(extra 12)
Vol. 13 Ch. 171
"မတွေ့ရတာကြာပြီနော်၊ အတန်းဖော်ဟောင်းရေ" ဆိုတဲ့ စကားလေးတစ်ခွန်းထဲနဲ့ စုန့်လင်းချွမ်တစ်ယောက် နေရာမှာရှိနေတဲ့ လူတိုင်းကို ဆွံ့အသွားအောင် လုပ်လိုက်သည်။
ဘာတွေဖြစ်နေတာလဲ?
ကျိုးဝေ့နဲ့ စုန့်လင်းချွမ်တို့က အတန်းဖော်ဟောင်းတွေတဲ့!
ဘယ်လိုလုပ် ဒီအကြောင်းကို တစ်ခါမှမကြားဖူးရတာလဲ?
ဒ့ါအပြင်၊ ဒီ"မတွေ့ရတာ ကြာပြီနော်" ဆိုတာက သူတို့နှစ်ယောက်ကို အတော်လေး ရင်းနှီးခဲ့ဖူးတယ်လို့ ထင်မိစေတယ်။
ခဏလောက် အံ့အားသင့်ပြီးနောက် လူတိုင်းက ကျိုးဝေ့ကို ကွဲပြားသလိုကြည့်လာကြသည်။
တကယ်လို့ စုန့်လင်းချွမ်သာ သူတို့က အတန်းဖော်ဟောင်းတွေဖြစ်တယ်ဆိုပြီး မဖော်ထုတ်လာရင်၊ ဒါကိုရှင်းပြလို့ ရနိုင်သေးသည်။ ဒါပေမယ့် ကျိုးဝေ့က ဒါကို မပြောလာတာကတော့ မမျှော်လင့်ထားတဲ့အရာဖြစ်သည်။
ဒီမှာရှိနေကြတဲ့လူတိုင်းက ဒီလောကထဲက တစ်စိတ်တစ်ပိုင်းတွေဖြစ်ကြပြီး ကျော်ကြားဖို့အရှက်မရှိတဲ့ နည်းလမ်းအမျိုးမျိုးသုံးတဲ့သူတွေကို အများကြီးမြင်ဖူးကြသည်။
ရွေးချယ်စရာမရှိပါချေ၊ ဒီလောကထဲတွင် နာမည်ဆိုးဖြင့်ကျော်ကြားရင်တောင်မှ ကျော်ကြားမှုက ဘုရင်ဖြစ်သည်။
ဒီနှစ်တွေထဲ ကျိုးဝေ့က ဒီလောကထဲတွင် ပူလည်းမပူသလို အေးလည်းမအေးပေမယ့် စုန့်လင်းချွမ်ကတော့ ပွဲဦးထွက်ပြီးတာနဲ့ လူထုအသည်းစွဲဖြစ်လာကာ နှစ်အတော်ကြာ အထွတ်အထိပ်မှာ ရပ်တည်နေခဲ့သည်။
တကယ်လို့သူမသာ သူ့ရဲ့ကျော်ကြားမှုကိုစီးနင်းဖို့ စိတ်ကူးရှိပါက၊ အင်တာဗျူးတိုင်းမှာ သူမတို့ရဲ့အတန်းဖော်ဆက်ဆံရေးကို သူမအနေနဲ့ ပေါ့ပေါ့တန်တန် ပြောနေလိမ့်မည်ဖြစ်ကာ အဲ့ဒီကျော်ကြားမှုလှိုင်းလုံးကို သူမသေချာပေါက် စီးနင်းလိမ့်မည်ဖြစ်သည်။
နောက်ဆုံးမှာ ဆွေးနွေးဖို့ အကြောင်းအရာတွေက အသောမသတ်နိုင်လောက်အောင်ရှိနေလိမ့်မည်ပင်။ သူမတောင် အများကြီး ပြောနေစရာ မလိုပေ၊ အဲဒီ မားကက်တင်း အကောင့်တွေက အမှန်တရားနဲ့ အတုအယောင်အချစ်ရေး အတင်းအဖျင်း အမျိုးမျိုးကို ပုံဖော်ပေးလိမ့်မည်ပင်။
ဒါမှမဟုတ် သူမကိုယ်တိုင် ပါးပါးနပ်နပ်နဲ့ ဘာမှမပြောဘဲ အချက်အလက်တွေကို တိတ်တိတ်လေး ဖော်ထုတ်လိုက်ရင်လည်း သူမရဲ့ ရည်မှန်းချက်တွေ အောင်မြင်နိုင်သေးသည်။
ဒါပေမယ့် ကျိုးဝေ့ကတော့ အဲ့ဒါတွေတစ်ခုမှကို မလုပ်ခဲ့ပါချေ။ ဒီနှစ်တွေထဲမှာ ဒီအကြောင်းက လူသိရှင်ကြားပေါက်ကြားလာတာမျိုးမရှိတာကြောင့် သူမအနေနဲ့ ဒီလမ်းကြောင်းကို တကယ်မသွားချင်ဘူးဆိုတာပြနေတာပင်။
ဒီတော့မှ ဒီလောကထဲက ကျိုးဝေ့ရဲ့ဂုဏ်သတင်းကို လူတိုင်းတွေးမိလာကြသည် - ရှုပ်ထွေးတဲ့အတင်းအဖျင်းတွေ ဒါမှမဟုတ် အလွန်အမင်း စန်းတင်တာမျိုးလည်း မရှိသလို၊ ဘယ်လောကက လူမှုရေးပွဲတွေဆိုတာကိုလည်း မတက်ဘဲ သရုပ်ဆောင်တာကိုပဲ တည်တည်ငြိမ်ငြိမ်လုပ်နေခဲ့တဲ့ပုံပင်။
ဒါကိုကြည့်ရင် သူမကို ဒီလောကထဲမှာ လေကောင်းလေသန့်ရှုတဲ့သူလို့ ယူဆလို့ရသည်။
အားလုံးအတွေးထဲ နစ်နေကြတုန်းမှာ ဒါရိုက်တာက တစ်ခုခုကို ပြနါသတိရသွားတဲ့ပုံပင်။ မော်နီတာပေါ်က စုန့်လင်းချွမ်ကို ကြည့်လိုက်ပြီး သူ့မှာရုတ်တရက် နားလည်သွားတဲ့ အကြည့်တစ်ချက်ပေါ်လာသည်။
