(extra 2)
Vol. 13 Ch. 161
စုန့်အာ့နန်ရဲ့ စကားကိုကြားတော့ အဲ့ဒီကျောင်းသားက တစ်ခုခု ပြောချင်ပုံပေါ်ပေမယ့် ဖေးခွမ် လက်ဆန့်ကာ ရပ်တန့်တားလာသည်။
"ကောင်းပြီ ငါတို့အားလုံးက ဆရာဝန်ဖြစ်တော့မှာပဲ။ တခြားသူတွေကို အတင်းအကြပ် အရက်မသောက်ခိုင်းသင့်ဘူး"
သူ့စကားကြောင့် အရက်သောက်ဖို့စည်းရုံးတာရပ်သွားပေမယ့် လူအများရဲ့အတင်းအဖျင်း ပြောချင်စိတ်ကတော့ လောင်ကျွမ်းသွားကြသည်။
ဘုရားရေ! သူက သူမကို ကာကွယ်ပေးနေတာလား!?
ပြောရမယ်ဆိုရင် ဆေးကျောင်းမှာ ခက်ခက်ခဲခဲနဲ့ သူတို့ cpကို ship ခဲ့ရတဲ့သူတွေက ဒီကကျောင်းသားတွေဖြစ်သည်။
အဓိကအရင်းအမြစ်ကို ပြန်ခြေရာခံလျှင် B တက္ကသိုလ် ဖိုရမ်ရှိ သူတို့ကို ship ကြတဲ့ပထမအဖွဲ့ဟာ အခြေခံအားဖြင့် ဆေးပညာဌာနမှကျောင်းသားတွေဖြစ်ကြသည်။
မတတ်နိုင်ပါချေ။ သူတို့ရဲ့ ရုပ်ရည်ကြောင့် သူတို့ဟာ ဆေးကျောင်းကို တကယ်ဂုဏ်တက်စေခဲ့သည်။
စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ ပေါ်မလာခင် နှစ်ပေါင်းများစွာကတည်းက သူတို့ရဲ့ ဆေးကျောင်းဟာ ကျောင်းဝင်းထဲက ကျောင်းတွင်းအလှလေးနဲ့ ကျောင်းနှင်းဆီခိုင် ပြိုင်ပွဲတွေနဲ့ ဘာမှမဆိုင်ပါချေ။ အနီးနားရှိ စာပေနှင့်အနုပညာကျောင်းတွေကသာ အမြဲလိုလို ယူခဲ့ကြသည်။
သို့ပေမယ့် အရေးမကြီးပါချေ။ သူတို့မှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တစ်ခါ ပေါ်လာတာနဲ့ တစ်ပြိုင်နက်သူတို့က စခရင်တစ်ခုလုံးကို လွှမ်းမိုးသွားတာဖြစ်သည်။
ဖေးခွမ်မှာ ကျောင်းတွင်းနှင်းဆီခိုင် ဂုဏ်ပုဒ်ကိုရှစ်နှစ်ကြာ လက်ဝါးကြီးအုပ်ခဲ့သည်။ စုန့်အာ့နန်ကတော့ ကျောင်းအလှလေး ဂုဏ်ပုဒ်ကို သုံးနှစ်ကြာ လက်ဝါးကြီးအုပ်ထားပြီးပြီဖြစ်ရာ အဲ့ဒီနေရာကို လာမယ့်ငါးနှစ်အထိ ဆက်လက်သိမ်းပိုက်နိုင်ဖွယ်ရှိသည်။
ဒီလောက်ထိ ခမ်းနားကြီးကျယ်တဲ့အရာတွေပဲ!
