခက်အခဲတွေကို မကြောက်တာက ရဲရင့်တယ် သတ္တိရှိတယ်လို့ ယေဘူယျအားဖြင့် ပြောကြလေ့ရှိသည်။
သတ္တိရှိတဲ့ ကလေးတွေကို မကြောက်ဖို့ဘဲ အလေးထားကြသည်။
'ကြောက်ရွံ့ခြင်း' ဆိုတာက တကယ်တော့ လူသားတွေရဲ့သဘာဝဖြစ်ပြီး ကလေးတွေအနေနဲ့ ဒီကမ္ဘာကြီးနဲ့ မရင်းနှီးတာကြောင့် သူတို့တွေအနေနဲ့ ကိစ္စအများအပြားကို ပိုလို့တောင် ကြောက်တတ်ကြတာကြောင့် ကလေးတွေအတွက် ပိုလို့တောင် ကြောက်ဖို့ကောင်းသည်။
သတ္တိရှိတယ်ဆိုတာ ဘာကိုမှ မကြောက်တာကို ပြောတာမဟုတ်ဘူးတဲ့၊ ဒါပေမယ့် ကြောက်နေရင်တောင် သတ္တိရှိရှိလုပ်ပါတဲ့။
ဆရာမက ကလေးတွေကို သတ္တိရှိတဲ့အကြောင်း ဘယ်လို သင်ပေးရမလဲဆိုတာကို ရုတ်တရက် သိလိုက်သည်။
အတန်းပြီးတာနဲ့ ဆရာမက ရုံးခန်းကို ပြန်သွားပြီး ဒါကို တခြားဆရာတွေဆီ ချက်ချင်း ဝေမျှလိုက်သည်။
ဒါက မူမူပြောတာဖြစ်ကြောင်း ဆရာမတစ်ယောက်ကြားတဲ့အခါ သူမက အရမ်းတည်တည်ငြိမ်ငြိမ်နဲ့တုံ့ပြန်လာသည်။
ဘာလို့လဲ ဆိုတော့ အရင်တုန်းကလည်း သူမ ဒီလိုမျိုးတွေ ကြုံဖူးတာကြောင့်ပင်။
"ဇာတ်လမ်းက ဘယ်လိုလဲ? ငါတို့ကို ပြောပြပါဦး"
ဆရာမက အလတ်တန်းရုံးခန်းကို ကြည့်လိုက်ပြီး ဘယ်သူမှ မရှိဘူးဆိုတာ သေချာအောင် လုပ်ပြီးမှဇာတ်လမ်းတစ်ခုလုံးကို ပြောပြလာသည်။
သူငယ်တန်းကို အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းအဖြစ် ခွဲခြားထားသည်။ အဲဒီအထဲမှာ အလယ်တန်းရှိ အရမ်းပြဿနာရှာတတ်တဲ့ ကလေးလေးတစ်ယောက်ရှိသည်။
အဲ့ဒီကလေးဟာ သူ့မိသားစုဆီက အလိုလိုက်ခံထား အလိုလိုက်ခံရတာ ဖြစ်နိုင်တယ်။ သူငယ်တန်းရောက်လာပြီးတဲ့နောက် သူက တခြားကလေးတွေကို တနေကုန် လိုက်စပြီး အနိုင်ကျင့်တတ်သည်။
နောက်ပြီး ဒီကလေးက သူဖြစ်ချင်သလို မဖြစ်ရင် ကမောက်ကမဖြစ်အောင် အဆုံးထိငိုလေ့ရှိသည်။ သူတစ်ခုခုကိုစလုပ်လိုက်တာနဲ့ သူငယ်တန်းအမိုးကိုပါ လှန်ပစ်ချင်နေတဲ့ပုံပင်။ သူက သူတို့အတန်းထဲက ဆရာမတွေကို အကြီးအကျယ် ခေါင်းကိုက်စေသည်။
ပြီးခဲ့တဲ့ အပတ် အဲ့ဒီအနိုင်ကျင့်တတ်တဲ့ပေါက်စလေးက အငယ်တန်းဝင်ပေါက်ကို ဖြတ်သွားတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် ဖက်တီးလေးနဲ့ မူမူတို့ မုန့်စားနေတာကို သူတွေ့ လိုက်သည်။ သူလည်း စားချင်တယ်လို့ မောက်မောက်မာမာနဲ့ ပြောလိုက်သည်။