စစပိုင်း စုန့်လင်းချွမ် ဆက်သွယ်လာတုန်းက ဒီအစီအစဉ်က ဘယ် guest တွေနဲ့မှ သူမရင်းနှီးလောက်ဘူးလို့ သာမာန်ကာလျှံကာ သူပြောခဲ့တာကို စုန့်လင်းချွမ်က တစ်ယောက်တော့ရှိတယ်လို့ ပြန်ပြောခဲ့တာကိုသတိရလိုက်သည်။
အဲဒီတုန်းက သူသိပ်ပြီး မစဉ်းစားမိဘဲ အသေးစိတ်မေးတဲ့အခါ စုန့်လင်းချွမ်က အကြောင်းအရာ ပြောင်းသွားတဲ့အတွက် သူ ဆက်မမေးလိုက်တော့ပေ။
အခုတော့ "တစ်ယောက်တော့ရှိတယ်" ဆိုတဲ့စကားက အဓိပ္ပါယ်ရှိတဲ့ပုံရပင်။
စင်အောက်ကလူတွေမှာ အတွေးအမျိုးမျိုး ရှိနေသလို စင်ပေါ်က လူတွေလည်း အာရုံမစိုက်နိုင်ကြသေးပေ။
ကင်မရာမင်းက သူတို့ရဲ့မျက်နှာတွေကို သီးခြားဆီ အနားကပ်ရိုက်ပြသည်။
ပါဝင်ပတ်သက်နေတဲ့ လူတွေအနေနဲ့ စုန့်လင်းချွမ်ကတော့ စောစောတုန်းကစကားတွေက ဒီတိုင်းသာမာန်ကာလျှံကာပြောလိုက်သလိုမျိုး မတုန်မလှုပ်နဲ့ပင်။
သူလုပ်လိုက်တဲ့ ကြီးကြီးမားမားစိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကို လုံးဝ သတိမထားမိပါချေ။
စုန့်လင်းချွမ်နဲ့ယှဉ်ရင် ကျိုးဝေ့ကတော့ လက်ရှိမှာ သိပ်စိတ်မတည်ငြိမ်သေးပေ။
သူမလည်း ပါးစပ်ပွင့်လာပြီး ပြောလိုက်သည်။ "မတွေ့တာကြာပြီ"
တကယ်ကို ကြာခဲ့ပြီဖြစ်သည်။ အထက်တန်းကျောင်းမှာ နောက်ဆုံး တွေ့ခဲ့တဲ့အချိန်ကနေ အခုအထိဆိုတော့ ခုနစ်နှစ်ကြာခဲ့ပြီဖြစ်သည်။
တခါတလေ ကျိုးဝေ့ အဲဒါကို တွေးကြည့်တဲ့အခါ အဲ့ဒါကမှော်ဆန်တာကို သူမ တွေ့ခဲ့ရသည်။ နှစ်ယောက်စလုံးက ဖျော်ဖြေရေးနယ်ပယ်မှာ နှစ်အတော်ကြာ ကျင်လည်ခဲ့ကြသလို ဒီအသိုင်းအဝိုင်းက ကျဉ်းကျဉ်းလေးဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် တစ်ခါမှမဆုံခဲ့ပါချေ။
တစ်ကြိမ်လေးတောင် မဆုံခဲ့ဘူး။
ဒါပေမယ့် နောက်တစ်စက္ကန့်မှာ တွေးကြည့်ကြည့်လိုက်တော့ အဓိပ္ပါယ်ရှိသားပင်။ သူတို့ရဲ့ အရမ်းကိုကွာခြားလှတဲ့ ကျော်ကြားမှုအဆင့်တွေ၊ အရင်းအမြစ်တွေက ဒီလောကထဲမှာ သဘာဝအလျောက် ထပ်တူညီနေတာမဟုတ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် မဆုံကြတာသဘာဝပင်။
ပြောရရင် ကျိုးဝေ့လည်း နည်းနည်းရှက်မိသည်။ တကယ်တော့ ပွဲဦးထွက်အချိန်နဲ့ ပတ်သက်ရင် သူမဟာ စုန့်လင်းချွမ်ထက်စောပေမယ့် ဒီအသိုင်းအဝိုင်းထဲက ကျော်ကြားမှုနဲ့ အောင်မြင်မှုတွေအရတော့ သူမဘက်ကတိုတောင်းသည်။
သို့ပေမယ့် ကျိုးဝေ့ကတော့ ဒီဟာကို လုံးဝ မအံ့ဩပါချေ။
စုန့်လင်းချွမ်က အထက်တန်းကတည်းက ကျောင်းမှာနာမည်ကြီးခဲ့တာဖြစ်သည်။ သူဘယ်သွားသွား အကြည့်တွေကို စွဲဆောင်နိုင်သည်။
သူ့မှာ သဘာဝအတိုင်း ချောမောမှုတွေရှိပြီး ဘယ်သူနဲ့မှ လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့မလိုဘဲ သူကိုယ်တိုင်မှာက စွဲဆောင်မှုတွေ အများကြီးရှိနေဝာာဖြစ်သည်။
သူက တလက်လက်တောက်ပဖို့ မွေးဖွားလာသလိုပင်။
စုန့်လင်းချွမ်က ကျိုးဝေ့ကို ခေါင်းအသာညိတ်ပြလိုက်ပြ စကားခေါင်းစဉ်ကို ပြောင်းကာ မေးလိုက်သည်။ "မင်းမှာ သဲလွန်စတွေ ရှိလား၊ အဖွဲ့ဖွဲ့ချင်လား?"
လူတိုင်း - "???"
"မတွေ့တာကြာပြီ" ဒါပဲလား?
နင့်ကို နည်းနည်းလေးတောင် လိုက်မမီတော့ဘူး၊ ငါတို့ကိုသိချင်စိတ်တွေဖြစ်အောင် လုပ်လိုက်တာပဲ! ဂိမ်းကို ဒီလို ကစားရတာမဟုတ်ဘူး!
ကျိုးဝေ့လည်း သိသိသာသာ အံ့သြသွားသည်။ အဖွဲ့ဖွဲ့မယ်?
သူမနဲ့စုန့်လင်းချွမ်လား?
