အခန်း (၁၅၆)
Vol. 12 Ch. 156
မူမူရဲ့ စာသင်နှစ်ကုန် မိဘနဲ့ကလေး လှုပ်ရှားမှုကို ဖေးခွမ်က စင်ပေါ်မှာ ဖျော်ဖြေဖို့နဲ့ အပြီးသတ်လိုက်သည်။
ကလေးတွေရဲ့အစီအစဉ်ကို ကျောင်းရှိဆရာမတွေက အစမ်းလေ့ကျင့်ပေးပေမယ့် မိဘတွေရဲ့ အစီအစဉ်အတွက်တော့ မိဘတွေကိုယ်တိုင် ဆုံးဖြတ်ရသည်။
မူမူတို့အတန်းတွင် ကလေးအယောက် နှစ်ဆယ်ကျော်ရှိတာကြောင့် မိဘတွေအနေနဲ့ ပရိုဂရမ်နှစ်ခုသာ လုပ်ဖို့လိုသည်။
ဆရာမရဲ့ အကြံပြုချက်အတိုင်း သူတို့ကို အဖေများအဖွဲ့ အစီအစဉ်နဲ့ အမေများအဖွဲ့ အစီအစဉ်အဖြစ် ပိုင်းခြားထားသည်။ ဘယ်လို အစီအစဉ်တွေနဲ့ အစမ်းလေ့ကျင့်မလဲ ဆိုတာကတော့ သူတို့ဆွေးနွေးတဲ့ပေါ်ပဲမူတည်သည်။
စုန့်အာ့နန်မှာ မိဘတွေအနေနဲ့ သိပ်ပြီးစိတ်အားထက်သန်မှု မရှိဘူးလို့ အစောပိုင်းက ထင်မြင်ခဲ့ပြီး သူမအမြင်အရ စင်မြင့်ပေါ်၌ ဖျော်ဖြေဖို့ အတင်းအကြပ် ခိုင်းစေခြင်းက ဘယ်သူမှ သဘောကျတဲ့အရာမဟုတ်ဘူးလို့ထင်ခဲ့သည်။
သို့ပေမယ့် မမျှော်လင့်ထားစွာနဲ့၊ လူတိုင်းဟာ အရမ်းကိုပူးပေါင်းလုပ်ဆောင်ကြပြီး မိဘများအဖွဲ့စကားပြောခန်းမှာလည်း အရမ်းတက်ကြွနေကြကာ ဘယ်လိုအစီအစဉ်တွေ လုပ်မလဲဆိုတာကို အဆက်မပြတ် ဆွေးနွေးနေကြသည်။
နောက်ဆုံးမှာတော့ သူတို့က အမေများအဖွဲ့နဲ့ အဖေများအဖွဲ့ကို တစ်လှည့်ဆီ အကဖြင့် ဖျော်ဖြေဖို့ ဆုံးဖြတ်လိုက်ကြသည်။
တိုက်ဆိုင်စွာနဲ့၊ အဖေများအဖွဲ့ရဲ့ အကတွေဟာ ဖေးခွမ်နဲ့ စုန့်လင်းချွမ် တို့နှစ်ယောက်တွဲအလုပ်လုပ်တုန်းက နာမည်ကြီး ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်သည်။ ကကွက်တွေလည်း ပါသည်။
ဖေးခွမ်မှာ အဖွဲ့ထဲက ဖခင်တစ်ဦးတင်ထားတဲ့ ဗီဒီယိုကို မြင်လိုက်ရတဲ့အခါ၊ ဟိုတုန်းက အချိန်တွေကို သတိရလွမ်းဆွတ်မိသလို ခံစားလိုက်ရသည်။
အစီအစဉ်တွေကို ဆုံးဖြတ်ပြီးတဲ့နောက် ပါဝင်မည့် မိဘတွေက အတူတကွ အစမ်းလေ့ကျင့်ဖို့ အလျင်စလို မလုပ်ကြပေ။ လူတိုင်းက နေ့ဘက်မှာ ပုံမှန် အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတာကြောင့် အရင်ဆုံး တစ်ဦးချင်းလေ့ကျင့်ဖို့ စီစဉ်ထားပြီး နောက်ပိုင်းမှ အတူတူ ပြန်လည်လေ့ကျင့်ကြဖို့ လုပ်ထားကြသည်။