ဒါကြောင့် ပိုလို့ ခမ်းနားကြီးကျယ်စေဖို့အတွက် သူတို့နှစ်ယောက်ကို ship ခဲ့ကြတဲ့ ပထမအသုတ်က တစ်ခုချင်းစီထက် နှစ်ခုပေါင်းတာက ပိုကြီးတယ်ဆိုတဲ့ နိယာမကို လက်ကိုင်ပြုခဲ့သည်။
သူတို့ရဲ့စကားအရ လွှမ်းမိုးနိုင်စွမ်းကို ပိုမိုချဲ့ထွင်လိုကြတာဖြစ်သည်။
မငြင်းသာသည်မှာ၊ အဲ့ဒါက အဓိပ္ပါယ်မရှိပေမယ့် သူတို့နှစ်ယောက်ရဲ့ ရင်သပ်ရှုမောဖွယ်ရုပ်ရည်တွေကိုကြည့်လိုက်တဲ့အခါ ရုတ်တရက်ကြီး သူတို့ကို ship ချင်စိတ်ဖြစ်လာစေသည်။
လူတိုင်းရဲ့ အတင်းအဖျင်းတွေနဲ့ ရင်ဆိုင်နေရတဲ့ စုန့်အာ့နန်မှာ အရမ်းစိတ်မသက်မသာ ဖြစ်နေရသည်။
ကံကောင်းထောက်မစွာနဲ့ လူတိုင်းမှာ သင့်လျော်တဲ့ စည်းမျဥ်းတွေ ရှိကြသည်။ သူတို့နှစ်ယောက်ကို စနောက်တဲ့အကြည့်တွေနဲ့သာ ကြည့်ကြပြီး နောက်တော့အကြည့်တွေကို ပြန်ရုတ်သွားကြသည်။
မကြာခင်မှာဘဲ သီးသန့်ခန်းထဲက လူတွေလည်း အပျော်လွန်လာကြတယ်။ အချို့က သီချင်းတွေဆိုကြ၊ ဂိမ်းတွေကစားကြ၊ တစ်ချို့ကတော့ တိတ်တဆိတ် စကားစမြည်ပြောနေကြသည်။ လေထုသည် အရမ်းကိုအသက်ဝင်နေသည်။
စုန့်အာ့နန်လည်း သူမဘေးက စီနီယာအစ်မတစ်ယောက်နဲ့ ခဏလောက် စကားစမြည်ပြောနေပေမယ့် မကြာခင်မှာပဲ စီနီယာအစ်မကို သူမတို့မျက်နှာချင်းဆ်ိုင်ဘက်ရှိ လူတစ်ယောက်က ခေါ်သွားသည်။
အချိန်ကိုကြည့်လိုက်တော့ နောက်ကျနေပြီမို့ နှုတ်ဆက်ဖို့အခွင့်အရေးမရှာခင် သန့်စက်ခန်းထဲ အရင်သွားဖို့ သူမ စိတ်ကူးလိုက်သည်။
ဒါပေမယ့် စုန့်အာ့နန် သန့်စင်ခန်းထဲကနေ ပြန်ရောက်လာတဲ့အခါ သူမ အရင်ထိုင်ခဲ့နေရာမှာ တစ်ယောက်ယောက်ထိုင်နေတာကိုတွေ့လိုက်ရသည်။ ဖေးခွမ် ဖြစ်သည်။
သူ့ဘေးက စီနီယာအစ်ကိုတစ်ယောက်နဲ့ စကားပြောနေသည်။
စုန့်အာ့နန် မသွားခင် ခဏလောက် တုံ့ဆိုင်းသွားသည်။ သူမအနေနဲ့ တခြားလွတ်နေတဲ့ခုံမှာ ဝင်ထိုင်လိုက်လို့ရသည်။ ဘာဘဲဖြစ်ဖြစ် သူမလည်း အကြာကြီးနေမှာမှမဟုတ်ဘဲ။
ဒါပေမယ့် ပြဿနာက သူမအိတ်က အဲ့ဒီမှာရှိနေသေးသည်၊ သူမပြန်ရင် အိတ်ကိုတော့ ယူသွားရမည်ဖြစ်သည်။
စုန့်အာ့နန်က သူတို့စကားပြောနေတာကိုအနှောင့်အယှက်မပေးဘဲ သူမအိတ်ကိုဘဲ ယူဖို့စီစဉ်လိုက်ပေမယ့် ဖေးခွမ်က သူမကို တွေ့သွားပြီး မထင်မှတ်ဘဲ နေရာရွေ့ပေးလိုက်တော့ ခုနက သူမထိုင်ခဲ့တဲ့နေရာက လွတ်သွားသည်။
သူမအနေနဲ့ လွယ်အိတ်ကို ယူပြီးချက်ချင်းထွက်သွားဖို့ကလည်းမသင့်တော်ပေ။
သူမဘက်က ဖေးခွမ်ကို တမင်ရှောင်နေသလိုဖြစ်နေလိမ့်မည်။
စုန့်အာ့နန် မထိုင်ခင် စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွားသည်။
မသွားခင် နောက်ထပ်ငါးမိနစ်လောက်ဘဲ ထိုင်ဖို့စီစဉ်ထားတာမို့ သိပ်သိသာတဲ့ပုံ မပေါ်လောက်ပေ။ သို့ပေမယ့် မထင်မှတ်ထားစွာနဲ့၊ ငါးမိနစ်မပြည့်ခင်မှာဘဲ ဖေးခွမ်နဲ့စကားပြောနေတဲ့ စီနီယာတန်းအစ်ကိုက အရင်ဆုံးထွက်သွားတော့သည်။
စုန့်အာ့နန် - "......"
