(extra 8)
Vol. 13 Ch. 167
အဲ့ဒီနေ့ ဖေးခွမ်အိမ်မှာ ထမင်းစားပြီးကတည်းက သူတို့ကြားက မြင်နိုင်လောက်တဲ့ ပြောင်းလဲမှုတွေကို စုန့်အာ့နန် သိသိသာသာ ခံစားခဲ့ရသည်။
ဥပမာအားဖြင့်၊ ဖေးခွမ်က သူမကို ဂျူနီယာညီမလေးလို့ခေါ် တာကို ရပ်လိုက်ပြီး အဲ့ဒီစား အာ့နန်လို့ စပြီးခေါ်လာသည်။
ဒါ့အပြင် သူမတို့ရဲ့ WeChat ကနေ စကားပြောတာကလည်း မကြာခဏဆိုသလို ပိုပြောဖြစ်လာသည်။
အရင်က သူမတို့ပြောတဲ့စကားတွေက ပညာရေးဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်တာ ဒါမှမဟုတ် ဖေးခွမ်က သူ့ကျောင်းဝင်းကိုလာတဲ့အခါ ဘယ်မှာစားရမလဲ စတာသည်တို့ကို မေးတတ်သည်။ သို့ပေမယ့် အခုအခါမှာတော့၊ သူတို့ရဲ့စကားစမြည်ပြောမှုတွေက နေ့စဉ်ဘ၀ကို မျှဝေတဲ့အကြောင်း ပိုမိုများပြားလာသည်။
ဖေးခွမ်က သူ့ကြောင်လေးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို နေ့တိုင်းလိုလို ပို့ပေးတတ်သည်။ တစ်ခါတစ်လေဆို ဆေးရုံမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ဝင်စားစရာအကြောင်းတွေကို ဝေမျှပေးတတ်သည်။
စုန့်အာ့နန်က လမ်းမှာတွေ့တဲ့ တောရိုင်းပန်းတွေနဲ့ စာကြည့်တိုက်ထဲမှာ သူမ တွေ့တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တွေအကြောင်းကို ဝေမျှပေးသည်။
ဒါ့အပြင်၊ သူတို့က နေတဲ့နေရာတူကြတာကြောင့် ဖေးခွမ်ညဘက်အလုပ်မရှိရင် စုန့်အာ့နန်က သူနဲ့အတူ ကားလိုက်စီးတတ်သည်။
ဒါတင်မကသေးဘဲ သူတို့က မကြာခဏဆိုသလို အတူတူ စားသောက်ကြသည်။
ပထမတော့ စုန့်အာ့နန် စိတ်ရှုပ်ထွေးခဲ့ပေမယ့် သူမရဲ့ခံစားချက်တွေကို တဖြည်းဖြည်း နားလည်လာသည်။
သူမအနေနဲ့ ဖေးခွမ်အပေါ် ခံစားချက်တချို့ ဖြစ်လာလိမ့်မယ်လို့ သူမ မထင်ခဲ့ပါချေ။
ဒါပေမယ့် ပြန်တွေးကြည့်တော့ သူ့ကိုသဘောကျသွားဖို့ဆိုတာ လွယ်လွယ်နဲ့ဖြစ်သွားနိုင်သည်။
ဖေးခွမ် သူ့ကိုသိလာလေ ပိုပြီးဆွဲဆောင်မှုရှိလာလေဖြစ်တဲ့ပုံစံမျိုးဖြစ်သည်။
သူ့ရုပ်ရည်က အစကတည်းက လူတွေကို ဆွဲဆောင်နိုင်ပြီး သူ့ရဲ့ ပင်ကိုယ်စရိုက်၊ အပြောအဆိုနဲ့ အသိပညာတွေက သူနဲ့ပြောဆိုဆက်ဆံပြီးတဲ့ လူတွေကို ပိုလို့တောင်ဆွဲဆောင်နိုင်သည်။
