(extra 9)
Vol. 13 Ch. 168
သူကအသက်ပြင်းပြင်းရှူပြီး တည်ငြိမ်အောင်ကြိုးစားလိုက်သည်။ "ကောင်းပြီ၊ တစ်ခုပြီးတစ်ခုပြောရအောင်"
"သူ့နာမည် ဘယ်လိုခေါ်လဲ?"
"ဖေးခွမ်"
"သူနဲ့ဘယ်လိုတွေ့တာလဲ? သူက ဘာအလုပ်လုပ်တာလဲ?"
"သူက ငါ့ရဲ့ စီနီယာ၊ အခုဘွဲ့ရပြီးတော့ ငါတို့ကျောင်းရဲ့ တွဲဖက်ဆေးရုံမှာ ခွဲစိတ်ဆရာဝန်အဖြစ် လုပ်နေတယ်"
ဒါကိုကြားတော့ စုန့်လင်းချွမ် သက်ပြင်းတစ်ချက်ချလိုက်သည်။
သူ B တက္ကသိုလ်ရဲ့ ကျောင်းသားဆိုတော့ တော်သေးတာပေါ့၊ အနည်းဆုံးတော့ သူကကြုံရာလူမဟုတ်ဘဲ သူ့နောက်ခံကို ကောင်းကောင်းသိလိုက်ရတယ်လေ။
ဒါပေမယ့် စုန့်လင်းချွမ် ထပ်တွေးလိုက်မိသည်။ "သူကဘွဲ့ရပြီးသွားပြီဆိုတော့ အသက်တော်တော်ကြီးမှာဘဲ ဟုတ်တယ် မဟုတ်လား?"
စုန့်အာ့နန်ကတော့ သိပ်ပြီးမစဉ်းစားနေဘဲ ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။ "အသက်က သိပ်မကြီးဘူး၊ နင်နဲ့အတူတူပဲ"
တစ်ဖက်လူက သူနဲ့ အသက်တူတူပဲဆိုတာကိုကြားတာနဲ့ တပြိုင်နက် စုန့်လင်းချွမ်တစ်ယောက် ဒေါသတကြီးဖြစ်လာပြန်သည်။ “ဘာ? အသက်အရမ်းကြီးတာပဲ!"
အသက်က သိပ်မကြီးသေးပါချေ၊ သူတို့နှစ်ယောက်လုံးက အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ယောက်ျားလေးတွေဖြစ်ပြီး တကယ်တော့ သူ့အန်တီလေးနဲ့ဆို အသက်ကြီးနေတာဘဲဖြစ်သည်။ ဒါက နွားအိုမြက်နုကြိုက်တာပဲ!
သူ့အန်တီလေးက အသက်ဆယ့်ရှစ်နှစ်ပဲရှိသေးတာ။
သူ့အန်တီလေးရဲ့ ဆယ့်ရှစ်နှစ်မြောက်မွေးနေ့က မကြာသေးခင်ကဘဲ ပြီးသွားတာကိုစဉ်းစားမိလိုက်ပြီး စုန့်လင်းချွမ်ရဲ့မျက်နှာက မည်းမှောင်သွားသည်။ "အန်တီလေး၊ နင်တို့ဘယ်တုန်းက တွဲကြတာလဲ?"
စုန့်အာ့နန်က အမှန်အတိုင်းဖြေလာသည်။ "ဒီညကပဲ"
စုန့်လင်းချွမ် - "ဒါဆို သူ နင့်ကို ဘယ်တုန်းက စလိုက်တာလဲ?"
စုန့်အာ့နန် ခဏလောက် စဉ်းစားလိုက်ပြီး စုန့်လင်းချွမ်ဘာတွေးနေလဲဆိုတာကို သူမအကြမ်းဖျင်း ခန့်မှန်းမိတဲ့အတွက် ဖေးခွမ်အရင်က နိုင်ငံခြားမှာ ရှိနေတုန်းကလို့အမြန်ပြောလိုက်သည်။
ဒါကိုကြားတော့ စုန့်လင်းချွမ် နောက်ဆုံးသက်ပြင်းတစ်ချက်ချလိုက်မိသည်။
"အန်တီလေး၊ နင်က ငယ်သေးတယ်၊ နားလည်ဦးမှာမဟုတ်ဘူး။ ဒီလို အဘိုးကြီးတစ်ယောက်ဆီကနေ လှည့်စားမခံနဲ့!"
