(extra 6)
Vol. 13 Ch. 165
ဒါကိုကြားတော့ ကောယာဖုန်းက သူ့ပေါင်သူရိုက်ပြီး နိဂုံးချုပ်လိုက်သည်။ “သေစမ်း! ဒါက မင်းအလှလေးကို မြင်တဲ့အခါ ဖြစ်လာတဲ့ တပ်မက်မှုပဲ!"
ဖေးခွမ်က တခစ်ခစ်ရယ်လိုက်ပြီး “ဒါကို မြင်မြင်ချင်း အချစ်လို့လည်း ထင်လို့ရပါတယ်"
ကောယာက ရယ်သွမ်းသွေးလိုက်သည်။ "ကိုယ့်ကိုယ်ကို အရမ်းမြှောက်မနေနဲ့။ မင်းက အသွင်အပြင်ကို ကြည့်ရုံနဲ့ ဒီလောက်ထိ နစ်မြုပ်သွားမယ်လို့ ငါမထင်ထားဘူး"
သူ ဒီလိုပြောနေပေမယ့် ဖေးခွမ်က အဲဒီလိုလူမဟုတ်ဘူးဆိုတာကို သူတို့နှစ်ယောက်လုံး ရှင်းရှင်းလင်းလင်းသိသည်။
ဒါက ရုပ်ရည်ကြောင့်သာဆိုရင် ဖေးခွမ်အနေနဲ့ အခုချိန်ထိ တစ်ကိုယ်တည်းဖြစ်နေမှာ မဟုတ်ပေ။ အရင်က တက္ကသိုလ်တက်တုန်းကပဲဖြစ်ဖြစ် နိုင်ငံရပ်ခြားမှာပဲဖြစ်ဖြစ် သူ့ကိုလိုက်နေတဲ့ ရုပ်ရည်ချောမောတဲ့ မိန်းကလေးတွေက မပြတ်လတ်ပါချေ။
ဒါပေမယ့် အချိန်တိုင်း သူက သူတို့ကို ရက်ရက်စက်စက် ငြင်းခဲ့သည်။
သို့ပေမယ့် ကောယာကတော့ နည်းနည်း စိတ်မချရဘူးလို့ ခံစားမိနေသေးသည်။ သူက ဖေးခွမ်နဲ့ ဆက်ဆံရေး ကောင်းပေမယ့် စုန့်အာ့နန်နဲ့လည်း ရင်းနှီးနေသည်။ ထုံးစံအတိုင်း၊ သူ့အနေနဲ့ သူမရဲ့ရှုထောင့်ကနေလည်း ကိစ္စတွေကို စဉ်းစားပေးသင့်သည်။
"ဟင့်အင်း မင်းနည်းနည်းအလျင်လိုနေသလို ငါခံစားရတယ်။ တကယ်လို့ အနာဂတ်မှာ....."
သူကရပ်လိုက်ပြီး "မင်း စိတ်အေးအေးထားပြီး ပြန်စဉ်းစားကြည့်ရင်ရော?"
တစ်စုံတစ်ယောက်ကို လိုက်ဖို့ကို ဒီလောက်ထိ အလျင်လိုမနေသင့်ပေ။ စုန့်အာ့နန်က သိပ်အပြစ်ကင်းသည်။ သူ့ကြောင့် သူမ နာကျင်သွားရရင် မကောင်းပါချေ။
ဖေးခွမ်က သူဆိုလိုချင်တာကို နားလည်ပြီး ခေါင်းခါလိုက်သည်။ "စိတ်မပူပါနဲ့ ငါအလျင်မလိုဘူး၊ ပြီးတော့ 'တကယ်လို့' ဆိုတာတွေလည်း ရှိလာမှာမဟုတ်ဘူး"
မနှစ်ကတည်းကနေ အခုအချိန်အထိဆို တစ်နှစ်ရှိနေပြီဖြစ်သည်။ တတ်နိုင်ရင် ဒီလောက်အချိန်ဆိုရင် သူတည်ငြိမ်နေခဲ့လောက်ပြီဖြစ်သည်။
ဒါပေမယ့် သူ စိတ်မတည်ငြိမ်တော့တဲ့အချက်က အများကြီးကိုပြနေသည်။