သူတို့နှစ်ယောက်စလုံးက စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေ တူညီကြတဲ့ ဆေးကျောင်းသား/သူတွေဖြစ်ကြပြီး သူတို့အတွက် ဆွေးနွေးဖို့အကြောင်းအရာတွေက ဘယ်တုန်းကမှ မကုန်ဆုံးပါချေ။
ဒါပေမယ့် စုန့်အာ့နန်ကတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲဆိုတာ မပြောနိုင်ပါချေ။ ဖေးခွမ်လည်း သူမကို စိတ်ဝင်စားနေကြောင်း သူမယောင်ဝါးဝါး ခံစားမိသည်။
ဒါပေမယ့် ဘယ်သူကမှ ဒီမရေမရာဖြစ်မှုကို မချိုးဖြတ်ကြဘဲ နွေရာသီအားလပ်ရက်တစ်ခုလုံးနီးပါးကို သူတို့ဒီလိုမျိုးဘဲ ဖြတ်သန်းခဲ့ကြသည်။
တစ်နေ့ စုန့်အာ့နန်တစ်ယောက် ထုံးစံအတိုင်း စာကြည့်တိုက်ထဲမှာ ရှိနေသည်။ ဒါပေမယ့် ဖေးခွမ်အလုပ်ဆင်းရင် သူမ သူနဲ့အတူအိမ်ပြန်ဖို့သဘောတူထားသည်။
အချိန်တန်ပြီလို့ ထင်တဲ့အတွက် သူမ စာကြည့်တိုက်ကနေထွက်လာလိုက်သည်။
သူမတို့ကျောင်းက ဆေးရုံနဲ့နီးသည်။ လမ်းဆုံကိုဖြတ်လိုက်ရုံနဲ့ရောက်သည်။ ဒါပေမယ့် ဆေးရုံနဲ့ သူတို့အိမ်ကိုသွားတဲ့လမ်းက အတူတူဖြစ်သည်။ စုန့်အာ့နန်က ဖေးခွမ်ကို လမ်းကြောင်းကနေ ပြန်မထွက်လာစေချင်တာကြောင့် သူ့ကိုစောင့်ဖို့ဆေးရုံနားက ကားပါကင်နေရာဆီ ခပ်စောစောသွားလိုက်သည်။
ဒီနေ့လည်း ခြွင်းချက်မရှိပေ၊ သူမ ရောက်လာတဲ့အခါဖေးခွမ်က နေရာမှာရောက်နေပြီဖြစ်သည်။
စုန့်အာ့နန် ဖေးခွမ်ကို အဝေးတစ်နေရာကနေ တွေ့လိုက်သည်။ သူက ကားဘေးမှာ ရပ်နေပြီး သူ့ဖုန်းကို ငုံ့ကြည့်နေကာ မက်ဆေ့ချ်တွေကို စာပြန်နေတဲ့ပုံပင်။
စုန့်အာ့နန် ကားရှေ့ကို လျှောက်သွားမလို့လုပ်တုန်းမှာ ကောင်မလေးတစ်ယောက်က ဖေးခွမ်ရှေ့မှာ ရုတ်တရက်ရပ်လိုက်သည်။
"ဒေါက်တာဖေး၊ မင်္ဂလာပါ။ ကျွန်မက နှလုံးသွေးကြောခွဲစိတ်ရေးဌာနက ချင်လင်းပါ" အဲ့ဒီကောင်မလေးက အရင်ပြောလာသည်။
ဖေးခွမ် ခဏလောက် အံ့အားသင့်သွားသည်။ "ဒေါက်တာချင် မင်္ဂလာပါ။ မင်းကို ငါဘာကူညီပေးရမလဲ?"
ချင်လင်းက နည်းနည်း တုံ့ဆိုင်းနေပြီး စက္ကန့်အနည်းငယ်လောက် ခေါင်းညိတ်လိုက်ကာ ပြောလာသည်။ "ဒေါက်တာဖေး၊ ရှင် ကျွန်မကို စိတ်မကျေနပ်တာမျိုးရှိလို့လားဟင်? ဌာနအကြီးအကဲကျောက်က ကျွန်မတို့အချင်းချင်း ရင်နှီးအောင် မိတ်ဆက်ပေးတာကို ဘာလို့ငြင်းခဲ့တာလဲ?"