စုန့်အာ့နန် နည်းနည်းရယ်ချင်သွားသည်။
သူသည် လူလိမ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လောလောဆယ်တော့ 'အဘိုးကြီး' ဆိုတဲ့စကားလုံးနဲ့ဖေးခွမ်ကို သူမ တကယ်ဆက်စပ်ကြည့်လို့မရပါချေ။
“အသက်နှစ်ဆယ့်ငါးက အဲ့ဒီလောက်ထိလည်း မအိုသေးပါဘူး" စုန့်အာ့နန်က ပြောလိုက်သည်။
စုန့်လင်းချွမ်က အချက်အလက်ကျကျပြန်ပြောလာသည်။ "ဒါက ဘယ်သူနဲ့ ယှဥ်ရလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ သူ့အရွယ်လူတွေနဲ့ဆိုရင်တော့ သေချာပေါက် သူက အသက်မကြီးသေးဘူးပေါ့၊ ဒါပေမယ့် နင်နဲ့ဆိုရင်တော့ သူက အသက်အရမ်းကြီးတယ်လေ!"
စုန့်အာ့နန်က ခေါင်းကုတ်လိုက်ပြီး သူ စိုးရိမ်နေတဲ့အချက်ကို နားမလည်သေးသည်မှာ သိသာလှသည်။
သူမတို့ကြားမှာ ခုနစ်နှစ်ကွာပေမယ့် သူမအမြင်တော့ ဒါကကြီးကြီးမားမား ကိစ္စမဟုတ်ပေ။
သို့ပေမယ့် စုန့်လင်းချွမ်က ဒါကြောင့် ဖေးခွမ်အပေါ် မကောင်းမြင်နေတယ်လို့ စုန့်အာ့နန် ထင်မိတာကြောင့် သူ့ကို ဖျောင်းဖျဖို့ကြိုးစားလိုက်သေးသည်။ ဒါပေမယ့် သူမဘယ်လောက်ပဲ ကြိုးစားပြီးရှင်းပြပါစေ စုန့်လင်းချွမ်က နားမထောင်ပေ။
သူ့စိတ်ထဲမှာတော့ ဖေးခွမ်က သူ့အန်တီလေးလိုမျိုး အပြစ်ကင်းတဲ့ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေကို အထူးလှည့်စားတတ်သည့် အရှက်မရှိတဲ့ အဖိုးကြီးတစ်ယောက်သာဖြစ်သည်။
မေ့လိုက်တော့၊ သူပြန်ရောက်ရင် စကားနည်းနည်းများများပြောရမည်၊ ပြန်ရဖို့က ရက်အနည်းငယ်သာ လိုတော့တာဖြစ်သည်။ စုန့်အာ့နန်က ဒီလိုတွေးလိုက်သည်။
ဒီအချိန်မှာ စုန့်လင်းချွမ်လည်း အဲ့ဒီဟာကိုပဲ တွေးနေတာဖြစ်သည်။
သူပြန်လာတဲ့အခါကျရင် သူ့အန်တီလေးရှေ့မှာ ဒီအဘိုးကြီးရဲ့ မျက်နှာအစစ်ကို ခွါချပစ်မယ်။
သုံးရက်အကြာမှာ စုန့်လင်းချွမ် ပြန်ရောက်လာသည်။
သူရိုက်ကူးရေးပြီးသွားတဲ့နေ့မှာ နားမလည်ဖြစ်နေတဲ့ ကျန်းဟန်ကို ချန်ခဲ့ပြီး အလျင်စလိုထွက်သွားတော့သည်။ သူ့အတွက် သူဘာအလုပ်မှ မစီစဉ်ပေးထားဘူးလေ ဘာလို့အလျင်စလိုနဲ့ပြန်သွားတာလဲ?
စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ကိုတွေ့ပြီးမှ ဘာတွေဖြစ်နေလဲဆိုတာကို ကျန်းဟန်သဘောပေါက်လိုက်သည်။
အံ့သြစရာမရှိတော့ဘူး၊ အန်တီလေး ရည်းစားရသွားတော့ စုန့်လင်းချွမ်တစ်ယောက် သေချာပေါက်ကိုစိတ်တိုနေတာပဲ!
