( extra 5)
Vol. 13 Ch. 164
နောက်ဆုံးစာမေးပွဲပြီးသွားပြီးတဲ့နောက် နွေရာသီအားလပ်ရက် ရောက်လာခဲ့သည်။
ဒုတိယနှစ်နဲ့ စီနီယာနှစ်အတွက်တော့ နွေရာသီအားလပ်ရက်က သူတို့အတွက် နောက်ဆုံးအားလပ်ရက်ဖြစ်ပေလိမ့်မည်။ စီနီယာနှစ်တွေပြီးတာနဲ့ ဆေးရုံတွေမှာ အလှည့်အပြောင်းတွေ စတင်ကြမှာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အလုပ်များကြတော့မည်ဖြစ်သည်။
ဒါပေမယ့် စုန့်အာ့နန်တစ်ယောက် ဒီနှစ်နွေရာသီမှာ S City ကို မပြန်ခဲ့ပေ။
သူမရဲ့အစ်ကိုကြီးနဲ့ ယောင်းမဖြစ်သူက အလုပ်ကိစ္စအတွက် နိုင်ငံခြားကို သွားနေရပြီး စုန့်လင်းချွမ်လည်း အိမ်မှာမရှိပေ။ တစ်ယောက်တည်း အိမ်ပြန်ရတာ မကောင်းတာကြောင့် သူမက ကျောင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်သည်။
ကျောင်းစာကြည့်တိုက်နဲ့ စာကြည့်ခန်းတွေကို နွေရာသီအားလပ်ရက်ရဲ့ ပထမလမှာ ဖွင့်လှစ်ထားဆဲဖြစ်တာကြောင့် ကျောင်းဝင်းထဲတွင် ဖေးခွမ် အကြံပြုထားတဲ့ စာအုပ်တွေကို အဆင်ပြေပြေ ဖတ်ရှုနိုင်မည်ဖြစ်သည်။
သို့ပေမယ့် သူမ ဒီမှာဆက်နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အနားကပ်မှ ဆုံးဖြတ်လိုက်တာဖြစ်တာကြောင့် စုန့်အာ့နန်မှာ ကျောင်းဝင်းထဲမှာနေဖို့ မလျှောက်ထားမိလိုက်ပေ။ ကျောင်းနားက စုန့်လင်းချွမ်ရဲ့နေရာမှာဘဲသူမနေလိုက်သည်။ သူမက မနက်သွား ညပြန်လုပ်ကာ ကျောင်းဝင်းတစ်ဝိုက်မှာဘဲ ရိုးရိုးရှင်းရှင်း နေ့လည်စာစားသည်။
တစ်ပတ်လောက်အကြာ၌။
တစ်ရက်မှာတော့ စုန့်အာ့နန်တစ်ယောက် ပုံမှန် ၈ နာရီထက် ညနေ ၅ နာရီ လောက်မှာ စောစောပြန်လာခဲ့သည်။
အိမ်ရာဂိတ်ပေါက်မှာ တက္ကစီပေါ်ကနေ ဆင်းလိုက်ပြီး အထဲ ဝင်လာချိန် အဝေးတစ်နေရာမှာ ရင်းနှီးတဲ့ အသွင်အပြင်ကို တွေ့လိုက်ရသည်။
"စီနီယာအစ်ကို?" စုန့်အာ့နန်က အစမ်းသဘောနဲ့ ခေါ်လိုက်သည်။
ရှေ့ကလူလည်း လှည့်ကြည့်လာတော့ တကယ်ကြီးဖေးခွမ်ဖြစ်နေသည်။
သူလည်း ဒီမှာနေတာပဲ!
စုန့်အာ့နန်ကို မြင်လိုက်ရတော့ ဖေးခွမ်လည်း အံ့သြသွားသည်။ "အားလပ်ရက်မှာ မင်း အိမ်မပြန်ဘူးလား?"
နွေရာသီအတွက် အိမ်ပြန်ဖို့ သူမရဲ့အစီအစဉ်တွေကို သူတို့အရင်က ဆွေးနွေးခဲ့တာမို့ သူမ ပြန်သွားပြီလို့ သူထင်ထားတာဖြစ်သည်။
စုန့်အာ့နန်က ပြန်ဖြေလိုက်သည်။ "ကျွန်မတို့မိသားစုမှာ ကိစ္စတစ်ခုပေါ်လာလို့ အနားကပ်မှဆုံးဖြတ်လိုက်တာ"
"စီနီယာကရော ဒီမှာနေနေတာလား?"
