← Chapters

(extra 10)

Vol. 13 Ch. 169

(extra 10)

Vol. 13 Ch. 169

ရိုက်ကူးရေးအဖွဲ့ ဟိုတယ်တွင်

ကျိုးဝေ့က iPad ကိုင်ကာ ဆိုဖာပေါ်မှာ ထိုင်နေပြီး variety show ထုတ်လွှင့်မှုကို စိတ်ဝင်တစား ကြည့်နေသည်။

ကျန်းချုံက အစားအယောက် သွားယူရာကနေလျှောက်လာပြီး "ဘာကြည့်နေတာလဲ? ညစာစားချိန်ရောက်ပြီလေ"

ကျိုးဝေက "အိုး" လို့ဆိုလိုက်ပြီး ဆိုဖာပေါ်ကနေ ဖြည်းဖြည်းချင်း ထလာပေမယ့် သူမရဲ့ မျက်လုံးတွေကတော့ စခရင်ပေါ်ကနေ မရွှေ့သေးပေ။

"ခဏစောင့်၊ ပြီးခါနီးနေပြီ" သူမကဆိုလိုက်သည်။

ကျန်းချုံ ငုံ့ကြည့်လိုက်သည်။ အဲ့ဒါက hot နေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုရှိုး "Our Dearest us" ဆိုတဲ့ အစီအစဉ် ဖြစ်သည်။

ဒီအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်မှုက ပြီးခါနီးဖြစ်ပြီးမကြာခင်မှာဘဲ ပြီးသွားသည်။

"ကောင်းပြီ၊ ပြီးသွားပြီ" ကျိုးဝေ့က iPad ကို ဆိုဖာပေါ်ပစ်ချလိုက်ပြီး ကျန်းချုံကို စိတ်အားထက်သန်စွာနဲ့ ကြည့်လိုက်သည်။ "ဒီည ညစာက ဘာလဲ?"

ကျန်းချုံက သူမကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။ "အသီးအရွက်သုပ်"

ကျိုးဝေ့က စိတ်ပျက်နေတဲ့ မျက်နှာနဲ့ "အာ" လို့အသံပြုလိုက်သည်။ "ထပ်ပြီးအသီးအရွက်သုပ်ပဲလား?"

ကျန်းချုံက ဒေါသတထွက်ထွက်နဲ့ ရယ်လိုက်ပြီး "ထပ်ပြီး ဆိုတာဘာကိုပြောချင်တာလဲ? မနေ့ကရော မနေ့တစ်နေ့ကရော နင်စားခဲ့ရလို့လား?"

သူဘယ်လိုတောင် ဒီလိုမျိုးပြောရဲရတာလဲ? သူမ ရက်အနည်းငယ်လောက် အနားမှာမရှိတာနဲ့၊ ဒီကောင်မလေးက ဇောင်းကနေလွတ်သွားတဲ့မြင်း တောထဲပြေးဝင်သလိုမျိုး ကိုယ်အလေးချိန် (၄)ပေါင်ကျော်တောင်တက်လာတာ။

သူ့ကိုယ်သူ အနုပညာရှင်တစ်ယောက်ဆိုတာကို သိသေးရဲ့လား!

ကျိုးဝေ့က သူမ မှားမှန်းသိတာကြောင့် နှာခေါင်းကို ကုတ်လိုက်သည်။ သူမက ပါးပါးနပ်နပ် ပြောလိုက်သည်။ "ကျွန်မ ဆိုလိုချင်တာက အသုပ်က ကောင်းတယ်လို့၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ ကျွန်မစားရတာကြိုက်တယ်"

ကျန်းချုံက သူမအနုပညာရှင်ရဲ့အကြောင်းကို ကောင်းကောင်းသိပေမယ့် သူမရဲ့အလိမ်အညာတွေကိုဖော်ထုတ်ဖို့ သူမ အရမ်းပျင်းနေသည်။

အစားအသောက်မက်တဲ့သူက အသီးအရွက်သုပ်ကိုကြိုက်တယ်တဲ့လေ။ ဘယ်သူ့ကို လာနောက်နေတာလဲ?