သီးသန့်အခန်းက မကျဉ်းပေ၊ လူအများစုက အခန်းအလယ်မှာရှိနေကြပြီး၊ အချို့က သီချင်းဆိုေနကြ၊ ဂိမ်းကစားနေကြကာ သူမတို့နေရာက လူသိပ်မရှိတဲ့ ထောင့်မှာရှိနေပြီး စကားပြောချင်တဲ့သူကသာ ဒီမှာလာထိုင်ကြသည်။
စီနီယာအစ်ကို ထွက်သွားတော့ အခု သူမနဲ့ ဖေးခွမ်ပဲ ကျန်ခဲ့တော့သည်။
လေထုကနည်းနည်း အဆင်မပြေဖြစ်လာသည်။
ဖေးခွမ်က သူမဘက်ကိုလှည့်လာပြီး ပြုံးကာမေးလိုက်သည်။ "ဒီမှာ ထိုင်တာ စိတ်မရှိဘူးမလား?"
စုန့်အာ့နန်လည်း စက္ကန့်အနည်းငယ်လောက် လန့်သွားသည်။ "မဟုတ်တာ၊ ကျွန်မ စိတ်ထဲမထားပါဘူး"
ဖေးခွမ်လည်း ခေါင်းအသာညိတ်ပြလိုက်သည်။ "ကောင်းတာပေါ့၊ မင်း စကားမပြောတာတွေ့တော့ စိတ်ထဲသဘောမကျဖြစ်နေတာထင်လို့"
သူ့မျက်လုံးထဲမှာတော့၊ စကားမပြောတာက သူမ သူစိတ်ထဲရှိလို့ မဟုတ်ဘူးလား?
ဒါပေမယ့် သူမဘာပြန်ပြောရမှန်း တကယ်မသိတော့ဘဲ သူ့ကိုကြည့်ကာ တောင့်တောင့်ကြီး ပြောလိုက်သည်။ "မင်္ဂလာပါ စီနီယာအစ်ကို"
ဖေးခွမ် တစ်ခဏလောက် အံ့အားသင့်သွားပြီး စုန့်အာ့နန်ဆီက ဒီလိုတုံ့ပြန်မှုမျိုးကို မမျှော်လင့်ထားမိတဲ့ပုံပင်။
သူက ခပ်တိုးတိုးရယ်လိုက်ပြီး "မင်္ဂလာပါ ဂျူနီယာညီမလေး။ ကိုယ့်က်ိုယ်ကို မိတ်ဆက်ပေးဖို့ လိုသေးလား?"
စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ "မလိုပါဘူး၊ စီနီယာအစ်ကိုက ဘယ်သူလဲဆိုတာ ကျွန်မသိပါတယ် "
ဖေးခွမ်က "အိုး" လို့ဆိုလိုက်ပြီး သူ့လေသံထဲ ရယ်မြူရိပ်သန်းနေသည်။ "တိုက်ဆိုင်လိုက်တာ၊ ဂျူနီယာညီမလေးက ဘယ်သူလဲဆိုတာ ကိုယ်လည်းသိနေတယ်"
နှစ်ယောက်သား စက္ကန့်အနည်းငယ်လောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ပြိုင်တည်း ရယ်မောလိုက်ကြသည်။
ရယ်မောသံနဲ့အတူ လေထုလည်း ပေါ့ပါးလာသည်။
စုန့်အာ့နန်က စဉ်းစားလိုက်ပြီး ဖေးခွမ် တိုက်ရိုက်တောင်းပန်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမရဲ့အထင်အရ၊ မနှစ်တုန်းက hot search ကြောင့်သာ မဟုတ်ရင် သူမတို့ကို ship နေကြတာတွေက အခုချိန်တွင် အတိုင်းအတာတစ်ခုအထိ တိုးလာလိမ့်မည်မဟုတ်ပေ။
ဒီနေ့ သီးသန့်ခန်းထဲက လူတွေရဲ့ တုံ့ပြန်မှုကို ကြည့်ရရင် သူ ပြန်ရောက်ကတည်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး စနောက်ခံရတာ မရှားလောက်ပေ။
ဘာဘဲဖြစ်ဖြစ် B တက္ကသိုလ်ရဲ့တွဲဖက်ဆေးရုံတွင် ဆေးသူမတို့ရဲ စီနီယာအစ်ကိုအစ်မတွေ တော်တော်များများ ရှိသည်လေ။
"အမ်၊ စီနီယာအစ်ကို၊ တောင်းပန်ပါတယ်" စုန့်အာ့နန်က ပြောလိုက်သည်။
သူမဘာအတွက် တောင်းပန်လဲဆိုတာကို ထုတ်မပြောပေမယ့် ဖေးခွမ်ကတော့ ရှင်းရှင်းလင်းလင်း နားလည်သည်။
ဖေးခွမ် မျက်ခုံးနည်းနည်းပင့်သွားပြီး စုန့်အာ့နန်ကိုကြည့်ကာမေးလိုက်သည်။ "ဒီhot search ကိုမင်းဝယ်ခဲ့လို့လား?"
စုန့်အာ့နန်မှာ မျက်လုံးတွေ ပြူးကျယ်သွားကာ လက်အမြန်ခါရင်း ငြင်းလာသည်။ "မဟုတ်တာ၊ ကျွန်မ မဝယ်ခဲ့ပါဘူး!"
သူမက ဘာလို့ hot search ဝယ်ရမှာလဲ! ရူးနေလို့လား!
ဖေးခွမ်က ပေါ့ပေါ့ပါးပါးပြောရင်း သူ့မျက်လုံးတွေကအသာလေးပင့်တက်သွားသည်။ "ဒီတော့ မင်းနဲ့ဘာမှမဆိုင်ဘဲ၊ မင်းတောင်းပန်စရာမလိုပါဘူး"
စုန့်အာ့နန်မှာ တစ်ခဏလောက် အံ့အားသင့်သွားသည်။
အဲ့ဒါက သူမနဲ့ဘယ်လိုလုပ်မဆိုင်ရမှာလဲ? ဘာဘဲဖြစ်ဖြစ် သူမကြောင့် သူပါဒီထဲဆွဲထည့်ခံရတာလေ။
သူမရဲ့ တုံ့ပြန်မှုကို မြင်တော့ ဖေးခွမ်က ပြုံးလိုက်ပြီး "ကောင်းပြီလေ၊ မင်းတကယ် တောင်းပန်ချင်တယ်ဆိုရင် မင်းဘက်က လျော်ကြေးအနေနဲ့ ကိုယ့်ကိုတစ်ခေါက်လောက် ထမင်းဖိတ်ကျွေးပေါ့"
စုန့်အာ့နန် တုံ့ပြန်တာ နှေးသွားသည်။
သူ့ကို ထမင်းဖိတ်ကျွေးရမှာလား?
ဖေးခွမ်က မျက်ခုံးအသာပင့်ကာ "မလုပ်ချင်ဘူးလား?"
သူက ပခုံးတွန့်လိုက်ပြီး "ကောင်းပြီ၊ မင်းကိုယ်မင်း အတင်းအကြပ် လုပ်နေရတာဆိုရင်တော့ ဒီတိုင်း...."
ဖေးခွမ် နားလည်မှုလွဲသွားတာကို မြင်တော့ စုန့်အာ့နန်က စိုးရိမ်တကြီးနဲ့ စကားဖြတ်ပြောလာသည်။ "မဟုတ်ပါဘူး!"
သူ ရှင်းရှင်းလင်းလင်း နားလည်အောင် သူမကထပ်ခါထပ်ခါ ရှင်းပြလိုက်သည်။ "မလုပ်ချင်တာမဟုတ်ပါဘူး!"
ဖေးခွမ်က မေးလိုက်သည်။ “တကယ် မင်းကိုယ်မင်း အတင်းအကြပ် လုပ်နေတာမဟုတ်ဘူးလား?"