ရိုးရိုးသားသား ပြောရရင် သူမနည်းနည်း တွန့်ဆုတ်သွားမိပေမယ့် ဒီအခြေအနေမျိုးမှာ သူ့ကို ငြင်းလိုက်တာက မသင့်တော်ပေ။
ဘာပဲဖြစ်ဖြစ်၊ သူမတို့တွေက ပထမဆုံးဆုံကြတာဖြစ်ကာ သူ့ဘက်က စေတနာကောင်းကိုပြနေသည်။ ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် ကျင့်ဝတ်တွေကြောင့် ငြင်းဖို့အကြောင်းမရှိပါချေ။
အရေးကြီးဆုံးကတော့ သူမ စုန့်လင်းချွမ်ကို အတွေးမလွန်စေချင်ပေ။
"task တစ်ကတ်ပဲ ရှိတယ်၊ တခြား ဘာသဲလွန်စမှ မရှိဘူး" ကျိုးဝေ့က သူမရဲ့ကတ်ကို တိုက်ရိုက် ကမ်းပေးလိုက်သည်။
ဒီလုပ်ရပ်က အသင်းဖွဲ့ဖို့ သူသဘောတူတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေတာပင်။
စုန့်လင်းချွမ်ကလည်း အများကြီး မပြောပေ။ သူက ခပ်တိုးတိုး အင်းလို့ဆိုလာပြီး သူမကမ်းပေးလာတဲ့ task ကတ်ကို ယူကာကြည့်လိုက်သည်။
ရှိုးရဲ့အစီအစဉ်တွေအရ guest တစ်ဦးစီရဲ့taskကတ်ရှိ သဲလွန်စတွေက ကွဲပြားကြပြီး နောက်ထပ်သဲလွန်စတွေကို ရှာဖွေကာ အသုံးပြုနိုင်သည်။
ဒါပေမယ့် ကျိုးဝေ့တစ်ယောက် စောစောက အရမ်းကြောက်နေတာကြောင့် သဲလွန်စတွေရှာဖို့ လိုက်မကြည့်မိဘဲ တခြားဧည့်သည်တွေကို အရင်ရှာချင်နေခဲ့တာဖြစ်သည်။ ဒါကြောင့် အခုအချိန်မှာ သူမ ဘာမှမရသေးတာပင်။
ယှဥ်ကြည့်ရင် ခဏတာဧည့်သည်အဖြစ် ရောက်လာတဲ့စုန့်လင်းချွမ်က နောက်ကျမှ ဝင်လာရပေမယ့် အဓိက သဲလွန်စနှစ်ခုကို တွေ့ထားပြီးပြီဖြစ်သည်။
ကြည့်ရရင် ဒီအသင်းမှာဆို စုန့်လင်းချွမ်အနေနဲ့ သိသိသာသာ ရှုံးလိမ့်မှာပင်။
ကျိုးဝေ့က တုံ့ဆိုင်းသွားပြီး အသင်းဖွဲ့ဖို့ မေ့ပစ်လိုက်တော့လို့ ပြောမလို့ပြင်နေတုန်းမှာပဲ။
စုန့်လင်းချွမ်က အရင်ပြောလာသည်။ "သွားကြရအောင်"
ကျိုးဝေ့က အံ့ဩတကြီးနဲ့ ပြန်တုံ့ပြန်လာသည်။ "ဘယ်သွားမလို့လဲ?"
စုန့်လင်းချွမ်က သူမကို လှည့်ကြည့်လိုက်ပြီး task ကတ်ကို ပြန်ပေးလိုက်ကာ ပြောလာသည်။ "မင်း ဝင်ခဲ့တဲ့ ပထမဆုံးအခန်းကို ပြန်သွားမယ်လေ၊ မင်း မယူခဲ့တဲ့ အရေးကြီးတဲ့ သဲလွန်စတစ်ခု ရှိတယ်"
ကျိုးဝေ့တစ်ယောက် သူမလက်ထဲက task ကတ်ကို အမြန်ကြည့်လိုက်ပြီး နည်းနည်းရှက်သွားမိသည်။
အမှန်ပဲ!
အဖြူအမည်းနဲ့ ရှင်းရှင်းလင်းလင်း ရေးထားပေမယ့် စောစောက သူမအရမ်းကြောက်နေတာကြောင့် လုံးဝ မကြည့်မိဘဲ ထွက်ပြေးဖို့ကိုသာ တွေးနေခဲ့မိသည်။
ဒါကြောင့် နှစ်ယောက်သား နောက်ကြောင်းပြန်လှည့်လိုက်သည်။
မှောင်မည်းနေတဲ့လမ်းကြားက အလားတူဘဲ ချောက်ချားစရာကောင်းနေသည်။ သို့ပေမယ့် ကျိုးဝေ့ကတော့ ဒီတစ်ခေါက်တွင် ပိုငြိမ်သက်သွားသည်။
သူမအနားမှာ အပိုလူတစ်ယောက်ရှိနေတဲ့အပြင်၊ အဓိကအကြောင်းအရင်းကတော့ သူမရဲ့စိတ်က စုန့်လင်းချွမ် အပေါ်မှာဘဲ လုံးလုံးလျားလျား ရှိနေတာကြောင့် ကြောက်စရာကောင်းတဲ့အကြောင်းတွေကို လုံးဝမတွေးနိုင်တော့တာ သိသာလှသည်။
ကျိုးဝေ့မှာ နည်းနည်း မယုံနိုင်စရာကောင်းအောင် ခံစားလိုက်ရသည်။ ကျန်းချုံက ဒီအစီအစဉ်မှာ ခဏတာဧည့်သည်ကို စုန့်လင်းချွမ်ဖြစ်လိမ့်မည်လို့ ခန့်မှန်းခဲ့တုန်းက သူမဘက်က သူ့ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အတွေးတွေကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ သူမရဲ့ခန့်မှန်းချက်အတိုင်း အတိအကျဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။