ကျိုးဝေ့ ဘူးကိုဖွင့်လိုက်တော့ ဝမ်းနည်းစရာကောင်းလောက်အောင် ကြက်ရင်အုံနည်းနည်းပါးပါးသာပါတဲ့ အစိမ်းရောင် အသီးအရွက်သုပ်ကို တွေ့လိုက်ရသည်။

ကျန်းချုံကလည်း နောက်ကနေ လိုက်ကာ သူမရဲ့ဘူးကို ဖွင့်လိုက်တော့ ရနံ့တွေက လွှင့်ပျံ့လာသည်။

အဲ့ဒီစားသောက်ဆိုင်က သူမအကြိုက်ဆုံး မာလာဟော့ပေါ့အစပ်ဖြစ်သည်။

ကျိုးဝေ့ ကျန်းချုံကို စိုက်ကြည့်လိုက်သည်။

သူမကို အပြစ်ပေးဖို့ ရည်ရွယ်ချက်ရှိရှိလုပ်နေတာပဲ။

ကျန်းချုံက မျက်ခုံးပင့်လိုက်ပြီး "ဘာကြည့်နေတာလဲ? အရင်ရက်တွေတုန်းက ဟော့ပေါ့ကို တောင့်တနေတုန်းပဲလား? နင့်ရဲ့အသီးအရွက်သုတ်ကိုသာ စားစမ်းပါ"

အရင်ရက်တွေက ဟော့ပေါ့အကြောင်း သူမပြောလာတော့ ကျိုးဝေ့မှာ သူမအမှားကိုသိပြီး ပြန်မတုံ့ပြန်ရဲပါချေ။ သူမမှာ ကျန်းချုံရဲ့ဘူးကိုသာ ခိုးကြောင်ခိုးဝှက် ကြည့်နေရသည်။

မာလာဟော့ပေါ့ရဲ့ အနံ့က နှာခေါင်းထဲ ပြည့်လျှံနေချိန်မှာ သူမကတော့ အရသာမရှိသော မြက်ပင်တွေကို စားနေရသည်။

သူမပုံစံက လက်တွေ့ဘဝမှာ အစာစားချင်စိတ်ပျောက်နေတဲ့သူနဲ့တောင် တူနေပြီလို့ ကျိုးဝေ့ တွေးလိုက်သည်။

သူမရဲ့ သနားစရာကောင်းတဲ့ အခြေအနေကိုမြင်တော့ ကျန်းချုံက အသံထွက် မရယ်ဘဲ မနေနိုင်တော့ပါချေ။

"အခုတော့ သည်းခံလိုက်၊ ငါတို့မှာ အလုပ်များဦးမယ့် schedule တွေ ရှိနေသေးတယ်။ နင်ဝိတ်တကယ်တက်လို့မရဘူး"

ကျိုးဝေ့လည်း ဒါကိုသိသည်။ "စိတ်မပူပါနဲ့ ကျန်းကျဲ၊ ဒါက ကျွန်မရဲ့အသက်မွေးဝမ်းကြောင်းအတွက်လေ၊ ဂရုမစိုက်ဘဲ မနေရဲပါဘူး"

အမှန်တော့၊ နှစ်ရက်လောက် လွတ်ထားပြီးတဲ့နောက်၊ ကျန်းချုံ ဒီနေ့ ပြန်မလာရင်တောင် သူမကိုယ်သူမ ထိန်းဖို့ စီစဉ်ထားတာဖြစ်သည်။

ကျန်းချုံ ခေါင်းညိတ်လိုက်သည်။

သူမဟာ ကျိုးဝေ့ရဲ့ မန်နေဂျာအဖြစ် နှစ်အတော်ကြာ လုပ်ခဲ့တာဖြစ်တဲ့အတွက် သူမရဲ့အကျင့်နဲ့ စိတ်နေသဘောထားကို ကောင်းကောင်းနားလည်သည်။

ရိုးရိုးသားသားပြောရရင် ကျိုးဝေ့က အကျင့်စာရိတ္တကောင်းမွန်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သည်။