ဖေးခွမ်လည်း ပြုံးကာ အတည်ပြုလိုက်သည်။ "တိုက်ဆိုင်လိုက်တာ။ အရင်နှစ်က မင်းရဲ့ရှိုးကို ကြည့်လိုက်ရတယ် ဒီနေရာကို ကိုယ်မှတ်မိတယ်"
အဲ့ဒီအချိန်တုန်းက သူတော်တော် အံ့သြသွားမိတာဖြစ်သည်။ နိုင်ငံခြား မသွားခင်တုန်းက ဒီနေရာမှာ သူအိမ်ဝယ်ခဲ့တာဆိုတော့ ဒါကတကယ့် တိုက်ဆိုင်မှုတစ်ခုပင်။
စုန့်အာ့နန်လည်း ဒါက မုတ်ဆိတ်ပျားစွဲတာပဲလို့တွေးလိုက်မိသည်။
ဒါပေမယ့် ဖေးခွမ်က သူမ ပါဖူးတဲ့ variety showကိုကြည့်ခဲ့တာကို ပိုအံ့သြမိသည်!
သူ့ပုံက ဖျော်ဖြေရေးရှိုးတွေကို ကြည့်ရတာ လုံးဝကြိုက်ပုံမပေါ်ပေ။
"စီနီယာမှာ ကြောင်ရှိတာလား" စုန့်အာ့နန်က သူကိုင်ထားတဲ့ ကြောင်သယ်တဲ့အိတ်ကိုကြည့်ကာ စူးစူးစမ်းစမ်း မေးလိုက်သည်။
ဖေးခွမ်က သူ့လက်ထဲရှိ ကြောင်သယ်တဲ့အိတ်ကိုမြှောက်လိုက်ပြီး "မဟုတ်ဘူး၊ ဆေးရုံနားက လေလွင့်ကြောင်တစ်ကောင်ဒဏ်ရာရသွားလို့။ မနက်ဖြန်ကျရင် သူ့ကိုသွားစစ်ဆေးပေးလို့ရအောင် ဒါကိုသွားမလို့"
စုန့်အာ့နန်က ကြောင်တွေကို သဘောကျပြီး ဒါကို ကြားတော့ သူမ ချက်ချင်း စိတ်ဝင်စားသွားသည်။ သူမက ဖေးခွမ်ကို မေးခွန်းတွေမေးတော့သည်။
ကြောင်လေး ဆိုးဆိုးရွားရွား ထိသွားလား? ဘယ်ဆေးရုံနားမှာလဲ? မနက်ဖြန် သူ့ကိုပြန်ရှာတွေ့ပါ့မလား?
အရာအားလုံးကို စိတ်ရှည်ရှည်နဲ့ ဖြေပြီးတဲ့နောက်ဖေးခွမ်က မေးလိုက်သည်။ "မနက်ဖြန် အားလား? ကိုယ်အလုပ်ပြီးရင် သူ့ကိုလိုက်ရှာဖို့ စီစဉ်ထားတယ်။ မင်းလိုက်ချင်လား?"
စုန့်အာ့နန်ရဲ့ မျက်လုံးတွေ တောက်ပလာသည်။ "ရလား?"
ဖေးခွမ်ရဲ့နှုတ်ခမ်းထောင့်တွေက ကော့တက်သွားပြီး ညင်ညင်သာသာ ရယ်လိုက်သည်။ "ဒါပေါ့"
....
B တက္ကသိုလ်ရဲ့ တွဲဖက်ဆေးရုံ၊ နှလုံးခွဲစိတ်မှုဌာနတွင်
ကောယာ တစ်ယောက် စိတ်လိုက်မာန်ပါ ပြေးလာတဲ့အချိန်မှာ ဖေးခွမ်က လူနာရဲ့ဓာတ်မှန်ကိုကြည့်နေတာဖြစ်သည်။
"ဘာဖြစ်တာလဲ? မင်းကြောင်တစ်ကောင် မွေးလိုက်တယ်လို့ကြားတယ်" ကောယာက မေးလာသည်။
ဖေးခွမ်က လက်ထဲရှိဓာတ်မှန်ပုံကိုချလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "အဲ့ဒါ ငါ မဟုတ်ဘူး၊ မင်းဘာလို့ ငါ့ကိစ္စတွေကို အရမ်းစိုးရိမ်နေတာလဲ?"