ဒါပေမယ့် စုန့်လင်းချွမ်တစ်ယောက် ဒီရှိုးမှာ ဘာလို့ပေါ်လာလဲဆိုတာကို သူမ စဉ်းစားလို့မရပါချေ။
ဒါပေမယ့် အဲဒါက ရှင်းရှင်းလင်းလင်းကို သူမနဲ့မဆိုင်ပေ။ ဘယ်လိုဘဲဆိုဆို စုန့်လင်းချွမ်တစ်ယောက် ဘာလို့ဒီနေရာမှာ ရှိနေလဲဆိုတာ ကိစ္စမရှိပေ၊ အဲ့ဒါကသေချာပေါက် သူမ ကိစ္စမဟုတ်ပေ။
ဒါက သံသယဖြစ်စရာမရှိဘူးဆိုတာ သေချာသည်။
ကျိုးဝေ့အနေနဲ့ သူမကိုယ်သူမ ရှင်းရှင်းလင်းလင်း နားလည်နေသေးသည်။
တကယ်လို့ စုန့်လင်းချွမ်...နှစ်တွေအများကြီးကြာခဲ့ပြီဖြစ်တာကြောင့် ဟိုးကတည်းက ပျောက်ကွယ်သွားလောက်မည်ဖြစ်သည်။
ဒါ့အပြင် သူမတို့ငယ်ရွယ်တုန်းမှာ ဘယ်သူ့မှာများ စိတ်မြန်လက်မြန်လုပ်တတ်တဲ့ သမိုင်းကြောင်း မရှိလို့လဲ? အတိတ်က အတိတ်ပဲ။
သူမတို့ နှစ်ယောက်လုံးက အရွယ်ရောက်နေပြီဖြစ်တာကြောင့် အတိတ်ကို ဆက်ပြီးတူးဆွနေရင် ရိုင်းရာကျလိမ့်မည်။
ဒါကြောင့် စုန့်လင်းချွမ်နဲ့ ရှေ့ဆက် ဆက်ဆံရေးအတွက် သူမအနေနဲ့ သူ့ကိုအခြား guest တွေကို ဆက်ဆံသလိုမျိုး ဆက်ဆံဖို့သာလိုသည်။ စုန့်လင်းချွမ်လည်း ဒီလိုမျိုးမျှော်လင့်ထားလောက်မှာ သေချာပေါက်ပင်။
နှစ်ယောက်သား ဘာစကားမှမပြောကြဘဲ ဘေးချင်းကပ် လျှောက်နေတာက ပတ်ဝန်းကျင်ကို အကြောင်းပြချက်မရှိ နည်းနည်း အဆင်မပြေဖြစ်လာစေသည်။
သူတို့က အတန်းဖော်ဟောင်းတွေ မဟုတ်ဘူးလား? ဒီလိုအခြေအနေမျိုးမှာ သူတို့တွေ တစ်ခုခုပြောမနေသင့်ဘူးလား?
သူတို့နှစ်ယောက် သာမာန်သဘောတရားနောက်လိုက်ဖို့ မရှိတာကိုမြင်တော့ ထုတ်လုပ်ရေးအဖွဲ့၀င်တွေလည်း စိတ်ပျက်လက်ပျက် ခေါင်းကုတ်လိုက်ကြသည်။
နောက်ဆုံးတော့ ဒါရိုက်တာက မနေနိုင်တော့ပေ။ သူက ဝေါ်ကီတော်ကီကို ကောက်ကိုင်လိုက်ပြီး သူတို့နှစ်ယောက်နောက်က လိုက်လာတဲ့ ကင်မရာမင်းကို ညွှန်ကြားချက်ပေးလိုက်သည်။
တကယ်လို့တောင်ကြီးက မိုဟာမက်ဆီမသွားရင် မိုဟာမက်က တောင်ကြီးဆီသွားရမှာပင်။
မင်းတို့တွေ စကားမပြောကြဘူးပေါ့၊ အင်း၊ ဒါဆို ငါတို့က အစပျိုး မေးပေးမယ်၊ ဒါက အဆင်ပြေတယ်မဟုတ်လား?
ဒါနဲ့၊ ကင်မရာမင်းက ဒီအရေးကြီးတာဝန်ကိုထမ်းဆောင်ရဖို့ သူ့ရဲ့အစောပိုင်းက "mute"ထားတဲ့ အခြေအနေကနေ နားကြပ်ကနေပြီး ပြောင်းလဲလာတဲ့ ဒါရိုက်တာရဲ့ ညွှန်ကြားချက်တွေကို လက်ခံလိုက်ရသည်။
သို့ပေမယ့် နောက်ဆုံးတော့၊ ကင်မရာမင်းမှာ ဦးဆောင်ပြီးမေးခွန်းတွေ မေးတဲ့နေရာမှာ အတွေ့အကြုံမရှိပါချေ။ သူက တုံ့ဆိုင်းနေပြီး မပြောခင် အတော်ကြာမချိမဆံ့ဖြစ်နေသည်။ “အမ်…”
ကင်မရာမင်းက ကျိုးဝေ့ရဲ့ဘေးမှာ ရှိနေသည်။ သူ့ရုတ်တရက် အသံထွက်လာတာက ကျိုးဝေ့ကို ကြီးကြီးမားမား ထိတ်လန့်သွားစေသည်။
သူမ အလိုအလျောက် တစ်ဖက်ကို ရှောင်လိုက်တော့ ခလုတ်တိုက်မိကာ စုန့်လင်းချွမ် ရင်ခွင်ထဲရောက်သွားတော့သည်။
လေထုက တစ်ခဏအတွင်း အေးခဲသွားတော့သည်။
စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ကျိုးဝေ့ရဲ့ ရှင်သန်လိုစိတ်ဗီဇက ပေါက်ကွဲသွားသည်။ သူမက ကင်မရာမင်းရဲ့အင်္ကျီလက်ကို ဆွဲကိုင်ကာ သူမကိုယ်သူမ ဟန်ချက်ညီအောင် အားယူလိုက်သည်။
နောက်တော့ သူမက ခြေလှမ်းပေါင်းများစွာနောက်ပြန်ဆုတ်ကာ စုန့်လင်းချွမ်နဲ့ အကွာအဝေး အမြန်ခြားလိုက်သည်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ရှင်အဆင်ပြေရဲ့လား?"