ထုံးစံအတိုင်း ဖေးခွမ်ကတော့ ကန့်ကွက်စရာမရှိပါချေ။ အရင်တုန်းက idol တစ်ယောက်အနေနဲ့ သူ့ရဲ့ သီချင်းဆိုနိုင်စွမ်းနဲ့ အကစွမ်းရည်တွေက အခိုင်အမာရှိပြီးသားပင်။ နှစ်များစွာကြာနေပေမယ့် ကျောင်းဖျော်ဖြေပွဲအတွက်တော့ လုံလောက်ပါသေးသည်။
ဒါ့ထက်၊ ဒါက သူတို့ခေတ်တုန်းက ပေါက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပင်၊ သူ့အနေနဲ့ ဒါကို တမင် လေ့ကျင့်ဖို့တောင် မလိုပါချေ၊ အဲဒါနဲ့ နည်းနည်း ရင်းနှီးအောင် လုပ်ရုံပင်။
မကြာခင်မှာဘဲ ပွဲကျင်းပမယ့်နေ့ ရောက်လာသည်။ ဖေးခွမ်က အဲ့ဒီနေ့မှာ ရိုက်ကူးရေးတစ်ရက်နားထားသည်။ အစတုန်းက သူက တခြားအဖေတွေနဲ့ အစမ်းလေ့ကျင့်ဖို့ နှစ်ရက်စောပြန်လာဖို့ စီစဉ်ထားခဲ့ပေမယ့် အချိန်သိပ်မရလိုက်ပေ။
ကံကောင်းထောက်မစွာနဲ့ တခြားအဖေတွေလည်း အချိန်သိပ်မရကြတဲ့အတွက် အတူတူလေ့ကျင့်ဖို့ ပွဲကျင်းပမယ့် မနက်ခင်းမှာ ဆုံကြဖို့ သဘောတူလိုက်ကြသည်။
ပွဲစတဲ့နေ့မှာ ဖေးခွမ်က မနက်စောစော လေဆိပ်ကနေ အိမ်ကိုပြန်လာသည်။ စုန့်အာ့နန်ကတော့ သူလိုအပ်သမျှ ပြင်ဆင်ထားပြီးပြီဖြစ်သည်။
မြန်မြန်ပြင်ဆင်ပြီး မနက်စာစားပြီးတဲ့နောက် သူတို့မိသားစုတွေ သူငယ်တန်းကို ချက်ချင်းထွက်လာခဲ့ကြသည်။
လမ်းမှာ မူမူက အရမ်းစိတ်လှုပ်ရှားနေပုံပင်။ သူ့အဖေနဲ့အမေက သူ့ရဲ့ သူငယ်တန်းပွဲတက်ဖို့ ပထမဆုံးအကြိမ် အတူတူ လိုက်လာတာဆိုတော့ အဲဒါကို တွေးကြည့်ရုံနဲ့ သူအရမ်းပျော်လာသည်။
သူငယ်တန်းကျောင်းနဲ့ မနီးမဝေးမှာ ကားရပ်လိုက်ပြီး မိသားစုသုံးယောက် ကားထဲကနေ ထွက်လာပြီး သူငယ်တန်းဝင်ပေါက်ဆီသို့ လမ်းကူးလာကြသည်။
အဲဒီအချိန်မှာ ဆရာမတွေက လူတွေကိုလက်ခံနေကြပြီဖြစ်သည်။
"မူမူ၊ မူမူရဲ့မေမေတို့ ရောက်လာကြပြီပဲ!" ဆရာမက နွေးနွေးထွေးထွေးပြောလာပြီး ဖေးခွမ်ကို လှည့်ကြည့်လိုက်ကာ "ဒါက မူမူ ရဲ့ဖေဖေလား?"