စုန့်အာ့နန် တန့်သွားသည်။ ဘာဖြစ်နေလဲဆိုတာ သူမ အကြမ်းဖျင်း သဘောပေါက်သွားသည်။
အရင်ကလည်း သူမအနေနဲ့ အလားတူအခြေအနေမျိုး ကြုံဖူးသည်။ လောလောဆယ် သူမ ထွက်သွားလိုက်သင့်သည်။
ဒါပေမယ့် စုန့်အာ့နန် လှည့်မထွက်သွားခင်မှာ ဖေးခွမ်က တိုက်ရိုက်ခေါ်လာသည်။ "အာ့နန်!"
သူမ သူ့ကို ပြန်ကြည့်လိုက်သည်။ ချင်လင်းလည်း သူမကို လှည့်ကြည့်လိုက်သည်။ သူတို့အကြည့်တွေက လေးထာင့်ကျကျဆုံသွားသည်။
လေထုထဲမှာ မြင်သာတဲ့ အဆင်မပြေမှုတွေနဲ့ ပြည့်နှက်သွားသည်။
ဒါပေမယ့် ဖေးခွမ်က စုန့်အာ့နန်ကိုပြောလာသည်။ "ခဏစောင့် ကိုယ်အမြန်လာခဲ့မယ်"
စုန့်အာ့နန်မှာ ထွက်ပဲထွက်သွားရမလား နေပဲနေနေရမလားမသိတော့ပေ။ "ရပါတယ်။ ပြောလေ၊ ကျွန်မအလျင်မလိုပါဘူး"
ချင်လင်းက တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။ သူမ မျက်နှာက နည်းနည်း နီမြန်းလာသည်။ သူမ ဖေးခွမ် ဘက်ကိုလှည့်လာပြီး မေးလိုက်သည်။ "ရှင့်မှာ ကောင်မလေးမရှိဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား?"
ဖေးခွမ်က ခေါင်းအသာညိတ်ပြလိုက်ပြီး "တောင်းပန်ပါတယ်၊ အရင်က ရှင်းရှင်းလင်းလင်း မပြောပြခဲ့မိလို့။ ငါ့မှာ ကောင်မလေးတော့ မရှိပါဘူး၊ ဒါပေမယ့် ငါကြိုက်နေတဲ့သူတော့ရှိတယ်။ သူ့ကို လိုက်နေတာ"
ချင်လင်း တစ်ခဏလောက် အံ့အားသင့်သွားသည်။ သူက တစ်ယောက်ယောက်ကို သဘောကျနေပြီး အခု သူ့ကိုလိုက်နေတယ်တဲ့လား?
သူမ စုန့်အာ့နန်ကို ပြန်ကြည့်လိုက်သည်။ ရှင်းသွားပြီ။
"စိတ်အနှောင့်အယှက်ပေးခဲ့မိလို့ တောင်းပန်ပါတယ်"
နောက်တော့ သူမ အမြန်ထွက်သွားကာ မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ကို ချန်ခဲ့တော့သည်။
ဖေးခွမ်က ကားကို လက်ညှိးထိုးပြလိုက်ပြီး "ကိုယ်တို့သွားကြတော့မလား?"
စုန့်အာ့နန် - "အိုး သွားကြစို့လေ"
ကားစထွက်တာနဲ့ သူတို့က တိတ်တိတ်ဆိတ်ဆိတ်နဲ့ ယာဉ်ကြောထဲ မောင်းဝင်လာလိုက်သည်။
စုန့်အာ့နန်မှာ ခရီးသည်ထိုင်ခုံမှာ ထိုင်နေပြီး အရမ်းစိတ်မသက်မသာဖြစ်နေရသည်။
ခုနတုန်းက ဖေးခွမ်ရဲ့ စကားတွေကို သူမ အခုထိ တွေးနေမိသည်။ သူမ နှလုံးခုန်မြန်လာသည်။
သူက တစ်ယောက်ယောက်ကို သဘောကျနေတယ်။
သူက အခု တစ်ယောက်ယောက်ကို လိုက်နေတယ်။
ဒါဆို သူပြောခဲ့တဲ့ ဒီလူက ဘယ်သူများလဲ?