မုန့်တွေကို မူမူ ယူလာတာဖြစ်သည်။ သူ့မှာ နေ့တိုင်း မုန်ြစားခွင့် အကန့်အသတ်ရှိပြီး ဒီနေ့တော့ ဖက်တီးလေးနဲ့ တချို့တစ်ဝက်ကို မျှစားလိုက်တာကြောင့် သိပ်အများကြီး မကျန်တော့ပေ။
ဒါအပြင် ဒီအနိုင်ကျင့်တတ်တဲ့ ပေါက်စလေးရဲ့ သဘောထားကိုလည်း သူ သဘောမကျတာကြောင့် တိုက်ရိုက်ငြင်းလိုက်သည်။
ဒါပေမယ့် ဒီအနိုင်ကျင့်တတ်တဲ့ ပေါက်စလေးက သူလိုချင်တာကို မရတဲ့အခါ လုဖို့ ကြိုးစားလာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားပါချေ။ ဖက်တီးလေးက ပထမဆုံး တုံ့ပြန်လာပြီး သူ့ကို တွန်းထုတ်လိုက်သည်။
ပြတ်ပြတ်သားသားပြောရရင် ဖက်တီးလေးမှာ ခွန်အားတချို့တလေရှိသည်။ ဒီအနိုင်ကျင့်တတ်တဲ့ပေါက်စလေးက သူနဲ့မယှဉ်နိုင်ဘူးဆို သိသာလှသည်။
မုန့်တွေကို လုလို့ မရနိုင်တဲ့အပြင် ရန်ပွဲ၌လည်း သူမနိုင်နိုင်တာကို သိလိုက်ပြီး အနိုင်ကျင့်တတ်တဲ့ ပေါက်စလေးက သူ့ရဲ့လူသတ်လက်နက်ကို ထုတ်သုံးလိုက်သည် - သူက မြေပြင်ပေါ်တွင် လူးလိမ့်ကာ အော်ငိုတော့သည်။
မူမူလည်း အံ့သြသွားရသည်။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ဒီလိုအကျိုးအကြောင်းမသင့်တဲ့သူမျိုးကို သူတစ်ခါမှ မကြုံဖူးပါချေ။
ဒီနေရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေသံကိုကြားတော့ သူငယ်တန်း အလတ်တန်းမှ ဆရာမက ပထမဆုံး အပြေးအလွှား ရောက်လာသည်။ အဲ့ဒါက အနိုင်ကျင့်တတ်တဲ့ပေါက်စလေးဆိုတာ မြင်တော့ သူမ ချက်ချင်းခေါင်းကိုက်သွားရသည်။
ဖြစ်ပျက်ခဲ့တာတွေကို သိပြီးတဲ့နောက် သူငယ်တန်း အလတ်တန်းမှ ဆရာမက ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းချင်သွားသည်။ ဒါကြောင့် သူမက "မျှဝေခြင်း" ဆိုတဲ့ အကြောင်းပြချက်ကိုသုံးကာ အနိုင်ကျင့်တတ်တဲ့ပေါက်စလေးကို မူမူ မုန့်ပေးလိုက်ဖို့ ကြိုးစားလိုက်သည်။
"မူမူ ဘာပြောခဲ့လဲ သိကြလား?" ဆရာမက လူတိုင်းရဲ့ စူးစမ်းချင်စိတ်ကို အရင် နှိုးဆွလိုက်သည်။
အားလုံးက တညီတညွတ်တည်းမေးလာသည်။ "သူဘာပြောလိုက်လဲ?"