နောက်တော့ သူက “မင်း ငါ့ကို တိတ်တိတ်လေး ကြိုက်နေတာလား” ဆိုတဲ့ အမူအရာပြလိုက်သည်။
မနေ့ကမှ လေလွင့်ကြောင်တစ်ကောင်ကို မွေးဖို့ သူဆုံးဖြတ်ခဲ့တာကို ဒီနေ့ကျတော့ ကောယာက ဒီအကြောင်းကို သိထားပြီးပြီ။ ကျွတ်စ် ကျွတ်စ်၊ ဒီအကြောင်းသာ ထွက်လာရင် လူတွေ အတွေးမများဖို့ဆိုတာခက်လိမ့်မယ်။
ကောယာက "ဟမ့်" လို့ ဆိုလိုက်ပြီး စိတ်မချမ်းသာစွာနဲ့ပြောလာသည်။ "လစ်စမ်းပါ! ငါ့နား ကပ်ဖို့ မကြိုးစားနဲ့၊ ငါက အဖြောင့် ကောင်မလေးရှိတယ်!"
ဖေးခွမ်က မျက်လုံးနည်းနည်းမှေးကျဉ်းလိုက်ပြီး သာမာန်ကာလျှံကာ ပြောလာသည်။ "တိုက်ဆိုင်လိုက်တာ၊ ငါရောပဲလေ"
ကောယာက ကြီးကြီးမားမား သတင်းတစ်ခုကို သိလိုက်ရသလိုမျိုး သူ့မျက်ခုံးတွေက လှုပ်ခတ်သွားသည်။ "ဘာလဲ၊ မင်း မင်းမှာ ကောင်မလေးရှိနေပြီလား? ဘယ်သူလဲ?"
ဖေးခွမ်က ခဏရပ်သွားပြီး ဥာဏ်ရည်မသန်စွမ်းသူကို ဂရုစိုက်တဲ့အကြည့်နဲ့ သူ့ကိုကြည့်လိုက်သည်။
ဒီတော့မှ ကောယာလည်း သူနားလည်မှုလွဲနေပြီဆိုတာ နောက်ကျမှသိလိုက်ရသည်။ သူ မသိစိတ်ကနေ နှာခေါင်းကို ထိလိုက်သည်။
သူ့ကို အပြစ်တင်လို့မရဘူး သူ့တုံ့ပြန်မှုက သဘာဝအတိုင်းဖြစ်လာတာ။
ဖေးခွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ မေးလိုက်သည်။ "ပြောပါဦး မင်း ဒီကို ဘာအတွက် လာတာလဲ?"
ကောယာက "ဟမ့်" ဆိုပြီးအသံထွက်လာကာ ချက်ချင်း မပျော်မရွှင် ဖြစ်သွားသည်။ "မင်း စောစောက ငါပြောခဲ့တဲ့စကားကို မကြားလိုက်ဘူးလား?"
ဖေးခွမ် သက်ပြင်းချလိုက်သည်။ သူတို့ဆေးရုံမှာ လျှို့ဝှက်ချက်ဆိုတာ မရှိသလောက်ပင်။
မနေ့ကပဲ သူတို့ဆေးရုံက ကြောင်မွေးထားတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြောင်မွေးဖို့ ကြိုတင်ကာကွယ်မှုတွေသူလုပ်ခဲ့တာဖြစ်သည်။ ဒီနေ့ကျ သူကြောင်တစ်ကောင် မွေးမလို့ ဆိုတဲ့သတင်းက ကောယာရဲ့ နားထဲကိုရောက်နေပြီ။
"ဘာလဲ၊ ကြောင်မွေးတာ ထူးဆန်းလို့လား?" သူမေးလိုက်သည်။
ကောယာက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက်နဲ့ 'ဟမ့်'ခနဲအသံပြုလာသည်။
"မင်းပြောလေ၊ အဲ့ဒါက မထူးဆန်းဘူးလား?"
