( extra 14)
Vol. 13 Ch. 173
သူ ဘာကိုပြောချင်လဲဆိုတာ ကျိုးဝေ့ မတုံ့ပြန်မိခင် အချိန်အတော်ကြာသွားသည်။
သူမ သူ့ကိုဆေးရုံမှာသွားကြည့်တုန်းက သူအိပ်ပျော်နေခဲ့သည်။ သူမ သူ့အန်တီလေးနဲ့ အေးဂျင့်ကို နောက်နေ့မှပြန်လာကြည့်မယ်လို့ ပြောခဲ့မိတဲ့ပုံပင်။
သို့ပေမယ့် အဲ့ဒီနေ့မှာ စုန့်လင်းချွမ် S City ဆီပြောင်းလိုက်တော့ ကျိုးဝေ့လည်း အဲ့ဒီအတွေးကို အခြေခံအားဖြင့် စွန့်လွှတ်လိုက်သည်။
အဓိကအားဖြင့် စုန့်လင်းချွမ်က သူမကို ကယ်တင်ဖို့လုပ်ရာကနေ ဒဏ်ရာရခဲ့တာကြောင့် သူမအနေနဲ့ လူကိုယ်တိုင်ကျေးဇူးတင်သင့်သည်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျိုးဝေ့က သူ့ကို ထပ်ပြီး မနှောင့်ယှက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကျန်းချုံကပဲ စုန့်လင်းချွမ်ရဲ့အေးဂျင့်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့လိုက်သည်။
ကျိုးဝေ့မှာ စုန့်လင်းချွမ်တစ်ယောက် သူကိုယ်တိုင် သူမကိုခေါ်လိမ့်မယ်လို့ သေချာပေါက် မမျှော်လင့်ထားပါချေ။
သူ ဘာတွေတွေးနေမှန်း သေချာမသိပေမယ့် သူမလည်း မတုံးပါချေ။ စုန့်လင်းချွမ်က သူပြန်ကောင်းလာချိန်မှာ သူ့ဆီလာလည်ဖို့ သူမကို ပြောမယ်မှန်းတကယ်မထင်ထားခဲ့ပါချေ။
ဒါပေမယ့် သူ့အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ်၊ သူအနေနဲ့ လူမှုရေးအရရော ယဉ်ကျေးမှုအရပါ သွားရမည်ဖြစ်သည်။
စုန့်လင်းချွမ်က သူမကိုက်ဖို့လုပ်ခဲ့တာကြောင့် ဒဏ်ရာရခဲ့တာဖြစ်သည်။ အရင်က သူမ သူ့ကိုအနှောက်အယှက်မဖြစ်စေချင်ခဲ့တာကြောင့် သွားဖို့ရှောင်နေခဲ့ပေမယ့် အခုကျ သူကိုယ်တိုင် ပြောလာတာကြောင့် သူမအနေနဲ့ထပ်ငြင်းဖို့ အကြောင်းမရှိတော့ပေ။
ကျိုးဝေ့ S City ကို ပြန်ရောက်လာပြီး သုံးရက်အကြာ စုန့်လင်းချွမ်ကို ချက်ချင်းဆက်သွယ်လိုက်သည်။
စုန့်လင်းချွမ်အိမ်ကို သူမရောက်တဲ့အခါ၊ စုန့်လင်းချွမ်ရဲ့ အန်တီလေး စုန့်အာ့နန်လည်း အဲ့ဒီမှာရှိနေတော့ ကျိုးဝေ့လည်း ချက်ခြင်းသက်တောင့်သက်သာဖြစ်သွားသည်။
သို့ပေမယ့် နေနေရင်းတစ်ဝက်မှာဘဲ စုန့်အာ့နန်က အပြင်သွားစရာရှိတာကြောင့် မမျှော်လင့်ဘဲ ဧည့်ခန်းကျယ်ကြီးထဲမှာ စုန့်လင်းချွမ်နဲ့ ကျိုးဝေ့တို့ နှစ်ယောက်တည်း ကျန်ခဲ့တော့သည်။
ကျိုးဝေ့က စုန့်လင်းချွမ်ရဲ့ ဒဏ်ရာရနေတဲ့ ခြေထောက်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ " ဒဏ်ရာက ဘယ်လိုနေလဲ? ဆရာဝန်က ပြန်ကောင်းလာဖို့ ဘယ်လောက်လိုသေးလဲလို့ပြောလဲ?"