ကားပေါ်ကနေဆင်းလာကတည်းက လမ်းလျှောက်လာနေတုန်းမှာ ပြဿနာတစ်စုံတစ်ရာကို ရှောင်ရှားဖို့အတွက် ဖေးခွမ်က ဦးထုပ်နဲ့မက်စ် တပ်ထားတာဖြစ်သည်။ ယဉ်ကျေးသမှုနဲ့ ဖေးခွမ်လည်း မက်စ်ချွတ်လိုက်သည်။
"ဆရာမ၊ မင်္ဂလာပါ၊ ကျွန်တော်က မူမူရဲ့အဖေပါ" သူက ပြုံးကာ ဆရာမကို နှုတ်ဆက်လိုက်သည်။
အဲ့ဒီဆရာမမှာ ဖေးခွမ်ရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ အံ့ဩစွာနဲ့ ပြောလာသည်။ "ရှင်က ဖေးခွမ်?"
သူမပြောပြီးတာနဲ့ အနီးနားက တခြားဆရာမတွေလည်း တပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။
ဖေးခွမ်ကတော့ မှတ်မိခံရလိမ့်မယ်လို့ မျှော်လင့်ထားတာကြောင့် သူ သိပ်မအံ့သြပေ။
သူက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ ကျွန်တော်ပါ"
"ဒါပေမယ့် ဒီနေ့ ကျွန်တော်က မူမူရဲ့အဖေအဖြစ်လာတာပါ"
အို ဘုရားရေ!
တကယ်ကြီး ဖေးခွမ်ပဲ!
ဆရာမတွေက အံ့အားသင့်သွားကြပေမယ့် ကျောင်းအုပ်ကြီးက အလျင်အမြန် တုံ့ပြန်လာပြီး သူတို့ကို သူငယ်တန်းထဲ ကမန်းကတန်း ကြိုဆိုလိုက်သည်။
ကျောင်းအုပ်ကြီးနဲ့ သူတို့တွေ ထွက်သွားတဲ့နောက်မှာမှ အပေါက်ဝက ဆရာမတွေမှာ သတိပြန်ဝင်လာသည်။
ဆရာမတစ်ယောက်က သူမဘေးကလူကို မယုံနိုင်တဲ့အမူအရာနဲ့ လှမ်းဆွဲလိုက်သည်။ "မြန်မြန် ငါအိပ်မက်မက်နေတာ မဟုတ်ဘူးဆိုတာ သိရအောင် ရိုက်ပေးပါဦး!"
ဝါးး နေ့ခင်းကြောင်တောင်ကြီးမှာ သူမရဲ့idol ကို တကယ်ကြီးမြင်လိုက်ရတယ်
သူမ အိပ်မက်မက်နေတာပဲဖြစ်ရမယ်!
သူမ လှမ်းဆွဲလိုက်တဲ့သူက မူမူရဲ့ဆရာဖြစ်သည်။ တကယ်တော့၊ သူ့ဘေးက ဖေးခွမ်ဖန်နဲ့ ယှဥ်လိုက်ရင် သူက ပိုလို့တောင်အံ့ဩနေသည်။
သို့ပေမယ့် သူ အံ့အားသင့်နေသည်မှာ နာမည်ကြီးဖေးခွမ်ကို မြင်လိုက်ရတာကြောင့် မဟုတ်ဘဲ ဖေးခွမ်က မူမူရဲ့ အဖေဖြစ်နေတာကြောင့်ပင်။
အဲ့ဒီအကြောင်းကို ပြောရရင် မူမူရဲ့အဖေဆိုတဲ့သူအကြောင်းက သူတို့ရုံးခန်းထဲမှာ မကြာခဏဆိုသလို ပေါ်လာတတ်ပြီး ဆရာ၊ဆရာမတတွ ကြားမှာလည်း အတော်အတန်နာမည်ကြီးခဲ့သည်။
ကလေးလေးမူမူရဲ့ ပါးစပ်ကတစ်ဆင့် သူတို့အားလုံးက သူ့ကလေးကို ဒီလိုသင်ပေးတတ်တဲ့ တစ်ခါတစ်လေကျ သူတို့ဆရာ၊ ဆရာမတွေကိုပါ သိမ်ငယ်သွားစေတတ်တဲ့ မူမူရဲ့အဖေကို သိချင်ခဲ့ကြတာဖြစ်သည်။