ဆရာမက လည်ချောင်းရှင်းလိုက်ပြီး မူမူလိုမျိုး ကလေးဆန်တဲ့ အသံနဲ့ ပြောလိုက်သည် - "ဆရာမ၊ ဆရာမ မှားနေပြီ။ မျှဝေတယ်ဆိုတာ ကိုယ်သဘောကျ လိုအပ်တဲ့အရာကို ပေးတာမဟုတ်ဘဲ ကိုယ့်မှာပိုတာတွေကိုပေးတာလို့ ပါးနဲ့မားကပြောတယ်"
“ပြီးတော့ သူအကျယ်ကြီးငိုနေလို့ သူမှန်နေတာလည်းမဟုတ်ဘူးလေ။ ပြီးတော့ သူအကျယ်ကြီးငိုနေလို့ လူတိုင်းက သူ့ကို လိုက်လျောပေးရမယ်လို့လည်း မဆိုလိုဘူး။ ဒါကမမှန်ဘူး"
ဒီစကားကိုကြားတော့ ရုံးခန်းထဲက ဆရာမတွေက ရုတ်တရက် ငြိမ်သက်သွားကြသည်။
စက္ကန့်နည်းနည်းလောက် ကြာပြီးတဲ့နောက် ဆရာမတစ်ယောက်က တိုးတိုးလေးပြောလာသည်။ "သူ့ကို မှန်မှန်ကန်ကန် လုပ်ပေးရမယ်"
အရွယ်ရောက်ပြီးတဲ့သူဖြစ်တဲ့၊ ကျောင်းဆရာမတစ်ယောက်အနေနဲ့ ဒီလို ကလေးဆီက အပြောခံရတာက တကယ့်ကို ရှက်စရာကောင်းလှသည်။
"ကျွတ်စ် ၊ ဆရာမယန်က သူတို့အတန်းထဲက အနိုင်ကျင့်တတ်တဲ့ပေါက်စလေးရဲ့ မိသားစုဆီကနေ အကျိုးအမြတ်တစ်ခုခု ရထားတာဖြစ်မယ်။ မဟုတ်ရင် ဘာလို့ သူ့အပေါ် ဒီလောက်ဘက်လိုက်မှာတဲ့လဲ?"
ကံအားလျော်စွာနဲ့ မူမူက ထက်မြက်တဲ့ကလေးတစ်ယောက်ဖြစ်သည်။ ဒီလိုမှမဟုတ်ရင် သူတို့တကယ်ပဲ အဆုံးခံလိုက်ရမှာ။
"အင်း၊ အဲဒါက သေချာပေါက် သူအကျိုးအမြတ်တွေရနေလို့မဟုတ်ဘူး။ သူတို့အတန်းထဲက ကလေးက ဘယ်လောက် ကိုင်တွယ်ရခက်လဲဆိုတာကို ဘယ်သူက မသိလို့လဲ? ဆီတွေ၊ ဆားတွေ ဘယ်လောက် ထည့်ထားပါစေ သူက နားထောင်မှာမဟုတ်ဘူး။ သူနဲ့တွေ့ရင်တော့ ခေါင်းကိုက်ရပြီပဲ!"
သူတို့က ဒီလိုပြောနေပေမယ့် တခြားကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဥာဏ်ရည်ပိုထက်မြက်တာကြောင့် ဒီလိုလုပ်တာက မမှန်ပေ။ ပြီးတော့ သူတို့ကို "မျှဝေခြင်း" ဆိုပြီး လှည့်စားလိုက်သေးသည်။
နူးညံ့တဲ့ အရသာကို ရွေးထုတ်လိုက်တာပဲ။
ဒါပေမယ့် အားလုံးက သူတို့လုပ်ဖော်ကိုင်ဖက်တွေမို့ လူတိုင်းက အများကြီးတော့ ပြောလို့မရပေ။ ကံကောင်းထောက်မစွာနဲ့၊ သူတို့အတန်းထဲက ကျောင်းသားတွေ မရှုံးသွားတာမို့ ဒီကိစ္စကို ရှင်းသွားနိုင်လိုက်သည်။
သို့ပေမယ့် ဆရာမယန်ကို လှောင်ပြောင်ချင်တာနဲ့ စာရင် လူတိုင်းက မူမူရဲ့ မိဘတွေကို ပိုစိတ်ဝင်စားနေကြသည်။
ပြောရမယ်ဆိုရင် ဒီမိဘတွေက သူတို့ကလေးကို ဘယ်လိုသင်ပေးရမလဲဆိုတာ တကယ်သိတာပဲ။