စုန့်အာ့နန်က အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။ "မဟုတ်ပါဘူး၊ ဒါကလုပ်သင့်တာပါ"
ဖေးခွမ် နှုတ်ခမ်းက နည်းနည်းကွေးတက်သွားသည် ။ "ဒါဆို ဘာပြဿနာမှ မရှိဘူးဆိုရင်တော့ ကောင်းတာပေါ့"
"ဒါဆို WeChat အပ်ထားရအောက်၊ နောက်ကျ အချိန်သတ်မှတ်ရတာ ပိုလွယ်သွားတာပေါ့"
စုန့်အာ့နန်လည်း နာနာခံခံနဲ့ သူမဖုန်းကို ထုတ်ကာ QR ကုဒ်ကို ပေးလိုက်သည်။
ဖေးခွမ်လည်း သူ့ဖုန်းကို ထုတ်လိုက်ပြီး စကင်န်ဖတ်လိုက်ကာ အောင်အောင်မြင်မြင်နဲ့ WeChat မှာ အပ်လိုက်သည်။ "ပြီးပြီ၊ အခု ကိုယ့်ကိုလက်ခံလိုက်တော့။
စုန့်အာ့နန်က "အိုး" လို့ဆိုလိုက်ပြီး 'လက်ခံသည်' ဆိုတာကိုနှိပ်လိုက်သည်။
သူ့ဖုန်းထဲက အသစ်ရောက်လာတဲ့ WeChat contact ကို ကြည့်ရင်း ဖေးခွမ် မျက်လုံးထဲတွင် မမြင်နိုင်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
KTV သီးသန့်ခန်းထဲတွင် လူတွေ သွားလိုက်လာလိုက်ဖြင့် စည်ကားနေသည်။ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့က WeChatမှာ တစ်ယောက်နဲ့တစ်ယောက် အပ်ပြီးသွားတော့ ဖေးခွမ်ကို တခြားစီနီယာအစ်ကို တစ်ယောက်လာမခေါ်ခင် သူမတို့တွေ စကားစမြည်ပြောခဲ့ကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ စောစောက စုန့်အာ့နန်ဘေးမှာ ထိုင်နေတဲ့ စီနီယာအစ်မက အဆာပြေမုန့်တွေနဲ့အတူ ပြန်လာသည်။ နှစ်ယောက်သား ထိုင်စားရင်း စကားစမြည်ပြောဖြစ်ကြသည်။
အဲ့ဒီစီနီယာအစ်ကိုနဲ့ ခဏလောက်စကားပြောပြီးသွားေတာ့၊ စုန့်အာ့နန်တစ်ယောက် အဖော်ရနေတာကို ဖေးခွမ်မြင်လိုက်ရတာကြောင့် သူ့အရင်ခုံဆီသာ ပြန်သွားလိုက်သည်။
သူထိုင်ပြီးတာနဲ့ လီရှန်းလည်း ရောက်လာသည်။ သူက ဆိုဖာပေါ်မှာ ဖေးခွမ်နဲ့အတူ ကျပ်ကျပ်ညှပ်ညှပ်ထိုင်လိုက်ပြီး သူ့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
ဖေးခွမ်က သူ့ကို ဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်သည်။ "မင်းမျက်လုံး တစ်ခုခုဖြစ်နေသလိုပဲ။ မနက်ဖြန် မျက်စိဆရာဝန်ဆီ သွားပြဖို့ မမေ့နဲ့"
လီရှန်းက သူ့ကိုလျစ်လျူရှုပြီး ပြောလာသည်။ "Tsk tsk ငါ့မျက်လုံးတွေကပဲ ငါ့ကိုလှည့်စားနေတာများလား? WeChat အပ်ဖို့သူများတွေဆီကနေပဲ အမြဲတမ်း အမေးခံခဲ့ရတဲ့ ငါတို့ဖေးခွမ်က တကယ်ကြီး မင်းဘက်ကစပြီး တစ်ယောက်ယောက်ကို WeChat အပ်ဖို့မေးတယ်ပေါ့?"
ဖေးခွမ်က ဆိုဖာပေါ် မှီလိုက်ပြီး ပျင်းရိပျင်းတွဲနဲ့ပြောလိုက်သည်။ "ငါ မှတ်မိတာမှန်ရင်၊ WeChat မှာ မင်းကိုအပ်ဖို့ ငါ့ဘက်က စမေးခဲ့တာပဲ မဟုတ်ဘူးလား?"