ဒါပေမယ့် သူ့ကို နာမည်ကြီးဖေးခွမ်နဲ့ ဆက်စပ်ကြည့်ဖို့ မပြောနဲ့ စိတ်ကူးကြည့်ဖို့တောင် မရဲပါချေ။
ဝင်ပေါက်က ကလေးတွေကတော့ အခုလေးတင် သူငယ်တန်းအတန်းထဲ ဝင်သွားတဲ့ ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ကိုတော့ မသိကြပေ။
ဒါ့အပြင်၊ ဖေးခွမ်လည်း ဆရာ၊ ဆရာမတွေကြားမှာ တကယ်ကြီး သူ့အမာခံ ပရိသတ်တွေ ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားပါချေ။
အမှန်တော့၊ သူငယ်တန်းဆရာ၊ ဆရာမတွေက အသက်သိပ်မကြီးကြသေးဘဲ ယေဘူယျအားဖြင့် အသက်နှစ်ဆယ်ကျော်အရွယ်လေးတွေပဲရှိကာ၊ သူ့အသက်အရွယ်လူတွေကတော့ သူ့ပရိသတ်စာရင်းထဲမှာတော့ မပါလောက်ပေ။
ဒါပေမယ့် ဖေးခွမ်က လူလတ်ပိုင်းအရွယ်ဆိုပေမယ့် သူ့မျက်နှာကိုတော့ ကောင်းကောင်းထိန်းသိမ်းထားသေးသည်။ သူ့ပုံစံက ဝနေတာမဟုတ်တဲ့အတွက် ခြုံငုံကြည့်မယ်ဆိုရင် အခုခေတ် နာမည်ကြီး အမျိုးသား Idol တွေထက် နိမ့်ကျမနေပေ။
ဒါ့အပြင်၊ သူက အသက်ကြီးလာတာနဲ့အမျှ ယောက်ျားတစ်ယောက်ရဲ့ ရင့်ကျက်မှုတွေလည်း တိုးလာသည်။ ဖျော်ဖြေရေးနယ်ပယ်ထဲတွင် သူ့ကို 'အသိုင်းအဝန်းရဲ့ သကြားလုံးမျက်လုံးဦးလေး' လို့ခေါ်ကြသည်။
မတတ်နိုင်ပေ။ ပရိတ်သတ်အသိုင်းအဝိုင်းရဲ့ သံမဏိစည်းမျဉ်းမှာ ရုပ်ရည်သည်သာ အရာရာဖြစ်သည်။
ဖေးခွမ်တို့ မိသားစုက နည်းနည်းစောပြီး ရောက်လာကြကာ တခြားကလေးတွေနဲ့ မိဘတွေလည်း သိပ်မရောက်သေးတာကြောင့် အခုအချိန် သူငယ်တန်းအခန်းမှာ လူအနည်းငယ်သာ ရှိသည်။
လူတိုင်းက သူတို့သားသမီးတွေနားမှာပဲရှိနေကြကာ သူတို့ကိုတော့ အာရုံမစိုက်မိကြပေ။
မကြာခင် အစမ်းလေ့ကျင့်ဖို့ မူမူကို သူ့ဆရာက အနောက်ကို ခေါ်သွားသည်။ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့လည်း တိတ်တဆိတ် ထိုင်ပြီး အနားယူဖို့ နေရာတစ်ခုကို ရှာလိုက်သည်။
ဖေးခွမ်က group ထဲရှိ မက်ဆေ့ချ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "တခြား အဖေတွေလည်း ရောက်တော့မယ်တဲ့၊ ကိုယ် မင်းနဲ့အတူ ခဏလောက်နေနေပေးမယ်၊ သူတို့ဒီရောက်လာကြရင် ကိုယ်လည်း အစမ်းသွားလေ့ကျင့်ရမယ်"