အရှုပ်အရှင်းတွေမရှိ၊ သင့်တင့်လျောက်ပတ်တဲ့သရုပ်ဆောင်အရည်အချင်းရှိကာ အကျင့်စာရိတ္တကောင်းမွန်ပြီး သူမရဲ့ရုပ်ရည်ဟာလည်း ကြွားလုံးထုတ်တာမဟုတ်ပေမယ့် လက်ရှိအမျိုးသမီးသရုပ်ဆောင်တွေထဲတွင် ထိပ်တန်းအဆင့်မှာရှိနေတာ သေချာပေါက်သည်။

နာမည်မကြီးတာကလွဲရင် သူမအတွက် အရာရာတိုင်းကပြည့်စုံသည်။

သူမဟာ ဒီလောကထဲ နှစ်အတော်ကြာကတည်းကဝင်ရောက်လာခဲ့ပြီး ယခုဆိုလျှင် ၂၅ နှစ်နီးပါးရှိပြီဖြစ်ပေမယ့် သူမရဲ့ D-list အဆင့်ကိုတော့ လက်ကိုင်ထားနေရဆဲပင်။

ဒါပေမယ့် နောက်တစ်ခါ ဘာမှမဖြစ်နိုင်တော့တဲ့ ကျိုးဝေ့ဟာ လှပနေပေမယ့် ဖျော်ဖြေရေးနယ်ပယ်မှာတော့ အလှလေးတွေက ဘယ်တုန်းကမှ မပြတ်လတ်ပါချေ။

နောက်ခံနဲ့ အဆက်အသွယ်တွေမရှိတာ၊ ပြောစရာမလိုတဲ့ စည်းမျဉ်းတွေကို လက်ခံဖို့ ဆန္ဒမရှိတဲ့အတွက်၊ သူမအနေနဲ့ တစ်ကြိမ်လျှင် ခြေတစ်လှမ်းတက်ဖို့က မလွယ်ပါချေ။

ရိုးရိုးသားသားပြောရရင် ကျန်းချုံအနေနဲ့ သူမအပေါ် တစ်ခါတစ်လေကျရင် စိတ်မရှည်သလို ခံစားရပေမယ့် ကျိုးဝေ့ကတော့ လုံးဝစိတ်မပူပါချေ။ သူမဟာ ဇာတ်ပို့ဇာတ်ကောင်အနေနဲ့ ပါနေရသမျှ ကာလပတ်လုံး အရမ်းကို ကျေနပ်အားရနေသူတစ်ယောက်ဖြစ်သည်။

ဒီအတွက်ကြောင့် ကျန်းချုံမှာ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ဒီလိုစိတ်ဓာတ်မျိုးထိန်းသိမ်းထားနိုင်တဲ့ ကျိုးဝေ့ကိုအရမ်း‌လေးစားသည်။ ဒီလိုမျိုးကတကယ်ရှားသည်။

"ခုနတုန်းက ဘယ်ဧည့်သည်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းကို ကြည့်နေတာလဲ?" ကျန်းချုံက တိတ်တဆိတ်မေးလိုက်သည်။

ကျိုးဝေ့က သူမပါးစပ်ထဲကို အသုပ်နည်းနည်းသိပ်ထည့်လိုက်တဲ့အတွက် ရှင်းရှင်းလင်းလင်းပြောဖို့ အခက်တွေ့နေကာ ဗလုံးဗထွေးပြောလာသည်။ "အန်တီလေးနဲ့တူလေးတို့ဟာ"

ကျန်းချုံ ခေါင်းညိတ်လိုက်သည်။ ရှိုးကိုသူမကိုယ်တိုင် ‌ကြည့်ဖူးတာကြောင့် ကျိုးဝေ့ ဘယ်သူတွေကို ရည်ညွှန်းလဲဆိုတာ သူမ သိလိုက်သည်။

စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့ တူဝရီးနှစ်ယောက်ဖြစ်သည်။

စုန့်လင်းချွမ် အကြောင်းပြောရင် ကျန်းချုံမှာ သက်ပြင်းမချဘဲမနေနိုင်ချေ။

တူညီတဲ့ နယ်ပယ်ထဲမှာရှိတာကြောင့် သူမတို့အနေနဲ့ အတွင်းက အချက်အလက်တွေကို အများအပြားမျှဝေတတ်ကြသည်။ စုန့်လင်းချွမ် လိုမျိုး ထိပ်တန်းကြယ်ပွင့်‌တွေအကြောင်းကိုလည်း မကြာခဏ သီးသန့်ဆွေးနွေးကြလေ့ရှိသည်။

စဉ်းစားကြည့်ရင်၊ စုန့်လင်းချွမ်ရဲ့ အခြေအနေက ကျိုးဝေ့နဲ့ အတော်လေး ဆင်သည်။ ဒီနယ်ပယ်က မိသားစုနောက်ခံမရှိ၊ အဆက်အသွယ်မရှိသည့်အပြင် ထုတ်ပြောစရာမလိုတဲ့ စည်းမျဉ်းတွေကိုလည်း လက်ခံဖို့ ငြင်းပယ်သည်။

ဒါပေမယ့် ကွာခြားချက်ကတော့ သူက ကြီးကြီးမားမားအောင်မြင်ဖို့ ကံပါလာသည်။

သူ့ရဲ့ ဂီတအဖွဲ့တုန်းကဆို သူ့မှာသဘောထားနဲ့ စိတ်ကြီးတတ်တဲ့ကိစ္စတွေ ရှိရင်တောင်မှာ ပရိသတ်တွေက ဒါကို စွဲလန်း နေကြဆဲပင်။ သူတစ်ကိုယ်တော် ထွက်လာတော့ ပိုလို့တောင် အဆင်ပြေလာသေးသည်။

သို့ပေမယ့် စုန့်လင်းချွမ်အနေနဲ့ ဒီနှစ်တွေအတွင်း လူကြိုက်များလာတာနဲ့အမျှ သူ့အကြောင်း မကောင်းသတင်းတွေလည်း တိုးလာသည်။ Idol တွေက အဲ့ဒါကို ရှောင်သွားနိုင်ပေမယ့် သူ့အဆင့် သရုပ်ဆောင်တစ်ယောက်အတွက်ကတော့ အပျက်သဘောဆောင်လွန်းတဲ့ စာနယ်ဇင်းတွေက သူ့ရဲ့လူထုဂုဏ်သိက္ခာကို ကျိန်းသေပေါက်ထိခိုက်စေသည်။

စုန့်လင်းချွမ်က ပိုမိုအတည်တကျဖြစ်တဲ့ သရုပ်ဆောင်အဖြစ်ကို ပြောင်းလဲဖို့ လိုအပ်နေတဲ့အချိန်ဖြစ်တာကြောင့် ဒီပြဿနာကို သူဘယ်လိုကိုင်တွယ်မလဲဆိုတာ အသိုင်းအဝိုင်းထဲက လူအများအပြားက စောင့်ကြည့်နေခဲ့ကြသည်။

သူ့အန်တီလေးနဲ့ ရှိုးကိုသွားလိုက်တာက အချိန်တိုလေးအတွင်းမှာ သူ့ပတ်ဝန်းကျင်က အဆိုးမြင်မှုတွေကို ပြေပျောက်သွားစေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ? ပြီးတော့ သူ့ရဲ့ လူကြိုက်များမှုဟာလည်း အဆမတန် မြင့်တက်လာခဲ့သည်။

ဒါက ကြီးကြီးမားမားအောင်မြင်ဖို့ ကံပါလာတာဖြစ်သည်။

ကျိုးဝေ့က သူမရဲ့ မန်နေဂျာ ဘာတွေ တွေးနေမှန်း မသိပေ။ မဟုတ်ရင်တော့ သူမနဲ့ စုန့်လင်းချွမ်က မတူဘူးလို့ ပြောလိမ့်မည်ပင်။

သူ့မှာ မိသားစု နောက်ခံ မရှိပေမယ့် သူ့မိသားစုမှာ အဆက်အသွာ်မရှိဘူးလို့ မဆိုလိုပါချေ။