ပုံမှန်အားဖြင့် ကိုယ့်အတွက်အချိန်တောင်မရှိဘဲ အမြဲတမ်း အလုပ်နဲ့ပဲ ပြည့်နေတဲ့သူက ရုတ်တရက်ကြီး ကြောင်တစ်ကောင် မွေးချင်လာတယ်ဆိုတာက လူတိုင်းအတွက် ထူးဆန်းစရာပင်။
ဖေးခွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ငါတော့အဆင်ပြေတယ်လို့ ထင်တယ်။ ငါက ကြောင်တွေကို အရမ်းသဘောကျပြီး လေလွင့်ကြောင်တွေကိုလည်း မကြာခဏ အစာကျွေးတယ်လေ။ ငါက ကြောင်တစ်ကောင်ကို ရုတ်တရက် မွေးချင်လာတာက မထူးဆန်းပါဘူး"
ကောယာက စိတ်မချမ်းမသာစွာနဲ့ ပြောလိုက်သည်။ "ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့။ မင်းကို ငါကောင်းကောင်းသိတယ်။ မင်း ဘာပဲလုပ်လုပ် မင်းမှာ ကျိုးကြောင်းဆီလျော်မှု အမြဲရှိတယ်။ ဒီလို ထူးဆန်းတဲ့ ကိစ္စတွေက ဘယ်သူ့မှာမဆို ဖြစ်တတ်ပေမယ့် မင်းတော့ မဟုတ်ဘူး!"
ဖေးခွမ်နဲ့ ရင်းနှီးတဲ့သူအနေနဲ့ သူ့ကိုကြည့်ရတာ အေးစက်စက်နိုင်ပြီး ဘာကိုမှ ဂရုမစိုက်တတ်ပုံပေါ်ပေမယ့် အမှန်တကယ်တော့ သူ့မှာ တာဝန်သိစိတ်ရှိကြောင်း သူသိသည်။
ဥပမာ ကြောင်တစ်ကောင်ကို မွေးမယ်ဆိုပါတော့။ ဖေးခွမ်က ကြောင်တွေကို သဘောကျပြီး လေလွင့်ကြောင်တွေကို အစာကျွေးတာတော့ အမှန်ပဲဖြစ်သည်။ ဒါပေမယ့် ကြောင်တစ်ကောင်ကို မွေးမယ်ဆိုရင်တော့ ဒီလောက်လွယ်မှာ မဟုတ်ပေ။
သူ့ရဲ့ ပင်ကိုယ်စရိုက်အရ ကြောင်မွေးပြီးတာနဲ့ အဆုံးအထိ တာဝန်ယူရလိမ့်မည်ပင်။ ဒါကြောင့် မမွေးခင်မှာ ကောင်းကောင်း ပြုစုပျိုးထောင်နိုင်မလား၊ ပြုစုပျိုးထောင်ဖို့ အချိန်ရှိပါ့မလား စတာတွေကို သေသေချာချာ စဉ်းစားရမည်ဖြစ်သည်။ ဒါက စိတ်ကူးပေါက်ရာချလိုက်တဲ့ ဆုံးဖြတ်ချက် သေချာပေါက် မဖြစ်နိုင်ပေ။
ဖေးခွမ် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ နှစ်ပေါင်းများစွာ ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်ရှေ့မှာ သူ့အတွေးတွေကို ဖုံးကွယ်ထားဖို့မဖြစ်နိုင်ပေ။
"တခြားထည့်သွင်းစဉ်းစားတာတွေလည်းရှိတယ်၊ ဒါပေမယ့် ငါတကယ်တစ်ကောင်လောက် မွေးချင်လို့" သူကဆိုလာသည်။
ကောယာကတော့ ငါသိနေတယ် ဆိုတဲ့အမူအရာမျိုးနဲ့ရှိနေသည်။
ဒါပေမယ့် တစ်ခုခုကို တွေးမိသွားသလိုမျိုး သူ မသေမချာနဲ့မမေးခင် တစ်ခဏလောက် တုံ့ဆိုင်းသွားသည်။
" ဖေးခွမ်၊ ငါ့ကို အမှန်အတိုင်းပြော။ မင်းရဲ့ဒီတခြားထည့်သွင်းစဉ်းစားစရာဆိုတာက စုန့်အာ့နန်နဲ့ ဆိုင်လား?"