စုန့်လင်းချွမ်က ဆိုဖာပေါ်မှာ ပေါ့ပေါ့ပါးပါး လှဲရင်း Song မထူးခြားနားသလို ပြန်ဖြေလာသည်။ "အရွတ်တွေနဲ့ အရိုးတွေက ဒဏ်ရာတွေ ပြန်ကောင်းဖို့ဆို ရက်တစ်ရာလောက်တော့ အချိန်ယူရမယ်။ ရေရှည်ဆိုးကျိုးတွေကို ရှောင်ရှားဖို့ဆိုရင်တော့ အနည်းဆုံး သုံးလလောက်တော့နာလန်ပြန်ထူနိုင်ဖို့ လိုတယ်"
ကျိုးဝေ့ ခဏလောက် အေးခဲသွားသည်။ သုံးလ?
အဲ့ဒါက သူမမျှော်လင့်ထားတာထက် ပိုကြာသည်။ စုန့်လင်းချွမ် ဒီဒဏ်ရာကနေ ပြန်လည်သက်သာဖို့ အချိန်လိုတယ်ဆိုတာကို သူမ သိပေမယ့် ဒီလောက်ထိကြာလိမ့်မယ်လို့တော့ မထင်ထားပါချေ။
သူ့အလုပ်အချိန်ဇယားတွေ အနှောင့်အယှက်ဖြစ်ကုန်ပြီဆိုတာ ပြောစရာတောင်မလိုပေ။
"တောင်းပန်ပါတယ် နင့်အလုပ်တွေကို ငါနှောင့်နှေးအောင်လုပ်လိုက်မိတယ်" ကျိုးဝေ့ပြောလိုက်သည်။
ဒီလို ဝတ်ကျေတမ်းကျေတောင်းပန်တာက အမှန်တကယ် ဘာမှမလုပ်နိုင်ကြောင်း သူမ သိပေမယ့် တောင်းပန်ရုံကလွဲပြီး သူမတခြား ဘာလုပ်နိုင်လဲဆိုတာမသိပေ။
ကျိုးဝေ့ရဲ့ မျက်နှာပေါ်က အပြစ်ရှိတဲ့အကြည့်ကို မြင်လိုက်ရတော့ စုန့်လင်းချွမ်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "အလုပ်တချို့တလေတော့ နှောင့်နှေးသွားပါတယ်၊ ဒါပေမယ့် သက်ရောက်မှုက သိပ်မကြီးပါဘူး။ ဒါရိုက်တာချီရဲ့ ဇာတ်ကားသစ်မှာ ငါရိုက်ရမယ်ဆိုတော့ ဘာဘဲဖြစ်ဖြစ် ပြင်ဆင်ဖို့အချိန်ယူရမှာပဲလေ"
ဒါကိုကြားတော့ ကျိုးဝေ့ မျက်လုံးတွေ တောက်ပလာသည်။ ဒါရိုက်တာချီ?
"ဒါရိုက်တာချီဟွေ့ကို ပြောတာလား?"
စုန့်လင်းချွမ်က အင်း လို့ ခပ်တိုးတိုးဆိုလိုက်ပြီး "ဒါရိုက်တာချီရဲ့ ဇာတ်ကားသစ်က သုံးလအတွင်းမှာ စရိုက်တော့မှာ။ ငါ့ခြေထောက် ပြန်ကောင်းလာမယ့်အချိန်နဲ့ဆို အချိန်ကကွက်တိပဲ"
ကျိုးဝေ့ မျက်နှာက ချက်ချင်း ပြုံးသွားသည်။ "Congratulations!"
သူမ သူ့အတွက် အမှန်တကယ် ဝမ်းသာမိသည်။ ဒါရိုက်တာ ချီဟွေ့ရဲ့ ရုပ်ရှင်တွေက ဇာတ်ပို့ဖြစ်ဖြစ်၊ ဇာတ်ဆောင်ဖြစ်ဖြစ် ဆုတွေအများကြီးရနိုင်ခြေရှိသည်။
စုန့်လင်းချွမ်က လက်ရှိမှာ idol ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းနေတာဖြစ်သည်။ ဒါရိုက်တာချီရဲ့ ဇာတ်ကားမှာ သူပါဝင်သရုပ်ဆောင်ခွင့်ရတယ်ဆိုတာက ပင်မခေတ်ရေစီးကြောင်း ရုပ်ရှင်ရိုက်ကူးရေးတံခါးဆီ ခြေတစ်လှမ်းလှမ်းလိုက်သလိုပင်။
ဒါကဘာမှတော့မဟုတ်ပေမယ့် စုန့်လင်းချွမ်အတွက်တော့ အကျိုးရှိသည်!