ဖေးခွမ်ရဲ့မျက်လုံးတွေထဲက ပင်ပန်းနွမ်းနယ်မှုကို မြင်လိုက်ရတော့ စုန့်အာ့နန်က ပြောလိုက်သည်။ "ရှင်ပိုပြီး အနားယူရအောင် အဲ့ဒီအစားဖျော်ဖြေရမယ့်သူက ကျွန်မသင့်တာ"
သူမ တကယ် ကတာ မကျွမ်းကျင်ပေမယ့် ဒီလို ဖျော်ဖြေမှုမျိုးအတွက်တော့ ကောင်းလားဆိုးလား အရေးမကြီးဘဲ ပါဝင်မှုအပေါ်ပဲ အာရုံစိုက်သင့်သည်။
ဖေးခွမ်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး ခပ်သာသာလေး ညှစ်လိုက်ကာ "အဆင်ပြေပါတယ်၊ ဒီဟာကို ကိုယ်အိပ်ပျော်နေရင်းတောင် က နိုင်တယ်။ နည်းနည်းလောက် လှုပ်ရှားရုံပဲလိုတယ်၊ ကိုယ် မပင်ပန်းပါဘူး"
သူဒီလိုပြောနေပေမယ့် စုန့်အာ့နန်ကတော့ စိုးရိမ်နေတုန်းပင်။ ဖေးခွမ်တစ်ယောက် မနေ့က တစ်ညလုံးရိုက်ကူးရေးလုပ်ခဲ့ပြီး ဒီကိုချက်ချင်းအပြေးအလွှားပြန်လာမှန်းသူမသိသည်။
ဒီကို မလာခင် သူလုံးဝနားခဲ့ရမှာမဟုတ်ပေ။ ဒီလိုမျိုး ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ? Iron man တောင် ဒီလိုမျိုးလုပ်နိုင်မှာမဟုတ်ဘူး။
"နောက်တစ်ခါ ဒီလိုမလုပ်နဲ့။ ရှင် တကယ် မလုပ်နိုင်ရင် ပြန်မလာလည်းရတယ်၊ မူမူကို ကျွန်မ ရှင်းပြလိုက်မယ် သူနားလည်မှာပါ"
ဒါပေမယ့် ဖေးခွမ်က လက်ယမ်းပြလိုက်ပြီး "တကယ် ဘာမှမဖြစ်ဘူး၊ ကိုယ် အရင်ကလည်း ညပေါင်းများစွာ ဆက်တိုက် မအိပ်ဘဲနေဖူးတယ်၊ ဒါက ဘာမှမဟုတ်ဘူး"
ဒါကိုကြားတော့ စုန့်အာ့နန် စိတ်မချမ်းသာဖြစ်သွားသည်။ သူမရြဲ မျက်နှာလေးက တင်းမာသွားပြီး "ရှင့်အသက်ဘယ်လောက်ရှိပြီလဲ၊ ရှင့်ကိုယ်ရှင် ငယ်သေးတယ်လို့ထင်နေတာလား?
ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး တမင်အသံဆွဲလိုက်ကာ "အိုး၊ အခုတော့နားလည်လိုက်ပြီ၊ မင်းက ကိုယ့် အသက်အရမ်းကြီးနေပြီလို့ ပြောချင်တာမဟုတ်လား?"
သူကနောက်ထပ်စကားလွှဲလိုက်တာကိုမြင်တော့ စုန့်အာ့နန်မှာ စကားမပြောနိုင်လောက်အောင် ဒေါသထွက်လာတော့သည်။ "စကားလမ်းကြောင်းလွှဲဖို့မကြိုးစားနဲ့၊ ကျွန်မတကယ် စိတ်ဆိုးတော့မှာနော်!"
နောက်တော့ သူမက ဆက်ပြောသည်။ "ဒီနေ့ နေ့လည် အိမ်ပြန်ရောက်ရင် တစ်ရေးအိပ်လိုက်!"