စုန့်အာ့နန် ကြောင်လေးတွေကို သဘောကျမှန်း ကောယာသိသည်။ အရင်တုန်းက သူမရဲ့ Momentsမှာ သူမသူငယ်ချင်းရဲ့ကြောင်လေးပုံကို တင်ဖူးပြီး သူမလည်း တစ်ကောင်လောက် မွေးချင်တယ်လို့ပြောဖူးသည်။
ဒါ့အပြင် ဒါကို နောက်ပိုင်းမှာ သူသိလာခဲ့တာဖြစ်သည်။ အဲ့ဒီနေ့မှာ တစ်ယောက်ယောက်က သူ့ကိုလိုက်ပတ်ပြဖို့ခေါ်သွားပေးတယ်လို့ ဖေးခွမ်ပြောခဲ့တုန်းက အဲ့ဒီတစ်ယောက်ယောက်ဟာ စုန့်အာ့နန်ဖြစ်နေမှန်း သူသိခဲ့ရသည်။
တိုက်ဆိုင်မှုတွေအများကြီးနဲ့ လေးလေးနက်နက် စဉ်းစားကြည့်ရင် တစ်ခုခုတော့ရှိနေသည်။
ဖေးခွမ်က မငြင်းဘဲ "အင်း" ဆိုပြီးအလင်းပေးလိုက်သည်။
ကောယာလည်း တစ်ခုခုကိုမှန်းဆမိပေမယ့် သူ့အဖြေကိုကြားတော့ အံ့အားသင့်သွားဆဲပင်။
"ညီအစ်ကိုခွမ်ရေ ငါမင်းကို တကယ်သတိပေးနေတာ။ လူတိုင်းက မင်းကို စုန့်အာ့နန်နဲ့ စကြပေမယ့် ဒါက ဒီတိုင်းစနောက်ကြတာပဲ။ ငါတို့တွေက သက်ရောက်လို့မရဘူးလေ!"
ဖေးခွမ်က သူ့ကိုတည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လိုက်ပြီး "ငါတို့ တစ်ယောက်နဲ့ တစ်ယောက်သိခဲ့တာ နှစ်အတော်ကြာပြီ။ သူများတွေ ငါ့ကို စနောက်ရုံနဲ့ ငါက လွယ်လွယ်နဲ့သက်ရောက်တတ်တဲ့လူမျိုးလား?"
ကောယာ တန့်သွားသည်။ သူ ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။
သူ တကယ် အဲ့ဒီလို မဟုတ်ပါချေ။
သူတို့နှစ်ယောက်က တက္ကသိုလ်တွင် အတန်းဖော်၊ အခန်းဖော်တွေဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ဆယ်နှစ်ကျော် သိကျွမ်းခဲ့ကြသည်။ သူတို့ တက္ကသိုလ်စတက်တုန်းက သူတို့ရဲ့ အဆောင်ဖော် အားလုံးက ဖေးခွမ်ကို သူတို့ရဲ့ အဆောင်မှာ စင်ဂယ်ဘဝကနေ ပထမဆုံး အဆုံးသတ်မယ့်သူလို့ ခံစားခဲ့ကြသည်။
မတတ်နိုင်ပေ။ သူ့မျက်နှာနဲ့ဆိုရင် ကောင်မလေးတွေ အပြေးအလွှား ဖြစ်နေမှာသေချာပေါက်ပင်။
ဒါပေမယ့် ဒီကောင်က ချိန်းတွေ့တာကို လုံးဝစိတ်မဝင်စားဘူးလို့ ဘယ်သူက ထင်မှာလဲ။ ဘယ်မေဂျာကအလှလေးပဲဖြစ်ဖြစ်၊ ကျောင်းအလှလေးကိုတောင် သူက ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ်နဲ့ငြင်းခဲ့သည်။
သူများတွေ ဘယ်လိုဘဲ အားပေးအားမြှောက်လုပ်ပါစေ အသုံးမဝင်ပေ။ သူက ကိစ္စတွေကို ဘယ်တုန်းကမှရှုပ်ထွေးအောင် မဆွဲချတတ်ပေ။
သူ့မှာ လိင်စိတ်တိမ်းညွှတ်မှု ပြဿနာရှိနေတယ်လို့တောင် အချိန်အတော်ကြာ ထင်မိခဲ့စေသည်။
"ဒါဆို မင်း ဒီကိစ္စကို အလေးအနက် ထားတယ်ပေါ့?" ကောယာက ယုံနိုင်သေးပေ။
ဖေးခွမ်က "အင်း"လို့ ခပ်တိုးတိုးရေရွတ်လိုက်ပြီး "ဟုတ်တယ်"လို့လေးလေးနက်နက် ပြောလိုက်သည်။
ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး သူဘယ်တော့မှ ဟာသမလုပ်တတ်ပေ။
ကောယာက ခေါင်းကုတ်လိုက်ပြီး မေးလိုက်သည်။ "ဘာလို့လဲ?"