လီရှန်းက ဒေါသတကြီးနဲ့ သူ့ကို လှည့်ကြည့်လိုက်သည်။ "သွားစမ်းပါ၊ ငါ ဘာကို ပြောနေလဲဆိုတာ မင်းသိနေတာကို"
ဖေးခွမ်ရဲ့ ရှည်လျားတဲ့ မျက်တောင်တွေက မသိစိတ်ကနေ ကွေးညွှတ်သွားပြီး နှုတ်ခမ်းထောင့်တွေလည်း အနည်းငယ် ကွေးညွှတ်သွားသည်။ သူဘာမှပြန်မပြောပေ။
သူ့တုံ့ပြန်မှုကို မြင်တော့ လီရှန်းလည်း ပါးပါးနပ်နပ်နဲ့ဒီကိစ္စကို ဆက်တွန်းအားမပေးတော့ချေ။ နှစ်အတော်ကြာအောင် တစ်ယောက်ကို တစ်ယောက် သိလာခဲ့ပြီးတဲ့နောက်မှာ ဖေးခွမ်ရဲ့အကျင့်ကို သူကောင်းကောင်း နားလည်လာသည်။
သူ မပြောချင်တဲ့ ကိစ္စဆိုရင် ဘယ်သူကမှ သူ့ကိုထုတ်ပြောအောင် မလုပ်နိုင်ဘူး။
သို့တိုင် လီရှန်းက စုန့်အာ့နန်ဘက်ကို အလိုလို တစ်ချက်ကြည့်လိုက်ပြီး နောက်တော့ ဖေးခွမ်ကိုကြည့်လိုက်သည်။
ဒါက စိတ်ဝင်စားစရာဘဲ၊ သူ့ဘာသာသူ တွေးလိုက်မိသည်။
အစာအစားတချို့စားသောက်ပြီး စီနီယာအစ်မနဲ့ အချိန်အတော်ကြာ စကားစမြည်ပြောပြီးတဲ့နောက် ည ၁၀ နာရီကျော်နေပြီမှန်း စုန့်အာ့နန်သိလိုက်ရသည်။ သူမပြန်တော့မယ့်အကြောင်း ကျန်းဟန်ကိုပြောဖို့ ထလာလိုက်သည်။
ကျန်းဟန်ကို လွယ်လွယ်ကူကူပဲ ပြောလိုက်ရသည်။ သူမက စုန့်အာ့နန်ကို ပြန်မလွှတ်ခင် အန္တရာယ်ကင်းအောင်ပြန်ဖို့မှာလိုက်သေးသည်။
စုန့်အာ့နန်ပြန်ဖို့ အဆင်သင့်မဖြစ်ခင် ရင်းနှီးတဲ့ စီနီယာ အစ်ကိုတွေအစ်မတွေ အများအပြားကို နှုတ်ဆက်လိုက်သည်။
သီးသန့်ခန်းထဲက မထွက်ခင်မှာပဲ စောစောက ဖေးခွမ် ထိုင်နေတဲ့နေရာကို သူမတစ်ချက်လှမ်းကြည့်လိုက်ပေမယ့် သူ့ကို မတွေ့ရပေ။ သူသန့်စင်ခန်းသွားတာ ဒါမှမဟုတ် စောစောပြန်သွားတာလည်းဖြစ်မည်။
KTV သီးသန့်ခန်းကနေ ထွက်လာပြီးတဲ့နောက် စုန့်အာ့နန်ဖုန်းထဲကနေ ကားခေါ်လိုက်သည်။ ဝင်ပေါက်ကိုသူမရောက်တော့ အက်ပ်ကို စစ်ကြည့်လိုက်တဲ့အခါ ကားက ခပ်ဝေးဝေးမှာပဲ ရှိနေသေးတာကို တွေ့လိုက်ရသည်။
သူမလည်း ဝင်ပေါက်မှာ ခဏလောက်စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။
ဇွန်လက အရမ်းပူနေပြီဆိုပေမယ့် ညဘက်တွေက နေ့ဘက်တွေထက် ပိုအဆင်ပြေသေးသည်။
ညလေညင်းတွေတိုက်ခတ်လာပြီး အရမ်းကိုသက်သောင့်သက်သာရှိတဲ့ အေးစိမ့်စိမ့်အငွေ့အသက်လေးတွေကို သယ်ဆောင်လာသည်။ စုန့်အာ့နန်တစ်ယောက် ပျင်းပျင်းရိရိနဲ့ စောင့်နေတုန်း သူမ စိတ်က တခြားကိစ္စတွေဆီ ရောက်သွားသည်။
သူမ အတွေးထဲ နစ်မျောနေတုန်းမှာ၊ ရင်းနှီးတဲ့ အသံတစ်ခုက ရုတ်တရက်ထွက်လာခဲ့သည်။ "ပြန်တော့မလို့လား?"