ကြီးကြီးမားမား ကွာဟချက်ရှိသည်။

စုန့်လင်းချွမ်ရဲ့ မိသားစု အခြေအနေကို သူမ ဘယ်လို သိထားလဲ ဆိုတာကတော့ ဇာတ်လမ်းရှည်ကြီးပင်။

ကျန်းချုံက တစ်ခုခုကို သတိရသွားပုံရပြီး ရုတ်တရက်ပြောလာသည်။ "စုန့်လင်းချွမ်က S တက္ကသိုလ် နံပါတ် 1 အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတစ်ယောက်လည်း ဖြစ်တယ်လို့ ငါအွန်လိုင်းမှာ တွေ့လိုက်တယ်။ နင်တို့နှစ်ယောက်က အသက်တူတူပဲဆိုတော့၊ အတန်းဖော်ဟောင်းတွေများဖြစ်နေမလား၊ နင်တို့တစ်ယောက်နဲ့တစ်ယောက် သိကြလား?"

ဒီအကြောင်းကို သူမ ပိုတွေးလေ၊ ဖြစ်နိုင်ချေ ပိုများလာလေလေပင်။ စုန့်လင်းချွမ်ရဲ့ကျော်ကြားမှုကို စီးနင်းဖို့ သူမ မမျှော်လင့်ထားပေမယ့် သူတို့နှစ်ယောက်သာ အတန်းဖော်ဟောင်းတွေဖြစ်နေရင် အဆက်အသွယ်တချို့ရမှာပင်။

ကျိုးဝေ့က ခဏရပ်သွားပြီး "ဟုတ်တယ် ကျွန်မတို့က အတန်းတူတူပဲဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ မသိကြဘူး"

“အဲဒီတုန်းက အတန်းတစ်တန်းမှာ အခန်းက ၂၀ ကျော်လောက်ရှိတာလေ၊ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ဒီလောက်လွယ်လွယ်နဲ့ ဘယ်လိုလုပ်သိနိုင်မှာလဲ”

ကျန်းချုံလည်း သဘောပေါက်သွားသည်။ ကျောင်းမှာ ကျောင်းသားတွေ အများကြီးရှိတဲ့အတွက် တစ်တန်းထဲမဟုတ်ရင်တောင် သိဖို့ တော်တော်ခက်လိမ့်မည်။

အတန်းချိန်ပြီးတဲ့နောက်မှာ အားလပ်ရက်ပိုရတဲ့တက္ကသိုလ်လိုမဟုတ်ဘဲ အထက်တန်းတွေက စာလေ့လာတာကို ပိုအာရုံစိုက်သည်။

ဒါပေမယ့် သူတို့နှစ်ယောက်က အတန်းအတူတူဖြစ်လောက်တယ်ဆိုတဲ့ တစ်ချက်ကို သူမ မေ့သွားသည်။

ညစာစားပြီးသွားတော့ ကျန်းချုံနဲ့ ကျိုးဝေ့တို့အလုပ်ကိစ္စတချို့ ဆွေးနွေးကြသည်။

သူမ မသွားခင် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ "ရိုက်ကူးရေးပြီးလို့ နှစ်ရက်လောက်ကြာရင် C City တန်းသွားလို့ရတယ်။ အဲ့ဒီ variety show ကို စောစော စပြီးရိုက်ဖို့ ကြိုတင်စာရင်းပေးထားတယ်"

ကျိုးဝေ့ ခဏလောက် နားမလည်ဖြစ်သွားသည်။ "ဘယ် variety show လဲ?"

သူမရဲ့ ဗလာကျင်းနေတဲ့အကြည့်ကိုမြင်တော့ ကျန်းချုံမတတ်နိုင်ဘဲ နဖူးကိုရိုက်လိုက်သည်။ "နင့်အတွက် ငါကြိုတင်စာရင်းသွင်းထားပေးတဲ့တစ်ခုတည်းသော variety show က ဘာရှိသေးလို့လဲ?"