ဆရာမတော်တော်များများက မူမူရဲ့အမေကိုသာ မြင်ဖူးကြသည်။ သူမဟာ အရမ်းလှပပြီး နူးညံ့သိမ်မွေ့သည်။ ဆရာဝန်တစ်ယောက်ဖြစ်တယ်လို့လည််း ကြားသည်။
ဒါပေမဲ့ မူမူရဲ့အဖေအကြောင်းကိုတော့ သူတို့ သိပ်မသိပေ။ ကျောင်းစတက်ကတည်းက ကြားဖူးခဲ့တာဖြစ်ပြီး ကလေးကို သူလာကြိုတာကိုတော့ တစ်ခါမှမတွေ့ဖူးပါချေ။ သူ့အဖေက မြို့ပြင်မှာ အလုပ်လုပ်တယ် ဆိုပြီး အဲ့ဒီကလေး ပြောတာကိုပဲ သူတို့ ရံဖန်ရံခါကြားနေရတော့ သူ တော်တော် အလုပ်များနေတဲ့ပုံပင်။
တကယ်တော့ ဖေးခွမ် မူမူကို ကျောင်းလာကြိုဖူးပေမယ့် သူ့ရဲ့ လူသိရှင်ကြား အထောက်အထားကြောင့် သူက ကားထဲကနေ မထွက်ဘဲ အဒေါ်ကြီးကိုဘဲ သူငယ်တန်းဝင်ပေါက်ဆီ သွားခေါ်ခိုင်းရတာဖြစ်သည်။
ဘာ နည်းလမ်းမှမရှိပါချေ။ ဖေးခွမ်က အခုချိန်မှာ တော်တော်လေး နာမည်ကြီးနေသည်။ သူက သုံးကြိမ်တိုင်တိုင် ရုပ်ရှင်ဧကရာဇ်ဖြစ်ခဲ့ပြီး နိုင်ငံတော်အသိအမှတ်ပြုမှုကို ရရှိထားတာဖြစ်သည်။
ဒါကြောင့် မှတ်မိခံရမယ့်အရာတွေကနေ ရှောင်ရှားဖို့အတွက် မိဘတွေတက်ရောက်ဖို့ လိုအပ်တဲ့အရာတွေရှိပါက ကျောင်းကို စုန့်အာ့နန်ပဲ သွားလေ့ရှိသည်။
ဒီနည်းနဲ့ ဖေးခွမ်တစ်ယောက် သူငယ်တန်းကို စာသင်နှစ်တစ်နှစ်လောက်မရောက်ဖူးပေ။
မကြာခင်မှာဘဲ သူငယ်တန်းရဲ့ စာသင်နှစ်ကုန် မိဘနဲ့ကလေး လှုပ်ရှားမှုနေ့ရောက်လာသည်။
အဲ့ဒီနေ့မှာ၊ စုန့်အာ့နန်က အတန်း group chatမှာ ဆရာမရဲ့သတိပေးချက်ကို မြင်တော့ သူမချက်ချင်း ခေါင်းကိုက်ချင်သွားသည်။
သူမရဲ့ စိုးရိမ်နေတဲ့ အကြည့်ကို မြင်တော့ ဖေးခွမ်လည်းမေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
စုန့်အာ့နန်က စိုးရိမ်တကြီးနဲ့ မျက်လုံးကိုမှိတ်ထားပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောလာသည်။ "သူငယ်တန်းဆရာမက မိဘနဲ့ကလေးလှုပ်ရှားမှုမှာ မိဘတွေကို ဖျော်ဖြေစေချင်တယ်လို့ ပြောတယ်"
သူမက သီချင်းလည်း မဆိုနိုင်သလို ကလည်းမကတတ်တဲ့အတွက် သူမ ငယ်ငယ်လေးကတည်းက ဖျော်ဖြေခြင်းအလုပ်က သူမ အကြောက်ဆုံးအရာဖြစ်လာသည်။
"အားးးကျွန်မတို့ ငယ်ငယ်တုန်းကဆို ကလေးတွေ ဖျော်ဖြေတာကို မိဘတွေကကြည့်ရတာ မဟုတ်ဘူးလား? အခု မိဘဖြစ်လာတာတောင် ဘာလို့ဖျော်ဖြေရဦးမှာလဲ?"