ဖေးခွမ်က ခဏရပ်သွားပြီး ပေါ့ပေါ့ပါးပါးပြောလာသည်။ "ငါ့နှလုံးခုန်တာကို၊ ထိန်းလို့တောင်မရဘူး"
ကောယာ - "..."
မဖြစ်နိုင်တာ၊ ညီအစ်ကိုရေ မင်းတော့သရဲပူးနေပြီ!
ဖေးခွမ်ကတော့ ကောယာရဲ့ တုံ့ပြန်မှုကို လုံးဝ ဂရုမစိုက်ပေ။ သူ့မျက်လုံးတွေကို အောက်ပို့လိုက်ပြီး သူ့အကြည့်တွေက မှေးမှိန်သွားကာ မမြင်နိုင်လောက်တဲ့ ခံစားချက်တွေရှိနေသည်။
ခဏအကြာသူက ကောယာကို လှမ်းကြည့်လိုက်ပြီး "မင်း ကံကြမ္မာဆိုတာကို ယုံလား?"
ကောယာ - "???"
သူ့ရှေ့ကလူကို ကြေးခေါင်းလောင်းလိုမျိုး မျက်လုံးပြူးကျယ်စွာနဲ့ ကြည့်လိုက်မိသည်။
ကံကြမ္မာ?
မင်းအခုလေးတင် ဘာပြောလိုက်လဲဆိုတာ သေချာသိရဲ့လား?
ဖေးခွမ်က ခပ်တိုးတိုး ရယ်လိုက်သည်။ ကောယာ အရမ်းထိတ်လန့်သွားတာကို သူ အပြစ်မတင်ပါချေ။
ဒီပုံစံအတိုင်းပြောရရင် အရင်က တစ်စုံတစ်ယောက်သာ သူ့ကို ဒီလိုပြောခဲ့မယ်ဆိုရင် ဒါဟာ အဓိပ္ပါယ်မရှိဘူးလို့ သူခံစားမိမှာ သေချာပေါက်ပင်။
သူတို့လို အသက်နှစ်ဆယ်ကျော်အရွယ်မပြောနဲ့ဦး သူတို့ရဲ့ စိတ်အားထက်သန်နေတဲ့ ငယ်ရွယ်တဲ့အချိန်မှာတောင် ဒီလို ကံကြမ္မာဆိုတဲ့ မမြင်ရတဲ့အရာမျိုးကို သူဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးပါချေ။
ဒါပေမယ့် တချို့အရာတွေက နားမလည်နိုင်လောက်အောင် ဖြစ်လာတတ်သည်။ တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ တစ်ချိန်က သူ မထီမဲ့မြင်ပြုခဲ့တဲ့စကားတွေကို တဖြည်းဖြည်း ယုံကြည်လာမိသည်။
ဖေးခွမ် စုန့်အာ့နန်အကြောင်းကို ပထမဦးဆုံးတခေါက် ကြားတုန်းက သူတို့အဆောင်ရဲ့group chat ထဲမှာ ဖြစ်သည်။ ဒီနှစ်သူတို့ရဲ့ကျောင်းတွင်းအလှလေးက သူတို့ဆေးပညာဌာနရဲ့ ဂျူနီယာလေးဖြစ်ကြောင်း ပြောနေခဲ့ကြတာဖြစ်သည်။