"မင်း ငါ့အတွက် တကယ်ပျော်နေတာလား?" စုန့်လင်းချွမ်က မေးလိုက်သည်။
ကျိုးဝေ့ကလည်း လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်"
သူ့ ဒီလိုအခွင့်ရေးကောင်းရမှန်း သိလိုက်ရတော့ စုန့်လင်းချွမ်အတွက် သူမ တကယ် ဝမ်းသာသွားမိသည်။
တခြားအရာတွေအတွက် မဟုတ်ဘဲ၊ သူပိုကောင်းလာမယ်လို့ မျှော်လင့်မိရုံပင်။
စုန့်လင်းချွမ်က သူမကို တိတ်တဆိတ်ကြည့်ကာ ခပ်တိုးတိုးပြောလာသည်။ "ငါရောပဲ"
ကျိုးဝေ့က ခဏရပ်ပြီး သူဘာကိုဆိုလိုလဲဆိုတာ ရုတ်တရက် နားလည်လိုက်သည်။
စုန့်လင်းချွမ်က ရိုးရိုးသားသားပြောလာသည် "မင်းဘာလို့ 'Easterly Winds' ကို ငြင်းခဲ့လဲဆိုတာ ငါ မသိပေမယ့် အဲ့ဒါက ငါ့ကြောင့်ဆိုရင်တော့ ငါတို့တွေက သူငယ်ချင်းမဟုတ်ရင်တောင် အတန်းဖော်တွေဖြစ်နေတုန်းပဲဆိုတာ မင်းကိုသိထားစေချင်တယ်။ မင်းပိုပိုပြီးကောင်းလာလိမ့်မယ်လို့ ငါမျှော်လင့်တယ်"
ကျိုးဝေ့မှာ ရုတ်တရက် ဘယ်လိုတုံ့ပြန်ရမလဲမသိတော့ပေ။
သူမတို့တွေက နယ်ပယ်အတူတူထဲမှာ နှစ်အတော်ကြာရှိနေကြတာဖြစ်သည်။ တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ရမယ့်နေ့အကြောင်း သူမ တွေးခဲ့ဖူးပေမယ့် ဒီလိုဖြစ်လာလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါချေ။
ခဏလောက် တုံ့ဆိုင်းသွားပြီး စုန့်လင်းချွမ်ပြောလာသည်။ "ကျိုးဝေ့ အဲ့ဒီကိစ္စကို မင်းစိတ်ထဲမှာ ထားနေသေးတာကြောင့်လား?"
ကျိုးဝေ့ ခေဏရပ်သွားပြီး သူပြောချင်တဲ့အဖြစ်အပျက်ကို သူမချက်ချင်း နားလည်လိုက်သည်။
“မဟုတ်ပါဘူး၊ ဒါတွေအားလုံးက အတိတ်တွေပဲ” သူမအကြည့်ကို အောက်ပို့ကာ ပြောလိုက်သည်။
စုန့်လင်းချွမ် ခပ်တိုးတိုးရယ်ပြီး သူ့မျက်နှာအနှံ့ မရေမရာအရိပ်အယောင်တွေ ဖြတ်ပြေးသွားသည်။ "အကုန်လုံးက အတိတ်တွေပဲ..."
"ဟုတ်တယ် ဒါတွေအကုန်လုံးက အတိတ်တွေပဲ၊ ဒါဆိုမင်းဘာလို့ ရှောင်နေသေးတာလဲ?" သူက ခဏရပ်သွားပြီး၊ "ပြီးတော့၊ အဲ့ဒီတုန်းက အငြင်းခံရတာငါလေ၊ မင်းကို ဆက်ပြီး နှောင့်ယှက်မယ်လို့ ထင်နေတာလား?"