စုန့်အာ့နန် စိတ်ထဲမှာ အကြမ်းဖျင်းတွေးမိတာ ရှိပေမယ့် သူမအဲဒါကို အတည်မပြုရဲသေးပါချေ။
ဘာပဲဖြစ်ဖြစ် ဖေးခွမ်က ဘာမှ မပြောဘဲ လိုက်တာမျိုး မလုပ်လောက်ပေ။ သူမ စာဖတ်တာ အရမ်းများသွားတဲ့ပုံပဲ။
သူကြိုက်နေတာ တခြားသူများလား?
စုန့်အာ့နန် အဲ့ဒီအကြောင်းကိုပိုတွေးလေ ဖြစ်နိုင်ချေ ပိုများလာလေပင်။ သူမမှာ အကြောင်းပြချက်မရှိဘဲ စိတ်ပူစပြုလာသည်။
မကြာခင်မှာဘဲ သူမတို့နေတဲ့နေရာဆီ ရောက်လာပေမယ့် စုန့်အာ့နန်ကတော့ တစ်ချိန်လုံးအာရုံလွင့်နေခဲ့သည်။
ဖေးခွမ် မြေအောက်ကားပါကင်မှာ ကားရပ်လိုက်တဲ့အခါမှ နောက်ဆုံးတော့ သူမလက်ရှိကိုပြန်ရောက်လာသည်။
"ညစာ ဘာစားချင်လဲ?" ဖေးခွမ်က မေးလာသည်။
စုန့်အာ့နန် ခဏလောက် ကြောင်သွားပြီး "အမ် ကျွန်မဗိုက်မဆာသေးလို့။ ကျွန်မ အရင်ပြန်လိုက်တော့မယ်"
ပြောပြီးတာနဲ့ သူမကားထဲကနေ ထွက်ဖို့တံခါးကိုဖွင့်တော့မယ့်အချိန် ဖေးခွမ်က သူမလက်ကိုလှမ်းဆွဲကာ တားလာသည်။
စုန့်အာ့နန် သူ့ကို လှည့်ကြည့်လိုက်ပြီး "ဘ-ဘာဖြစ်လို့လဲ? တစ်ခုခုရှိလို့လား?"
ဖေးခွမ်က သူမကို တိတ်တဆိတ်ကြည့်ကာ မေးလိုက်သည်။ "အာ့နန်၊ မင်းကိုယ့်ကို မေးချင်တာ မရှိဘူးလား?"
စုန့်အာ့နန် နှုတ်ခမ်းကိုခပ်ဖွဖွဖိလိုက်ပြီး သူမရဲ့အကြည့်တွေက မသိစိတ်ကနေ ရှောင်ထွက်သွားသည်။
ဘာကိုမေးရမှာလဲ? သူမက ဒီတိုင်း စိတ်ကြီးဝင်နေမိတာဆိုရင်ရော? အဲ့ဒါကပိုပြီး အဆင်မပြေဖြစ်သွားလိမ့်မည်ပင်။
သူမ မမေးသင့်ဘူး။
စုန့်အာ့နန်အနေနဲ့ ဒီကိစ္စကို ရှောင်ဖို့ မရည်ရွယ်ပါချေ။ အခုလောလောဆယ် စိတ်အေးအေးထားပြီး လိုအပ်ရင် အဲ့ဒီအကြောင်းကို နောက်မှပြောတာက အကောင်းဆုံးဖြစ်မယ်လို့ သူမထင်သည်။
ကောင်မလေးရဲ့ ရှောင်ချင်နေတဲ့ သဘောထားကို မြင်တော့ ဖေးခွမ် သက်ပြင်းချလိုက်သည်။ ဒါပေမယ့် သူ့အမူအရာက မပြောင်းလဲဘဲ ဆက်ပြောလာသည်။ “ကောင်းပြီ၊ မင်းမှာ မေးစရာမရှိရင် ကိုယ်မေးမယ်"
စုန့်အာ့နန် လန့်သွားသည်။ သူ ဘာကိုမေးချင်တာလဲ?