ဒါအပြင် သူ့အနေနဲ့ ဒါကိုပေါ့ပေါ့ဆဆ မလုပ်ပါချေ။ ဒီကာလအတွင်း အဆက်အဆံလုပ်ပြီးတဲ့နောက် ဖေးခွမ်ဟာ သူ့ရဲ့ခံစားချက်တွေကိုလုံး၀ အတည်ပြုနိုင်ခဲ့သည်။
စိတ်ပိုင်းဆိုင်ရာကိစ္စတွေမှာဘဲဖြစ်ဖြစ် အလုပ်မှာဖြစ်ဖြစ်၊ ဒီလို ထိန်းမနိုင်သိမ်းမရ ခံစားချက်မျိုး သူတစ်ခါမှ မကြုံဖူးပေ။
ဒီကောင်မလေးနဲ အပြန်အလှန်ဆက်ဆံမိလာလေ သူ့ရဲ့သဘောကျမှုတွေက ပြင်းထန်လာလေဖြစ်ကာ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာတော့သည်။
ဖေးခွမ်ရဲ့ သဘောထားကို ကြည့်ပြီး ကောယာလည်း အကြမ်းဖျင်း သဘောပေါက်သွားသည်။
ကောင်းပြီလေ၊ သူတစ်ယောက်ပဲ မှားတွေးမိခဲ့တာ ဖြစ်မယ်။ ဖေးခွမ်ရဲ့ အကျင့်နဲ့ အပြုအမူတွေအရဆို ကိစ္စအများအပြားကို အမှန်တကယ် စိတ်ပူနေဖို့ မလိုပေ။
ဒါပေမယ့် သူ့မှာပြောစရာတစ်ခုတော့ရှိသည်။ ဒီလိုအမြဲတမ်း ဂရုမစိုက်တတ်တဲ့လူကို ပွင့်လန်းလာအောင်လုပ်နိုင်တဲ့ စုန့်အာ့နန်က တကယ်ကို အထင်ကြီးစရာဖြစ်သည်။
ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ကောယာက သဘောပေါက်သွားကာ ပြောလာသည်။ "မထူးဆန်းတော့ပါဘူး! ငါက မင်းဘာလို့ ရုတ်တရက်ကြီးပြန်လာတာလဲလို့သိချင်နေတာ၊ ဒီဟာကြောင့်ဖြစ်နေတာပဲ!"
အခုမှပဲ သူ သတိပြန်ဝင်လာသည်။
ဖေးခွမ်က နိုင်ငံခြားမှာ တစ်သက်လုံးနေဖို့ မရည်ရွယ်ခဲ့ပေမယ့် အစက နိုင်ငံခြားရှိဆေးရုံနဲ့ ၃ နှစ် စာချုပ်ချုပ်ခဲ့သည်။ သူ့အစီအစဥ်အရဆို နောက်နှစ်မှ သူပြန်လာသင့်တာဖြစ်သည်။
ဒါပေမယ့် ဒီနှစ်မှာ သူပြန်လာချင်တယ်လို့ ရုတ်တရက်ကြီးပြောလာသည်။ အဲ့ဒီအချိန်တုန်းက ကောယာမှာ အရမ်းကိုနားမလည်ဖြစ်ခဲ့ရသည်။ ဒီဟာကြောင့်ဖြစ်နေမယ်လို့ သူ မထင်ထားဘူး!
ဖေးခွမ်က ပြုံးရုံပြုံးပြီး တိတ်တဆိတ် လက်ခံလိုက်သည်။
ကျောင်းရဲ့ ဖွင့်ပြောတဲ့နံရံမှာ အဲ့ဒီကောင်မလေး နာမည်က ပေါ်လာတာ ဘယ်တော့မှ မရပ်တဲ့အတွက် သူ ထိုင်မနေနိုင်တော့တာဖြစ်သည်။ ဖိုရမ်ပေါ်တွင် သူမကို လူကိုယ်တိုင် ဖွင့်ပြောတာနဲ့ပတ်သက်ပို့်စ်တွေကိုလည်း ရံဖန်ရံခါ သူတွေ့ခဲ့ရသည်။
နိုင်ငံခြားမှာ သူဘယ်လိုလုပ် ဆက်နေနိုင်တော့မှာလဲ?