အဲ့ဒီအချိန်တုန်းက သူဟာ သုတေသနပရောဂျက်တစ်ခုလုပ်ဆောင်ဖို့အတွက် သူ့ရဲ့ကြီးကြပ်ရေးမှူးဆီကနေ နိုင်ငံခြားကို စေလွှတ်ခြင်းခံခဲ့ရတာဖြစ်သည်။ သူက တစ်နေ့လုံး အလုပ်များနေပြီး အဲဒီတုန်းက ဒါကို အလေးအနက်မထားမိခဲ့ပေ။ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူ ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ဖူးပေ။
နောက်ပိုင်း သူနဲ့အဲ့ဒီဂျူနီယာလေးတို့အကြောင်း ကျောင်းဖိုရမ်တွင် ကောလာဟလတွေ ထွက်ပေါ်လာတာကိုလည်း သူကြားသိခဲ့ရသည်။ လူတွေက သူတို့နှစ်ယောက်ကို ကျောင်းဝင်း စုံတွဲအဖြစ်တောင် ခေါ်ကြသေးသည်။ အဲ့ဒီအချိန်တုန်းက သူတို့နှစ်ယောက်အနေနဲ့ ဆုံတောင်မဆုံဖူးတာကြောင့် ရယ်စရာကောင်းတယ်လို့ သူခံစားခဲ့ရသည်။
အဲ့ဒီတုန်းက ဖေးခွမ်ဟာ အဲ့ဒီဖိုရမ်ပို့စ်ကို စူးစမ်းကြည့်ဖို့နေနေသာသာ နည်းနည်းပါးပါးသာ နားထောင်ခဲ့ပြီး စိတ်ထဲမထားခဲ့ပေ။
အခြေအမြစ်မရှိတဲ့ ဒီလိုမျိုး ကောလာဟလတွေကို သူစိတ်ဝင်တစားမရှိတဲ့အပြင် သက်ရောက်မှုများစွာလည်း မရှိပေ။ လူတိုင်းက ကနဦး အသစ်အဆန်းကို ကျော်ဖြတ်ပြီးရင် သဘာဝအတိုင်း မေ့သွားကြလိမ့်မည်ပင်။
ဒါပေမယ့် အဲ့ဒီကိစ္စကပြီးသွားပြီလို့ သူထင်မိတုန်းမှာပဲ မထင်မှတ်ထားစွာနဲ့ နှစ်နှစ်လောက်အကြာ၊ မနှစ်တုန်းက ကောယာ တစ်ယောက် တစ်ရက် သူ့ကိုဖုန်းခေါ်လာပြီး သူကနာမည်ကြီးနေတယ်လို့ဆိုလာသည်။
အဲ့ဒီအချိန်တုန်းက ဖေးခွမ် စိတ်ရှုပ်သွားသည်။ ဆိုရှယ်မီဒီယာ ခေတ်ရေစီးကြောင်းနောက်ကို သူ မလိုက်ပေမယ့် နာမည်ကြီးဖို့ဆိုတာက သိပ်မလွယ်ဘူးဆိုတာ သူသိတယ်။ လူကြိုက်များခံရဖို့အတွက် အနုပညာရှင်တွေဟာ များစွာ ပေးဆပ်ခဲ့ရတဲ့အကြောင်းတွေကို သူကြားသိရသည်။
သူက နိုင်ငံတွင်းမှာတောင် မရှိတဲ့ သာမန်လူတစ်ယောက်သာ ဖြစ်သည်။ ဘယ်ဟာကများ သူ့ကို လူကြိုက်များအောင် လုပ်လိုက်တာလဲ?