စုန့်လင်းချွမ်က ညစာစားချိန်လောက်မှာ ပြန်ရောက်လာပြီး ဖေးခွမ်က သူတို့အိမ်ရာနားက စားသောက်ဆိုင်မှာ သီးသန့်အခန်းကို ကြိုတင်မှာထားသည်။
သုံးယောက်သား သီးသန့်အခန်းထဲမှာ ထိုင်နေကြပြီး အကြောင်းတစ်ခုခုကြောင့် လေထုက ထူးထူးခြားခြား ထိုင်းမှိုင်းနေသည်။
စုန့်လင်းချွမ်က စကားတစ်ခွန်းမှ မပြောဘဲ ဖေးခွမ်ကို တိတ်တဆိတ် ကြည့်နေသည်။
ဟမ့်! တစ်ချက်ကြည့်လိုက်တာနဲ့တင် သူသွားလေရာမှာ ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်နိုင်တယ်ဆိုတာပြောလို့ရတယ်။ အမှတ်တွေနှုတ်တယ် အမှတ်တွေနှုတ်တယ်!
စုန့်လင်းချွမ် စိစစ်မှုကို ရင်ဆိုင်ရင်း ဖေးခွမ်က အစကနေအဆုံးအထိ ငြိမ်သက်နေသည်။
စုန့်လင်းချွမ်အနေနဲ့ ဘယ်လောက် စိတ်မချမ်းသာဖြစ်နေပါစေ သူ့ရဲ့ အခြေခံအမူအကျင့်တွေက သူ့ကို စည်းလွတ်ဝါးလွတ် ပြောခွင့်မပေးပါချေ။
ဒါ့အပြင် သူ့အန်တီလေးလည်း ဒီနေရာမှာရှိနေသည်။
စုန့်လင်းချွမ် ငတုံးမဟုတ်ပါချေ။ ဘယ်လိုပဲပြောပြော အခုချိန်က သူတို့ရဲ့ချစ်စခင်စအချိန်ဖြစ်သည်။ သူသာ နည်းနည်းဝေးဝေးသွားလိုက်ရင် သူ့အန်တီလေး မပျော်မရွှင်ဖြစ်သွားမှာသေချာပေါက်ပင်။
ဒါပေမယ့် ထမင်းစားပြီးတဲ့နောက်မှာတော့ ဒါတွေက မရိုးရှင်းမှန်း စုန့်လင်းချွမ် သဘောပေါက်လိုက်သည်။
ဖေးခွမ်က အရမ်းထူးခြားလွန်းသည်။
သူငယ်ငယ်ကတည်းက ဖခင်ဖြစ်သူနဲ့အတူ စီးပွားရေးနယ်ပယ်စုံကို အတူလိုက်ခဲ့ရပြီး နောက်ပိုင်းမှာ ဖျော်ဖြေရေးနယ်ပယ်ထဲမှာဘဲ နှစ်ပေါင်းများစွာကြာသူ ကျင်လည်ခဲ့သည်။ သူ့အနေနဲ့ လူတွေကိုအကဲခတ်ရာမှာ အရမ်းယုံကြည်မှုရှိသည်။
ဖေးခွမ်က အပြောအဆိုနဲ့ အပြုအမူတွေမှာ တည်တည်ငြိမ်ငြိမ်ရှိပြီး သူ့ရဲ့ အခြားသူတွေနဲ့ ဆက်ဆံနိုင်စွမ်းကိုလည်း ကောင်းကောင်းမွန်မွန်တိုင်းတာနိုင်သည်။
ညစာစားတုန်းမှာ စုန့်လင်းချွမ်က မေးခွန်းတချို့တလေမေးခဲ့ပြီး ဖေးခွမ်ရဲ့အဖြေတွေကလည်း အပြစ်ဆိုစရာမရှိအောင် ထောင့်စေ့လှသည်။
ဒီလို မြေခွေးလိုလူမျိုးနဲ့ သူ့အန်တီလေးက ဘယ်လိုလုပ် လိုက်ဖက်နိုင်မှာလဲ?