စုန့်အာ့နန်မှာ ပြောလေလေ၊ ပိုစိတ်ပျက်လာလေလေပင်။ သူမ ဆိုဖာပေါ် လှဲချလိုက်ပြီး သေချင်ယောင်ဆောင်လိုက်သည်။
ဖေးခွမ်က ရယ်လိုက်ကာ လျှောက်လာပြီး သူမကို ဆိုဖာပေါ်မှာ ထိုင်ဖို့ လှမ်းဆွဲလိုက်သည်။
"အဆင်ပြေပါတယ်၊ မင်းရဲ့ ယောက်ျားရှိသေးတယ်လေ။ ကိုယ်က ဖျော်ဖြေပေးမယ်၊ အချိန်ကျလာရင် ကိုယ်နဲ့မူမူကို မင်းက ဓာတ်ပုံရိုက်ထားပေးပေါ့"
စုန့်အာ့နန်က ချက်ချင်း ထထိုင်လိုက်ပြီး "တကယ်လား?"
ဖေးခွမ်က သူမ နှာခေါင်းကို ညှစ်လိုက်ကာ "မင်းရဲ့ယောက်ျားက မင်းကို ဘယ်တုန်းက ညာဖူးလို့လဲ?"
စုန့်အာ့နန်လည်း ချက်ခြင်း ဝမ်းသာသွားသည်။ အမှန်ဘဲ၊ သူတို့က မိဘတွေဖျော်ဖြေရမယ်လို့ပဲပြောတာ သူမဖြစ်ရမယ်လို့ မပြောထားဘူး။
ဒါပေမယ့် သူမ နောက်ထပ်ပြဿနာတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ "ခဏနေဦး ဒီတခေါက် မူမူရဲ့ သူငယ်တန်း လှုပ်ရှားမှုကို ရှင် တက်မှာလား?"
ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "ဒါပေ့ါ၊ ဒါက မိဘနဲ့ကလေး လှုပ်ရှားမှုလေ။ ကိုယ်က မူမူ ရဲ့ အဖေပဲ၊ ဒါကြောင့် ကိုယ်သွားသင့်တယ်"
စုန့်အာ့နန်က သူ့ကို လက်သီးနဲ့ထိုးပြီး ပြောလိုက်သည်။ "ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့၊ ကျွန်မ မေးချင်တာကို ရှင်သိပါတယ်"
မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားဖို့အတွက် မူမူရဲ့ သူငယ်တန်းကို သွားမယ်ဆိုရင် အကောင်းဆုံးဖြစ်မှာလို့ စောစောက သူတို့သဘောတူခဲ့သည်။
ဖေးခွမ်က ပြုံးကာပြောလိုက်သည်။ " ကောင်းပြီ၊ မူးမူးက ကိုယ့်ကို ဖိတ်ထားတာ။ ဒီတစ်ခေါက် သူငယ်တန်းကလေးတွေရဲ့ မိဘတွေ အားလုံးတက်ကြမယ်လို့ သူပြောတယ်၊ ဒါကြောင့် ကိုယ်လည်း သွားလို့ရလားလို့ သူမေးထားတယ်"
ဒီစကားကိုကြားတော့ စုန့်အာ့နန် ခဏလောက်တန့်သွားပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ တစ်ဖက်လူ ဘာတွေးနေလဲဆိုတာကို နှစ်ယောက်လုံး သဘောပေါက်လိုက်ကြသည်။
သူတို့က မူမူအတွက် ပိုကောင်းမယ်လို့ထင်ပြီး ဖေးခွမ် သူငယ်တန်းမှာ မပေါ်လာဖို့ အစက ဆုံးဖြတ်ထားကြသည်။ အဲဒီတုန်းက သူတို့က ကလေးကို လွတ်လပ်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းစေချင်တာဖြစ်သည်။
သူ့အဖေက နာမည်ကြီးတစ်ယောက်ဖြစ်တာကြောင့် သူ့ကို "နာမည်ကြီးဖေးခွမ်ရဲ့သား" ဆိုပြီး တံဆိပ်မကပ်ချင်ပေ။