ကျိုးဝေ့က 'မဟုတ်ဘူး' လို့ တုံ့ပြန်ချင်ပေမယ့် အဲ့ဒီလိုငြင်းဆိုမှုမျိုးက ပိုလို့တောင် မထိရောက်တာကို သဘောပေါက်လိုက်သည်။
"ယုံယုံ မယုံယုံ ငါနင့်ကို ရှောင်နေတာမဟုတ်ဘူး၊ ငါဘယ်တုန်းကမှလည်း ဒီလိုမတွေးဘူး။ အဲ့ဒါက ဒီတိုင်း..." သူမ တဖြည်းဖြည်း အသံတိမ်ဝင်သွားသည်။
စုန့်လင်းချွမ် မျက်ခုံးအသာပင့် လိုက်ပြီး "ဒီတိုင်းဘာဖြစ်လဲ?"
ကျိုးဝေ့က နှုတ်ခမ်းခပ်ဖွဖွစေ့ကာ သူ့ကို မော့ကြည့်လိုက်သည်။ "နင် စိတ်အနှောင့်အယှက်ဖြစ်မှာကို စိုးလို့ပါ"
အနှောက်အယှက်ဖြစ်မှာစိုးလို့...
စုန့်လင်းချွမ် မျက်လွှာချပြီး သူ့မျက်လုံးထဲက ခံစားချက်အားလုံးကို ဖုံးကွယ်လိုက်သည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးတဲ့နောက် သူတဖြည်းဖြည်း မော့ကြည့်ကာ ပြောလိုက်သည်။ "စိတ်မပူနဲ့၊ အဲ့ဒီပေါ်မှာပဲ တဝဲလည်လည်ဖြစ်မနေပါဘူး။ ဒါတွေအားလုံးက အတိတ်တွေပဲလေ၊ ငါမေ့ပစ်လိုက်တာကြာပြီ။ အဲဒီတုန်းက ငါတို့ ငယ်သေးတော့ရူးမိုက်ခဲ့မိတာ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီတိုင်းပြောခဲ့မိရုံဘဲလေ အဲ့ဒါကို ငါအတည်မယူပါဘူး"
ငယ်သေးတော့ ရူးမိုက်ခဲ့တာ?
ကျိုးဝေ့က လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ "နင်ပြောတာမှန်တယ်၊ အတိတ်တွေက ကြာပါပြီလေ။ အဲ့ဒါကို ငါဘယ်လိုလုပ် ဂရုစိုက်နေဦးမှာလဲ?"
စုန့်လင်းချွမ်ရဲ့ နှုတ်ခမ်းထောင့်တွေ လှုပ်ရှားသွားသည်။ "ဒါဆို ဘာအကြောင်းပြချက်နဲ့ မင်းငြင်းစရာရှိလို့လဲ?"
ကျိုးဝေ့ ပါးစပ်ဟလိုက်ပေမယ့် ဘာမှမပြောလာပေ။
စုန့်လင်းချွမ်က အလေးအနက် ပြောလာသည်။ "ကျိုးဝေ့ မင်းပြောသလိုပဲ မင်းက ဒီနယ်ပယ်မှာအသစ်မဟုတ်ဘူး၊ ဒါကြောင့် အခွင့်အလမ်းတွေက လူတွေကိုမစောင့်ဘူးဆိုတာ မင်းရှင်းရှင်းလင်းလင်း နားလည်ထားရမယ်"
"ငါတို့က မင်းပြောသလို အတန်းဖော်တွေပါ။ မင်း ကောင်းကောင်းလုပ်လိမ့်မယ်လို့ ငါရိုးရိုးသားသား မျှော်လင့်တယ်..."