စုန့်လင်းချွမ် သူ့ကိုရှောင်လိုက်တဲ့ သူမကို ကြည့်ကာ သူ့မျက်ခုံးတွေ တွန့်ချိုးသွားသည်။ အတော်ကြာတိတ်နေပြီးတဲ့နောက် သူက ခပ်တိုးတိုး ပြန်တုံ့ပြန်လာသည်။ "အဆင်ပြေတယ်၊ သတိထား"
ကျိုးဝေ့လည်း ရက်ရက်ရောရော ခေါင်းညိတ်ပြလိုက်သည်။
သူဘာမှမပြောပေမယ့် သူမ သတိထားနေလိုက်သည်။ ဒါပြီးရင်တော့ သူမ သေအောင်ပဲ ကြောက်ကြောက်၊ ဒဏ်ရာပဲရရ သေချာပေါက် ဒီလိုမျိုးထပ်ဖြစ်တော့မှာမဟုတ်ဘူး။
မဟုတ်လို့ရှိရင် ဒီအပိုင်းကိုသာ ထုတ်လွှင့်ပြီးရင်တော့ သူမက နာမည်ကြီးဖို့ ကြိုးစားတဲ့အတွက် အပြစ်တင်ခံရမှာ သေချာပေါက်ပင်။
သို့ပေမယ့် ကျိုးဝေ့အတွက်ကတော့ တခြားသူရဲ့ကျော်ကြားမှုတွေကို သူမရဖို့ကြိုးစားခဲ့ရင်တောင် စုန့်လင်းချွမ်ကိုတော့ သူမ မမှီခိုချင်ပါပေ။
သို့ပေမယ့် အဲ့ဒါကို သူမပိုတွေးလေ ဒေါသပိုထွက်လာလေလေဖြစ်သည်။ သူမ ကောင်းကောင်းမွန်မွန်လျှောက်နေရာကနေ ရုတ်တရက် ဒီလိုဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ?
ကျိုးဝေ့က တရားခံကိုလှည့်ကြည့်လိုက်သည်။ "ရှင်စကား မပြောဘူးမဟုတ်ဘူးလား?"
အခုလေးတင် သူမသေအောင် ကြောက်နေတုန်းကကျ သူတိတ်နေပြီးတော့ အခုကျ သူရုတ်တရက်စကားပြောလာတော့ သူမကို ခြောက်ဖို့တမင်လုပ်လိုက်တာလို့တောင် သူမအလေးအနက် သံသယဝင်မိသည်။
ကင်မရာမင်းက ခေါင်းကုတ်လိုက်သည်။ သူလည်း စကားမပြောချင်ပါဘူး၊ ဒါက ဒါရိုက်တာရဲ့ အမိန့် မဟုတ်ဘူးလား?
ဒီအပိုင်းမှာတော့ ဒါရိုက်တာရဲ့ သူတို့စကားပြောအောင်လုပ်ခဲ့တဲ့ ကြိုးပမ်းမှုက ကျရှုံးသွားရသည်။
ပြဿနာက သူတို့ရဲ့ သဘောထားတွေကို ကြည့်ပြီး လောလောဆယ် ဘာမှ မေးလို့ မရနိုင်တော့တဲ့အတွက် အချိန်ပိုစောင့်ရဦးမည်ပင်။
မကြာခင်မှာပဲ သူတို့တွေကျိုးဝေ့ မူလက ရှိနေခဲ့တဲ့အခန်းဆီရောက်လာကြသည်။ task ကတ်ထဲက သဲလွန်စတွေအရ စုန့်လင်းချွမ်တစ်ယောက် သဲလွန်စကို အလွယ်တကူ ရှာတွေ့ခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင် သူတို့နှစ်ယောက်ရထားတဲ့ သဲလွန်စတွေက အံ့ဩစရာကောင်းလောက်အောက် ဆက်နွှယ်နေသည်။ နောက်တော့ ဒီသဲလွန်စနောက်လိုက်ကာ စွန့်ပစ်ထားတဲ့ အလုပ်ရုံတစ်ခုဆီ သူတို့ရောက်လာကြသည်။
သဲလွန်စထဲက ဝှက်စာအရ၊ ဒီအလုပ်ရုံက အရမ်းအရေးကြီးတဲ့ အရာတစ်ခုအဖြစ်ပါဝင်နေသည်။
အဲ့ဒီဟာက ဘယ်ဟာလဲဆိုတာကို အခုချိန်အထိ မသိရသေးပေမယ့်၊ အဲ့ဒါက နောက်ဆုံးပဟေဠိနဲ့ တိုက်ရိုက်သက်ဆိုင်နေလိမ့်မယ်လို့ သူတို့ဝိုးတိုးဝါးတားခံစားမိကြသည်။
ဒါနဲ့ နှစ်ယောက်သား အလုပ်ရုံထဲကိုဝင်ပြီး လူခွဲကာ လိုက်ပတ်ကြည့်ကြသည်။
အလုပ်ရုံတစ်ခုလုံးကို ရှာဖွေပြီးပေမယ့် ဘာမှမတွေ့ခဲ့ရပေ။ သူတို့လည်း ရွေးချယ်စရာမရှိတော့ဘဲ တစ်ခုခုကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ရင်း သဲလွန်စတွေကို ပြန်စုစည်းလိုက်သည်။
ကျိုးဝေ့က စုန့်လင်းချွမ် အတူစုထားတဲ့ သဲလွန်စတွေကို ကြည့်ရင်း တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသည်။ သူမ ချက်ချင်း အထဲကိုဝင်သွားလိုက်သည်။
စုန့်လင်းချွမ်လည်း အများကြီးမမေးနေဘဲ သူမနောက်ကို တန်းလိုက်သွားလိုက်သည်။
ကျိုးဝေ့က ဟောင်းနွမ်းနေတဲ့ အသုံးအဆောင်ပစ္စည်း အပုံဆီရောက်လာပြီး လှည့်ပတ်ကြည့်လိုက်ကာ နောက်တော့ မျက်လုံးတွေတောက်ပလာပြီး တစ်နေရာကိုပြလိုက်သည်။ "ဒီနေရာမှာများလား?"