သူမ တကယ်ဒေါသထွက်သွားတာကိုမြင်တော့ ဖေးခွမ်ရဲ့ သဘောထားက အရမ်းလိမ္မာရေးခြားရှိသွားသည်။ "ကောင်းပါပြီ ကိုယ့်မိန်းမစကားကို နားထောင်ပါ့မယ်"
စုန့်အာ့နန်က ဟမ့် ခနဲလုပ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ သူမက သူမပခုံးပေါ် သူ့ခေါင်းကို ပေးမှီထားပြီးခဏလောက်နည်းနည်းအိပ်ခိုင်းလိုက်သည်။
ထုံးစံအတိုင်း ဖေးခွမ်လည်း မယဉ်ကျေးနေတော့ပေ။ သူ့ချစ်ဇနီးလေးရဲ့ ဂရုစိုက်မှုကို သူကအမြဲတမ်း အဆင်သင့်လက်ခံတတ်သည်။
နှစ်ယောက်သား ထောင့်နားလေးမှာ ခဏလောက်အနားယူလိုက်ကြသည်။
မကြာခင်မှာပဲ၊ သူငယ်တန်းက မိဘတချို့က သူတို့ကလေးတွေကို ခေါ်လာကြတာကြောင့် သူငယ်တန်းကျောင်းက ပိုပြီးအသက်ဝင်လာသည်။
မူမူက အဝေးကနေ ကလေးလေးတစ်ယောက်နဲ့အတူ ပြေးလာပြီး၊ ကလေးရဲ့ မိဘတွေလို့ ထင်ရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက သူတို့နောက်ကနေ လိုက်လာသည်။
"ရှောင်ဖန်း ဒါ ငါ့ပါးပဲ" မူမူက ဖေးခွမ်ကို ညွှန်ပြလိုက်ပြီး သူ့သူငယ်ချင်းကို မိတ်ဆက်ပေးသည်။
နောက်တော့ ရှောင်ဖန်းကို ပြကာ ဖေးခွမ်ကိုမိတ်ဆက်ပေးသည်။ "ပါး၊ ဒါက သူငယ်တန်းက သားရဲ့ အချစ်ဆုံးသူငယ်ချင်း ရှောင်ဖန်း"
ဖေးခွမ်က ရှောင်ဖန်းနဲ့ အကြည့်တစ်တန်းထဲဖြစ်အောင် ထိုင်ချလိုက်ပြီး ပြုံးကာနှုတ်ဆက်လိုက်သည်။ "ရှောင်ဖန်း မင်္ဂလာပါ!"
ဖေးခွမ်ကိုကြည့်ရင်း ရှောင်ဖန်းက တစ်ခုခုကို သတိရသွားပုံရကာ ရုတ်တရက်ပြောလာသည်။ "ဦးလေး၊ သား ဦးလေးကို မှတ်မိတယ်!"
ဖေးခွမ် နည်းနည်းတော့ အံ့သြသွားသည်၊ သူ့ပရိသတ်နယ်ပယ်က ဘယ်တုန်းကစပြီး ကျယ်ပြောလာတာလဲ?
ဒါပေမယ့် နောက်တစ်စက္ကန့်မှာဘဲ သူသဘောပေါက်သွားသည်၊ ဒီကောင်လေးက သူ့ကို TV ဒါမှမဟုတ် ကြော်ငြာတွေကနေ မှတ်မိနေတာဖြစ်လိမ့်မညိ။
ဖေးခွမ်တင် ဒီလိုထင်တာမဟုတ်ဘဲ စုန့်အာ့နန်လည်း ဒီလိုတွေးမိသည်။ ဒါပေမယ့် ရှောင်ဖန်းက "သားအမေက ဦးလေးကို ယောက်ျားလို့ခေါ်တယ်" လို့ပြောလိမ့်မယ်လို့ သူတို့နှစ်ယောက်လုံး မမျှော်လင့်ထားကြပါချေ။
ဖေးခွမ် - "..."
စုန့်အာ့နန် - "..."