ဖေးခွမ်က သူမကို ငြင်းဖို့ အခွင့်အရေးမပေးပေ။ သူက အဓိကအချက်ကိုပဲ တန်းသွားကာ မေးလိုက်သည်။ "အာ့နန်၊ ကိုယ် မင်းကို သဘောကျတယ်"
စုန့်အာ့နန် အံ့အားသင့်သွားသည်။
သူမအနေနဲ့ အစောပိုင်းကနည်းနည်း ခန့်မှန်းထားပေမယ့် သေချာတဲ့အဖြေကိုကြားလိုက်ရတဲ့အခါ သူမနှလုံးခုန်မြန်လာသည်။
ဒါပေမယ့် ဖေးခွမ်က ဘာကိုမှအစမပျိုးဘဲ တိုက်ရိုက်ပြောလာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါချေ။ သူက ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲ တန်းတန်းမတ်မတ်ကိုပြောလာသည်။
နောက်ပြီး သူ့မှာ မေးစရာရှိလို့ ပြောတာမဟုတ်ဘူးလား? ဒါက လုံးဝကိုမေးခွန်းမဟုတ်နေဘူးလေ။
ဒီအချိန်မှာ ကောင်မလေးရဲ့ စိတ်တွေ ပျံ့လွင့်နေတာကို မြင်လိုက်ရတော့ ဖေးခွမ်ရဲ့ မျက်လုံးတွေထဲရွှင်မြူးတဲ့အရိပ်အယောင်တွေပေါ်လာသည်။ ဒါပေမယ့် သူ့အမူအရာက လေးနက်နေသေးပြီး ဆက်ပြောလာသည်။ "ခုနတုန်းက ကားပါကင်မှာ ကိုယ်ပြောခဲ့တာကို မင်းကြားခဲ့တာပဲလေ။ ကိုယ်ပြောခဲ့တဲ့ စကားတိုင်းကိုဆိုလိုတာ။ ကိုယ့်ကို အထင်မမှားပါနဲ့၊ ကိုယ် မင်းကို ဒိုင်းကာအနေနဲ့အသုံးချနေတာ မဟုတ်ပါဘူး"
စုန့်အာ့နန် - "အိုး ကျွန်မအထင်မမှားပါဘူး"
ကားစီးလာရင်းနဲ့ ဖြစ်နိုင်ချေများစွာကို သူမစဉ်းစားခဲ့သည်။
ဒါပေမယ့် သူမသေချာတာတစ်ခုကတော့ ဖေးခွမ်က သူမကို ဒိုင်းကာအနေနဲ့ အသုံးချလိမ့်မယ်ဆိုတဲ့ အတွေးကတော့ သူမစိတ်ထဲ ဘယ်တုန်းကမှ မဝင်လာပါချေ။
သူက ဒီလိုလူမဟုတ်ဘူး။
ဖေးခွမ်က အသိအမှတ်ပြုတဲ့အနေနဲ့ အသံပြုလိုက်ပြီး သူ့မျက်လုံးတွေက ပြုံးနေကာ "ဒါဆို ဒါကို မင်းဘယ်လိုထင်လဲ?"
"ကိုယ့်ရဲ့ ကောင်မလေးဖြစ်လာမှာလား?"