နောက်ဆုံးတော့ ကျိုးဝေ့လည်း "Easterly Winds" မှာ ပါဝင်သရုပ်ဆောင်ဖို့ လက်ခံလိုက်သည်။
စုန့်လင်းချွမ်ရဲ့အကျင့်ကို သူမကောင်းကောင်းနားလည်သည်။ အဲ့ဒီနေ့မှာ သူဘယ်လောက်ဝေးကွာသွားလဲဆိုတာနဲ့အတူ ထပ်ငြင်းလိုက်မယ်ဆိုပါက ကျေးဇူးမသိတတ်ရာရောက်မည်ပင်။
ဒီဇာတ်ကားအတွက် ရိုက်ကူးရေးကိုတော့ လာမယ့်နှစ်အစောပိုင်းမှာ စတင်မယ်လို့ သိရသည်။ အစဉ်အလာအတိုင်း ကျိုးဝေ့က ဇာတ်ကောင်နေရာတိုင်းကို တန်ဖိုးထားပြီး အခုအကြိမ်လည်း ခြွင်းချက်မဟုတ်ပေ။
စုန့်လင်းချွမ်ပြောတာ မှန်သည်။ ကျိုးဝေ့ လွယ်လွယ်နဲ့ ရွေးချယ်ခံခဲ့ရတာရဲ့ တစ်စိတ်တစ်ပိုင်းကတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့်ပင်။
သူမရဲ့ ယခင်က သရုပ်ဆောင်မှုတွေကို ကြည့်ပြီးတဲ့နောက် ဒါရိုက်တာနဲ့ ထုတ်လုပ်သူတို့လည်း သူမရဲ့သရုပ်ဆောင်ပုံကို အရမ်းသဘောကျသွားပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမရဲ့ပုံစံက ဒုတိယမြောက်အမျိုးသမီးဇာတ်လိုက်နေရာနဲ့ အလွန်လိုက်ဖက်နေသည်။
ရိုက်ကူးရေးအဖွဲ့နဲ့ ဆက်သွယ်ပြီးတဲ့နောက် ကျိုးဝေ့က စိတ်ပျက်မသွားပေ။ လူတိုင်းက သူမက ဇာတ်ကောင်ကို အသက်ဝင်စေတယ်လို့ ဆိုကြသည်။
ရိုက်ကူးနေတုန်းမှာလည်း ကျိုးဝေ့နဲ့ စုန့်လင်းချွမ်တို့မှာ ဆက်ဆံရေးကောင်းပြီး အရမ်းလည်းခွာနေတာမရှိဘဲ သင့်တော်တဲ့အကွာအဝေး ထားကြသည်။
ဒါပေမယ့် သူတို့နှစ်ယောက်မှာ ရှားရှားပါးပါး ပြောစရာမလိုတဲ့နားလည်မှုတွေရှိကြပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ အလေ့အထတွေနဲ့ အရမ်းရင်းနှီးနေတဲ့ပုံပင်။ တစ်ခါတလေကျရင် တစ်ယောက်ကိုတစ်ယောက်တစ်ချက်ကြည့်ရုံနဲ့ သဘောပေါက်သွားတတ်ကြသည်။
အထူးသဖြင့် အတူတူရိုက်ရတဲ့အခါဆို ဒါရိုက်တာကတော့ သူတို့နှစ်ယောက် ပထမဆုံးအတူတူရိုက်တယ်လို့တောင်မထင်မိပေ။ အချိန်ကြာလာတာနဲ့အမျှ စုန့်လင်းချွမ်နဲ့ကျိုးဝေ့တို့က အတန်းဖော်ဟောင်းတွေဖြစ်ကြကြောင်း ရိုက်ကူးရေးကလူတွေလည်း တဖြည်းဖြည်း သိလာကြသည်။ ဒါပေမယ့် သူတို့နှစ်ယောက်မှာ အရမ်းသင့်တော်တဲ့ ဆက်ဆံရေးရှိတာကြောင့် ဘယ်သူကမှ သိပ်ပြီးမစဉ်းစားကြပေ။
သို့ပေမယ့်ဒါက ထုတ်လုပ်ရေးအဖွဲ့သားတွေရဲ့အတွေးသာဖြစ်သည်။ သူတို့နှစ်ဦးနဲ့ ရင်းနှီးကြတဲ့သူတွေကတော့ တစ်ခုခုလွဲနေတာကို အလွယ်တကူသတိထားမိကြသည်။
သတ်မှတ်ထားတဲ့နေရာက ဟိုတယ်ခန်းတစ်ခုတွင် ကျန်းချုံက ကျိုးဝေ့ကိုကြည့်ကာ ဒီတစ်လော သူမစိတ်ထဲမှာရှိနေတဲ့ အကြီးမားဆုံးမေးခွန်းတစ်ခုကို မေးလိုက်သည်။ "ဝေ့ဝေ့၊ ငါ့ကို အမှန်အတိုင်းပြော။ နင်နဲ့စုန့်လင်းချွမ်တို့ အရင်တုန်းက တွဲဖူးကြလား?"