မူမူက မူမူသာဖြစ်သည်။ သူ့ကို တခြားအရာတွေကြောင့် သိကြတာမဟုတ်ဘဲ မူမူဖြစ်တယ်ဆို အရာနဲ့ပဲ သိစေချင်သည်။
အနည်းဆုံးတော့ သူပိုင်တဲ့ ကမ္ဘာလောကတစ်စိတ်တစ်ပိုင်းက ပိုပြီးသန့်စင်နိုင်သေးသည်လေ။
ဒီဟာက ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ ပထမဆုံး တွေးခဲ့ကြတာဖြစ်သည်။
သို့ပေမယ့်၊ သူတို့ တစ်ချက် မေ့သွားသည် - ကလေးကိုယ်တိုင်က တွေးတောနိုင်သည်။
မူမူလို ကလေးတစ်ယောက်အတွက်၊ သူကိုယ်တိုင် ပြောလာတာက သူတကယ် ဂရုစိုက်ကြောင်း ပြသနေတာပင်။
အရင်က သူငယ်တန်း အခမ်းအနားများတွင် မိဘအများအပြားက သူတို့ရဲ့သားသမီးနဲ့အတူ လာကြောင်း စုန့်အာ့နန် ရုတ်တရက် သဘောပေါက်သွားသည်။
အဲ့ဒီအချိန်တုန်းက မူမူရဲ့တုံ့ပြန်မှုကို သတိမထားမိခဲ့တဲ့အတွက် ကလေးရဲ့ခံစားချက်အမှန်ကို သူမ လွတ်သွားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရသည်။
"ဒီလိုဆိုရင်ရော မူမူကို ရိုးရိုးရှင်းရှင်း ရှင်းပြရအောင်လေ။ သူက ရှင့်ကို သွားစေချင်သေးတယ်ဆိုရင် အတူတူ သွားကြတာပေါ့!" စုန့်အာ့နန်ပြောလိုက်သည်။
မူမူဟာ ငယ်သေးပေမယ့် သူ့ကို သူမတို့ ရှင်းပြလိုက်ရင် သူနားလည်နိုင်သေးသည်။
ဖေးခွမ်က ပြုံးကာ ပြန်ဖြေလာသည်။ "စိတ်မပူပါနဲ့ ကိုယ်သူနဲ့ စကားပြောပြီးသွားပြီ"
စုန့်အာ့နန် - "ဘာပြောလိုက်တာလဲ?"
ဖေးခွမ်က ပြုံးကာ "အများကြီးတော့ မပြောခဲ့ပါဘူး၊ အရင်က ကိုယ်တို့ပြောခဲ့တဲ့စကားတွေပါပဲ"
ဒါပေါ့၊ သူက သူ့အလုပ်အကြောင်း မူမူကို ရှင်းပြထားပြီး သူ့အဖေကို သိတဲ့လူတွေက သူ့ဆီ အခက်အခဲတွေယူလာနိုင်ကြောင်းကို ပြောပြခဲ့သည်။
စုန့်အာ့နန် - "ဒါဆို သူ ဘာပြောလဲ?"
အဲ့ဒီတုန်းက မူမူရဲ့စကားတွေကို တွေးမိတော့၊ ဖေးခွမ်မနေနိုင်ဘဲ သူ့မျက်လုံးတွေနဲ့ မျက်ခုံးတွေကြား သိမ့်မွေ့တဲ့အရိပ်အယောင်တွေကို ပြလာသည်။
ဒီကောင်လေးက ရှင်းရှင်းလင်းလင်း နားမလည်သေးပေမယ့် အဲဒီအချိန်တုန်းက သူ့တုံ့ပြန်မှုက သူ့နှလုံးသားကို နွေးထွေးသွားစေသည်။
"သူက၊ ကိုယ် သူ့အဖေဖြစ်တဲ့အတွက် သူအရမ်းဂုဏ်ယူတယ် ပြီးတော့ လုံးဝ စိတ်အနှောင့်အယှက်မဖြစ်ပါဘူးတဲ့လေ"
ကလေးတစ်ယောက်ရဲ့ မိဘအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာက အမှန်တကယ် ခြွင်းချက်မရှိတဲ့ ချစ်ခြင်းလို့ ဆိုကြသည်။
ရုပ်ဆိုးသည်ဖြစ်စေ လှသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိစ္စမရှိပါချေ။
ပြီးတော့ သူတို့က ကောင်းကျိုးဆိုးကျိုးကိုလည်း မတွက်ပါချေ။