ကျိုးဝေ့နောက်ဆုံး မှတ်မိဖို့စက္ကန့်အနည်းငယ်လောက်ယူလိုက်ရသည်။

အိုး " challenge yourself" လို့ခေါ်တဲ့ အဲဒီ ပြင်းထန်တဲ့ စိန်ခေါ်မှုရှိုးပဲ။

ဒီအကြောင်းကိုပြောရရင် ကျန်းချုံ သက်ပြင်းချမိသည်။

သူတို့ရှိုးက စုန့်လင်းချွမ်ရဲ့ နာမည်ကြီးတဲ့ရှိုးနဲ့ မယှဉ်သာပေ။ ဒါက ထူးကဲ reality show တစ်ခုဖြစ်ပြီး သူ့နာမည်နဲ့တင် ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းတဲ့ ရိုက်ကူးမှုဖြစ်မလဲဆိုတာ ပြနေသည်။

ဒါပေမယ့် မတတ်နိုင်ပါချေ၊ ဒါက ကျိုးဝေ့ရနိုင်တဲ့ အကောင်းဆုံး အခွင့်အရေးဖြစ်ပြီး ဒါက ကုမ္ပဏီကနေပြီးတော့ ကျန်းချုံ သူမအတွက် တိုက်ခိုက်ခဲ့ရတဲ့အရင်းအမြစ်ဖြစ်သည်။

အစကတော့ ကျိုးဝေ့ ရိုက်ကူးရေးပြီးတာနဲ့ ရက်နည်းနည်းလောက် အနားယူခိုင်းမလို့ စီစဉ်ထားပေမယ့် အခုတော့မရတော့ပေ။

ဒါပေမယ့် အခု သူမရဲ့အနုပညာရှင်က ငြင်းဆန်တာမရှိတော့ ကျန်းချုံ စိတ်သက်သာရာ ရသွားသည်။

-

ကျိုးဝေ့ ရိုက်ကူးရေးပြီးဆုံးတဲ့နေ့မှာ variety show ရိုက်ဖို့ တန်းသွားလိုက်သည်။

ဒီရှိုးက သူ့ရဲ့နာမည်အတိုင်း တစ်ရက်လောက်ရိုက်ကူးပြီးတာနဲ့ ကျိုးဝေ့မှာ လုံးဝကို ပင်ပန်းသွားရတော့သည်။

ပြီးတော့ ရှိုးနာမည်ဖြစ်တဲ့ "Challenge Yourself" ဟာ ချဲ့ကားထားတာမဟုတ်ပေ။ သရုပ်ဆောင်တွေက နည်းလမ်းအမျိုးမျိုးနဲ့ သူတို့ရဲ့ကန့်သတ်ချက်တွေကို စိန်ခေါ်ရသည်။

စလာတာနဲ့ သူမခြေထောက်တွေ သေလောက်တဲ့အထိ မရပ်မနားပြေးနေရသည်။

သူမမှာ ကြောက်စရာကောင်းပြီး သေအောင်လန့်ရတဲ့ task တွေကိုလည်း ပြီးအောင်လုပ်ရသည်။

ပထမအပိုင်း ပြီးသွားတဲ့အခါ ပုံမှန်အားဖြင့်ဆို အခွင့်အရေးတိုင်းကို အမြတ်တနိုးတန်ဖိုးထားတဲ့ ကျိုးဝေ့တစ်ယောက် ထွက်ချင်စိတ်ပါပေါက်လာသည်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဒါကတွေးမိရုံသာဖြစ်ပြီးထွက်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါချေ။ တခြားအချက်တွေကို ဘေးဖယ်လိုက်ရင်တောင် သူမအနေနဲ့ လျော်ကြေးငွေကို မတတ်နိုင်ပါချေ။

ရွေးချယ်စရာမရှိဘူး၊ ဇီဇာကြောင်ဖို့ ဘယ်သူမှ မတတ်နိုင်ဘူး။

ဟိုတယ်ခန်းထဲတွင် ကျိုးဝေ့တစ်ယောက် ဆိုဖာပေါ်မှာ ပက်လက်လန်လဲနေတာကို မြင်လိုက်ရတော့ ကျန်းချုံနည်းနည်း သနားမိသွားသည်။