ကျိုးဝေ့က သူမကိုတစ်ချက်ကြည့်လိုက်ပြီး "မဟုတ်တာမပြောပါနဲ့၊ ကျွန်မတို့က သူငယ်ချင်းတွေပဲ"
ကျန်းချုံကတော့ သံသယဖြစ်မိသည်။ "တကယ်လား?"
သူမ ဘယ်လိုပဲမြင်ပါစေ သူတို့ဆက်ဆံတဲ့ပုံက တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုရင်းနှီးနေတဲ့ပုံပေါက်သည်။
သာမန်အတန်းဖော်တွေလို ရိုးရှင်းပုံမပေါ်ပေ။
ဥပမာ စုန့်လင်းချွမ်ပေါ့။ ကျိုးဝေ့က နံနံပင်တို့ တရုတ်နံနံတို့ မစားတာကို သူတကယ်ကြီးသိနေပြီး သူမ နို့နဲ့ဓာတ်မတည့်တဲ့အကြောင်းကိုတောင် သိနေသည်။
ကျိုးဝေ့ မျက်လုံးတွေက ဆတ်ခနဲလှုပ်ရှားသွားသည်။ "သာမန်သူငယ်ချင်းတွေပဲ၊ ကျွန်မတို့ကြားမှာ တကယ်တစ်ခုခုရှိခဲ့ရင် အစ်မကို ဘာမှဖုံးကွယ်ထားစရာ မရှိဘူး"
ကျန်းချုံကတော့ သူမပြောတာမှန်တယ်လို့ လက်ခံလိုက်ရသည်။ သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ်ဖုံးကွယ်ထားစရာ မလိုပေ။
ဒါပေမယ့် သူမကတော့ ခေါင်းကုတ်ကာ နားမလည်ဖြစ်နေသေးသည်။ သူတို့ကိုယ်သူတို့ သူငယ်ချင်းဆိုပြီးလှည့်စားနေတယ်လို့ ဘာလို့ခံစားရတာပါလိမ့်?
တစ်ခြားအေးဂျင့်တွေလို ကျန်းချုံလည်း စုန့်လင်းချွမ်တစ်ခုခုလွဲနေတာကို သတိပြုမိသည်။ စုန့်လင်းချွမ်ရဲ့ အေးဂျင့်ဖြစ်တဲ့ ကျန်းဟန်လည်း အဲ့ဒါကို သဘာဝအတိုင်းခံစားမိသည်။
တူညီတဲ့ဟိုတယ်အထပ်ရှိ အခြားအခန်းတွင်၊ စုန့်လင်းချွမ်က ကျန်းဟန်ဘေးမှာထိုင်ရင်း ရိုက်ကူးရေးအဖွဲ့ဝင်တွေကိုကြည့်နေသည်။
"လင်းချွမ် မင်း ကျိုးဝေ့ကို ကြိုက်နေတာလား?" ကျန်းဟန်က ရုတ်တရက် မေးလိုက်သည်။
စုန့်လင်းချွမ်က ခဏလောက်တိတ်သွားပြီး သူ့ကိုလှည့်ကြည့်လာပေမယ့် ဘာမှပြန်မပြောပေ။
ကျန်းဟန်က ပခုံးတွန့်လိုက်ပြီး "ငါ့ကို ဒီလိုကြည့်တာ အသုံးမဝင်ဘူး၊ ငြင်းဖို့မကြိုးစားနဲ့၊ ငါ မင်းကို စောင့်ကြည့်နေတာ ရက် တော်တော်ကြာပြီ။ မင်းအရမ်းထူးဆန်းနေတယ်"
ဒါကိုကြားတော့ စုန့်လင်းချွမ် သူ့လက်ထဲက ဇာတ်ညွှန်းကို ချလိုက်သည်။ မသေချာစွာနဲ့ သူမေးလိုက်သည်။ “ဒီလောက်သိသာနေတာလား?"