ကောယာတစ်ယောက် ဖေးခွမ် ပြန်ရောက်လာပြီးနောက်၊ ယခင်က မွေးနေ့ပါတီမှာဆုံကြတာကနေ၊ ထမင်းစားကတ် အဖြစ်အပျက်အပါအဝင်၊ အခု ရုတ်တရက် ကြောင်တစ်ကောင်ကို မွေးချင်လာတယ်ဆိုတဲ့အထိ အကြောင်းအရာတွေကို သူပြန်စဉ်းစားမိသည်။
သူ မနေနိုင်ဘဲ အံ့အားသင့်စွာ ပြောလိုက်သည်။ "သေစမ်း! မင်း ဒါကို ကြံထားတာကြာပြီပဲ!"
ကောယာမှာ စုန့်အာ့နန်ကို နည်းနည်းသနားသွားမိသည်။ အပြစ်ကင်းတဲ့ ကောင်မလေးက ဆန်ခါသလိုမျိုး တစ်စုံတစ်ယောက်ဆီကနေ စောင့်ကြည့်ခံနေရတာကနေ သူဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ?
ဒါက ယုန်ဖြူလေးတစ်ကောင်နဲ့ မီးခိုးရောင်ဝံပုလွေကြီးတစ်ကောင်လို့ ခံစားချက်မျိုးပေးသည်။
မနေ့က စုန့်အာ့နန်တစ်ယောက် ဖေးခွမ်နဲ့အတူ ကြောင်ရှာပေးဖို့ သဘောတူခဲ့သည်။
နောက်တစ်နေ့မွန်းလွဲပိုင်းမှာ သူမက ချိန်းထားတဲ့အချိန်အတိုင်း အစောကြီးရောက်လာသည်။ သူမက စာကြည့်တိုက်ကနေ ဆေးရုံကို အပြေးအလွှားရောက်လာတာဖြစ်သည်။ သူမ ဆေးရုံကိုရောက်တဲ့အချိန် ဖေးခွမ်လည်း အလုပ်ဆင်းပြီဖြစ်သည်။
သူက ကားနောက်ခန်းကနေ ကြောင်သယ်တဲ့အိတ်ကို ထုတ်လိုက်သည်။ နောက်တော့ နှစ်ယောက်သား လေလွင့်ကြောင်တွေ သွားလာလေ့ရှိတဲ့ နေရာဆီသို့ သွားလိုက်ကြသည်။
ဆေးရုံအနီးတွင် လူနေအဆောက်အအုံများစွာရှိပြီး ဘေးနားတွင် ဗီလာခရိုင်တစ်ခုလည်း ရှိသည်။ နောက်ဆုံးတော့ ဆေးရုံနဲ့ ဗီလာခရိုင်ကြား လမ်းဆုံမှာ သူတို့တစ်ကောင်ရှာတွေ့လိုက်သည်။
ကြောင်ကလေးက ညစ်ပတ်နေပြီး လမ်းပေါ်မှာလေလွင့်နေတာ အချိန်အတော်ကြာနေပြီဖြစ်သည်။ သူ့ရှေ့ခြေထောက်မှာ သွေးတွေခြောက်နေပြီဖြစ်တဲ့ အနာတစ်ခုရှိနေသည်။
ကြောင်လေးက စုန့်အာ့နန်ကို တွေ့တဲ့အခါ နည်းနည်းသတိထားနေပေမယ့် ဖေးခွမ်နဲ့တော့ ပိုရင်းနှီးနေသည်။
ကြောင်လေးကို အစာကျွေးပြီးတဲ့နောက် ဖေးခွမ်က ကြောင်သယ်တဲ့အိတ်ကို ဘေးမှာချလိုက်သည်။ အဲ့ဒါကိုမြင်တော့ ကြောင်လေးက စိတ်လိုလက်ရ ဝင်လိုက်သည်။
သူတို့က အစမ်းသဘောနဲ့ ဇစ်ဆွဲလိုက်ပေမယ့် ကြောင်လေးက လုံးဝဘာမှမတုံ့ပြန်လာပေ။ ဒါက သူတို့နဲ့ အတူသွားဖို့ သဘောတူတဲ့ လက္ခဏာပင်။
ကြောင်လေးက အရမ်းပူးပေါင်းပေးသည်။ နောက်ပိုင်းမှာ အရာအားလုံးက ပိုချောမွေ့လာသည်။