"တောင့်ခံလိုက်ဦး၊ မနက်ဖန် ပြန်ရောက်ရင် နင့်အတွက် အနှိပ်သမားကောင်းကောင်းတစ်ယောက် ရှာပေးမယ်"

ကျိုးဝေ့လည်း ခေါင်းညိတ်ပြလိုက်သည်။ သူမ တကယ်အနှိပ်ခံဖို့လိုနေပြီ။

အရင်ကတစ်နေကုန် ဝိုင်ယာကြိုးတွေနဲ့ချိတ်ပြီး ရိုက်ကူးရေးလုပ်ရတုန်းကတောင် ဒီလောက်ထိ ပင်ပန်းတယ်လို့ တစ်ခါမှ မခံစားရဖူးဘူး။ သူမရဲ့ အရိုးတွေအားလုံး ကွဲကျေသွား‌တော့မလိုတောင် ခံစားနေရသည်။

ကျန်းချုံလည်း တခြားဘာလုပ်ရမှန်း မသိတော့တဲ့အတွက် သူမအာရုံကို လွှဲဖို့ ကြိုးစားလိုက်သည်။ " နောက်အပိုင်းမှာ နာမည်ကြီး ဧည့်သည် ပါမယ်လို့ ဒါရိုက်တာပြောတယ်။ ဘယ်သူဖြစ်မယ်လို့ထင်လဲ?"

ကျိုးဝေ့က မျက်နှာကျက်ကို စိုက်ကြည့်ရင်း ကျွန်မအေးဂျင့်ဖြစ်တဲ့ကျဲတောင် မသိတဲ့ဟာကို ကျွန်မ ဘယ်လိုလုပ်သိမှာလဲလို့ တွေးမိလိုက်သေးသည်။

ဒါပေမယ့် ကျန်းချုံရဲ့ ရည်ရွယ်ချက်ကို သူမ ခန့်မှန်းမိတာကြောင့် ပြောလိုက်သည်။ "မသိဘူးလေ၊ ဒါပေမယ့် သူတို့တွေက တကယ်နာမည်ကြီးတဲ့သူတွေဖြစ်ရမယ်၊ မဟုတ်ရင် ဒါရိုက်တာနဲ့ အဖွဲ့သားတွေက ဒီလိုတုံ့ပြန်မှာ မဟုတ်ဘူး"

ကျန်းချုံက တစ်ခုခုကို သတိရသွားပုံရပြီး သူမရဲ့ မျက်လုံးတွေက တောက်ပလာသည်။ "စုန့်လင်းချွမ်ဖြစ်နေရင်ရော?"

ကျိုးဝေ့က 'ဘာမဟုတ်တာတွေ လာပြောနေတာလဲ' ဆိုတဲ့ အကြည့်တစ်ချက်ပေးလိုက်သည်။

အရင်ဆုံး စုန့်လင်းချွမ်က အားရဲ့လား? ပြီးတော့ သူရဲ့ ဒီလူနေမှုဘဝ variety show ကိုပုံမှန်ရိုက်နေပြီး အဲ့ဒီမှာ ကောင်းကောင်းလုပ်နေရတဲ့ဟာကို သူက ဒီကိုလာပြီးဘာလို့ ဒုက္ခလာခံမှာလဲ?

တကယ်ကြောင်တောင်တောင်နဲ့။

ကျန်းချုံလည်း အဲ့ဒီလိုပြောပြီးတော့ မဖြစ်နိုင်ဘူးလို့ ခံစားလိုက်မိပေမယ့် ကျိုးဝေ့ရဲ့ ငတုံးလားဆိုတဲ့အကြည့်အောက်မှာ မျက်နှာအဖတ်ဆယ်ဖို့ကြိုးစားလိုက်သေးသည်။

"ဘာလို့မဖြစ်နိုင်ရမှာလဲ? သူက ဒီရှိုးရဲ့ ဒါရိုက်တာနဲ့ သူငယ်ချင်းလို့ကြားတယ်။ အပိုင်းတစ်ပိုင်းမှာ ဧည့်သည့်အဖြစ်သူလာဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ဘူး"