ပွင့်ပွင့်လင်းလင်း ဝန်ခံပြီးတဲ့နောက်၊ စုန့်အာ့နန်မှာ အခုအချိန် ပိုပြီးလက်ခံလာနိုင်သည်။
သူမ ဘယ်လိုထင်လဲ? သေချာပေါက် သူမအနေနဲ့ ဒီလိုမျိုး ချက်ခြင်းဆိုသလို မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်လို့ မမျှော်လင့်ထားပါချေ။
သူမနဲ့ ဖေးခွမ်တို့ရဲ့အခုလို ဆက်ဆံရေးနဲ့ဆို အဆုံးမှာ အတူတူရှိတာနဲ့ အဆုံးသတ်သွားတာက သဘာဝအတိုင်း တိုးတက်မှုပဲလို့ သူမတွေးမိသည်။ အဲ့ဒါဆို ဒီလိုမျိုးဝန်ခံတာ ဒါမှမဟုတ် တခြားအရာတွေလည်း လိုအပ်လိမ့်မှာမဟုတ်ပေ။
တစ်နေ့မှာ သူမတို့တွေအနေနဲ့ မသိစိတ်ကနေ လက်ကိုင်ရင်းလမ်းလျှောက်ရာကနေ အပြန်အလှန် ဖွင့်ဟပြောစရာမလိုဘဲ စုံတွဲတွေဖြစ်သွားရုံပင်။
ဒါပေမယ့် ဒီနေ့ ကားပါကင်ကလို အဖြစ်အပျက်မျိုး ကြုံလာရမယ်လို့ သူမ မထင်ထားပေ။
စုန့်အာ့နန် အသံတိတ်နေတာကိုမြင်တော့ သူမ မသေချာမရေရာဖြစ်နေသေးတယ်လို့ ဖေးခွမ် ထင်လိုက်သည်။ "မင်း စိတ်ကို မပြင်ဆင်ရသေးဘူးဆိုရင်လည်း အိမ်ပြန်ပြီးသေချာစဉ်းစားပါ။ အဆင်ပြေတယ် ကိုယ် မင်းကိုစောင့်နေမယ်"
ဒါပေမယ့် စုန့်အာ့နန်က ခေါင်းခါလိုက်သည်။
"ထပ်ပြီးတွေးနေစရာ မလိုပါဘူး။ ကျွန်မ လက်ခံပါတယ်" စက္ကန့်အနည်းငယ်အကြာမှာ သူမက ပြောလာသည်။
အခုကတော့ဖေးခွမ် အံ့အားသင့်ရမယ့်အလှည့်ဖြစ်သည်။သူ ရပ်သွားပြီး အတည်ပြုသလိုမေးလိုက်သည်။ "မင်း တကယ်စိတ်ပါလို့လား? နောင်တမရဘူးလား?"
စုန့်အာ့နန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး အခိုင်အမာပြောလိုက်သည်။ "ကျွန်မ တကယ်စိတ်ပါလို့ပါ နောင်တမရပါဘူး"
သူမဘက်က လိုအပ်တဲ့အရာအားလုံးကို ကြိုတင်စဉ်းစားထားပြီးပြီဖြစ်သည်။
သူမတို့အနေနဲ့ အပြန်အလှန်ခံစားချက်တွေ ရှိကြတာမို့ မချိတင်ကဲ ဖြစ်စရာမလိုပါချေ။
စုန့်အာ့နန်ရဲ့ဆုံးဖြတ်ချက် ပြတ်သားမှုကို မြင်လိုက်ရတော့ ဖေးခွမ် မသိစိတ်ကနေ ပြုံးလိုက်မိသည်။
ဒါကတကယ်ကို ဒီကောင်မလေးရဲ့ပုံစံပဲ။
သူမကို မသိတဲ့သူတွေက သူမကို နူးညံ့တယ်လို့ ထင်ကောင်းထင်နိုင်လိမ့်ပေမယ့် တကယ်တော့ သူမဟာ ခိုင်မာတဲ့ အတွေးအမြင်ရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သည်။
နေရောင်လေးလို လှပပြီး နွေးထွေးကာ လူတွေကို မနေနိုင်ဘဲ သူမအနားကို နီးကပ်လာစေချင်သည်။
"ကောင်းပြီ၊ ဒါဆိုအတည်ဖြစ်ပြီနော်" ဖေးခွမ်က တခစ်ခစ်ရယ်လိုက်ပြီး သူမလက်တစ်ဖက်ကို ကိုင်လိုက်ကာ "ဟယ်လို၊ ချစ်သူကောင်မလေးရေ"
စုန့်အာ့နန်ကတည်ငြိမ်နေပြီး နောက်တော့သူ့လက်ကိုကိုင်ကာ ပြန်တုံ့ပြန်လာသည်။ "ဟယ်လို ချစ်သူကောင်လေးရေ!"