အိမ်မွေးတိရစ္ဆာန်ဆေးရုံကို သွားပြီးတဲ့နောက် ဆရာဝန်က သေသေချာချာ စစ်ဆေးပေးပြီး ခြေထောက်မှာ ခြစ်ရာတွေပဲ ရှိပြီး တခြားဘာပြဿနာမှမရှိဘူးလို့ ကောက်ချက်ချလာသည်။
ပြီးတော့ ကြောင်လေးကို ကာကွယ်ဆေးထိုးပေးပြီး ရေချိုးပေးသည်။
ကြောင်လေးကို ရေချိုးပေးနေရင်း အမျိုးသမီးဝန်ထမ်းက သူတို့ကိုစကားပြောလာသည်။
“ကလေးက တော်တော်လိမ္မာတာပဲ။ ရှင်တို့တွေ သူ့ကိုမွေးဖို့ စီစဉ်ထားတာလား ဒါမှမဟုတ် လေလွင့်ကြောင်ဂေဟာကို ပို့ဖို့ စီစဉ်ထားလား?" အမျိုးသမီးက မေးလိုက်သည်။
စုန့်အာ့နန် မသိစိတ်ကနေ ဖေးခွမ်ကို လှည့်ကြည့်လိုက်သည်။ ဒဏ်ရာရနေတဲ့ကြောင်ကို ရှာဖို့ပဲ သူတို့ပြောခဲ့ကြတာဖြစ်သည်။ မွေးမယ်၊ မမွေးဘူးဆိုတာကိုတော့ မပြောခဲ့ရပေ။
တကယ်တော့ စုန့်အာ့နန် တကယ်မွေးချင်ပေမယ့် အဆင်မပြေတာက သူမက အခုထိ အဆောင်မှာနေနေတုန်းဖြစ်သည်။
စုန့်လင်းချွမ်ရဲ့နေရာမှာဆိုရင်တောင် နောက်ပြီရင်ကျောင်းစဖွင့်တော့မှာဖြစ်ကာ သူမအနေနဲ့ မကြာခဏမသွားနိုင်တဲ့အတွက် အဲ့ဒါလည်းမသင့်တော်ပါချေ။
ဖေးခွမ်က အသာပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်တို့ မွေးဖို့စီစဉ်ထားတာပါ"
ဒါကိုကြားတော့ စုန့်အာ့နန်က မြင်နိုင်လောက်အောင် ပျော်သွားသည်။ အခုကစပြီး ဒီကောင်လေးမှာ အိမ်တစ်လုံးရှိလာတော့မည်ဖြစ်ကာ နောက်ထပ် လိုက်သွားနေစရာမလိုတော့တဲ့အတွက် စုန့်အာ့နန်ကြောင်လေးအတွက် ဝမ်းသာမိသည်။
ဖေးခွမ် မျက်လုံးထောင့်ကနေ စုန့်အာ့နန်ရဲ့အကြည့်ကိုသတိထားမိလိုက်သည်။ သူ့နှုတ်ခမ်းထောင့်က နည်းနည်း ကွေးတက်သွားသည်။
အဲ့ဒီအမျိုးသမီးလည်း အရမ်းပဝမ်းသာသွားသည်။ တိရစ္ဆာန်ဆေးရုံတွင် အလုပ်လုပ်တဲ့သူအများစုဟာ တိရစ္ဆာန်လေးတွေကို သဘောကျကြသည်။
ကြောင်အမွှေးတွေကို ဆေးကြောကာ လေမှုတ်ပေးပြီးတဲ့နောက် သူမက စုန့်အာ့နန်ဆီ တိုက်ရိုက် ပေးလိုက်သည်။
"ရှင်တို့နှစ်ယောက်က အရမ်းလိုက်ဖက်တာပဲ။ ငယ်ရွယ်တဲ့စုံတွဲလေးက အိမ်မွေးတိရစ္ဆာန်လေးကို အတူတူ မွေးတာ တော်တော်ကောင်းတယ်။ အဲ့ဒါက ရှင်တို့ဆက်ဆံရေးကိုလည်း ကူညီထောက်ပံ့ပေးတယ်"
စုန့်အာ့နန် အံ့အားသင့်သွားသည်။ ငယ်ရွယ်တဲ့စုံတွဲ?
ဘယ်သူ့ကိုပြောတာလဲ? သူမနဲ့ ဖေးခွမ်ကိုလား?
"မဟုတ်ဘူး ကျွန်မတို့ မဟုတ်..."