ဒါကြောင့် စုန့်လင်းချွမ်က သူ့အလုပ်အားလုံးကို ဘေးပို့ထားပြီး အနီးကပ်နေရမယ်လို့ ဆုံးဖြတ်လိုက်သည်။
ယောက်ျားတွေက ယောက်ျားတွေကို အနားလည်ဆုံးဘဲ။ ဖေးခွမ်က ယုံကြည်ရသည်ဖြစ်စေ မယုံကြည်ရသည်ဖြစ်စေ သူ့အန်တီလေးကို သူကာကွယ်ရမည်!
ပြီးတော့ သူ့ကို ရှုထောင့်ပေါင်းစုံကနေ သုံးသပ်ရမယ်၊ ပေါ့ပေါ့ဆဆလုပ်လို့မရဘူး။
ဒါကြောင့် နောက်တစ်လမှာ၊ စုန့်လင်းချွမ်တစ်ယောက် ဖေးခွမ်ကို လေ့လာဖို့အခွင့်အရေးကို စတင်ရှာဖွေတော့သည်။
သူတို့တွေနေတဲ့နေရာ တူနေတာကြောင့် သူ့ကိုစမ်းသပ်ဖို့အခွင့်အလမ်းနည်းနည်းပါးပါးရှာလို့ရတာကိုကျေးဇူးတင်ရမည်။
သို့ပေမယ့် သူ ဖေးခွမ်နဲ့ အတူရှိလာတာ အချိန်ကြာလာတာနဲ့အမျှ သူက အမှန်တကယ်ကို သင့်တင်းလျောက်ပတ်တဲ့သူဖြစ်ကြောင်း စုန့်လင်းချွမ်တဖြည်းဖြည်း သိလာရသည်။
တကယ်တော့ စုန့်အာ့နန် ရည်းစားရှိနေပြီဆိုတဲ့အကြောင်း သိပြီးတဲ့နောက်မှာ စုန့်လင်းချွမ်က ပထမဆုံး သူ့အဖေဆီဆက်သွယ်ခဲ့ပြီး ဖေးခွမ်ရဲ့ နောက်ခံအကြောင်းကို သေသေချာချာ စုံစမ်းဖို့ သူ့အဖေရဲ့အဆက်အသွယ်တွေကို သုံးခဲ့သည်။
သူနိုင်ငံခြားမှာနေခဲ့တဲ့ နှစ်တွေအထိပင်။
သာမာန်အခြေအနေဆို စုန့်လင်းချွမ်အနေနဲ့ ဒါကို သေချာပေါက် မလုပ်ချင်ပေမယ့် သူ့အန်တီလေးနဲ့ဆိုင်နေတော့ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။
စုန့်အာ့နန်က သိပ်ပြီးမသိနားမလည်တဲ့အတွက် သူမကို သူ မထိခိုက်စေချင်ပေ။
တစ်နေ့ ဖေးခွမ်ရဲ့နေ့အဆိုင်းဖြစ်ပြီး သူအလုပ်မဆင်းခင် စုန့်လင်းချွမ် ဆီကနေ WeChat မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိခဲ့သည်။
စုန့်လင်းချွမ် - [တစ်ယောက်ယောက်က ငါ့ကို ဝိုင်ကောင်းကောင်းတစ်ပုလင်းပေးထားတယ်၊ အလုပ်ပြီးရင် ငါ့အိမ်မှာလာသောက်]
ဒီစာကိုကြည့်ရင်း ဖေးခွမ် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
"ဟေး၊ ဘယ်သူက မင်းကိုသောက်ဖို့ခေါ်တာလဲ?" ကောယာက သူ့နောက်ကနေ လျှောက်လာပြီး ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
ဖေးခွမ်က ရှင်းရှင်းလင်းလင်းပြန်ဖြေလိုက်သည်။ “မင်း သူ့ကို မသိပါဘူး”