စုန့်အာ့နန် လှည့်ကြည့်လိုက်ချိန် ဖေးခွမ်က လျှောက်လာနေခဲ့သည်။
သူမအသိပြန်ဝင်လာပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ နောက်ကျနေပြီလေ၊ အဆောင်မှာက သတ်မှတ်ထားတဲ့အချိန်မှာ အပြင်မထွက်ရ စည်းကမ်းရှိတယ်လေ"
"စီနီယာအစ်ကိုရော ပြန်ပြီလား?"
ဖေးခွမ်က ဟုတ်မှန်ကြောင်းအသံပြုလိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေက နည်းနည်း ကွေးညွတ်သွားသည်။ "မနက်ဖြန် အလုပ်ရှိသေးလို့လေ၊ အပြင်မှာ နောက်ကျတဲ့အထိ နေလို့မရဘူး"
စုန့်အာ့နန်လည်း ခေါင်းညိတ်လိုက်သည်။
အရင်ကတည်းက သူမတို့တွေက သိပ်မရင်းနှီးကြတဲ့အတွက် မထင်မှတ်ပဲ သူနဲ့ရုတ်တရက်ထပ်တွေ့တော့ ဘာပြန်ပြောရမှန်း မသိတော့ပေ။
ဖေးခွမ်က ငုံ့ကြည့်လိုက်ပြီး ညင်သာစွာ ပြုံးကာပြောလိုက်သည်။ "ကိုယ် သွားမယ့်လမ်းကြောင်းနဲ့ သင့်နေတော့ မင်းကို လိုက်ပို့ပေးရမလား?"
စုန့်အာ့နန်က ငြင်းဆန်ပြီး လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။ "ရှင့်ကိုယ်ရှင် အလုပ်ရှုပ်ခံဖို့မလိုပါဘူး စီနီယာအစ်ကို။ ရှင့်ဘာသာပဲ သွားလိုက်ပါ၊ ကျွန်မရဲ့ကားက ခဏနေ ဒီကိုရောက်တော့မယ်"
သူမ ငြင်းဆိုမှုအပေါ် သူကအံ့သြပုံမပေါ်ချေ။
ဖေးခွမ်လည်း ပြုံးကာပြန်ပြောလိုက်သည်။ "ကောင်းပါပြီ လုံခြုံရေးဂရုစိုက်။ အခု နည်းနည်းနောက်ကျနေပြီ၊ ကားပေါ်တက်ရင် မင်းရဲ့အခန်းဖော်ဆီ လိုင်စင်နံပါတ်ကို ပို့ပေးဖို့သတိရဦး"
စုန့်အာ့နန်ကလည်း နာနာခံခံနဲ့ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို။ အန္တရာယ်ကင်းကင်းမောင်းပါ"
ဖေးခွမ်က အသာရယ်ပြီး ခေါင်းညိတ်ကာ ကားပါကင်နေရာဆီ လျှောက်သွားလိုက်သည်။
စုန့်အာ့နန်လည်း သူ့ရဲ့ထွက်သွားတဲ့နောက်ကျောပုံရိပ်ကိုကြည့်ရင်း ဒီဟာက နည်းနည်းအိမ်မက်ဆန်နေသလိုမျိုး မတတ်နိုင်ဘဲ ခံစားလိုက်ရသည်။
စောစောတုန်းကတင် သူမတို့အချင်းချင်း ပြန်မတွေ့ကြလောက်တော့ဘူးလို့ သူမ ထင်ထားတာဖြစ်သည်။
ဒါပေမယ့် အဲဒီညမှာပဲ ထပ်ပြီးပြန်ဆုံကြလိမ့်မယ်လို့ ဘယ်သူက စိတ်ကူးမိမှာတဲ့လဲ?