သူမ ရှင်းပြဖို့သတိဝင်လာတဲ့အချိန်မှာပဲ အဲ့ဒီအမျိုးသမီးကထွက်သွားပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဆွံ့အသွားရသည်။
စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး "သူ နားလည်မှုလွဲသွားတဲ့ပုံပဲ။ ကျွန်မ သွားရှင်းပြသင့်လား?"
ဖေးခွမ် မျက်ခုံးပင့်လိုက်သည်။ "မင်း စိတ်အနှောင့်အယှက်ဖြစ်လို့လား?"
စုန့်အာ့နန်က "အာ?" လို့အသံထွက်သွားပြီး သူဆိုလိုချင်တာကို သူမနည်းနည်းနားမလည်ဖြစ်သွားသည်။
ဖေးခွမ်ကရယ်ကာရှင်းပြလိုက်သည် “မင်း အဲဒါကို ကျင့်သားရနေပြီလို့ ကိုယ်ထင်နေတာ။ ခုနတုန်းက ကိုယ်မရှင်းပြလိုက်ဘူးဆိုတာက မင်းအနှောင့်အယှက် မဖြစ်ဘူးလို့ထင်လို့၊ ခဏနေကျရင် ကိုယ် သွားရှင်းပြလိုက်မယ်"
ဒီတော့မှ စုန့်အာ့နန် သဘောပေါက်သွားသည်။ အမှန်ပဲ၊ သူတို့ကိုကျောင်းမှာ အတွဲအဖြစ် ship တဲ့သူတွေ အများကြီးရှိသည်။ စဥ်းစားကြည့်ရင် ခုနတုန်းက အမျိုးသမီးနဲ့ဘာမှမကွာပေ။
"ကျွန်မ စိတ်ထဲမထားပါဘူး၊ အထူးတလည် ရှင်းပြဖို့မလိုပါဘူး"
အဲ့ဒါက အလုပ်ရှုပ်သည်။
ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ သူမတို့တွေက ဒီအမျိုးသမီးနဲ့ထပ်ပြီးတွေ့ဦးမှာမှ မဟုတ်ဘဲ။
ဖေးခွမ်က ညင်ညင်သာသာပြောလိုက်သည်။ "ကောင်းပြီ၊ မင်းပြောသလို ကိုယ်တို့သူတို့ကိုမရှင်းပြတော့ဘူး"
စုန့်အာ့နန် ခဏရပ်သွားသည်။ သူပြောတဲ့ပုံစံက နည်းနည်း ထူးဆန်းသလို ခံစားရပေမယ့် ဘာက ထူးဆန်းလဲဆိုတာကိုတော့ သူမ အတိအကျမသိပေ။ ဘာပဲဖြစ်ဖြစ် ဒါက လုံးဝပုံမှန်ဖြစ်တဲ့ပုံပါပဲ။
သူမ ခေါင်းခါလိုက်သည်။ သူမ အတွေးလွန်နေတာဖြစ်မယ်။
သို့ပေမယ့် အမှန်တရားကတော့ ဒီကောင်မလေးက အတွေ့အကြုံမရှိတာဘဲဖြစ်သည်။ မဟုတ်လို့ရှိရင် ရည်းစားကောင်လေးက သူ့ကောင်မလေးအပေါ် ကျေကျေနပ်နပ်နဲ့ အလိုလိုက်ဆက်ဆံတဲ့ မရေရာတဲ့ လေသံနဲ့ သဘောထားကို သူမ သတိပြုမိမှာ သေချာပေါက်ပင်။
တိရစ္ဆာန်ဆေးရုံမှ ထွက်လာပြီးတဲ့နောက် သူတို့နေတဲ့နေရာဆီ တန်းတန်းမတ်မတ် ပြန်သွားလိုက်ကြသည်။
ဖေးခွမ်က စုန့်အာ့နန်ကို အောက်ထပ်အထိ လိုက်ပို့ပြီး ပြုံးကာပြောလိုက်သည်။ "ဒီကောင်လေးက မင်းကို တော်တော် သဘောကျနေတဲ့ပုံပဲ၊ မင်းအချိန်ရရင် လာလည်လေ"
စုန့်အာ့နန်က တောက်ပစွာပြုံးလိုက်သည်။ “ကောင်းပါပြီ"
သူမ သွားခါနီးမှာ ရုတ်တရက်တစ်ခုခုကို သတိရသွားသည်။ "ဟုတ်သားပဲ၊ သူ့ကို နာမည်ပေးပြီးပြီလား?"