ကောယာက ကျွတ်သပ်လိုက်ပြီး မေးခွန်းတွေ ထပ်မမေးတော့ပေ။ "တစ်ချို့တစ်ချို့တွေက အလုပ်ကြိုးကြိုးစားစားလုပ်နေရတဲ့အချိန်မှာ တချို့တချို့တွေကတော့ အလုပ်ဆင်းရင် သွားသောက်ကြမှာတဲ့၊ အားယား လူလူချင်းတောင် ကံကြမ္မာချင်း မတူကြဘူး"
ဖေးခွမ်မှာ နည်းနည်းကူကယ်ရာမဲ့ဖြစ်သွားရသည်။ သူသွားသောက်မှာ မဟုတ်ပေ၊ ဒီဟာက စုန့်လင်းချွမ်တစ်ယောက် မရိုးသားတဲ့ရည်ရွယ်ချက်နဲ့ သူ့အတွက်လုပ်ထားတာဖြစ်သည်။
ဒါပေမယ့် အဲ့ဒါက မရိုးသားတဲ့ရည်ရွယ်ချက်နဲ့ လုပ်မှန်းသိတာတောင် သူသွားရမှာပဲ။ ဘယ်တတ်နိုင်မှာလဲ၊ သူက တခြားသူရဲ့ဂေါ်ဖီထုပ်ကို မျက်စိကျထားမှတော့ ဒီအခက်အခဲကို ဖြတ်ကျော်ရမှာပေါ့။
စုန့်လင်းချွမ်ရဲ့ မက်ဆေ့ချ်ကို ပြန်ဖြေပြီးတဲ့နောက် ဖေးခွမ် စုန့်အာ့နန်ကို ဖုန်းခေါ်လိုက်သည်။ အစက သူတို့နှစ်ယောက် ဒီည ညစာစားဖို့ စီစဉ်ထားပေမယ့် အခုတော့ စားဖြစ်တော့မည်မဟုတ်ပေ။
စုန့်လင်းချွမ်တစ်ယောက် သူ့အလုပ်ကို ဘေးဖယ်ပြီးဒီအခိုက်အတန့်ကို စောင့်မျှော်နေကြောင်း သိထားတာကြောင့် သူလည်း လိုက်ကစားပေးရမည်ပင်။
ဒီစစ်ဆေးမှုကို တစ်ရက်စောပြီး ဖြတ်လိုက်တာက နှစ်ယောက်စလုံးအတွက် ပိုကောင်းသည်။
ဖုန်းချပြီးတဲ့နောက် စုန့်အာ့နန်တစ်ယောက် နည်းနည်း စိတ်ရှုပ်သွားသည်။ သူမ ဖုန်းကိုကြည့်ရင်း ခဏလောက် မိန်းမောနေမိသည်။
လွန်ခဲ့တဲ့လကဆို ဖေးခွမ် အချိန်ရှိတိုင်း၊ စုန့်လင်းချွမ်ပဲ အမြဲတမ်းလိုလို နေရာယူထားတာကြောင့် ပြဿနာမှာ သူ့အနေနဲ့ သူမနဲ့အတူတောင်မရှိရပေ။
အခုဘယ်သူက ဘယ်သူနဲ့တွဲနေတာလဲ?
ဖေးခွမ် စုန့်လင်းချွမ်ရဲ့အိမ်ကိုရောက်တဲ့အခါ၊ သူက ဝိုင်နဲ့ အမြည်းတွေကိ ပြင်ဆင်ထားပြီးပြီဖြစ်ကာ စားပွဲအပြည့်နဲ့အရမ်းကိုများပြားလှသည်။
ဒါပေါ့ စားပွဲပေါ်မှာ ဝိုင်နီပုလင်းတွေအပြင် တခြားဟာတွေလည်းပါသည်။
ထိုဝိုင်နီပုလင်းတွေကို ကြည့်ရင်းဖေးခွမ် အလိုလို ဗိုက်နာလာသည်။
သူမှန်းထားတာမှန်နေတဲ့ပုံပင်၊ စုန့်လင်းချွမ်တစ်ယောက် ဒီနေ့သူစားပွဲပေါ်မှောက်တဲ့ထိ မမူးမချင်း မရပ်ဖို့ ဆုံးဖြတ်ထားသည်။
မူးပြီးရင် ဘာဖြစ်မလဲဆိုတာတော့ ပြောစရာတောင်မလိုပေ။