ဒီစကားကိုကြားတော့ ကျန်းဟန်က 'ငါသိနေတယ်!' ဆိုတဲ့သူ့အမူအရာပေါ်လာသည်။
"သိပ်မဆိုးသေးပါဘူး၊ တခြားသူတွေက မပြောနိုင်လောက်ပေမယ့် ငါတို့ကကျ အရမ်းနီးနီးကပ်ကပ်ရှိနေတာလေ။ အဲဒါက တော်တော်သိသာတယ်လို့ ခံစားရတယ်"
သူ့ရဲ့အေးဂျင့်အဖြစ် နှစ်ပေါင်းများစွာကြာအောင် လုပ်ခဲ့တဲ့ ကျန်းဟန်ကတော့ သူ့အနုပညာရှင်ရဲ့ စိတ်နေစိတ်ထားအပေါ် အရမ်းရှင်းရှင်းလင်းလင်းသိသည်။
ပွဲဦးထွက်ကတည်းက နှစ်တွေတစ်လျှောက် ရိုက်ကူးရေးမှာဘဲဖြစ်ဖြစ်၊ ပွဲတွေမှာဘဲဖြစ်ဖြစ် သူ့မှာအရှုပ်အရှင်းတွေ မရှိသလောက်ပင်။ သူက အမြဲတမ်းတခြားမင်းသမီးတွေနဲ့ ဝေးဝေးမှာ နေလေ့ရှိသည်။
ဒီလိုမျိုး မိန်းကလေးတစ်ယောက်အတွက်လုပ်တာ ပထမဆုံး အကြိမ်ပင်။
သူမကို လိုက်ဖို့လက်ဆောင်တွေ၊ အရင်းအမြစ်တွေကို လိုက်ရှာဖို့ ကြိုးစားအားထုတ်သမျှဟာ သူ့ရဲ့ပလေးဘွိုင်းနည်းလမ်းနဲ့ လုံးဝမတူပေ။
စုန့်လင်းချွမ်တစ်ယောက် ဟန်ဆောင်ကောင်းခဲ့ရင်တောင် ကျန်းဟန်ကတော့ သူ ကျိုးဝေ့ကို အကြိမ်ပေါင်းများစွာ ကြည့်နေတာကို ဖမ်းမိသည်။
အဲ့ဒါကသူတို့ကြားက သမိုင်းကြောင်းကို ဖော်ညွှန်းတဲ့ အဓိပ္ပါယ်ရှိတဲ့ မရှင်းလင်းတဲ့ ပုံစံမျိုးဖြစ်သည်။
ကျန်းဟန်က တစ်ခုခုကို သတိရသွားပုံရကာ အော်လာသည်။ "မင်း ကျိုးဝေ့ကြောင့်နဲ့ Challenge Yourself မှာပါခဲ့တယ်လို့တော့ မပြောနဲ့နော်!"
စုန့်လင်းချွမ်က ဘာမှပြန်မပြောပေမယ့် သူ့တုံ့ပြန်မှုကတော့ ရှင်းရှင်းလင်းလင်းနဲ့ သိသာလွန်းနေသည်။
ကျန်းဟန်လည်း လုံးဝကို ထိတ်လန့်သွားသည်။ စုန့်လင်းချွမ်က မပွင့်လန်းသေးလို့ အရမ်းကိုတသီးတခြားနေတယ်လို့ သူထင်ခဲ့တာဖြစ်သည်။
ကျွတ်စ် ကျွတ်စ်၊ သူ လုံးဝ မပွင့်လန်းခဲ့ဘူးဆိုတာ ထင်ရှားနေတာပဲ။ ဒါကို အထက်တန်းတုန်းက puppy love လို့များ ယူဆလို့ရမလား?
ကျန်းဟန် အံ့အားသင့်သွားပြီးနောက်တော့ အတင်းအဖျင်း ပြောချင်စိတ်တွေ ပြည့်နှက်သွားသည်။
ဒီသခင်လေး သူ့ကိုအရမ်းတွယ်တာနေရအောင်အထက်တန်းကျောင်းတုန်းက သူတို့နှစ်ယောက်ကြားမှာ ဘာများဖြစ်ခဲ့တာပါလိမ့်?
"ဒါဆို မင်းနဲ့ ကျိုးဝေ့တို့ ဘာလို့ အရင်က လမ်းခွဲခဲ့တာလဲ?" ကျန်းဟန် မေးလိုက်သည်။
စုန့်လင်းချွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ရိုးရိုးရှင်းရှင်း ပြောလာသည်။ "ကျွန်တော်တို့ မလုပ်ခဲ့ဘူး"
ကျန်းဟန် မျက်လုံးတွေ ပြူးကျယ်သွားသည်။ "ဘာ! မင်းတို့ လမ်းမခွဲခဲ့ရဘူးလား?"