ဖေးခွမ်က ခေါင်းခါလိုက်သည်။ "မပေးရသေးဘူး။ ကိုယ်က နာမည်ပေးတဲ့နေရာမှာမတော်ဘူး၊ မင်းသူ့အတွက် နာမည်ရွေးပေးလေ"
စုန့်အာ့နန်က ရှက်ရွံ့စွာနဲ့ခေါင်းကုတ်လိုက်ပြီး "ဒါပေမယ့် ကျွန်မလည်း နာမည်ပေးတာမတော်ဘူး"
ဖေးခွမ် ရယ်လိုက်ပြီး “ရပါတယ်၊ နာမည်က အခေါ်အဝေါ်တစ်ခုပဲလေ။ ဒီတိုင်း တစ်ခုခု ရွေးလိုက်ရုံပါပဲ"
သူဒီလိုပြောလာတဲ့အတွက် စုန့်အာ့နန်လည်း ထပ်ပြီး မငြင်းချင်တော့ပေ။ သူမ ခဏလောက် စဉ်းစားကြည့်ပြီးတော့ ပြောလိုက်သည်။ “ဒီကောင်လေးက ဝဝကစ်ကစ်လေးဆိုတော့ ချိုးချိုးလို့ ခေါ်ရင်ရော?"
ဖေးခွမ်က ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ၊ ချိုးချိုးပေါ့"
စုန့်အာ့နန်လည်း ကြောင်လေးကို နာမည်ပေးခွင့်ရတဲ့အတွက် အရမ်းပျော်နေသည်။ အဲ့ဒါက သူမကို တာဝန်ပိုကြီးတယ်လို့ ခံစားရစေသည်။
ဒါကြောင့် အဲ့ဒီညမှာ သူမ ချက်ချင်း အွန်လိုင်းပေါ်တက်ပြီး သူမရဲ့ခံစားချက်ကို ဖော်ပြဖို့အတွက် ကြောင်စာနဲ့ ကြောင်စည်သွပ်ဘူး အများအပြားဝယ်လိုက်သည်။
သို့ပေမယ့် ပစ္စည်းတွေကို လက်ခံရရှိပြီးတဲ့နောက်မှာ စုန့်အာ့နန်တစ်ယောက် အဲ့ဒါကို မပို့ပေးခင် အချိန်အတော်ကြာ တုံ့ဆိုင်းနေမိသည်။
သူမ ဖေးခွမ်ကို ဆက်သွယ်ပြီး ကြောင်လေးဘာလုပ်နေမလဲဆိုတာ အမှန်တကယ် ကြည့်ချင်ပေမယ့် သူအလုပ်များနေကြောင်း သူမ သိတဲ့အတွက် သူ့ကို ဒုက္ခမပေးချင်ပေ။
ဒါကြောင့်၊ စုန့်အာ့နန်က ကြောင်လေးရဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ကြည့်ဖို့အတွက် ဖေးခွမ်ရဲ့လူမှုမီဒီယာကို နေ့စဉ်စစ်ဆေးကြည့်သည်။
စုန့်အာ့နန် မသိခဲ့တာကတော့ ဖေးခွမ်က သူမ သူ့ကို 'ဒုက္ခပေး' လာဖို့ ပြင်းပြင်းထန်ထန် မျှော်လင့်နေခဲ့တာပင်။
ဒါပေမယ့် သူမဘက်က သူ့ကိုလာမရှာတာ ကြာပြီမို့ သူ့ဘက်ကနေ သူမကိုရှာဖို့အစပြုရမည်ပင်။
တစ်နေ့နေ့လည်ခင်းတွင် ဖေးခွမ်က ရုတ်တရက် မက်ဆေ့ခ်ျတစ်စောင် ပို့လာသည်။ [ဂျူနီယာညီမလေး၊ ရှိလား?"]
စုန့်အာ့နန် - [ကျွန်မရှိပါတယ်၊ ဘာဖြစ်လို့လဲစီနီယာ?]
ဖေးခွမ် - [အင်း၊ မင်းကို အကူအညီတောင်းချင်တာတစ်ခုရှိလို့။ ဒီနေ့အိမ်က မထွက်ခင် ကိုယ့်ကြောင်လေးကို အစာကျွေးဖို့ မေ့သွားတာ၊ ဒီည ကိုယ်ညဆိုင်းဆင်းရမှာမို့ ပြန်လို့မရဘူး။ ကိုယ့် အိမ်ကိုသွားပြီး မင်းကူညီပေးလို့ရမလား?]