နောက်လာမယ့် မြင်ကွင်းကို မှန်းဆဖို့လွယ်သည်။
စုန့်လင်းချွမ်က ဖေးခွမ်ကို ဆက်သောက်ဖို့ တိုက်တွန်းနေပြီး သူကိုယ်တိုင်လည်း ဖန်ခွက်တိုင်းနီးပါး သောက်ခဲ့သည်။
သူနဲ့ကစားဖို့အတွက် သူ့ဘက်က အရက်သောက်ဖို့တောင် အစပြုခဲ့ရတာဖြစ်သည်။
မကြာခင်မှာပဲ ဖေးခွမ်က နည်းနည်းမူးလာပြီး သူ့ပန်းတိုင်ကို လှမ်းမြင်လိုက်ရတော့ စုန့်လင်းချွမ်က အရက်အတင်းတိုက်နေတာကို ရပ်လိုက်သည်။
ဖေးခွမ်ရဲ့ အပြုအမူကို သူဖြည်းဖြည်းချင်း သတိပြုမိလာသည်။ ဆိုရိုးစကားအတိုင်း လူတစ်ယောက်ရဲ့ စိတ်သဘောထားအမှန်က မူးနေတဲ့အခါပေါ်လာတတ်သည်။
အခုအချိန်အထိ ဖေးခွမ်က သူ့ရဲ့အရက်သောက်နိုင်စွမ်းကို ကောင်းစွာကိုင်တွယ်နိုင်ခဲ့တဲ့ပုံပင်။
သေချာပေါက်ကို ဒီနေ့ စုန့်လင်းချွမ်မှာ ဒီပန်းတိုင်တစ်ခုတည်းရှိတာမဟုတ်ပေ။ အရက်မူးတဲ့အခါ လူတွေက အမှန်အတိုင်းပြောတတ်တဲ့အတွက် ဒီအခွင့်အရေးကို သူလက်လွတ်မခံနိုင်ပါချေ။
"မင်းရည်းစားဘယ်နှယောက်ထားဖူးလဲ၊ ဘယ်တုန်းကလဲ?" စုန့်လင်းချွမ်က မေးလိုက်သည်။
ဖေးခွမ်မှာ မျက်နှာတွေနီရဲနေတဲ့အထိ မူးနေပေမယ့် သူ့စိတ်ထဲကတော့ မြင်နေရသလောက် ဖရိုဖရဲဖြစ်မနေပေ။
“ဒါက ပထမဆုံးပဲ” သူက အမှန်အတိုင်း ဖြေလိုက်သည်။
စုန့်လင်းချွမ်က တန့်သွားပြီး ရှင်းရှင်းလင်းလင်းကို သူမယုံပေ။ "ငါ့ ကိုလာမညာနဲ့၊ မင်းအသက်အရွယ်နဲ့ ရည်းစားမထားဖူးဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
ဒါကိုဘယ်သူယုံမှာလဲ!
သူ့လို မျက်နှာမျိုးနဲ့ အဲ့ဒါက မဖြစ်နိုင်ဘူး!
ဖေးခွမ်ရဲ့ မျက်လုံးတွေထဲ ကူကယ်ရာမဲ့တဲ့အရိပ်အယောင်တွေ ပေါ်လာသည်။ "ဒါက တကယ်ပထမဆုံးအကြိမ်ပဲ၊ ငါ မင်းကို လိမ်နေတာမဟုတ်ဘူး"
“မင်းကရော ရည်းစားဘယ်နှယောက်ထားဖူးလဲ? ငါတို့က အသက်အတူတူပဲလေ" သူက ပြန်မေးလာသည်။း
စုန့်လင်းချွမ် ဘာမှပြန်မပြောပေ။
သူပြောတာမှန်သည်၊ ရုပ်ရည်အရတော့ သူလည်း ဖေးခွမ်ထက်မလျော့ပေမယ့် သူလည်းရည်းစားမထားဖူးပါချေ။
ဘာပဲဖြစ်ဖြစ် ဒါက ဒီလောက်လည်းမထူးဆန်းပါဘူး။
ကောင်းပြီ၊ သူ ဒီမေးခွန်းကို ကျော်ဖို့ ဆုံးဖြတ်လိုက်သည်။ စုန့်လင်းချွမ်က အခွင့်ကောင်းယူကာ နောက်ထပ်မေးခွန်းတွေ အများကြီးထပ်မေးသည်။