စုန့်လင်းချွမ် သူမပြတဲ့ဘက်ကို ကြည့်လိုက်တော့ ထောင့်စွန်းမှာ သစ်သားလေးတစ်လုံးကို တွေ့လိုက်သည်။
သူဆောင့်ကြောင့်ထိုင်ပြီး ယူမလို့လုပ်တုန်းမှာဘဲ ကျိုးဝေ့က အရင်ဝင်သွားခဲ့သည်။
စုန့်လင်းချွမ်လည်း ဒီအကြောင်းကို တွေးမိပြီး သူမနဲ့ မပြိုင်နေတော့ပေ။ သေတ္တာကအကြီးကြီးမဟုတ်တဲ့အတွက် သူမကိုယ်တိုင် ယူနိုင်လောက်သည်။
ဒါပေမယ့် အဲ့ဒီအချိန်မှာဘဲ အပေါ်ကနေလာပုံရတဲ့ တကျွိကျွိ မြည်သံ ခပ်တိုးတိုးကိုသူကြားလိုက်ရသည်။
စုန့်လင်းချွမ် အသံလာရာကို လှမ်းကြည့်လိုက်တော့ ကျိုးဝေ့ရဲ့ခေါင်းအထက်မှာ အချိန်မရွေးပြုတ်ကျလာနိုင်တဲ့ ရှေ့နောက်လှုပ်ယမ်းနေတဲ့ စက်ပစ္စည်းတစ်ခုကိုတွေ့လိုက်ရသည်။
သို့ပေမယ့် ကျိုးဝေ့ကတော့ သူမရဲ့ခေါင်းအထက်က အခြေအနေကို လုံးဝသတိမထားမိဘဲ အဲ့ဒီနေရာမှာဘဲ သဲလွန်စတွေကို ရှာဖို့စိတ်အားထက်သန်နေသည်။
"ကျိုးဝေ့ မင်းခေါင်းကို သတိထား!" သူ အဲ့ဒီကိုအမြန်လျှောက်သွားရင်း ပြောလိုက်သည်။
စုန့်လင်းချွမ်ရဲ့သတိပေးချက်ကိုကြားတော့ ကျိုးဝေ့ အလိုလိုမော့ကြည့်လိုက်ရာ စက်ပစ္စည်းတစ်ခုက သူမဆီတည့်တည့်ပြုတ်ကျလာတာကို တွေ့လိုက်ရသည်။
သူမ စိတ်ထဲ တဝီဝီမြည်သွားသည်။ အဖြစ်အပျက်က အရမ်းမြန်လွန်းလို့ သူမမှာတုံ့ပြန်ဖို့ အချိန်လုံးဝမရလိုက်ပါချေ။
စက်ပစ္စည်း ပြုတ်ကျလာတာကို မြင်လိုက်ရတော့ ကျိုးဝေ့မျက်လုံးတွေကို မှိတ်ထားလိုက်မိသည်။
မကောင်းတော့ဘူးလို့ သူမတွေးမိလိုက်တဲ့အချိန် နောက်တစ်စက္ကန့်မှာဘဲ သူမရဲ့ခန္ဓာကိုယ်ကိုဖက်ကာ ဘေးဘက်ဆီ ရုတ်တရက် ဆွဲခေါ်ခံလိုက်ရသည်။
နောက်တော့ မြေပြင်ပေါ်ကို လေးလံတဲ့အရာတစ်ခု ပြုတ်ကျသံနဲ့အတူ အင့်ခနဲ ညည်းသံခပ်တိုးတိုးက သူမနားထဲဝင်လာသည်။
နောက်တော့ ကင်မရာမင်းအသံ ထွက်လာခဲ့သည်။ "ဆရာစုန့်၊ အဆင်ပြေရဲ့လား!"
ကျိုးဝေ့ရင်ထဲ တင်းကျပ်သွားပြီး ဖြစ်ပျက်ခဲ့တာတွေကို ချက်ချင်းနားလည်လိုက်သည်။
သူမ မျက်လုံးဖွင့်လိုက်တဲ့အခါ နာကျင်မှုကိုအံကြိတ်ကာတောင့်ခံနေတဲ့ စုန့်လင်းချွမ်ရဲ့မျက်နှာကိုတွေ့လိုက်ရသည်။
"စုန့် စုန့်လင်းချွမ် နင်ဘယ်နားထိသွားတာလဲ?" ကျိုးဝေ့က တုန်တုန်ယင်ယင်အသံနဲ့ မေးလိုက်သည်။ "တစ်ခုခုပြောဦးလေ၊ နင် ဘယ်နားကို ထိသွားတာလဲ?"
ပြောပြီးတာနဲ့ သူမ စုန့်လင်းချွမ်ကို တွန်းလိုက်ပြီး သူ့ဒဏ်ရာတွေကို စစ်ကြည့်လိုက်သည်။
စုန့်လင်းချွမ်က သူမရဲ့ပခုံးကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ "မလှုပ်နဲ့၊ ငါ့ခြေထောက် ဒဏ်ရာရထားတယ်၊ မင်းပေါ်မှာ ခဏလောက်ပေးမှီထား"
ကျိုးဝေ့ အေးခဲသွားပြီးမှ စုန့်လင်းချွမ်တစ်ယောက် သူ့ကိုယ်အလေးချိန်အများစုအတွက် သူမကို အားကိုးနေရတယ်ဆိုတာကို နောက်ကျမှ တုံ့ပြန်မိလိုက်သည်။
"ကောင်းပြီ၊ ငါ မလှုပ်တော့ဘူး၊ မလှုပ်တော့ဘူး"
အဲ့ဒီအချိန် ကင်မရာမင်းနှစ်ယောက်က သူတို့ပစ္စည်းတွေကိုချကာ စုန့်လင်းချွမ်ပေါ်က စက်ပစ္စည်းကို အတူဖယ်ကြသည်။
အဲဒီနောက်မှာတော့ သူတို့က သူ့ကိုမရွှေ့ရဲဘဲ ဆေးအကူတွေ ရောက်လာမှာကို စောင့်နေလိုက်သည်။
အခြေအနေကို အတိအကျ မဆုံးဖြတ်နိုင်သေးပေမယ့် စုန့်လင်းချွမ် ဘောင်းဘီပေါ်က စွန်းနေတဲ့သွေးတွေကိုကြည့်ကြည့်ရင် ဒဏ်ရာက အသေးအဖွဲ့ဟုတ်ပုံမရပေ။
ကျိုးဝေ့မှာ ချက်ချင်း စိုးရိမ်သွားမိသည်။ "ငါတောင်းပန်ပါတယ်"
စုန့်လင်းချွမ်က အားတင်းပြုံးလိုက်ပြီး "မတောင်းပန်ပါနဲ့၊ ဒါက မတော်တဆဖြစ်တာ မင်းနဲ့ဘာမှမဆိုင်ဘူး"
သူအဲ့ဒီလိုပြောနေပေမယ့် ကျိုးဝေ့ကတော့ ဒီမတော်တဆမှုဟာ အစကတည်းက စုန့်လင်းချွမ်နဲ့ဘာမှမဆိုင်ကြောင်း ရှင်းရှင်းလင်းလင်းသိသည်။ သူမကို ကယ်လိုက်တာကြောင့်သာ မဟုတ်ရင် သူလည်း ဒဏ်ရာရမှာ မဟုတ်ပေ။