စုန့်အာ့နန် ခဏလောက်တုံ့ဆိုင်းသွားသည်။ သူ့အိမ်ကိုသွားရမှာလား?
ပုံမှန်အချိန်တွေဆိုရင် သိပ်ပြီးမသင့်လျော်ဘူးလို့ သူမခံစားရပေမယ့် ဒါက အရေးပေါ်အခြေအနေမို့ သိပ်အများကြီးမစဉ်းစားနေဘဲ တိုက်ရိုက်သဘောတူလိုက်သည်။
ဖေးခွမ်က သူ့ တံခါးနံပါတ်နဲ့ အိမ်တံခါး လျှို့ဝှက်နံပါတ်ကို ပို့လာသည်။ စုန့်အာ့နန်လည်း အချိန်မဆွဲနေဘဲ ကြောင်ကို အစာကျွေးဖို့ သူ့အိမ်ဆီ သွားလိုက်သည်။
တကယ်တော့၊ ဒါက စုန့်အာ့နန်အတွက် ဖေးခွမ်ရဲ့အိမ်ကိုလာတာ ပထမဆုံး အကြိမ်ဖြစ်တာကြောင့် သူမ နည်းနည်း စိတ်မသက်မသာ ဖြစ်မိသေးသည်။
ငယ်ငယ်ကတည်းက သူမဘက်ကနေ အရင် တခြားသူတွေရဲ့ အိမ်ကိုသွားတာရှားသည်။ ဒီလိုမျိုး တခြားသူတွေရဲ့ သီးသန့်နေရာကို ဝင်ဖို့ဆိုတာ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးမျိုး လိုအပ်တယ်လို့ သူမအမြဲတမ်း ခံစားခဲ့ရသည်။
သို့ပေမယ့် စုန့်အာ့နန် တံခါးကိုဖွင့်လိုက်တာနဲ့ တပြိုင်နက် ကြောင်လေးက ပြေးလာပြီး သူမခြေထောက်နားမှာလှည့်ပတ် လာတာကြောင့် သူမရဲ့မသက်မသာဖြစ်နေတာတွေလည်း ပြေပျောက်သွားသည်။
သူမက ထိုင်ချလိုက်ပြီး မေးလိုက်သည်။ "ချိုးချိုး၊ ငါ့ကို မှတ်မိသေးလား?"
အသေးလေးက ခေါင်းစောင်းကာ စုန့်အာ့နန်ကို ခဏလောက်ကြည့်လိုက်ပြီး သူမကို မှတ်မိတဲ့ပုံပေါ်ကာ မြောင်လို့အော်လာပြီး သူမကိုတိုးဝှေ့ပွတ်နေသည်။
သူမကို မှတ်မိမှန်းသိလိုက်ရတော့ စုန့်အာ့နန် အရမ်းပျော်သွားသည်။
ဒါကြောင့် သူမက ဝင်ပေါက်မှာပဲ ချိုးချိုးကို လက်နှစ်ဖက်နဲ့ဖက်လိုက်သည်။
သို့ပေမယ့် စုန့်အာ့နန်က အဓိကရည်ရွယ်ချက်ကိုတော့ မမေ့ပေ။ အခြားသူရဲ့အိမ်မှာ အကြာကြီးမနေသင့်တာကြောင့် သူမ ချိုးချိုးကို ဧည့်ခန်းထဲ တိုက်ရိုက်ချီသွားလိုက်သည်။
သူမက သူ့အတွက် ရေတစ်ခွက် အရင်ထည့်ပေးလိုက်ပြီး ကြောင်အစာနည်းနည်း ထည့်ပေးလိုက်ကာ နောက်ဆုံး ကြောင်ပိုင်ရှင်ရဲ့အလုပ်ဖြစ်တဲ့ ကြောင်လေးရဲ့အညစ်အကြေးပုံးကို သန့်ရှင်းရေး လုပ်လိုက်သည်။
စုန့်အာ့နန်က ဒီကြောင်လေးကို အရမ်းသဘောကျတဲ့အတွက် ဒီအလုပ်အပေါ်စိတ်အနှောင့်အယှက်ဖြစ်တာမျိုး လုံးဝမရှိပေ။