နှစ်တွေအကြာကြီး သူတို့တွေ တွဲနေခဲ့တာများလား?
စုန့်လင်းချွမ်က ကျန်းဟန်ကို ငတုံးတစ်ယောက်လို ကြည့်ကာ ရှင်းပြလိုက်သည်။ “ကျွန်တော်တို့ ဘယ်တုန်းကမှ မတွဲခဲ့ရဘူးလို့ ဆိုလိုတာ"
ဘယ်တုန်းကမှ မတွဲခဲ့ဖူးတာကို ဘယ်လိုလုပ် လမ်းခွဲရမှာလဲ?
ဒါကိုကြားတော့ ကျန်းဟန်က ပိုလို့တောင် စိတ်လှုပ်ရှားသွားသည်။ "ဝိုး၊ ဒီတော့ ဒါက တစ်ဖက်သတ်အချစ်ပေါ့? အရမ်းဖြူစင်တာဘဲ!"
ကျန်းဟန်ရဲ့ အတင်းအဖျင်းပြောချင်နေတဲ့ပုံကို အထင်အရှားမြင်လိုက်ရတော့ စုန့်လင်းချွမ် သူ့ကို မပြောပြချင်တော့ပေ။
ကျန်းဟန်က သူတွန့်ဆုတ်နေတာကို သတိပြုထားမိလိုက်ပြီး သူ့ရဲ့အတင်းအဖျင်း ပြောချင်နေတဲ့အမူအရာကို အမြန်ပြန်သိမ်းလိုက်သည်။
"ငါ အရမ်းအံ့သြသွားလို့ပါ၊ဒီလောက်ပါပဲ"
"ဒါပေမယ့် မင်းရဲ့အေးဂျင့်အနေနဲ့၊ ငါ့ကို အပြည့်အစုံပြောပြလေ ဒါမှ ငါသတိရှိရှိနဲ့ အရှုပ်အရှင်းဖြစ်နိုင်တဲ့ တစ်ခုခု ပေါ်လာခဲ့ရင် မြန်မြန်တုံ့ပြန်နိုင်မယ်ဆိုတာ မင်းသိလား?"
စုန့်လင်းချွမ်လည်း ဒီအကြောင်းပြချက်ကို နားလည်သည်။ သူက သူ့ဘာသာသူ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော် သူ့ကို လိုက်လို့မရခဲ့ဘူး"
ကျန်းဟန် အံသြသွားသည်။
အဖြစ်အပျက်ပေါင်းစုံကို သူ စိတ်ကူးယဉ်ခဲ့ဖူးပေမယ့် ဒီဟာကတော့ သူ့စိတ်ထဲ လုံးဝမပေါ်လာပါချေ။
စုန့်လင်းချွမ်ရဲ့ရုပ်ရည်နဲ့ သူလိုက်နေတဲ့ မိန်းကလေးကိုတောင် မလိုက်နိုင်ဘူးတဲ့လား? အဲဒါက အကြောင်းပြချက်အားလုံးကို ဖီဆန်နေတာပဲ!
ကျန်းဟန်က ထပ်မေးချင်ပေမယ့် စုန့်လင်းချွမ်ကတော့ ဒီအကြောင်းကို ထပ်မပြောချင်တာသိသာနေသည်။ သူလည်း သူ့ကို ထပ်ပြီးနားပူနားဆာ မလုပ်ချင်တော့ပေ။
"ဒါဆို အခု မင်းမှာ ဘာအစီအစဉ်ရှိလဲ? သူမကို ဆက်လိုက်မှာလား?"
စုန့်လင်းချွမ်က စိတ်တိုနေပုံရသည်။ သူက "မသိဘူး" လို့ပြောလာသည်။
သူ့ကို လိုက်ရမယ်လား? လွန်ခဲ့တဲ့ ခုနစ်နှစ်ကလိုပဲ အဆုံးသတ်သွားမှာကို သူကြောက်သည်။ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးတဲ့နောက် သူပြောလိုက်သည်။ "ဒီအတိုင်းပဲ ထားလိုက်ကြရအောင်"