နှစ်ယောက်သား တင်းတင်းကြပ်ကြပ် လက်ကိုင်ထားရင်း တစ်ယောက်ကို တစ်ယောက် စက္ကန့်အနည်းငယ်ကြာကြည့် နေမိကာ ပြိုင်တူရယ်မောလိုက်ကြသည်။
ဆက်ဆံရေးကို အတည်ပြုပြီးတဲ့နောက် စုန့်အာ့နန်လည်း သဘာဝအလျောက်ပြန်ဖို့ အလျင်စလို မဖြစ်တော့ပေ။
သူမ အခုအရမ်းဗိုက်ဆာနေပြီ။ တိုက်တိုက်ဆိုင်ဆိုင် အနီးနားမှာ စားသောက်ဆိုင်အသစ်တစ်ခု ဖွင့်ထားသည်။ တော်တော်လည်းကြည့်ကောင်းသည်။ အခွင့်အရေးရရင် အဲ့ဒီမှာစမ်းစားကြည့်မယ်လို့ မနေ့က သူမတို့ ပြောထားသည်။
ဒါဆို ဒီနေ့ ဘာလို့မဖြစ်ရမှာလဲ?
ကားပါကင်ကနေ ထွက်လာပြီး အိမ်ရာဝင်းထဲလျှောက်လာကြသည်။
ဖေးခွမ်က ပြုံးလိုက်ပြီး "ချစ်သူလေးရေ လက်ကိုင်လို့ရမလား?"
စုန့်အာ့နန်လည်း ရှက်ကိုးရှက်ကန်း မဖြစ်နေဘဲ အရမ်းရက်ရောသည်။ "ရပါတယ်"
နောက်တော့ သူမလက်ကို သူ့ဆီ တိုက်ရိုက်ကမ်းပေးလိုက်သည်။
နှစ်ယောက်သား တင်းတင်းကြပ်ကြပ် လက်ကိုင်ထားကြရင်း နေဝင်ဆည်းဆာ အလင်းရောင်အောက်မှာ ဘေးချင်းကပ် လမ်းလျှောက်နေကြသည်။
မြင်ကွင်းက ပန်းချီကားတစ်ချပ်လို လှပနေသည်။
သူတို့ရဲ့ အချစ်ရေးကို အတည်ပြုခဲ့တဲ့ စုံတွဲအသစ်လေးဟာလည်း သဘာဝအလျောက် မခွဲခွာချင်ကြပါချေ။
ညစာစားပြီးတဲ့နောက်၊ ဖေးခွမ်က သူမကိုအိမ်ပြန်လိုက်မပို့ခင်ဝင်းထဲမှာ အကြိမ်ကြိမ် လမ်းလျှောက်ကြသည်။
စုန့်အာ့နန် အိမ်ပြန်ရောက်ပြီးတဲ့နောက် သူမဆိုဖာပေါ်မှာ အချိန်အတော်ကြာအောင် မိန်းမောနေပြီး နည်းနည်း ခံစားချက်တွေ ပျောက်နေမိသည်။
သူမ ချစ်နေမိပြီ!
ပြီးတော့ ဖေးခွမ်နဲ့တဲ့။
ဒါပေမယ့် အခုပြန်တွေးကြည့်တော့ လွန်ခဲ့တဲ့ နှစ်လလောက်ကျောင်းက လူတွေက သူမတို့ CP ကို လိုက် ship တုန်းက နည်းနည်းလေး အဓိပ္ပါယ်မရှိဘူးလို့ သူမထင်ခဲ့မိသည်။
ဒါပေမယ့် အခုတော့ သူမတို့တွေ တကယ်ကြီးတွဲနေကြလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ!