ကံကောင်းထောက်မစွာနဲ့ ပရိုဂရမ်အဖွဲ့က အလျင်အမြန်တုံ့ပြန်လာပြီး ဒါရိုက်တာ၊ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့အတူ ဆေးအကူတွေလည်း မကြာခင်မှာပဲ ရောက်လာကြသည်။ နေရာက ရုတ်တရက် လူတွေပြုံလာသည်။
မကြာခင်မှာပဲ စုန့်လင်းချွမ်ကို အရေးပေါ်လူနာတင်ယာဉ်နဲ့ ခေါ်သွားလိုက်သည်။ ကျိုးဝေ့က သူနဲ့အတူလိုက်သွားချင်ပေမယ့် လူနာတင်ယာဉ်မှာ နေရာအကန့်အသတ်ရှိတာကြောင့် သူမလက်လျှော့လိုက်ရသည်။
ရိုက်ကူးရေးကိုလည်း ခဏရပ်ထားရသည်။
ရိုက်ကွင်းမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ဒါရိုက်တာလည်း ဆက်မရိုက်ရဲပါချေ။ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေ ကျန်နေသေးရဲ့လားဆိုတာ ဘယ်သူတွေ သိနိုင်မှာတဲ့လဲ၊ သူတို့တွေ အကုန်လုံးကို အစကနေပြန်စစ်ဆေးရမည်ပင်။
ပြောစရာတောင်မလိုပေ၊ ဒါရိုက်တာအနေနဲ့ အခုချိန်မှာ ဒီအချက်တွေအပေါ် သတိလျော့လို့မရပါချေ။ စုန့်လင်းချွမ် ဒဏ်ရာက အသေးအမွှား မဟုတ်တဲ့အတွက် သူတို့အားလုံး ဆေးရုံကို လိုက်သွားလိုက်ကြသည်။
ဟိုတယ်ကိုပြန်ရောက်ပြီးတဲ့နောက် ကျိုးဝေ့တစ်ယောက် ဆိုဖာပေါ်မှာ ငေးတိငေးမောထိုင်နေမိသည်။
ကျန်းချုံက သူမပခုံးကိုပွတ်ကာ နှစ်သိမ့်ပေးခဲ့သည်။ "စိတ်မပူနဲ့ လက်ထောက်ဒါရိုက်တာလည်း လိုက်သွားတာပဲ။ သတင်းထူးရင် ငါတို့ကို အကြောင်းကြားမယ်လို့ ပြောခဲ့တယ်လေ"
ကျိုးဝေ့က ခေါင်းအသာညိတ်ပြလိုက်ပေမယ့် သူမရဲ့အမူအရာကတော့ အဲ့ဒါကိုအသိအမှတ်မပြုနေတာသိသာလှသည်။
ကျန်းချုံမတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ သူမဘာသာတွေးမိလိုက်သည်၊ ကျိုးဝေ့မှာ ဘယ်လိုကံကြမ္မာမျိုးရှိနေတာလဲ?
နောက်ဆုံးတော့ သူမမှာ စုန့်လင်းချွမ်လိုမျိုး ထိပ်တန်းနာမည်ကြီးနဲ့ ရှိုးမှာတွဲပါခွင့်ရခဲ့ပြီး၊ ရှိုးမထုတ်လွှင့်ခင်မှာ နာမည်ကြီးပြီ လူကြိုက်များမှုတွေ အများကြီးရခဲ့သင့်တာဖြစ်သည်။ ဒါပေမယ့် ရိုက်ကူးရေးလုပ်နေတုန်းမှာပဲ ဒီလိုမျိုး ဖြစ်ပျက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ?
guest တွေ ထိခိုက်ဒဏ်ရာရသွားတာကြောင့် ရိုက်ကူးရေးကို ခဏရပ်ထားကာ ရိုက်ကူးထားတဲ့အပိုင်းအများစုမှာလည်း အသုံးမဝင်တော့ပေ။
ဟင်းး၊ ဒါတွေ အားလုံးက ကံကြမ္မာပဲ။
' မေ့လိုက်တော့၊အခု အဲဒါတွေက အရေးမကြီးဘူး။ အဓိက ကတော့ စုန့်လင်းချွမ် အဆင်ပြေသွားဖို့ပဲ ' ကျန်းချုံ တွေးလိုက်မိသည်။
ဒီနေ့ သူတို့ရိုက်ကူးရေးလုပ်နေတုန်းမှာ သူမ မရှိနေခဲ့ပေ၊ သူမ အပြေးအလွှား ပြန်လာခဲ့တာဖြစ်သည်။ စုန့်လင်းချွမ်တစ်ယောက် ကျိုးဝေ့ကို ကယ်ရင်းဒဏ်ရာရသွားလို့ဆိုပြီး လက်ထောက်ဒါရိုက်တာက ဖုန်းထဲကနေ သူမကိုပြောတာကိုပဲ ကြားခဲ့ရတာဖြစ်သည်။
ဖြစ်ပျက်ခဲ့တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သူမ သိပ်ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ကျိုးဝေ့ရဲ့ အခုလိုတုံ့ပြန်မှုကို အခုမြင်လိုက်ရတော့ သူမနဲ့ဆက်စပ်နေတဲ့ပုံပင်။
ကျိုးဝေ့ရဲ့အေးဂျင့်အနေနဲ့ ကျန်းချုံက သူမရဲ့အနုပညာရှင်အကြောင်းကို ကောင်းကောင်းနားလည်သည်။ စုန့်လင်းချွမ်သာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျိုးဝေ့တစ်ယောက် တစ်သက်လုံး အပြစ်ရှိသလို ခံစားနေရလိမ့်မည်ပင်။
ကံကောင်းထောက်မစွာနဲ့၊ မကြာခင်မှာဘဲ လက်ထောက်ဒါရိုက်တာက သူတို့ဆီဖုန်းခေါ်လာကာ၊ စုန့်လင်းချွမ်တစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပေမယ့် ခွဲစိတ်မှုက ချောချောမွေ့မွေ့နဲ့ပြီးသွားကာ ပြန်ကောင်းလာဖို့ပဲလိုတော့တယ်လို့ပြောလာသည်။