အားလုံးပြီးသွားတဲ့အခါ သူမက ဗီဒီယိုအတိုလေး ရိုက်ပြီး ဖေးခွမ်ဆီ ပို့ပေးလိုက်သည်။
တာဝန်ကြီး ပြီးသွားတဲ့အခါမှာတော့ စုန့်အာ့နန်လည်း အကြာကြီးမနေတော့ဘဲ ပြန်သွားလိုက်သည်။
ဖေးခွမ်က အလုပ်တွေရှုပ်နေလားဆိုတာ သူမ မသေချာမသိတာကြောင့် ဗီဒီယိုကို သူစာပြန်လာလိမ့်မယ်လို့သူမ မမျှော်လင့်ထားပေ။
သို့ပေမယ့် မမျှော်လင့်ထားစွာနဲ့၊ စုန့်အာ့နန် ဓာတ်လှေကားနားရောက်တဲ့အချိန် ဖေးခွမ်ဆီကနေ စာပြန်လာသည်။
ဖေးခွမ် - [ကိုယ့်ကို အခုလိုမျိုး ကြီးကြီးမားမား ကူညီပေးခဲ့တဲ့အတွက် ဂျူနီယာညီမလေးကို ကျေးဇူးတင်ပါတယ်။ မနက်ဖြန်ကျရင် ကိုယ် မင်းကို ထမင်းဝယ်ကျွေးမယ်"
စုန့်အာ့နန် အံ့အားသင့်သွားသည်။ မနက်ဖြန် ထမင်းဝယ်ကျွေးမယ်လား?
မဟုတ်သေးဘူး၊ ဒီဝါကျရဲ့ ဆက်စပ်မှုနဲ့ ယုတ္တိဗေဒကျကျ ကောက်ချက်ချရရင် သူ့အနေနဲ့ " တစ်ရက်ရက်လောက်" လို့ပြောသင့်တာ မဟုတ်ဘူးလား?
ဒါက ဒီတိုင်းယဉ်ကျေးမှုအရ ပြောတာ ဖြစ်သင့်တာလေ။
ဒါပေမယ့် ကိစ္စမရှိပါဘူး။ သူမအနေနဲ့ ဒီလိုအသွေးအမွှားကိစ္စအတွက် ဖေးခွမ်ကို ထမင်းဝယ်ကျွေးခိုင်းမှာမဟုတ်ပေ။
စုန့်အာ့နန် - [စီနီယာက အရမ်းကြင်နာတာပဲ၊ မလိုပါဘူး၊ ဒါက ကိစ္စအသေးလေးပါ]
ဖေးခွမ် - [ကိုယ်လုပ်သင့်တာပါ၊ ဒါဆိုအတည်ဖြစ်ပြီနော်၊ ဆောရီး အခုကိုယ်အလုပ်နည်းနည်းရှုပ်နေလို့၊ နောက်မှ စကားပြောကြတာပေါ့]
သူအလုပ်ရှုပ်နေတယ်လို့ စုန့်အာ့နန်မြင်တော့ ချက်ချင်းပြန်ဖြေလိုက်သည်။ [ကောင်းပါပြီ စီနီယာအလုပ်ရှုပ်နေရင် အလုပ်လုပ်လိုက်ပါဦး၊ နောက်တစ်ခါမှ စကားပြောကြတာပေါ့]
မက်ဆေ့ပို့ပြီးတာနဲ့ ဓာတ်လှေကားလည်း ရောက်လာပြီး သူမ ချက်ချင်းဝင်လိုက်သည်။
သူမက ဒါကိုစိတ်ထဲမှာ အတည်မမှတ်ဘဲ ယဉ်ကျေးမှုအရပြောတာလို့ မှတ်ယူထားပြီး သူမ စိတ်ထဲကနေ အမြန်ဖယ်ထုတ်လိုက်သည်။
ဒါပေမယ့် နောက်တစ်နေ့မှာတော့ ဖေးခွမ်ဆီကနေ ဖုန်းလက်ခံရတဲ့အခါမှာတော့ စုန့်အာ့နန် လုံးဝအံ့အားသင့်သွားတော့သည်။
သူက တကယ် မနက်ဖြန်လို့ ဆိုလိုတာပဲ!
ဒါက သူမ ထင်ခဲ့တဲ့ "တစ်ရက်ရက်လောက်" ဆိုတာလုံးဝမဟုတ်သလို ယဉ်ကျေးမှုအရ ပြောတဲ့စကားလည်းမဟုတ်ဘူး!!!