ပြန်ဆုံရုံတင်မကဘူး WeChat အကောင့်တွေကိုလည်း ဖလှယ်ခဲ့ကြသေးသည်။ အခု သူ့ကို ထမင်းတစ်နပ်ဖိတ်ကျွေးဖို့တောင် တစ်နည်းနည်းနဲ့ အကြွေးတင်သွားလိုက်သေးသည်။
ထမင်းဖိတ်ကျွေးဖို့ အကြွေးတင်နေတဲ့အကြောင်းကို တွေးမိတော့ စုန့်အာ့နန် နည်းနည်းဝေဝါးသွားပြန်သည်။
သူ့ကို ဝယ်ကျွေးဖို့က ဘယ်အချိန်လောက်ဆို ကောင်းမလဲ? သူမအနေနဲ့ ဒီအကြွေးကို အမြန်ဆပ်ချင်သည်။
သူမစိုးရိမ်နေချိန်မှာပဲ သူမ ခေါ်ထားတဲ့ကားရောက်လာသည်။
ကားပေါ်တက်ပြီးတာနဲ့ ဖေးခွမ်ရဲ့သတိပေးချက်က စုန့်အာ့နန်စိတ်ထဲ ပေါ်လာခဲ့သည်။ သူမကအဆောင်ဖော် group chatထဲ လိုင်စင်နံပါတ်ကိုမပို့ခင် စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွားမိသည်။
အချိန်နဲ့တစ်ပြေးညီ သူမရဲ့တည်နေရာကိုလည်း share ပေးလိုက်သည်။
သူပြောတာမှန်တယ်၊ ခုက တကယ်ကိုနောက်ကျနေပြီ။ သတိထားတာက ပိုကောင်းတယ်။
ဒါပေမယ့် စုန့်အာ့နန်မသိခဲ့တာကတော့ သူမတို့ကားနောက် သိပ်မဝေးတဲ့နေရာကနေအနက်ရောင် SUV တစ်စီးက တစ်ချိန်လုံး အနောက်ကလိုက်နေတာကို ဖြစ်သည်။
သူမ ကျောင်းပေါက်ဝကနေဆင်းကာ ကျောင်းဝင်းထဲ ဝင်သွားတာကိုမြင်ပြီးမှ SUV ကားက နောက်လမ်းဆုံမှာ ဂငယ်ကွေ့ ကွေ့ကု ယာဉ်ကြောထဲဝင်သွားသည်။
ကားမောင်းနေတဲ့သူကတော့ ဖေးခွမ်ကလွဲပြီး ဘယ်သူမှမဟုတ်ပေ။
စုန့်အာ့နန် သူမရဲ့အဆောင်ကို ရောက်တဲ့အခါ ည ၁၁ နာရီကျော်နေပြီဖြစ်သည်။ အတောင်မှူး အရှေ့တံခါးကို သော့မခတ်ခင်အချိန်လေးမှာဘဲ သူမပြန်ရောက်ခဲ့တာဖြစ်သည်။
ကပ်သီးလေးပဲ။
သူမ တံခါးဖွင့်လိုက်တာနဲ့ သူမကပ်သီးလေးရောက်လာတဲ့အကြောင်းပြောမလို့လုပ်တဲ့အချိန် လီစစ်ရွှေ့၊ ချန်ခယ့်နဲ့ ချိုက်ရှောင်တိတို့က အထဲမှာ တန်းစီရပ်နေတာကို တွေ့လိုက်ရသည်။
သုံးယောက်စလုံးက တစ်ပုံစံထဲ လက်ပိုက်ထားကြပြီး သူတို့မျက်နှာအမူအရာတွေတောင် တစ်ပုံစံထဲပင်။
စုန့်အာ့နန် နားမလည်နိုင် ဖြစ်သွားရသည်။ "ဘာတွေဖြစ်နေတာလဲ? နင်တို့တွေ ဘာလုပ်နေကြတာလဲ?"
လီစစ်ရွှေ့က "ဝန်ခံလိုက်ရင် ပြစ်ဒဏ်ကို သက်ညှာပေးမယ် ခုခံမယ်ဆိုရင်တော့ ပိုပြင်းထန်မယ်!"
"အန်တီလေး၊ နင် လာရှင်းပြဖို့ ငါအကြံပေးချင်တယ်!"
ချန်ခယ့်နဲ့ချိုက်ရှောင်တိကလည်း ပြောလာသည်။ "ဟုတ်တယ်၊ ဒီဟာကိုချက်ချင်းဝန်ခံ!"
စုန့်အာ့နန် လုံးဝကို အံသြသွားသည်။
ဘာကိုဝန်ခံရမှာလဲ?