ကောယာက ဇာတ်လမ်းတစ်ခုလုံးကို ရှင်းပြပြီးတဲ့နောက် နောက်ဆုံးတော့ ဖြစ်ပျက်ခဲ့တာတွေကို ဖေးခွမ်နားလည်သွားသည်။
အဲ့ဒီဂျူနီယာလေးရဲ့တူလေးက ဖျော်ဖြေရေးနယ်ပယ်တွင် ထိပ်တန်းနာမည်ကြီးတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့တူဝရီးနှစ်ယောက်က အရမ်းနာမည်ကြီးတဲ့ variety show တစ်ခုမှာပါဝင်ခဲ့ပြီး ကျောင်းနေဖက်တွေကြားမှာ ရုတ်တရက် ကျော်ကြားလာခဲ့သည်။
အဲဒီနောက် ကျောင်းဝင်းအတွင်းက သူတို့နှစ်ယောက်အကြောင်း ပို့စ်တစ်ခုကို တူးဖော်ခဲ့ကြသည်။ ဒါကြောင့် သူလည်း နာမည်ကြီးနေတဲ့ အကြောင်းအရာတွေဆီ ဆွဲခေါ်ခံခဲ့ရသည်။
ပြီးတော့ အဲဒီဂျူနီယာကောင်မလေးက သူ့ကို တောင်းပန်စကား ပါးခိုင်းတဲ့အကြောင်း ကောယာကပြောလာသည်။
အဲ့ဒီတုန်းက၊ ကောယာမှာ အဲ့ဒီ ဂျူနီယာလေးနဲ့ ပတ်သက်ပြီး ကောင်းရာကောင်းကြောင်းတွေကို သူ့ဆီ ဖုန်းနဲ့ပြောပြခဲ့သေးသည်။ အခုချိန်မှာ ဖေးခွမ်အနေနဲ့အသေးစိတ် အချက်အလက်တွေကို မမှတ်မိတော့ပေမယ့် သူမနာမည်က စုန့်အာ့နန်ဆိုတာကို ပထမဆုံးအကြိမ် သိခဲ့ရသည်။
အဲဒီနေ့မှာ သူနားရက်ဖြစ်တာကြောင့် အိမ်မှာဘာလုပ်စရာမှမရှိနေပေ။ ဖုန်းချပြီးသွားတော့ သူအွန်လိုင်းကိုသွားကာ အဲ့ဒီ variety show ကိုရှာလိုက်သည်။
အဲ့ဒါက ဖေးခွမ် စုန့်အာ့နန်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်သည်။ ဖန်သားပြင်ကနေတစ်ဆင့် ဒီကောင်မလေးက အရမ်းပျော်ရွှင်တက်ကြွမှန်း သူခံစားမိသည်။ သူမပုံက တစ်ချက်ကြည့်လိုက်ရုံနဲ့ မနေနိုင်ဘဲ ရင်းနှီးချင်သွားစေတဲ့ပုံဖြစ်သည်။
အဲ့ဒီနေ့က variety show ကို သူဒီတိုင်း သာမာန်ကာလျှံကာ တစ်ချက် ကြည့်ရုံသာဖြစ်သည်။ ညမိုးချုပ်မှပဲ ရုတ်တရက်ကြီး သူဒါကိုတစ်ညနေလုံး ကြည့်နေခဲ့မိမှန်း မထင်ထားခဲ့ပါချေ။
အဲ့ဒီနေ့ကစပြီး ကိစ္စတွေအားလုံးပြောင်းလဲသွားခဲ့သည်။
သူ မကြာခဏ စုန့်အာ့နန် တွေးနေမိသည်။ အားလပ်ချိန်တွေမှာဆို သူမနဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေ ရှိ၊မရှိ သိနိုင်ဖို့ ကျောင်းဖိုရမ်တွေကိုသူ လိုက်ကြည့်တတ်သည်။
အဲဒီ့အချိန်တုန်းကတော့ အဲ့ဒီကောင်မလေးက သူတို့ကျောင်းရဲ့နာမည်ကြီးတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ လူတွေက သူမနဲ့ ကျောင်းဝင်းထဲမှာ၊ ကန်တင်းမှာ၊ စာသင်ခန်း ဒါမှမဟုတ် စာကြည့်တိုက်တွေမှာ ဆုံတဲ့ ဓာတ်ပုံတွေကို မကြာခဏ တင်လေ့ရှိသည်။
ဖန်သားပြင်ကနေတစ်ဆင့် လူကိုယ်တိုင် မမြင်ဖူးဘဲနဲ့ လူတစ်ယောက်ကို စွဲလမ်းနေမိတာကို ဖေးခွမ် ကိုယ်တိုင်လည်း အရမ်းအဓိပ္ပါယ်မရှိသလို ခံစားရသည်။
သို့ပေမယ့် အဲ့ဒီခံစားချက်မျိုးက အမြစ်မှာစွဲနေသလိုမျိုး အတိအကျဖော်ပြဖို့ ခက်ခဲလွန်းလှသည်။