ဒီသတင်းကိုကြားတော့ ကျိုးဝေ့ရော ကျန်းချုံရော နှစ်ယောက်လုံး စိတ်အေးသလိုသက်ပြင်းချလိုက်မိသည်။
သူ အဆင်ပြေသွားပြီ။
အဲ့ဒီနေ့မွန်းလွဲပိုင်းမှာ ကျိုးဝေ့ ဆေးရုံမှာရှိနေတဲ့ စုန့်လင်းချွမ် ဆီသွားခဲ့သည်။ ဒါပေမယ့် သူမ ward ထဲကို ရောက်တဲ့အချိန် စုန့်လင်းချွမ်က အိပ်ပျော်နေခဲ့သည်။ အဲ့ဒီအစား သူ့အန်တီလေးနဲ့ပဲ ကျိုးဝေ့တွေ့ခဲ့ရသည်။
စုန့်လင်းချွမ်နဲ့ စကားမပြောခဲ့ရပေမယ့် သူအဆင်ပြေနေတာကို မြင်လိုက်ရတော့ ကျိုးဝေ့ လုံးဝစိတ်အေးသွားရသည်။
ဒါပေမယ့် မျက်နှာချင်းဆိုင် ကျေးဇူးမတင်ရသေးတဲ့အတွက် နောက်နေ့ ဆေးရုံကို ထပ်သွားဖို့ သူမဆုံးဖြတ်လိုက်သည်။
သို့ပေမယ့် အဲ့ဒီနေ့မှာ စုန့်လင်းချွမ်ကို ဆေးရုံပြောင်းလိုက်လိမ့်မယ်လို့ ကျိုးဝေ့ မထင်ထားခဲ့ပါချေ။
စုန့်လင်းချွမ် S City ကိုပြန်သွားပြီမှန်း သိလိုက်ရတော့ ကျိုးဝေ့ ပိုပြီးစိတ်အေးသွားရသည်။ S City ရှိဆေးဘက်ဆိုင်ရာ အခြေအနေတွေက ဒီနေရာထက် ပိုကောင်းသည်။
ကျန်းချုံက အဲ့ဒီအကြောင်းကို လက်ထောက်ဒါရိုက်တာဆီကနေ ကြားသိရခဲ့ပြီး မနေနိုင်ဘဲ အံ့အားသင့်မိသွားသည်။ "သူ private jet နဲ့ပြန်သွားတယ်လို့ကြားတယ်၊ စုန့်လင်းချွမ်ရဲ့ အေးဂျင့်က အရမ်းအရည်အချင်းရှိတာဘဲ!"
ထိပ်တန်းနာမည်ကြီးတွေရဲ့ အေးဂျင့်တွေက အရည်အချင်းရှိကြပေမယ့် သူတို့က ဝန်ထမ်းဖြစ်နေကြဆဲပင်ဖြစ်သည်။ private jet ကို စီစဉ်နိုင်တယ်ဆိုတာက အထင်ကြီးလောက်တဲ့ အဆက်အသွယ်တွေကိုပြနေတာပင်။
ဒါပေမယ့် စုန့်လင်းချွမ်အကြောင်းကို စူးစမ်းချင်စိတ်နဲ့ယှဉ်ရင် ကျန်းချုံအနေနဲ့ အခုအချိန်မှာ တခြားအရာကို ပိုပြီးအလေးထားမိသည်။
ကျိုးဝေ့နဲ့ စုန့်လင်းချွမ်တို့က အတန်းဖော်ဟောင်းတွေတဲ့လား?!
ဒီဟာက သူမ တစ်ခါမှ မပြောပြဖူးတဲ့ဟာပဲ။ ကျန်းချုံသူမဘာသာ တွေးလိုက်မိသည်။ တွဲဖက်ဒါရိုက်တာက ဒီကိစ္စကို စောစောကတည်းက ရှင်းရှင်းလင်းလင်းသိဖို့ ကြိုးစားခဲ့တာကြောင့်သာမဟုတ်ရင် သူမလည်းသိရမှာမဟုတ်ပေ။
ကျိုးဝေ့က ကျန်းချုံကို တစ်ချက်ကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလာသည်။ "အတန်းဖော်ဟောင်းတွေဆိုတာက ရှိုးက လူတွေဒီတိုင်းပြောကြတဲ့ဟာပါ။ တကယ်တော့ ကျောင်းတုန်းက ကျွန်မတို့တွေ လုံးဝမရင်းနှီးဘူး"
ကျန်းချုံ ခဏလောက်တိတ်သွားသည်။ အဲဒါက အဓိပ္ပါယ်ရှိတယ်လို့ သူမ တွေးမိသည်။ အဲဒါက ဘာပဲဖြစ်ဖြစ် ရှိုးမှာဟန်ပြသက်သက်ဖြစ်သည်။
တကယ်တော့ ပိုပြီးနာမည်ကြီးလေ အတင်းအဖျင်းတွေကပိုများလေဖြစ်သည်။ သူမတို့တွေအနေနဲ့ အရင်က မဆုံခဲ့ရင်တောင် အခုဆုံကြပြီမို့ သူမ နာမည်ကြီးလာလို့ မာနကြီးသွားတယ်လို့ လူတွေမပြောလာစေဖို့ စကားလက်ဆောင်ပါးဖို့ မဖြစ်မနေလိုသည်။
သူမတို့က တူညီတဲ့နယ်ပယ်ထဲမှာရှိတာကြောင့် ကျန်းချုံလည်း အဲ့ဒါကို တိုတိုတုတ်တုတ် စဉ်းစားပြီးတဲ့နောက်မှာ နားလည်လိုက်သည်။ သူမအနေနဲ့ အစောပိုင်းတုန်းက အတွေးလွန်သွားသလို ခံစားလိုက်ရသည်။
ဝိုး၊ခုနတုန်းကတင် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိခဲ့တာလားလို့တောင် သူမ တွေးခဲ့သေးတယ်။
သို့ပေမယ့် ကျန်းချုံတစ်ယောက် အရေးကြီးတဲ့အချက်တစ်ချက်ကို သတိမမူမိခဲ့ပေ။ အစောပိုင်းတုန်းက ကျိုးဝေ့တစ်ယောက် သူမတို့တွေက အခန်းမတူလို့ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးလို့ ပြောခဲ့ပေမယ့် အခုကျတော့ ရုတ်တရက်ကြီး သူတို့က မရင်းနှီးတဲ့ အတန်းဖော်ဟောင်းတွေ ဖြစ်သွားပြန်သည်။
ဒီရှေ့နောက်မညီတဲ့စကားတွေက...
ကျွတ်စ်၊ အဲ့ဒါက တစ်ခုခုဖြစ်နေမှန်း သိသာနေတာကို!