တကယ်တော့ စုန့်အာ့နန် အရွယ်ရောက်လာပြီးကတည်းက သူမပတ်ဝန်းကျင်မှာ သူမကိုလိုက်တဲ့သူအနည်းအကျဥ်းရှိခဲ့ပေမယ့် ခြွင်းချက်မရှိ သူမငြင်းခဲ့သည်။
သူမအနေနဲ့စာလုပ်ဖို့ဆိုတဲ့အကြောင်းပြချက်ကလွဲရင် ဆေးကျောင်းတက်နေတဲ့နှစ်တွေအတွင်း အဲ့ဒီအတွက် သူမစိတ်အနှောက်အယှက်ဖြစ်ခံလိမ့်မှာ မဟုတ်ဘူးလို့ အမြဲခံစားခဲ့ရသည်။
လီစစ်ရွှေ့နဲ့ တခြားသူတွေက သူမကို ဒီလိုမျိုး မျက်နှာလေးရထားတာက ဖြုန်းတီးတာဖြစ်ပြီး လုံးဝဉာဏ်အလင်းရမှာမဟုတ်ဘူးလို့ စနောက်ကြသည်။ နွေရာသီအားလပ်ရက်မှာ သူမ ဉာဏ်အလင်းရခဲ့တယ်ဆိုတာ သူတို့သိသွားရင် အံ့ဩသွားကြလိမ့်မှာပင်။
စုန့်အာ့နန် သူတို့နဲ့ ဒီသတင်းကို မျှဝေဖို့ စဉ်းစားနေတုန်းမှာဘဲ စုန့်လင်းချွမ်က WeChat ကနေ မက်ဆေ့ခ်ျပို့လာသည်။
ဟုတ်သား၊ သူမ ဒီအကြောင်းကို လင်းချွမ်ကိုလည်း ပြောပြရမှာပေါ့။
နှစ်ယောက်စလုံး ချစ်မိသွားတဲ့အခါ တစ်ယောက်ကိုတစ်ယောက် မဖုံးကွယ်ထားဖို့ သူတို့တူဝရီးနှစ်ယောက် သဘောတူထားတာရှိသည်။
ပြီးတော့ စုန့်အာ့နန်အနေနဲ့ စုန့်လင်းချွမ်ကို ဖုံးကွယ်ထားဖို့လည်း မလိုဘူးလို့ထင်သည်။ သူမတို့ နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသူတွေဖြစ်ပြီး ဒါကတရားဝင် ဆက်ဆံရေးတစ်ခုဖြစ်တဲ့အတွက် အရမ်းကို ပုံမှန်ဘဲဖြစ်သည်။
ဒါပေမယ့် အဲဒီမတိုင်ခင်မှာ စုန့်လင်းချွမ် သူမကို အရင်ပို့လာတဲ့မက်ဆေ့ခ်ျကို ကြည့်ဖို့ WeChat ကို နှိပ်လိုက်သည်။
စုန့်လင်းချွမ် - [အန်တီလေး၊ နှစ်ရက်လောက်နေရင် ငါ့ရိုက်ကူးရေးပြီးလို့ ပြန်လို့ရလောက်ပြီ!]
စုန့်အာ့နန်လည်း စာပြန်လိုက်သည်။ [ကောင်းပြီ နင့်ကိုစောင့်နေမယ်]
မက်ဆေ့ချ် ပို့ပြီးနောက်၊ နောက်ထပ် မက်ဆေ့ချ်တစ်ခုကို ရိုက်နေရင်း သူမလက်ချောင်းတွေက ကီးဘုတ်ပေါ် လျင်မြန်စွာနဲ့ ပျံသန်းသွားသည် - [လင်းချွမ်၊ နင့်ကို တစ်ခုပြောစရာရှိတယ်၊ ငါ အခု ရည်းစားရနေပြီ!]
မက်ဆေ့ချ်ပို့ပြီးတာနဲ့ တစ်ဖက်မှာ အတော်ကြာတဲ့အထိမလှုပ်ရှားလာပေ။
စုန့်အာ့နန်က သိပ်စဉ်းစားမနေဘဲ စုန့်လင်းချွမ် အလုပ်များနေတယ်လို့သာ ထင်လိုက်သည်။
ဒါပေမယ့် နောက်တစက္ကန့်မှာပဲ သူက တိုက်ရိုက်ဖုန်းဆက်လာသည်။ "အန်တီလေး၊ နင်ရည်းစားရသွားပြီလား! ဘယ်သူလဲ? ဘယ်တုန်းကလဲ? သူက ဘာအလုပ်လုပ်တာလဲ?"
စုန့်အာ့နန်မှာ သူ့ဆီကနေ ဆက်တိုက်မေးခွန်း အထုတ်ခံလိုက်ရပြီး တစ်ခဏလောက် စိတ်ရှုပ်သွားရသည်။ "လင်းချွမ် စိတ်မလှုပ်ရှားပါနဲ့၊ ဖြည်းဖြည်းပြော၊ ငါ သေချာမမှတ်မိဘူး"
စုန့်လင်းချွမ်က စိတ်လှုပ်ရှားနေရုံသာမက အခုချိန်မှာ ပေါက်ကွဲထွက်တော့မည်ဖြစ်သည်။