"ပြီးတော့ စုန့်လင်းချွမ်ကို ပုံမှန်သရုပ်ဆောင်အဖွဲ့ဝင်အဖြစ်လည်း ကမ်းလှမ်းခဲ့သေးတယ်ဆိုပြီး မတိုင်ခင်ကကောလဟာလတွေရှိလည်း ရှိခဲ့သေးတယ်"

ကျိုးဝေ့က အထင်မကြီးသလို ပြောလာသည်။ "ဒီတော့ အဆုံးမှာ ဘာဖြစ်သွားလဲ? သူ မလာခဲ့ဘူးလေ"

ကျန်းချုံမှာ ဆွံ့အရင်း ကျန်နေခဲ့တော့သည်။

ကောင်းပါပြီ၊ သူမဘာသာ စိတ်ကူးယဉ်နေမှန်း ဝန်ခံပါတယ်။

ဘယ်လိုပဲကြည့်ကြည့်၊ စုန့်လင်းချွမ်အနေနဲ့ ဒီရှိုးကို လာဖို့ အကြောင်းမရှိပါချေ။

"ကောင်းပြီ၊ ငါနည်းနည်းလေးတောင် အိပ်မက်မက်လို့မရဘူးလား? စုန့်လင်းချွမ်သာ တကယ်လာခဲ့ရင် နင်တို့ရှိုးတော့နာမည်ကြီးလာမှာ သေချာပေါက်ပဲ။ နင်လည်း လူကြိုက်များလာလိမ့်မယ်"

ရိုက်ကူးရေးမှာ ဒုက္ခခံဖို့လိုပေမယ့်လည်း ရလဒ်ကောင်းတွေရဖို့တော့ မျှော်လင့်သည်။

ကျိုးဝေ့က ပင်ပန်းနွမ်းနယ်စွာနဲ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ကျွန်မ အဲ့ဒီလောက်ထိ ကံမကောင်းဘူး၊ လက်လျှော့လိုက်တော့"

ကျန်းချုံ - "..."

ဟုတ်တာပေါ့၊ သူမ ကောင်မလေးက ခါတိုင်းလို သူများအပျော်တွေကို ဖျက်တတ်တဲ့သူပဲ။

"Challenge Yourself" ရဲ့ပထမအပိုင်းကို ရိုက်ကူးပြီးတဲ့နောက် guest တွေက ဒုတိယအပိုင်းကို မရိုက်ကူးခင် တစ်ပတ်လောက် အနားယူကြသည်။

ခြွင်းချက်မရှိ၊ guest တွေအားလုံးမှာ စိတ်အားထက်သန်နေတဲ့ပုံမပေါ်ပေ။

မတတ်နိုင်ပေ၊ ပထမအပိုင်းရဲ့ ပြင်းထန်မှုက အရမ်းများလွန်းတဲ့အတွက် လူတိုင်းမှာ စိတ်ဒဏ်ရာတွေ ရနေကြသည်။

ကျိုးဝေ့အနေနဲ့ အခုချိန်မှာ အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးပြီဖြစ်သည်။ သူမတစ်ယောက်ထဲဖြစ်နေတာထက် အားလုံးအတူတူဆိုတော့ ပိုအဆင်ပြေသည်။

စိတ်ဓာတ်တွေကျနေကြတဲ့ guest တွေနဲ့ ယှဉ်ရင် ဒါရိုက်တာနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကတော့ ပိုပြီး စိတ်လှုပ်ရှားနေကြတယ်ဆိုတာ သိသာလှသည်။

ဒီအပိုင်းရဲ့ အဓိကအကြောင်းအရာကတော့ ထိတ်လန့်စရာကောင်းပြီး C City ရဲ့ ဆင်ခြေဖုံးရပ်ကွက်က စွန့်ပစ်ထားတဲ့ စက်ရုံမှာ ရိုက်ကူးမှာဖြစ်သည်။

All Chapters