ဖေးခွမ်က စိတ်မရှည်မဖြစ်ဘဲ အားလုံးကို အမှန်အတိုင်း ဖြေပေးသည်။
သူ့ရဲ့ ရှင်းလင်းတဲ့လောဂျစ်ကိုမြင်လိုက်ရတော့ ဖေးခွမ်က တကယ်မူးနေတာမဟုတ်ကြောင်း စုန့်လင်းချွမ်နောက်မှသိလိုက်ရသည်။
"မင်း မမူးဘူးလား?" သူ အံ့သြတကြီးနဲ့ မေးလိုက်သည်။
ဖေးခွမ်ကလည်း ဖုံးကွယ်မထားပေ။ "အင်း မမူးသေးဘူး"
စုန့်လင်းချွမ် တစ်ခဏလောက် အေးခဲသွားပြီး မသိစိတ်ကနေ နှာခေါင်းကို ကုတ်လိုက်သည်။
တစ်ယောက်ယောက် အရက်မူးနေချိန်မှာ လှည့်စားပြီးမေးခွန်းတွေ မေးနေတာကို ဖမ်းမိခံလိုက်ရတာတော့ တကယ် ရှက်စရာကောင်းလှသည်။
ဒါပေမယ့် ဖေးခွမ်က လုံးဝစိတ်ထဲမထားပေ။ "သောက်ပြီးရင်တော့ မျင်နှာက နီလာတတ်တယ်၊ အဆင်ပြေပါတယ်၊ မင်း မေးချင်တာမှန်သမျှ မေးလို့ရတယ်၊ အမှန်အတိုင်းဖြေပေးမယ်လို့ ကတိပေးတယ်"
“ဒါမှမဟုတ် လိုအပ်ရင် ငါထပ်သောက်ပေးမယ်" သူက ဆက်ပြောသည်။
ဖေးခွမ်ရဲ့ ရိုးသားပြီး ဘွင်းဘွင်းရှင်းရှင်း ပြောတတ်တာနဲ့ ရင်ဆိုင်လိုက်ရတော့ သူ့အပြုအမူအတွက် နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရသည်။
အမှန်တော့၊ ယခင်က စုံစမ်းစစ်ဆေးမှုတွေနဲ့ သူကိုယ်တိုင် လေ့လာပြီးတဲ့နောက် စုန့်လင်းချွမ်ရဲ့ ဖေးခွမ်အပေါ် အစတုန်းက ရန်လိုမှုတွေကနေ တဖြည်းဖြည်းလက်ခံလာကြောင်း ဝန်ခံရမည်ပင်။
သူ့ရဲ့ အရည်အချင်းဖြစ်ဖြစ် အကျင့်စရိုက်ကိုဘဲဖြစ်ဖြစ် ဝေဖန်စရာ မရှိပါချေ။
အရေးကြီးဆုံးကတော့ သူ့အန်တီလေးက ဖေးခွမ်ကိုတကယ်သဘောကျကြောင်း စုန့်လင်းချွမ်မြင်နေရတာကြောင့်ပင်။
"ငါရှင်းချင်တာတစ်ခုရှိတယ်၊ အရင်က မင်းအကြောင်းကို ငါစုံစမ်းဖူးတယ်" စုန့်လင်းချွမ်ကပြောသည်။
ဖေးခွမ်က ခေါင်းအသာညိတ်ပြလိုက်သည်။ "ငါသိတယ်"
စုန့်လင်းချွမ်မှာ အံ့သြသွားရသည်။ "မင်းသိတယ်လား?"
ဖေးခွမ်က "အင်း" လို့ တိုးတိုးလေး ဆိုလိုက်ပြီး ရှင်းပြသည်။ “အစောပိုင်းက သူငယ်ချင်းတစ်ယောက် ငါ့ကို ဖုန်းဆက်ပြီး တစ်ယောက်ယောက်က ငါ့အကြောင်း မေးနေတယ် လို့ပြောခဲ့တယ်၊ အဲ့ဒါနဲ့ခန့်မှန်းမိတာ"
သူ့တုံ့ပြန်မှုကိုမြင်တော့ စုန့်လင်းချွမ် အံ့သြသွားသည်။ "မင်း စိတ်မတိုဘူးလား?'