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကူကယ်ရာမဲ့ စွာကြည့်လိုက်ကြသည်။ ဘာဖြစ်လို့လဲဆိုတာ သူတို့သေချာသိသည်။
မူမူ့ သူငယ်ချင်းကောင်းရဲ့ အမေက ဖေးခွမ်ရဲ့အမာခံဖန်ဖြစ်နေတာပင်။
ဒါကိုကြည့်ခြင်းအားဖြင့် သူမက ဇနီးဖန်တစ်ယောက်ဖြစ်လိမ့်မည်ပင်။
"မင်းက ရှုပ်အောင်လုပ်နေတာပဲ။ ငါ့ပါးက ငါ့မားရဲ့ယောက်ျားလေ၊ မင်းအမေရဲ့ယောက်ျားမှ မဟုတ်တာ" မူမူက မျက်မှောင်ကြုတ်ကာ ငြင်းလိုက်သည်။
ရှောင်ဖန်းကတော့ သူ့သူငယ်ချင်းကနေ အဆူခံလိုက်ရလို့ စိတ်မဆိုးပါချေ။ ဆန့်ကျင်ဘက်အနေနဲ့ သူက လေးလေးနက်နက်နဲ့ ရှင်းပြလိုက်သည်။
"မူမူ၊ ငါ တကယ် ရှုပ်အောင်လုပ်နေတာမဟုတ်ဘူး။ ငါ့နားနဲ့ဆက်ဆက်ကြားလိုက်တာ။ မင်းအဖေတီဗီမှာပေါ်လာတုန်းက ငါ့အမေက တီဗီကို လက်ညှိုးထိုးပြပြီး သူက....."
ရှောင်ဖန်းစကားမဆုံးခင်မှာဘဲ သူ့မိဘတွေက အပြေးအလွှား ရောက်သွားလာသည်။ ရှောင်ဖန်းရဲ့အမေက သားဖြစ်သူရဲ့ပါးစပ်ကို တန်းပိတ်လိုက်သည်။ "ဒီကလေးတော့ ဘာတွေပြောနေတာလဲ"
နောက်တော့ သူမက စုန့်အာ့နန်နဲ့ဖေးခွမ်ကို တစ်ခုခုပြောချင်ပုံပေါ်ပေမယ့် အဆုံးမှာတော့ ဘာမှမပြောတော့ဘဲ ကိုးရိုးကားယားနဲ့ ကြည့်လိုက်သည်။
ရှောင်ဖန်းရဲ့အဖေက အခြေအနေကို ပြေလျော့အောင်လုပ်ဖို့ အပြုံးနဲ့ ရှေ့ထွက်လာသည်။ သူက ဖေးခွမ်ကိုကြည့်ပြီး ပြောလိုက်သည်။ "စိတ်မရှိပါနဲ့ ကျွန်တော့်မိန်းမက ခင်ဗျားရဲ့အမာခံဖန်လေ။ ကျွန်တော်တို့တွဲနေတုန်းက သူနဲ့အတူ ခင်ဗျားရဲ့ဖျော်ဖြေပွဲကိုတောင် သူနဲ့လိုက်သွားခဲ့သေးတယ်"
ဖေးခွမ်လည်းပြုံးကာ ခေါင်းယမ်းပြပြီး ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။ "ကိစ္စမရှိပါဘူး"
ရှောင်ဖန်းရဲ့အဖေက စကားအရမ်းပြောတတ်တဲ့သူဖြစ်သည်။ စကားအနည်းငယ်ပြောလိုက်ရုံနဲ့ သူ့ဇနီးအတွက် အဆင်မပြေမှုတွေကို ချေဖျက်ပစ်လိုက်သည်။
ခဏလောက် စကားစမြည်ပြောပြီးတဲ့နောက် ရှောင်ဖန်းရဲ့အဖေနဲ့ ဖေးခွမ်တို့က ထွက်သွားကြသည်။ အဖေများအဖွဲ့ရောက်လာတော့ အစမ်းလေ့ကျင့်ဖို့ သွားကြတာဖြစ်သည်။
မကြာခင်မှာပဲ ရှောင်ဖန်းနဲ့ မူမူ တို့လည်းသူတို့ အစီအစဉ်ကို အစမ်းလေ့ကျင့်ဖို့ သွားကြတော့ ရှောင်ဖန်းရဲ့အမေနဲ့ စုန့်အာ့နန်တို့ပဲ ကျန်ခဲ့တော့သည်။
ရှောင်ဖန်းရဲ့အမေက ခေါင်းကုတ်ကာ ရှက်ကိုးရှက်ကန်းနဲ့ပြောလာသည်။ "ဟိုဟာ၊ အန်တီလေး တကယ်တော့ ကျွန်မက သူ့ရဲ့ရိုးရိုးဖန်ပါ"
စုန့်အာ့နန်က ပြုံးကာ ခေါင်းယမ်းလိုက်သည်။ "ရှင်းပြစရာမလိုပါဘူး၊ ရပါတယ်"
ဒါကို သူမ တကယ်စိတ်မ၀င်စားပါချေ။
"ဒါ့အပြင် ကျွန်မကို အန်တီလေးလို့ ခေါ်စရာ မလိုပါဘူး။ ကျွန်မနာမည်ကို ခေါ်တာ ဒါမှမဟုတ် မူမူရဲ့အမေလို့လည်း ခေါ်လို့ရပါတယ်"
ရှောင်ဖန်းရဲ့အမေကလည်း စကားပြောရတာ အဆင်ပြေတဲ့သူဖြစ်သည်။ စုန့်အာ့နန် ပြောတာကိုကြားတော့ သူမလည်း အလိုက်သင့် လက်ခံလိုက်သည်။
သားသမီးတွေက သူငယ်ချင်းကောင်းတွေ ဖြစ်ကြတာကြောင့် ဆွေးနွေးဖို့ အကြောင်းအရာတွေကို ရှာဖို့က မခဲယဉ်းပေ။ စကားစမြည်ပြောရင်းနဲ့ သူတို့ဆက်ဆံရေးလည်း ပိုကောင်းလာသည်။
စုန့်အာ့နန်က ရှောင်ဖန်း အကြောင်းကို သိသည်။ အိမ်ပြန်ရောက်တဲ့အခါ မူးမူးက သူ့အကြောင်းကို မကြာခဏ ပြောလေ့ရှိသည်။ တခါတရံ မူမူကိုသွားကြိုတဲ့ခါဆို ရှောင်ဖန်းကိုလည်း သူမ တွေ့ရတတ်သည်။ သူက ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်ပင်။
ရှောင်ဖန်း ရဲ့အမေလည်း မူမူ အကြောင်းကို သိသည်။ အိမ်မှာဆို ရှောင်ဖန်းတစ်ယောက် သူအကြောင်းမပြောတာမရှိပေ။ ရှောင်ဖန်းရဲ့အမေလည်း မူမူကို တွေ့ဖူးပြီး ကလေးလေးကို အရမ်းသဘောကျသည်။
ဒါပေမယ့် သားအမိနှစ်ယောက်ကိုတော့ တစ်ခါမှ တွဲမတွေ့ဖူးပေ။
ရှောင်ဖန်းရဲ့အမေက ဖေးခွမ်ရဲ့အမာခံဖန်ဖြစ်ပြီး နှစ်ပေါင်းများစွာ အားပေးလာတဲ့ ဖန်တစ်ယောက်ဖြစ်သည်။ မဟုတ်လို့ရှိရင် သူမအနေနဲ့ စုန့်အာ့နန်ကို 'အန်တီလေး' လို့ခေါ်လာမည် မဟုတ်ပေ။
သူမရဲ့ကလေးနဲ့ သူမ idol ရဲ့ကလေးက သူငယ်တန်းအတူတူတက်နေရလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ ပြီးတော့ သူငယ်ချင်းကောင်းတွေတောင် ဖြစ်နေသေးတယ်။
အိုး၊ သူမရဲ့ ရှောင်ဖန်းက သူကိုယ်တိုင် တစ်ခုခုလုပ်ခဲ့တာပဲ!