သူတို့လုပ်ခဲ့တာတွေက သူ့ရဲ့ကိုယ်ရေးကိုယ်တာကို ကျူးကျော်စော်ကားတာဖြစ်သည်။
ဖေးခွမ်က ခေါင်းခါလိုက်ပြီး "ဒါက တခြားသူပဲ ဖြစ်ဖြစ် ဒါမှမဟုတ် တခြားအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ မင်းက အာ့နန်ရဲ့ မိသားစုပဲ၊ ငါ့အနေနဲ့ ဒီအခက်အခဲကို အနှေးနဲ့အမြန် ကျော်ဖြတ်ရမှာပဲလေ"
ဒါကိုကြားတော့ စုန့်လင်းချွမ်တန့်သွားသည်။
ဒီအခက်အခဲကို အနှေးနဲ့အမြန် ကျော်ဖြတ်ရမယ်?
ဒီစကားတွေက အရမ်းအဓိပ္ပာယ်ရှိသည်။
ဒါက ဒီတိုင်းရိုးရိုးရှင်းရှင်း ဆက်ဆံရေးတစ်ခုသာဆိုရင်၊ တကယ်လို့ သူသာကြိုတွေးထားတာမရှိခဲ့ရင် မိသားစုကို ကျော်ဖြတ်ရမယ်ဆိုတာကို ဘာလို့သူပြောမှာလဲ?
လက်ထပ်မယ်ဆိုတာမျိုးကိုလေ။
စုန့်လင်းချွမ်က စက္ကန့်အနည်းငယ်လောက် နှုတ်ဆိတ်နေပြီး "မင်းတို့က အခုမှ တွဲနေကြရုံလေ၊ ကြိုတွေးထားဖို့က အရမ်းစောနေသေးတယ် မဟုတ်ဘူးလား?"
ဖေးခွမ်က ခေါင်းခါလိုက်ပြီး အခိုင်အမာပြောလာသည်။ "မစောတော့ဘူး၊ ငါ အာ့နန်နဲ့ မတွဲရသေးခင် သူ့ကိုလိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့နေ့ကတည်းက"
ဒီဖောပြချက်က ဘာကို ကိုယ်စားပြုတာလဲဆိုတာကို ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့ စုန့်လင်းချွမ်ကိုယ်တိုင်ကောင်းကောင်းနားလည်သည်။
သူက ဘာစကားမှမပြောဘဲ ဖေးခွမ်ကိုပဲ စူးစိုက်စိုက်ကြည့်နေပြီး သူ ဘာတွေ တွေးနေမှန်းမသိရပေ။
တစ်နည်းအားဖြင့်ဆို သူနဲ့ဖေးခွမ်တို့သည် အတူတူဖြစ်သည်။ လွယ်လွယ်နဲ့ မချစ်မိနိုင်ပေမယ့် တစ်ခါချစ်မိသွားရင်တော့ တစ်သက်လုံး အတွက်ချစ်နေမှာပင်။
အချိန်အတော်ကြာပြီးတဲ့နောက်၊ နောက်ဆုံး စုန့်လင်းချွမ်က ခပ်ဖြည်းဖြည်းပြောလာသည်။ "ငါ့အန်တီလေးကို ကောင်းကောင်းဂရုစိုက်ပေးမယ်လို့ မင်း ကတိပေးနိုင်မလား?"
ဖေးခွမ်အနေနဲ့ စုန့်လင်းချွမ်ပြောတဲ့စကားရဲ့ အဓိပ္ပာယ်ကိုနားလည်ပေမယ့် သူက ဘာကတိမှမပေးသလို အဲ့ဒီလိုမျိုးလည်း မပြောပါချေ။ သူက ရိုးရိုးရှင်းရှင်းနဲ့ တိုတိုတုတ်တုတ်သာ ပြောခဲ့သည်။ "ပေးနိုင်တယ်"
စုန့်လင်းချွမ်က သူ့ကို တိတ်တဆိတ် ကြည့်လိုက်သည်။ "မင်းစကားအတိုင်း လုပ်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"
ဖေးခွမ်က လေသံခိုင်ခိုင်မာမာနဲ့ ပြောလာသည်။ "ငါလုပ်ပါ့မယ်"